🌱 🌱🌱 အစိမ်းရဲ့ သဘော
အိမ်ပြန်မိန်းမနဲ့ တိုင်ပင်လိုက်ပါဦးမည်
“ကျွန်တော်တို့ အရောင်းအဝယ် လောကမှာ မိတ်ကောင်းဆွေကောင်းဟာ အရေကြီးဆုံးပဲဗျာ”
သြဂုတ်လ ၃ ရက်နေ့က အောင်လံမြို့ မြောက်ပိုင်း ရှေ့ဆောင်ပွဲရုံသို့ ရောက်သောအခါ ပွဲစားကြီးဦးစိုးညွန့်ရွှေက အထက်ပါအတိုင်း နိဒါန်းချီလေ၏။
“အင်း… ခင်ဗျားတို့က ပွဲစားလက်ဟောင်းကြီးတွေဆိုတော့ လူ့သဘောကို နောကျေနေပြီပေါ့လေ”
“ဒီလိုဗျာ ကိုချမ်းသာရ၊ ကျွန်တော်တို့အောင်လံမှာ အဝယ်တော် ၁၀ ဦးရှိတဲ့အထဲမှာ လူအမျိုးမျိုး စိတ်အထွေထွေပေါ့ဗျာ”
ကျွန်တော်သည် “အင်း” လိုက်ရင်း သူ့ဆီမှ ပွဲစားပညာကို သင်ယူနေလေ၏။
“အဲဒီ ၁၀ ဦးထဲမှာ နှစ်ဦးသုံးဦးဟာ သဘောထား တော်တော်ပြည့်ဝကြတယ်ဗျာ့။ သူ့ဘက်ကိုယ့်ဘက်မျှတယ်”
သူက နာမည်တွေထုတ်ဟြေ၏။
“ဟာ… တစ်ယောက်ကတော့ဗျာ၊ သူ့ဂွင်ထဲဝင်ပြီဆို လည်ပင်းလျှာထွက်အောင် ညှစ်တော့တာပဲဗျို့၊ သူ့ကိုတော့ ကျွန်တော်က “မရှိပေါင်း” ပဲဗျာ”
သူ့ပွဲရုံသို့ ပဲတီစိမ်းအိတ် (တစ်အိတ်ပိသာ၃၀) ၁၀၀ မှ ၅၀၀ အထိ နေ့စဉ် ဝင်လေရာ အဝယ်တော်များနှင့် အမြဲ နပန်းလုံးနေရသော ပွဲရုံဖြစ်ပါ၏။
“ပဲတီစိမ်းလှောင်ရင် ဘယ်နှယ့်နေမလဲဗျာ”
ကျွန်တော်က ကိုလိုချင်တာ ဆွဲဟြေလိုက်၏။
“ခင်ဗျားဘာသာ ဆုံးဖြတ်ဗျာ၊ ပဲတီစိမ်းရဲ့သဘောကို ဟြေပြမယ်”
အောင်လံတွင် ယခုနှစ် ပဲတီစိမ်း အထွက်ကောင်းတယ်ခင်ဗျာ့၊ ကျွန်တော် ခန့်မှန်းတာက မေလ ၅ ရက်နေမှာ ထွန်လို့ယက်လို့ဖြစ်လောက်အောင် မိုးရွာလိုက်တော့ စိုက်ရက် အပင်လုပ်ရက်ကိုတွက်ပြီး ဇူလိုင် ၁၀ နေ့ပေါ်မယ် မှန်းခဲ့တယ်။ မှန်းတာထက် သုံးရက်စောပြီး ခုနှစ်ရက်နေ့မှာ ပဲတီစိမ်းစဝင်တာပဲ။ စပေါ်ပေါ်ချင်း အချိန် ၂၀ တစ်တင်းက ၆၂၀၀ နဲ့ဈေးဖွင့်ခဲ့ကြတယ်ဗျာ။ ၆၃၀၀-၆၄၀၀ ဇူလိုင် ၂၈ တနင်္ဂနွေနေ့မှာ ၆၅၀၀
ဖြစ်တာပါပဲ။ အဲသည်နောက် ဆက်တက်၊ သြဂုတ်လ ၃ ရက်နေ စနေနေ့ကျတော့ နည်းနည်း ပြန်အေးချင်သလိုလို (စနေ၊ တနင်္ဂနွေ ဘဏ်ပိတ်ရက်၊ ငွေလွဲမလာ ၊သီးနှံဈေးများအီတက်၏။ ထုံးစံ။)
“အတက်ကြမ်းတယ်လို့ ဆိုရမယ်ဗျာ့၊ ဒီဈေးမနေသေးဘူး ကိုချမ်းသာ တက်ဖို့ အလားအလာ ရှိသေးတယ်ဗျာ”
“အဟုတ်လား ပွဲစား”
"စောင့်ကြည့်လေ”
“ဒါဆို ဝယ်ထားရင် ဘယ်နှယ့်နေမလဲ”
“ခက်တယ်ကိုချမ်းသာ၊ မိုးပဲတီစိမ်းက “အထပ်” မခံချင်ဘူးဗျာ” (အိတ်နဲ့ထည့်ပြီး ထပ်ထားသည်ကို အထပ်ဟုခေါ်သည်)
“ပဲတီစိမ်းဟာ အသီးရဲ့ အခွံစိမ်းရာကနေ ရင့်မှည့်လာပြီ၊ အဆန်ရင့်ပြီ၊ ကျောက်စိမ်းလို ပြောင်လက်နေပြီ၊ အခွံက မည်းသွားပြီ၊ ခြောက်သွားပြီဗျာ၊ ဆွတ်လို့ရပြီပေါ့နော်။ (ပဲတီစိမ်းဆွတ်သည်ကို ပဲခြောက်ကောက်သည်ဟု ခေါ်သည်။)
“အဲ… ရင့်လို့ ခြောက်လို့ ကောက်တဲ့အခါ မိုးထဲရေထဲ လုပ်ရတာဆိုတော့ အခွံမှာ အစိုဓာတ်က ရှိနေတယ်၊ အခွံမှာရှိနေတဲ့ အစိုဓာတ်က အဆန်ကို သွားဟပ်တယ်ဗျာ၊ အဲဒီတော့ အဆန်ဟာ ကောင်းကောင်းမသွေ့ခြောက်ဘဲ ဖြစ်နေတယ်”
“ပဲခြောက်ကောက်ပြီး နေလှန်းမနေတော့ဘဲ ခြွေလှေ့စက်ပေါ်တင် ခွဲလိုက်တယ်ဗျာ၊ စက်ကထွက်လာတာကို အိတ်နဲ့ထည့်ပြီး ပွဲရုံလာချတယ်ဗျာ၊ ဝိတ်(အချိန်) နဲ့ ရောင်းစားရတာဆိုတော့ အချိန်လျော့မှာ စိုးတာကိုးဗျာ”
“ဟုတ်တာပေါ့ ပွဲစား၊ သူသူကိုယ်ကိုယ် လူ့သဘာဝ ရသလောက် ယူချင်ကြတာပေါ့ဗျာ၊ ဘယ်အလျော့ခံချင်ပါ့မလဲ”
“အဲဒီလို ဝိတ်လျှော့မှာစိုးလို့ ဖုတ်ပူမီးတိုက် ပွဲရုံလာချတော့ ထပ်ထားမယ်ဆို အရည်အသွေးက ကျသွားနိုင်တယ်ဗျာ့။ အရောင်ဖျော့လာမယ်၊ မိုးမိရေစိုလာမယ်ဆို ပိုဆိုးတာပေါ့၊ အရောင်ပျက်ရုံတင်မဟုတ်ဘူး၊ တစ်စေ့နဲ့တစေ့ ကပ်ပြီး အခဲလေးတွေ ဖြစ်သွားနိုင်တယ်ဗျာ့၊ ဒါကြောင့် အထပ်မခံဘူးလို့ဟြေတာ”
“ထပ်ထားလို့ အရောင်ပျက်သွားမယ်၊ ခဲသွားမယ်၊ ထွေးသွားမယ်ဆို အဝယ်ဘက်က ငြင်းမယ်ဗျာ”
“ဟုတ်တာပေါ့”
ဈေးမြောက်လာမယ်ဆိုတာ အကဲဖမ်းလို့ရတယ် ကိုချမ်းသာရဲ့၊ ဒါပေမယ့် ကျွန်တော်လည်း ထိန်းမထားရဲဘူးဗျာ၊ ရောက်လွှတ်ပဲ”
“အင်း… ပဲတီစိမ်းရဲ့သဘောက အခတ်သားပါလား”
“ဒီလိုတော့ရှိတယ် ကိုချမ်းသာရဲ့၊ ဝယ်၊ ခြောက်နေအောင်လှန်း၊ အစေ့ကို သွားနဲ့ကိုက်ကြည့်လို့ “ဂျွတ်” ခနဲနေပြီဆိုတော့မှ အိတ်ထဲထည့် ထပ်ထားလိုက်ရင်တော့ စိတ်ချရမယ်ဗျာ့၊ မပျက်နိုင်တော့ဘူး”
“အဲဒီလို “ရှယ်” ပြန်ကိုင်လိုက်မယ်ဆို ဝိတ်ကလျော့သွားမှာပေါ့”
“ဟာ… သေချာတာပေါ့ကိုချမ်းသာရယ်”
“ဈေးကျသွားရင် ပိုဆိုးမယ်နော်”
“အမယ်လေး ကိုချမ်းသာ၊ ဝိတ်ကလျော့၊ ဈေးကကျဆိုရင်တော့ အမြီးနုတ် ခေါင်းနုတ်နဲ့ ဘာကျန်တော့မလဲဗျာ၊ ပဲတီစိမ်းရဲ့သဘောက ငါးရဥ့်ဖမ်းဆုပ်ရသလိုပဲဗျာ့၊ အကိုင်ရခတ်တယ်၊ အဲဒါပဲ ကိုချမ်းသာ ၊ အကျိုးအကြောင်း အဆိုးအကောင်းကို ဟြေပြလိုက်ပြီ၊ လှောင်ဖို့မလှောင်ဖို့ကတော့ ခင်ဗျား သဘောပေါ့ဗျာ၊ လှောင်မယ်ဆို အိတ် ၁၀၀ လား၊ အိတ် ၂၀၀ လား၊ အခုကျွန်တော် သိမ်းခိုင်းလိုက်မယ်”
“ဟာ… ဟာ… နေပါဦးပွဲစားရဲ့၊ အိမ်ပြန်မိန်းမနဲ့ တိုင်ပင်ပါရစေဦးဗျာ”
“အဲ… အဲဒါကောင်းတယ်”
မောင်ချမ်းသာ
No comments:
Post a Comment