Wednesday, January 29, 2025

မိုးခါးရေ ... ချိုပါနဲ့ လား


 

❝ မိုးခါးရေ ... ချိုပါနဲ့ လား ❞
          ( မင်းဝေဟင် )

( ၁ )

“ အမျိုးသမီး ဘော်ဒါဆောင် က နေ တည်းခိုခန်း လုပ်ဖို့ က အားလုံး အဆင်ပြေပြီ ပဲ ထားပါဦး မောင် ရာ ... ။ အဝေးပြေးကားဂိတ် လည်း မနီး ၊ ဘူတာ လည်း မရှိ ၊ သင်္ဘောဆိပ် ဆိုတာ ဝေးစွ ဆိုသလို ဖြစ်နေတဲ့ သက် တို့ မြောက်ဒဂုံ မှာ ဘယ်လို ဧည့်သည် က လာ တည်းမှာ မို့လဲ ... ။ သက် ကတော့ ရှိနေတဲ့ ဘော်ဒါဆောင်လေး ကိုပဲ တစ်နှစ် တန်သည် ၊ နှစ်နှစ် တန်သည် ကျားကန် ကြည့်ချင်သေးတယ် ”

ဇနီး ဖြစ်သူ သက် ၏ စကား က သူ့ နား ထဲ ကို မဝင် ။ တစ်ဝက်တစ်ပျက် ထွက် တချို့ ၊ ဝင် တချို့သာ ။ သူ ကတော့ ဇနီးသည် စကား ကို မသိဟန် ဆောင်သည် လည်း မဟုတ် ၊ မကြားဟန် ဆောင်သည် လည်း မဟုတ်လေဘဲ လုပ်စရာ ရှိများ ကို သာ ဆက်၍ လုပ်နေလေသည်  ။

အမှန်တကယ် တွင် လည်း ဇနီးသည် ပြော သကဲ့သို့ ယခု လက်ရှိ ဖြစ်တည် နေသော ဘော်ဒါဆောင် အား ဆက်ပြီး ဖွင့်ရ ကောင်းနိုးနိုး ၊ သူငယ်ချင်း ဖြစ်သူ ညိုကြီး ၏ စကား အတိုင်း တည်းခိုခန်း လုပ်ပစ်ရ ကောင်းနိုးနိုး သူ ကိုယ်တိုင် ဝိဝါဒတွေ များ ခဲ့သေးသည် ပဲ ။ ဘော်ဒါဆောင် တစ်ခု မှ တည်းခိုခန်း တစ်ခု ဖြစ်ဖို့ ဆိုသည် မှာ လည်း လွယ်ကူလှသော အလုပ် တစ်ခုတော့ မဟုတ်ခဲ့ပါချေ ။ အဆင့်ဆင့် လုပ်ဆောင်စရာများ က အပုံအပင် ။ ဘော်ဒါဆောင် အဆောက်အဦး ကို ပြန်လည် မွမ်းမံစရာ ရှိသည့် ကိစ္စတွေ ပြီးခဲ့လျှင် တောင် တည်းခိုခန်း ဖွင့်ရန် ခွင့်ပြုချက် လိုက်လုပ် ဖို့ ကိစ္စတွေ က ရှိနေသေးသည် ။ သို့သော် သူ့ လိုပင် လွန်ခဲ့သည့် တစ်နှစ် ကမှ ဘော်ဒါဆောင် မှ တည်းခိုခန်း အဖြစ် သို့ ပြောင်းထားလေသော သူငယ်ချင်း ညိုကြီး တစ်ယောက်လုံး က လည်း ရှိနေလေသည် ။ သည် အတွက် သိပ်ပြီး ပူစရာတော့ မလိုနိုင်ပါ ။

“ ဟေ့ကောင် ကိုထွဋ် ရဲ့ ။ မင်း လည်း စဉ်းစား ကြည့်ဦး ။ ငါတို့ ဒီ နေရာမှာ ဘော်ဒါဆောင် ဖွင့်ပြီး ငုတ်တုတ်မေ့ နေခဲ့ရတာ ဘယ်လောက် ကြာခဲ့ပြီလဲ ။ ငါတို့ ကျောင်းပြီး ကတည်း က ဆိုတော့ ဆယ်နှစ် တောင် ရှိနေပြီ ။ ငါတို့ တွေ လည်း အိမ်ထောင်တွေ ကျကုန်ပြီ ။ ဘော်ဒါဆောင် နဲ့ တော့ ရပ် နေလို့ မဖြစ်တော့ဘူးဟေ့ကောင်ရေ .. နောင်ရေး တွေ က ရှိသေးတယ် ။ ဒါတောင် မင်း က မိန်းကလေး ဘော်ဒါဆောင်မို့လို့ တော်သေးတာ ။ ငါ က မင်း သိတဲ့ အတိုင်း ယောက်ျားလေး ဘော်ဒါဆောင် ဆိုတော့ မလန်းချင်ဘူး ။ အခုခေတ် ဟိုနယ် ဒီနယ်က နေ ဒီ ဒဂုံတက္ကသိုလ် ကို လာ တက်တဲ့ ကျောင်းသားတွေ ဆိုတာ ကလည်း မင်း သိတဲ့ အတိုင်း ၊ တိုက်ခန်း စုပြီး ငှားနေတာတို့ ၊ ဟို ဘုန်းကြီးကျောင်း ၊ ဒီ ဘုန်းကြီးကျောင်း မှာ ကပ် နေကြတာတို့ ဆို တော့ ငါ့ ဘော်ဒါဆောင် က ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ဖြစ်နေပြီ ”

လွန်ခဲ့သည့် တစ်နှစ် ကျော်က သူငယ်ချင်း ဖြစ်သူ ညိုကြီး ပြောသော စကား က သူ့ အာရုံမှာ လာကပ် လာသည် ။ ညိုကြီး ကတော့ ပြောသည့် အတိုင်းပင် သူ့ စကား သူ အကောင်အထည် ဖော် ပစ်လိုက်သည် မှာ မျက်စေ့များ ပင် မှားလောက် သွားလေသည် ။ လွန်ခဲ့သည့် နှစ်လ လောက် က သူ လည်း အမှတ်မထင် ညိုကြီး ၏ တည်းခိုခန်း သို့ နေ့ခင်းဘက် အရောက်မှာ သူ့ ရဲ့ အံ့သြမှုများ စတင်ခဲ့ခြင်းလည်း ဖြစ်လေသည် ။

“ အောက်ထပ် အပေါ်ထပ် ဆယ်ခန်း ဆီ ရှိတဲ့ ငါ့ရဲ့ တည်းခိုခန်း က အခု အပေါ်ထပ်က နှစ်ခန်းပဲ အလွတ် ရှိတော့တယ် ကိုထွဋ်ရေ ... နေ့လည်ပိုင်း ဆိုရင်များကွာ ။ အားရတယ် ကို မရှိပါဘူး ။ မင်း သိတဲ့ အတိုင်း ငါ့ မိန်းမ က တောင်ဥက္ကလာ မှာ နေပြီး ၊ ဒီ တည်းခိုခန်း အကြောင်း ဘာ သိတာ မှ မဟုတ်တာကွာ ။ ငါပဲ ဒီတည်းခိုခန်း ကို ဦးစီးပြီး လုပ်နေရတာ ။ ပင်ပန်းပေမဲ့ သာသာယာယာပဲ ဟေ့ကောင်ရေ ... ။ လူ လည်း ညကျမှ ပဲ ကိုယ်ပိုင် အချိန် ယူပြီး နားရတော့တယ် လို့ ပြောရတော့မှာ ”

သည် တုန်းက ညိုကြီး ပြောသော စကား အောက် မှာ နားမလည်မှု တွေ တစ်ချို့တစ်ဝက် နှင့် မို့ သူ ကိုယ်တိုင် ညိုကြီး ကို မေးခွန်း ထုတ်ဖြစ်ခဲ့ သေးသည် ။

“ ဟ ... မင်းက ညပိုင်း မှ နားရတယ် ဆိုတော့ ညဘက် ကျတော့ မင်း က ဒီ တည်းခိုခန်း ကို လူလွှဲ ထားခဲ့လို့ ရတယ်လား ”

“ မင်း ကလည်း ကွာ ။ ဒီ မြောက်ဒဂုံ မပြောနဲ့ ။ ရန်ကုန်မြို့ပတ်ဝန်းကျင် မှာ ရှိတဲ့ တည်းခိုခန်း ပေါက်စနလေးတွေ တော်တော်များများက ညဘက် ဘယ်မှာ အလုပ် ဖြစ်လို့ လဲ ။ နေ့လည်ပိုင်း တောင် သူ့ Section နဲ့ သူ ကွ ။ အချိန်ပိုင်း နှစ်နာရီ ၊ သုံးနာရီ ငှားရတာတွေက များတာ ။ သန်လျင် ဘက်မှာ တည်းခိုခန်း ဖွင့်ထားတဲ့ ငါ့ သူငယ်ချင်း ဆိုရင်လည်း ငါ့ လိုပဲဟေ့ ကောင်ရေ ။ ညဘက်ကျ မှ ပဲ နားရတယ်ပြောတယ် ”

“ ဒါဆို ... စုံတွဲတွေ ခဏတာ တည်းခိုဖို့ အတွက် အဓိက ထားရ သလို ဖြစ်နေတာပေါ့ ”

“ အေးပေါ့ ... ကိုထွဋ် ရ ... စုံတွဲတွေ ဆိုတာတောင် ကွာ မြို့ထဲဘက် က လာတဲ့ စုံတွဲတွေ ဆိုတာက မျက်စေ့လည် လမ်းမှားပြီး တစ်ခါတစ်ရံ ရောက်လာတတ် တာလို့ ဆိုရမှာ ။ ငါတို့ ဆီ ကို အဓိက လာတဲ့ ကတ်စတန်မာလေးတွေ က ငါတို့ ရဲ့ ကျောင်းတော်ကြီး က ကလေးတွေ ဟေ့ ကောင်ရေ ... ရှင်းပြီလား ။ ဟား ဟား ဟား ”

သည် တုန်းက သူငယ်ချင်း ဖြစ်သူ ညိုကြီး ၏ စကားအောက် ၌ ပြောစရာ မရှိသလို သူ စွံ့အ သွားခဲ့ဖူးသေးသည် ။ ညိုကြီး ကဲ့သို့ ဘော်ဒါဆောင် ကနေ တည်းခိုခန်း တစ်ခု လုပ်ဖို့ ရာ အတွက်တော့ အဲဒီ အချိန်မှာ သူ မဝံ့ရဲ နိုင် ခဲ့သေးပါ ။

သို့သော် ... ။ ညိုကြီး၏ တည်းခိုခန်း အား တစ်ခေါက် မှ နှစ်ခေါက် အရောက် ။ ညိုကြီး ၏ သာသာယာယာ ဖြစ်လာသော စီးပွားရေး အနေအထား အား တစ်စ ပြီး တစ်စ အမြင် ။ ငါတို့ ရော ဒီလို လုပ်ပစ်လို့ မရဘူးလား ဟူသော အတွေးသည် သူ ၏ ပိန်ချိချိ ဘော်ဒါဆောင်လေး မှ ဝင်တစ်ချို့ ထွက်တစ်ချို့ ကျောင်းသူလေးတွေ နှင့် ဇနီးသည် သက် တို့ ၏ အခြေအနေ ကို မြင်တွေ့ရလေတိုင်း သူ စိတ်ကူးခဲ့ဖူးသည်သာ ဖြစ်သည် ။

တစ်ခါတစ်ရံ တော့ သူ ကိုယ်တိုင် ပိုင်ဆိုင်ဖို့ ကြိုးစားနေပါလျက် နှင့် သူ မပိုင်ဆိုင်နိုင်သေးသော အရာမှာ သူ ၏ အနာဂတ် ဖြစ်လေသည် ။ ဘော်ဒါဆောင် အတူတူ ဖွင့်ခဲ့လေသူ သူငယ်ချင်း ညိုကြီး အား မြင်ရဖန် များ သော အခါ၌ ရပ်တန့် ရောင့်ရဲ နေ၍ မရသော လူ့ဘဝ အချိုးအကွေ့ ကို သူ ထင်ထင်ရှားရှား တွေ့ခဲ့ရလေသည် ။ ထိုထို အချိုးအကွေ့ ၏ နောက်၌ တစ်စုံတစ်ခုသော အတိုင်းအတာများအား သူ့ ဘက်မှ ပေးဆပ် ပစ်ရမည်ဟု တော့ သူ မဖြစ်မနေ တွေးနိုင်ခဲ့ပါသည် ။

သို့သော် ... ဇနီး ဖြစ်သူ သက် ၏ အမေးစကား တစ် ခုဖြစ်သော ကားဂိတ် လည်း မနီး ၊ ဘူတာ လည်း မရှိ ၊ သင်္ဘောဆိပ် ဆိုသည် မှာ ဝေလာဝေး သော သူတို့ ၏ မြောက်ဒဂုံ ၌ တည်းခိုခန်း ဖွင့်လျှင် မည်သူ လာ တည်းမည် နည်း ဟူသော မေးခွန်း ၏ အဖြေ ကို မူ ... ဇနီး ဖြစ်သူ အရှင်းဆုံး မြင်သာ
စေရန် သူ့ အနေနှင့် ဟိုး ... ခပ်လှမ်းလှမ်း က ဒဂုံတက္ကသိုလ်ကြီး ကို လက် ညှိုးထိုး ပြရန် အတွက် တော့ အခု အချိန် မှာ သူ မဝံ့ရဲ နိုင်ခဲ့သေးပါချေ ။

•••••   •••••   •••••

( ၂ )

ညိုကြီး တို့ ဇနီးမောင်နှံ နှင့် သူတို့ ဇနီးမောင်နှံ က အမှန်တော့ သူငယ်ချင်းတွေ သာ ဖြစ်လေသည် ။ ဒဂုံတက္ကသိုလ် မှာ ကျောင်း တက်ကြတော့ အတူတူ ။ ကျောင်းတွေ ပြီးကြတော့ မိဘများ ၏ ပံ့ပိုးပေးမှုဖြင့် မြောက်ဒဂုံမှာ ရှိသော ကျောင်း နှင့် မနီးမဝေး မြေကွက်တွေ မှာ အဆောက်အဦး ဆောက်ရင်း ဘော်ဒါဆောင်များ ဖွင့်ကြသည့် အခါတွင် လည်း အတူတူ ပင်ဖြစ်သည် ။

ဘော်ဒါဆောင် တစ်ခု နှင့် တစ်ခု က အလှမ်း ကွာဝေးလှသည် မဟုတ် သကဲ့သို့ သူ နှင့် ညိုကြီးတို့ အိမ်ထောင် ကိုယ်စီ ပြုလိုက်ကြတော့လည်း တစ်နှစ် ထဲမှာ ပင်ဖြစ်သည် ။ ပထမပိုင်းနှစ်များ တွင် အမျိုးသမီးဘော်ဒါဆော င်ဖွင့် သောသူတို့ လင်မယား လည်း အဆင်ပြေ နေသေး သကဲ့သို့ ၊ အမျိုးသား ဘော်ဒါဆောင် ဖွင့်သော ညိုကြီးတို့ လင် မယား လည်း အဆင်ပြေ နေသေးသည် ။

“ ကိုထွဋ်ရေ ... ငါတော့ ဘော်ဒါဆောင် ဖွင့်ရတာ တော်တော်ကို စိတ်ကုန် လာပြီ ။ မင်း က မိန်းကလေး တွေ ကို မင်း မိန်းမ နဲ့ အတူ အုပ်ချုပ် ရတာ ပြဿနာ မရှိဘူး ။ ငါ ကျတော့ ငါ့ ကောင်တွေကို မင်းတို့ လို ည ၇ နာရီ နောက်ပိုင်း အဆောင်တံခါး မဖွင့်ဘူး ဆိုရင်လည်း ၊ အဆောင်မှာ နေမယ့် သူ ရှိမှာ တောင် မဟုတ်ဘူး  ။ တစ်ချို့ ဆိုရင် ညဘက် မူးတောင် လာလိုက်သေး ... ကောင်းရော ”

ပထမပိုင်း မှာ ညိုကြီး ဆီမှ စိတ်ညစ်မှုစကားသံလေးတွေ ၊ တစ်စွန်းတစ်စ ကြားရလေပြီး မကြာမီပင် ညိုကြီး က ဘော်ဒါဆောင် ကို တည်းခိုခန်း လုပ်မည် ဟု ပြောလာခဲ့ခြင်း ဖြစ်လေသည် ။

“ ဟေ့ကောင် ... ကိုထွဋ် ရ ... မိုးခါးရေ ဆိုတာလည်း သောက်သင့် သောက်ရမှာပဲ ၊ မတတ်နိုင်တော့ဘူး ။ မင်း ပြောသလို ဒီ ဒဂုံတက္ကသိုလ်ကြီး ကို အမှီ ပြုပြီးမှ တည်းခိုခန်း ဖွင့်ရမယ် ဆိုတာက တော့ ကြားလို့ လည်း မကောင်း သလို ဖြစ်လည်း မဖြစ်သင့်ဘူးပေါ့ ။ ဒါပေမဲ့ ... နယ်ကျောင်းသားတွေ ပါးသွားတဲ့ အခုလို အချိန်မျိုးမှာ ဘော်ဒါဆောင် ဖွင့်ပြီး ငုတ်တုတ် မေ့ နေမဲ့ အစား ၊ ငါတော့ အချိုးအကွေ့ တစ်ခု ကို ချိုးချလိုက်ချင်ပြီ ”

ပြော လည်း ပြော ၊ လုပ် လည်း လုပ် လိုက်လေသော ညိုကြီး ၏ တည်းခိုခန်း က မလှမ်းမကမ်း ဟိုမှာဘက် ဆီ မှာ ဟီးထလို့  ။ “ ငါ့ ခြံလေး ကြည့်ပြန်တော့ ... မချိပူဗျာပွေ ခဲ့ ” ဆို သကဲ့သို့ပင် ကျောင်းသူ အယောက် ငါးဆယ်ခန့် နေ၍ ရမည့် သူတို့ ၏ ဘော်ဒါဆောင်လေး သည် ဆယ်ယောက် ၊ တစ်ဆယ့်နှစ်ယောက် ထက် မပိုသော ကျောင်းသူ အရေအတွက် ဖြင့် ကျားကန် ၊ မာန်တင်း ချီတက်ခဲ့ရသည် မှာ အမှန်တကယ်တော့ မလွယ်လှပါချေ ။

“ မမရေ ... သမီးတို့ အခ န်းရဲ့ ဟိုဘက်ခန်း က ဘယ်သူမှ မရှိဘဲ ပိတ်ထားတာ ကြာတော့ ကြွက်တွေ ဘာတွေ ရှိတယ်နဲ့ တူပါတယ် မမ ရယ် ... ညဘက် ဆိုရင် ဝုန်းဒိုင်းကြဲနေလို့ ၊ ဟိုဘက် အခန်း က ကျောင်းသူ နှစ်ယောက်က သူရဲခြောက်ပါတယ် ဆိုပြီး ည က ထပြီး အော်နေလို့ လေ ”

ကျောင်းသူ တစ်ယောက် မှ ဇနီးသည် ထံ တင်ပြ လာသော အခန်းလွတ် တစ်ခန်း ၏ အခက်အခဲ ပေါ် ဇနီးသည် က ဘယ်လို ဖြေရှင်းမည် မသိ သော်လည်း သူ ကတော့ ထိုစဉ် ကတည်း က အဆိုပါ အခန်းလေး ၏ နေရာ၌ ညိုကြီး ၏ တည်းခိုခန်း မှ အခန်းများ ၏ အပြင်အဆင် ကို မြင်ယောင်နေပြီး သား ဖြစ်လေသည် ။

“ ကိုထွဋ် ရ ... အခုခေတ် တက္ကသိုလ်ကျောင်းသားတွေ ဆိုတာကလည်း အဝေးကြီး ကို မကြည့်နဲ့ ဦး လွန်ခဲ့တဲ့ ဆယ်နှစ်က ငါတို့ တက္ကသိုလ်ကျောင်းသားဘဝ နဲ့ တောင် တူတော့လို့ လား ။ ငါတို့ ကျောင်းသား ဘဝ က သူငယ်ချင်းတွေ ညနေပိုင်း အိမ် ကို လာရင် ၊ လမ်းထိပ် လက်ဖက်ရည်ဆိုင် ထွက် ထိုင်တာလောက်ရှိတာ ။ အခုကျတော့ လက်ဖက်ရည်ဆိုင်တွေ အစား ဘီယာဆိုင်တွေ က အစားထိုး လာကြပြီလေ ။ အဲဒီတော့ ဘော်ဒါဆောင် အစား တည်းခိုခန်းတွေ အစားထိုး ကုန်တာ ဆန်းတာမှ မဟုတ်တော့တာ ဟား .. ဟား ... ” 

သည် တုန်းက စကားတွေ တစ်သီတစ်တန်းကြီး ပြော အပြီးမှာ ညိုကြီး တစ်ယောက် ဘာကြောင့် ထ ရယ် သည် ဆိုခြင်းကို သူ ကောင်းစွာ သဘောမပေါက်နိုင်ခဲ့သော်ငြား ။ ညိုကြီး တစ်ယောက် တော့ မိုးခါးရေ သောက်လေ ပြီဟု သူ တွေးထင်ခဲ့ဖြစ်သေးသည် ။

အမှန်အတိုင်း ဝန်ခံရ ပါလျှင် ထိုအချိန်ထိ သူ ကိုယ်တိုင် မိုးခါးရေ မသောက်ချင်ခဲ့သေးပါ ။ အဆောင်သူ ဆယ်ယောက် ကျော် နှင့် အသားကျ နေသော ဘော်ဒါဆောင် ကို တည်းခိုခန်း အဖြစ် ဖွင့်ပစ်ဖို့ ရာ အတွက် ဆုံးဖြတ်ချက် ကိုမူ တစ်ထိုင်တည်း ချပစ်ဖို့ရန် အတွက်တော့ ညိုကြီး ၏ စကားများ က မစွမ်းဆောင်နိုင်ခဲ့ပါ ။ သို့သော် ညိုကြီး ၏ နောက်ဆက်တွဲ စကား တစ်ခွန်း ၏ အောက်တွင် သူ ၏ ယိုင်နဲ့နဲ့ အတွေးများ နှင့် မှုန်ဝါးဝါး ဆုံးဖြတ်ချက် က တွန်းအား တစ်ခု အဖြစ် သူ၏ စိတ်အာရုံ ကို တွန်းထိုး တိုက်စား သွားခဲ့လေသည် ။

“ မင်း မိန်းမ က လည်း အရင်လို မဟုတ်တော့ဘူးလေ ... ကိုထွဋ် ရဲ့ ။ မင်း က ငါ့ ထက် အရင်တောင် ကလေး အဖေ ဖြစ်တော့မယ့် ဥစ္စာ ၊ တကယ်ဆို ဒီကိစ္စ ကို မင်း က ငါ့ ထက် အရင် အကောင်အထည် ဖော်သင့်ခဲ့တာ ”

( ၃ )

တည်းခိုခန်း အဖြစ် အတည်ပြုဖို့ ရာ သေသေချာချာ ပြင်ဆင်တော့ မှ ပင် အခက်အခဲများက သူ့ အတွက် အစီအရီပင် ။ များလိုက်သည့် တည်းခိုခန်းတွေ ဆိုတာ ကလည်း သူတို့ ရဲ့ မြို့ကလေး နှင့် လိုက်ပင် မလိုက် ။ တချို့ ဆိုလျှင် တည်းခိုခန်း အဆင့်ပင် မကလေဘဲ မိုတယ် အဆင့် အထိပင် ဖြစ်နေ လိုက်သေးသည် ။ သို့သော် ... သူ ၏ သူငယ်ချင်း ညိုကြီး ပြော သကဲ့သို့ပင် ရှိရှိလေသမျှ တည်းခိုခန်းများ ၊ မိုတယ်များ အားလုံးသည် သူ့ ဟာ နှင့် သူ ပုံစံ အမျိုးမျိုး ဖြင့် အဆင်ပြေ နေကြလေသည် ။ ညဘက် ရောက်လျှင်တော့ တည်းခိုခန်းများ အားလုံး လိုလို မှာ သူရဲခြောက် နိုင်အောင်ပင် တိတ်ဆိတ် ငြိမ်သက်လျက် ။ နှစ်ခြိုက်စွာ အိပ်မောကျလျက် ။ ငုတ်တုတ်မေ့ နေလျက် ။

“ ဟို အရင်လ က ဆိုရင် အဝေးသင်ကျောင်းသားတွေ ကျောင်းတက် ရက်မို့ တည်းခိုခန်း အားလုံး အလုပ် ဖြစ် လိုက်ကြတာ ဝက်ဝက်ကွဲပဲ ။ နွေ နှစ်လ ၊ အဝေးသင်တွေ ရော Day တွေ ရော ပိတ်လို့ ကတော့ ဂွမ်း တယ် ကိုထွဋ် ရေ ” 

“ အင်း ... မင်း ပြောဖူးတယ်လေ ။ ရန်ကုန်ဘက် က အတွဲတွေ လည်း လာတတ်တယ် ဆိုတာ ”

“ လာတော့ လာတယ်လေ ။ အဲဒါက ရံဖန်ရံခါပါကွာ ။ တစ်ချို့ကျတော့လည်း ရန်ကုန်ဘက် က အမျိုးသမီးလေးတွေ ဈေးကွက် ချဲ့ထွင် တဲ့ သဘောနဲ့ ပရိုမိုးရှင်း ဆင်းတာပေါ့ ၊ ဒီမှာ က ကျောင်းသားတွေ များတာကိုး သဘော ပေါက်တယ် ဟုတ် ”

“ အေးကွာ ... အဲဒါကြီး ကျတော့ ကျောင်းသားလေးတွေ ဘက်က မတရားပါဘူးကွာ ”

ဟု ... ထိုစဉ်အချိန်က ညိုကြီး ကို သူ ပြန်ပြောခဲ့သေးသည် ။ မဝံ့မရဲမှုများ ၊ ပြတ်သားစွာ ချပစ်နိုင်သော ဆုံးဖြတ်ချက်များ သူ့ ၌ အလွယ်တကူ ရှိ မနေစေကာမူ ၊ ထို အလုပ်ကို လျစ်လျူရှု ပစ်ဖို့ ရန်တော့ သူ့ စိတ်ဓာတ်က မရိုးသား နိုင်ခဲ့ပါ ။ ယခု အချိန်တွင် တော့ ဘော်ဒါဆောင်လေး သည် လည်း  ၊ တည်းခိုခန်း တစ်ခု အသွင် ခမ်းနား ဆန်းပြားစွာ ရုပ်လုံးကြွ နေလေပြီ ။ ဖွင့်ရမည့် အချိန် ၊ ဖွင့်ရမည့် ရက် တစ်ခု အတွက် ခွင့်ပြုချက် တစ်ခု ကို စောင့်နေရခြင်း သာ ဖြစ်လေသည် ။

“ ဒီက အဆောင်သူလေး တွေ လည်း ဘယ်ဆီ ကို ရောက်သွားကြပြီ လည်း မသိဘူးနော် မောင် ။ သူတို့ ဖုန်းနံပါတ်တွေ ရှိနေပေမဲ့ သူတို့ ကလည်း သက် ဆီ ကို ဆက် မလာ ၊ သက် က လည်း သူတို့ ဆီ ကို မဆက်ရဲနဲ့ လေ ။ သူတို့ ဒီမှာ နေသွားကြတာလည်း  ၊ အတိုင်းအတာ တစ်ခုထိ ကြာ ခဲ့တော့ တစ်ခါတရံ တော့ သတိရသား ”

ဇနီးဖြစ်သူ သက် ၏ စကားတွေ ထဲမှ “ သက် ကလည်း သူတို့ ဆီကို မ ဆက်ရဲ ” ဆိုသည့် စကား က သူ့ အာရုံ တွင် ရိုက်ခတ် နေသည် ။ အဆောင် မှာ နေလာကြသော အဆောင်သူများ က လည်း တချို့ဆိုလျှင် နှစ်ရှည် လများ နေထိုင် လာကြသူတွေ မို့ သူ ၏ ဇနီးသည် သက် နှင့် က ညီအစ်မများ နှင့် မခြား ရှိနေကြလေသည် ။

“ ခေတ် ကို လည်း အပြစ်ဖို့ ပြီး ပုံ မချချင်ပါဘူး ။ စီးပွားရေး လုပ်တဲ့ နေရာမှာ အများတကာ မိုးခါးရေ သောက် နေကြတာ ကြာပြီပဲလေ ။ မမသက် တို့ က အခုမှ မိုးခါးရေ သောက်ဖို့ ကြံရုံရှိသေးတာ ။ ဒါကလည်း ဖြစ်သင့်ပါတယ် ”

ဘော်ဒါဆောင် မှ ခွဲခွာခါနီး ပြောလာသော အဆောင်သူ တစ်ယောက် ၏ စကား အောက်၌ သူ ၏ ဇနီးသည် သက် မှာ ထိုစဉ် အချိန် က ဆွံ့အတိတ်ဆိတ်သွားခဲ့ဖူးသည် လေ ။ ဖုန်း မဆက်ရဲ ဆိုသော စကားလုံးသည် ဇနီးသည် သက် ၏ လိပ်ပြာ အတွက် ကာကွယ် ပေးဖို့ မဝံ့ရဲစွာ ဖြင့် ထွက်လာဖြစ်ခဲ့သော စကားလုံးတွေ မှန်း သူ ကောင်းစွာ သဘောပေါက်ခဲ့လေသည် ။ သူ ကိုယ်တိုင် က ရော ။ အမေး လှလှ ၊ အတွေး လှလှများ ၏ နောက်ကွယ် က ခါးသီးသော အရသာ တစ်ခုကို ကောင်းစွာ သဘောပေါက် နေခဲ့ပြီးသော သူ ကတော့ ... ထိုစဉ် အချိန်မှာ ဟိုး ... ရှေ့ က ရောင်နီ တစ်ခု ကိုသာ လှမ်းမျှော် ကြည့်ဖြစ်ခဲ့ လေသည် ။

•••••   •••••   •••••

( ၄ )

“ အေး ... ညိုကြီး ၊ ငါတို့ အခု ဆေးခန်း တစ်ခုကို ရောက်နေတယ်ကွ ။ သက် အတွက် အာထရာဆောင်း လာ ရိုက်တာကွာ ။ အခု ရိုက်ပြီး ကလေးက ယောက်ကျားလေး လား ၊ မိန်းကလေးလား ဆိုတဲ့ အဖြေ ကို စောင့်နေ တာကွ ။ အေး ... ငါတို့ တည်းခိုခန်း ကိစ္စ ကတော့ အားလုံး ပြီးပြီ လေ ။ ဗေဒင်လေး ဘာလေး ကြည့်ပြီး ဖွင့်မယ့်ရက် ကို စောင့်နေတာလေကွာ ... ဟား ဟား ”

“ ...... ....... ..... ..... ”

“ ဘယ်လို ဟေ့ကောင် ညိုကြီး ၊ ငါ နားမရှင်းဘူး ”

“ ...... ....... ..... ..... ”

“ ဪ ... အဲဒါဆိုရင် မင်း ဘယ်လို ဖြေရှင်းလိုက်ရလဲ ညိုကြီး ။ ပြဿနာတွေ တက်ကုန်ပြီလား ”

“ ...... ....... ..... ..... ”

“ ဪ ... အေးကွာ ။ ငါ အိမ်ပြန် ရောက်မှ မင်း ဆီ ကို ဖုန်း ပြန် ဆက် လိုက်မယ် ညိုကြီး ”

ညိုကြီး နှင့် ဖုန်းပြော အပြီး ဖြစ်သွားခဲ့သော သူ ၏ တဒင်္ဂ အခြေအနေ အောက်တွင် ဘေး က ဇနီး ဖြစ်သူ သက် ကတော့ နားမလည်နိုင်ရှာဘဲ ရှိ လေသည် ။ “ ဘာဖြစ်တာလဲ မောင် ... ညိုကြီး က ဘာပြောလာလို့ လဲ ” ဟူသော သက် ၏ အမေး ကို ပြန် ဖြေဖို့ ရန် ရုတ်တရက် အခြေအနေ ၌ သူ့ တွင် အဖြေ တစ်ခု အဆင်သင့် ရှိမနေခဲ့ပါ ။

“ ညိုကြီးတို့ တည်းခိုခန်း ကို အရွယ်မရောက်သေးတဲ့ ကျောင်းသား ၊ ကျောင်းသူ စုံတွဲလေး ရောက်လာလို့ တဲ့ ။ အဲဒါ ကျောင်းသူ ရဲ့ မိဘတွေ က သိသွားလို့ တည်းခိုခန်းမှာ ပြဿနာ လာရှာလို့ တဲ့ ။ အဲဒါ အခု ညိုကြီး တို့ ပြဿနာ တက်နေတယ်တဲ့ ”

“ ကိုစည်သူထွဋ် နဲ့ မသက်ထားမေ တို့ ရှိပါသလား ” 

သူ ၏ ရှင်းပြမှု ကို တွေဝေစွာ နားထောင် နေသော သက် နှင့် တစ်စုံတစ်ခု အတွက် ပြင်းထန်စွာ တွေးနေမိသော သူ ၏ အနား သို့ အပြာရောင်ဝတ် ဆရာမလေး က ဖိုင်တစ်ချို့ ကိုင်ပြီး ရောက်လာလေသည် ။

“ စောစောက ရိုက်ထားတဲ့ အာထရာဆောင်း အဖြေ ရပါပြီရှင် ... သမီးကလေး ပါရှင် ”

“ ဗျာ ”

သူ ၏ နှုတ် က သာ “ ဗျာ ”   ဟု ထွက်သွားသော်လည်း ဇနီးသည် သက် ရဲ့ နှုတ်ဖျားကတော့ ဘာ စကားမှ ထွက်ကျမလာခဲ့ ။ သားလေး ဖြစ်စေ ၊ သမီးလေး ဖြစ်စေ ရတနာပါပဲ ဟု ပင် သက် က မကြာမီလေး က ပြောနေ ခဲ့ သေးတာလေ ။ “ မောင် ... သွားစို့ ” ဟု ပြောလာသော သက် ၏ စကား အတိုင်း သူ လည်း သက် နှင့် အတူ လိုက်ပါ လာရသော်ငြား ၊ အဖြေ မရှိသ ည့် မေးခွန်းပေါင်း ကုဋေကုဋာ နှင့် သူ့ စိတ်တွေ လေးလံ မွန်းကျပ်နေလေသည် ။ မိုးခါးရေ ဆိုမှ တော့ အမှန်တကယ် မှာ ချိုမြိန်မှု ရော ရှိနိုင်ပါဦးမည်တဲ့လား ။ ညိုကြီး တို့ သောက် ခဲ့သော မိုးခါးရေ ။ မကြာမီပင် သူတို့ ကိုယ်တိုင် သောက်ကြရဦးမည့် မိုးခါးရေ .. ။

မိုးခါးရေ ... မိုးခါးရေ ... မိုးခါးရေ ... ။

“ သက် ... မောင်တို့ ဘော်ဒါဆောင် မှာ နေသွားခဲ့တဲ့ ကောင်မလေးတွေ ကို ဖုန်းဆက် လို့ ရမလား ”

“ ရတယ်လေ မောင် ရဲ့ ဘာဖြစ်လို့ လဲ ”

“ မောင်တို့ အိမ် ပြန် ရောက်ရင် တစ်ယောက်ချင်း ဆီကို ဖုန်းပြန် ဆက်ကြရ အောင်ကွာ ... ပြီးတော့ မောင်တို့ ဆီ မှာ ပြန် နေရအောင် လည်း သူတို့ ကို သက် က ပဲ ပြန် ပြောလိုက်တော့ကွာ ... နော် ... ”

▢  မင်းဝေဟင်
📖 ရတီမဂ္ဂဇင်း
      ဒီဇင်ဘာ ၂၀၁၂

No comments:

Post a Comment