Monday, December 16, 2024

သွာနုတ္တသားများ

 

❝ သွာနုတ္တသားများ ❞
     ( မင်းဝေဟင် )

( ၁ )

ကျုပ် ရဲ့ ယောက္ခမကြီး မှာ သမီး သုံးယောက် ရှိတယ် ။ ပဒုမ္မာ တဲ့ ။ မှုန်နံ့သာ တဲ့  ။ ယမုန်နာ တဲ့ ။ ဒီ သုံးယောက် ထဲ မှာ ကျုပ် ရဲ့ မိန်းမ က အလယ် လူ မှုန်နံ့သာ ။ သမီး တစ်ကောင် နွား တစ်ထောင်နှုန်း နဲ့ တွက်မယ် ဆိုရင် တော့ ကျုပ် ယောက္ခမကြီး မှာ နွားအကောင် သုံးထောင် ပိုင်တာပေါ့ ။ ဒီ စကား က သာမန်လူတွေ ပြောတဲ့ စကား ။ ကျုပ် ယောက္ခမ ကျတော့ အဲလိုမျိုး မဟုတ်ဘူး ။ “ သမက် တစ်ကောင် နွား တစ်ထောင် ” ဆိုပဲ ။

ဒါက ကျုပ် တို့ နောက်ကွယ် မှာ ပြောတဲ့ စကား မဟုတ်ဘူး နော် ။ ကျုပ်တို့ ကြားလောက်တဲ့ နေရာ က ကို ပြောနေတာ ။ ဒါပေမဲ့ ဒီ စကား က လောလောဆယ် မှာ ပြော နေတဲ့ စကား မဟုတ်ဘူး ။ လောလောဆယ် မှာ မပြော ဆိုရင်လည်း ကျုပ် အပါအဝင် သမက် သုံးယောက် ထဲ ။ မကြာခင် ရက်ပိုင်း အတွင်း အိမ်ပေါ် ရောက်တော့မယ့် လောလောလတ်လတ် ပူပူနွေးနွေး သမက်ကလေး ကျတော့ သူ က နွားတစ် ထောင် ရယ် လို့ သတ်မှတ်ထားတာ မှ မဟုတ်တာက လား ။ သူ့ စိတ် ထဲ မှာ သတ်မှတ် ထားတာ က ကျုပ် တို့ သမက်အကြီး နှစ်ယောက် အတွက် နွားနှစ်ထောင် ရယ် လေ ။

ခတ်တော့ လည်း ခက်သား ။

တစ်အိမ် တည်း နေ ၊ တစ်အိုး တည်း စားတဲ့ အနန္တဂိုဏ်းဝင်ကြီး အကြောင်း ကျုပ် ပြော နေရင် လည်း ဘယ် ရှုထောင့် က ကြည့်ကြည့် ကျုပ် အလွန်ပေါ့ ။ ယောက္ခမ နဲ့ သမက် ရာဇဝင် အစုံအလင် ကြား ၊ ထော်လော်ကန့်လန့် ကိစ္စတွေ အပုံအပင် ကြား ကျုပ် က ယောက္ခ မကြီး အကြောင်း ဋီကာချဲ့ နေရင်လည်း မဟုတ်သေးပြန်ဘူး ။

ဒါပေမဲ့ကား ကျုပ် ယောက္ခမကြီး သမက်တွေ ကို အကောင်း မမြင်တာ ကျတော့ ပေါက္ခရဝဿမိုး ရွာတယ် ခေါ်မလား ။ ကွက်ကြား မိုးရွာတယ် ပြောမလား ။ အဲဒီလို မျိုးကြီး ။ ကျုပ် တို့ သမက် အကြီး နှစ်ယောက် နေရာ က ဝင်ကြည့် ။ ဘယ်လိုမှ ကို အဆင် မပြေတာ ။

ကျုပ် တို့ ကို ခေါ်ပုံ ကြည့် ။ ငထူး တဲ့ ။ ငလင်း တဲ့ ။ အံမယ် သူ့ သမက် ဖြစ်ဖို့ ပါမစ် အပြည့်အဝ မရသေးတဲ့ သမက် ကို ကျတော့ ခေါ် နေလိုက်တာ ။ “ ထွန်း ” ဆိုပဲ ။

ကြည့်ဦးလေ ။ လုပ်ပုံကို ။

•••••   •••••   •••••

( ၂ )

သမီး သုံးယောက် နဲ့ သမက် သုံးယောက် တိတိကို ပိုင်ဆိုင်ထားတဲ့ ကျုပ် ရဲ့ ယောက္ခမကြီး နာမည် က ဗိုလ်ကြည် တဲ့ ။ ဗိုလ်ကြည် ဆိုလို့ ဘာ ဗိုလ်ကြီး လဲ ဆိုပြီး ရင်ဘတ် တွေ ၊ ပုခုံး တွေ က အပွင့် တွေ ၊ အခက် တွေ ကို ပြေး မြင်ကြည့် မနေနဲ့ ။ လွဲဦးမယ် ။ ဒီ နာမည် ရတာ အတိအကျ မပြော နိုင်ပေမယ့် ကျုပ် မိန်းမ ဆီ က တစ်စွန်းတစ်စ ကြား ရတာတော့ ငယ်ငယ် ကတည်း က နေရာတကာ ဗိုလ်ကျတတ်လွန်း ၊ လူတွင်ကျယ် လုပ်လွန်း လို့ တွင် လာတဲ့ နာမည် လို့ ပြောတာပဲ ။

ဦးဗိုလ်ကြည် က အခုတော့ အငြိမ်းစားကြီး ။ အရင်တုန်း ကတော့ အစိုးရဌာန တစ်ခု ရဲ့ ရုံးအုပ် ပေါ့ ။ သူ့ ရဲ့ မိန်းမ ၊ ကျုပ် ရဲ့ ယောက္ခမကြီး က တော့ ဆုံးတာ ကြာပေါ့ ။ ကျုပ် နဲ့ မှုန်နံ့သာ မယူခင် ကတည်းက ဆိုပါတော့ ။ အဲဒီ အချိန် ကတည်း က သူ့ မိန်းမ ရဲ့ ပါးစပ် တစ်ပေါက် ကိုယ်စား ပါ သူ့ မှာ အလုပ် လုပ်ခဲ့ရတယ် ထင်ပါ့ ။ မိုးလင်းမိုးချုပ် ပြောလည်း ပြောနိုင် လွန်းတဲ့ အဖိုးကြီး ။ သူ့ ပါးစပ် က ရုံး မှာ ပင်စင် ယူ လိုက်ရပေမယ့် အိမ် မှာ ကျ ပင်စင် မယူ ။ ယူ ဖို့ လည်း ဘယ်တော့မှ စဉ်းစားတော့ မှာ မဟုတ်တဲ့ ပါးစပ်ပေါက်ကြီး တစ်ပေါက် နဲ့ မျက်စေ့ က တွေ့တာ ကို ဦးနှောက် က ချက်ချင်း အလုပ် လုပ်လို့ လော်စပီကာ မလိုတဲ့ အသံကြီး နဲ့ အော်ပြီး ပြောနေတာ ။

မနက် ၇ နာရီ ထိုးလို့ မှ မနိုး မရှိလိုက်နဲ့ ။ သမီး နဲ့ သမက် အခန်းဆို တာတွေ ထည့် မစဉ်းစား ။ သင့်တော်၏ မသင့်တော်၏ တွေ လည်း ထည့် မတွက် ။ ကျုပ် တို့ အခန်း ရှေ့ ကို လာ ၊ သူ့ ရဲ့ မွေးရာပါ အသံကြီး နဲ့ ။

“ ဟေ့ ... အခု အချိန်ထိ ထရကောင်းမှန်း မသိကြသေးဘူးလား ။ တော်တော် တိုးတက် ကြီးပွားကြဦးမယ့် ဟာတွေ ၊ လူ ဆိုတာ တစ်ခါ စား ရုံနဲ့ တစ်လလောက် ဗိုက်မှောက် နေလို့ ရတဲ့ မြွေ မဟုတ်ဘူး ။ နေတိုင်း စားဖို့ နေ့တိုင်း အလုပ် လုပ်နိုင်မှ တန်ကာကျမှာ ”

အဲဒီလောက် နဲ့ သူ့ စကား က ဆုံးသေးတာ မဟုတ်ဘူး ။ ကြားချင် စွမ်း မရှိတဲ့ ကျုပ် ရဲ့ အာရုံက နှိုးဆော်လို့ နားနှစ်ဘက် ကို လက်ညှိုး နှစ်ဘက် နဲ့ ထိုးပိတ် ။ ခေါင်းအုံးတွေ ၊ စောင်တွေ ကြား ခေါင်း ထိုးလို့ ဖင်မူးတောင်း ထောင် နေလိုက်တာ တောင် သူ့ အသံ က ပအဲ့ ၊ ပအဲ့ နဲ့ ခပ်ယဲ့ယဲ့ ကြားနေရသေးတာ ။

သူ့ ရဲ့ ပြောပုံ ၊ ဆိုပုံတွေ ကို ကြည့်ဦး ။ ကျုပ် ကပဲ အလုပ် မရှိ ၊ အကိုင် မရှိ ၊ နိစ္စဓူဝ သူ့ လုပ်စာ ကို ထိုင်ခုံ ခြေကန် ၊ ပြဲလန်အောင် စားနေတဲ့ ပုံ ။ ကျုပ် အလုပ် ကျုပ် သိသပေါ့ ။ ကျုပ် သွားရမယ့် အချိန် ကျုပ် သိသပေါ့ ။ ကျုပ် အ လုပ် က ကားပွဲစား ပဲ ။ ကားဝယ်ရောင်း ပဲ ။ ကျုပ် လူတွေ ရှိတဲ့ အချိန် အ ရောင်းအဝယ် ရှိတဲ့ အချိန် ကျုပ် သွားရမယ့် နေရာ မသိဘဲ နေမလား ။

ဝယ်သူ မရှိ ၊ ရောင်းသူ မရှိတဲ့ အချိန် ကျုပ် က ကား ကို ဟင်းရွက် ၊ ကန်စွန်း ဝယ်ရောင်း လုပ် သလို “ ဒီ အပိုင်း က ကား ယူကြဦးမလားဗျို့ ” ဆိုလို့ ရ မလား ။ ဒါကို နေရာတကာ ပါတာလေ သူ က ။ ကျုပ် ရဲ့ မိန်းမ ကတော့ သူ့  အဖေကြီး ကို ကြောက်ရတယ် ခေါ်မလား ။ စကားနည်း ရန်စဲ လို့ ပဲ ခေါ်မ လား ။ ခေါင်းကုတ် ၊ လက်ကုတ် ၊ ကုတ်စရာရာ ရှိတာ အကုန် ကုတ်လို့ အိပ်မှုန်စုံမွှား နဲ့ ထ သွားရော ။ ပြောသာ ပြောတာ ။ သူ့ အသံ အာပြဲကြီး ကြောင့် နိုး သွားတဲ့ ကျုပ် ကျ တော့ရော ဘယ်လို ဆက်ပြီး အိပ်လို့ ရပါတော့မလဲ ။ အဲဒီလို အဘိုးကြီး ။

•••••   •••••   •••••

( ၃ )

ဦးဗိုလ်ကြည် ရဲ့ သမီး အကြီးဆုံး ပဒုမ္မာကြည် ရဲ့ အမျိုးသား နာမည် က ထူးအောင် တဲ့ ။ ကျုပ် ရဲ့ စီနီယာမယား ညီအစ်ကို ပေါ့ ။ ဦးဗိုလ်ကြည် ချစ် စနိုးလေး နဲ့ ခေါ်တော့ ငထူး တဲ့ ။ ကိုထူး က ရူပဗေဒ နဲ့ သိပ္ပံဘွဲ့ တစ်ခု ရပြီး သား ။ ကျုပ် ထက် ဒီအိမ်ကြီး ဆီ နှစ်နှစ် နီးပါး စောစီးစွာ ရောက်လာတဲ့ သူ ပေါ့ ။ တကယ်တော့ ကိုထူး က လူအေး ၊ စိတ်အေး ။ အတွင်းသဘော လေးက ... တကယ် ကို ကောင်းရှာတာ ။ ကျုပ် ယောက္ခမကြီး နဲ့ တော့ ပြောင်းပြန်ပေါ့ ။ ပဒုမ္မာ နဲ့ မရခင် ကိုထူး က ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခု မှာ လုပ်တယ် ။

ပဒုမ္မာ နဲ့ ကိုထူး ယူပြီးတော့ ကိုထူး အလုပ် ထွက် လိုက်တယ် ။ ဘာကြောင့် ဆိုတဲ့ အဖြေ ကို ဒီနေ့ အထိ ကျုပ် ရေရေရာရာ မသိပေမဲ့ ဦးဗိုလ်ကြည် နဲ့ တိုက်ရိုက် ပတ်သက်မယ် လို့ တော့ ကျုပ် က တွက်ပြီးသား ။ သမီးတွေ ကို မျက်စေ့ အောက် က အပျောက် မခံနိုင်တာနဲ့ သမက် တွေ ကို ပါ အောင့်ကာ နမ်း လိုက်ရတဲ့ ပုံ ။ မည်သို့ ဆိုစေပေါ့ ။ နောက်ဆုံးမှာ တော့ ကိုထူးကြီး လည်း ဒရိုင်ဘာ သာသာ ရာထူး ကို ပိုက်လို့ ဦး ဗိုလ်ကြည် ရဲ့ အိမ် မှာ အမှုတော်ထမ်း နေတာ ဒီနေ့ ထိပဲ ဆိုပါတော့ ။

ကိုထူး က တကယ့် ကို လူအေး ။ ကျုပ် နဲ့ ပြောင်းပြန်လို့ တောင် ပြော လို့ ရတယ် ။ ယောက္ခမကြီး ရဲ့ ပွစိ ၊ ပွစိ တိုက်ပွဲတွေ ကြားထဲ မှာ လည်း နားကင်းပိတ် နေတဲ့ မြွေတစ်ကောင် လိုပဲ ။ ဘာမှ မကြားဟန် နဲ့ သူ့ အလုပ် သူ လျှောခနဲ ၊ လျှောခနဲ ဆက် လုပ်နေတာ ။

“ ငါ့ စကား ကို မကြားချင် ယောင် ဆောင်တဲ့ လူတွေ အခုချက်ချင်း ထိုင်ရာမထ ကြီးပွားကြပါစေ ။ ချမ်းသာကြပါစေ ”

ဟော ။ ကိုထူး တို့ လို လူအေးမျိုး ကို တောင် သူ က အလွတ် ပေးတာ မဟုတ်ဘူးလေ ။ အချိန်အခါ မဟုတ် ၊ ဘာကောင်းမှု ကုသိုလ် မှ လည်း မလုပ်နဲ့ မေတ္တာ ပို့ နေတတ်တာမျိုး ။ “ သတ္တဝါတွေ အားလုံး ကျန်းမာ ၊ ချမ်းသာကြ ပါစေ ။ မှတ်ချက် - ငါ့ သမက်များ မပါ ” ဆိုသလိုမျိုး တောင် ဖြစ်နိုင်ရင် သူ က မေတ္တာ ပို့နေ ချင်သေးတာ ။

ခက် လည်း ခက်တဲ့ အဘိုးကြီး ။

သူ ပွစိ ၊ ပွစိ ပြောတာ ကို ကိုထူး လို မကြားချင် ယောင် မဆောင်ဘဲ ကျုပ်လို ရောက်တတ်ရာရာ သီချင်း အပိုင်းအစ တစ်ခုခု ။ ဥပမာ - “ ကြာပါတယ်ကွာ ၊ မြန်မြန်လာ သိပ် စိတ်ညစ်တယ် ၊ ကြာပါတယ်ကွာ တော်တော်ကြာ မုန်းမိလိမ့်မယ် ” ဆိုတာမျိုး ကို သူ့ အသံ ထက် သိပ်ပြီး မတိုးလှတဲ့ အသံ နဲ့ ရွတ်ကြည့်တဲ့ အခါကျ ...။

“ အလဲ့ ... တယ်လည်း အသံ ကောင်းတဲ့ ငါ့ သမက် ပဲ ။ မင်း က ငါ့ သမီး နဲ့ မညားသင့်ဘူး ။ အဆိုတော် လုပ်ပြီး အဆိုတော်မ တစ်ယောက် ယောက်နဲ့ ညားသင့်တာ ” တဲ့ ။ အဲသလို ရွဲ့စောင်းတဲ့ နေရာ မှာ လည်း မိန်းမကြီး တစ်ယောက် က အရှုံးပေး ရလောက်အောင် ပြောင်မြောက်တာ ။

“ ငါ လည်း ... လူပျို လို မနေမိ လို့ သမီးလေး တွေ မွေးထားမိပါတယ် ။ ဘယ်လို သမက်တွေ နဲ့ ရေစက် ဆုံရမှန်း ကို မသိဘူး ။ တစ်ယောက် က လည်း မိုးလင်း ငုတ်တုပ် ၊ မိုးချုပ် ငုတ်တုပ် ။ တုံဏှိဘာဝေ ။ တေမိမင်း လေမိထားသလို ။ နောက် တစ်ယောက် ကျတော့ လတ်လျား ၊ လတ်လျား ၊ လူ့ဘော်ကြော့ ။ လူ့ငဖျင်း ။ ကိုယ် စားမယ့် ထမင်းလုပ် မ,ရ မှာ တောင် လက်ကြော တင်း မှာ စိုးလို့ ပါးစပ် နဲ့ လိုက် ဟပ်တယ် ဆိုတဲ့ လူစားမျိုး ။ ဒီလို သမက်တွေ ကို ထိန်းရမယ့် အစား နွား အကောင် နှစ်ထောင် လောက် ကို ထိန်းပစ် လိုက်ချင်တော့တယ် ”

အဘိုးကြီး ဒီလို စကားတွေ ပြောတဲ့ အခါကျ ကိုထူး ရဲ့ စိတ် ထဲ ဘယ်လို ရှိမယ် မသိပေမဲ့ ကျုပ် စိတ် ထဲ ဒေါသ မထွက်ဘဲ နေမလား ။ အဘိုးကြီး နဲ့ ထိပ်တိုက် တွေ့ဖို့ လက်သီး လက်မောင်း တန်းမိတာ အကြိမ်ကြိမ်လေ ။ ဒီ အိမ်မှာ မနေဘူး ။ အိမ် ခွဲမယ် ပေါ့ ။ ဒီလောက်တောင် စဉ်းစားမိတာ ။

နောက်ဆုံးတော့ ။ ကျုပ် ရဲ့ မဟေသီ မှုန့်နံ့သာကြည် ရယ် က စကားလုံးပေါင်း မြောက်များ စွာ နဲ့ ကျုပ် ကို ဖျောင်းဖျ ။ သီချင်းထဲ က လို “ ခဏလေး တော့ စောင့်ပါဦး ” ဆိုတာမျိုးတွေ နဲ့ နှစ်သိမ့် ။ တစ်ကယ်တန်းကျ သူ့ ရဲ့ သမီးသုံးယောက် ဆိုတာက အဘိုးကြီး နဲ့ နည်းနည်းမှ တူကြတာတွေ မဟုတ် ။ ဒါပေမဲ့ သူတို့ အဖေ အဘိုးကြီး ကိုကျ သူတို့ က ချစ်ရှာသား ။ ဘယ် သမီး က မှ ပစ်ပြီး မသွားချင်ကြ ။ အဘိုးကြီး က တော့ ကျုပ် တို့ ကို သာ ကြည့် မရတာပါ ။ သူ့ သမီး တွေနဲ့ ကျတော့ ဟုတ်လို့  ။

•••••   •••••   •••••

( ၄ )

ကျုပ် တို့ သမက် အကြီး နှစ်ယောက် ကို ဘယ်လိုမှ အမြင် မကြည်နိုင် တဲ့ အဘိုးကြီး ။ သူ့ သမီး အငယ်လေး ကျရင် တော့ ယောက်ျား ပေးစား တော့မှာ မဟုတ်ဘူး လို့ ကျုပ် တို့ တွက်ထားတာ ဘာ ကြာတုန်း ။ သူ့ သမီး အငယ် ယမုန်နာကြည် ရဲ့ မင်္ဂလာကိစ္စ က ဝုန်းဆို ပေါ်လာတာ ။

တကယ်ဆို ကျုပ် တို့ အကြီး နှစ်ယောက် တုန်းက သူက သဘော မတူ ခဲ့တဲ့ အပြင် ငါးရန့် ကို ပြာလူး ၊ ဆားပက် ထားသလို ဆွေ့ဆွေ့ခုန် နေသေး တာ မဟုတ်လား ။ သူ့ သမီးတွေ က ကျုပ်တို့ ကို ကြိုက်လွန်းလို့ သာ ကျုပ်တို့ မှာ သူ့ သမက် ဖြစ်ခွင့်ရခဲ့တာ ။ ခက်တော့ လည်း ခက်သား ။ မျက်စေ့ အောက်က လည်း အပျောက် မခံနိုင် ။ အကောင်း ကျတော့ လည်း တစ်စက်ကလေး မှ မမြင် ။ အဆိုးဆုံး က တော့ “ ငါ့နှယ် ကွာ ။ ဘယ်လို သမက်တွေ ရထားလဲ မသိဘူး ” ဆိုတဲ့ နှုတ်ထွက် စကားပဲ ။

ဒီလောက်ကြီး သမက်တွေ နဲ့ အဆင် မပြေ နိုင်တဲ့ အဘိုးကြီး က သူ့ သမီးအငယ်လေး ကို ယောက်ျား ပေးစားပြီး သမက် နောက် တစ်ယောက် ကို အိမ်ပေါ် တင် လက်ခံဦးမယ် ဆိုတော့ ကိုထူး နဲ့ ကျုပ် အံ့သြမှုတွေ နဲ့ အတူ မတိုင်ပင်ဘဲ ပြုံးမိတယ် ။ ဒီအတောအတွင်းတုန်း က အဘိုးကြီး ရဲ့ မျက်နှာ ဆို တာများ အီတလီပေါ်လစ် တိုက်ထား သလို ဝင်းလို့  ၊ ပြောင်လို့ ။ သူ့ မျက် နှာပေါ် ကို လာ နားတဲ့ ခြင်တွေ တောင် တဗုန်းဗုန်း နဲ့ ချော်လဲချင်စရာ ။ ကျ ပ်တို့ နှစ်ယောက် ရှေ့ ရောက်ရင်တောင် အသံ ကျယ်ကျယ် နဲ့ ။

“ ဒီ အိမ် မှာ နောက် တစ်ယောက် ထပ်ပြီး ရောက်မှာ ဆိုတော့ အားလုံး ကိုယ့်စည်း ၊ ကိုယ့်ကမ်း နဲ့ နေကြမယ် ။ အုတ် အရောရော ၊ ကျောက် အရောရောတွေ လုပ် မနေကြနဲ့ ။ အုတ် က အုတ် ၊ ကျောက် က ကျောက် ပဲ ။ ဒီလောက် ဆိုရင် သဘောပေါက် ကြလိမ့်မယ် ထင်တယ် ”

အဘိုးကြီး ရဲ့ အဲဒီ စကား ကို ကြားရတော့ မမြင်ဖူးသေးတဲ့ ကျုပ် တို့ ရဲ့ မယား ညီအစ်ကိုလောင်းလျာလေး ကို တောင် မဆီမဆိုင် ယောက်ျား တန် မဲ့ အမြင်ကတ် သွားချင်သေး ။ စိတ်မဝင်စားပေမယ့် ကြားနေရတာ တော့ စုံလို့ ။ ယိုးဒယား က အလှကုန်ပစ္စည်းကုမ္ပဏီ တစ်ခုမှာ ရှယ်ယာဝင် တဲ့  ။ ဘွဲ့ရပြီးကတည်း က ယိုးဒယား မှာ အခြေချ နေတာ ငါးနှစ် ရှိပြီတဲ့ ။ မိန်းမ ယူပြီး လက်ရှိ လောလောဆယ် မြန်မာပြည် မှာ နေမှာ ဆိုပေမယ့် နောက်ဆို ယိုးဒယား မှာ ပဲ အခြေချ မှာ ဆိုတာလည်း ပါရဲ့ ။ ယမုန်နာလေး ပါ ထိုင်းမှာ သွားနေရမယ် ဆိုတာ လည်း ပါရဲ့ ။ အဘိုးကြီး ဇာတ်ပို့ ကောင်း လို့ အာရုံ မပါဘဲ နား ထဲ ဝင် နေတဲ့ မယားညီအစ်ကိုလေး အကြောင်းတွေလေ ။

အဘိုးကြီး တစ်ထွန်း တည်း ထွန်း နေတဲ့ “ ထင်အောင်ထွန်း ”  ဆိုတဲ့ မ ယားညီအစ်ကိုလောင်းလေး ကို စပြီး မြင်ဖူးတဲ့ နေ့ က ။ လား ... လား ။ အ လှကုန် ကုမ္ပဏီပိုင်ရှင် ဆိုတာ ရုပ် ကြည့်သိလောက်အောင် ဖြူနုဝင်းဖန့် နေတဲ့ အသားအရည် နဲ့  ။ မင်းသား ရှုံးရ လောက်အောင် ကြွရွ ၊ လှပနေတဲ့ ရုပ် နဲ့ ။ ထောင်ထောင်မောင်းမောင်း - ဗလကောင်းကောင်း နဲ့ ယောက်ျားချင်း တောင် ငေးချင်စရာ ။

ကျုပ် လို အသားအရည် မဲပြောင်ပြောင် ၊ နှုတ်ခမ်းမွှေးစစ ၊ အရပ် ကလန်ကလား နဲ့ လူ ကတော့ ပြော မနေနဲ့  ။ ကိုထူး တို့ လို ရူပဗေဒ နဲ့ တက္ကသိုလ် တက်တုန်း King ဖြစ်ခဲ့ဖူးတဲ့ လူ တောင် ထင်အောင်ထွန်း ဆိုတဲ့ ကောင် နဲ့ ကျ အကွာကြီး ကွာနေပါ ရော့လား ။ အပြုံးချိုချို အပြောချိုချို တွေ နဲ့ တင်အောင်ထွန်း ကတော့ ယမုန်နာ တင် မက ဦးဗိုလ်ကြည် ပါ ကြွေသွားလောက် ရဲ့ ။ ပြုံးနေလိုက်တာများ ပါးချိုင့်လေးများ တောင် ခွက်လို့ ။ မျက်လုံး အိမ် ထဲ က အရည်ကြည်လေးတွေ တောင် လက်လို့ ။ စိုလို့ ။

•••••   •••••   •••••

( ၅ )

ဒါပေမဲ့ မကြာပါဘူး ။ မကြာပါဘူး ဆိုတာက ထင်အောင်ထွန်း နဲ့ ယမုန်နာကြည် တို့ ရဲ့ မင်္ဂလာဦးည မှာ ပဲ ပြဿနာတွေ က စ ဖြစ်တာ ။ ပြောရ ရင်တော့ အိမ်ပေါ် ကို ထင်အောင်ထွန်း စ ရောက်တဲ့ ပထမဆုံး နေ့ပေါ့ ။

အဲဒီ ည က ကျုပ် တို့ လည်း အိပ်ယာ စောစော ဝင်တယ် ။ ဘာရယ်လို့ တော့ မဟုတ်ပါဘူး ။ အိမ် မှာ အိမ်သား တစ်ယောက် တိုးလာပေမယ့် လောလောဆယ်မှာ ပြောစရာ စကား က လည်း ရှာကြံပြီး ပြောနေရတာ ဆိုတော့ မထူးတဲ့ အဆုံး အပေါ်ထပ် ကို တက်လို့ အိပ်ယာပဲ စောစောဝင် လိုက်တယ် ။ ကျုပ် တို့ စုံတွဲ အိပ်ယာဝင် တော့ ကိုထူး တို့ လင်မယား တော့ ကျန်သေးတယ် ။ ဒါပေမဲ့ သူတို့ လည်း သိပ်တော့ မကြာဘူး ထင်ပါရဲ့ ။ အပေါ်ထပ် ကို တက် လာတဲ့ အသံတွေ ကြားရတယ် ။

ဒီလိုနဲ့ အောက်ထပ် ဧည့်ခန်း ဘက် က အသံတွေ တိတ်သွားပြီး ဘာ ကြာတုန်း ။ အောက်ထပ် ထင်အောင်ထွန်း နဲ့ ယမုန်နာ တို့ ရဲ့ အခန်း ဘက် က ဆူညံသံတွေ ရုတ်ချည်း ထွက်လာတာ ။ အသံ ကြားကြားချင်း ကျုပ် လည်း “ ဟ ဘာလဲဟ ” ဆိုပြီး ခေါင်း ထောင် မိရုံမက ခြေလှမ်း ပါ ပြင် ဖို့ စဉ်းစားပြီ ။ ဒါကို ကျုပ် ဇနီး က ကျုပ် လက် ကို လှမ်း ဆွဲတယ် ။ ဘာဖြစ်တာလဲ ။ အခြေအနေ ကို စောင့်ကြည့်ဦး ဆိုတဲ့ သဘောပေါ့ ။

ခဏ ကြာတော့ အသံတွေ က ဧည့်ခန်း ဘက် ကို ရောက် လာတယ် ။ ယမုန်နာ ရဲ့ အသံ က အတော် ကျယ်ပေမယ့် ငိုသံတွေ စွက် နေတဲ့ အတွက် ဘာမှ မသဲကွဲဘူး ။ အဲဒီ အသံတွေ နောက်မှာ တိုးတိုးအုပ်အုပ် နဲ့ အသံ တစ်သံ ကို ကြားရတော့ အစပိုင်း မှာ ထင်အောင်ထွန်း ရဲ့ အသံ ပဲ လို့ ကျုပ် ထင် ပေမယ့် သေချာ နားထောင် ကြည့်တော့ ကျုပ်  ယောက္ခမကြီး ရဲ့ အသံ ဖြစ်နေတယ် ။ ကျုပ် တို့ လည်း တံခါးလော့ ကို အသာ ဖွင့်လို့ အောက်ထပ် ဧည့်ခန်းဘက် ကို ချောင်း တော့ အောက်ထပ် ဧည့်ခန်း ဆိုဖာ ပေါ်မှာ ထင်အောင်ထွန်း ကို လည်း တွေ့ရတယ် ။ မီးတွေ ဖွင့်ထားတာမို့ အားလုံး ကို သဲကွဲစွာ မြင်နေရတယ် ။ အဘိုးကြီး နဲ့ ယမုန်နာ က တော့ မတ်တပ် ။

“ သမီး ဒီ လူ့ ကို လုံးဝ မပေါင်းနိုင်ဘူး ဖေဖေ ။ မိုးလင်းတာ နဲ့ သမီးတို့ ကို
ကွာရှင်းဖို့ လုပ်ပေးပါ ။ သမီး ဒီ လူ့ မျက်နှာ ကို မကြည့်ချင်ဘူး ” 

ယမုန်နာ ရဲ့ စကားတွေ ထဲ က နောက်ဆုံး စကား ဖြစ်တဲ့ “ မကြည့်ချင်ဘူး ” ဆိုတဲ့ စကား က အကျယ်ကြီး ကို ထွက်လာတာ ။ ပြဿနာ အတော် ကြီးပြီ ဆိုတာ သိပေမယ့် ကျုပ် တို့ လည်း ထွက်ရ အခက် ၊ မထွက်ရ အခက် နဲ့ အခန်းဝ မှာ တစ်လစ်ကြီးတွေ ဖြစ်နေတယ် ။ ကိုထူး တို့ အခန်း ဘက် ကလည်း ကျွီ ဆိုတဲ့ အသံ ကို ကြားရတယ် ။ ထူးဆန်း တာ က ထင်အောင်ထွန်း ပဲ ။ တစ်ဘက် ကို  မျက်နှာ လှည့် လို့ အတော် စိတ်ရှုပ် နေတဲ့ ပုံစံ ရှိနေပေမယ့် ဘာ စကား မှ မပြောဘူး ။

အဘိုးကြီး က တိုးတိုးကျိတ်ကျိတ် နဲ့ ယမုန်နာလေး ကို စကားတွေ ပြောနေပေမယ့် ကျုပ် တို့ ကတော့ ဘာမှ သဲသဲကွဲကွဲ မကြား ရဘူး ။ အပေါ်ထပ် က ကျုပ် တို့ မကြားနိုင်လောက်တဲ့ လေသံ နဲ့ အဘိုးကြီး က ပြောနေတာ လည်း ဖြစ်နိုင်တယ် ။ ကျုပ် ကတော့ “ ဘာဖြစ် တာလဲ ”  ဆိုပြီး ပြဿနာ ရဲ့ အရင်းအမြစ် ကို စဉ်းစားကြည့်တယ် ။

ဝတ္ထုတွေ ၊ ရုပ်ရှင်တွေ ထဲ ကလို ထင်အောင်ထွန်း ဟာ ယောက်ျားစစ်စစ် မဟုတ်ဘဲ မိန်းမလျာ ၊ အပုန်းမကြီး များ ဖြစ်နေလို့ လား ။ ဒါကို ယမုန်နာ က များ တနည်းနည်း နဲ့ သိ သွားသလား ။ သိပ်တော့ မသေချာ ။ အလှကုန် ကုမ္ပဏီ ရှယ်ယာဝင် ဆိုတော့ ဖြစ်နိုင်ချေတော့ အများ သား ။

“ ဂွမ်း ”

ယမုန်နာ က လက်ထဲ မှာ ရှိတဲ့ ဟမ်းဖုန်း ကို နံရံ နဲ့ ပစ်ပေါက်လိုက်တဲ့ အသံကြောင့် အပေါ် မှာ ရှိတဲ့ ကျုပ် တို့ လန့် ကုန်တယ် ။ ယမုန်နာ ဒီလောက်ပေါက်ကွဲ နေပေမဲ့ အပေါ်ထပ် က သူ့ အစ်မတွေ ကတော့ ကြောင်စီစီ နဲ့ တုပ်တုပ် မှ မလှုပ်ကြဘူး ။

“ ရှင် အခု အိမ် ထဲ က ထွက်သွား ၊ ထွက်သွား ၊ ဒီ ယောကျာ်း ကို ဖေဖေ ပေးစားတာ ၊ အခု သမီး ဘယ်လိုလုပ် ရမလဲ ”

ယမုန်နာ ရဲ့ အဲဒီ အသံ အောက် မှာ ထင်အောင်ထွန်း က တုပ်တုပ် မှ မလှုပ်ပေမဲ့ တုပ်တုပ်လှုပ် သွားတာက အဘိုးကြီး ။ အဘိုးကြီး က အုတ်နံရံ ကို လက်သီး နဲ့ ထိုးတယ် ။ ခေါင်း နဲ့ ဆောင့်တယ် ။ ပြီးတော့ သော့ ဖွင့်ပြီး မိုးချုပ်ချုပ် မှာ အိမ် အပြင်ဘက်ကို ပြေးထွက် သွားတယ် ။ ဒီ တစ်ကြိမ်တော့
အပေါ်ထပ် က ကျုပ်တို့ လေးယောက် လည်း မနေသာ တော့ဘူး ။ မတိုင် ပင်ဘဲ အပြေးပြိုင် သလို အောက်ထပ် ကို ဝရုန်းသုန်းကား ရောက် လာတယ် ။ ဘာပြဿနာ ဖြစ်လဲ ဆိုတာ အသာထား ။ အဓိက က အဘိုးကြီး ရဲ့ နောက်ကို လိုက်ဖို့ စဉ်းစားပြီး ခြံ ထဲ ကို ပြေးထွက်တော့ အဘိုးကြီး က အပြင် တောင် ရောက်ပြီ ။ ကိုထူး က လည်း ကျုပ် ရဲ့ နောက် က လိုက်လာတယ် ။

ကျုပ် တို့ ခြံဝ ကို ရောက် တော့ လမ်းထဲ ကို ဝင်လာတဲ့ Taxi ပေါ် အဘိုးကြီး က တက် သွားပြီ ။ ကျုပ် နဲ့ ကိုထူး လည်း ကားတစ်စီး နဲ့ အဘိုးကြီး ရဲ့ Taxi နောက် ကို လိုက်တယ် ။ ကျုပ် တို့ နေတဲ့ ခုနှစ်မိုင် ကနေ Taxi ကား က ပြည်လမ်း အတိုင်း တည့်တည့် သွားပြီး အင်းယားကန် ဘေး မှာ ထိုးရပ် သွားတော့ ကျုပ် တို့ ကား လည်း ရပ်လိုက်တယ် ။ အဲဒီ အချိန် မှာ အဘိုးကြီး က မီးရောင်မှုန်ပျပျ အောက်က အင်းယား ကန်ဘောင်ပေါ် ရောက် သွားပြီ ။

“ ဘုရား ဘုရား ”

ကျုပ် နဲ့ ကိုထူး လည်း လှေကားထစ် တွေ အတိုင်း ကန်ဘောင် ပေါ်  ကို အပြေး လိုက် တက်တယ် ။

အဲဒီမှာ ခက်ပြီ ။

အဘိုးကြီး ကို နောက်က လှမ်းပြီး ခေါ်ဖို့ ကျုပ် နာမ်စား ရှာ မရဘူး ဖြစ်နေတယ် ။ “ ဟေ့ ဟေ့ ” လို့ လှမ်း ခေါ်ရအောင် လည်း မဖြစ်သေး ။ စဉ်းစား ။ စဉ်းစား ။

ဟိုစဉ်က “ အဖေ ” လို့ မခေါ်ခဲ့တာ တောင် ဦးလေး ၊ အန်ကယ် စသည် ဖြင့်ပေါ့ ။ ကျုပ် တို့ တစ်ခု ခု ခေါ်ခဲ့ရင် ကောင်းသား ။ သူ့ သမက် ဖြစ်ခဲ့တဲ့ တစ်လျှောက်လုံး ဘာ နာမ်စား မှ မသုံးဘဲ တိုက်ရိုက် ပြောဆိုခဲ့တဲ့ ကျုပ် တို့ အ ခုမှ နာမ်စား လည်း ရှာလို့ မရတော့ပြီ ။ အဲဒီတော့ အားကိုသာ မီးကုန်ယ မ်းကုန် သုံးပြီး အဘိုးကြီး နောက်ကို လိုက်တယ် ။

အဘိုးကြီး က ရေ ထဲ ကို ခုန်ချဖို့ ပြင်လိုက်ပေမယ့် နောက်က လိုက် လာတဲ့ ကျုပ် တို့ နှစ်ယောက် အချိန်မီ ဖမ်း ဆွဲထား နိုင်ခဲ့တယ် ။ ကျုပ် တို့ နှစ်ယောက် ရဲ့ လက် ထဲ မှာ အဘိုးကြီး မောနေပုံများ ။ ဟောဟဲ ၊ ဟောဟဲ မြည် နေတာ ရင်ခေါင်းသံကြီး တောင် ပါတယ် ။ ကျုပ် တို့ က အဘိုးကြီး ကို တစ်ဘက်စီ ကိုင်ထားပေမဲ့ ဘာ စကား မှ မပြောဖြစ်ဘူး ။

“ ငထူး နဲ့ ငလင်း ရာ ငါ မှား သွားပြီကွာ ။ ငါ ‌ေ သချင်တယ် ”

အစပိုင်း ကျုပ် တို့ လက်ထဲ မှာ အဘိုးကြီး က အားကုန် သုံးပြီး ရုန်းကန်ချင် နေသေးပေမယ့် အခု စကား ကို ပြောပြီး အဘိုးကြီး ဟာ ကိုထူး ရင်ခွင် ထဲမှာ အရုပ်ကျိုးပြတ် လဲကျ သွားတယ် ။

“ အလို ... အဘိုးကြီး ငိုနေပါလား ”

ကန်ဘောင် ပေါ် ၊ မီးရောင်မှုန်ပျပျ အောက် အဘိုးကြီး မျက်နှာ ပေါ်မှာ တွေ့ရတာက မျက်ရည်တွေ ပါလား ။ ကျုပ် အံ့သြ သွားတယ် ။ တုန် လည်း တုန်လှုပ်သွားတယ် ။ တကယ်ပါ ။ ကျုပ် တစ်သက် ယောက်ျားကြီး တွေ မျက်ရည် ကျတာ မမြင်ဖူးတော့ ကျုပ် ရဲ့ ရင်ထဲ ဘယ်လို ဖြစ်သွားမှန်း ကို မ သိဘူး ။ မှတ်မှတ်ရရ ကျုပ် အမေ ‌ေသ တုန်းကတောင် ကျုပ် အဖေ က မျက်ရည် ကျတာ မဟုတ်ဘူး ။

“ အခု ... ယမုန်နာလေး ရဲ့ ယောက်ျား မှာ အရင် အိမ်ထောင် ရှိသတဲ့ ကွာ ။ ဒီည ထိုင်း မှာ ရှိတဲ့ သူ့ ရဲ့ အရင် အိမ်ထောင် က ဖုန်းဆက် လာလို့ အခုလို ဖြစ်ကြတာ ။ အဲဒါ ငါ ရွေးချယ်ပေးခဲ့တဲ့ လမ်း ကွ ။ ငါ ‌ေသ ချင်တယ်ကွာ ”

‌ေသ ချင်တယ် ဆိုတာကိုပဲ အဘိုးကြီး က ထပ်ကာ ၊ ထပ်ကာ ပြောနေ တယ် ။ ထပ်ကာ ၊ ထပ်ကာ ငိုနေတယ် ။ ကျုပ်တို့ ကို တစ်သက်လုံး အကောင်း မမြင်ခဲ့တဲ့ အဘိုးကြီး ။ ဘယ်တုန်းက မှ ကြည့်လို့ မရခဲ့တဲ့ အဘိုးကြီး ။ ကျုပ်တို့ ကို ဘယ်တုန်းက မှ အထင် မကြီးခဲ့တဲ့ အဘိုးကြီး ။ အခုတော့ ကျုပ်တို့ လက် ထဲ မှာ တစ်ကယ့် ကို အရုပ် ကြိုးပြတ် ။

“ အခုမှ နွား တစ်ထောင် စစ်စစ် ကို ငါ တကယ် တွေ့ခဲ့ပြီကွာ ” 

ကိုထူး စိတ် ထဲ ဘာ ရှိသလဲ ဆိုတာ မသိပေမဲ့ ကျုပ် စိတ် ထဲ မှာ အဘိုးကြီး ကို နှစ်သိမ့်ဖို့ စကားလုံးတွေ ရွေး နေတယ် ။ တကယ်ပါ ။ ယမုန်နာ ရဲ့ ကိစ္စ ကို တောင် သတိ မရနိုင် လောက်အောင် လတ်တလော အနေအထား မှာ အဘိုးကြီး ကို ကျုပ် သနား နေတာ ။ ခဏကြာတော့ အဘိုးကြီး ရဲ့ ပျော့ဖတ်ဖတ် ခန္ဓာကိုယ် ကို ကျုပ် တို့ ကား ပေါ် ပွေ့ တင်လိုက်တယ် ။

ကား ပေါ် ရောက်တဲ့ အထိ ကျုပ်တို့ နှစ်ယောက် အဘိုးကြီး ကို ဘာ စကား မှ မပြောဖြစ်ကြသေးဘူး ။ အဘိုးကြီး ရဲ့ ခပ်အက်အက် စကားသံ တွေ နားထောင်ရင်း “ နွားတစ်ထောင် ” ဆိုတဲ့ စကား ကို သာ အကြိမ်ကြိမ် ကြားယောင်လို့ ၊ အချိန် အတော်ကြီး ကြာတဲ့ အထိ အဘိုးကြီး ကို နှစ်သိမ့် ဖို့ စိတ် ထဲ မှာ စကားလုံးတွေ ကို ကျုပ် ပုံဖော် ကြည့်ဖြစ် နေတုန်းပဲ ။ ဒါပေမဲ့ .....။

▢ မင်းဝေဟင်

📖 မဟေသီ မဂ္ဂဇင်း
      နိုဝင်ဘာ  ၊ ၂၀ဝ၉
.

No comments:

Post a Comment