Wednesday, March 27, 2019

မင်းမရှိလဲ ရပါတယ်


🔩    မင်းမရှိလည်း ရပါတယ်

      နံနက်  ၈  နာရီ  ထပ်ခနဲ အရောက်၊  စူးရှသော  ဥသြသံ   ထွက်ပေါ်လာလေ၏။
အလုပ်သမား ၂ဝ-၂၅ ယောက်ခန်ံ ကိုယ့်နေရာကိုယ် ရောက်ကုန်ကြလေပြီ။

       “တင်ကလောင် တင်ကလောင်၊ ရှီးရှီးရှဲရှဲ ၊ ဗြီးဗြီးဗြဲဗြဲ၊  ဒရစ်ဒရစ်၊ ဗျစ်ဗျစ်၊ ဗရော၊ ကလစ်ကလစ်၊ ကျင်ကျင်ကျောင်ကျောင်”

       ဝပ်ရှော့တစ်ခုလုံး သက်ဝင်လှုပ်ရှားလာလေပြီ။ အသံမျိုးစုံ ထွက်လာလေပြီ၊ ဝယ်ဒလင်တို့သံ၊  နိုင်ငံခြားက   အော်ခက်စထရော  အသံစုံတယ်ဆိုတာ   သည်ဝပ်ရှော့ကို မီပါ့မလား။   ကျွန်တော့်သူငယ်ချင်း   မောင်သောင်းဝပ်ရှော့၊   တောင်ဒဂုံစက်မှုဇုန် ၂   မှာ တွင်ခုံတွေ ထုတ်လုပ်နေတာ၊ ခြွေလှေ့စက်တွေ ထုတ်လုပ်နေတာ။ အစက ဗဟန်းဘက်မှာ လုပ်နေတာ၊  စက်မှုဇုန်တွေဖွင့်၊ မြို့ထဲကထွက်ကြဆိုတော့  တောင်ဒဂုံ     ၂  ကိုရောက်သွားတာ။

       “သူငယ်ချင်း… ဟိုပိန်ပိန်ရည်ရည် အသားဖြူဖြူကောင် မမြင်ပါလားကွ၊ ဟိုတစ်ခါ ငါလာတုန်းက တွေ့တယ်လေကွာ၊ လုပ်ငန်း အရမ်းကျွမ်းတယ်ဆိုတဲ့လူကွာ”

       “အာ… မင်း မိုးပျံကို ဟြေတာထင်တယ်။ အခု သူမရှိတောဘူးကွ”
     
       “ထွက်သွားတာလား၊ ထုတ်ပစ်တာလား”

       “သူ့ဘာသာ  ထွက်သွားတာပါကွာ၊   ငါ   သူ့ကို   လခအမြင့်ဆုံးပေးထားတာပါကွာ၊
ဒါတောင် မမြဲဘူးဟ”

       “အဲဒီလူ အလုပ်အရမ်းကျွမ်းဆိုမို့လား၊ မင်းငါ့ကို တစ်ခါဟြေဖူးတယ်”

       “အလုပ်ကတော့ တကယ့်ကို ကျွမ်းတာကွ၊    အလုပ်ရုံပေါင်းလည်း  နှံ့နေပြီ၊ လူနှစ်ယောက်စာ   အလုပ်ကို  တစ်ယောက်တည်းပြီးအောင် နိုင်နိုင်နင်းနင်းလုပ်တဲ့လူကွ၊ လူတော်တစ်ယောက်ပဲ၊     ပညာအရမ်းကောင်းတယ်၊   ငါတောင်  လက်ဖျားခါတယ်၊  ဒါပေမယ့်…”

ရှေ့မဆက်ဘဲ စကားကို ဆ… နေပြန်၏။

       “ဒါပေမယ့် ဘာဖြစ်သလဲကွ”

       “ပညာက  တော်ပါတယ်၊  ဒါပေမယ့်   အကျင့်တန်တယ်ကွ၊  အုပ်စုဖွဲ့တယ်၊
သွေးခွဲတယ်၊ ချောက်တွန်းတယ်ကွ၊ ငါသိ ငါတတ် ဆရာကြီးလုပ်ချင်တယ်၊ ငါနဲ့ သိပ်ကီးမကိုက်ပါဘူးကွာ၊ ပညာကြောင့်သာ ကြည့်နေရတာ”

       “အဲဒီ ပညာကို မက်လို့ပဲကွ၊ အခြားအလုပ်ရုံတစ်ခုက သူ့ကို မျက်စိကျသွားတာ”

       “အခု အဲဒီအလုပ်ရုံမှာလား”

       “နောက်ထပ် တစ်ရုံတောင် ဟြေင်းသွားပြန်ပြီ၊ ခက်တာကွ၊ သူကအရမ်းတတ်နေတော့  ပညာပြချင်တယ်၊ သူမရှိရင် အလုပ်ကို ရပ်ထားရလိမ့်မယ်၊ သူ့ခြေသလုံး  ဖက်လာလိမ့်မယ်၊ ဒီလိုထင်နေတာကွ၊  ငါကလည်း  ရင့်နေပြီပဲကွာ၊  တစ်နေ့ ဒီလိုဖြစ်လာလိမ့်မယ်ဆိုတာ သိထားတော့ သူ့ဆီက ပညာတွေ ယူထားလိုက်တာပေါ့”

ဟုတ်လောက်တယ် ခင်ဗျာ့၊ ကျွန်တော့်  သူငယ်ချင်း မောင်သောင်းဆိုတာက  ၁၈
နှစ်သားလောက်ကတည်းက ဝပ်ရှော့ထဲရောက်လာတာ၊ အောက်သက်ကျေရုံဘယ်ကမလဲ၊ အမှုန့်ဖြစ် အရည်တောင်ပျော်ကျသွားပြီ၊ အသက် ၆ဝ ကျော်သွားပြီဗျာ၊ နည်းတဲ့ လုပ်သက်မှတ်လို့၊ ဝပ်ရှော့အလုပ်သမားဘဝကနေ  ကိုယ်ပိုင်အလုပ်ရုံ ထောင်ရုံတင်မက သူ့ဆီက   ပညာတတ်သွားတဲ့   တပည့်တပန်းတွေ   အလုပ်ရုံခွဲ   ထောင်သွားကြတာ၊   သူ ထောက်ပံ့ ကူညီပေးလိုက်တဲ့  အလုပ်ရုံတွေ ၂ဝ-၂၅  ထက်နည်းမယ်မထင်ဘူး၊ သူ့သွားပညာပြလို့   ဘယ်ရပါ့မလဲနော၊   သူ့သွားပြရင်  ပညာကလေး   ဖတ်ခနဲကောက်ပြီးအိတ်ထဲထည့်ထားလိုက်မှာပေါ့ သူက။

       “သူထွက်သွားတော့  သူကိုင်ထားတဲ့  စက်တွေ  ချောချောမွေ့မွေ့လည်ပတ်ရဲ့လား
ဟကောင်ရ”

       “လည်ပတ်ပါတယ်ကွာ၊ ငါကိုယ်တိုင်လည်း   သင်ယူထားလိုက်တယ်  လည်ရည်
ပတ်ရည်ရှိတဲ ငါ့တပည့်တစ်ယောက်ကိုလည်း မသိမသာ သင်ယူခိုင်းထား လိုက်တယ်ကွာ”

       “သူက ချပ်ခနဲ အလုပ်ကထွက်သွားတော့ ဖတ်ခနဲ သူ့နေရာ လူစားဝင်လိုက်တာပေါ့ကွာ”

မှန်ပါတယ် ခင်ဗျာ။ ကုန်ထုတ်လုပ်ငန်းလုပ်နေတဲ့  လုပ်ငန်းပိုင်ရှင်များဟာ အလွန် ဦးနှောက်ပြေးရပါတယ်၊ ကြိုမြင်  ကြိုတွက်ထားရပါတယ်၊ လျင်နိုင်သမျှ  လျင်ရပါတယ်။
မောင်မဲ မလာလို့ အလုပ်ရပ်ထားရတာမျိုး၊ မိဖြူအလုပ်မဆင်းလို့ ဟာသွားတာမျိုး မဖြစ်ရလေအောင် လစ်လပ်သွားတဲ့ နေရာမှာ လူစားထိုးဖို့  အဆင်သင့် လုပ်ထားရတာကလားဗျာ။   အဲဒါကြောင့်လည်း   ကျွန်တော့်သူငယ်ချင်းဟာ   နှစ်ပေါင်း  ၄ဝ ကျော် အတွေ့အကြုံများကို  အခြေခံထားသဖြင့် သူ့အလုပ်ရုံ  ရပ်ထားရသည်၊
နားထားရသည်ဟု မရှိဘူးခင်ဗျာ။

“သူမရှိလည်း ငါရှိနေတာပဲကွာ”

ကျွန်တော် သူ့စကားကို အလေးအနက်  စဉ်းစားမိပါ၏။  
       အရည်အချင်းပြည့် ခေါင်းဆောင် ရှိနေသမျှ လုပ်ငန်းက လည်ပတ်နေမှာပါ။ သူ့ဆီက နည်းယူရပါ၏။ နမူနာ ယူရပါ၏။
       အခုကြည့်လေ…  တစ်စုံတစ်ယောက် အလုပ်ကထွက်သွားရုံနှင့်  သူ့အလုပ် ဘာမျှမထိခိုက်ပါ။ ဘယ်လောက်ကျွမ်းကျင်သူပဲ ထွက်ထွက်။

       “ဟင်း… ဟင်း… မင်းမရှိလည်း ရပါတယ်”

                                     မောင်ချမ်းသာ


No comments:

Post a Comment