Friday, February 22, 2019

ချစ်မြတ်နိုးစရာ မြန်မာ့ဂီတ၊မြန်မာ့အနုပညာ


🎭  ချစ်မြတ်နိုးစရာ မြန်မာ့ဂီတ ၊ မြန်မာ့အနုပညာ

◼  နေသန်

       ရွှေပိန်းချ မှန်စီကနုတ်လက်ရာများ  ဖန်ပဒိုင်းအိုးများနှင့် ဖိတ်ဖိတ်တောက်လျက်  ကျက်သရေမင်္ဂလာရှိစွာ ခန့်ညားလှပသော ရွှေဆိုင်းတော်ကြီးက စင်မြင့်ထက်တွင် ၀ိုင်းတော်သားအစုံအလင်နှင့် ဆိုင်းစင်ရှေ့တွင် သင်ဖြူးဖျာချောပေါ်  ကော်ဇောခင်းလျက် လက်ဖက်အစ်၊ ကွမ်းအစ်အစုံအလင်နှင့်   အလှူ့အမကြီးနှင့်  ဆွေမျိုးတစ်သိုက် တို့သည်လည်းကောင်း၊ အနီးပတ်လည်ရွာများမှ များပြားလှသော ရွှေပွဲလာပရိသတ်များသည် လည်းကောင်း၊
ဒေါက်ထောက်ရပ်နားထားသော လှည်းဝိုင်းကြီးအလယ်က ဆိုင်းတော်မင်္ဂလာသံကို  ငံ့လင့်လျက်ရှိကြသည်။
မကြာမီရွာစားကျော်၏ လက်ဖျားမှ စီးဆင်းလာသော မင်္ဂလာရေခင်းသံ  ကြည်မြစွာထွက်ပေါ်လာသည်။ရေခင်းသံ တီးလုံးဆုံးသည်နှင့် တစ်ဆက်တည်း ရွာစားကျော်၏ လက်စွမ်းပြဆိုင်းသံ၊ ၀ိုင်းတော်သားတို့၏ မြူးကြွသွက်လက်သောတစ်ခဲနက်ဟစ်ကြွေးတီးမှုတ်ဖန်တီးလိုက်သည့် ဂီတအနုပညာသံစဉ်လှိုင်းများက ညှို့ယူဖမ်းစားလျက် ပရိသတ်များကလည်း နှစ်သက်ကျေနပ် မိန်းမောလျက် ဂီတရေအလျင်ကြောတွင်အတူတကွ စီးမျောသွားကြသည်။

◀   အတိတ်အချိန်ကာလများ

       သူ့အမည်က စိန်တင်မောင်။ ဖခင်ဖြစ်သူ ဆိုင်းဆရာ စိန်ဘသာမှ မွေးဖွားပေးခဲ့သော  ဆိုင်းညီနောင်နှစ်ဦးအနက်မှတစ်ဦး။  မိရိုးဖလာ   ဆိုင်းမျိုးရိုး မြန်မာ့အနုပညာ၊ မြန်မာ့ဂီတမြတ်နိုးသူများဖြစ်သည်။ ဆိုင်းပညာကို  လက်ဦးဆရာဖခင်ဖြစ်သူက  ခုနစ်နှစ်သားအရွယ်မှာ သံပတ္တလားနှင့် ၀ါးပတ္တလားတီးသင်ပေးခြင်းဖြင့် ဂီတမျိုးစေ့ချခဲ့သည်။
ကိုးနှစ်သားအရွယ်တွင်  ဆိုင်းအခြေခံကို  စတင်သင်ယူသည်။ စည်းနှင့်ဝါး၊ ထံတြာ၊ ပုစဉ်းတောင်ပံကြိုး၊ ဘွဲ့သီချင်း၊ပတ်ပျိုး၊ ယိုးဒယား၊ မွန်တလိုင်းစသည်ဖြင့်  အဆင့်ဆင့် သင်ယူရင်း၊ လေ့လာရင်း၊ လေ့ကျင့်ရင်း မြန်မာ့ရိုးရာ ဆို၊က၊ ရေး၊ တီး ပြိုင်ပွဲများတွင် မြန်မာ့တူရိယာ အမျိုးမျိုးတို့နှင့်ဝင်ရောက်ယှဉ်ပြိုင်၍ ရွှေတံဆိပ်နှင့် ဆုအမျိုးမျိုးလည်း ဆွတ်ခူးခဲ့သည်။  မိရိုးဖလာ လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့သော မြန်မာ့ဂီတအနုပညာကို တည်တံ့စေရမည်၊စစ်မှန်စွာ ထိန်းသိမ်းထားနိုင်ရမည်၊  တီးလုံး၊ တီးပေါက် အသစ်အဆန်းများ  တီထွင်မည်ဟု အားမာန်ချီလျက်ဆိုင်းအဖွဲ့ တည်ထောင်ခဲ့သည်။ အရိုး ပေါ်တွင် မည်သည့်အရွက်မှ မဖုံးစေရဟုခံယူရင်း  ရိုးရာအနုပညာလမ်းပေါ် လျှောက်လာခဲ့သည်က ရင်သွေးလူမမယ်နှစ်ဦးနှင့် တတိယအရွယ် သက်တမ်းသို့ တိုင်ခဲ့ပြီဖြစ်သော်လည်း အခြေအနေ ဒူးထောက်ယိမ်းယိုင်ရာမှ လဲကျမသွားအောင် အားတင်း ရုန်းကန်နေရဆဲပင်။
         စင်မြင့်၏လက်ဝဲဘက်အခြမ်းတွင် ဆိုင်းဝိုင်း ကြေးဝိုင်း၊ မောင်းဆိုင်း ခြောက်လုံးပတ်းဒိုးနှင့် ပတ်မကြီးကိုသယ်ဆောင်ထားသော ပဉ္စရူပ  အစရှိသည့် မြန်မာ့တူရိယာ အ၀န်းအ၀ိုင်းက ကျပ်တည်းလှစွာဖြင့်  တည်ရှိနေပြီး စင်၏လက်ယာဘက်အခြမ်းတွင်တော့  ရမ်ဆက်၊ ဘေ့စ် ဂစ်တာ၊ လိဒ်ဂစ်တာ၊ ကီးဘုတ် အစရှိသောတူရိယာတို့က
နေရာယူထားကြသည်။ ညဉ့်ဦးယံ ဧည့်ခံမင်္ဂလာဆိုင်းတော် အချိန်ကျရောက်ခဲ့ပေပြီ။  စူးရှသော ကီးဘုတ်၏အသံ၊ မြူးကြွ သောဒရမ်ရိုက်ခတ်သံ၊  သွက်လက်သော၊  လှုပ်ရမ်းသော ကကွက်များ၊ တေးသံများ စင်အောက်မှ တုံ့ပြန်သော အလှုပ်အခါများနှင့် ဖွင့်လှစ်လိုက်ကြသည်။  သေချာသည်ကတော့ ည ၁ နာရီကျော်အထိ  အရှိန်တက်ကြပေဦး မည်။ မင်္ဂလာရွှေဆိုင်းဝိုင်းတော်သားတို့  အလျဉ်းသင့်ရာ ထောင့်နဘေး ခြုံစောင်ပါးကလေးဖြင့် ကွေးကာ  ငိုက်မည်းရင်း အလှည့်စောင့်ကြရပေဦးမည်။
       ဇာတ်သဘင်တို့တွင် စတိတ်ရှိုးကဏ္ဍ၀င်ရောက် တွင်ကျယ်လာခြင်းမှသည်   မြန်မာ့ဆိုင်းများသို့  ကူးစက်လာခဲ့သည်။   ဆယ်စုနှစ်တစ်ခုမကတော့။   မြန်မာဆိုင်းစင်မြင့်၏ ထက်ဝက်ကို အနောက်တိုင်းတူရိယာဝိုင်းက နေရာယူထားသလို ဖျော်ဖြေချိန်ထက်ဝက်မကကို တို၊ ကွဲ၊ပေါ်၊ ဟိုက် ၀တ်ဆင်မှုများနှင့် အမျိုးအမည်မသိ ဒန်စာ အကများ၊ မြူးကြွသွက်လက်သော်လည်း  မပီသသည့် ကပြားသီချင်းသံ များက သိမ်းပိုက်ခဲ့ပြီဖြစ်သည်။

      “ဆရာရေ မသိလို့မေးပါရစေ၊ ဆရာ့ဝိုင်းက ဘယ်ညာ ပါရဲ့လား”

      “ ကျွန်တော့်ဆိုင်းက မြန်မာသံ၊ မြန်မာတီးဟန် အရသာစစ်စစ်တွေနဲ့ ထိုက်ထိုက်တန်တန် ဖျော်ဖြေမည့် ဆိုင်းစစ်စစ်ပါ။ ပညာကုန်၊ လက်ကုန်ဖွင့်လို့ မြန်မာ့ဂီတ အရသာမှန် ခံစားစေရမယ်ဗျာ၊ ဘယ်ညာတော့မထားဘူး”၊

      “အင်း  ဒါဆိုရွာကလူတွေနဲ့ လှမ်းတိုင်ပင်ပါရစေ”

       ဤပုံဖြင့် ဆိုင်းငှားဆယ်ဦးလျှင် ခုနှစ်ဦး၊ ရှစ်ဦး ပြန်ပေါ်မလာသော အခါ မိသားစုနှင့် ၀ိုင်းတော်သားများ၏ ၀မ်းရေး၊ ရင်သွေးငယ်များ၏ ပညာရေးမျှော်လင့်ချက်များ အပြင်းအထန် ထိုးနှက် ခံစားလာရသောအခါ....။

       အစောပိုင်းကာလများက မြန်မာ့ဆိုင်းပညာစစ်စစ်ကို ထုတ်ဖော်ပြသ ဂုဏ်ယူခဲ့ကြရသည်။ အလှူတစ်ပွဲတီးလျှင် ငွေကျပ် ၁၆၀ ရသည်။  အလှူဝင်နေ့မှစ၍ နေ့ဧည့်ခံ၊ ညဧည့်ခံ  အလှူပြီးဗြောခေါက်သည်အထိ   အစအဆုံးတီးပေးကြရသည်။ ပင်ပန်းသော်လည်း မြတ်နိုးဝါသနာပါသော အလုပ်မို့ ကျေနပ်သည်ဟုဆိုသည်။  ယနေ့ခေတ်တွင် ဆိုင်းတစ်ပွဲ ခုနစ်သိန်းမှ ၁၀ သိန်းအထိရနိုင်သည်။သို့သော်ခေတ်ပေါ်တေး အမည်တပ်  သရုပ်ပျက်ကပြား အဆိုအကများကို တွဲဖက် လက်ခံထားရသည်ကို ဘ၀င်မကျလို့ ရင်နာဝမ်းနည်းရသည်ဟု ဆိုင်းဆရာကဆိုသည်။
ရုပ်ကလေးလဲရှိ မြူးမြူးကြွကြွနှင့်  ကာလသားအကြိုက် မင်းသမီးအဆိုတော်လေးများ တစ်ပွဲဆိုပါက နှစ်သိန်းမှ ငါးသိန်းအထိရှိသည်။  သူတို့ကိုဆက်သွယ်ခေါ်ယူပေးရသည်။
ပွဲငှားသူကလည်း ဈေးမဆစ်ပါ။ သို့သော် ဆိုင်းဝိုင်းအတွက်တော့  ငါးသောင်းလျှော့ပါဦး၊   သုံးသောင်းလျှော့ပါဦး ဆိုလာသောအခါ ဘ၀၏အချိန်အတော်များများ ဆည်းပူးခဲ့သောပညာအတွက် ၀မ်းနည်းရသလို အနာဂတ်အတွက်ရင်မအေးနိုင်ကြောင်းပြောပြသည်။
       အလွန်အခွပ်သန်သော တိုက်ကြက်ဥနှစ်လုံး လက်ဆောင်ရသည်ကို လင်မယားနှစ်ယောက် တစ်ယောက်တစ်လုံးကြော်စားမိရာမှ ဇနီးမောင်နှံနှစ်ဦး  မျက်နှာချင်းဆိုင်တိုင်း ခွပ်ချင်စိတ်တွေထလာလို့ အိမ်မကပ်ရဲဟု ပျော်တော်ဆက်သူ   ဆိုင်းနောက်ကထ    မြန်မာသံအဆိုတော်ကြီးကိုလွင်က

“ မြန်မာ့ဂီတ၊ မြန်မာသီချင်းတွေ တည်တံ့အောင် ရုန်းကန်နေရတဲ့အထဲ အခုဆိုပတ်လုံးတွေ၊ သားရေကျက်ဖို့ သားရေကလည်း ရှားပါးလိုက်တာ၊ တွေ့ကရာ  သားရေနဲ့ ကြက်ရင်လည်း ဆိုင်းသံက ဂိန်၊ ညောင်၊  ပဲလို့မည်လိမ့်မယ် ”

ဟု အရွှန်းဖောက်သည်။ ပြီးမှ နောက်တာပါ မလုပ်ပါဘူး၊ဒိုင်နမိုမော်တာတွေကွိုင်ပတ်ရင်သုံးတဲ့  လျှပ်ကာပြားကို ပါကင်ပလတ်စတစ်ကြိုးနဲ့  သားရေအစား  ကြက်ပြီးသုံးကြ
ရတယ်။ ပတ်လုံးတိုင်းတော့ သုံးလို့မရဘူး။

       မြန်မာ့ဂီတကိုချစ်မြတ်နိုးစွာ ဖက်တွယ်ရင်း၊ ဒူးထောက်မကျအောင်ထိန်းနေရသော ယိမ်းယိုင်နေသည့် အခြေအနေကို တွေးတောရင်း ဆိုင်းဆရာမှာ ရင်နာရသည်။  ညဥ့်တစ်နာရီခွဲကျော်ခဲ့ပြီ။ ခေတ်ပေါ်စတိတ်ရှိုးအစီအစဉ်တွေလည်း ပြီးသွားလေပြီ။

“ နန်းထက်ကသည် တိုင်းစွန်နယ်ဖျား တောက်ကြွား လင်းလက်ပါတဲ့ ရွာစားမင်းရဲ့ ရွှေဆိုင်းလက်သံ ဘ၀ဂ်လျှံအောင်ကြား ”  စသည်ဖြင့် ဆိုင်း နောက်ထ၏ ဆိုင်းဆင့်သံအဆုံး နေမျိုးဗလကျော်သူဘွဲ့ခံ ရွာစားစိန်ဗေဒါ၏ ရွှေမန်ကျည်းခုနစ်စဉ် တီးလုံး သံစဉ်ကို လက်စွမ်းပြတီးခတ်ရင်းရှေးဆရာ အစဉ်အဆက်ကို ဦးခိုက်ပူဇော်သည်။ တစ်ချက်ငဲ့ကြည့်တော့ ပရိသတ်အတော်များများပြန်ကြပြီ။ ပြီးတော့မြန်မာသံ အဆိုတော်ကြီးများအလှည့်။ ဆောင်းညအအေးဒဏ်ကို  မခံနိုင်လို့လားမသိ ပရိသတ်ပိုကျဲပါးသွားသလို ပရိသတ်ပင်ပန်းချိန်မှ ဖျော်ဖြေရသော အခြေအနေကြောင့်လည်းဖြစ်နိုင်သည်။

       စိတ်ရှိသလောက် လွှတ်တီးလိုက်သည့် တီးကွက်တွေက စိတ်သလောက်  မိုးသီးမိုးပေါက်သဖွယ် သွန်ချတီးခတ်သည်။ သီဆိုသည်။ “ တေးဘုမ္မာ ”  သူမျက်စိမဖွင့်၊ နောက်တစ်ပုဒ် ဆက်တီးသည်။ “ ဘ၀သံသရာ ”  သီချင်းဆုံးချိန် ငြိမ်သက် တိတ်ဆိတ်လျက်  မြန်မာဂီတမြတ်နိုးသူ ပရိသတ်အနည်း ငယ်ကိုတွေ့ရသည်။ ဘုန်းတော်ကြီးကျောင်းမှ  တုံးမောင်းခေါက်သံကြားရသည်။   အရုဏ်တက်ပြီ။   နှင်းမှုန်တွေ ကြောင့်လားမသိ အလင်းရောင်ကိုတော့မမြင်ရသေး ...။

၁၂ ဒီဇင်ဘာ ၂၀၁၅  ကြေးမုံ

No comments:

Post a Comment