. ဟင်း မပါလိမ့်မယ် အားကြီး စောင့်နေ
🅞🅞🅞🅞🅞🅞🅞🅞🅞🅞🅞🅞
“မမ ရှိလားဟေ့”
“အမေရယ် အပေါ်ထပ်မှာ ဘရားရှိခိုးနေတယ် လေးလေး”
မမ ရှိခိုးပြီးအောင် ထိုင်စောင့်နေလိုက်၏။ ဂျာနယ်များ တစ်စောင်ပြီး တစ်စောင် ဖတ်နေရာ သုံးစောင်ကုန်သွားလေ၏။ မမအပေါ်ထပ်က ဆင်းမလာသေး။ အဲဒါနဲ့ ကျွန်တော် အပေါ်ထပ် တက်လိုက်သွားလေ၏။ မမသည် ဘရားတရားကို အာရုံပြု မျက်စိမှိတ်လျက် ပါးစပ်က တတွတ်တွတ် ရွတ်နေလေ၏။ ဗုဒရုပ်ပွားတော်၊ အလွန်ကြည်ညိုစရာကောင်းသော ကျောက်ဆင်းတုတစ်ဆူ၊ သူ့အောက်နားမှာ ဘိုးမင်းခေါင်၊ ဘိုးဘိုးအောင်၊ တရုတ်ဘိုးတော်၊ ကွမ်ယင်မယ်တော်၊ သူရသတီ မယ်တော်၊ ဆင်းတု ဘေးဝဲယာမှာ ရွှေတိဂုံ၊ မြတ်မုနိ စသည် တန်ခိုးကြီးဘုရားပုံတော်များ၊
နောက်တစ်ဖန် မြန်မာနိုင်ငံတွင် ထင်ရှားသော ဆရာတော်ကြီးများ၏ ပုံတော်များ။ ဆင်းတုရှေ့ စားပွဲရှည်ကြီးပေါ်တွင် ငှက်ပျောအုန်းသီးပွဲသုံးပွဲ၊ သာသနာပွဲ၊ ဘိုးဘိုးပွဲ စသည်ဖြင့် ရခိုင်ငှက်ပျောသီး အစိမ်းခင်ဗျာ့၊ နုပြန်လွန်းလျင်လည်း မှည့်ခါကျ စားမကောင်း၊ ရင့်ပြန်လွန်းလျင်လည်း မြန်မြန်မှည့်မှာဆိုတော့ (ပွဲမြန်မြန်လဲရမှာဆိုတော့) တွက်ခြေ မကိုက်၊ ဒါကြောင့်မနုမရင့်ထိုးကြရ၊ ဉာဏ်တော့ အပြေးသားခင်ဗျာ၊ ကျွန်တော့်အစ်မ။ မီးညှိပူဇော်ထားလိုက်တဲ့ အမွှေးတိုင်၊ မြန်မာပြည် အထက်ပိုင်းက မန်ကျည်းပင်တွေ ကုန်တော့မည်၊ အပေါစား ရေမွှေးနံ့ပြင်းပြင်းကြောင့် မြတ်စွာဘရားနှင့်တကွ ဘိုးတော်၊ မယ်တော်၊ ဆရာတော်များ ရင်ကျပ်၍ အသက်ရှူရပ်တော့မည်။ ခန္တီပါရမီကြီးပါဘိ။ ဘုရားစင်နဲ့ ဆယ်ပေအကွာ ခပ်မှိန်မှိန်ကလေးမှာက ဦးမင်းကျော် ရုပ်ပုံကား၊ သူ့ရှေ့က အရက်ကောင်တာမှာတော့ တိုက်ဂါးဘီယာပုလင်း၊ မန္တလေးဘီယာ၊ မြန်မာဘီယာ၊ မန္တလေးရမ်၊ အိုးဘရမ်ဒီ၊ ဘီယာအရက် အတော်စုံသား ခင့်ဗျာ့။ အရက်နှင့် မြည်းရန် ကြက်သားကြော်ကိုတော့ မတွေရ။ အရက်ပုလင်းတွေနားမှာ ဖောက်တံကလည်းမရှိ၊ ဖန်ခွက်လည်းချမထား။ မမသည်ဦးသုံးကြိမ်ချ၊ ကြေးစည်သုံးချက်ထုပြီးနောက် ရှိခိုးခြင်းအမှုကို အဆုံးသတ်လက်၏။
“နောင် ဝေဝေ အေးရင့် အေးရင့်”
“မမ နိဗ္ဗာန်ရောက်ကြောင်းလား”
“ဟင် ငါ့မောင် နင်ဘယ်အချိန်ကရောက်နေ…”
“မမ အာရုံပျက်မှာစိုးလို့ ထိုင်စောင့်နေတာ၊ မမတို့များ ဘုရားနဲ့ တရားနဲ့၊ သမထလား၊ ဝိပသနာလား”
“ဒီလိုလည်း မဟုတ်ပါဘူးကွယ်၊ ဒီနေ့ လကုန်ရက်လေ ငါ့မောင်၊ နက်ဖြန် လဆန်း (၁) ရက်နေ့ဆိုထီဖွင့်တော့မှာ”
“ဟင် ဘာဆိုင်လို့လဲဗျာ”
“ဆိုင်ပါပြီကောကွယ်၊ ပြီးခဲ့တဲ့အပတ်က သိန်းသုံးရာဆု နောက်ဆုံးတစ်လုံးလေး ကပ်လွဲသွားတာ၊ အာရုံပြုတာ အားနည်းသွားလို့ ဖြစ်မှာပေါ့ကွယ်၊ အဲဒါကြောင့် ဒီတပတ် မဲနေရတာ၊ ဆိုင်ရာပိုင်ရာများက ကြည့်မနေပါဘူး”
“ဗျာ… မမ”
“မဗျာနဲ ငါ့မောင်၊ သန်းသုံးရာဆို တိုက်တစ်လုံး ကားတစ်စီး၊ စိန်နားကပ်ကြီးတစ်ရန် ရနိုင်တာကွဲ့၊ ပြီးတော့ အပိုဆုတွေလည်း ရဦးမှာ”
“ထီဆိုင် အုပ်စုကြီးတစ်ခုက အပိုဆုများ မချီးမြှင့်တော့ပါဘူး လို့ အတိအလင်း ကြော်ညာနေပြီ မမ၊ ပြီးတော့မမရယ်၊ သိန်းသုံးရာပေါက်ဖို့ဆိုတာလည်း သိပ်လွယ်လှတာ မဟုတ်ဘူး၊ အက္ခရာတစ်လုံးမှာ ထီစာအုပ် ၈၁၈၁၈ အုပ်၊ အက္ခရာပေါင်း ၃၆ လုံးဆိုတော့ ထီစာအုပ်ပေါင်း ၂၉၄၅၄၄၈ အုပ် မမ၊ နည်းတဲ့ထီစာအုပ်တွေလား။ ထီစာအုပ်ဟြေတာ ထီစောင်ရေ မဟုတ်ဘူး၊ ထီစောင်ရေတွေ အများကြီး မမ၊ အဲဒီထဲက သိန်းသုံးရာဆိုတာ တစ်စောင်တည်းသောလက်မှတ်က ပေါက်တာဗျာ ခက်ခဲပါ”
“ဟဲ ငါ့မောင် လူကံဆိုတာ မသိနိုင်ဘူးလေ”
“လက်ခံပါတယ် မမရယ်၊ အဲဒီ မမြင်ရတဲ့ ကံကြီးကို မဲနေမယ့်အစား မြင်ရတဲ့
ကံကိုမဲဖို့ကောင်းတာ”
“မြင်ရတဲ့ကံဆိုတာက…”
“ရှင်းပါတယ် မမရယ်၊ အတိတ်ကံ၊ ပစ္စုပ္ပန်ကံ၊ အနာဂတ်ကံတွေ မဟုတ်ဘူး၊ ခုလုပ်ခုဖြစ်တဲ့ကံကို ဟြေတာ မမ”
“မမြင်ရတဲ့ကံဘက် မဲမယ့်အစား မြင်ရတဲ့ကံဘက် မဲလိုက်မယ်ဆိုရင် တိုက်တစ်လုံးမက ဆယ်လုံး ဆောက်နိုင်တယ်၊ ကားတစ်စီးမက ၁၀ စီးဝယ်နိုင်မယ်၊ စိန်နားကပ်တစ်ရန်မက ၁၀ ရန်ဝယ်နိုင်တယ် မမ၊ လုပ်ရင်ဖြစ်တာပေါ့၊ ရတာပေါ့”
မမ သဘောပေါက် မပေါက်တော့မသိ၊ ဆောင့်ကြီးအောင့်ကြီးဖျော်၍ ကျွန်တော့်ကို ကော်ဖီတစ်ခွက် တိုက်လေ၏။ ကျွန်တော့်မျက်စိကတော့ ကိုကြီးကျော်ရှေ့က အရက်ကောင်တာသို့ ရောက်လေ၏။ ဒါကမှ လက်ငင်းလက်တွေ့ အကျိုးခံစားရမှာလေဗျာ။
မောင်ချမ်းသာ
https://koaungnaingoo.blogspot.com
.
No comments:
Post a Comment