လွမ်းလိုက်တာ ... သာယာဝတီ ရယ်
( ဗေလုဝ )
လူ သည် ဘယ်နေရာ ကို ရောက်ရောက် အတိတ် ကိုတော့ သမင်လည်ပြန် လှည့်ရင်း လှမ်းတတ် ကြသူချည်း သာ ။ ကျွန်တော် သည် သာယာဝတီ ‘ ရေဝေ ’ ရပ်ကွက်လေး ကို မကြာခဏ လွမ်းလေ့ ရှိသည် ။ သို့သော် မရောက်ဖြစ်သည် မှာ နှစ် ၂၀ နီးပါး ။
ပြည်လမ်း ဘေး က ရေဝေရပ်ကွက်လေး သည် မြို့ အထွက် နား တွင် တည်ရှိသည် ။ ထို ရေဝေ ရပ်ကွက်လေး တွင် ‘ မြသီတာ ’ သစ်စက်လေး တစ်စက် ရှိသည် ။ ရပ်ကွက် က လူများ က နောက်ပြောင် ခေါ်သော အမည် မှာ ‘ ဖွတ်ချက် ဖွတ်ချက် စည်သူ့စက် ’ ဟု ခေါ်ကြသည် ။ တကယ်လည်း ဖွတ်ချက် ဖွတ်ချက် လည်ရသော စက် ဖြစ်သည် ။ လှေဦး စို စိုတုန်း ၊ လှေဦးခြောက် ခြောက်တုန်း ပေါ့ ။ ထို စက်လေး က မိသားစု နှစ်စု ကို တရွတ်တိုက် ဆွဲခေါ်သော သစ်စက်လေး ဖြစ်သည် ။
ထို ရေဝေရပ်ကွက် တွင် အမှတ်တရ ဖြစ်စရာလေးများ နှင့် ပြည့်နှက် နေတတ်သည် ။ ကျွန်တော် တို့ ညီအစ်ကို နှစ်ယောက် က နွေရာသီ ကျောင်းပိတ်ရက် တွင် ရေဝေရပ်ကွက် ရှိ ‘ မြသီတာ ’ သစ်စက် သို့ နှစ်စဉ် ရောက်တတ်သည် ။ ပြောချင်တာ က ထို ရေဝေရပ်ကွက် အကြောင်း ပင် ။
နောက်ဖေးတန်း ၊ အိမ်ရှေ့တန်း ဟု အတန်း နှစ်တန်း ခွဲထားသည် ။ ကျွန်တော်တို့ သစ်စက် က အိမ်ရှေ့တန်း ။
“ နောက်ဖေးတန်း မှာ ဝက် ပေါ်တယ်ဟေ့ ”
ထို အသံသည် ကျွန်တော်တို့ သစ်စက် အတွက် အလွန် နားဝင် ချိုသော အသံ ဖြစ်သည် ။
“ သားရေ သွားယူ ... တစ် ပိဿာတွဲ သွားဆွဲ ”
ကျွန်တော် ‘ ဦးစည်သူ သစ်စက် ’ ဟူသော အမည် ဖြင့် နှီး နဲ့ ချည်ထားသော အလွန် လတ်ဆတ် သော တစ်ပိဿာ တွဲ တစ်တွဲ ကို ဆွဲချလာတော့သည် ။ ထိုနည်းတူစွာ ပင် တစ်ရွာလုံး အုံ၍ ဝက်တစ်ကောင် သည် ဓားချက်အောက် မှာ တင် ပျောက်သွားလေ တော့သည် ။
နောက်ဖေးတန်း မှ ဆူညံ သံတွေ ပွက်လောရိုက် နေပြီ ဆိုလျှင် အကြွေး တောင်းချိန် ဟု ကျွန်တော် နားလည် လိုက်သည် ။ ကျွန်တော်တို့ သစ်စက်ပိုင်ရှင် ပင် သုံးခါ လောက် ချိန်းဆို ပြီးမှ လွှစာမှုန့် ၊ သစ် နှင့် အကြွေး ကို ချေလိုက်ရ လေတော့သည် ။
ရေဝေရပ်ကွက်သား သူရဲကောင်း တစ်ယောက် အကြောင်း ကို ရေးပြ လို ပါသည် ။ ကိုကျော် အုန်း ...
မျက်လုံး တစ်ဖက် က တိမ်စွဲ နေသည် ။ သူ့ ဘဝ ရပ်တည်မှု က ကျွန်တော်တို့ သစ်စက် မှာ အလုပ်ကြမ်း ရှေ့ဆွဲ ။ သူ့ ဘဝ အကြောင်း ကို ကျွန်တော် စိတ်ဝင်စား၍ ကျောင်းသား ဘဝ ကတည်း က မှတ်သား ထားတာ တစ်ခု ရှိသည် ။ သူ သည် ‘ လင်းကွင်းအဖြည့် ’ ။ ဒီ လင်းကွင်းအဖြည့် ကို စာဖတ်သူများ နားလည်အောင် ကျွန်တော် ပြောပြပါမည် ။ ( ရေးပြပါမည် ) နယ်မှာ က အသုဘ ဖြစ်ဖြစ် ၊ အလှူ ဖြစ်ဖြစ် ဆိုင်းသွင်းပါသည် ။ တစ်ခြမ်းပဲ့ ၊ ဝိုင်းစုံ ။ အဲဒီမှာ ကိုကျော်အုန်း က လင်းကွင်း ၊ သူ က စည်းဝါး နားလည်သူ မဟုတ် ။ အဖြည့် လင်းကွင်း ။ သူ့ ပါးစပ် က ‘ ဟစိ ဟစိ ’ ကို ကျွန်တော် မှတ်မိနေသည် ။ သူ့ ကိုယ် သူ မြင်ရတဲ့ မျက်လုံး တစ်လုံး နှင့် ပတ်ဝန်းကျင် ကို ကြည့်ပြီး ပီတိဖြစ်နေသူ ။
သူ့ ရဲ့ ထူးခြားမှု က သာယာဝတီ မြို့လယ်ကောင် မှာ မုန့်လက်ဆောင်း အသောက် ပြိုင်ပွဲ ။ မုန့်လက်ဆောင်း ၃၂ ( သုံးဆယ့်နှစ်ခွက် ) မတ်ခွက် အဆင့် ၊ လက်အထွာ ဆိုရင် လက်မ နှင့် လက်ညှိုး ခပ်တန်းတန်း လက် အဆန့် ... ။ ကိုကျော်အုန်း နိုင် လိုက်ပါသည် ။ တစ်မြို့လုံး က ကိုကျော်အုန်း သောက်နိုင် အား ကို ဂုဏ်ပြု လိုက်ကြသည် ။
“ ဆရာ ဆရာ ... ကိုကျော်အုန်း ရယ် ... ကျွန်မ ကောက်စိုက် ပြန်လာတော့
အိမ် မှာ ထမင်း တစ်စေ့ တောင် မှ မရှိတော့ဘူး ”
ကျွန်တော့် အဖေ ကို မျက်ရည်စက်လက် နှင့် တိုင်၏ ။ အဖေ က ...
“ ဟေ့ကောင် ... ငါ မြို့ထဲ က ခေါင်းညှပ် ပြန် လာတော့ မုန့်လက်ဆောင်း ၃၂ ( သုံး ဆယ့်နှစ်ခွက် ) ပြိုင်ပွဲ မှာ မင်း နိုင်လာတယ် ဆို ... အိမ် ကျတော့ ထမင်း ထပ် စားနိုင်သေးတယ် ”
“ ကျွန်တော် မှ သုံးဆယ့်နှစ်ခွက် နှင့် မတင်းတိမ်တာ ကို ”
မှတ်ချက်
ကိုကျော်အုန်း သည် ပျဉ်းကတိုး ခြောက်ပတ်လည် ၁၀ ပေပတ်လည် ကို ပခုံး ပေါ် တင် လိုက်ပါ ။ လှလှပပ ထမ်း နိုင်သော စွမ်းရည် ရှိသူ ။
ooooooooooooo
ရေဝေရပ်ကွက် က ဆရာ တစ်ယောက် ကို ကျွန်တော် မိတ်ဆက် ပေးပါရစေ ။ ဆရာသိန်း ... ။
လူရွှင်တော် ။ ထိုမှ လယ် လုပ်သည် ။ လူကောင် က ဗေလုဝ နှင့် မတိမ်းမယိမ်း ။ ကျွန်တော် ရန်ကုန် က နေ ရေဝေရပ်ကွက် ကို ရောက်ပြီ ဆိုတာ နှင့် ဆရာသိန်းအိမ် က ကျွန်တော် တို့ သစ်စက် ရဲ့ နောက်ဖေးပေါက် တည့်တည့် ။ ကျွန်တော် က ပင် စတင် မိတ်ဆက် လိုက်သည် ။
“ ဟာ ... ဂဠုန်သိန်း ”
“ ရန်ကုန်သား ... ဘယ်တုံး က ရောက်လဲ ”
“ ခုမြင် ခုရောက်တာပေါ့ ဆရာသိန်း ရဲ့”
ဒါက နှစ်စဉ် နှုတ်ဆက် နေကျ ။ နွေရာသီ ကျောင်းပိတ်ရက် ။
“ ဒီည ရွာ ထဲ မှာ ဆိုင်းပွဲ ရှိတယ် ... မင်း လိုက်ကြည့် ”
သူ က အဲဒီ အချိန်က ဆိုင်းနောက် ထ ‘ လေပွေ ’ အနုပညာ ရောဂါသည် ။ ကျွန်တော် က ဘယ် ငြင်းလိမ့်မတုံး ... လိုက် ပြီးသား ။
မှတ်မှတ်ရရ ဆရာသိန်း ( ကျွန်တော့် အခေါ် ) လူရွှင်တော် ဦးလေပွေ ရဲ့ ဆိုင်းနောက်ထ ပြက်လုံး ။ လူရွှင်တော်လေပွေ ၏ ပြက်လုံး ကား ...
“ ကျွန်တော့် ဆိုင်းဆရာ တီးတာ ကို ပရိသတ်များ နားဆင် ပြီးပြီနော် ... ကျွန်တော့် ရဲ့ ရွာစား က ပတ်လုံး ပေါ် ကို လက် ချလိုက်တာ နဲ့ မရပ်တမ်းဘဲ တီးတာ ... ပရိသတ်များ အိမ် ပြန်လို့ ရွာစား ရဲ့ လက်သံ ကို နားဆင်ချင်သေးတယ်ဆို ရင် ... ဟာ ... ခြင်ထောင် ထဲ အထိ လိုက် တီးတာ ”
“ ဝေါ ” ( ပရိသတ် ရယ်သံများ )
သာယာဝတီ ရေဝေရပ်ကွက် သို့ အမှတ်တရ ။
◾ဗေလုဝ
📖 ဟဒယ မဂ္ဂဇင်း
မတ်လ ၊ ၂၀၀၈
Nov 21, 2024 10:51
No comments:
Post a Comment