Wednesday, November 22, 2023

သက်ကြီး စကား သက်ငယ် ကြား


 ❝ သက်ကြီး စကား သက်ငယ် ကြား ❞  


ရှေ့က လူရွှင်တော်ကြီးတွေ ဟာ ခွင့်လွှတ်သည်းခံ ပြီး တစ်ယောက် နှင့် တစ်ယောက် နားလည် မှု ရှိသည် ဟု  ကျွန်တော်တို့ ဗီဒီယို ရိုက်ကွင်းတိုင်း မှာ လူရွှင်တော်ကြီး ( ရှေ့မီ နောက်မီ ) ဦးစိန်ရိုး က ပြောပြခဲ့ဖူးပါသည်  ။ 


သက်ကြီး စကား သက်ငယ် ကြား ဆိုသည့် စကား အတိုင်းပါပဲ ။ အစ်ကို ဦးစိန်ရိုး စကား တစ်ခွန်း ကို ကျွန်တော့် နား ထဲ က မထွက် ။ အတု ယူစရာ ၊ ဆင်ခြင်စရာ ၊ မှတ်သားစရာ စကား ဟု ကျွန်တော် မှတ်ယူ ပါသည် ။ ဦးစိန်ရိုး စကား ဟာ အင်မတန် တန်ဖိုး ကြီးမားပါသည် ။


“ ငါ နာမည် ကြီး ခဲ့တဲ့ အချိန် က မစုမိ မဆောင်းမိ ခဲ့လို့ ခု ဒီ အသက် အရွယ် ရောက် မှ

အရှက် မရှိ ဘဲ လုပ်စား နေရတာ ”


ဟူသော စကားပင် ။

 

ကျွန်တော် ဒီ နေရာ မှာ ဦးစိန်ရိုး အကြောင်း အနည်းငယ် တင်ပြ လိုပါ သည် ။ 


ထို လူရွှင်တော်ကြီး ဦးစိန်ရိုး သည် ပြက်လုံး အသစ်အဆန်း ရှာဖွေ ရာ မှာ ကောင်းသည် ဟု အချို့ လူရွှင်တော်များ ပြောပြချက် အရ ကျွန်တော် နှင့် ရိုက်ကွင်း မှာ ဆုံခဲ့တိုင်း ကျွန်တော် မြည်းစမ်း ခွင့် ရခဲ့ပါသည် ။ တကယ်လည်း နှံ့စပ်ပါ ပေသည်  ။ အနုပညာ နှင့် စိတ် ပျော်ရွှင်မှု တို့ကြောင့် ဒီနေ့ ဦးစိန်ရိုး ဟာ လူငယ် တစ်ယောက် လို နုပျိုဆဲ ဖြစ်ပါသည် ။


အခွင့် သာတုန်း ပြောပါရစေ ... ။


လူရွှင်တော် ခင်လှိုင် ၊ စိန်ရိုး ဟု မြန်မာပြည် အနှံ့ ခြေဆန့် ခဲ့ဖူးကြပါသည် ။ ကျွန်တော့် ညီ မောင်ခင်လှိုင် သည် ဦးစိန်ရိုး ထံ မှ ပညာ များစွာ ရခဲ့သည် ဟု ထင်ပါသည် ။ 


ကျွန်တော် သည် လူရွှင်တော် အစစ် မဟုတ်ပါ ။ သို့သော် လူရွှင်တော်ကြီးများ ကို စိတ် ရော ကိုယ် ပါ ချစ်ပါသည် ။ 


ရိုက်ကွင်း တစ်ခု မှာ အစ်ကို ဦးစိန်ရိုး ပြောပြသော လူရွှင်တော် နှစ်ဦး ၏ လူရွှင်တော် ပီသ ခဲ့ကြပုံ များကို ဖောက်သည် ချလိုက်ပါရစေ ။


အကယ်၍ အချို့ နေရာများ လွဲမှားခဲ့သည် ရှိသော် ကျွန်တော် ဗေလုဝ အပြစ် သာ ဖြစ်ပါ ကြောင်း ဝန်ခံပါသည် ။


ရေတာရှည် မှ ဆွာ 


ထုံးစံ အတိုင်း ပွဲကူး ဆိုတော့ ဇာတ်ကား ပေါ် အကုန် တက် ကြပေါ့ ။ ကားခေါင်းခန်း ဆိုတာ ဇာတ်ဆရာ လင်မယား အပိုင် ။ မိုး ရွာရွာ နေ ပူပူ ဇာတ်ကား ပေါ် မှာ ဇာတ်သမားတွေ ပွဲကူးကြရုံ ပဲ ရှိတာ ပေါ့ ။


ရှေးက လူရွှင်တော်များ ပြော ပါတယ် ။ ဦးတိမ်ရောင် ဆိုတာ လူရွှင်တော် ။ ထို ဇာတ် အဖွဲ့ ရဲ့ မရှိ မဖြစ် လူရွှင်တော် ။ သူ့ ရဲ့ ချီလုံး က ပရိသတ် အကြိုက် ။ ( အလွတ် ၊ အလွတ် ) တိမ်ရောင် ... သူ့ ခေတ် သူ့ အခါ က နာမည်ကြီး ။ သူလို လူ တစ်ယောက် က ပတ္တမြားသိန်းဒီ ။ ထုံးစံ အတိုင်း ရေတာရှည် မှ ဆွာ ကို သူတို့ တစ်တွေ ဇာတ် ကူးကြပြီပေါ့ ။


ဦးတိမ်ရောင် က ဇာတ်ကား ပေါ် မှာ  ။ ဒါကို မြင် လိုက်တဲ့ ဦးသိန်းဒီ က ...

 

“ အစ်ကို အစ်ကို ... အစ်ကို က နာမည်ကျော် လူရွှင်တော် လေ ... ဒီ ဇာတ်ကား နဲ့ လိုက်ရ

မယ့် အဆင့် လား ... ဆင်း ဆင်း ... လာ .. ကျွန်တော် နဲ့ သွားမယ် ”


ဒီတော့ ဦးတိမ်ရောင် က ငါ့ ကောင် တော်လှချည့်လား လို့ သူ့ စိတ် ထဲ မှာ တွေးမိ မှာ ပေါ့ ။ ဇာတ်ကား ပေါ် ကနေ ထီးကလေး ချိုင်းကြား ညှပ်ပြီး ဇာတ်ကား ပေါ် က ဆင်း ။


“ အစ်ကို ဒီ လိုင်းကား ပေါ် တက် ... ခေါင်းခန်း က တက် ”


ဒီတော့ ဦးတိမ်ရောင် က ... 


“ သိန်းဒီ ... မင်း လည်း ခေါင်းခန်း လာလေ ”


“ ဟာ ... အစ်ကို က လည်း .. အစ်ကို့ ဘေး မှာ ဆရာလေးလေ ... သုံးယောက် ထိုင်လို့ မှ မရ တာ .. ကျွန်တော် နောက် က ပဲ စီးမယ် ”


“ အေး ... အေး ... သိန်းဒီ ရေ ”


ငိုက်မျဉ်း နေသော ဦးတိမ်ရောင် ကို ကားစပယ်ယာ မှ ..


“ ဆရာကြီး ... ကားခ ” 


“ နောက်က သိန်းဒီ ပေး လိမ့် မယ် ”


“ ဆရာကြီး ... ကားခ ” 


“ နောက်က သိန်းဒီ ပေးလိမ့်မယ် ”


ဒေါသ ထွက် လာသော လိုင်းကား စပယ်ယာ မှ ... 


“ ဘာ သိန်းဒီ လဲ ... ဒီမှာ ဆွာ ကို ရောက်လို့ ဂိတ်ဆုံး သွားပြီ .. ခေါင်းခန်း မှာ ဦးလေး တစ်ယောက် ပဲ ရှိတော့တယ် ... ဘာ သိန်းဒီ မှ မရှိတော့ဘူး ”


ထိုအခါ ကျ မှ ပျာပျာသလဲ ဦးတိမ်ရောင် မျက်လုံး ပွတ် ကြည့် တော့ မှ အိပ်ရေး ပျက် ထားသော အရှိန် ဖြင့် ... 


ဟော ... သိန်းဒီ လုပ်လိုက် ပြီ ။ အစ်ကိုဆရာ ခေါ် ကာ ကား ခေါင်းခန်း ပေါ် တင်ပေးပြီး သူ က ဘယ် ရောက် သွားမှန်း မသိ ။ ဇာတ်ဆရာ က ငွေ မရှင်း သေး တာ မို့ လူရွှင်တော်ကြီး ဦးတိမ်ရောင် ခမျာ ...


“ ငါ့ တူရယ် ... ကားခ ခဏ လေးစောင့် ... ပေးပါ့မယ် ” 


ဟု ပြောပြီး ဂိတ် အနီးအနား ရှိ ကွမ်းယာဆိုင် သို့ သွား ကာ ..


“ ငါ့ တူမ ...  ဒီည ဆွာ မှာ က မယ့် ဇာတ် မှာ ဦး က မှာ ပါ ... လူရွှင်တော် တိမ်ရောင် ပါ ကွာ .. ရော့ ... ငါ့ ထီးလေး ကို ငါးကျပ် နဲ့ ခေတ္တ ထားခဲ့မယ် .. ဇာတ်ကား လာတာ နဲ့ ပြန် လာ ရွေးမယ် နော် ” 


ကားခ ရှင်း ပြီး နောက် ဇာတ်ရုံ ထဲ ကို ဇာတ်ကား အထိုင် ချ ကြတာပေါ့ ။ ဒေါသ ထွက် နေသော ဦးတိမ်ရောင် မှ ...


“ ဟေ့ ... သိန်းဒီ ဘယ် ဇာတ်ကား ပေါ် မှာ ပါလဲဟေ့ ... ဒီည ဒီကောင် အသေပဲ ” 


ပွဲကူးည ဦးသိန်းဒီ ရောက်မလာ ။


“ ဟေ့ ...  သိန်းဒီ မလာသေးဘူးလား ”


ကသည့် ည လက်ဖက်ရည်ထုပ်ကလေး ဖြင့် ..


“ အစ်ကို ... အစ်ကို ” 


“ ဟာ ... သိန်းဒီ ... မင်း သေ ဖို့ သာ ပြင်တော့ ”


ဦးတိမ်ရောင် ၏ ဒေါသ က အထွတ် အထိပ် ။ 


“ ကျွန်တော့် စကား ကို ဆုံး အောင် နားထောင်ပြီး မှ အစ်ကို ကျွန်တော့် ကို သ,တ် ချင် သ,တ်ပါ ...  ဒီ ကားသမား တွေ .. အရမ်း စော်ကားတယ် အစ်ကို ရာ .. ‘  ဆွာ ’ မရောက်ခင် ကား ရပ်တော့ ကျွန်တော် အပေါ့အလေး ဆင်း သွားတယ် အစ်ကိုရာ ... အဲဒါကို ကျွန်တော့် ကို မစောင့်ဘဲ ကားမောင်း ထွက် သွားတယ် ...  ဒီ ကောင်တွေ အရမ်း မိုက်ရိုင်း လွန်း အားကြီးတယ် ” 


“ ဟုတ်တာပေါ့ ကွာ ”


ဦးတိမ်ရောင် ၏ အဖြေ ။ 


“ အစ်ကို ... လက်ဖက်ရည် ကောင်းလား ”


“ အေး .. ကောင်းတယ်ကွ ... ဒါ ဘယ်ဆိုင်ကလဲ ” 


“ အစ်ကို လက်ဖက်ရည် ကြိုက်တတ်မှန်း သိလို့ တကူးတက ဝယ် ခဲ့တာပေါ့ အစ်ကို ရာ ”


“ မင်း ကို အဲဒါကြောင့် ညီအရင်း လို ချစ် နေရတာ ” 


ဦးတိမ်ရောင် ဦးသိန်းဒီ ကို မြင် လိုက် ချိန် ဟိုက ချော့ လိုက်တာ ပျော့ သွားတာပဲ ။ 


ကျွန်တော် ပြောချင် ရေးချင် တာ က စောစောက ဦးသိန်းဒီ နောက် လိုက်တာ တကယ်လို့များ ဦးတိမ်ရောင် မှာ ထီးများ မပါ ခဲ့ ရင် ဘယ်လောက် ဒုက္ခ ရောက်လိမ့် မတုံး ။ 


ဒါပေမဲ့ ဦးတိမ်ရောင် က ခွင့်လွှတ်တယ် ဗျာ ။ 


ကဲ ... ရှေးက လူရွှင်တော် များ ပြောပါတယ် ... ။


ဦးတိမ်ရောင် ကြည့်မြင်တိုင် ဘုန်းကြီးကျောင်း တစ်ကျောင်း မှာ ဒုလ္လဘ ဝတ် သံ ကြားတော့ ဦးသိန်းဒီ ရောက် လာတယ် ။ ရိုသေစွာ ဝတ် ပြုပြီး


“ အစ်ကို ... အဲ ... ကန်တော့ ကန်တော့ ... ဦးပဉ္စင်း .. တပည့်တော် အိမ် မှာ မနက် အရုဏ်ဆွမ်း ကပ်မလို့ လာပင့်တာ ”


“ ဘာအတွက် လှူတာတုံးကွ ”


“ သမီး ကျန်းမာရေး မကောင်းလို့ အလှူ လုပ်ပြီး ယတြာ ချေ တဲ့ သဘောပေါ့ ဦးပဉ္စင်း ရယ် ... မနက်ဖြန် မနက် ၄ နာရီ လောက် အိမ် ရောက်ရင် ရပြီ ... အုန်းနို့ခေါက်ဆွဲဆွမ်း ” 


“ ဦးပဉ္စင်း အကြိုက်မို့ မင်းဟာ က ဘယ်နှပါး ကြွရမှာလဲ ” 


“ ငါးပါး ပါ ဦးပဉ္စင်း ... သုံးဘီးကား ငှားလာခဲ့ ... တပည့်တော် ဟိုကျ မှ စောင့်ပြီး ရှင်းပေးမယ်"


“ အေးအေး ... ကောင်းပြီ ကောင်းပြီ ”


“ တပည့်တော် ကို ပြန်ခွင့် ပြုဦး ... စီစဉ်စရာ ရှိတာ စီစဉ်ရဦးမှာ  ” 


“ အေး အေး ”


ဦးသိန်းဒီ ပြန်သွားသည် ကို ဦးတိမ်ရောင် တစ်ဖြစ် လဲ ဦးပဉ္စင်းကြီး က မိန့်မိန့်ကြီး ပြုံး လျက် ...  


“ သာဓု သာဓု သာဓု ” 


ဝေလီဝေလင်း သုံးဘီးကား သံ တဖုတ်ဖုတ် ဖြင့် ဦးသိန်းဒီ ရှိရာ မြောက်ဥက္ကလာပ ကို အရုဏ် ဆွမ်းစား ကြွကြ တာပေါ့ ။


ဦးသိန်းဒီ အိမ်ရှေ့ ရောက် တော့ အိမ် က လည်း မှောင်နေ ။


“ ဟေ့ ... သိန်းဒီ ... သိန်းဒီ .. ဒီလောက် ဝီရိယ မဲ့ လှချည်လားကွ ... ဇာတ်သမား မဟုတ်တဲ့ အတိုင်းပဲ ”


ကျန် ဦးပဉ္စင်း လေးပါး က တစ်ပါး မျက်နှာ တစ်ပါး ကြည့်လျက် ။


“ ဟေ့ ... သိန်းဒီ ... သိန်းဒီ ”


ခေါ်သည့် အသံက  မြင့်တက် လာ၍ ဘေး အိမ် မှ မီးများ ဖွင့်ပြီး...


“ ဦးသိန်းဒီ မရှိပါဘူး ဘုရား ... မနေ့ည က ပဲ ဇာတ်ထွက် သွားပါတယ် ”


“ တောက် ... ကွာ ... သိန်းဒီ ငါ့ ကို လုပ်လိုက်ပြန်ပြီ ” 


ကျန် ဦးပဉ္စင်း လေးပါး ကို အားတုံ့အားနာ အသံ ဖြင့် ... 


“ ဦးပဉ္စင်း ကို ကျောင်း ရောက် မှ ပဲ ပြောချင်တာ ပြောကြပါတော့ ဘုရား ... အခြေအနေ က ဦးပဉ္စင်း တို့ အမြင်ပဲ ”


ဟု ပြော ကာ ငှား လာသော သုံးဘီးကား နှင့် ပင် တဖုတ်ဖုတ် နှင့် ပြန်လည် ထွက်ခွာ သွားကြလေတော့သည် ။


နောက်မှ သိရသည် မှာ သုံးဘီးကားခ ကို ဦးတိမ်ရောင် အပြေးအလွှား ချေးငှား ၍ ကားခ ပေး လိုက်ရသည် ဟု သိရသည် ။


ဤမျှ လောက် ဦးပဉ္ဇင်း ဘဝ ကို ခေတ္တ ရောက်သွားသည့် လူ ကို ပင် နောက် ဖြစ်အောင် နောက် သွား လိုက်သေးသည် ။


ယခု နောက်ပြောင်မှုကြီး က အတော် ကြီးသည် ။


      အစ်ကို ... 

     မြင်းခြံမှာ သုံးည ကမယ် ။ အစ်ကို လိုက်လာခဲ့ ။

     ဇာတ်ဆရာ က ကားခ ၊ လမ်းစရိတ် ပါ ဟို ရောက်ရင် အကုန် ပေးမယ် တဲ့  ။ 

              အစ်ကို့ရဲ့ ညီ ။

                       သိန်းဒီ


လူ တစ်ယောက် လာ ပို့သည့် စာ ကို ဖတ်ပြီးသည် နှင့် ခရီးဆောင် အိတ်လေး လွယ်ပြီး ဟိုလှည့် ဒီလှည့် နှင့် လမ်းစရိတ် လုပ်ပြီး ဦးတိမ်ရောင် မြင်းခြံ သို့ ပေါ့ ။


မြင်းခြံ ရောက်တော့ လမ်းဘေး ကြော်ငြာ ဆိုင်းဘုတ် လည်း မတွေ့တော့ ဦးတိမ်ရောင် သံသယ ရှိ လာပြီး ...


“ ဒီက တူမကြီး .. ဇာတ် ကြော်ငြာ လှည့် တဲ့ ကားများ တွေ့လိုက်မိသေးလား ကွဲ့ ”


“ မတွေ့မိပါဘူး ... ကျွန်မတို့ မြို့ မှာ ဒီ ရက်ပိုင်း ဘာ ပွဲ မှ မရှိ ပါဘူး ... ဘုရားပွဲ က တစ်လ တောင် လိုသေးတယ် ” 


“ ပတ်ဝန်းကျင် ဒေသ တစ်ဝိုက် မှာ ရော မကြားမိဘူး လားကွဲ့ .. ဦး က လူရွှင်တော် ဦးတိမ်ရောင် ပါ ”


“ ကျွန်မ ပွဲဈေး ရောင်းတဲ့ သူ .. ဒီ တစ်ဝိုက် မှာ ဘာ အသံ မှ မကြားမိပါဘူး ”


“ ဟော ... ကြည့် ...  သိန်းဒီ ငါ့ ကို လုပ်လိုက်ပြန်ပြီ ” 


ပြောနေကျ စကားလေး နဲ့ အတူ မြင်းခြံ က အမျိုး အသိ မိတ်ဆွေတွေ ထံ မှ လမ်းစရိတ် တောင်း ပြီး အိမ်ပြန် ခဲ့ရသည် ။ ဒေါသ အရှိန် မသေသေး ။ အိမ် ရောက် တော့

ဇာတ်သမား တစ်ယောက် က အိမ် မှာ အဆင်သင့် ။


"ဦးလေးရာ .. ဦးလေး ကို စောင့် နေရတာ ရထား အချိန် နီး နေပြီ ”


“ သိန်းဒီ ...  သိန်းဒီ ... ငါ့ ကို ဒုက္ခ ပေးတာ ... ဒီမှာ သူ့ စာ... မြင်းခြံ မှာ က မှာ ဆို ” 


“ ပေါက်ကရ ဦးလေး ရာ ... နေပြည်တော် ပျဉ်းမနား မှာ က မှာ ပါ ”


နေပြည်တော် ပျဉ်းမနား ဘူတာ ရောက်တော့ ဦးတိမ်ရောင် မှ ...


“ သိန်းဒီ ... သိန်းဒီ ... မင်း သေဖို့ သာ ပြင်တော့ ” 


ရထားဘူတာ မှာ ဦးသိန်းဒီ က ဦးတိမ်ရောင် ၏ အထုပ် ကို ပြေးဆွဲလျက် ပျာပျာသလဲ ... 


“ ကျွန်တော် အစ်ကို့ ကို လာ ကြို နေတာ အစ်ကိုရေ ... ကျွန်တော့်ကို အစ်ကို သ,တ် ချင်ရင် သ,တ်လိုက်တော့ အစ်ကို ရာ ... ကျွန်တော် ... ကျွန်တော် ရေးတုန်း က နေပြည်တော် ပျဉ်းမနား လို့ ရေးတာ ...  ဘယ်လို ဖြစ်ပြီး မြင်းခြံ ဖြစ်သွားလည်း မသိ ဘူး ... အစ်ကို့ ကို နောက် သလို ဖြစ်သွားတယ် ... ကိုယ့် ကိုယ် ကိုယ် သာ အဲဒီလို ထုရိုက် လိုက် ချင်တယ် ” 


“ ဖုန်း ဒိုင်း .. ဖုန်း ဒိုင်း ” 


“ ဟေ့ကောင် ... ဘူတာ မှာ လူ မြင်လို့ မကောင်းဘူး ... ငါ ခွင့်လွှတ်တယ် ... ခွင့်လွှတ်တယ် ... ငါကွာ .. အပြန် လမ်းစရိတ် မရှိ လို့ ဒုက္ခတွေ ရောက် လိုက်တာ ”


“ ကျွန်တော် စိတ်မကောင်းဘူး အစ်ကို ရာ ”


“ ဖုန်း ဒိုင်း ... ဖုန်း ဒိုင်း ”


ကိုယ့် ကိုယ် ကိုယ် ထုရိုက် နေ သော ဦးသိန်းဒီ အား ... 


“ သိန်းဒီ ... ငါ ခွင့်လွှတ်ပါ တယ် ... ငါ့ ဒုက္ခ ငါ ရှာတာ ... မင်း ပေးတဲ့ ဒုက္ခ မဟုတ်ဘူး ... တော်တော့ .. လာ ... သွား မယ် သွားမယ် ” 


“ အစ်ကို ”


“ ဟေ ”


“ အစ်ကို့ နှမ အစ်ကို ကြိုက်တတ် တဲ့ မျစ်ချဉ် နဲ့ ငါး နဲ့ ချက်ထားတာ ”


“ အလိုက် သိ ပါ့ သိန်းဒီ ရာ ” 


ချက်ချင်း အမုန်းတရား ဒေါသ များ ကား ဘယ် ရောက် သွား မှန်း မသိ ။ ရှေး က လူရွှင်တော်ကြီးများ ချစ်ကြပုံ ပြောပါတယ် ။


◾ဗေလုဝ


📖 ဟဒယ မဂ္ဂဇင်း

      ဖေဖော်ဝါရီ ၊ ၂၀၀၈


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment