စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။
Sunday, March 10, 2019
ဗြေးဗြေးတပ်ဗြေး...တပ်ဗြေးဗြေး
⭕ ဗြေဗြေတပ်ဗြေး ..... တပ်ဗြေးဗြေး
◼မြသောင်း
ဒီကနေ့မနက်ပဲ နိုင်ငံခြား သတင်းတစ်ပုဒ်မှာ နိုင်ငံခြားရောက် မြန်မာအမျိုးသမီး အက ပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါ် , ဒေါ်လီအုန်းချိန်က မြန်မာအကအကြောင်း ပြောသွားတာ သတိထားမိလိုက်တယ် ။ မြန်မာအကအကြောင်း ဆိုပေမယ့် သူငယ်ငယ်က အက၀ါသနာကြီးပုံ ။ သူ့ဖခင် ဇွဲ ဦးအုန်းချိန်က ဒေါ်,ဒေါ်ရစ်ထူး ကျောင်းအုပ်ကြီး အဖြစ်ဆောင်ရွက်နေတဲ့ ရန်ကုန် ပန်တျာကျောင်းကို ပို့ခဲ့ပုံ ။ သူ့ရဲ့ အကနည်းပြ ဆရာမကြီးက ယုဝတီ ဒေါ်ခင်ညွန့်ဖြစ်ပုံ ။ အက ပညာရှင် သီတာဝင်း ကို ပန်တျာကျောင်းမှာ သွားအပ်ကြပုံ ။ အဲဒါတွေကို ပြောသွားတာ ။ အင်မတန် မှတ်သားစရာ ကောင်းပါတယ် ။ အဲ ...တစ်ခုတော့ သတိထားမိတယ် ။ ဒေါ်,ဒေါ်လီအုန်းချိန် က ပန်တျာ ( Pantayar ) ပန်တြာ ( Pantrar ) လို့ အသံထွက်တယ် ။ ဒါဟာလဲ မှတ်သားစရာပဲ ။ နောက်ပြီးတော့ ပန်တျာကျောင်းအက သင်ရိုး အစ အတောခံကို ဗုံလေးလုံးနဲ့ တီးပြသွားတယ်။
“ တိုးဗေတိုးဗေ ... တိုးဗေ တိုးဗေ ...ဗြေဗြေတပ်ဗြေး... တပ်ဗြေးတပ် ”
နရီတစ်ဝါးစာ အတောပါပဲ ။
ဒီ အတောခံကို မြန်မာပြည် တစ်ပြည်လုံးက လူကြီးလူငယ် အားလုံးလောက် ကြားဖူးကြမယ်တင်ပါတယ်။ မန္တလေး ပန်တျာကျောင်း စဖွင့်တဲ့ နှစ်လောက်ကပဲ ကျွန်တော် ကြားခဲ့ရဖူးတယ်။ ဒီ အတောခံကို ဆရာကြီး ရွှေပြည်အေး ရေးစပ်ပြီး ရုပ်ရှင်မင်းသမီး ဒေါ်မေသစ် ဆိုခဲ့တဲ့ ဖိုးသာအောင် သီချင်းကို စတင်ကြားမိရာက ဒီအတောခံကို စတင်တွေ့ရှိခဲ့ရတယ်လို့ ဆိုင်းဆရာကြီး ဦးစိန်လှမောင် က ကျွန်တော့်ကို ပြောဆိုသွားခဲ့ဖူးတယ် ။ ဖိုးသာအောင် သီချင်း ဓာတ်ပြားကို ဒိုးတီးပေးသူဟာ ကိုအုန်းမောင် ( ရုပ်ရှင်သရုပ်ဆောင် ကြာဇံ အုန်းမောင် ) ဖြစ်တယ် ။ ဒီ အတောခံကို အခြေပြုပြီး ဒိုးအဆစ် ၂၅ ကွက်ကို ဦးစိန်လှမောင်က ဆက်လက်တီထွင် တီးခတ်ပေးပြီး မြန်မာအကပညာရှင်ကြီး ဒေါ်သြဘာသောင်း က ပထမအဆင့်အနေနဲ့ ကဗျာလွတ်ကကွက် ၂၅ ကွက်ကို မြန်မာအက သင်ရိုး ပထမအဆင့်အဖြစ် စတင် သင်ကြားနိုင်ခဲ့တယ် ။ ဒီ ကဗျာလွတ် မန္တလေးပန်တျာကျောင်းရဲ့ သင်ရိုးအဖြစ် စတင်စမ်းသပ် သင်ကြားခဲ့ကြတယ် ။ကဗျာလွတ်သင်ရိုး ၂၅ ကွက်မှာ ဦးစိန်လှမောင် နဲ့ ဒေါ်သြဘာသောင်း တို့အပြင် မြန်မာအက ပညာရှင်ကြီး ဦးရွှေဒေါင်းညို ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ အပေါ်မှာ ကျွန်တော်တို့ဟာ မည်သည့်အကြောင်းပြချက်နဲ့မှ ကျွန်တော်တို့ ယုံမှားသံသယ ဖြစ်စရာ မလိုဘူးဆိုတာ တထစ်ချ ပြောနိုင်တယ်။ ဘာပြုလို့လဲဆိုရင် ဆရာကြီး ရွှေဒေါင်းညို ဟာ သူ့ခေတ် သူ့အခါ ၊ သူ့ကာလမှာ နှစ်ယောက် မပေါ်နိုင်တဲ့ မြန်မာအကပညာရှင် တစ်ဦးဖြစ်တယ် ။ ဒေါ်သြဘာသောင်း က အမျိုးသမီးအကမှာ စွယ်စုံတတ်မြောက်သလို ဆရာရွှေဒေါင်းညို က အမျိုးသားအကမှာ စွယ်စုံရတယ် ။ သူက တစ်ခု ပိုမို ထူးချွန်တာက ဒိုးတီး အင်မတန်ကောင်းတယ် ။ ဇာတ်မင်းသားထဲမှာ ဒိုးချောင်ကို ၀င်တီးနိုင်သူဟာ ကျွန်တော် နှစ်ယောက်ပဲ ကြားဖူးတယ် ။ ဇာတ်မင်းသားကြီး ဦးစိန်ကတုံး နဲ့ ဆရာ ရွှေဒေါင်းညို ပါပဲ ။ လွန်ခဲ့တဲ့ အနှစ် သုံးဆယ်လောက် မန္တလေးက အောင်ပင်လယ် ဒိုးပတ် ပညာရှင်ကြီး ဦးဘရန် က ကျွန်တော့်ကို ပြောဖူးတယ် ။
“ ကိုကြီးဥာဏ် က လက်ကျ ကြမ်းပေမယ့် တောက်တောက်ခါးခါး ရှိတယ် ။ အဆစ်တွေ ကျွန်တော့်ထက် စိပ်တယ်.....”
မြန်မာအကပညာရှင် ဒေါ်ခင်စိန်ကလဲ ဦးလေးဥာဏ် က ဒိုးတီးကောင်းတယ်လို့ ၁၉၉၀ လောက်က ကျွန်တော့်ကို ပြောဖူးတယ် ။ ကဗျာလွတ် ကိစ္စမှာ တစ်ကျောင်းထဲ အတူတူ လုပ်ကိုင်နေကြသူများ ဖြစ်တဲ့အတွက် တိုင်တိုင်ပင်ပင် ပူးပေါင်းလုပ်ကိုင်ကြလိမ့်မယ်လို့ ကျွန်တော် တထစ်ချ ယုံကြည်တယ် ။
ကဗျာလွတ် ကကြိုးကကွက်များနဲ့ ဒိုးဆစ်များဟာ ရန်ကုန် ပန်တျာကျောင်းဖွင့်ပြီးလို့ နှစ်နှစ်ကြာမှ မန္တလေးမှာ စတင် စမ်းသပ် သင်ကြားတာဖြစ်တယ် ။ ကဗျာလွတ်ဟာ မန္တလေးသူ စစ်စစ်ပဲ ။ ကျွန်တော်တို့မှာ ရန်ကုန် ၊ မန္တလေး အစွဲ မရှိပါဘူး ။ အမျိုးသားယဉ်ကျေးမှု အစွဲပဲ ရှိတယ် ။ တကယ်တော့လဲပဲ ရန်ကုန် နဲ့ မန္တလေးဆိုတာ ကမ္ဘာဂြိုဟ်ငယ်ပေါ်က နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အပြောက်ကလေး နှစ်ပြောက်ပဲ ။ မန္တလေးက နေပြည်တော်ဟောင်း ၊ ရန်ကုန်က နေပြည်တော်သစ် ။ ဒါပါပဲ ။
တပ် ခံရင် ဘာဖြစ်တယ် ။ တပ် မခံရင် ဘာဖြစ်တယ် ။
ကျွန်တော် ရန်ကုန် ပန်တျာကျောင်း အကသင်တန်းတွေ ၊ မန္တလေး ပန်တျာကျောင်း အကသင်တန်းတွေ အကြိမ်ကြိမ် ကြည့်ခဲ့ဖူးတယ် ။ ရန်ကုန် ၊ မန္တလေး ပုဂ္ဂလိက အကသင်တန်းတွေကိုလဲ ကျွန်တော် မကြာခဏ ကြည့်ခဲ့ရဖူးတယ် ။ ကျောင်းတွေ ၊ ကျောင်းတွေမှာ ၊ ဧည့်ခံကြိုဆိုပွဲတွေမှာ ၊ကျောင်းသူကလေးတွေ ရာနဲ့ ထောင်နဲ့ချီပြီး ကဗျာလွတ်အကနဲ့ ဧည့်ခံကြတာကို အကြိမ်ကြိမ် တွေ့ဖူးတယ် ။ ကဗျာလွတ် ဒိုးဆစ်တွေနဲ့ ကဗျာလွတ် အကဟာ သင်ရိုးညွန်းတန်း အဆင့်ကနေ လူထုထဲမှာ ကျယ်ပြန့်နက်ရှိုင်းစွာ ဆင်းသက်လာပြီး လူထုအက ( Group Dance ) တောင် ဖြစ်နေပြီပဲ ။ အဲဒီတော့ကာ စနစ်တကျ ဖြစ်ဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ သဘောရတယ် ။ ကဗျာလွတ် အကရဲ့ အတောခံ ကို မူလ ဒိုးတီးဆရာကြီး ဦးစိန်လှမောင် က ကျွန်တော့်ကို တီးပြဖူးတယ် ။ Notes တွေနဲ့ တေးမှတ်ထားတာတွေလဲ တွေ့ခဲ့ရဖူးတယ် ။ မူရင်း ( Original ) နဲ့ အခုတီးနေကြတာတွေ ။ စည်းချိန်မှာ မကွဲလွဲပေမယ့် မြန်မာ့ ဂီတရဲ့ စည်းဝါး နေရာချထားမှုဟာ ပုံသေ မဟုတ်ဘူး ။ ရှင်သန် လှုပ်ရှားနေတယ် ။ တေးသွားတစ်ခုပေါ်မှာ ခံစားမှု ပိုလိုက်ပြီး စည်းချိန်ကို မြန်လို့ရတယ် ။ သွက်လို့ရတယ် ။ လေးလို့ရတယ် ။ ငံ့လို့ရတယ် ။ တွန်းလို့ တိုက်လို့လဲရတယ် ။ တောင့်ထား ၊ ကားထား လို့လဲရတယ် ။ ခံစားမှု အားကောင်းလာဖို့အတွက် မြန်မာဂီတက စည်းချိန်ကို လိုအပ်သလို လွတ်လပ်ခွင့် ပေးထားတယ် ။ ဒါကို နားမလည်နိုင်တဲ့ အနောက်တိုင်းသား အချို့က မြန်မာဂီတဟာ စည်းစနစ် မရှိဘူးလို့ ကောက်ချက်ချတယ် ။ မြန်မာတချို့ကလည်း သံယောင်လိုက်ပြီး ဒါမျိုး မှတ်ချက်ချကြတာ တွေ့ဖူးတယ် ။ တကယ်ကတော့ အင်မတန် အဆင့်အတန်းမြင့်မားတဲ့ ဂီတဖြစ်တယ် ။
ဟိုတစ်နေ့က နိုင်ငံခြားကနေပြီး မြန်မာ ကဗျာလွတ် အတောခံကို တီးပြတော့ ကျွန်တော် အတော် အံ့သြ သွားတယ် ။ မြန်မာပြည်က ကဗျာလွတ်အက ပညာရှင် အများစု တီးနေကြသလို စည်းချိန်ကို ပုံသေထားပြီး တီးပြသွားတယ် ။ မူရင်းနဲ့ကျတော့ စနစ်ချင်းလဲ ကွာတယ် ။ သက်ရောက်မှုချင်းလဲ ကွာတယ် ။ ခံစားမှုချင်းလဲ ကွာတယ် ။
ကဲ ... မူရင်း အတောခံကို တီးကြည့်ရအောင် ။ စည်းချိန်ကတော့ ကြားနေကြအတိုင်း နရီ တစ်ဝါးစာပါပဲ ။ “ တိုးဗေ တိုးဗေ ၊ တိုးဗေ တိုးဗေ ” မှာ ပထမ တိုးဗေတိုးဗေမှာ တိုး မှာ ၀ါး ချတယ် ။ ဒုတိယ တိုးဗေ မှာလဲ တိုး မှာ ၀ါး ချတယ် ။ နှစ်ဝါးချထားတယ် ။ ပုံမှန်စည်းချိန်ပါပဲ ။ အဲဒီမှာဆုံးတော့ တပ် ခံလိုက်ပြီး တား ထားလိုက်တယ် ။ နောက်ကျန်နေတဲ့ “ ဗြေးဗြေးတပ်ဗြေး ... တပ်ဗြေးတပ် ” သုံးဝါးစာကို တပ် မှာ တောင့်ထားပြီး သည်းချိန် လေးလေးနဲ့ တီးထားတယ် ။
“ တိုးဗေ တိုးဗေ ၊ တိုးဗေ တိုးဗေ တပ် ဗြေး...ဗြေး တပ်ဗြေး ။ တပ်ဗြေးတပ် ”
ဗြေးဗြေးတပ်ဗြေး ၊ တပ်ဗြေးတပ် မှာ နရီ အကျဲ နဲ့ လေးလေး တီးထားတယ် ။ စည်းချိန် နှစ်ခန်းပါနေတာ သတိထားစရာဖြစ်တယ် ။ ပထမစည်းချိန် ပုံမှန် ။ တပ် ခံပြီး နောက်စည်းချိန် နရီ အကျဲ ။
ဘာပြုလို့ အချပိုဒ် သုံးဝါးမှာ စည်းချိန်ကို လေးထားရသလဲ။
ပထမအချက်က သင်တန်းသူကလေးတွေဟာ စည်းနဲ့ ၊ ၀ါးနဲ့ ၊ ဗုံနဲ့ ၊ ပတ်နဲ့ စတင်တွေ့ရတာ ဖြစ်တဲ့အတွက် စည်း ၀ါး ဗုံ ပတ် တို့ရဲ့ ခြောက်လှန့်မှုကို မကြောက်ရအောင် ။ ရှေ့က ပြနေတဲ့ သင်တန်းဆရာရဲ့ အကကို လိုက်ပြီး တုပ က နိုင်အောင် ။ ဒုတိကအချက်က စတင်လေ့ကျင့်မှု ဖြစ်တဲ့အတွက် ခေါင်း ၊ ခါး ၊ ခြေ ၊ လက် အနေအထားမှန်ဖို့ ၊ အထူးသဖြင့် မြန်မာအမျိုးသမီး အကမှာ ခါးဟာ မြန်မာအကရဲ့ ဗဟိုချက် ဖြစ်တယ် ။ စ သင် ကတည်းက ခါး ပါလာအောင် လေ့ကျင့်ဖို့ ဖြစ်တယ်။ ၀မ်း ၊ တူး ၊ သရီး ၊ ဖိုး ၊ နရီချိန်နဲ့ ကာယ လေ့ကျင့်ခန်းလုပ်တဲ့ နည်းစနစ်နဲ့ သင်လိုက်ရင် ခါးမပါတော့ဘူး ။ခါး မပါရင် အကဟာ ဘယ်နည်းနဲ့မှ မလှနိုင်ဘူး ။ ခြေခွင် လက်ထားတွေကလဲ မာပြီး တောင့်နေတတ်တယ် ။ ဒါကြောင့်မို့ အစကောင်းမှ အနှောင်းသေချာ ဆိုသလို အတောခံမှာ ကတည်းက တပ် ခံပြီး စည်းချိန်ကို လေးထားတာဟာ ကဗျာလွတ် ကကွက်တွေရဲ့ ရသဗေဒ ဖြစ်တယ် ။ ဒါကို ဆရာကြီး ရွှေဒေါင်းညို တို့ ဆရာမကြီး ဒေါ်သြဘာသောင်း တို့ မြန်မာဆိုင်းပညာရှင်ကြီး ဦးစိန်လှမောင် တို့ သေသေချာချာ စဉ်းစားပြီးမှ လုပ်ခဲ့ကြတယ်လို့ ကျွန်တော် ထင်တယ် ။ ကဗျာလွတ် ကကွက်ဟာ မခင်စိန် တို့ ၊အမာစိန် တို့ ခေတ်အထိ ၇၅ ကွက် သင်ခွင့် ရခဲ့တယ် ။ ခင်ဝင်းနွယ် တို့ ၊ မမြသန်း တို့ ခေတ်ကျတော့ ၁၂၅ ကွက်အထိ သင်ကြားခွင့် ရခဲ့တယ် ။
အခု ဘယ်လို သင်နေကြသလဲ မသိဘူး ။ အတောခံမှာ တပ် ကတော့ ကွယ်လွန်သွားရှာပြီ။
ပေါ်ပြူလာ ဂျာနယ် အချပ်ပို ( ခ )
18-01-2000
https://koaungnaingoo.blogspot.com
Labels:
အနုပညာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment