Showing posts with label အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း. Show all posts
Showing posts with label အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း. Show all posts

Thursday, November 17, 2022

တစ်သက်တာ စိတ်ချမ်းသာဖို့


 

❝ တစ်သက်တာ စိတ်ချမ်းသာဖို့ ❞

လေးလေး ရေး ပြသလောက် ဟာ အများဆုံး ကြုံတွေ့ ရတတ်တဲ့ ပြဿနာတွေ ပါပဲ ။ ငါ့ တူမများ အတွက် မလွဲမရှောင်သာ လို့
အိမ်ထောင် ပြု ရပြီ ဆိုရင် ၊ နဖူးစာ ပါ လာ လို့ အို ရပြီ ဆိုရင် ၊ အို ပြီး တဲ့ အချိန် မှာ တွေ့ကြုံ ရင်ဆိုင် ရနိုင်တဲ့ အချက်အလက်တွေ ကြို သိ ထား ရတော့ ရင်ဆိုင် လာရရင် မှန်မှန်ကန်ကန် ဖြေရှင်း လို့ ရတာပေါ့ ။ အမှား နည်းတာပေါ့ ။

ယောက်ျား ဆိုတာ မရခင် ကမ္ဘာ ပေါ်  ရှိသမျှ မိန်းမတွေ ထဲ မယ် ကိုယ့် ချစ်သူ ကို အလှဆုံး ထင်ပြီး ရ ပြီး တာ နဲ့ ကိုယ့် မိန်းမ က လွဲရင် ကမ္ဘာ ပေါ် ရှိ သမျှ မိန်းမတွေ ကို အကုန် လှတယ် ထင် တော့တာ ။

“ ငါ့ မိန်းမကြီး ငါ ချစ်လွန်း လို့ မယားကြီး ရာထူး တိုး ပေး လိုက်ပြီ ” ဆို ပြောတဲ့ စကား ရှိသကွယ့် ။ ဒီတော့ ...

အပျိုစင် ဘဝ မှာ ယောက်ျားတွေ အကြောင်း သိထားဖို့ လို သလို -

အိမ်ထောင်သည် ဘဝ ရောက် တဲ့ အခါ မှာ လည်း ကိုယ့် ခင်ပွန်း အကြောင်း သိထားဖို့ လို ပါတယ် ။ ဒါမှလည်း တစ်သက်တာ စိတ် ချမ်းသာ ဖို့ နေတတ် ထိုင်တတ် ပါမယ် ။

လေးလေး ရဲ့ စေတနာ က အတိုင်းအဆ မရှိပေမယ့် သိ သလောက်ပဲ ရေး ပြ ရ တာမို့ သည်မျှ နဲ့ ပဲ ကျေနပ်ပါလို့ ။

သာယာပျော်ရွှင်၍
   တစ်သက်စာ
       စိတ်ချမ်းသာနိုင်ကြပါစေ ။

လေးလေးကံချွန်
စ - ၈ ( ၄၄ )
သိုးခြံမြို့သစ်
မန္တလေး ။

◾ ကံချွန်

📖 အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ( ၃ )

#ကိုအောင်နိုင်ဦး

.

Monday, November 7, 2022

နွားအို မြက်နုကြိုက်





 

❝ နွားအို မြက်နုကြိုက် ❞

ငါ့ တူမများ ကြားဖူးပါလိမ့်မယ် ။ အသက်ကြီးကြီး ယောက်ျားကြီး များ က မိန်းကလေး ငယ်ငယ်လေး လိုချင်တဲ့ အခါ ပိုးပန်းတဲ့ အခါ ယူလိုက်တဲ့ အခါ ဝန်းကျင် က ပြောတဲ့ စကား ရှိပါတယ် ။ အဲဒီ စကား က

“ နွားအို မြက်နုကြိုက် ” လေ .. ဆို ပြီးတော့ ကိုယ့် အသက် အရွယ် ။ ကိုယ့် သိက္ခာ ။ ကိုယ့် ဂုဏ် နဲ့ လိုက်လျောညီထွေ မနေတတ် လေ တော့ “ နွားအို ” နဲ့ အနှိုင်း ခံ ရတော့တာပေါ့ ။ ယောက်ျား ဆို တာ အသက် ကြီး လာ ရင် “ လူကြီး လူကောင်း ” တစ်ယောက် အဖြစ် ရပ်တည် နိုင် ဖို့ သိပ် အရေး ကြီးတာ ။

အသက် ကြီး တဲ့ ယောက်ျား ကို မယူ ပေမယ့် ကိုယ် နဲ့ ရွယ်တူ တန်းတူ ယောက်ျား ဆို တာ က လည်း နှစ် ကြာလာတော့ အသက် ကြီး လာမှာပဲ ။ ဒါကြောင့် အသက် ကြီး တဲ့ ယောက်ျားများ နဲ့ ပတ်သက် ပြီး ငါ့ တူမများ သိသင့်တယ် ထင်လို့ လေးလေး ပြော ပြချင်တယ် ။

ဒီအကြောင်း ပြော ဖြစ်ဖို့ ဖန် လာတာ က လေးလေး ဆီ လာ တဲ့ စာ တစ်စောင် ကြောင့် ပေါ့ ။ အဲဒီ စာ က ..

••••  ••••  •••••  •••••  •••••

ဆရာဦးကံချွန် ရှင့် -

ကျွန်မ နာမည်  မ ….... ဖြစ် ပါသည် ။ ကျွန်မ အသက် ( ၄၂ ) နှစ် ရှိ ပါပြီ ။ ကျွန်မ ၏ ခင်ပွန်းဘမှာ ကျွန်မ ထက် အသက် ( ၃ ) နှစ် ကြီးပါသည် ။ သူ့ အသက် ( ၄၅ ) နှစ် ပါ ။

ကျွန်မ ၏ ပြဿနာ ကို ကူညီ ဖြေရှင်း ပေး နိုင်ရန် ကျွန်မ ၏ အဖြစ်အပျက် ကို ရေး ပြပါရစေ ။ ကျွန်မ တို့ အိမ်ထောင်သက် နှစ်ဆယ့်သုံးနှစ် ရှိ ပါပြီ ။ သား အကြီး သည် ပင် ပြီးခဲ့သည့် လ က အသက် နှစ်ဆယ် ပြည့်ပါပြီ ။ သမီးအလတ် က ( ၁၈ ) နှစ် ။ သမီး အငယ် က ( ၁၅ ) နှစ် ။ သားသမီး သုံးယောက် ရှိပါပြီ ။ ပေါင်းသင်းခဲ့သော အိမ်ထောင် သက် ( ၂၃ ) နှစ် အထိ ကျွန်မ ခင်ပွန်း သည် ကျွန်မ အပေါ် သစ္စာ ရှိ ခဲ့ပါသည် ။ မိသားစု အပေါ် တာဝန် ကျေပါသည် ။ ကျွန်မတို့ သည် နှစ်ဦး နှစ်ဖက် သူငယ်ချင်း လည်း မေတ္တာ မျှ ၍ လူကြီးများ လည်း ကျေနပ် သော ကြောင့် ထူထောင် ခဲ့သော အိမ်ထောင် ဖြစ်ပါသည် ။

လွန်ခဲ့သည့် ( ၆ ) လ ခန့် က မူ ကျွန်မ ခင်ပွန်း မှာ မိသားစု အပေါ် ဆက်ဆံရေး ပြောင်း လာပါသည် ။ သားသမီးများ ကို အကြောင်း မဲ့ ဆူပူ လာသည် ။ လုံးဝ မအော် မငေါက် ဖူး သော သမီးငယ် ကို ပင် အော်လား ငေါက်လား လုပ် လာသည် ။ ကြည်ကြည် သာသာ စကား ပြောသည့် အချိန် အလွန် နည်း လာပါသည် ။ ကျွန်မ နှင့် ပြောဆို ရာ တွင် လည်း မျက်မှောင် ကုပ် ကာ မပြော မဖြစ် သော စကား လောက် သာ ပြော ပါသည် ။

ဘာလို့ စိတ် တို နေရတာလဲ ဟု မေးတိုင်း ငါ ဘာ တို နေလို့လဲ ဟု ပြန် အော်ပါသည် ။ ကျွန်မ သူ့ ဘေး သွား ထိုင် လျှင် လည်း ထ ထွက် သွားတတ်ပါသည် ။

ဝန်းကျင် မှ ပြော စကား အရ ကျွန်မ ခင်ပွန်း သည် ဈေးသည် ကောင်မလေး တစ်ယောက် နှင့် ယူ ထားသည် ဟု သိ ရပါသည် ။ ကျွန်မ သည် ထို ကိစ္စ ကို မသိဟန် ဆောင် ကာ ခွင့်လွှတ် နိုင်အောင် ကြိုးစား ပါသည် ။ သူ့ ကို ရန် လည်း မပြုပါ ။ ဆရာ ဦးကံချွန် ရေး သလို အိုင် တွေ့ လို့ ခြေ ဆေးတာ ပဲ ဟု သဘော ထား ပါသည် ။ မိန်းကလေး ကို က မကောင်း လို့ ပဲ ဟု စိတ် ဖြေ ပါသည် ။ လုံးဝ မသိဟန် ဆောင် ၍ မူမပျက် ဆက်ဆံပါသည် ။ သားသမီးများ ကို လည်း ပို၍ ရိုရိုသေသေ ဆက်ဆံရန် ကျွန်မ မှာ ထားပါသည် ။

မိသားစု အားလုံး က အရိုအသေ မပျက် အပြုစု မပျက် ဆက်ဆံ နေ သော် လည်း သူ က အမြဲပဲ စိတ် တို ၍ ရန် လို နေပါသည် ။ ကျွန်မတို့ အနေဖြင့် သူ့ ကို မည်သို့ ဆက်ဆံ ရမှန်း မသိ ဖြစ် နေသောကြောင့် ဆရာဦးကံချွန် ထံ စာ ရေး ၍ မေး ရ ခြင်း ဖြစ် ပါသည် ။

••••••  ••••••  •••••••  •••••

အဲဒီ စာ ကို ဖတ်ပြီးတော့ လေးလေး ဒီလို စာ ပြန်ခဲ့တယ်။

••••••  ••••••  •••••••  •••••

မ ...... ခင်ဗျာ ။

ကျွန်တော် မ .…. ၏ စာ ကို  ..... ရက် နေ့ က ရရှိပါသည် ။ ထို စာ ကိုဖတ် ပြီး နောက် တစ်ဆင့် ချင်း ဖြေရှင်း အကြံ ပေး လိုပါသည် ။ ပထမ ဆုံး ဖြေရှင်း လို သည် မှာ ကျွန်တော် ရေး ခဲ့သော အပျိုစင်တို့ သိဖို့ ယောက်ျားတို့ အကြောင်း ပထမ စာအုပ် တွင် ပါရှိသည့် အိုင် တွေ့ လို့ ခြေဆေး တာ မလွန်ပါဘူး ။ သောက်ရေအိုး ထဲ က ရေ နဲ့ ခြေ ဆေး တာ မှ မဟုတ်ဘဲ ” ဟု ရေးခဲ့သည် မှာ မိန်းကလေးများ ကိုယ့် ကိုယ် ကို တန်ဖိုး ရှိအောင် နေ တတ်ရန် သတိ ပေး လို ၍ ဖြစ်ပါသည် ။ ထို စာသား မှာ ယောက်ျားများ ကို ကာကွယ်ရန် အတွက် ရှုပ်ခြင်း ပွေခြင်း ကို ဆင်ခြေ ပေးရန် အတွက် ရေး ပြခဲ့ခြင်း မဟုတ်ပါ ။

ထို “ အိုင်တွေ့ ၊ ခြေဆေး ” စကား ကို အကြောင်း ပြု၍ အမျိုးသမီး တို့ အတွက် ရည်ရွယ် ရေးသားခဲ့ ခြင်း ပါ ။ ထို စကား ကို အကြောင်း ပြု ၍ အမျိုးသားတို့ အတွက် ရေး ပါမူ အိုင်တွေ့ တိုင်း ခြေ ဆေး နေလျှင် ခြေထောက် “ ပေ ” ယုံ သာ ရှိ ပါမည် ။ အဘယ်မှာ အိုင် ထဲ က ရေ သည် ရေကောင်း ရေသန့် ဖြစ် ပါမည်နည်း ။

ကိုယ့် ကိုယ် ကို တန်ဖိုး ထားသော ယောက်ျား ဆိုလျှင် ။ ဣန္ဒြေ သိက္ခာ ရှိသော ယောက်ျား ကောင်း ဆိုလျှင် ။ အိုင် တွေ့ သော် လည်း ရှောင် သွား နိုင်စွမ်း ရှိ ရပါမည် ။ သို့ မှ သာ မွန်မြတ်သော ယောက်ျား ကောင်း ဖြစ်ပါမည် ။ အိုင် တွေ့ တိုင်း ခြေ ဆေး နေသော ယောက်ျား အား ယောက်ျား ကောင်း ယောက်ျား မြတ် မခေါ်နိုင်ပါ ။

“ မ .....” ၏ ခင်ပွန်း သည် မိသားစု အပေါ်  စိတ် တိုနေခြင်း ။ အလိုမကျ ဖြစ်နေခြင်း ။ ပျော်ပျော်ရွှင်ရွှင် ကြည်ကြည်လင်လင် မနေနိုင်ခြင်း များ သည် မလုပ်သင့်သော အလုပ် ( ပြစ်မှု ) ကို သူ လုပ်ထားမိသည့် အတွက် ကျူးလွန် ထားမိသည့် အတွက် သူ့ လုပ်ရပ် က သူ့ ပြန် ခြောက်လှန့် နေသောကြောင့် သူ့ ပျော်ရွှင်မှု များ ဆိတ်သုဉ်း ပျက်စီး နေခြင်း ဖြစ်ပါသည် ။

သူ ၏ “ ဖောက်ပြန်မှု ” ကို မိသားစု က ခွင့်လွှတ် နိုင်သော်လည်း ဘာသာတရား က ခွင့် မလွှတ်ပါ ။ မည်သည့် ဘာသာ က မှ ခွင့် မပြုပါ ။ မကောင်းမှု ကျူးလွန် ထား သူ အား သူ ၏ ပြစ်မှု က သူ့ ကို ဒဏ် တတ် ပါသည် ။ သူ လုပ်သည့် အစား သူ ရပါသည် ။ အကောင်း လုပ် လျှင် အကောင်း ရ ပါမည် ။ မကောင်း လုပ် လျှင် မကောင်း ရပါမည် ။

ဖောက်ပြန် သူ အတွက် စိတ် သောက ရောက် စရာသည် မလွဲမသွေ ကြုံ ရမည် ဖြစ် ပါသည် ။

ထို့ကြောင့် ...

“ မ …...” တို့ မိသားစု အနေဖြင့် အတတ်နိုင်ဆုံး ခွင့်လွတ် ထားပါ ။ သူ နောင်တ ရ လာ ပါ က ပျော်ရွှင်သော မိသားစု ဘဝ ပြန်လည် ရပါလိမ့်မည် ။

( ၁ ) သူ့ အား ပြိုင် ၍ မရွဲ့ပါနှင့် ။ သူ နေချင် သလို နေ သော် လည်း ကိုယ် က စည်းကမ်း နှင့် သာ နေပါ ။

( ၂ ) သူ့ ပျော်ရွှင်မှု ကို ဖျက်ဆီး သူ မှာ သူ ၏ ဒုစရိုက် ဖြစ်ပါသည် ။

( ၃ ) မိသားစုဝင် က ခွင့်လွှတ် သော်လည်း ဘာသာတရား နှင့် ဝန်းကျင် က ခွင့်မလွတ်ပါ ။ အိုင် တွေ့  ၍ ခြေ ဆေးသော အမှု သည် ခွင့်လွတ်ရန် ထိုက်သော အမှု မဟုတ်ပါ ။ မိန်းကလေး များ ကို သာ အိုင် အဖြစ် မရောက်ရန် သတိ ပေး လို၍ ရေး ခဲ့ခြင်းပါ ။ ယောက်ျား ကောင်း တစ်ယောက် သည် အိုင် တွေ့ လျှင် ရှောင်သွားနိုင်စွမ်း ရှိသော ယောက်ျား ဖြစ် ရပါမည် ။ သူ ၏ လုပ်ရပ် အား ရပ်တန့် ရန် ဒေါသ မပါဘဲ တရား ပြ ၍ ဖြောင့်ဖြ ပြောဆိုပါ ။

မကောင်းမှု ကို မကောင်းမှု ဖြင့် တုံ့ပြန်၍ မရပါ ။

မကောင်းမှု ကျူးလွန် သူ အား ထိန်းသိမ်း နိုင် မှ သာ ပျော်ရွှင်သော အိမ်ထောင်စု ထူထောင် ၍ ရပါမည် ။

•••••  ••••••  •••••••  •••••••

လေးလေး အဲသလို စာ ပြန် ခဲ့တယ် ။ ယောက်ျား ဆို တာ မရ ခင် မှာ တစ်ကမ္ဘာလုံး ရှိသမျှ မိန်းမတွေ ထဲ မယ် ကိုယ့် ရည်းစား ကို သာ လှတယ် ထင် ပေမယ့် ရ ပြီးတာ နဲ့ ကိုယ့် မိန်းမ က လွဲ ရင် တစ်ကမ္ဘာလုံး ရှိသမျှ မိန်းမတွေ ကို လှတယ် ထင် တတ် ကြတာကွယ့် ။

ငါ့ တူမ များ အိမ်ထောင်ရှင် ဘဝ ရောက်ရင် ကိုယ့် ခင်ပွန်း ကို အိမ်ထောင် တစ်ခု သာယာ ပျော်ရွှင်ရေး အတွက် “ သစ္စာ ရှိသော ယောက်ျား ” ဖြစ်ဖို့ လိုတယ် ဆိုတာ ကြို ပြော ထားပေရော့ ။

ငွေ တွေ ဘယ်လောက် ရှိ နေနေ သစ္စာ မရှိရင် အဲဒီ အိမ်ထောင် ဟာ မသာယာပါဘူး ။

◾ ကံချွန်

📖 အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ( ၃ )

#ကိုအောင်နိုင်ဦး

.

Sunday, November 6, 2022

သာသာယာယာ ပျော်ပျော်ရွှင်ရွှင် ဖြစ်ဖို့


 

❝ သာသာယာယာ ပျော်ပျော်ရွှင်ရွှင် ဖြစ်ဖို့ ❞

မိန်းကလေး တစ်ယောက် ဟာ ယောက်ျားလေး တစ်ယောက် နဲ့ အတူ အသက်ထက်ဆုံး အတူ နေဖို့ ဆုံးဖြတ် လက်ထပ် ပြီး အတူတူ နေ လိုက်ကြ ကာ မှ ပျော်ပျော်ရွှင်ရွှင် မနေရဘူး ဆိုရင် ဘယ် ဟုတ်ပါ့မလဲ ။

အိမ်ထောင်ရေး ရဲ့ ဒုက္ခ ဆို တာ မှာ နှစ်မျိုး ရှိတယ် ။ စိတ်ပိုင်း ဆိုင်ရာ ဒုက္ခနဲ့ ကိုယ်ကာယ ဆိုင်ရာ ဒုက္ခ ။ ဆင်းရဲ လို့ မပြည့်စုံ လို့ တွေ့ ရတဲ့ ဒုက္ခ က ကိုယ် ဒုက္ခ ။ ကိုယ် ဒုက္ခ ကို အခြေ ခံ ပြီး စိတ်ဒုက္ခ က လည်း ဖြစ် လာနိုင်တာပဲ ။ အဲ တစ်ခါတလေ မှာ ကိုယ်ဒုက္ခ မရောက်ဘဲ စိတ်ဒုက္ခ ရောက် ရတာမျိုး ရှိတယ် ။

မန္တလေးမြို့ ပေါ် က လက်ဖက်ရည်ဆိုင် တစ်ဆိုင် က ပဲ ဆိုပါတော့ ။ လေးလေး တို့ အမြဲ သွား ထိုင် နေတဲ့ ဆိုင် ပါ ။ ဆိုင်ရှင် နဲ့ ရင်းနှီးပါတယ် ။ လက်ဖက်ရည်ဆိုင် က လည်း ရောင်း ကောင်းတယ် ။ ရောင်း ကောင်း တဲ့ စံချိန် ကို ငါးဆင့် လောက် ခွဲ သတ်မှတ်မယ် ဆိုရင် ကို ပဲ နံပါတ်နှစ် နေရာလောက် ချိတ် တဲ့ ဆိုင်မျိုးပါ ။အလယ်အလတ် ထက် ကျော် တယ် ။

ဆိုင်ရှင် က အသက် လေးဆယ့်ငါးနှစ် လောက် ရှိပြီ ။ ကလေး သုံးယောက် ရှိတယ် ။ သူ့ မိန်းမ က တော့ နှစ်ဆယ့်ငါးနှစ် ဝန်းကျင် လောက် ပဲ ရှိ သေးတယ် ။ ဖြူဖြူသန့်သန့် ပါ ပဲ ။ အပျို လို့ မထင် ရပေမယ့် အလှ မပျက်သေးဘူး ။ ကိုယ်လုံးကိုယ်ပေါက် လည်း တောင့်တောင့် ပါ ပဲ ။ လေးလေး တို့ က ဆို သူ့ ကို အမြဲ စ , နေ ကျ ။ ခင်ဗျား ကံ ကောင်း တယ်ပေါ့ ။ ဘယ်လို လုပ် ပိုး ယူသလဲ ဆိုပြီး တော့ ။ သူ က တော့ မချိ ပြုံး ပဲ ။ သူ့ မျက်နှာ က ပျော်ရွှင် နေပုံ မရဘူး ။

ဒီလိုနဲ့ တစ်ရက် မှာ တော့ လေးလေး သူ့ ဆိုင် ထိုင် သတင်းစာ ဖတ် နေတုန်း သူ ရောက် လာပြီး လေးလေး ဘေး မှာ ထိုင်တယ် ။ ပြီးတော့

“ ဆရာတို့ က ကျွန်တော့် ကို ကံ ကောင်း တယ်လို့ ပြော လိုက်တိုင်း ကျွန်တော့် ရင်ထဲ အောင့်အောင့် သွားတယ် ဆရာ ”

“ ဗျာ - ဘာလို့လဲ ”

“ အဲဒါ ပြောချင်လို့ ။ ဆရာ့ ဆီ က အကြံဉာဏ် လည်း တောင်း ချင်လို့ ။ ဒီ အကြောင်း ကို ကျွန်တော် ဘယ်သူ့ မှ မပြောရဲဘူး ။ အမှန်အတိုင်း ပြော ရရင် လူ သိ မခံရဲတဲ့ ပြဿနာ ပါ ဆရာ ”

သူ က လေးလေးဘနဲ့ စကား ပြောရင်း ဘေး ကို လည်း လှည့် ကြည့် လိုက်သေးတယ် ။

“ စိတ်ချပြီး ပြောပါဗျာ ။ ကျွန်တော် အတတ်နိုင်ဆုံး ကူညီ နိုင်ဖို့ ကြိုးစားပါ့မယ် ”

“ ဒီလို ဆရာ ၊ ကျွန်တော့် မိန်းမ က နံပြားရိုက် ( ဖုတ် ) တဲ့ မုန့်ဆရာ နဲ့ ဖောက်ပြန် နေတယ် ။ ကျွန်တော် လက်ပူးလက်ကျပ် မိ တာ နှစ်ခါ ရှိပြီ ။ အရင် မုန့်ဆရာ ကို အလုပ် ထုတ် လိုက်ရတာလဲ ဒီလို ပြဿနာ ကြောင့် ပဲ ။ ကျွန်တော် တော်တော့် ကို ခေါင်း ခြောက် နေပြီ ”

“ အိမ်ထောင်သက် ဘယ်လောက် ရှိပြီ လဲ ”

“ ခုနစ်နှစ် ”

“ ခုလို ပြဿနာ ဖြစ်တာ ”

“ ဒီနှစ် ထဲ ကျ မှ ”

“ ဒီဆိုင် ဖွင့်တာ က ”

“ သုံးနှစ် ရှိပြီ ။ စီးပွားလေး တက် လာလို့ အလုပ် ဖိ လုပ်မယ် ဆိုပြီး ကျွန်တော် ရှေ့ က ရှာဖွေ နေရတာ မောမော သွား တာပဲ ဆရာ ၊ နောက်ပိုင်း က စိတ် မချရတော့ ”

“ ဆိုင် က ဘယ်အချိန် ထိ ဖွင့် တာလဲ ”

“ ည ဆယ့်တစ်နာရီ ။ သိမ်းတာ ပြုတာ နဲ့ မနက် အတွက် ပြင်ဆင် ရတာနဲ့ ဆယ့်နှစ်နာရီ တော့ ရောက် သွားတာပဲ ။ မနက် ကျ တော့ လေးနာရီ လောက် တစ်ခါ ပြန် ထ ရတယ် ။ ဒါမှ ဈေးသွား ဈေးသည်တွေ အချိန်မီ ထ ရတာပေါ့ ”

“ ခင်ဗျား အိပ်ချိန် က ”

“ နေ့လယ်ပိုင်း ခဏ တစ်ဖြုတ် ပေါ့ ။ အလုပ်သမား ကို တော့ နှစ်ဆိုင်း ခွဲ ထားရတာပေါ့ ။ မနက် အစော က ကလေးတွေ က နေ့ တစ်နာရီ ၊ နေ့ ဝင်တဲ့ ကလေးတွေ က ည ဆိုင်ပိတ် ထိ ”

“ ဆိုင် ပိတ်ရက် ကော ရှိသလား ”

“ အလုပ် ဖြစ် တုန်း ရှာ ရတာ ဆရာ ရယ် ”

“ ခင်ဗျား ပြဿနာ အဲဒါပဲ ”

“ ဗျာ ”

“ ညပိုင်း ကို စော ပိတ်လို့ ရ ရင် ပိတ် ။ ပြီးတော့ နားရက် ထား လိုက်ပါ ။ တနင်္ဂနွေ ဖြစ်ဖြစ် ဥပုသ် ဖြစ်ဖြစ် နေ့ဝက် ပိတ် တာမျိုး ”

“ ဘာဆိုင်လို့လဲ ဆရာ ”

“ လင်ရယ် မယားရယ် ဖြစ်ပြီး ကာ မှ လင် နဲ့ မယား ကြည်ကြည်နူးနူး နေ ရတဲ့ အချိန် မှ မရှိဘဲ ။ ခင်ဗျား ခင်ဗျား မိန်းမ ကို ယုယုယယ ကြင်ကြင်နာနာ ဆက်ဆံ တဲ့ အချိန်များ ရှိ သလား ”

“ ရပြီး မှ လို သေးလို့လား ဆရာ ”

“ လို လို့ ယုယကြင်နာတဲ့ လူ ရှာ တာပေါ့ဗျ ”

အဲဒီ လူ ဟာ အတော်ကြာကြာ စဉ်းစားတယ် ။ ပြီးတော့မှ ကျွန်တော် သဘော ပေါက် ပါပြီလို့ ဝန်ခံတယ် ။ ဒီ ဖြစ်ရပ် ကို ကောက်ချက် ချ ကြည့် ရရင် ...

လင် နဲ့ မယား အိမ်ထောင်သက် ကြာ လာတဲ့ အခါမှာ အပြန်အလှန် ဂရုစိုက် မှု ။ ယုယကြင်နာမှု နည်း လာ တတ်တယ် ။ နည်း လာတော့ မဖြစ်သင့်တဲ့ ပြဿနာတွေ ဖြစ် ကုန်ရော ။

မိန်းမ က ပဲ ဖောက်ပြန်သည် ဖြစ်စေ ။

ယောက်ျား က ပဲ ဖောက်ပြန်သည်ဖြစ်စေ ။

ပြဿနာ နု တုန်း မှာ အိမ်ထောင် မပြိုကွဲခင် ဖြေရှင်းဖို့ နည်းလမ်း စဉ်းစား သင့်ပါတယ် ။ မိန်းမ တစ်ယောက် အနေ နဲ့ နည်းမှန် လမ်းမှန် စိတ် ထွက်ပေါက် မရှာ တတ်ရင် စာရိတ္တ ကို ထိပါးတဲ့ နာမည်ပျက် နည်း မျိုး နဲ့ ရင်ဆိုင် ရ ရော ။

ဒီတော့ ..

ငါ့တူမများ အိမ်ထောင် ကျ လာရင် ...

အိမ်ထောင် တစ်ခု သာသာယာယာ ပျော်ပျော်ရွှင်ရွှင် တည်ဆောက် နိုင် ဖို့ အပြန်အလှန် ဂရုစိုက်ချိန် စိတ်လက် ပေါ့ ပေါ့ပါးပါး နဲ့ ကြည်ကြည်နူးနူး မိသားစု နေချိန် ..

ဥပမာ .. ညနေ လမ်း လျှောက် တာမျိုး ။ ညပိုင်း ဗွီဒီယို ၊ ရုပ်ရှင် အတူ ကြည့် ကြတာမျိုး ။

နေ့စဉ် မဟုတ် တောင် ၁၀ ရက် တစ်ကြိမ် လောက် အနည်းဆုံး တစ်လ တစ်ကြိမ် လောက် မိသားစုနေ့ ဆို တာ ရှိ သင့် ပါတယ် ။

တချို့ ယောက်ျားတွေ ဟာ အိမ်ထောင် ကျ ပြီး တာ နဲ့ ငွေ ရှာ ပေး နိုင်ရင် အိမ်ထောင်ရေး တာဝန် ကျေပြီ လို့ ထင် ပြီး မိသားစု အတွက် အချိန် ပေး ဖို့ မေ့ သွားတတ်တယ် ကွယ့် ။ အဲသလို အခါ နည်းမှန် လမ်းမှန် နဲ့ ဖြေရှင်း တတ်ပါစေ ။ နည်းမှား  လမ်းမှား မလိုက် မိကြပါစေနဲ့ ။

◾ ကံချွန်

📖 အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ( ၃ )

#ကိုအောင်နိုင်ဦး

.

Saturday, November 5, 2022

တစ်ပင် ထူ ဖို့ အခက်သား



❝ တစ်ပင် ထူ ဖို့ အခက်သား ❞

မြန်မာ စကား ရှိပါတယ် ။ တစ်ပင် လဲ မူ တစ်ပင် ထူ တဲ့ ။ မိန်းကလေး တစ်ယောက် အရွယ် ကောင်း တုန်း မှာ လင်သား ဆုံးပါး သွားရင် နောက် အိမ်ထောင် ပြုဖို့ တိုက်တွန်း ထား တဲ့ စကား ပဲ ။

အဲဒီ တိုက်တွန်း စကား ဟာ ကိုယ့်အား ကိုယ်ကိုး ကိုယ့် ခြေထောက် ပေါ် ကိုယ် ရပ်တည် နိုင် တဲ့ အစွမ်းအစ ရှိ တဲ့ မိန်းမ အတွက် တော့ မဟုတ်ပါဘူး ။ ကိုယ့် မှာ ရှာနိုင် ဖွေနိုင် တဲ့ အစွမ်းအစ လည်း ရှိမယ် ။ ကလေး လည်း ရှိမယ် ဆို ရင် တော့ ကိုယ့် သားသမီး ကို မြေတောင် မြှောက် ပေး ရင်း ကလေး တွေ လူလား မြောက် သည် ထိ အိမ်ထောင် မပြုတော့ဘဲ နေ သွားတဲ့ မိခင်တွေ အများကြီး ရှိ ပါတယ် ။ အဲ ... သားသမီး ရှိသည် ဖြစ်စေ ၊ မရှိသည် ဖြစ်စေ ကိုယ့် မှာ အစွမ်းအစ မရှိလို့ က တော့ အရွယ် ငယ် တုန်း မှာ မုဆိုးမ ဖြစ်ပြီ ဆို ရင် နောက် အိမ်ထောင် ပြု တာ အကောင်းဆုံး ပဲ ။ အန္တရာယ် ကင်း တာပေါ့ ။

လေးလေး တို့ မြန်မာ လူမျိုးများ တစ်ပင် မလဲ ဘဲ နောက် တစ်ပင် ထူ ဖို့ လူမှုရေး က ခွင့် မပြုဘူး ။ မိန်းမ တစ်ယောက် ဟာ ယောက်ျား နှစ်ယောက် ယူ လို့ မရဘူး ။ ပထမ အိမ်ထောင် ဟာ ကိုယ့် အပေါ်  လုံးဝ ဆိုးသွမ်း နေရင် ။ လင့် ဝတ္တရား မကျေရင် ပြတ်ပြတ်သားသား ဖြစ်အောင် ပထမ ကွာရှင်း ပြီး နောက် အိမ်ထောင် ပြု ဖို့ စိတ်ကူး ။ အဲသလို ပဲ ရမယ် ။

လေးလေး ဘာလို့ ဒါတွေ ရေး နေ ရသလဲ ဆိုတော့ လေးလေး ဆီ ကို နိုင်ငံခြား က စာ တစ်စောင် ရောက် လာတယ် ။ အဲဒီ စာ က

••••  ••••  ••••  ••••

ဆရာကံချွန်

ကျွန်မ စာ ရေး လိုက်ပါတယ် ။ နားလည်ရ ခက်တဲ့ ယောက်ျား အကြောင်း ပွင့်ပွင့်လင်းလင်း ပဲ အကြံဉာဏ် တောင်း ပါရစေ ။ ကျွန်မ အမျိုးသား က ကွမ်း - ဆေး - အရက် - ဖဲ လောင်းကစား အသောက်အစား မရှိပါ ။ ဒါပေမယ့် မိန်းမ ကိစ္စ နဲ့ ပတ်သက် လာ ရင် သိပ် ရှုပ်ပါတယ် ။ သူ ရှုပ်တာ ကျွန်မ  သိ ပါတယ် ။ ခွင့်လွှတ်ပြီး ပေါင်းသင်း လာတာပါ ။အိမ်ထောင် သက် ဆယ်နှစ် ကျော် ပါပြီ ။

လက်ရှိ အခြေအနေ မှာ သူ ဟာ ကျွန်မ ဝင်ငွေ နဲ့ ထိုင် စား နေ ရတာပါ ။ သူ ငွေ အရမ်း ဖြုန်း ပါတယ် ။ ဒါပေမယ့် ကျွန်မ သည်းခံ ပါတယ် ။ သူ ရှာ ကျွေး တုန်း က တော့ ကျွန်မ ကို တိုင်းထွာပြီး ပေး ခဲ့တာပါ ။ သူ က မနက် လင်း တာ နဲ့ ကျွန်မ အတွက် စားဖို့ သောက်ဖို့ တော့ ပြင်ဆင် ပေးပါရဲ့။ ကျွန်မ ဘယ် သွားမလဲ ။ ဘယ်အချိန် ပြန် လာမလဲ ဆိုတာ မျိုး လုံးဝ မမေးပါဘူး ။ ယုံကြည် စိတ်ချတာ ၊ လွတ်လပ်ခွင့် ပေးတာ နဲ့ မတူဘဲ ဥပေက္ခာ ပြု ထား သလိုလို ၊ ဂရု မစိုက်တာ လိုလို ။ ယနေ့ အထိ ဘယ် သွားသလဲ တစ်ခွန်း မမေးပါ ။ သူ နဲ့ ကျွန်မ နဲ့ ရတုန်း က လည်း ကြိုက် ရင် လာတောင်း ဆို ပြော လိုက် တော့ သူ့ မိဘ နဲ့ လာတောင်း လို့ ညား ခဲ့ ကြတာပါ ။ သူ့ ကို တော့ ကျွန်မ ယနေ့ အထိ ချစ် မရပါ ။ ဒါပေမယ့် သစ္စာ ရှိခဲ့ပါတယ် ။ ခက်တာ က သံယောဇဉ် မတွယ် ဘူး ဖြစ် နေတယ် ။ ရှေ့ ဆက်ပြီး အတူ နေလို့ ဖြစ် ပါဦးမလား ။ ကျွန်မ ဘယ်လို ဆုံးဖြတ်ရမလဲ ။ အကြံဉာဏ် ပေးပါဦး ။

နောက် တစ်ချက် က ..

ဒီ လူ့ မှာ အိမ်ထောင် ရှိတယ် ။ သူ ကျွန်မ ကို ချစ်ရေး ဆိုတယ် ။ ၅ - နှစ် လောက် ရှိပြီ ။ သူ့ မှာ လည်း အိမ်ထောင် ရှိပါတယ် ။ ဒါဟာ သူ့ အိမ်ထောင် အပေါ် သစ္စာ ဖောက်တာပဲ ။ ပြီးတော့ သူများ မယား ကို ပြစ်မှား တာ ပဲ ဆိုပြီး အဆက်အသွယ် မလုပ်တော့ပါ ။ ယခု တစ်ခါ ပြန် တွေ့တော့ ထပ်ပြီး ချစ်ရေး ဆို ပါတယ် ။ ကျွန်မ သူ နဲ့ တစ်နေ့ ချိန်း တွေ့ပါတယ် ။ အခန်း ထဲ မှာ နှစ်ယောက် တည်း ပါ ။ ကျွန်မ လွတ်လပ်သူ မဟုတ်ဘူး ။ မဖောက်ပြန်ချင်ဘူး လို့ ပြော လိုက်တယ် ။ သူ ကျွန်မ ကို နမ်းတောင် မနမ်းပါဘူး ။ သူ က တကယ် ချစ်တာပါ လို့ ပြောတယ် ။ ကျွန်မ နဲ့ ရရင် အေးအေးဆေးဆေး ပုံမှန် စီးပွားရေးမျိုးလေး ပဲ လုပ်ပြီး နေချင်တယ် လို့ ပြော ပါတယ် ။

ကျွန်မ စဉ်းစားရ ခက် နေပါတယ် ။ အဲဒီ လူ ဟာ ကျွန်မ အတွက် တကယ် အားကိုးထိုက်တဲ့ သူ များ ဖြစ် နေမလား လို့ ။ ခက် တာ က သူ လည်း လွတ်လပ်သူ မဟုတ်ဘူး ။

ဆရာကံချွန် ကျွန်မ ကို အကြံဉာဏ် ပေးပါဦး ။

••••  •••• ••••  ••••

စာ က အဲဒါပါပဲ ။

ဒီ ပြဿနာမျိုး ကို လည်း ငါ့ တူမများ သိ ထားသင့်တယ် ထင် လို့ ရေး ပြ လိုက်ရတာပါ ။ နှစ်နှစ်ကာကာ မချစ် ဘဲ မဆိုးပါဘူး ငြင်း ရ လောက်အောင် အပြစ် မရှိပါဘူး ဆိုပြီး ခပ်ပေါ့ပေါ့ ထူထောင် လိုက်ရော ။ အဲသလို အိမ်ထောင် တစ်ခု ထူထောင် ပြီး တော့ လည်း အရင် က မချစ် ပေ မယ့် ကိုယ့် လင်ယောက်ျား ဖြစ် လာပြီ ဆိုပြီး ချစ် နိုင်အောင် မကြိုးစားတော့ ။ ကြိုးစား မရတော့ အချစ် မပါ တဲ့ အိမ်ထောင်ရေး ဖြစ် ရော ။ အချစ် မပါတော့ သံယောဇဉ် ဆို တာ လည်း မပါတော့ဘူး ။ စိတ်ပျက် ငြီးငွေ့စရာ အိမ်ထောင်ရေးကြီး ဖြစ်လို့ လာ တာပေါ့ ။

အဲဒီ ပထမ ခံစားမှု အကျိုးဆက် ကြောင့် ဒုတိယ အကြောင်း က ဖြစ် လာရတာပဲ ။ စိတ် ရဲ့ သာယာမှု အတွက် ထွက်ပေါက် ရှာ တာပဲ ။ ဒီ ပြဿနာ နှစ်ခု မှာ ပထမ တစ်ခု ကို ပြီးပြတ် အောင် ရှင်း ။ ဒုတိယ ခြေလှမ်း ကို စဉ်းစား ပြီး မှ လှမ်း ၊ ပထမ ကိစ္စ ပြီးပြတ် မှ လှမ်းသင့် မလှမ်းသင့် ဆုံးဖြတ် ။ မဆုံးဖြတ် ခင် မှာ အလေးအနက် စဉ်းစား ရ မှာ က သူ့ ဘက် မှာ ဖြစ်ဖြစ် ကိုယ့်ဘက် မှာ ဖြစ်ဖြစ် ကလေး တွေ ရှိ နေတယ် ဆိုရင် ....

အဲဒီ ကလေးတွေ ရဲ့ဘဝ ကို မိထွေး နဲ့ ဒါမှ မဟုတ် ပထွေး နဲ့  ကြီးပြင်း စေမလား ။ သူတို့ အတွက် ဘယ်လောက် သဘောထား ကြီးပြီး ဘယ်လောက် ခွင့်လွတ် နိုင်မလဲ ။ နှစ်ဖက် စလုံး က အပြန်အလှန် သားရင်း သမီးရင်း တွေ လို သဘော ထား နိုင်မလား ။ ကိုယ် က သဘော ထား နိုင် တော့ ရော ကလေးတွေ က မိရင်း ဖရင်း လို သဘော ထား နိုင်ပါ့မလား ။

အများကြီး စဉ်းစားရမယ် ။

အကောင်းဆုံး က တော့ ပထမ အိမ်ထောင် နဲ့ ကွာရှင်း ပြတ်စဲ ပြီးရင် ကို ပဲ နောက် အိမ်ထောင် ပြုမယ် ဆိုရင် လုံးဝ လွတ်လွတ်လပ်လပ် လူမျိုး ပဲ ဖြစ် သင့်တယ် ။

လေးလေး အဲဒီ စာ ကို ဖတ်ပြီး ငါ့ တူမများ ကို ထပ်ပြီး သတိ ပေး ချင်တာလေး ရှိ လာတယ် ။

အဲဒါကတော့ အိမ်ထောင် တစ်ခု မှာ လင် က ဖြစ်စေ ။ မယား က ဖြစ်စေ စည်း မစောင့်ရင် ။ ဖောက်ပြန် ရင် ။ သစ္စာ မရှိ ရင် တူသော အကျိုး ပေးတယ် ဆိုတာပဲ ။ ယောက်ျား ဖြစ် သူ က ပွေတော့ ရှုပ်တော့ ကိုယ့် မိန်းမ ကို ရည်းစား စကား လာ ပြောတဲ့ လူ ပေါ် လာတာပေါ့ ။

ငါ့ တူမများ အိမ်ထောင် ကျ တဲ့ အခါ ကြို ပြော ထားပေရော့ ။

“ ရှင် နော် …. ရှင် ... ဟိုလိုလို ဒီလိုလိုတော့ မရှုပ်ချင်ပါနဲ့ ။ ကိုယ်ချင်းစာပါ ၊ တွေးကြည့်ပါ ။ ရှင် က သူများတွေ ကို လိုက် ရှုပ်နေရင် ကျုပ် ကို တခြား ယောက်ျား တစ်ယောက် ယောက်က လာ ရှုပ်နေပါ့မယ် ” လို့ ။ တချို့ ယောက်ျား က ဖွင့် ပြော မှ သိတာ ။

ဝဋ် ဆို တာ နောက်ကျော မှာ ကပ် ပါ လာ တတ်တာ ကို မေ့ နေကြတယ် ။ မိန်းကလေး ဆို တာ ကိုယ့် ယောက်ျား ကိုယ် ကြိုကြိုတင်တင် ထိန်း ထား နိုင် ရင် အကောင်းဆုံးပဲ ။

တစ်ယောက် မကောင်း တစ်ယောက် ပြောင်း ဖို့ ဆိုတာ လွယ်တာ မဟုတ်ဘူး ။ တစ်ပင် မလဲ ဘဲ တစ်ပင် ထူ ဖို့ အခက်သား ။

◾ ကံချွန်

📖 အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ( ၃ )

#ကိုအောင်နိုင်ဦး

.

 

Thursday, November 3, 2022

နှစ်ကောင် ကျွေး သုံးကောင် စား



❝ နှစ်ကောင် ကျွေး သုံးကောင် စား ❞

နှစ်ကောင် ကျွေး သုံးကောင် စား ဆိုတဲ့ စကား ကို နည်းနည်းတော့ ရှင်းပြချင်တယ် ။ ဒါ ဆယ့်နှစ်ကောင် ကျား ကစား တဲ့ ဆီ မှာ သုံးတဲ့စကား ကွယ့် ။ နှစ်ယောက် ပြိုင်တဲ့ ဆီ မှာ ကိုယ် နဲ့ ယှဉ်ဖက် က သူ့ ကျားကောင် ကို ထိုးကျွေး ။ တစ်ကောင် ကျွေး လိုက် ။ နောက် တစ်ကောင် ကျွေး လိုက် နဲ့ သူ လိုချင်တဲ့ အကွက် ထဲ လည်း ဝင် ရော ကိုယ့် ကျားသုံးကောင် ဒိုင်း ... ဒိုင်း ဒိုင်း... ဆို ပြန် စားတဲ့ ပြီး တစ်ခါတည်း ကင်း ဝင်သွားရော ။ ကင်း ဝင်တယ် ဆိုတာ ကိုယ့် ဘက် က နောက်ဆုံး အကွက် ထိ သူ့ ကျား ရောက် လာတာ ။ အဲဒီတော့ အဲဒီ ကျား ကို ကျားကြီး သတ်မှတ် ပေး ရရော ။ အဲသလို သတ်မှတ် လိုက်တော့ အဲဒီ ကျားကြီး က ကစားကွက် ပေါ် မှာ ကွက်ပြည့် ရှေ့ နောက် ကြိုက်သလို ရွှေ့ခွင့် ရှိသွားရော ။

ဒီတော့ ကျားသမားများ က ပြောတယ် ။ နှစ်ကောင် ဆင့် ကျွေး ပြီ ဆို ကတည်း က သုံးကောင် ပြန် စားပြီး ကင်း ဝင် တော့ မယ် ဆိုတာ သိ ပေရော့တဲ့ ။

ဘယ့်နှယ် ယောက်ျားတွေ အကြောင်း ပြောပါ ဆိုမှ ကစား တဲ့ ကျား အကြောင်း ပြော နေပါလိမ့်လို့ မထင်နဲ့ကွယ် ။ ယောက်ျားတွေ ဆီ မှာ အဲဒီလို ကစား တဲ့ ဉာဏ်မျိုး ရှိ နေလို့ ကစား တဲ့ အကြောင်း ပထမ ပြောရတာ ။

သမီးရည်းစား ဘဝ  မှာပဲ ဖြစ်ဖြစ်

အိမ်ထောင်သည် ဘဝ ရောက် မှ ပဲ ဖြစ်ဖြစ်

ကိုယ့် ချစ်သူ က - ကိုယ့် ခင်ပွန်း က လိုအပ်တာ ထက် ပိုပြီး ထူးထူးခြားခြား သဘော တွေ ကောင်း လာ ပြီ ဆိုရင် အခွင့်အရေး တွေ ပေး လာပြီ ဆိုရင် သူ ဟာ မရိုးသားတော့ဘူး ။ ငါ့ တူမ တို့ ခွင့် မလွှတ်နိုင်တာ ။ မကြိုက်တာ တစ်ခု ခု တော့ ကျူးလွန် ထားလို့ပဲ ။

နှစ်ကောင် ဆင့် ကျွေး ပြီ ဆိုမှတော့

သုံးကောင် ပြန် စားပြီး ကင်း ဝင် ဖို့ အစီအစဉ် ရှိလို့ပဲ ။

လေးလေး ဆီ လာ တဲ့ စာ တစ်စောင် ဖော်ပြ ချင်တယ် ။

••••••  •••••••  •••••••  ••••••

ဆရာဦးကံချွန် ရှင့်

ကျွန်မ ဟာ ဆရာ ရဲ့ အပျိုစင်တို့ သိဖို့ ယောက်ျားတို့ အကြောင်း စာအုပ် ကို ဖတ် ရပါတယ် ။ ကျွန်မ ယောက်ျား လို ယောက်ျားမျိုး အကြောင်း မပါသေး လို့ ဒီ စာ ကို ရေး လိုက်ရတာပါ ။

ကျွန်မ ရဲ့ ယောက်ျား က ကျွန်မ ကို ဘုရားဖူး လိုက်ခွင့် ပြုပါတယ် ။ တန်ခိုးကြီး ဘုရားတွေ လှည့် ဖူးမယ့် ကား နဲ့ ပါ ။ သူ နဲ့ ရတာ ငါးနှစ် ရှိပါပြီ ။ ဟိုးအရင် နှစ် က ဘုရားဖူး လိုက် ချင်လို့ ပြောဖူးတယ် ။ ခွင့် မပြုဘူး ။ ဒီ နှစ် မှ ခွင့်ပြုတာပါ ။ သူ က အိမ်စောင့် ဆိုပြီး နေရစ် ခဲ့ပါတယ် ။ ဆယ်ရက် ကြာ ပါတယ် ။

ပြန်လာတော့ ကျွန်မ က အမှတ်တရ ရိုက်လာတဲ့ ဓာတ်ပုံတွေ ထုတ် ပြပါတယ် ။ ဘုရားဖူး တစ်ဖွဲ့လုံး ကား ရှေ့မှာ စု ရပ်ပြီး အမှတ်တရ ရိုက် တဲ့ ဓာတ်ပုံ ထဲ မှာ ကျွန်မတို့ အရပ် ထဲ က ကောင်လေး တစ်ယောက် က ကျွန်မ ဘေး မှာ ရပ်လျက်သား ဖြစ် နေပါတယ် ။ ဘာရယ်လို့ မဟုတ်ပါဘူး ။ ကြုံသလို နေရာ ယူကြတာကိုး ။

ကျွန်မ ယောက်ျား က အဲဒါကို အကြောင်း ပြပြီး မပြီးနိုင် မစီးနိုင် ဆူ ပါတယ် ။ အပြစ်ကြီး တစ်ခု လို မကြာခဏ ပြော ပါတယ် ။ ဘာမှ မဟုတ်ပါဘူး ဆိုတာ ဘယ်လို မှ ရှင်းပြလို့ လက် မခံပါဘူး ။ အဲဒီ ဓာတ်ပုံ ကို လည်း ဆွဲ ဆုတ် ပြီးပါပြီ ။ ကျွန်မ က အဲဒီ ကောင်လေး ကိုခေါ်ပြီး မျက်နှာချင်း ဆိုင် ရှင်းပြမယ် ဆိုတော့လဲ ။

“ ဟို က မင်း ကို ခဏ သာယာမှု ရှာတာပဲကွ ၊ မင်း အအို ဆိုတာ သိ နေတဲ့ဟာ ။ အလကား ဟုတ်တယ် ပြောပါ့မလား ။ ငါ မင်း ကို ဆူနေတာက မင်း ဖောက်ပြန် တတ်တဲ့ အကျင့် ကို ဆူ နေတာ ”

ဆိုပြီး မတရား တစ်ဖက်သတ် ပြောပါတယ် ။ ပြီးတော့ အိမ် က ပါ ထွက် ထွက် သွား တတ်ပါတယ် ။ မူး လာလိုက် ။ ဆူလိုက် အိမ် က ထွက် သွားလိုက် ။ ပြန် လာပြီး သုံသုံမှုန်မှုန် နဲ့ နေလိုက် ။ နှစ်ရက် သုံးရက် နေပြီး တစ်ခါ ။ နှစ်ရက် သုံးရက် ထွက် သွား လိုက်နဲ့ ။

တစ်လ လောက် နေ မှ သူ ဟာ မိန်းမငယ် တစ်ယောက် ထပ် ယူ ထားမှန်း သိ ရပါတယ် ။ ခုတော့ အိမ် ကို ပြန် မလာတော့ပါဘူး ။  အရပ် ထဲ မှာ တော့ ကျွန်မ ကို ဖောက်ပြန် လို့ ထား ပစ် ခဲ့တာ ဆိုပြီး သတင်း လွှင့်ပါတယ် ။ နောက် မှ ထပ် သိရတာက ခု ယူထားတဲ့ ကောင်မလေး နဲ့ ဖြစ် နေတာ ကြာပြီ ။ ကျွန်မ ကို ဘုရားဖူး မလွှတ် ခင် ကတည်း က လို့ သိရပါတယ် ။

အဲဒီ ယောက်ျားမျိုး အကြောင်း လည်း ရေး ပါဦးရှင့် ။

••••••  •••••  •••••  •••••

အဲဒီလို စာ ရေးလိုက်တဲ့ စာ ကို ဖတ်မိလို့ ဒီ အကြောင်း ရေး ပြ ရတာပါ ။

ဒါဟာ ကစားသမား ရဲ့ ဉာဏ်မျိုး နဲ့ လူမှုရေး ကလိန် ကျတာပေါ့ ။ ကိုယ့် အမှား ကို သူ့ အမှား ဖြစ်အောင် ပါးနပ်စွာ လုပ်တာပေါ့ ။ အဲဒီလို ယောက်ျားမျိုး တွေ ဟာ လောင်းကစား ကို ဝါသနာ ပါ တတ်တာ များတယ် ။ ငါ့ တူမများ သတိ ထားပါ ။

မိန်းမ တွေ အသုံးအစွဲ ကြီးရင် ယောက်ျား ရှာ ရသမျှ အဖတ် မတင်ဘူး ။ အိတ် ပေါက် နဲ့ ဖား ကောက် ရသလိုပဲ ဆိုပြီး ပြောကြတယ် ။ လောင်းကစားသမား လင် တော် မိရင်တော့ အိတ် ပေါက် ပါ ပေါင် ကစား ပစ် တတ်တယ် ။

ယောက်ျား တစ်ယောက် ဟာ ကိုယ့် မိန်းမ ကို အလွန်အကျွံ ဂရု စိုက် ပြပြီ ဆိုရင် သူ့ မှာ အပြစ် တစ်ခု ခု ရှိ နေပြီ ဆိုတာ ကြို သိပါ ။ လေ့လာပါ ။ ငါ့ ယောက်ျား သဘော ကောင်း လာပြီ ၊ လိမ္မာ လာပြီ လို့တော့ မထင် လေ နဲ့ ။

နှစ်ကောင် ကျွေး ပြီး သုံးကောင် စား သွားလိမ့်မယ် ။

◾ ကံချွန်

📖 အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ( ၃ )

#ကိုအောင်နိုင်ဦး

.

 

Wednesday, November 2, 2022

မမိုက်ပေမယ့် မှားတတ်တယ်




 

❝ မမိုက်ပေမယ့် မှားတတ်တယ် ❞

ယောက်ျား တိုင်း စိတ် မချရဘူးလား ဆို ရင် မဟုတ်ပါဘူး လို့ ဖြေ ရမှာပဲ ။ အဲသလိုပဲ ယောက်ျား တိုင်း စိတ် ချရသလား ဆိုရင် လည်း မဟုတ်ပါဘူး ဘဲ ဖြေ ရမှာပဲ ။ ဘာလို့လဲ ဆိုတော့ စိတ် ချရတဲ့ ယောက်ျား တွေ ရှိ သလို စိတ် မချရတဲ့ ယောက်ျားတွေ လည်း ရှိ နေလို့ပါ ။

အန္တရာယ် ဖြစ်နိုင်တဲ့ အကြောင်း က စိုးရိမ်ဖို့ မလိုလို့ ရေး မပြတာပါ ။ အန္တရာယ် ဖြစ်နိုင်တဲ့ အကြောင်း သာ ကြိုတင် ကာကွယ်နိုင် ဖို့ ရေး ပြ ရတာပါ ။ လေးလေး ရေး ပြသမျှ ယောက်ျား တွေ မကောင်း ကြောင်း ချည်းပဲ လို့ ထင်မှာ စိုး လို့ပါ ။

လေးလေး ဆီ လာတဲ့ အိမ်ထောင်ရှင် အမျိုးသမီး တစ်ဦး ရဲ့ စာ ဟာ လည်း စိတ်ဝင်စား ဖို့ ကောင်းပါတယ် ။ ငါ့ တူမများ ကြို သိ ထားသင့်တဲ့ ပြဿနာမျိုး ပဲ ။

ဆရာ

ကျွန်မ ရဲ့ စာ ကို ဘယ်သူ မှ မပြပါနဲ့ ။ တကယ်လို့ များ စာအုပ် ထဲ မှာ ပြန် ရေးမယ် ဆိုရင် နာမည် တွေ နေရပ်လိပ်စာ တွေ လွှဲ ရေးပေးပါ ။

ကျွန်မ ယောက်ျား ဟာ အလွန် ရိုးပါ အေးပါ တယ် ။ ဒါကြောင့် ကျွန်မ ယုံယုံကြည်ကြည် ရှိ ခဲ့တာပါ ။ စီးပွားရေး မှာ ပါ ကျွန်မ ပဲ ဦးဆောင် ရတာပါ ။ ကျွန်မ တို့ က လူကြီးချင်း ပေးစား လို့ ညား ခဲ့တာပါ ။ အိမ်ထောင်သက် ဆယ်နှစ် ကျော် ပါပြီ ။ ပြီးခဲ့တဲ့ လ ထဲ က တော့ အသက် ဆယ့်ရှစ်နှစ် သာ ရှိသေးတဲ့ ကျွန်မ ရဲ့ ညီမ အငယ်ဆုံးလေး ကို ခိုး ပြေး ပါတယ် ။

သူ တို့ ဘယ် မှာ နေတယ် ဆိုတာ သိ ပါတယ် ။ ကျွန်မ မှာ ပြန် ခေါ်ရ အခက် ။ ဒီ အတိုင်း နေရ အခက် ။ အပေါင်းအသင်းတွေ ကြား မှာ လည်း မျက်နှာ မပြရဲ ဖြစ် နေပါတယ် ။ သူ က စီးပွားရေး မှ ဟုတ်တိပတ်တိ မလုပ် တတ်တော့ ခု နှစ်ယောက် လုံး ဒုက္ခ ရောက်နေတယ် လို့ သိ ရတယ် ။

ကျွန်မ အမေ က မျက်စိ မမြင်ပါ ။ သူ့ သမီးလေး ကို ခွင့်လွှတ်ပါ ။ ပစ် မထားပါ နဲ့ လို့ ပြော နေပါတယ် ။

••••  ••••••  ••••••  •••••••

စာ က အဲဒါပဲ ။ အဓိက ကျ တာ က ပေါ့လေ ။

လေးလေး သူ့ စာ ကို ဖတ်ပြီး အတော် စိတ် မကောင်း ဖြစ် မိပါတယ် ။ တကယ် ကို ဦးနှောက် ခြောက် ပြီး ဘာ လုပ်ရမှန်း မသိ ဖြစ် နေမှန်း စာ ဖတ် ကြည့်ရုံ နဲ့ သိ နေလို့ပဲ ။ သူ့ စာ မှာ “ ဒေါသ ” သံ မပါဘူး ။ ခွင့်လွှတ် ထား တယ် ။ လက်တွေ့ ခွင့်လွှတ် ဖို့ ကျ တော့ ခက် နေ ပြန်ရော ။

ထားပါတော့ သူ့ ပြဿနာ ။

ငါ့ တူမများ ရော အခြား အိမ်ထောင်ရှင်များ ပါ အဲသလို ပြဿနာမျိုး မကြုံရအောင် လေးလေး နည်းနည်း သတိ ပေး ချင်လာတယ် ။ ကိုယ် မှာ ညီမ ရှိပြီ ဆိုရင် ဘယ်လောက်ပဲ ရိုး ရိုး အနေ နီး လို့ အခွင့် သာ ရင် ဖောက်ပြန် မိ တတ်တယ် ။ မမိုက် ပေ မယ့် မှား မိ တတ်တယ် ။ မထင်မှတ်တဲ့ အချိန် မှာ မမျှော်လင့် တာ တွေ ဖြစ် သွားတတ်တယ် ။

ဒါကြောင့် ငါ့ တူမများ ရော အိမ်ထောင်ရှင် အမျိုးသမီးများ ကို ပါ လေးလေး သတိ ပေး ချင်ပါတယ် ။ ကိုယ့် မှာ ညီမတွေ ရှိ ရင် ကိုယ့် ချစ်သူ နဲ့ ကိုယ့် ယောက်ျား နဲ့ ရင်းနှီး နေသော် ငြား လည်း ရောရောနှောနှော  နေခွင့် မပေးပါနဲ့ ။ အပြန်အလှန် လေးစားမှု နဲ့ နေ ရမယ့် အနေအထား မျိုး သာ ခွင့်ပြု ထား သင့်ပါတယ် ။

ယောက်ျား ဆို တာ မမိုက် ပေ မယ့် မှား တတ်တယ် ။

◾ ကံချွန်

📖 အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ( ၃ )

#ကိုအောင်နိုင်ဦး

.

Tuesday, November 1, 2022

ဒီလိုပါ



 

❝ ဒီလိုပါ ❞

အပျိုစင် တို့ အနေ နဲ့

အို မှ သိ ရ မယ့် ယောက်ျားတွေ အကြောင်း ကို မအို ခင် ကတည်း က ကြို သိ ထားရရင် မကောင်းဘူးလား ။ ရှောင်သင့် တာ ရှောင်လို့ ရမယ် ။ တိမ်းသင့် တာ တိမ်းလို့ ရမယ်။ သာယာ တဲ့ အိမ်ထောင်စု တစ်ခု တည်ဆောက် ဖို့ အတွက် အချက် အလက် တိုးတာပေါ့ ။

အို ပြီးသား အမျိုးသမီး တွေ အတွက် တော့ အချိန်မီ တားသင့်တာ ရှိ တားလို့ ရ တာပေါ့ ။ ဆင်ခြင် သင့်တာ ရှိ ဆင်ခြင် လို့ ရတာပေါ့ ။

အသက် တစ်ရာ မနေရ ။ အမှု တစ်ရာ တွေ့ ရ။ ဆိုတဲ့ စကား မှာ ယောက်ျား နဲ့ မိန်းမ ကြောင့် ဖြစ်ရတဲ့ အမှု က ကိုးဆယ် လောက် တော့ ရှိမယ် ထင်တယ် ။ အမေ နဲ့ သမီး ပဲ ရန် ဖြစ်ဖြစ် ၊ ညီအစ်မ ချင်း ပဲ ရန် ဖြစ်ဖြစ် ၊ ယောက်မ နဲ့ ပဲ ရန် ဖြစ်ဖြစ် ဖြစ်ရတဲ့ အကြောင်းရင်း မှာ ယောက်ျား ကိစ္စ က တော့ အနည်း နဲ့ အများ ပါ မှာပဲ ။ မှားတာ မှန်တာ အပ ထား ။ ယောက်ျား ကို အခြေ ခံ တဲ့ ပြဿနာတွေ များပါတယ် ။ ဒီလိုပဲ ၊ ယောက်ျား ချင်း ရန် ဖြစ်ပြီ ဆိုရင်လည်း “ မ ” ကိစ္စ တော့ ပါတာပဲ ။

ယောက်ျား ... မိန်းမ ..... ဆို တာ ဆက်နွယ်ပတ်သက် မှု မရှိတဲ့ အမှု က တော်တော် နည်း ပါ တယ် ။

လေးလေး ခါးပိုက်နှိုက် တစ်ယောက် ကို မေး ကြည့်တယ် ။ ဘာလို့ အမှု ကျူးလွန် ရ တာလဲ လို့ ။ သူ ဖြေ တာ က ရှင်းရှင်း လေး ။

“ မိန်းမ ကို ကောင်းကောင်း ထား ချင်လို့ ၊ ဘာ ပညာ မှ မတတ် တော့ ကောင်းကောင်းမွန်မွန် လုပ်ပြီး ဝင်ငွေ ရအောင် မရှာ တတ် လို့ ” တဲ့ ။

အပေါ်ယံ ကြည့် ရင်တော့ ခါးပိုက်နှိုက် တာ မှာ ယောက်ျား  မိန်းမ ဆိုတာ ပတ်သက် စရာ မရှိ သလိုပဲ ။

ဒီတော့ ..

ယောက်ျား နဲ့ မိန်းမ ဆိုတာ မပတ်သက်ချင် လို့ မရဘူး ။ ပတ်သက်ရပြီ ဟေ့ ဆိုရင်လည်း ငါ့ တူမများ စိတ် အနှောင့်အယှက် မဖြစ်ရတဲ့ နည်း နဲ့ ကြည်ကြည်နူးနူး ပျော်ပျော်ရွှင်ရွှင် ပတ်သက် ရ လေအောင် ။

အိုပြီး တွေ့ ရနိုင်တဲ့ “ အမှု ” တွေ အကြောင်း

ကြိုပြီး သိ ထားရလေအောင် ....

◾ ကံချွန်

📖 အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ( ၃ )

#ကိုအောင်နိုင်ဦး

.

Monday, October 31, 2022

သိသင့်တာတွေ ထဲ က သိသင့် သမျှ


 

❝  သိသင့်တာတွေ ထဲ က သိသင့် သမျှ ❞

လေးလေး ခု ရေး ပြ ခဲ့တာတွေ က သိသင့်တာတွေ ထဲ က သိသင့်သမျှ တွေ ပါ ။ နောက်ထပ် သိသင့် တာ တွေ အများကြီး ကျန် ပါသေးတယ် ။ လေးလေး ရေး ပြ တာတွေထက် မြင့် တာ တွေရော ၊ နိမ့် တာ တွေရော ရှိပါသေးတယ် ။ ပရိသတ် အားလုံး အတွက် သင့်လျော် အံဝင်မယ် ထင်တဲ့ အချက်အလက်တွေ ကို သာ ရေး ပြ လိုက်တာပါ ။

ခု ရေး ပြ သလောက် ကို ပဲ တကယ် လိုက်နာရင် ၊ ကျင့်သုံးမယ် ဆို ရင် ငါ့ တူမများ ဘဝ တိုးတက် မှာ သေချာပါတယ် ။ မိန်းကလေး တစ်ယောက် ဘဝ လုံခြုံ တိုးတက် ဖို့ အတွက် ယောက်ျားတွေ အကြောင်း သိဖို့ လို သလို ယောက်ျားလေး တွေ ရဲ့ လေးစားခြင်း ခံ ရတဲ့ မိန်းကလေး ဖြစ် ဖို့ လည်း လို ပါတယ် ။ ဒါကြောင့် သိသင့်သမျှ တွေ ကို ရေး ပြ လိုက်ရတာပါ ။

မိဘ မောင် အစ်ကို အစ်မ ဦးလေး တွေ စောင့်ရှောက် တာ ထက် ကိုယ့် ကိုယ် ကို စောင့်ရှောက် တာ ဟာ အလုံခြုံဆုံး ပါ ပဲ ။ အဲသလို စောင့်ရှောက် ဖို့ အတွက် အသိ ဉာဏ် ရှိ ရပါမယ် ။ သင့် ၏ မသင့် ၏ ၊ မှား ၏ မှန် ၏ ဝေဖန် ပိုင်းခြား နိုင်စွမ်း ရှိရပါမယ် ။

ခု လေးလေး ရေးပြ ပြီး သလောက် ကို ဖတ် ပြီးရင် အတိုင်းအတာ တစ်ခု ထိ တော့ အသိ တိုး သွားလိမ့်မယ် လို့ ယုံကြည်ပါတယ် ။

ကဲ နောက် တစ်ခန်း ဆက် ဖတ်လိုက်ကြပါဦး ။

◾ ကံချွန်

📖 အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ( ၃ )

#ကိုအောင်နိုင်ဦး

.

Friday, October 28, 2022

အသိ



 

❝ အသိ ❞

မရှိ တာ ထက် မသိ တာ ခက် သတဲ့ ။

သိအောင် ဘယ်လို လုပ်ရမလဲ ဆိုရင် “ စာဖတ် ” လို့ ပဲ လွယ်လွယ် ပြောကြတာပေါ့ ။ စာ ထဲ မှာ က “ ဘ၀ ” အတွက် အသိ ပေး တာ ထက် “ အလှ ” အတွက် အသိ ပေး တာတွေပဲ များ နေတယ် ။ မျက်ခုံးမွေး ဘယ်လို ဆွဲ ၊ နှုတ်ခမ်းနီ ဘယ့်နှယ် ဆိုး ၊ ဒီ အပေါ်ဝတ် အင်္ကျီမျိုး က သုံးထောင် ၊ ဘယ်ဆိုင် မှာ ရတယ် ။ ဟို ဖိနပ်မျိုး က လေးထောင် ၊ အဲဒါလေး လဲ လှတာပဲ ဆိုတဲ့ အသိမျိုးတွေ ပေးတာပဲ များ ပါတယ် ။ ဒီတော့ ငါ့ တူမများ အတွက် “ အလှ ” နဲ့ ပတ်သက်တဲ့ အသိ ကို လေးလေး ရေး မပြတော့ဘူး ။ ရေး ပြ ရ ရင်လည်း ငါ့ တူမများ က လေးလေး ကို “ မာမီချွန် ” လို့ ထင် ဦးမယ် ။

ငါ့ တူမများ အတွက် ဘဝ နဲ့ ပတ်သက် တဲ့ အသိ ပဲ ရေး ပြ ပါတော့မယ် ။

ဘဝ နဲ့ ပတ်သက်တဲ့ အသိ ကို ဘဝ နဲ့ ရင်းနှီး ယူခဲ့တာတွေ ရှိတယ် ။ တစ်ခါတလေ မှာ သုံးလေးနှစ် နေ မှ အသိလေး တစ်ခု ပဲ ရ တတ်တယ် ။ အဲဒီ အသိမျိုး က တစ်သက်တာ တန်ဖိုး မဖြတ်နိုင်တဲ့ အသိမျိုး ဖြစ် သွားရော ။ လေးလေး မှာ ဘဝ နဲ့ ရင်းနှီးပြီး သိ လိုက် ရတာမျိုး ငါ့ တူမများ မှာ သိချင် မှ သိမယ် ။ ဘာလို့လဲ ဆိုတော့ လေးလေး ရဲ့ဘဝ နဲ့ ငါ့ တူမများ ရဲ့ ဘဝ က တူချင် မှ တူ မှာကိုး ။ တစ်ခါတလေ တော့ လည်း သူများ တစ်ယောက် ယောက် ဘဝ နဲ့ ရင်းနှီး ယူ လိုက် ရတဲ့ အဖြစ်အပျက် ကို ကိုယ် က မရင်းနှီး ရ ဘဲ အချောင် သိ လိုက်ရတာ မျိုး လည်း ရှိ တတ်တယ် ။ မြင် တတ်ရင်ပေါ့ ။ တစ်ခါတလေ တော့ အခြား စာရေးဆရာ တစ်ဦး ဦး ရေး ပြ ထားတဲ့ သူ့ ရဲ အသိ ကို ကိုယ် က ဖတ် ကြည့်ပြီး တစ်ထိုင် တည်း နဲ့ အလွတ် ရ တတ်တာမျိုးလည်း ရှိတယ် ။စာ ထဲ က ပေးတဲ့ အသိ ကို တော့ ယူတတ်မှ ။ စာအုပ် ဖတ် သွားပြီး စာအုပ် ထဲ က အသိ စာအုပ် ထဲ ပြန် ထား ခဲ့ရင်တော့ မျက်စိ ညောင်းတာ ပဲ အဖတ် တင်မယ် ။

ငါ့ တူမများ မျက်စိ ညောင်း တာပဲ အဖတ် တင်တယ် ဆိုတဲ့ အဖြစ်မျိုးတော့ မရောက်ပါစေနဲ့ ။

လေးလေး ဘဝ နဲ့ ရင်းနှီးပြီး သိခဲ့ရတာတွေ ထဲ က တစ်ခု ပြောပြ ချင်တယ် ။ လေးလေး ကာတွန်း ရေးသက် သုံးလေးနှစ် လောက် အရ မှာပေါ့ ။ ခုနစ်ဆယ် ခုနစ် ဝန်းကျင် က ထင်ပါရဲ့။

ဟံသာဝတီ သတင်းစာ မှာ လေးလေး ရဲ့ ကာတွန်းတွေ ဆောင်းပါးတွေ ပါ လာတိုင်း စာဖတ်သူတွေ က “ ကောင်းတယ်ကွာ ” လို့ ပြော နေတဲ့ အချိန် ။ ကောင်းတယ်ကွာ ကောင်းတယ်ကွာ ဆိုတဲ့ အသံတွေ က လေးလေး ရဲ့ နားစည် မှာ “ အင်ပါယာ ” က “ ဒရမ်မာဝေထွန်း လက်စွမ်း ပြ နေသလို ” ထိ ရိုက်နေတာ ။

အဲဒီတုန်း က အောက်ခြေ လွတ်တယ် ဆိုတဲ့ စကားဟာ တင်စားတာ မို့ ပေါ့ ကွာ ။ ကိုယ့် ကိုယ် ကို အထင်ကြီး နေတိုင်း ဘဝင်မြင့် နေတိုင်း မြေကြီး နဲ့ ခြေထောက် တကယ် လွတ် ရမယ်ဆို ရင် လေးလေး မိုးပျံ နေ မှာ သေချာတယ် ။ အဲဒီတုန်းက လူ က သာ မိုး မပျံတာ ။ စိတ် ကတော့ တိမ် ကပ် နေတာ အမှန် ။

လေးလေး ရဲ့ ဘဝင် လေဟပ် ပြီး တိမ် ကပ်နေတဲ့ စိတ် ကို ပြုတ်ကျ လာအောင် လုပ်ပေးခဲ့ သူ က ဆရာကြီး ဦးဆန်းထွန်း ပဲ ။ တစ်ရက် မှာ လေးလေး သတင်းစာတိုက် ကို ကာတွန်း သွား ပို့ရင်း ဆရာကြီး နဲ့ ဆုံ မိတယ် ။ ဆရာကြီး က သတင်းထောက် စားပွဲ မှာ ထိုင် နေတာ ။ လေးလေး ကို မြင်တော့ လက်ယပ် ခေါ်ပြီး ...

“ ကျုပ် ကိုကံချွန်လေး နဲ့ ဆုံတာ အဆင်ပြေ သွားတယ် ”

“ ဆရာကြီး ဘာ ခိုင်းချင်လို့လဲ ”

“ ခိုင်းစရာ မရှိပါဘူး ၊ ကိုကံချွန်လေး ကို စကား နည်းနည်း ပြောစရာ ရှိလို့ပါ ”

ဒီတော့ ဘေးနား ဝင် ရတာပေါ့ ။ ဆရာကြီး က စကား မပြောခင် သူ့ ခေါင်း သူ လက် နဲ့ ပွတ် လိုက်သေးတယ် ။ အဲဒါ ဆရာကြီး ရဲ့ အကျင့် ပဲ ။ ပြီးတော့ မှ ....

“ ထုံးဖို ကို ရောက်ဖူးတယ် မဟုတ်လား ”

“ ဟုတ်ကဲ့ ၊ သွားရင်း လာရင်း တော့ ဖြတ်သွား ဖူး ပါတယ် ”

“ ဖြတ်သွား တဲ့ လမ်းဘေး မှာ ထိုးထိုးထောင်ထောင် နဲ့ ကျောက်တောင်ကြီးတွေ ကို သတိထား မိ ရဲ့ လား ”

“ ဟုတ်ကဲ့ ၊ ထားမိပါတယ် ”

“ အဲဒီမှာ ဘာတွေ လုပ် နေတာ တွေ့သလဲ ”

“ မိုင်း နဲ့ ခွဲပြီး ကျောက်တွေ ထုတ်လုပ် နေတာပဲ ရှိတယ် ”

“ အင်း ... ဟုတ်တယ် ”

ဆရာကြီး က ခပ်ပြုံးပြုံး နဲ့ ခေါင်း ကို ပွတ်ရင်း လေးလေး ကို ကြည့် နေတယ် ။ ပြီးတော့ မှ -

“ အဲဒီ ကျောက်တွေ ဘယ် မှာ သုံးသလဲ ၊ ကိုကံချွန်လေး ”

“ လမ်း ခင်း တာ ပဲ ဆရာကြီး ”

“ အဲဒါ သင်ခန်းစာပဲ ဗျ ၊ ထောင်ထောင် ထောင်ထောင် လုပ်ရင် ခြေနင်း ဖတ် ဖြစ် သွားတတ်တယ် ”

ဆရာကြီး ရဲ့ စကား လည်း ဆုံးရော လေးလေး ခန္ဓာကိုယ် ထဲ က သွေးလည်ပတ်နှုန်း ဟာ ပြောင်းသွား ပုံ ရတယ် ။ ဖျမ်းကနဲ ကြက်သီးတွေ ထ သွားမိတယ် ။ လေးလေး ရဲ့ တိမ် ကပ် နေတဲ့ စိတ် ဟာ ပြုတ်ကျ တာ မှ ရိုးရိုး ပြုတ်ကျတာ မဟုတ်ဘူး ။ ဆောင့် ဆွဲချတာ ခံ လိုက်ရသလိုပါပဲ ။

“ အနေအထိုင် အပြောအဆို ထောင်ထောင် ထောင်ထောင် လုပ်မိတာ ငါ မှားပြီ ”

ဆိုတဲ့ အသိ ဟာ ဦးနှောက် ရဲ့ သွေးကြောတွေ ထဲ ထိ စိမ့်ဝင် သွားတာ ။ တစ်ထိုင်တည်း မှာ နောင်တ ရပြီး ဆရာကြီး ကို မျက်နှာငယ် နဲ့ ပြန် ကြည့်မိတယ် ။ အဲဒီတော့ ဆရာကြီး က .....

“ ကိုကံချွန်လေး မိုးကုတ် ကို ရော ရောက်ဖူးသလား ”

“ မရောက်ဖူးဘူး ဆရာကြီး ”

“ ရောက်တဲ့ အခါ ကျောက်တွင်း တွေ ကို လေ့လာ ကြည့်စမ်းပါ ၊ တချို့ ကျောက်တွင်းတွေ ဟာ ပေ နှစ်ရာ သုံးရာ နက်တယ် ။ အောက် ရောက် မှ ဘေး ကို လိုဏ်ခေါင်း ဖောက်ဝင်သွားတဲ့ တွင်းတွေ လည်း ရှိတယ် ။ တူးရင်း တွင်း ပြိုလို့ အသက် ဆုံးရှုံးရတဲ့ လူတွေ တောင် ရှိတယ် ။ သူတို့ ဆီ က တော့ “ တွင်းလည်တယ် ” ခေါ်တယ် ။ ဘာလို့ အသက် နဲ့ ရင်းပြီး တူး နေကြတာလဲ ဆိုရင် ပတ္တမြား လို ချင် လို့ ၊ ကိုကံချွန်လေး သေသေချာချာ နားထောင် နော် ။ ပတ္တမြား ဆို တာ တန်ဖိုး ရှိတယ် ။ တန်ဖိုး ရှိတဲ့ ကျောက် ကို တော့ မြေအောက် ဘယ်လောက် ရောက် နေနေ လူတွေ က ရှာဖွေ တူးဖော် ယူပြီး ကလပ် ပေါ် တင်ကြတာပါ ။ လူ ဆိုတာ ကိုယ့် ကိုယ် ကို တန်ဖိုး ရှိအောင် ပဲ ကြိုးစား ။ အလိုလို ကလပ် ပေါ် ရောက် သွားမှာပါ ။ ထောင်ထောင် ထောင်ထောင် လုပ်နေဖို့ မလိုပါဘူး ” တဲ့ ။

အဲဒီ စကားတွေ ဟာ လေးလေး အတွက် တစ်သက်တာ အသိတွေ ပဲ ။ လောကကြီး မှာ ဘယ်လို နေထိုင်သင့်တယ် ။ ဘယ်လို မနေသင့်ဘူး ဆိုတဲ့ အသိ ကို သုံးလေးနှစ် ထောင်ထောင် ထောင်ထောင် လုပ် မိပြီး မှ ရ လိုက်တာပါ ။ လမ်းခင်း မခံရတာ ကံ ကောင်းလို့ ။

ကဲ .....

လေးလေး ရဲ့ ဘဝပေး အသိ ကို ငါ့ တူမများ အတွက် လက်ဆင့် ကမ်း လိုက်ပါပြီ ။

အနေအထိုင် တတ်ကြပါစေ ။

ကြိုးစား ဖြစ်ကြပါစေ ။

တိုးတက်ကြပါစေ ။

◾ ကံချွန်

📖 အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ( ၃ )

#ကိုအောင်နိုင်ဦး

.

Thursday, October 20, 2022

အကာ နဲ့ အနှစ်



 ❝ အကာ နဲ့ အနှစ် ❞

လေးလေး တို့ ဟာ အကာ ကို လွှင့်ပစ်ပြီး အနှစ် ကို တန်ဖိုး ထားခဲ့ကြတယ် ။ သက်တမ်း တစ်လျှောက်လုံး ဆိုပါစို့ ။ အသုံး တည့်တာ က လည်း အနှစ် ကိုး ၊ လေးလေး တို့ က စပါး ကို အခွံ ချွတ် ပြီး ဆန် ကို စား ခဲ့ကြတယ် ။ ကြက်ဥ အခွံ ကို လွှင့်ပစ်ပြီး အနှစ် ကို စားခဲ့ကြတယ် ။ ငှက်ပျောသီး စားမလား ။ လိမ္မော်သီး စားမလား ။ ဒီလိုပါပဲ ။ အခွံ ကို ဖယ်ပြီး အသား ကို ယူ ခဲ့ကြတာ ။ ဒီတော့ စိတ် ထဲ မယ် အကာ ဆိုတာ ဘာမှ တန်ဖိုး မရှိဘူး ။ အနှစ် က သာ အဓိက ကျတယ် လို့ စွဲ နေရော ။ အဲဒီ အစွဲကြီး က အယူအဆ တစ်ခု လို ဖြစ်သွားတယ် ဆိုပါတော့ ။

အယူအဆ တစ်ခု မှား လိုက်ရင် အလွန် ကြောက်စရာ ကောင်းတဲ့ အကျိုးဆက် တွေ ဖြစ် ကုန်တာ ကွယ့် ။

လေးလေး ရဲ့ ကိုယ်တွေ့ ဖြစ်ရပ် တစ်ခု ပြော ပြချင်တယ် ။ လေးလေး တို့ အသက် နှစ်ဆယ် ဝန်းကျင် က ခေါင်းလောင်းဘောင်းဘီ နဲ့ ဆံရှည် ဟာ ခေတ်စား လာခဲ့တဲ့ အချိန် ပေါ့ ။ ချည်ရောင်စုံတွေ ၊ ပုတီးစေ့ ရောင်စုံတွေ ဆွဲပြီး လက်ကောက် လည်း ဝတ် လိုက်သေးတယ် ။ မိန်းကလေး တွေ မဟုတ်ဘူး ။ ယောက်ျားလေး တွေ ။

အဲဒီ အချိန် မှာ လေးလေး က ကာတွန်း ရေး တဲ့ ဆောင်းပါး ရေး တဲ့ အလုပ် လုပ် နေပြီ ။ ဟံသာဝတီ ကြေးမုံ ဗိုလ်တထောင် စတဲ့ သတင်းစာတွေ ၊ အိုးဝေ ၊ ရှုထောင့် ၊ သတင်းဂျာနယ် ၊ မိုးဝေ ၊ သဘင် စတဲ့ မဂ္ဂဇင်း တွေ ။ အဲဒီတုန်းက ဆံရှည် နဲ့ ခေါင်းလောင်းဘောင်းဘီ ဆိုတာ “ လမ်းသရဲ ” ရဲ့ သင်္ကေတ လို ဖြစ်နေတာ ။ လေးလေး တို့ ကာတွန်း ရေး ရင်လည်း “ လမ်းသရဲ ” ပုံဆို အဲသလို ပဲ ရေး ကြတာ ။

အဲသလို ရေးရင်း ရေးရင်း ဘယ်လို ဖြစ်လာသလဲ ဆိုတော့ လမ်းသရဲ အမူအကျင့် တွေ ကို မကြိုက်ပေမယ့် အဲဒီ ဝတ်စားဆင်ယင်မှု ကို တော့ ကြိုက် မိ လာတယ် ။ ခေတ် ရေစီးကြောင်း တစ်ချိုး တစ်ကွေ့ ရဲ့ အပြောင်းအလဲ ကိုး ။

လေးလေး က လည်း လူငယ် ပဲ မဟုတ်လား ။ “ ဆံရှည် ” ကို “ ဆိုးသွမ်းမှုသင်္ကေတ ” လို့ မမြင်တော့ဘူး ။ ဖက်ရှင် တစ်ခု လို့ ပဲ မြင် လာတယ် ။ ဆံပင်ရှည်ရှည် တိုတို လုံးဝ မပါဘဲ နေနေ ဆိုး ချင်တဲ့ လူ က ဆိုး မှာပဲပေါ့ ။ ဆိုးသွမ်းတာ နဲ့ ဆံပင် ရှည်တာ မဆိုင်ဘူး ပေါ့ ။ ဆိုးသွမ်းလို့ ဆို ကတုံးရိတ် ခံရတဲ့ လူငယ်တွေ ဆက် နေတာပြည့်လို့ ။ တစ်ရပ်ကွက် လုံး စိတ် ဆင်းရဲအောင် လုပ် နေတဲ့ သမလူကြီး ဟာ ဆံရှည် မဟုတ်ဘူး ။ အများ ကို စိတ် အနှောင့်အယှက် ဖြစ်အောင် လုပ်ရင် ဆံရှည်ရှည် တိုတို လက် မခံသင့်ဘူး ။ အဲသလိုပဲ အများ ကို စိတ် ဆင်းရဲအောင် မလုပ်ရင် ဆံရှည်ရှည် တိုတို မဆန့်ကျင်ဘူး ။ ဆံပင် ရှည်ခြင်း တိုခြင်း ဟာ အကာ သာ ဖြစ်တယ် ။ အပေါ်ယံ ကိစ္စ ဖြစ်တယ် ။ အသိဉာဏ် အမူအကျင့် သာ အနှစ်သာရ ဖြစ်တယ် ဆိုပြီး ထင် လာတယ် ။ ထင် လာရာ က နေ အယူအဆ တစ်ရပ် လို့ ယုံကြည် လာမိတယ် ။

အဲဒီလို ယုံကြည်လာ ရာ ကနေ ဘယ်လို ထိ ဖြစ်လာသလဲ ဆိုရင် …

“ ကျွန်တော် တို့ ဟာ အကာ နဲ့ အနှစ် ကို ခွဲပြီး မြင်ကြဖို့ လိုပါ ပြီ ။ အကာ က အဓိက ကျသလား ၊ အနှစ် က အဓိက ကျသလား ။ ဘယ်သူ မှ ကြက်ဥ ကို အနှစ် လွှင့်ပစ်ပြီး အကာ ကြော်စား နေကြတာ မဟုတ်ပါဘူး ။ ဒီလိုပါပဲ ။ ဆံပင် ဆို တာ အကာပါ ။ အသိဉာဏ် အတွေးအခေါ် တွေ စုဆောင်း ထိန်းသိမ်း ထား တဲ့ ဦးနှောက် က သာ အနှစ် ဖြစ်ပါတယ် ။ ဒါကြောင့် ဆံပင် ရှည်ခြင်း ၊ တိုခြင်း ဟာ အဓိက မကျပါဘူး ။ အသိဉာဏ် ရှိဖို့သာ အဓိက ကျပါတယ် ။ အကာ ကိစ္စတွေ ကို အလုပ်ကြီး တစ်ခု လို လုပ်ပြီး ပြော မနေသင့်ပါဘူး ။ တန်ဖိုး ရှိတဲ့ အချိန် တွေ နှမြော ဖို့ ကောင်းပါတယ် ”

ဆိုတဲ့ အပြောမျိုး တွေ ကို တောင် စာပေဟောပြောပွဲ စင်မြင့် က နေ ပြောမိတဲ့ အထိ ဖြစ် လာရော ။ အဲဒီလို တွေ ပြော မိလာတော့ ဘယ်သူ နဲ့ ကြုံရသလဲ ဆိုရင် ခု ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဆရာကြီး ဦးဆန်းထွန်း ( ဆန်းထွန်း ၊ မန်းတက္ကသိုလ် ) နဲ့ အတူ စာပေဟောပြောပွဲ တွေ မှာ ကြုံ ရတယ် ။

တစ်ခါ

နှစ်ခါ

သုံးခါ ... ဆိုသလို

ခရီး အတူ သွား မိတော့ စာပေဟောပြောပွဲ က အပြန် မှာ ဆရာကြီး က -

“ ကိုကံချွန်လေး ကို ဆရာကြီး တစ်ခု မေးချင်လို့ ”

“ မေးပါ ဆရာကြီး ”

“ ကိုကံချွန်လေး ပြော ပြောနေတဲ့ အကာ နဲ့ အနှစ် ပြဿနာ မှာ ကိုကံချွန်လေး က အနှစ် က သာ အဓိက ၊ အကာ က အဓိက မကျဘူး လို့ ဆို လိုတာနော် ”

“ ဟုတ်ပါတယ် ဆရာကြီး ”

“ ကြက်ဥ အကာ ဟာ အသုံး မကျဘူး ၊ လိမ္မော်သီး အခွံ လွှင့် ပစ်ရတာပဲ ။ ထမင်း စား လို့ စပါးခွံ ပါလာ တောင် ကောက် ပစ်ရတာပဲ ။ ထမင်း ဟာ ဆန် ကို ချက်လို့ ရ တာပေမယ့် ၊ ဆန် ဟာ စပါး အခွံ ချွတ်ထားတာ ဖြစ်ပေမယ့် ဆန် က သာ အဓိက ကျတာပါ ။ စပါးခွံ က အဓိက မကျပါဘူး ။ အရေး မပါ ပါဘူး ။ အနှစ်သာရတွေ က သာ အသုံး ကျတယ် ၊ အရေး ပါတယ် ။ အဓိက ကျတယ် ။ အနှစ်သာရ ကို ပဲ အဓိက ကြည့် ရမယ် ..။ အဲသလို ပြော သွား တယ်နော် ”

“ ဟုတ်ပါတယ် ဆရာကြီး ”

“ ကဲ ကဲ - ကိုကံချွန်လေး ကို မေး တော့မယ် ။ အခွံ ချွတ် ထားတဲ့ ဆန် တွေ အပင် ပြန် စိုက်ချင်ရင် ရပါ ဦးမလား ၊ စပါးခွံ တွေ က အရေး မပါဘူး ဆို လို့ မေးတာပါ ”

ဆရာကြီး က အဲသလို မေး လိုက်တော့ လေးလေး ဘာ ပြန် ဖြေရမှန်း မသိဘူး ဖြစ် သွားတယ် ။ မိုး မိထားတဲ့ လင်းတ ဇက်ပိုး အရိုက် ခံ ထားရသလို ငေါင်စင်းစင်း နဲ့ ပေါ့ ။

“ အကာ ဟာ အဓိက မကျဘူး ဆို ပြီး ငှက်ပျောသီး ကို အခွံ နွှာပြီး ရောင်း ကြည့် ပါလား ။ ဘယ် နှစ်ရက် ထားလို့ ရမလဲ ။ စားမယ့် လူ ကရော အနှစ်ချည်း ပဲ ရောင်းတာ ဆိုပြီး ဝယ် ပါ့မလား ”

ဆရာကြီး အဲသလို မေး လိုက်တော့ မှ လေးလေး ဟာ ကိုယ့် အမှား ကိုယ် မြင် သွားတယ်ကွယ့် ။ အကာ နဲ့ အနှစ် ပြဿနာ မှာ လေးလေး က အမှန်တရား ကို ရှာဖွေတာ မဟုတ်ဘဲ ကိုယ် လိုရာ ဆွဲ တွေးပြီး ကိုယ် ဖြစ်စေချင်တာ အတွက် ဟုတ် သယောင်ယောင် ရှိတဲ့ အကိုးအကား တွေ ကို သာ ရှာဖွေ ပြောဆို နေမိခဲ့ပါလား လို့ အသိ ဝင် သွားတယ် ။

ဆရာကြီး က

“ မှတ်ထားကွယ့် ၊ အကာ မရှိဘဲ အနှစ် မတည်နိုင်ဘူး ”

လို့ ဆက် ပြောတယ် ။ လေးလေး ရဲ့ အတွေးအခေါ် ၊ အယူအဆ အမှား တစ်ခု ကို ဆရာကြီး ဟာ သိမ်သိမ်မွေ့မွေ့ လေး ပြုပြင် ပေး လိုက်တာပဲ ။ လေးလေး ဟာ အဲဒီ ကတည်း က “ အကာ ” ကိစ္စတွေ ကို အလေးအနက် ထား တတ် လာတယ် ။

ငါ့ တူမများ ကို လေးလေး သတိ ပေးချင်တယ် ။ လေးလေး ရဲ့ သတိပေး စကား ကို လက်ခံဖို့ သင့် မသင့် ဆုံးဖြတ်လို့ ရအောင် လေးလေး ရဲ့ ကိုယ်တွေ့ တစ်ခု ကို အရင် ပြော ပြလိုက်တာပါ ။

ငယ် တဲ့ အရွယ် မှာ အဓိက တွေ့ ရမှာက ဝတ်စားဆင်ယင်မှု ပြဿနာ ပဲ ။ ကိုယ် ဝတ် ချင် နေချင်တဲ့ ပုံစံ နဲ့ လူကြီးတွေ ရဲ့ အကြိုက် ဖြစ်စေချင် တာတွေ မှာ ကွဲလွဲ တတ်တာတွေ ရှိတယ် ။

လူ တစ်ယောက် ရဲ့ ဝတ်စားဆင်ယင်မှု ဟာ အဲဒီ လူ ရဲ့ အသိဉာဏ် ကို ထိန်းသိမ်း ထား တဲ့ အကာ ပဲ ။ ကိုယ် လုပ်ရမယ့် အလုပ် ကိုယ် နေရမယ့် ပတ်ဝန်းကျင် နဲ့ အံဝင်ခွင်ကျ ဖြစ်အောင် ဝတ်စား ဆင်ယင် တတ်ဖို့ လိုတယ် ။ အချိန်အခါ နဲ့ အခြေအနေ ကို သိ ရမယ် ။

တကယ် အသိဉာဏ် ရှိ လာပြီ ဆို ရင် ….

နေရာဒေသ

အချိန်အခါ

အခြေအနေနဲ့  ... နဲ့

လိုက်လျောညီထွေ ဖြစ်အောင် ဝတ် တတ်ပါတယ် ။ အဲသလို မဝတ်တတ်ဘူး ဆိုရင် သူ့ မှာ အသိဉာဏ် မရှိလို့ပဲ ။ ငါ့ တူမ များ စဉ်းစား ကြည့်ပါ ။ ဒီ ခရီး ဒီ ထီး နဲ့ တော်ရဲ့။ ဒီ လမ်း ဒီ ပန်း နဲ့ သင့် ရဲ့ ဆိုတဲ့ ရှေးစကား ဟာ ဝတ်စားဆင်ယင်မှု နဲ့ နေရာဒေသ အချိန်အခါ အခြေအနေ ကို ရွေးချယ် ဖို့ သတိ ပေးထားတဲ့ စကား ပဲ ။

အသိဉာဏ် အတွေးအခေါ် အနှစ်သာရ ရဲ့ အကာ ဟာ ဝတ်စားဆင်ယင်မှု ပဲ ။

◾ ကံချွန်

📖 အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ( ၃ )

#ကိုအောင်နိုင်ဦး

.

Wednesday, October 12, 2022

အဖြေ တစ်ခု ပုစ္ဆာ ရာထောင်





 

❝ အဖြေ တစ်ခု ပုစ္ဆာ ရာထောင် ❞

ပုစ္ဆာ သိလို့ အဖြေ ရှာ လိုက်ရတာ ထက် အဖြေ ကို တွေ့ နေရလို့ ပုစ္ဆာ ကို ပြန် ရှာ ရ တာ က ပိုပြီး ခက် ပါတယ် ။ လူ့ ဘဝ မှာ ဖြစ်ပျက်ကြုံဆုံ ရ တဲ့ ပြဿနာ တွေ ကို “ ဘာကြောင့် ” ဖြစ်ပါလိမ့် ဆို ပြီး ဖြစ် နေရတဲ့ အကြောင်း ရင်း ကို ပြန် ရှာပြီး မှ ဖြေရှင်း လို့ ရတာတွေ ရှိတယ် ။ အဲသလို ကြုံ နေရတာ ဟာ အဖြေ တစ်ခု ထွက် လာ ပြီး မှ ပုစ္ဆာ ကို ပြန် ရှာရတဲ့ သဘောပေါ့ ။

“ ဟော ဒီလိုတော့ ဖြစ်နေပြီ ၊ ဘယ်လို လုပ် ဖြစ် သွားပါလိမ့် ၊ ထင်တောင် မထင်ဘူး ။ အံ့ ကို ဩ ရော ” ဆိုတာမျိုး တွေပေါ့ ။

ငါ့ တူမ များ ရှင်းရှင်းလင်းလင်း  သိရအောင် လေးလေး ပြော ချင်တာကို တစ်ဆင့် ချင်း ရေးပြမယ် ။ ကဲ ... နှစ် နဲ့ နှစ် ပေါင်း ရင် ဘယ်လောက် လဲ လို့ မေး လိုက်ပါပြီ တဲ့ ။ ဒါ ပုစ္ဆာ ပဲ ။ အဖြေ က လေး ၊ ရှင်းရှင်း လေး ။ အလွန် လွယ်တာ ။ ကလေးတွေ ပြောနည်း ။ “ အီးဇီးဂိုးရင်း ” ပဲ ။

၂ + ၂ = ၄

အဲ အဖြေ က လေး ရ နေတယ် ။ ဘာလို့ လေး ရတာလဲ ဆိုပြီး ပုစ္ဆာ ကို ရှာရပြီ ဆိုရင် တော့ ခက် သွားပြီ ။ ရှုပ် သွားပြီ ။ အဖြေ ( လေး ) ထွက် နိုင်တဲ့ ပုစ္ဆာ တွေ က ရာ နဲ့ ထောင် နဲ့ ချီပြီး ရှိ နေတာ ။ လေးလေး ဆယ်မျိုး လောက် တော့ ရေး ပြမယ် ။

၄  = ၃ + ၁
၄  = ၅ - ၁
၄  = ၆ - ၂
၄  =၂၀ ÷ ၅
၄  = ၄ x ၁
၄  =   ၁၆/၄
၄ = ၁၀၀၀ - ၉၉၆
၄ = ( ၈၀ ÷ ၈ ) - ၆
၄ = ( ၈ x ၈ ) ÷ ၁၆
၄ = ၁၀ + ၅ - ၁၁

လေးလေး တို့ ဆက် တွေးရင် အဖြေ ( ၄ ) ရ နိုင်တဲ့ ပုစ္ဆာတွေ ထောင်ပေါင်း များ စွာ တွေ့ ရဦးမှာပဲ ။

လက်ရှိ တွေ့ နေရတဲ့ အဖြေ အတွက် အနီးစပ်ဆုံး မှန်ကန် နိုင်မယ့် ပုစ္ဆာ ကို စဉ်းစားဖို့ ဆိုတာ အတော် ခက်ပါတယ် ။ ထောင့် ပေါင်းစုံ က နေ ဖြစ်နိုင်ခြေ ရှိ တာတွေ ကို လှည့် တွေးပြီး ဖြစ်ရတဲ့ အကြောင်းရင်း မှန် ကို ရှာ ယူ ကြရတာပါ ။

အပေါင်းပုစ္ဆာ တွေ ကြား မှာ ရှိတဲ့ အဖြေ လား ။ ကိန်းတန်းရှင်း ပုစ္ဆာ တွေ ကြား မှာ ရှိတဲ့ အဖြေ လား ။ အပိုင်းဂဏန်း တွေ ကြား မှာ ရှိတဲ့ အဖြေ လား ။

အဲသလိုပါပဲ ။

လူမှုရေး ပြဿနာ တစ်ရပ် ကြုံ လိုက်ရပြီ ဆို တာနဲ့ အဲဒီ ပြဿနာ ဖြစ် ရတဲ့ အကြောင်းရင်း ကို စဉ်းစဉ်းစားစား ရှာဖွေ ကြရမယ် ။

ပတ်ဝန်းကျင် ကြောင့် ဖြစ် တာလား .....

အခြေအနေ အရ ဖြစ် တာလား ....

မမျှော်လင့်ဘဲ ဖြစ် တာလား ......

ဖြစ်ရတဲ့ အကြောင်းရင်း မှန် ကို အနီးစပ် ဆုံး မှန်ကန်အောင် စဉ်းစား ပြီး မှ အဲဒီ ပြဿနာ အပေါ်  ကောက်ချက် ချလို့ ရတယ် ။

လေးလေး ဘာလို့ ဒီ အကြောင်း ကို ရေးပြ နေရသလဲ ဆိုရင် ....

ယောက်ျားလေး တစ်ယောက် က ..

ဒါမှမဟုတ် ယောက်ျားကြီး တစ်ယောက် က ...

ကိုယ့် ကို ချစ်ရေး ဆိုလာရင် ဖြစ်ဖြစ် ၊ လူကြီးတွေ က တစ်ဆင့် ပြော လာရင် ဖြစ်ဖြစ် ဘာကြောင့် ကိုယ့် ကို ပိုင်ဆိုင် ဖို့ ကြိုးစား တာလဲ ဆိုတာ စဉ်းစား စေချင်လို့ပဲ ။

ကိုယ့် ရဲ့ ပညာ ကြောင့် လား ။

ကိုယ့် ရဲ့ လုပ်ရည်ကိုင်ရည် ငွေ ရှာနိုင်မှု ကြောင့် လား ။

ကိုယ့် ရဲ့ ရုပ်ရည် ကြောင့် လား ။

ကိုယ့် မိဘ ရဲ့ ဥစ္စာဓန ကို လား ။

ကိုယ့် ဘဝ ကို သနား လို့ လား ။

အကြောင်းရင်း တစ်ခု တော့ ရှိရမယ် ။ ချစ်ပါတယ် ဆိုတဲ့ အဖြေ အတွက် ဘာကြောင့် ချစ် ရသလဲ ဆိုတဲ့ ပုစ္ဆာ ကို အကြောင်းရင်း ကို မှန်မှန်ကန်ကန် အနီးစပ်ဆုံး ရအောင် ရှာ ရမယ် ။ ဒါမှ  ကိုယ့် ဘက် က သင့်တော်တဲ့ တုံ့ပြန်မှု ပေး နိုင်မှာပေါ့ ။

ငါ့ တူမ များ အရာရာ ကို စဉ်းစဉ်းစားစား ဆုံးဖြတ် စေချင်တဲ့ အလေ့အကျင့်  ရှိစေချင် လို့ ခုလို ရေးပြတာပါ ။ လွယ်လွယ် ပေါ့ပေါ့ ဆုံးဖြတ် ရင် အမှန် နဲ့ မနီးစပ် နိုင်ဘူး ။

ပြီးတော့ ...

စဉ်းစား တွေးခေါ် တဲ့ အလေ့အကျင့် ရှိ သွားရင် “ မအ ” တော့ဘူး ။ စဉ်းစား တွေးခေါ်တဲ့ အလေ့အကျင့် မရှိဘဲ အသက် တွေ ကြီးသွားမယ် ဆိုရင် ဟို လူ ပြော ယုံ ၊ ဒီ လူ ပြော ယုံ အသက်ကြီး ထိ ခပ်တုံးတုံး လူကြီး ဖြစ် သွား မှာပေါ့ ။

မိန်းကလေး တစ်ယောက် အနေ နဲ့ အ , ပြီ ဆိုရင် သူ့ အတွက် အန္တရာယ် ပို များတယ် ကွယ့် ။ ကြုံသမျှ ပြဿနာ ကို အားကိုး ရှာပြီး ဖြေရှင်းတော့ မှာ ကိုး ။ မိန်းကလေး တစ်ယောက် အနေ နဲ့ အားကိုး ရှာ ရင်း ....

“ ကျား ကြောက် လို့ ရှင်ကြီး ကိုး
ရှင်ကြီး ကျား ထက် ဆိုး ”

ဖြစ်တတ်တယ် ။

ဖြစ်နိုင်ခြေ ရှိတာတွေ ကို အမျိုးမျိုး တွေးတော စဉ်းစား တတ်တဲ့ အလေ့အကျင့် ရှိ ထားပြီ ဆိုရင် ဘယ်လို ပြဿနာမျိုး ပဲ ကြုံကြုံ ထောင့်စုံ က လေ့လာပြီး အမှန် နဲ့ အနီးစပ်ဆုံး အဖြေ ကို ထုတ် နိုင်မယ် ။

ကျောင်း တွေ မှာ သင်္ချာ သင် ပေး နေတာ ဟာ ဂဏန်း တွက် တတ်ရုံ လို့ မထင်လေ နဲ့ ကွယ့် ။ ကျောင်း က ထွက် လာပြီး လူ့ ဘဝ ကို ရင်ဆိုင် ရ တဲ့ အခါ မှာ ပါ ကြုံဆုံ လာရမယ့် ပြဿနာ တိုင်း စဉ်းစား တွေးခေါ် တတ်ဖို့ လေ့ကျင့် ပေး လိုက်တာပဲ ။ အဲဒီ အလေ့အကျင့် ကို ကိုယ့် ဘဝ အတွက် အသုံး ချတတ်ဖို့ လိုတယ် ။ သင်္ချာ မှာ သက်သေ ပြချက် ရှာ ရသလို လူ့ ဘဝ ပြဿနာ တွေ မှာ ဖြစ်နိုင်ခြေ ရှိတဲ့ အကြောင်းခြင်းရာ တွေ ရှာ ရတယ် ။

တစ်ခါတလေ မှာ ကမ္ဘာမြေကြီး ရဲ့ ဆွဲငင် အား အကြောင်း ကို သာ စဉ်းစား နေ ကြလို့ ကမ္ဘာမြေကြီး ရဲ့ တွန်းကန် အား အကြောင်း မေ့ နေတတ်တယ် ။ အလွန် မာကျော တဲ့ ကျောက်စရစ် ကုန်းမြေ မှာ ပေါက် လာတဲ့ မြက်ပင်လေး ကို စိတ်ဝင်စား ကြည့်စမ်းပါ ။ မာကျော တဲ့ ကျောက်စရစ် မြေ ကို ထိုးဖောက် ထွက် လာတဲ့ မြက်ပင်လေး ဟာ လက်မ လက်ညှိုး နဲ့ ညှပ် ပြီး ပွတ်ခြေ လိုက်ရုံနဲ့ အရေ ဖြစ် သွား လောက်အောင် နု ပါတယ် ။ အဲဒီလို နု တဲ့ မြက်ပင် ရဲ့ အညွှန့် လေး ဟာ မာကျော တဲ့ ကျောက်စရစ် မြေသား ကို ဘယ်လို ထိုးဖောက် ထွက် လာသလဲ ဆိုတာ မျိုး လဲ စဉ်းစား သင့်တာပေါ့ ။ ဒါ အဖြေ အတွက် ပုစ္စာ ရှာ ကြည့် တဲ့ သဘောပဲ ။

ငါ့ တူမများ ကို နိဂုံးချုပ် ပြော ရရင်တော့ ...

ဒီ အခန်း ကို ဖတ် ပြီးတာနဲ့ စဉ်းစား တွေးခေါ်  ပြီး မှ ဆုံးဖြတ် တတ်တဲ့ အလေ့အကျင့် ရသွားမယ် ဆိုရင် အတတ်နိုင် ဆုံး အမှား နည်း သွား ပါလိမ့်မည် ။

လူ ဆို တာ အမြဲ မမှန်နိုင်ပေမယ့် ...

လူ ဆိုတာ အမြဲ မမှား ဖို့တော့ လို တာပေါ့ ။

◾ ကံချွန်

📖 အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ( ၃ )

#ကိုအောင်နိုင်ဦး

Thursday, October 6, 2022

ကာလ ဧရိယာ


 

❝ ကာလ ဧရိယာ ❞

“ အချိန် ” နဲ့ ပတ်သက်ပြီး ဒုတိယ အဆင့် ဆက် စဉ်းစားရအောင် ။ အချိန် ကို ငါ့ တူမများ ဘယ်လို ခွဲခြား နားလည် ထား သလဲ ။ သုံးမျိုး ပဲ မဟုတ်လား ။

အတိတ် = ဖြစ်ပြီးတာ ( ကုန်လွန်သွားတဲ့ အချိန် )

ပစ္စုပ္ပန် = ဖြစ်ပျက်နေဆဲ ( လက်ရှိ အချိန် )

အနာဂတ် = မဖြစ်သေးတာ ( နောင် ဖြစ်လာမယ့် အချိန် )

ဒါပဲပေါ့ ။ ဘယ်သူ့ မေးမေး ဒီလိုပဲ ဖြေမှာပဲ ။ လေးလေး လည်း ဒီလိုပဲ သိတာပဲ ။ သိတာချင်း တူပေမယ့် တစ်မျိုး ချင်း ကို တော့ ငါ့ တူမများ စဉ်းစား ကြည့်ဖူးမယ် မထင်ဘူး ။ အဲဒီ ပိုင်းခြား ထား တဲ့ အချိန်ကာလ သုံးမျိုး ကို သေသေချာချာ ခွဲခြားပြီး စဉ်းစား ကြည့်ရအောင် ။

မင်း ဒီ စာ ကို ခု ဖတ်နေတယ် ။

ဖတ်ပြီးသွားတဲ့ စာလုံးတွေ စာကြောင်းတွေ ဟာ အတိတ် ။

မဖတ်ရသေးတဲ့ စာလုံးတွေ စာကြောင်းတွေ က အနာဂတ် ။

ဘယ်မှာ လဲ ပစ္စုပ္ပန် ။

ထပ် စဉ်းစားစမ်း ။

ငါ့ တူမ တစ်ယောက် ယောက် နဲ့ စကား ပြော ကြည့် ။ ပြောပြီးသမျှ စကားတွေ ဟာ အသံ ထွက် ပြီးတာနဲ့ အတိတ် ဖြစ်သွားပြီ ။ မပြောရသေးတဲ့ စကားတွေ အသံ မထွက်ရသေးတဲ့ စကားတွေ က အနာဂတ် မှာ ။ သေသေချာချာ တွေးစမ်း ။ ဘယ်မှာလဲ ပစ္စုပ္ပန် ။

အတိတ် ဆိုတာ လေးလေး တို့ မှာ အများကြီး ရှိခဲ့ပြီးပြီ ။

အနာဂတ် ဆိုတာကလည်း ရှိနေသေးတယ် ။ အများကြီးပဲ ။ တို့ မပိုင်ဆိုင်တာ က ပစ္စုပ္ပန် ပဲ ကွ ။

လေးလေး တွေး ရ သလောက်တော့ ပစ္စုပ္ပန် ဆို တာ အတိတ် နဲ့ အနာဂတ် ကို ပိုင်းခြားထားတဲ့ ဆံချည်မျှင် ထက် အဆများစွာ သေးငယ်တဲ့ ၊ အစဉ်ရွေ့လျားနေတဲ့ မျဉ်းကြောင်းလေး တစ်ကြောင်းပဲ ။

ပစ္စုပ္ပန် မှာ ကာလ ဧရိယာ မရှိဘူး ။

ဒါကြောင့် -

လေးလေး တို့ ဘာပဲ လုပ်လုပ် ၊ ငါ့ တူမများ ဘာပဲ လုပ်လုပ် လုပ်သမျှ ပြောသမျှ ဟာ အတိတ်သမိုင်း မှာ ကျန်ရစ် ခဲ့မှာပါ ။ ပြင်ချိန် မရှိဘူး ။ ချေဖျက်ချိန် မရှိဘူး ။ အမှား တစ်ခု ခု ပြောမိ လုပ်မိ ရင် ပြောဖူး လုပ်ဖူး တယ် ဆိုတာတော့ ဖြစ် သွားမှာပဲ ။ ပြန် ပြင်ရင်လည်း ပြောဖူး လုပ်ဖူး တဲ့ အမှားကြီး ကတော့ ကျေပျက် မသွားပါဘူး ။ အမှန် ကို ပြန် ရောက်တာ အမှန် ပြန် ဖြစ်တာပဲ ရှိမယ် ။ ဘာ နဲ့ အလားသဏ္ဍာန် တူသလဲဆိုတော့ ပြတ် သွားတဲ့ ကြိုး ပြန် ဆက် ထားသလိုပေါ့ ။ ပြန် ဆက် နေပေမယ့် ထုံးတဲ့ အရာလေး က တော့ ရှိနေမှာပဲ ။ ပစ္စုပ္ပန် ဆိုတာ ကာလ ဧရိယာ မရှိတဲ့ အတွက် လုပ်မိတဲ့ အမှား ကို အတိတ် မှာ မကျန်အောင် ချေဖျက် လို့ မရဘူး ဆိုတာ သတိထားပါ ။

ပြန် ပြင်ချိန် မရှိတဲ့ ပစ္စုပ္ပန် မှာ အမှားအယွင်း တစ်စုံတရာ လုပ်မိတာ နဲ့ အတိတ် မှာ အမည်း စွန်းထင် သွားမှာပဲ ။ ပစ္စုပ္ပန် အကြောင်း ဒီလို မစဉ်းစား မိရင် အမှားပေါင်း များစွာ နဲ့ အတိတ် ကို ပိုင်ဆိုင် ရမှာပေါ့ ။

ကိုယ် လုပ်မယ့် အလုပ် မှန်သမျှ မလုပ်ခင် မှာ လုပ်သင့် မသင့် ကြိုပြီး စဉ်းစား ။ မလုပ်သင့်တာ ကို မလုပ် နဲ့ လုပ်သင့်တာ ကို ပဲ လုပ် ။ အဲဒါဆိုရင် မင်း တို့ ရဲ့ အချိန်တွေ ဟာ အလဟဿ မပြုန်းတီးတော့ဘူး ။ ကုန်လွန်သမျှ အချိန် တိုင်း ဟာ လုပ်သင့် လုပ်ထိုက် တာ တွေ ကို လုပ်ရင်း ကုန်လွန် ရမှာမို့ တန်ဖိုး ရှိ တဲ့ အချိန်တွေ ဖြစ် လာလိမ့်မယ် ။

ကဲ ဒီ အခန်း ကို နိဂုံး ချုပ်ရအောင် ။

ငါ့ တူမများ ရဲ့ အနာဂတ် ကို အကျိုး ရှိတဲ့ အပြုအမူ ၊ အပြောအဆို တွေ နဲ့ ကုန်လွန် ရင်ဆိုင်နိုင် ဖို့ ကြိုးစားပါ ။ တွေးတောပါ ။

လှပတဲ့ အနာဂတ် ကို အိုးမည်း သုတ်ပြီး မင်း တို့ ရဲ့ အတိတ်တွေ ကို အကျည်း တန်အောင် လုပ် မပစ်ကြပါနဲ့ ။

ပစ္စုပ္ပန် ဆိုတာ အချိန်ကာလ ဧရိယာ လုံးဝ မရှိတဲ့ အတိတ် နဲ့ အနာဂတ် ရဲ့ ကြား သတ်မှတ်ချက် တစ်ခု ။

လုပ်မယ့် အလုပ် ဟူသမျှ လုပ်သင့် မလုပ်သင့် ကြို တွေးပြီး လုပ်သင့်တာ ကို သာ လုပ်လို့ တိုးတက် တဲ့ ဘဝ ထူထောင်နိုင် ကြပါစေ ။

◾ ကံချွန်

📖 အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ( ၃ )

#ကိုအောင်နိုင်ဦး

,

Wednesday, September 28, 2022

ဘာလုပ်ခဲ့သလဲ


 ❝ ဘာလုပ်ခဲ့သလဲ ❞


ဒီ စာအုပ် ဖတ်တာ နဲ့ အချိန် ကုန် တော့မယ် ။ အဲဒီ ကုန် သွားမယ့် အချိန် ဟာ အကျိုး ရှိ စွာ ကုန်ဆုံးခြင်းလား၊ အကျိုး မဲ့ စွာ ကုန်ဆုံးခြင်းလား ဆိုတာ ကို ဖတ်ပြီးချိန် မှာ ပြန် စဉ်းစားပါ ။


အဲသလိုပဲ ...


ဘာပဲ လုပ်လုပ် တခြား အလုပ်တွေ ကို လည်း လုပ် ပြီးတာ နဲ့ ပြန် စဉ်းစား ကြည့် ။ “ ငါ ဒါ လုပ်လိုက်လို့ ကုန်ဆုံးသွားရတဲ့ အချိန်တွေ ဟာ အကျိုး ရှိ စွာ ကုန်ဆုံးခြင်းလား ။ အကျိုး မဲ့ စွာ ကုန်ဆုံးခြင်းလား ” ဆိုပြီးတော့ ။ ပွင့်ပွင့်လင်းလင်း ရေး ရရင်တော့ ရည်းစား နဲ့ ချိန်းတွေ့ ခဲ့ပြီး ရင် တောင် ပြန် စဉ်းစားပါ ။


“ သူ့ အသား က အတော် ဖြူတာပဲ ၊ လက်ဖဝါး က နုနုလေး ၊ သူ့ ဆံပင်တွေ က တော်တော် သန်တယ် ၊ ငါ့ ထက် အရပ် မြင့်တယ် ”


ဆိုတာမျိုး စဉ်းစားဖို့ ပြောတာ မဟုတ်ဘူးနော် ။ ငါ အချိန် ကုန် ခံပြီး တွေ့ခဲ့ တဲ့ လူ ဟာ ဘဝ အတွက် ဘယ်လို အကျိုး ပြု နိုင်သလဲ ။ သူ ဟာ ငါ့ လုပ်စာ ထိုင် စားဖို့ ကြိုးစား နေတာလား ။ ငါ့ ဘဝ ကို မြှင့်တင်ပေးနိုင်စွမ်း ရှိမယ့် လူလား ။ သူ့ဟာ သူ က မှ အစ်မ အိမ် တစ်လှည့် ၊ ဦးလေး အိမ် တစ်လှည့် ကပ် စား နေရတဲ့ လူလား ။ သူ နဲ့ ငါ ဘဝ တစ်လျှောက် လက် တွဲပြီး ဒုက္ခ တွေ  ပင်လယ် ဝေ ရမှာလား ။ စဉ်းစား ။


အဲသလို စဉ်းစား လိုက် လို့ ကိုယ့် ဘဝ ရှေ့ရေး အတွက် ကောင်းကျိုးထက် ဆိုးကျိုး ဘက် ဦးတည် နေတယ် ဆိုရင် ။


ကိုယ် အချိန် ကုန် ခံပြီး လုပ်သမျှ အလုပ် တိုင်း ကို လုပ် ပြီးတာ နဲ့ စဉ်းစားပါ ။ သုံးသပ်ပါ ။ အကျိုး မဲ့ တဲ့ အလုပ် မျိုး လုပ် မိရင် နောင် မလုပ်မိအောင် ရှောင် ။ အကျိုး ရှိတဲ့ အလုပ်မျိုး လုပ် မိရင် နောက် ဆက် လုပ် ။ လုပ်ခဲ့ သမျှ စဉ်းစားတာ ၊ ဝေဖန်တာ ကို အလေ့အကျင့် လုပ်လိုက်ရင် နောက်တော့ တစ်ခု ခု လုပ်တော့မယ် ဆိုတာ နဲ့ ငါ လုပ်မယ့် အလုပ် ဟာ အကျိုး ရှိ တဲ့အလုပ် လား ။ အကျိုး မဲ့ တဲ့ အလုပ် လား ဆိုတာ ကြို တွေးမိလာလိမ့်မယ် ။ အဲသလို တွေး မိလို့ မလုပ်သင့်တဲ့ အလုပ် ဆိုရင် ရှောင် ။ မလုပ်မိစေနဲ့ ။ လုပ်သင့်တဲ့ အလုပ် မှ လုပ် ။


ကိုယ် လုပ်မယ့် အလုပ် မှန်သမျှ သင့် - မသင့် ကြို တွေးမိတဲ့ အလေ့အကျင့် ဖြစ်ပြီ ဆိုရင် ငါ့ တူမများ ဘဝ တိုးတက်ပြီပေါ့ ။


◾ ကံချွန်


📖 အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ( ၃ )


#ကိုအောင်နိုင်ဦး


.

Tuesday, September 27, 2022

ပစ္စုပ္ပန် ဆိုတာ မရှိဘူး

❝ ပစ္စုပ္ပန် ဆိုတာ မရှိဘူး ❞

မိန်းကလေး တစ်ယောက် ဟာ ကိုယ့် ဘဝ လုံခြုံ တိုးတက်အောင် ထူထောင် တည်ဆောက်ဖို့ အတွက် ယောက်ျား တွေ အကြောင်း သိဖို့ လို သလို အထွေထွေ တွေးခေါ် မြော်မြင်မှုပါ ရှိဖို့ လို တယ် ကွယ့် ။ မှန်မှန်ကန်ကန် တွေးခေါ် မြော်မြင်တတ်ဖို့ အတွက် အသိဉာဏ် ရှိရမယ် ။ ကြိုတင် စဉ်းစား တတ်ရမယ် ။

“ အချိန် ” ရဲ့ အကြောင်း ကို သေသေချာချာ သိမယ် ဆိုရင် ကြိုတင် စဉ်းစားတဲ့ အလေ့အကျင့် ရ သွားမှာပါ ။

ကဲ လေးလေး မေးမယ် ။

ငါ့ တူမ များ “ အချိန် ” ကို ဘယ်လို နားလည် ထားသလဲ ။ အချိန် အကြောင်း ဘယ်လောက် များ သိသလဲ ။ အချိန် ရဲ့အကြောင်း မသိ လို့ အချိန် ရဲ့တန်ဖိုး နား မလည်လို့ သန်းဥ စမ်း ရင်း နှုတ်ခမ်းနီ ဆိုး ရင်း ။ အတင်း ပြောရင်း ။ အချိန်တွေ ကုန် နေရတာပေါ့ ။ အချိန် ရဲ့ အကြောင်း မသိ လို့ ပြင် မရတဲ့ အမှား တွေ ကျူးလွန်မိပြီး ဘဝ မှာ အမည်းစွန်း တွေ ထင် စွဲ ခဲ့ကြရတာပေါ့ ။ အချိန် ရဲ့ ရွေ့လျားမှု ကို အမှတ် မဲ့ နေ မိလို့ “ နောင်တ ” ရတဲ့ အချိန် မှာ ဒုက္ခ အဝီစိ တွင်း ထဲ ရောက် နေကြရတာပေါ့ ။

ဒီတော့ အချိန် အကြောင်း လေးလေး နည်းနည်း ပြောချင်တယ် ။

◾ ကံချွန်

📖 အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ( ၃ )

#ကိုအောင်နိုင်ဦး

 

Thursday, September 15, 2022

သမီးတို့ အတွက် ပြိုင်ဘက်




 

❝ သမီးတို့ အတွက် ပြိုင်ဘက် ❞

လူ တစ်ယောက် တိုးတက်ဖို့ အတွက် အခြေခံ အချက်တွေ ထဲ မှာ ယှဉ်ပြိုင်မှု ရှိဖို့ ဆိုတာ အရေး ပါတဲ့ အချက် တစ်ချက် ပဲ ။
ယှဉ်ပြိုင်စရာ ရှိ နေမှ ၊ ယှဉ်ပြိုင်ချင်စိတ် ရှိ နေမှ ...

လေ့လာမှု
လေ့ကျင့်မှု
ကြိုးစားမှု

ဆိုတာတွေ ရှိ မှာပါ ။ လူ့ ဘဝ ရပ်တည်နေဖို့ အတွက် လူတိုင်း ဟာ ကံကြမ္မာ နဲ့ ယှဉ်ပြိုင်နေကြရတယ်လေ ။ ကိုယ့် ရဲ့ အနာဂတ် ကို ကိုယ့် ဟာ ကိုယ် ပုံ ဖော်ဖို့ ပန်းပု ထုနေကြရတာ ကွယ့် ။ ဇွဲ ရှိရင် လှလှပပ ဖြစ်မယ် ။ ကိုယ့် ဘဝ အနာဂတ် ကို မှ ကိုယ် ဘာဖြစ်ချင်မှန်း မသိ ရင် မျှော်မှန်း ထားတာ မရှိရင် အချိန်တန် အရွယ် ရောက်တာ နဲ့ ယောက်ျား ကို အားကိုး ရမှာပဲ ။

ငါ့ တူမများ တွေး ကြည့်စမ်းပါ ။

ဘောလုံးပွဲတွေ ၊ အပြေးပြိုင်ပွဲတွေ လို ဟာ မှာ သာ ကိုယ် က ပွဲကြည့်လုပ် နေလို့ ရပေမယ့် အနာဂတ် အတွက် ကံကြမ္မာ ကို ယှဉ်ပြိုင်ရာမှာ တော့ ပွဲကြည့် လို ဘေး က ထိုင် ပရိသတ် လုပ် နေလို့ မရပါဘူး ။

ကိုယ့် ဘက် က ကြိုးစားမှု မရှိလိုက်တာ နဲ့ ကံကြမ္မာ က ကိုယ့် ဘဝ ကို တစ်ဖက်သတ် အနိုင် ယူသွားမှာပါပဲ ။

ငါ့ တူမများ ဘဝ တိုးတက်ချင် ရင် ကံကြမ္မာ ကို ဘယ်လို ရင်ဆိုင်မလဲ ။ အနာဂတ် ကို ဘယ်လို ပုံဖော်မလဲ ။ အဲဒီ အချက် ကို ပြတ်ပြတ်သားသား စဉ်းစား ထားသင့်တယ် ။

မိန်းကလေး တစ်ယောက် ရဲ့ ဘဝရည်မှန်းချက် ဟာ “ ယောက်ျား တစ်ယောက် ” ရ ရေး ထက်တော့ ပိုရမှာပေါ့ ။ စဉ်းစား ကြည့်စမ်း ။ ဒီနေ့ ထူးချွန် တဲ့ အမျိုးသမီးတွေ ဟာ သူတို့ ဘဝ ရည်မှန်းချက် ထားပြီး သူတို့ ဖြစ်ချင်တာ ကို ကြိုးစားခဲ့ကြ လို့ ထူးချွန် ခဲ့ကြတာ ။ ထူးချွန် တဲ့ အမျိုးသမီး ဦးရေ နည်း တာ ဟာ ဘဝ အတွက် ရည်မှန်းချက် ထားပြီး ကြိုးစားတဲ့ အမျိုးသမီး တွေ နည်း သေးလို့ပဲ ။ ငါ့ တူမများ လက်ထက် မှာ ထူးချွန်တဲ့ အမျိုးသမီးတွေ များပါစေ‌ ဟေ့ ။

အဲသလို ထူးချွန်ဖို့ ၊ တိုးတက်ဖို့ ဘယ်သူ့ ကို ယှဉ်ပြိုင် ရမလဲ ။ တစ်ဆင့်ချင်း စဉ်းစား ရအောင် ။

မင်း တို့ ကျောင်း နေတုန်း ဆိုရင် ကျောင်းစာ မှာ အထူးချွန်ဆုံး ဖြစ်ဖို့ လိုတယ် ။ အမြဲ တိုးတက်နေဖို့ လိုတယ် ။ အဲသလို ထူးချွန် တိုးတက်နေအောင် မင်း ပြိုင်ရမှာက မင်းကိုယ် မင်း ပဲ ။ မင်း ရဲ့ ပြိုင်ဖက် က တခြား လူ မဟုတ်ဘူး ။ ဒီ အချက် ကို သိ ထားဖို့ လိုတယ် ။ မင်း ရဲ့ ပြိုင်ဖက် ဟာ တခြား လူ တစ်ယောက် ယောက် လို့ ထင် လိုက်တာ နဲ့ မင်း ရဲ့ တိုးတက်မှု ဟာ အတိုင်းအတာ တစ်ခု ထိ ပဲ ဖြစ်တော့မယ် ။ အစဉ် တိုးတက် မနေတော့ဘူး ။ ဘာလို့လဲ ဆိုတော့ မင်းရဲ့ ပြိုင်ဖက် လို့ မင်း သတ်မှတ်ထားတဲ့ သူ ထက် မင်း က သာတာနဲ့ ကျေနပ် သွားတော့မှာကိုး ။

ပြီးတော့ ...

မင်း ဟာ အတန်း ထဲ မှာ ပထမ ရနေတဲ့ ကျောင်းသူ ဆိုရင် မင်း ကိုယ် မင်း ကျေနပ် နေမလား ။ စဉ်းစားပါ ။ (လေးလေး က ခဏခဏ စဉ်းစား ပါ လို့ ခိုင်း နေရတာဟာ မိန်းကလေး အတော်များများ ဟာ အလှအပ အတွက် က လွဲရင် ဘာကို မှ သိပ် အလေးအနက် မစဉ်းစား ကြလို့ပါ ။ ကိုယ် က အတန်း ထဲ မှာ ပထမ ရနေပေမယ့် ကိုယ် တော်လွန်း လို့ ပထမ ရတာမဟုတ်ဘဲ တခြား ကျောင်းသူ ကျောင်းသားတွေ က ညံ့ လွန်းလို့ မင်း ပထမ ရတာရော မဖြစ်နိုင်ဘူးလား ။ အမှတ် သုံး - လေးဆယ် သာ ရ နေကြတဲ့ ကျောင်းသား ကျောင်းသူတွေ ကြားမှာ မင်း က လေးဆယ့်ငါးမှတ် လောက် စီ ရပြီး ပထမ ရနေတာ ဆိုရင် မင်း ရဲ့ ပညာရေး ကို အားရစရာ လို့ ယုံကြည် သတ်မှတ်မလား ။ ငါ ပထမ ရနေတာပဲ ဆိုပြီး ကျေနပ် နေ သင့်သလား ။ စဉ်းစား နော် ။ ညံ့ နေတဲ့လူတွေ ကြား မှာ တော် နေတဲ့ လူ တစ်ယောက် အတွက် ပြိုင်ဖက် ဟာ ဘယ်သူ ဖြစ်သင့်သလဲ ။

ယှဉ်ပြိုင်စရာ ရှိမှ ကြိုးစားဖြစ် မှာ ။

ယှဉ်ပြိုင်မှု ရှိမှ တိုးတက် မှာ ။

ရှင်းရှင်းလေးပဲ ကွ ။ မင်းတို့ ရဲ့ ယှဉ်ပြိုင်ဖက် ဟာ မင်းတို့ ပဲ ။ သူများ မဟုတ်ဘူး ။ လူ ဆိုတာ ကိုယ့် ကိုယ် ကို အမြဲ ယှဉ်ပြိုင်နေရတယ် ကွ ။ ယှဉ်ပြိုင်တဲ့ နေရာမှာလည်း ဘဝ အတွက် အကျိုး ရှိမယ့် အရာ တော့ ဖြစ်ဖို့ လိုသပေါ့ ။ မနေ့က ထက် ဒီနေ့ လှအောင် ဆို ယှဉ်ပြိုင် နေရင် အသက် ကြီး လာလို့ အိုစာ လာတဲ့ အခါ “ ဇရာ ”
ကို အရှုံး ပေး လိုက်ရမှာပဲ ။

မနေ့က ထက် ဒီနေ့ သာ အောင်

မနေ့က “ ငါ ” ထက် ဒီနေ့ “ ငါ ” က ပို တော်အောင်

ပညာရေး

စီးပွားရေး

လူမှုရေး ..

တွေ မှာ ယှဉ်ပြိုင် ရမှာ ။ အဲသလို ယှဉ်ပြိုင် နေရင် အဲဒီ လူ တိုးတက် မှာ သေချာတယ် ။ ဒီ အတွေးအခေါ်  ဒီ အယူအဆ ဒီ စကား ဟာ ဘယ် နိုင်ငံ က ပညာရှိကြီး ရဲ့ အတွေးအခေါ် ပါလိမ့် ဆိုပြီး ထင် မနေနဲ့ ။ ဒါ မြန်မာစစ်စစ် ဗမာကြီး ဆိုင်းဆရာကြီး “ စိန်ဗေဒါ ” ပြော ခဲ့တဲ့ စကား ကွ ။ ဦးလေး တို့ မမီလိုက်ပေမယ့် လူကြီးများ အဆင့်ဆင့် မှတ်သားခဲ့ ၊ မှတ်တမ်းတင်ခဲ့ လို့ သိ ရတာ ။ ဆိုင်းဆရာကြီး စိန်ဗေဒါ က ပြော သတဲ့ ။

“ စိန်ဗေဒါ ဘယ်သူ့ မှ ပြိုင်နေတာ မဟုတ်ပါဘူး ၊ မနေ့က စိန်ဗေဒါ ကို ဒီနေ့ စိန်ဗေဒါ က ပြိုင် နေတာပါလို့ ”

ကောင်းလိုက်တဲ့ စကား ။ လက်ဖျားခါ လောက်အောင် ကောင်းတဲ့ စကား ။ တန်ဖိုး ရှိလိုက်တဲ့ စကား ။ ငါတို့ မြန်မာ
တစ်မျိုးသားလုံး လိုက်နာကျင့်သုံးရမယ့် နည်းလမ်း ဟေ့ ။ ငါ့ တူ များရော ငါ့ တူမ များ ပါ ဒီ စကား ကိုတော့ အလေးအနက် မှတ်ထားစမ်း ။ ရင် ထဲ ရောက်အောင် သွင်းထားစမ်း ။ အသိစိတ် ထဲ မှာ အမြဲ ရှိနေပလေ့စေ ။

သိ ပြီးတာနဲ့ လက်တွေ့ ကျင့်သုံးပေတော့ ။

မင်းတို့ ရဲ့ ပြိုင်ဖက်ဟာ မင်းတို့ ပဲ ။

မနေ့ က ထက် ဒီနေ့ သာအောင် မပြိုင်နိုင်ရင် မင်းတို့ ဘဝ မတိုးတက်ဘူး ဆိုတာ ယုံ ။

◾ ကံချွန်

📖  အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ( ၃ )

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

Thursday, September 8, 2022

ကိုယ် ညံ့ လို့ သူ တော် တာ





 

❝ ကိုယ် ညံ့ လို့ သူ တော် တာ ❞

ငါ့ တူမများ ကို လေးလေး ကျောင်း နေတုန်း က အခြေအနေ ပြောပြချင်တယ် ။ လေးလေး နေရတဲ့ စာသင်ခန်း မှာ လူတော်တွေ ချည်းများ စု နေသလား လို့ တောင် ထင် ရတယ် ကွ ။ လေးလေး ရဲ့နောက် လှည့် ကြည့်လိုက်ရင် တစ်ခါတလေ မှ တစ်ယောက် စ နှစ်ယောက် စ တွေ့ ရတယ် ။ တစ်ခါတလေ လူ ပျောက်နေတယ် ။ အကုန် လေးလေး ရှေ့ က ချည်းပဲ ။ နောက်ဆုံး က စ ရေတွက်မယ် ဆိုရင်တော့ လေးလေး ရဲ့ အခြေအနေ က လစဉ် တစ် နှစ် သုံး အတွင်း မှာ ရှိ နေတယ် ဆိုရမှာ ပေါ့ ။ ဒီတော့ စဉ်းစားတယ် ။ အဲဒီ
တုန်း က သူ တို့ တော်လို့လား ။

သေသေချာချာ စဉ်းစား လိုက်တော့ သူတို့ တော်တာ မဟုတ်ဘူး ကွယ့် ။ လေးလေး ညံ့ နေတာ ။

အဲ

လေးလေး က ဉာဏ် ထိုင်းသလား ဆိုတော့ မထိုင်းဘူး ။ ဘာလို့ အဲသလို ပြော နိုင်သလဲ ဆိုရင် ကျောင်းစာ နဲ့ မပတ်သက်တာ
တွေ ဆို အကုန် တော် နေတာကိုး ။ ဝီရိယ လည်း ရှိ သလား မမေးနဲ့ ။ စာ ကျက်ဖို့က လွဲရင် ကျန်တာ အကုန် ကြိုးစားတာ ။

အဲဒီတုန်း က “ ဝမ်းနည်းဝမ်းသာ ” ရုပ်ရှင်ကား ကို တစ်ကား လုံး အလွတ် ရအောင် ကြည့် ဖူးတယ် ။ သင် နေရတဲ့ စာ သာ တစ်လုံး မှ မရတာ ။ ဆရာ က စာ မေးတော့ မင်းသားကြီး ဦးမြတ်လေး လို မျက်ခုံး တစ်ဖက် ပင့် ဖြေ လို့ အရိုက် ခံရဖူးပါ ရဲ့။ စိတ်ဝင်စား တဲ့ အရာတွေ က အဓိပ္ပာယ် မရှိတာတွေ မို့ သာ ။ ဝီရိယ ရှိပုံကတော့ ကမ်းကုန်ရော ။

မှတ်မှတ်ရရ လုပ်ရပ် တစ်ခု ပြောပြရဦးမယ် ။

လေးလေး ဆယ်တန်း နှစ် မှာပေါ့ ။ ရုပ်ရှင်မင်းသားကြီး က “ နှစ်ယောက်တည်း နေချင်တယ် ” ဇာတ်ကား နဲ့ တစ်ရှိန်ထိုး
အောင်မြင်လာတဲ့ အချိန် ။ လေးလေး တို့ အတန်း ထဲ က မိန်းကလေးတွေ က “ ဝင်းဦး ” ဓာတ်ပုံ ရရင် ဘယ်လောက် ပေးရပေးရ ဝယ် မယ်ပေါ့ ။ ဒီတော့ လေးလေး ရယ် ၊ လေးလေး ရဲ့ သူငယ်ချင်း ကိုခင်မောင်တင့် ရယ် မင်းသားကြီး ဦးဝင်းဦး ရဲ့ ဓာတ်ပုံ ရဖို့ အကြံအဖန် လုပ် ကြတယ် ။ လေးလေး တို့ ဟာ ဆံပင် ကို အလယ် မကျတကျ ခွဲပြီး အိုးမည်း နဲ့ နှုတ်ခမ်းမွေး ဆွဲ ။ ပြီးတော့ ဓာတ်ပုံ ရိုက် ။ အဲဒီ ဓာတ်ပုံ ကို ဦးဝင်းဦး ဆီ ပို့ ။ ဓာတ်ပုံ ချင်း လဲ ပါပေါ့ ။ ကျွန်တော် တို့ ဟာ မင်းသားကြီး ရဲ့ ပရိသတ်တွေ ပါပေါ့ ။

မရပါဘူး ။

ဟို က သူ့ ပြောင်တယ် ထင် ပုံ ရပါတယ် ။ လေးလေး နဲ့ အတူ ရှုပ်ခဲ့တဲ့ ကိုခင်မောင်တင့် ဆိုတာ ခုတော့ ရှူတင်မန်နေဂျာ ဖြစ် နေတယ် ။ “ သင်္ကြန်မိုး ” တို့ ၊ “ ဒဏ္ဍာရီ ” တို့ ၊ “ သွေး အတွက် သွေး ” တို့ မှာ ရှူတင်မန်နေဂျာ အဖြစ် တာဝန် ယူခဲ့တဲ့ သူပေါ့ ။

အဲဒီတုန်း က လေးလေး ရဲ့ ဘကြီးတစ်ယောက် က လေးလေး တို့ ရဲ့ လုပ်ရပ်တွေ ကို ကြည့် ပြီး ...

“ ငါ့ မြေး လုပ်သမျှ ကြည့် နေရတာ ငါ ကွမ်းဝါး နေရသလိုပါပဲ ကွာ ။ အရည်မရ အဖတ်မရ တွေ ချည်းပဲ ” လို့ မှတ်ချက် ချဖူးတယ် ။ လေးလေး တို့ နှစ်ယောက် ကို ကျောင်းအုပ်ဆရာကြီး ကတော့ အားကိုး ပါတယ် ။ ဆရာကန်တော့ပွဲ ကို စည်ကားအောင် လုပ် တတ်လို့တဲ့ ။ ဆရာကန်တော့ပွဲ ဆိုတာ နဲ့ တေးသရုပ်ဖော်တွေ ၊ ကျဘမ်းစကားပြောပွဲတွေ ။ စကားရည်လုပွဲတွေ နဲ့ လုံးလည်လိုက် နေတော့တာပဲ ။ ကျောင်း မှန် တဲ့ ရက် ဆိုလို့ လဲ တစ်နှစ်လုံး မှာ အဲသလို ရက်တွေပဲ ရှိတယ် ။

မှတ်မိသေးတယ် ။

အဲဒီတုန်း က ဆရာကန်တော့ပွဲ မှာ ထွေးညိုပြဇာတ် က တာ ။ ဇာတ်ထုပ် ကို နောက် က ဖွင့်ပေးပြီး ရှေ့ က သရုပ်ဆောင် တာ ပါ ။
ဇာတ်သိမ်း မှာ လေကြီးမိုးကြီး ကျပြီး ညောင်ကိုင်းကြီး ပြတ်ကျဖို့အတွက် လေးလေး က တာဝန် ယူရတယ် ။ ဖျာလိပ် ကို စက္ကူ ပတ် ။ သစ်ကိုင်း နဲ့ တူအောင် ဆေးခြယ် ။ ညောင်ရွက် နဲ့ ညောင်ကိုင်း
သေးသေးလေးတွေ ဖျာလိပ် မှာ ထိုး ပြီး နဖူးစီး အကွယ် ကနေ တက် ကိုင်ထားတာ ။ ထွေးညို က ညောင်ပင် အောက် ပြေး အဝင် ။ ဘကြီးမှုံ က

“ ထွေးညို ညောင်ပင် အောက် ကို မသွားနဲ့ ”

“ ထွေးညို ၊ ညောင်ပင်အောက် ကို မသွားနဲ့ ” ဆိုပြီး နောက် ကနေ အော် လိုက်လာတာ ၊ သစ်ကိုင်း က ကျိုး ကျ ။ ထွေးညို အပေါ် ပိ ။ ထွေးညို ဆုံးတော့ မှ ကိုသစ္စာ ပြန်ရောက်လာတဲ့ အချိန် ၊ ဘကြီးမှုံ က

“ မောင်သစ္စာ - မင်း အလာ ကောင်းပေမယ့် အခါ နှောင်းပြီကွယ် ” ဆို တုန်တုန်ရီရီ နဲ့ ပြော ။ ဇာတ်လမ်း က အဲသလိုကိုး ။

လေးလေး တို့ ကပြကြတော့ အဲဒီအချိန် မှာ လေးလေး က ဖျာလိပ်လွှတ် ချလိုက်တာ လေ က ဝှေ့လိုက်တော့ ညောင်ကိုင်း က ( ဖျာလိပ် ) ထွေးညို အပေါ် မကျဘဲ ဘကြီးမှုံ အပေါ် သွား ကျရော ။

ပရိသတ် က လည်း ဝေါခနဲ ရယ် ။ မင်းသမီး က လည်း ဗိုက်နှိပ် ရယ် ။ ဘကြီးမှုံ က လည်း ယောင်ရမ်းပြီး အား ဆို အော် လို့ လှဲ အိပ်လိုက် ။ နောက်က ကိုသစ္စာ က ရှေ့ က ဖြစ်နေတာတွေ ဘာမှ မသိဘူး ။ ညောင်ကိုင်း ကျိုးတာ သဘောကျလို့ ရယ်ကြတာ မှတ် နေတာ တဲ့ ။ ဟန် နဲ့ ပန် နဲ့ထွက် လာတာပေါ့ ။ အဲဒီတင် မင်းသမီး က ..

“ ကိုသစ္စာ ကိုသစ္စာ အလာကောင်းပေမယ့် အခါ နှောင်းသွားပြီ ၊ ဘကြီးမှုံ တစ်ယောက်တော့ ညောင်ကိုင်း ပိလို့ သေရှာပြီ ” လို့ ပြောပြီး ကန့်လန့်ကာ ချ ပစ်ရတာပေါ့ ။ ကိုသစ္စာ ကတော့ ပါးစပ်ဟောင်းလောင်းကြီး နဲ့ မင်းသမီး က ရယ် ။ ပရိသတ် က ရယ် ၊
တော်တော် နဲ့ ကို ရယ်လို့ မပြီးတော့ဘူး။

လေးလေး တို့ လုပ်လိုက် မှ ဖြင့် အဲသလိုချည်း ပဲ ။ ဒီလိုနဲ့ စာမေးပွဲကြီး  ဖြေ ရရော ။ ဘာ ပြောကောင်းမတုန်း ။ လက်တွဲညီညီ နဲ့ ကျလိုက်တာ ဘုန်းခနဲ အုန်းခနဲ ပဲ ။ အဲသလို ဆယ်တန်း မှာ လေးနှစ် လေးမိုး ပညာ သင် လိုက်တော့ လေးလေး ရဲ့ မိဘများ ဟာ လေးလေး ရဲ့ အရည်အသွေး ကို အမှန်အတိုင်း မြင် သွားတယ် ။ ဒီတော့ လေးလေး ရဲ့ အဖေ က ....

“ မင်း ဘာ ဖြစ်ချင်တာလဲ ”

“ ကျွန်တော် အောင်မြင်ကျော်ကြားတဲ့ လူ ၊ လူတိုင်း က ဂရု စိုက်ရတဲ့ လူ ”

“ ဖြစ်တော့မှာပဲ ”

“ ဟုတ်ကဲ့ ”

“ ဘာ ဟုတ်ကဲ့လဲ ”

“ ဖြစ်တော့မှာ ဆိုလို့ ”

“ မဖြစ်နိုင်လို့ ပြောတာကွ ။ စာမေးပွဲ တဘုန်းဘုန်း ကျနေတဲ့ ကောင် က ”

“ ဟာဗျာ .. အဲဒါက ကျွန်တော် စိတ်မဝင်စားလို့ ပေါ့ ”

“ ကျွန်တော် စိတ်ဝင်စားတာ ဆိုရင် ”

“ ပြောစမ်းပါဦး ၊ မင်း က ဘာများ စိတ်ဝင်စားလို့လဲ ”

“ ကျွန်တော် က အနုပညာ ။ ပန်းချီပညာ ”

လေးလေး က အဲသလို လည်းပြောရော လေးလေး ရဲ့ အဖေ ဟာ တိုနေတဲ့ စိတ် ဆန့် ထွက်သွားပြီး ဟီးခနဲ ရယ် တော့တာ ။ လေးလေး ရဲ့ ပန်းချီ ဝါသနာ ကြောင့် ထွေးညိုဆက်တင် လုပ်တဲ့ ညောင်ကိုင်းသတင်း ကို သိ ထားတာကိုး ။

“ ကောင်းပြီ ၊ မင်း ဝါသနာ ပါတာ မင်း လုပ် ။ ထွန်းထွန်းပေါက်ပေါက် မဖြစ်လို့ကတော့ အသတ်ပဲ ”

အဲဒီလို နဲ့ ကျောင်း စာသင်ခန်း ထဲ က ထွက်ခဲ့ ရပြီး အနုပညာကျောင်းက ပန်းချီသင်တန်း ထဲ ရောက် ခဲ့ရတာပါပဲ ။ လေးလေး ဒါတွေ ကို ပြန် ရေးပြ နေရတာက လူ ဆိုတာ ဘယ်လို ပင်ကို စွမ်းရည်တွေ ပဲ ရှိနေနေ ကိုယ် လုပ်နေရတဲ့ အလုပ်ပေါ်မှာ စိတ် ဝင်စားမှု မရှိရင် မကြိုးစားရင် အချိန် ဖြုန်းရာ ရောက်တယ်ဆိုတာ ပြော ချင်လို့ပဲ ။

လူတိုင်း မှာ ပင်ကို အရည်အသွေးကတော့ ရှိပါတယ် ။ ငါ့ တူမများ မှာ လည်း ရှိတာပဲ ။ အဲဒီအရည်အသွေး ကို စနစ်တကျ ပြုစု
ပျိုးထောင် ရင် လူတော်လူချွန် ဖြစ်မှာပဲ ။ ကျောင်း နေတုန်း ဆိုရင် ကျောင်းစာ ကို စိတ်ပါ လက်ပါ ကြိုးစားပါ ။ တကယ် ကြိုးစားရင် မညံ့ပါဘူး ။ မကြိုးစားချင်ဘူး ဆိုရင် ကျောင်း ကသာ ထွက် လိုက် ။
မိဘ ပိုက်ဆံ လည်း ဖြုန်း မနေပါနဲ့ ။ ကိုယ့် အချိန်တွေ လည်း မဖြုန်းပါနဲ့ ။

ယောက်ျားလေး ဆိုရင် အချိန်တွေကို ဖြုန်း နေတဲ့ အတွက် ပညာ ရှာရမယ့် အရွယ် မှာ အချောင် စား နေလို့ စီးပွား ရှာရမယ့် အရွယ် မှာ ထိုင် ငတ် နေရလိမ့်မယ် ။

မိန်းကလေး ဆိုရင် လည်း ပညာ ရှာရမယ့် အရွယ် မှာ ပညာရေးထူးချွန်အောင် မလုပ်ရင် စီးပွား ရှာရမယ့်အရွယ် မှာ တွေ့ရာ ယောက်ျား အမြန် ယူပြီး အားကိုး ရှာရလိမ့်မယ် ။

ငါ့ တူမများ စဉ်းစားစမ်း ။

မင်း တို့ ကျောင်း နေတုန်း ဆိုရင် မင်း တို့ အတန်း ထဲ က တော်ပါတယ် ဆိုတဲ့ ကျောင်းသား ကျောင်းသူ ဟာ ဆရာ သင်ပေးတာထက် များ ပို တတ် နေသလား ။ စာမေးပွဲ မှာ အမှတ် တစ်ရာ ဖိုး မေးတာ ကို တစ်ရာ့နှစ်ဆယ် ရအောင်များ ဖြေ တတ်သလား ။

သင်ထားတာ ကို မေး တယ် ။

သိထားတာ ကို ဖြေ နိုင်တယ် ။

ဒါ တော်တာ မဟုတ်ဘူး ။ ပုံမှန် ကွယ့် ။ စဉ်းစားစမ်းပါ ။ သေသေချာချာ စဉ်းစားစမ်းပါ ။ မင်းတို့ က သင် ပေးထားတာ ကို
မရလို့ ။ မဖြေနိုင်လို့ ။ ညံ့ လို့ ။ သင် ပေးထားတာ ဖြေနိုင် တဲ့ ပုံမှန်သမား က တော်သလို ဖြစ် နေရတာ ။ တစ်နှစ် တစ်တန်း အောင်တာ လူတော် မဟုတ်ပါဘူး ၊ တစ်နှစ် သုံးတန်းလောက် အောင် မှ တော်တာ ။ လေးလေး တို့ ခုနစ်တန်းနှစ် မှာ ကြုံဖူးတယ် ။ အဲဒီတုန်း က ခုနစ်တန်း က အစိုးရစစ် ။ ဘုတ်စစ် ပေါ့လေ ။ လေးလေး တို့ နေတဲ့ ကျောင်း ကို မိန်းကလေး နှစ်ယောက် ရောက် လာတယ် ။ သူတို့ က လေးတန်း အောင်ပြီး ငါးတန်းရောက်လာတာ ။ ပထမ
အစမ်းစာမေးပွဲ လည်း ဖြေ ရော တော်လွန်း လို့ ဆို ခြောက်တန်း တင် ပေးလိုက်တယ် ။ ခြောက်တန်းမှာ နှစ်လ လောက်တောင် မနေ လိုက်ရပါဘူး ။ တော်လို့ ဆိုပြီး ခုနစ်တန်း ပို့ လိုက်တယ် ။ ခုနစ်တန်း မှာ အတူ သင် ရ ကတည်း က သိ လိုက်တယ် ။ ဒီ ကောင်မလေးတွေ သေချာပေါက် အောင်မှာ ပဲ ဆိုတာ ။ အဲဒီနှစ် က လေးလေး သာ လိမ်ဖယ်လိမ်ဖယ် နဲ့ အောင်တာ ။ သူတို့ က တကယ့်ကို လွတ်လွတ်ကျွတ်ကျွတ် ဂုဏ်ထူးသုံးဘာသာ လောက် စီ နဲ့ အောင်
သွားတာ ။ မန္တလေးမြို့ အမှတ် ( ၃ ) အထက်တန်းကျောင်း ၊ကျောင်းအုပ်ဆရာကြီး ဦးဘသော် လက်ထက် ပေါ့ ။ အဲဒါမျိုး က မှ
တကယ် တော်တာ ။

အဲသလို မဟုတ်ဘဲ အတူတူသင်ပေး တဲ့ စာ ကိုယ် က မကြိုးစား လို့ မရတာ နဲ့ ညံ့တာ နဲ့ ပုံမှန် စာ ရတဲ့ လူ က လူတော် ဖြစ်နေရတာ ဟာ အဓိပ္ပာယ် မရှိဘူး ။ သူ တော် လို့ ကိုယ် ညံ့ တာ မဟုတ်ဘူး ။ ကိုယ် က ညံ့ လို့ သူ တော် နေရတာ ။

ငါ့ တူမများ စဉ်းစား ကြည့်စမ်း ။

တို့တတွေ ဟာ ကျောင်း မှာ လည်းညံ့မယ် ။ စီးပွားရေး လောက မှာလည်း ညံ့ မယ် ။ အသက်ကြီး ထိ ညံ့ မယ် ဆိုပြီး ညံ့ တာ ကို
သက်တမ်း တစ်လျှောက်လုံး ကန်ထရိုက် ယူ ထားကြရင် ဘယ်လို လုပ် တိုးတက် မှာလဲ ။ လေးလေး ဒီ စကားတွေ ကို စိတ်ရင်း မှန်မှန် စိတ်ထား ဖြူဖြူ နဲ့ ပြော တာပါ ။ လူတွေ အားလုံး ကို စတီရီယိုခေတ်ဦး က ဆို ထားတဲ့ “ တာဝေး အပြေးသမား ” တွေ လို့ ပဲ မြင်ပါတယ် ။ တို့ မှာ ဇွဲ မရှိရင် ။ ဝီရိယ မရှိရင် ။ မကြိုးစားရင် ရည်ရွယ်ချက် ပန်းတိုင် ရောက်မယ် မဟုတ်ဘူး ။ “ ထိုင်နေလို့တော့ ဘာမှ ဖြစ်မလာဘူး ” ပေါ့ ကွာ ။ ရည်ရွယ်ချက် ပန်းတိုင် ကို ရောက်ဦးတော့ သူများ နောက် က ဖြစ်မှာပဲ ။

လူ့ ဘဝကြီး မှာ “ ဇွဲ ” ဆု လောက် နဲ့ ကျေနပ်ပြီး မသေရုံ တစ်မယ် စားနေရတယ် ဆိုရင် ဘယ် ဟုတ်ပါ့မလဲ ။

ဘယ်လိုလုပ် ကျေနပ်စရာ ကောင်းမလဲ ။

ဒီတော့ တို့တွေ ဟာ ရှေ့ဆုံးက ရောက် နေမှ ဖြစ်မယ် ။ တာဝေးပြေး နေကြရတဲ့ ဆီ မှာ ကိုယ့် ရှေ့ရောက် နေသူ ကို လည်း ခြေထိုး ခံဖို့ မလိုပါဘူး ။ ကိုယ် က သူ့ ရှေ့ ရောက် အောင် ပြေး နိုင်ရင် သူ  ကိုယ့် နောက် ရောက် သွားမှာပဲ ။ ကိုယ် ညံ့ လို့ သူ တော်
နေတာ လို့ မြင် ထားလိုက်ပြီ ဆိုတာ နဲ့ ကိုယ့် ထက် သာ လို့ မနာလို တာလည်း မဖြစ်တော့ဘူး ။

“ ငါ ကြိုးစားရမယ် ” ဆိုတဲ့ အသိ ဝင် လာလိမ့်မယ် ။ နိဂုံးချုပ် လေးလေး မှာ ချင်တယ် ။ ငါ့ တူမများ မှတ်ထားပါ ။

( ၁ ) ဘဝ တာဝေး ပြေးရတဲ့ ဆီ မှာ ဇွဲ ဆုလောက် နဲ့ မကျေနပ်ကြပါနဲ့ ။
( ၂ ) ဒီနေ့ စီးပွားရေး ၊ ပညာရေး ၊ လူမှုရေး တွေ မှာ ဧည့် လူမျိုးတွေ “ လူတော် ” ဖြစ်နေတယ် နော် ။ နောင်ဆိုတဲ့ အနာဂတ်ကာလ မှာ ငါ့တူများ ငါ့တူမများ “ တော် ” မှ ဖြစ်မယ် ။
( ၃ ) သူ တော် တာ ကိုယ် ညံ့ လို့ပါ ။ ကိုယ် တော် အောင် လုပ်ကြပါ ။

◾ ကံချွန်

📖  အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ( ၃ )

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

Monday, September 5, 2022

ဘာကြောင့်


 ❝ ဘာကြောင့် ❞


“ အပျိုစင်တို့ သိသင့်သမျှ ” အခန်း မှာ တော့ သိသင့်သမျှ ကို လေးလေး တွေးရသမျှ ရေးပြထားပါတယ် ။ ပထမ စာအုပ်နဲ့ ဒုတိယ စာအုပ် မှာ မပြောရသေးတာတွေပါ ။


သိသင့်သမျှကို ရေးပြပါလျက် နဲ့ မသိမှာစိုးလို့ လက် မခံနိုင်မှာစိုးလို့ “ ဘာကြောင့် ” ရေးရတယ် ၊ ပြောရတယ် ဆိုတာ လေးလေး ရဲ့ ကိုယ်တွေ့ ဖြစ်ရပ်တွေ နဲ့ အတူ ရှင်းပြ ရေးသားထားပါတယ် ။


ယောက်ျားလေး ပဲ ဖြစ်ဖြစ်။


မိန်းကလေး ပဲ ဖြစ်ဖြစ် ။


လူငယ် ဆို တာ လက်ခံနိုင်လောက်တဲ့ အကြောင်းပြချက် မပါတဲ့ စကား ဆိုရင် ဘယ်လောက်ပဲ မှန်နေနေ ၊ ကောင်းနေနေ နှစ်နှစ်ကာကာ ယုံကြည်လက်ခံဖို့ ဝန်လေးတယ် ။ နှစ်နှစ်ကာကာ ယုံကြည်လက်ခံဖို့ဆိုတာ ...


“ အင်း ... ခင်ဗျား ပြောတာ ကောင်းပါတယ် ” ဆိုတဲ့ လက်ခံနည်းမျိုးမဟုတ်ဘဲ


“ ကျွန်တော် အဲဒီ အတိုင်းဖြစ်အောင် ကြိုးစားမယ် ၊ လုပ်မယ် ” ဆိုတဲ့ လက်ခံနည်းမျိုးပါ ။ ကိုယ်ယုံကြည် လက်ခံလိုက်ပြီ ဆိုတာ နဲ့ လိုက်နာဖို့ တာဝန် ရှိသွားပြီ ။ ကောင်းသော စကား ၊ ကောင်းသော အမူအကျင့်ဆိုတာ သိရုံ နဲ့ ဘဝအတွက် တိုးတက် မှု မဖြစ်နိုင်ပါဘူး ။ သိတာတွေ လိုက်နာကျင့်သုံး မှ ဘဝ အတွက် တိုးတက်ရာ တိုးတက်ကြောင်းတွေ ဖြစ်တာပါ ။


ဒါကြောင့် “ သိသင့်သမျှ ” ကို ရေးတဲ့ ဆီ မှာ ဘာကြောင့် သိသင့်တယ် ဆိုတဲ့ အချက် ကို ပေါ်လွင်အောင် လေးလေး ရဲ့အတွေ့အကြုံ တွေ ကို ပါ ဖော်ပြ ပေးထားပါတယ် ။


လေးလေး ထား တဲ့ စေတနာ အတွက် တူသော အကျိုး ပေးလိမ့်မယ် လို့ ယုံကြည်ပါတယ် ။


◾ ကံချွန်


📖 အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ( ၃ )


#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။


.