Friday, March 13, 2026

ချစ်သူတို့အတွက် အချစ်ဝတ္ထု


 

❝ ချစ်သူတို့အတွက် အချစ်ဝတ္ထု ❞ 
           ( မင်းဝေဟင် )

၁ ။

ကျွန်တော် စာရေးဖို့ ကြိုးစားနေတာ တော်တော် ကြာပါပြီ ။ တော်တော့်ကို ကြာခဲ့ပါပြီ ။ စာအမျိုးမျိုး ရှိကြတဲ့အထဲ ကျွန်တော်က ဝတ္ထုတိုပဲ ရေးတတ်တဲ့ ဝတ္ထုတိုရေးသူ ဆိုတော့ ဝတ္ထုတိုတစ်ပုဒ် ဖြစ်ဖြစ်မြောက်မြောက် ဖြစ်အောင် အားထုတ်နေခဲ့တာ အချိန် တော်တော့်ကို ကြာပြီ ။ တစ်နှစ်တောင် ပြည့်တော့မလား မသိ ။ ပီပီပြင်ပြင် ဝတ္ထု တစ်ပုဒ်ရယ်လို့ ဖြစ်မလာဘဲ စာတွေက ဟိုတစ်စ ဒီတစ်စ ၊ အပိုင်းပိုင်း အစစများနဲ့ ဟိုမရောက် ဒီမရောက် ရောက်တတ်ရာရာ စာတွေသာ ပြန့်ကျဲပေပွလို့ ဘာမှ အားရစရာရယ်လို့ မရှိခဲ့ ။

“ စာမရေးဖြစ်ရင် မနေနိုင် ” လို့ အချို့ စာရေးဆရာတွေက ဆိုကြပါတယ် ။ ကျွန်တော်ကတော့ ဝတ္ထုတို တစ်ပုဒ်နဲ့ တစ်ပုဒ် ရေးဖို့ အလှမ်းကွာနေရင် မကျေနပ် ။ ကိုယ့်ကိုယ်ကို မကျေနပ် ။ စာရေးခဲ့တဲ့ စာရေးသက်ကသာ များလာတယ် ။ စာကတော့ တစ်နှစ်ထက် တစ်နှစ် လောက်လောက်လားလား များမလာ ။  စာရေးချင်တဲ့ စိတ်ပျောက်ပြီဟေ့ဆိုရင် မသိစိတ်က အကြောင်းပြချက်တွေ ကိုယ့်ဘာသာကိုယ် ပေးနေသေး တာ ။ “ ငါက သူများတွေလို မဟုတ်ဘူး ။ ရန်ကုန်တစ်မြို့လုံးကို တစ်နေကုန် ဟိုပြေးဒီပြေး ပတ်ပြေးပြီး အလုပ်လုပ်နေရတာ ၊ ပါးစပ်လှုပ်မှ ပါးစပ်လှုပ်နိုင်မှာ ။ စာသင်မှ ထမင်းစားရမှာ ” 

ဘယ်လိုပဲ အကြောင်းပြချက်တွေပေးပေး ၊ တကယ်တော့ အကြောင်းပြချက်ဆိုတာ ဆင်ခြေပါပဲ ။ အကြောင်းပြချက် မျိုးစုံတို့ရဲ့ အောက်မှာ ကြာလာလေလေ ကိုယ့်ပုံရိပ်တွေ အတုံးအရုံးကျလာလေလေပါပဲ ။ အချိန်ဆိုတာ ရပ်ဖို့ ဘယ်တုန်းကမှ မကြိုးစားစဖူး ။ အချိန်တွေ တစ်နေ့တစ် နေ့နဲ့ ရွေ့လာခြင်းရဲ့အောက်မှာ တိုးလာတာဆိုလို့ ဘဝမှာ အသက်တစ်ခုပဲ ရှိလာတယ် ။ “ အရွယ်ဆိုတာ ရလာတာ မဟုတ် ။ ကျလာတာ ”ဆိုတဲ့ ကိုညီမင်းညို ကဗျာတစ်ပုဒ်ရဲ့ စာသားကိုလည်း အကြိမ်ကြိမ် တွေးမိပါရဲ့ ။ မဖြစ် ။ မဖြစ် ။ ဒီအတိုင်း နေလို့တော့ လုံးလုံး မဖြစ် ။

“ ကျွန်တော်က ဝတ္ထုတိုသမားမို့ ဝတ္ထုတိုလောကကို ကျွန်တော် တတ်နိုင်တဲ့ဘက်က စောင့်ရှောက်မှာပါ ။ သေချာပါတယ် ။ ကျွန်တော် ဝတ္ထု တိုတွေ အများကြီး ဆက်ရေးမှာပါ ”

အောင်မယ် ။ ပြီးခဲ့တဲ့နှစ် အမျိုးသားစာပေဆုရတုန်းက အဲဒီအပေါ်က စကားကို စင်ပေါ်မှာ ခပ်တည်တည်နဲ့ ပြောချလိုက်တာ ဘယ်သူရှိရမလဲ ။ ကျွန်တော်လေ ။ ဟိုက ဒီက အင်တာဗျူးတွေကို ဝတ္ထုတိုနဲ့ ပတ်သက်ပြီး ဖြေထည့်လိုက်တာများ ဖြောင့်လို့ ၊ ဖြူးလို့ ။ ကိုယ်ကပဲ ဝတ္ထုတိုလောကကြီးကို ပခုံးနှစ်ဖက်နဲ့ ထမ်းထားသလိုလို ၊ ထမ်းပဲ ထမ်းဦးမှာလိုလို ၊ တစ်သက်လုံးပဲ ထမ်းသွားဦးမှာလိုလို ။ လုပ်ပုံ ၊ လုပ်ပုံ ။ အခုများတော့ အဲဒီ အင်တာဗျူးတွေ ပြန်တွေ့ရင်တောင် ကြည့်ရဲတော့မှာ မဟုတ် ။ မကျေနပ် ၊ မကျေ နပ် ။ လုံးလုံးကို မကျေနပ် ။ ဒီအတိုင်းနေလို့ကတော့ မဖြစ် ။ စဉ်းစား ၊ စဉ်းစား ။ ဘယ်လို ရေးရင် ကောင်းမလဲ စဉ်းစား ။

••••• ••••• •••••

၂ ။

စံပယ်ဖြူနု ရယ်ကတော့ လုံးချင်းတစ်အုပ် ရေးခါနီးတိုင်း ဖေ့စ်ဘုတ်ခ်အကောင့်ကို ခဏ ပိတ်ပါသတဲ့ ။ သူ စာရေးနေတဲ့ အချိန်အတွင်း သူ့ ဆီလာတဲ့ ဖုန်းတွေကိုတောင် စာရေးပျက်မှာ စိုးလို့ စိစစ်ပြီးမှ ကိုင်ပါသတဲ့ ။ ကျွန်တော်က ဝတ္ထုတိုတစ်ပုဒ် ရေးဖို့အရေး ဖေ့စ်ဘုတ်အကောင့် ပိတ်ရတယ် ဆိုရင်လည်း လူကြားလို့မှ မကောင်း ။ အဲဒီထက် ပိုပြီး ဖေ့စ်ဘုတ်ခ်စကားနဲ့ ပြောရရင် “ သောက်ပို ” လုပ်တယ် ပြောကြဦးမယ် ။ ခေတ်ကာလကြီးက ကောင်းတာ မဟုတ် ။ ဖေ့စ်ဘုတ်ခ် တစ်ခွင် ဆိုတာက အားအားရှိ ဆဲချင် ဆိုချင်နေကြတာ ။ ကိုယ်တောင် တစ်ခါတလေ အမြင် မတော်တာ တွေ့ရင် ဟိုပေ့ချ် ဒီပေ့ချ်အောက်မှာ လက်အရှိန် မသတ်နိုင်ဘဲ ဝင်ဝင်ဆဲတတ်သေးတာ မဟုတ်လား ။ သူများကို ကိုယ်က ဆဲတာ ကောင်းပေမဲ့ ကိုယ့်ကို သူများက ဆဲတာကျ ခံချင်မှာ မဟုတ် ။ အဲဒီတော့ ဖေ့စ်ဘုတ်ခ် အကောင့် ပိတ်ပြီး စာရေးဖို့ကလည်း မဖြစ်သေး ။ စဉ်းစား ၊ စဉ်းစား ။

“ ဟဲ့ .. ကိုမင်း ရဲ့ ၊ ဝတ္ထု ရေးဖို့ ဖီလင် မလာတာများ လွယ်ပါ့ဟယ် ။ ဝိုင်လေးတစ်ခွက်လောက်သာ သောက်လိုက် ။ စာရေးချင်တဲ့ ဖီလင်တွေဆိုတာများ ဝေါခနဲ ကျလာလို့ အရှိန်မထိန်းနိုင်ဘဲတောင် ဖြစ်သွားဦးမယ် ။ အစ်မတော့ အဲဒီလိုပဲ လုပ်တာ ၊ ခစ်ခစ် ”

ကျွန်တော် စာရေးလို့ မရဘူးလို့ သွားပြောမိလို့ ဒီစကားကို ပြန်ပြောတာက မန္တလေးက မချောအိမာန် လေ ။ သူ ပြောတာကို မယုံကြည်တာရယ် ၊ ဟုတ်များ ဟုတ်လေမလား ဆိုပြီး စမ်းကြည့်ချင်တာရယ် နှစ်မျိုးပေါင်းပြီး သကာလ သောက်ဖော်သောက်ဖက် ချမ်းထက်ဟန် နဲ့ မြစ်ကျိုးအင်း ကို လှမ်းခေါ် ၊ “ ငါတော့ စာရေးမရလို့ ဒီလို ၊ ဒီအကြောင်းတွေ ဖြစ်နေတယ် ။ မချော ကတော့ ငါ့ကို ဒီအကြံ ပေးတယ် ။ မင်းတို့ ငါ့ကို ဝိုင်းကူကြဦး ” ဆိုတော့ ဒီလို သောက်ဖို့စားဖို့ ကိစ္စတွေနဲ့ ပတ်သက်ရင် အရင်ကတည်းက သိပ်မကူညီချင်ရှာတဲ့ နှစ်ယောက် ဆိုတော့ ဘာပြောကောင်း မတုံး မချော ပြောတဲ့ ဝိုင် ကနေ ဘီယာဘက်ကို ပြောင်း ရောက်သွားသလို စာရေးဖို့ ဖီလင် ရှာရင်း ကျွန်တော်တို့ ဆုံတဲ့ အခြားအချိန်တွေရဲ့ ထုံးစံအတိုင်း ဘောလုံးပွဲတွေအကြောင်း ၊ နိုင်ငံရေးတွေ အကြောင်းဘက် ရောက်သွားလိုက်တာ မူရင်းကိစ္စလည်း စုံးစုံးမြုပ်ကရော ဖြစ်သွားရောလေ ။ အိမ်ပြန်မိုးချုပ်ကြလို့ သူတို့ ချစ်ချစ်တွေ နဲ့တောင် ပြဿနာတက်ကုန်ကြတယ် ဆိုလား ။ အဲဒါတွေကတော့ ကျွန်တော်နဲ့ မဆိုင်ပါဘူး ။ ကိုယ်က ဒီလိုကိစ္စတွေမှာ သူတို့လို စွံတာ မဟုတ်တော့ တိတ်တိတ်လေးပဲ မဆိုင်သလို နေလိုက်ရတာပဲ ၊ ဟုတ်ဘူးလား ။

••••• ••••• •••••

၃ ။

“ ဝတ္ထုဆိုတာ ရေးဖြစ်ဖို့ထက် တွေးဖြစ်ဖို့က အဓိကပဲ ။ များများတွေးထားတဲ့ ဝတ္ထုဆို ချရေးကြည့်လိုက်ရင် နားကင်းပိတ်နေတဲ့ မြွေတစ်ကောင် တွားသွားသလို လျှောခနဲပဲ ။ မိုး ကတော့ ရေးဖို့ထက် တွေးဖို့ပဲ အမြဲစဉ်းစား နေတာ ။ မှော်ဘီ လောက်နဲ့ ရန်ကုန်မြို့ထဲ လောက်ကတော့ မိုး အတွက် တစ်တွေးစာပဲ ၊ ဟင်းဟင်း ”

ကိုယ်ကို သိမ့်သိမ့်တုန်အောင် ၊ နဂိုကတည်းက မကျယ်ရှာတဲ့ မျက်လုံးတွေ မှေးစင်းသည်ထက် မှေးစင်းသွားအောင် တခစ်ခစ်ရယ်ရင်း ဒီစကားကို ခဏခဏ ပြောတတ်တာကတော့ ဆရာ မီမိုး လေ ။ သူကတော့ ဝတ္ထုတို တစ်ပုဒ် အတွက်ဆိုရင် ရေးဖို့ထက် တွေးဖို့က ပိုပြီး လိုအပ်ပါသတဲ့ ။ မမိုး ပြောသလို မရေးဘဲ လျှောက်တွေး ကြည့်လိုက်တော့ ဟုတ် တော့ ဟုတ်သား ။ တစ်နေကုန် တစ်နေခန်း ဟိုသွားဒီသွား ၊ စာသင်ခန်းထဲပါ မချန် ဝတ္ထုတို အကြောင်းတွေ လျှောက်တွေးနေတာ ။ တွေး နေတဲ့ အချိန်မှာတော့ တကယ့်ကို အဟုတ် ။ မမိုး ပြောသလို တစ်တွေးစာတောင် မဟုတ် ၊ နှစ်တွေးစာ ၊ သုံးတွေးစာလောက်ကို တွေးပစ်တာ ။ ညဘက် အိမ်ပြန်ရောက်လို့ တစ်နေကုန် တွေးထားတဲ့ စာတွေ ချရေးကြည့်မယ်လုပ်တော့ တွေးထားတဲ့ အတွေးတွေက လေထဲမှာ ဆပ်ပြာပူ ဖောင်း ပေါက်ထွက်ကုန် သလို တဖောက်ဖောက်နဲ့ အစအနတောင် ရှာမရတော့ ။

ကြာလာရင် အတွေးများပြီး ဆံပင်ဖြူလာတာပဲ အဖတ်တင်မယ် ။ ဝတ္ထု ကောင်းကောင်းရယ်ကတော့ ကျွန်တော့် အတွက် ဖြစ်လာမှာ မဟုတ် ။ ဆံပင်ဖြူမယ် ဆိုလို့ ဟိုတလောက သင်္ဘောသား စာရေးဆရာ နေ ( ပင်လယ်ပြာ ) လေးနဲ့ ဆုံတုန်းက သူက ပြောသေးတာ ။ နေ ( ပင်လယ်ပြာ ) တို့ ၊ သံလွင်ကို ( မော်လမြိုင် ) တို့ ၊ အေထူးအောင် ( အဏ္ဏဝါ ) တို့ ဆိုတာ သင်္ဘောသား ၊ စာရေးဆရာလေးတွေ ဆိုတော့ တော်ကြာ သင်္ဘောတက်သွားလိုက်ကြ ၊ တော်ကြာ ပြန်ရောက်လာကြနဲ့ ။ သူတို့နဲ့က တွေ့လိုက် ၊ မတွေ့လိုက် ဖြစ်နေတာကိုး ။ အဲဒီတုန်းက နေ ( ပင်လယ်ပြာ ) က ပြောသေးတာ ။

“ ဒီတစ်ခေါက် သင်္ဘောပေါ်မှာ တစ်နှစ်နီးပါး ကြာပြီး ကုန်းပေါ်ပြန်တက်တုန်း ကိုမင်း ကို တွေ့ရတာ တော်တော် ထူးခြားတယ် သိလား ။ ကိုမင်းရဲ့ ဝတ္ထုတွေ ဟိုးအရင်လို ဟော တစ်ပုဒ် ၊ ဟော တစ်ပုဒ် ဖတ်ရ တာမျိုး ထူးခြားတာတော့ မဟုတ်ဘူး ။ ဒီတစ်ခေါက် ပြန်အတွေ့မှာ ကိုမင်း သိသိသာသာ အိုစာသွားတာပဲ ထူးခြားတာ ”

နေ ( ပင်လယ်ပြာ ) ဆိုတဲ့ သူကောင်းသားလေးက အဲသလိုကို ပြောတာ ။ သူ ပြောသလို လူက အိုစာသွားတာ ပြဿနာ မရှိ ။ စာတွေ အရင်လို မရေးနိုင်တော့တာသာ ပြဿနာ ။ အဲဒီလို အပြောခံရလို့ကတော့ သူတို့ကို ကျွန် တော် ပြန်ပက်နေကျ စကားကတော့ ရှိရဲ့ ။ သူတို့ ဆိုတာက အရွယ်မတူ ၊ ရုပ်မတူ ၊ အသက်မတူ ၊ ရေးတဲ့ ဝတ္ထုတွေရဲ့ ဟန် ကလည်း မတူပေမဲ့ ရွှေအမြုတေ မဂ္ဂဇင်းက မွေးဖွားပေး လိုက်လို့ ရွှေစာမျက်နှာထက်မှာ အတူတူ ရေးကြရင်း တကယ့် ညီအစ်ကိုအရင်း ၊ မောင်နှမအရင်းတွေလို ဖြစ်နေ ကြတဲ့ မြစ်ကျိုးအင်း တို့ ၊ နေ ( ပင်လယ်ပြာ ) တို့ ၊ သံလွင်ကို ( မော်လမြိုင် ) တို့ ၊ ဆေးဆေ တို့ ၊ ရွှေသင် တို့ ၊ ယုယ တို့ ၊ စုသဲမွန် တို့ကို ပြောတာ ။

“ ငါကနော် ... မရေးနိုင်တော့တာ မဟုတ်ဘူး ၊ မင်းတို့ကို နေရာပေးချင်လို့ကို တမင် မရေးတာ ။ မင်းတို့ အရွယ်တုန်းကများဆို မင်းတို့လို ဘယ်ဟုတ်လိမ့်မလဲ ။ ဟောတစ်ပုဒ် ၊ ဟောတစ်ပုဒ် စက်နဲ့ လှိမ့်ထုတ်ပစ်သလိုကို ရေးပစ်တာ ၊ ဘာမှတ် ”

ဟုတ်သော်ရှိ ၊ မဟုတ်သော်ရှိ ဆိုတာတောင် မဟုတ်သော်ရှိက တော်တော်များများပါ ။ မတတ်နိုင်ဘူးလေ ။ ဝတ္ထုတွေ ရေးပြီး အနိုင်မယူ နိုင်တော့ ဒီလိုပဲ စကားနဲ့ အနိုင်ယူရတာပါပဲ ။ ဒါတောင် မခင်သန္တာ တို့ ၊ စံပယ်ဖြူနု တို့ ရှေ့ရောက်ရင် အဲဒီ စကား မပြောရဲပါဘူး ။ သူတို့က ဝတ္ထုတိုတောင် မဟုတ် ၊ လုံးချင်းတွေတောင် ဟောတစ်အုပ် ၊ ဟောတစ်အုပ် ရေးထုတ်နေကြတာ ။ မိကျောင်းမင်းတွေကို ရေခင်းသွားပြလို့က မလုပ် စကောင်းဘူး မဟုတ်လား ။

••••• ••••• •••••

၄ ။

ဟို တလောလေးကတော့ ဆေးဆေ တို့ ၊ ရွှေသင် တို့ ၊ ယုယ တို့က “ ကိုကြည် ” လို့ ချစ်စနိုး ခေါ်ကြတဲ့ ဇေဦးယျာ နဲ့ စကား ပြောဖြစ်တယ် ။ ဇေဦးယျာ ကို ဆေးဆေ တို့က ကိုကြည် လို့ခေါ်တာကို ကျွန်တော်က အစကတော့ သဘော မပေါက်ပါဘူး ။ ဇေဦးယျာ ရေးတဲ့ ဝတ္ထုနာမည်တွေက ‘ မသန်းကြည် ’ တို့ ‘ အခါကြည် ’ တို့ ဆိုတော့ ဝတ္ထုနာမည်တွေကို လိုက်ပြီး ကိုကြည် လို့ ခေါ်သလားပေါ့ ။ အဲဒီလို တွေးမိတာ ။ တကယ်တမ်းကျတော့ အဲဒီလို မဟုတ် ။ ဇေဦးယျာ ရေးတဲ့ ဝတ္ထုထဲက ဇာတ်ကောင်လေးတွေရဲ့ အတွေး ၊ အမြင် ၊ သရုပ်သဏ္ဌာန်လေးတွေက အမြဲတမ်း ချစ်စဖွယ်အကြည်ဓာတ်လေးတွေနဲ့မို့ ဇေဦးယျာ ကို ကိုကြည် လို့ ခေါ်ကြတာပါတဲ့ ။ ဆေးဆေ တို့ ပြောတော့လည်း ဟုတ်သား ။ ဇေဦးယျာ ရဲ့ ဇာတ်ကောင်လေးတွေက ချစ်စဖွယ် အကြည်ဓာတ်ကလေးတွေ အပြည့်နဲ့ကိုး ။

စာရေးရင် အဓိကလို အပ်ချက်က အကြည်ဓာတ်လို့ ပဲ ကျွန်တော်က ထင်တာ ။ စိတ်ကလေးများ ကြည်ကြည်လင်လင် ဖြစ်နေရင် တွေးသမျှဟာ ဝတ္ထု ဖြစ်နေတော့တာမျိုး ။ အဲဒါကလည်း ဟိုတုန်းကပြောတာ ဟိုးတုန်းက ။ အခုတော့ အကြည်ဓာတ် က မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး အစရှာမရသလိုမျိုး ။ အကြည်ဓာတ်ရယ်က ဘယ်ဆီရောက်လို့ ပျောက်နေမှန်း မသိ ။ ကျွန်တော် လုပ်ရတဲ့ အလုပ်က ဆယ်တန်းကျောင်းသားတွေကို ကျူရှင်သင်တာမို့ တစ်နေ့တစ်နေ့ ကျောင်းသားမိဘတွေ ၊ ကျောင်းသားတွေနဲ့ ရှည်လိုက်ရတဲ့ စိတ် ။ ညီအစ်ကိုတွေ တူတွေနဲ့ ကျရင် ဖုန်းပြောရင်တောင် စိတ်မရှည်ဘူးလို့ကို သတင်းကြီးတာ ။ အဲဒီလို အလုပ်မှာ အတင်းကာရော ဆွဲဆန့်ပြီး မရှည်ချင့်ရှည်ချင် မဖြစ်မနေ ရှည်ထားရတဲ့ စိတ်ဟာ မိသားစုနဲ့ စကားပြောတဲ့အခါကျရင် တိုင်းလို့ ၊ ထွာလို့ မရ အောင်ကို တိုပြီလေ ။ ကဲ ... အဲဒီတော့ စာရေးဖို့ အကြည်ဓာတ် ဆိုတာ ဘယ်မတုံး ။

အဲဒီတုန်းကလည်း စာရေးဖို့ အကြည်ဓာတ် လုံးလုံး မရှိလို့ အကြည်ဓာတ်လေး များရလေနိုးနဲ့ ကိုကြည် ခေါ် ဇေဦးယျာ နဲ့ စကားပြောမိခါမှ သူ့အလုပ်နဲ့ ပတ်သက် ပြီး ၃၆ နာရီ ဆိုလား ၊ ၄၈ နာရီဆိုလား တစ်စက်ကလေးမှ မအိပ်ရသေးလို့ ညည်း လိုက် ၊ ညူလိုက်တာ ဆိုတာများ ခိုတွေ ကတောင် အဘိုး လို့ ခေါ်ရဦးမယ့်ပုံပဲ ။ ဇေဦးယျာ ရယ်က သားဖွားမီးယပ် ဆရာဝန် ဆိုတော့ ကလေးမွေးတဲ့ အကြောင်းတွေ အပြင် ၊ ကျွန်တော်လည်း ဘယ်လိုမှ မသိနိုင်တဲ့ ကျွန်တော်နဲ့လည်း ဘယ်လိုမှ မသက်ဆိုင်တဲ့ အမျိုးသမီးကိစ္စတွေ ပြောလို ပြော ။ အဲဒီ ကတည်းက ဒင်း ( သင်း ) ၄၈ နာရီ မအိပ်ရသေးဘူး ဆိုတာ ဟုတ်လောက်တယ် ။ ဒါကြောင့် ကြောင်တောင်တောင် ဖြစ်နေပြီလို့ စိတ်ထဲကနေ ကောက် ချက် အမြန်ချ ၊ “ မင်းတို့ ဆရာဝန်တွေကလည်း ညည်းကို ညည်းနိုင်လွန်းတယ် ။ ကိုယ် ရွေးချယ်ထားတဲ့ ကိုယ့်ရဲ့ ပရော်ဖက်ရှင်နယ် အလုပ်ဆိုတာ ဘလာ ဘလာ ၊ ဘာညာ ဘာညာဆိုပြီး ကျူရှင်ဆရာ အသံနဲ့ ဖိဟောက်ပစ်ပြီး ဖုန်းကို အမြန်ချပစ်လိုက်ရတော့ တာ ။ ကဲ ... ဘယ်မှာတုံး ကိုကြည့် ဆီက အကြည်ဓာတ် ဆိုတာ ။

••••• ••••• •••••

၅ ။

“ တောင် တောင် တောင် ”

ဖုန်းလိုင်းလေးများ မဖွင့်လိုက်နဲ့ ဖွင့်လိုက်တာနဲ့ Group Chat က တတောင်တောင်နဲ့ စာတွေ အဆက်မပြတ် တက်လာတော့တာလေ ။ Group Chat နာမည်ကလည်း အဆန်းသား ။ “ ပျင်းလို့ပါခွာ ” တဲ့ ။ ဖေ့ဘုတ်စ်စကားနဲ့ ကွာ ကို ခွာ လုပ်ထားတာ ပေါ့ ။ ဒီဂရုကို လိုင်းပေါ်မှာ စ,ဖွဲ့တာက မဖြူ ဆိုတဲ့ အဖြူရောင် ( ရွှေ ) လေ ။ ဂရု ထဲမှာက တစ်နိုင်ငံလုံးရဲ့ အနှံ့အပြားမှာ ရှိတဲ့ ရွှေအမြုတေ က မွေးထုတ်ထားတဲ့ ကလောင်ရှင်တွေက မနည်းမနော ။ ဘယ်နှယောက် ရှိနေမှန်းတောင် မသိ ။ ဂရု ဖွဲ့ခါစကတော့ ဒီလောက် မများပါဘူး ။ နောက်ပိုင်း ဟိုလူက ဟိုလူ့ ဆွဲထည့် ၊ ဒီလူက ဒီလူ့ဆွဲထည့်နဲ့ ဂရုထဲမှာ စာရေးသူ သောင်းခြောက်ထောင်နဲ့ စည်ကားနေတော့တာ ။

စာရေးဆရာတွေ တော်တော် စာရိုက်နိုင်တယ် ဆိုတာကို ဒီ ဂရု ကမှ တကယ်ကို သက်သေပြတာ ။ ဝတ္ထုတို တစ်ပုဒ်အကြောင်း ငြင်းကြပြီဆို မပြီးနိုင် မစီးနိုင် အရီးကြိုင် ။ ရွှေအမြုတေ တစ်လတစ်ခါ ထွက်ပြီ ဆိုရင်လည်း တစ်ယောက် အမြင် တစ်ယောက် ဝင် ရေးကြတာက ရွှေအသစ်တွေရဲ့ ဝတ္ထုတွေ ကနေ ရွှေပဲ့ကိုင်ရှင် ဆရာ ဦးဝင်းငြိမ်း ရဲ့ အကြောင်း အထိ ။

ဒီဂရုမှာ အမြဲတမ်း ဝုန်းဒိုင်းကြဲနိုင်သူတွေက ကိုညီမင်းညို ၊ ကိုသတိုး ၊ ကိုခန့်ညီဖေ ၊ ယုယ ၊ မခင်သန္တာ ၊ မြစ်ကျိုးအင်း ၊ စံပယ်ဖြူနု ၊ ရွှေသင် ၊ မချော ၊ မှူးဆက်ပိုင် ( ရွှေတောင် ) ၊ ဥသြ ( ချယ်ရီမြေ ) အစရှိသဖြင့် ဆက်ရေးမယ် ဆိုရင် စာမျက်နှာတောင် ဆံ့မှာ မဟုတ် ။ ရွှေအမြုတေ က မွေးထုတ်ထားတဲ့ တစ်နိုင်ငံလုံးက စာရေးသူတွေ တကယ့်ကို အများကြီး ရှိနေတာ ။ ပြီးတော့ ဂရုထဲမှာ အမြဲဝုန်းဒိုင်း ကြဲနေကြသူတွေထဲက “ ဝမ်းဆွဲမတွေ ” လို့ ကျွန်တော် နာမည်ပေးထားတဲ့ ဆရာဝန် တစ်အုပ်လေ ။ ဇေဦးယျာ ၊ ရေအေး ၊ ကောင်းမြတ် ၊ ရဲရင့်လုံ ( ဆေး - မန်း ) ၊ ဟမ်စိုင်း ( ဆေး - မန်း ) အစရှိသူတို့ပေါ့ ။ သူတို့က အားအားရှိ ကလေးမွေးတဲ့အကြောင်းတွေ ၊ ဘယ် ကလေးကို ဘယ်လို မွေးတုန်းက သူတို့မျက်နှာတွေကို ရေမြွာရည်တွေ ဘယ်လို စဉ်တဲ့ အကြောင်းပဲ ပြောနေကြ တော့ ကျွန်တော်က “ ဝမ်းဆွဲမတွေ ” လို့ နာမည်ပေးထားတာ ။

ဒီဂရုကို စဖွဲ့တုန်းက စာအကြောင်း ပေအကြောင်းတွေ ဖလှယ်ကြရင်း ၊ ဝေဖန် သုံးသပ်ကြရင်း စာရေးချင် စိတ်တွေ နှိုးဆွလာစေဖို့ဆိုတဲ့ ရည်ရွယ်ချက် ခပ်ပါးပါးလေးလည်း ဂရုစဖွဲ့သူ မဖြူ မှာ ရှိခဲ့မယ် ထင်ပါရဲ့ ။ ဒါပေသိ ဂရုဖွဲ့ပြီး နောက်ပိုင်းများမှာတော့ တစ်နိုင်ငံလုံးက ရှိရှိသမျှ သတင်းတွေ ငြင်းခုံဝေဖန်နေရတာနဲ့တင် စာရေးဖို့ ဆိုတဲ့ အင်စပီရေးရှင်း ကူးလူးယှက်ယူဖို့ ဘယ်မှာတုံး ။ စာရေးဆရာ ဆိုတဲ့ သူတွေကလည်း ငြင်းစရာ မရှိရင်တောင် တစ်ယောက်တည်း မှန်ထောင် ငြင်းနေတတ်တဲ့ အမျိုးအစားလေ ။ ရင်းနှီးခင်မင်မှုတွေ တစ်ရစ်တစ်ရစ် ထပ်တိုးလာခဲ့ပေမဲ့ ဂရု ထဲကို ဝင်ပြီး ငြင်းခုံနေရတာနဲ့ စာရေးဖို့အကြောင်း အရာရယ် ကတော့ စိတ်ထဲ ရှိနေခဲ့တဲ့ အတွေးမျှင်မျှင် လေးတွေတောင် ဘဲဥအစ ရှာမရတော့ သလိုလေ ။ ကဲ ... ။

••••• ••••• •••••

၆ ။

“ ဟေး - ဘုတ်ဆုံ ”

“ ရှန်ဘာတုံး ”

“ ညတစ်နာရီ ကျော်နေပြီ မအိပ်သေးဘူးလား ။ လိုင်းပေါ်မှာ ဘာလုပ်နေတာတုံး ။ ငါက စာရေးမလို့ မအိပ်သေးတာ ”

“ အောင်မယ် ... သူများကို လာပြောနေသေး ။ သူလည်း စာရေးမယ်ဆိုသေး ၊ လူက လိုင်းပေါ်မှာ ”

“ ဪ ... စာရေးမလို့ပါ ဆိုဟာ ... ငါ့ဇာတ်လမ်းတစ်ခု အတွက် အချက်အလက်တွေ လိုင်းပေါ်တက် ရှာနေတာ ၊ ဘာမှတ် ”

ရွှေအမြုတေက ရေးဖော်ရေးဖက် ငွေဇင်ယော်ဦး ( မိုးကုတ် ) ကို ကျွန်တော်တို့ ရင်းနှီးသူတွေက သူ့နာမည်အရင်းလေးး ဘုတ်ဆုံ လို့ပဲ ခေါ်ကြတာ ။ ငွေဇင်ယော်ဦး က ကျွန်တော်နဲ့ သက်တူရွယ်တူ မဟုတ်ပေမဲ့ ရွှေအမြုတေ မှာ စာစရေးကြတဲ့ နှစ်က အတူတူမို့ ကျွန်တော့်ရဲ့ စာရေး ဖော်ရေးဖက် အစစ် ။ ၂ဝဝ၅ မှာ ရွှေအမြုတေရဲ့စာမျက်နှာကို အတူတူ စပြီး ဖြတ်ကြတော့ မှတ်မိသေးတယ် ။

ကျွန်တော် ရယ် ၊ ကိုမိုးကျော်ဇင် ရယ် ၊ မှူးဆက်ပိုင် ( ရွှေတောင် ) ရယ် ၊ မဖြူ ရယ် ၊ ငွေဇင်ယော်ဦး ( မိုးကုတ် ) ရယ် ။ ဆရာ ဦးဝင်းငြိမ်း ရဲ့ ရွှေအမြုတေ ကနေ မွေးထုတ်ထားတဲ့ စာရေးသူတွေ အားလုံးက ညီအစ်ကို မောင်နှမတွေ ဆိုလို့ ရှိရင် ဒီလေးယောက်ကတော့ ကျွန်တော့် အတွက် အမြွှာညီအစ်ကို ၊ မောင်နှမတွေပေါ့ ။ တစ်နှစ်တည်းမှာ ရွှေအသစ် ဖြစ်ရင်း စာပေလောက ထဲကို အတူရောက်လာခဲ့ကြသူတွေ ဆိုတော့လေ ။

“ ကိုမင်း စာရေးမယ် ဆိုမှ သတိရတယ် ။ သူများလည်း စာရေးဦးမလို့ ။ ဘာလိုလိုနဲ့ ရွှေအမြုတေနှစ် ၃ဝ ပြည့်တော့မှာနော် ။ သူများတို့လည်း စာရေးသက် ၁၅ နှစ် ဖြစ်လာပြီ ။ ရွှေမှာ စာရေးသက် ၁၅ နှစ်မှာ ဝတ္ထုအပုဒ် အရေအတွက် ၃ဝ မှ မပါ လိုက်ရရင် မနိပ်သေးဘူး ”

“ အဲဒါ ပြောတာ ဘုတ်ဆုံရေ ... ။ ညည်းကမှ ပြောအား ရှိသေး ။ ငါ့မှာ အပုဒ် ၃ဝ မပြည့်ခင် လူက ဂိနေပြီ ။ အခုတောင် စာရေးမလို့ ။ ဘာအကြောင်းကို ဘယ်ကစ ရေးရမှန်း မသိတာ နဲ့ ဟိုစာ ဒီစာ ရှာရင်း နောက်ဆုံး ညည်းကို စကားလာ ပြောကြည့်တာ ”

“ ဒါများ ကိုမင်းရယ် ... လွယ်လွယ်လေး ။ ရွှေ မှာ ခေတ်အဆက်ဆက် ရေးခဲ့တဲ့ ရွှေအသစ်တွေရဲ့ အကြောင်း ကိုမင်း မှာ မှတ်တမ်းမှတ်ရာနဲ့ အပြည့်အစုံ ရှိနေတာပဲ ။ အဲဒီအကြောင်းတွေ ဝတ္ထု လုပ်ပြီး ရေးပါလား ။ ရွှေ မှာ ဝင်ရေးပြီးမှ ပျောက်ကုန်ကြတဲ့ ရွှေ အသစ်တွေ အကြောင်းလေ ။ ပျောက်ကုန်ကြတယ် ဆိုလို့ မဝေ တောင် ရွှေ မှာ မရေးတာ ကြာပြီနော် ။ စာတွေ ပြန်ရေးဖို့ လိုင်းပေါ် တွေ့မှ တိုက်တွန်းဦးမှ ”

“  .............. ”

“  .............. ”

“ ဟေး .. ကိုမင်း ၊ ဆရာ အခုချိန်ထိ လိုင်းပေါ်မှာ ရှိနေတယ်တော့ ။ အခု ည ၂ နာရီ တောင်ကျော်နေပြီ ”

ကျွန်တော် ကလည်း ဘုတ်ဆုံ နဲ့ ပြောရင်း ပြောလက်စ ပြတ်သွားလို့ လိုင်းပေါ်မှာ အခြား စာတွေ လျှောက်ဖတ် ၊ ဝတ္ထုတစ်ပုဒ်များ ရလိုရငြား အချက်အလက်တွေ လျှောက်ရှာနေတာနဲ့ အချိန်အတော်လေး ကြာသွားတယ် ။ အဲဒီ အချိန်ကျမှ ဘုတ်ဆုံ ဆီက မက်ဆေ့ချ်တွေ အလန့်တကြား ဝင်လာတာ ။

“ မေးကြည့်လိုက်လေ ၊ ဆရာ ဘာလုပ်နေတာလဲလို့ ”

“ ဟာ .. မမေးရဲပါဘူး ။ ဆရာ့ကို သွားမေးကြည့်မှ နင်ရော ဒီအချိန်ကြီး လိုင်းပေါ် ဘာလုပ်နေတာလဲဆိုမှ ဒုက္ခတော့ ။ သူများက လိုင်းပေါ်မှာ အလုပ်လုပ်နေတာ ဆရာ့ကိုလည်း ရှင်းမပြချင်ပါဘူး ။ ကိုမင်း မေးပေးပါလား ၊ ဆရာ နေကောင်းရဲ့လား မသိ ”

ဘုတ်ဆုံ ကတော့ ဒီလိုပါပဲ ။ ဆရာ့ကို လိုင်းပေါ်မှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အမြဲမပြတ် အရိပ်အကဲ ကြည့်နေတတ်ပေမဲ့ စကားစမြည်အနေနဲ့တော့ ဘယ်တော့မှ မပြောတတ် ။ ဘုတ်ဆုံ မှ မဟုတ် ၊ ကျွန်တော်လည်း လိုင်းပေါ်မှာ ဆရာ့ကို ထွေလီကာလီ ပြောမနေတတ် ။ တိုက်ခန်းတစ်ခန်းမှာ တစ်ယောက်တည်း နေရတဲ့ ဆရာ့ကို နေကောင်းကျန်းမာရေး အတွက် စိုးရိမ်စိတ် အပြည့်ရှိတတ်ပေမဲ့ ထွေထွေထူးထူးတော့ ပြောမနေတတ် ။ နေကောင်းလားဆရာ လို့ ရံဖန်ရံခါ သွားမေးကြည့်လို့ အေး ကောင်းတယ် ဆိုရင် ပြီးပြီ ။ ဒီလောက်ပဲ ။

“ မေးကြည့်ပေးပါ ကိုမင်း ရဲ့ ၊ ဆရာ နေများ မကောင်းသလား ”

“ ဆရာက ပြီးခဲ့တဲ့လ မှ ကိုခန့်ညီဖေ တို့နဲ့ ဘန်ကောက်မှာ ဆေးစစ်ပြန်လာပြီး ဘာသံမှ မကြားရပါဘူး ။ နေကောင်းနေလို့ ဖြစ်မှာပါ ။ ဟိုတစ်ပတ်ထဲကတောင် မြစ်ကျိုးအင်း တို့ ၊ ရွှေသင် တို့နဲ့ ငါ ဆရာ့ ဆီ ရောက်သေးတာပဲ ။ အခုက ဟိုကောင် မြေမှုန်လွင် နှိပ်စက်ထားလို့ မြေမှုန်လွင် ဘာသာပြန် ခိုင်းထားတဲ့ စာအုပ်ကို ဘာသာပြန် နေရင်း လိုင်းဖွင့်ထားတာနေမှာပေါ့ ”

ကျွန်တော် ပြန်ပြောလိုက်တော့ ဘုတ်ဆုံ ဘက်က ခဏတော့ တိတ်သွားတယ် ။ ဒါပေမဲ့ လိုင်းပေါ်မှာ ရှိနေတုန်းပဲ ။ မီးလေးက စိမ်းလို့ ။ ဆရာ့အကောင့် မှာလည်း မီးလေးက စိမ်းလို့ ။ ဒီဆရာ တပည့်နှစ်ယောက်နဲ့တော့ ခက်ပြီ ။ ကိုယ့်ဘာသာကိုယ်လည်းသွားမမေး ။ ကျွန်တော်လည်း ဝတ္ထုရေးဖို့ ရှာနေတဲ့ အချက်အလက်တွေ ဆီမှာလည်း စိတ်က မရောက်တော့ ။ လျှောက်ဖတ်နေတဲ့ စာတွေကိုလည်း စိတ်က မမှတ်နိုင်တော့ ။

“ ဟေး .... ကိုမင်း ”

“ အေးဟေ့ ... ခဏလေးစောင့် ”

ဘုတ်ဆုံဆီ စာပြန်ပို့ရင်း ကျွန်တော်က ဆရာ့ကို စကားသွားပြောတယ် ။ မီးလေးသာ စိမ်းနေတယ် ။ ဆရာ့ဆီက ပြန်စာက တော်တော်နဲ့ မလာ ။ “ ဒီအချိန်ကြီး ငါ့ဆရာလည်း ဘယ်သူနဲ့များ ချက်နေလဲမသိ ” လို့ စိတ်က ခပ်ဆောင့်ဆောင့် တွေးလိုက်သေးတယ် ။ အတော်ကြီးကို ကြာမှ ဆရာ့ဆီက ပြန်စာရတယ် ။

“ ကဲ ... ဘုတ်ဆုံရေ ... ဆရာ့တိုက်ခန်း မီးပြတ်နေလို့တဲ့ ။ သူ့ရဲ့ အောက်ဆီဂျင်စက်ကြီး မီးပြတ်လို့ ဖွင့်မရတာနဲ့ မအိပ်ဘဲ ထ,ထိုင် ၊ လိုင်းသုံးနေတာပါတဲ့ ။ မီးပြတ်လို့ အိပ်ရေးပျက်တာ ရန်ကုန်မှာတော့ မဆန်းတော့ပါဘူး ။ ကြိုးစားအိပ်ကြည့်ဦး ဆရာ လို့တော့ ငါ ပြောထားတယ် ။ မိုးလည်း လင်းတော့မယ် ။ ညည်းလည်း အိပ်တော့သိလား ။ ငါလည်း ဝတ္ထုရေးဖို့ ဘာအချက်အလက်မှလည်း မရှာနိုင်တော့ဘူး ။ အိပ်ပြီ ၊ ဒါပဲ ။ ဂွတ်မောနင်း ဘုတ်ဆုံ ”

▢  မင်းဝေဟင်
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      နိုဝင်ဘာ ၊ ၂၀၁၉

No comments:

Post a Comment