Monday, September 8, 2025

စွဲလမ်းမိသော ဝတ္ထုများနှင့် ဆင်တူယိုးမှား ပြဿနာ


 

❝ စွဲလမ်းမိသော ဝတ္ထုများနှင့် ဆင်တူယိုးမှား ပြဿနာ ❞ 
▢ မာန် ( တောင်လုံးပြန် )

လွန်ခဲ့တဲ့ ၅ ရက်လောက်က အမေရိကားမှာ ရှိတဲ့ သူငယ်ချင်းရဲ့ ညီမဖြစ်သူက ကျွန်တော့်ဝတ္ထုနဲ့ ဆင်တဲ့ ဝတ္ထုတစ်ပုဒ် ရွှေအမြုတေ ဒီဇင်ဘာလထုတ် ၂၀၁၃ မှာ ပါလာတဲ့အကြောင်း ဖုန်းဆက်လာပါတယ် ။ ဆက်လာတဲ့ အချိန်ကလည်း ည ၂ နာရီပါ ။ ကံကောင်းတာက ခါတိုင်းဆိုရင် ကျွန်တော် ညဘက်မှာ ဖုန်းပိတ်ပြီး အိပ်လေ့ရှိပါတယ် ။ ဒါပေမဲ့ မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေသူများနှင့် ဖြန့်ချိသူများအသင်းက ဦးဆောင်ကျင်းပခဲ့တဲ့ စာပေအလုပ်ရုံ ဆွေးနွေးပွဲတွေကို တာဝန်ယူပြီး အသံဖိုင်တွေ လက်ရေးနဲ့ ပြန်ရေး ပေးနေရတာကြောင့် မေ့ပြီး ဖုန်းမပိတ်ဖြစ်ပါဘူး ။ သူကတော့ ဒါ ဘယ်လို ဖြစ်တာလဲ ၊ သည်းမခံနဲ့လို့ ပြောလာပါတယ် ။ အဲဒီလမှာ ကျွန်တော့် ဝတ္ထုလည်း ပါတာကြောင့် သူပြောတဲ့ စာရေးဆရာမရဲ့ဝတ္ထုကို ဖတ်ကြည့်မိပါတယ် ။ တကယ်တော့ သူထင်သလို လုံးလုံး မဟုတ်ပါဘူး ။ စာရေးဆရာမက မကျည်းတန် ( လွိုင်ကော် ) ဆိုတဲ့ ဝါရင့်သမ္ဘာရင့် စာရေးဆရာမ ဖြစ်တာမို့ ဒါမျိုးဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စပါပဲ  ။ ဆရာမ မကျည်းတန် ( လွိုင်ကော် ) ရဲ့ ဝတ္ထုဇာတ်ကောင် ကလည်း မြနဒီ ၊ စင်တင်တေးဂီတမယ် ဘဝကနေ ကီပင် မကျတကျနဲ့ ယောက်ျားတွေကို ကစားရင်း ၊ ရှုံးတစ်လှည့် နိုင်တစ်လှည့် ရပ်တည်နေသူ ။ ဇိမ်မယ်တစ်ပိုင်းပေါ့လေ ။ အဘိုးကြီးတစ်ယောက်နဲ့ ငြိပြီး မယားကြီး ဖြစ်သူက မြနဒီတိုက်ခန်းမှာ လာတွေ့တာကို အဓိကဇာတ်ကြောင်း ဖွဲ့ထားတာပါ ။ ကျွန်တော် လွန်ခဲ့တဲ့ ၂၀၁၂ ၊ ဖေဖော်ဝါရီ ၊ ပေဖူးလွှာမှာ ရေးဖူးတဲ့ ဝတ္ထုကလည်း ဇာတ်ကောင်အမျိုးသမီးက မြနဒီ ၊ စင်တင်တေးဂီတမယ် ၊ အဘိုးကြီး တစ်ယောက်နဲ့ ငြိတယ် ။ မယားကြီးနဲ့ ပြဿနာတက်ပြီး ထောင်ကျတယ် ။ ထောင်က လွတ်တော့ အဘိုးကြီးနဲ့ ပြန်တွဲတယ် ။ ဒါကို ဇာတ်ကြောင်းပြောသူ တက္ကစီမောင်းသမား လူပျိုကြီးက စာဖွဲ့ ပြောသွားတာပါ ။

ဘာပဲဖြစ်ဖြစ် ဒီလို ဆင်တူယိုးမှား ပြဿနာတွေက ရှိနေကြတာပါပဲ ။ လွန်ခဲ့တဲ့ ၆ နှစ်ကျော်တုန်းကလည်း ဒါရိုက်တာ မင်းထင်ကိုကိုကြီး ရိုက်ကူးတဲ့ နောက်ဆုံးကဗျာ ဆိုတဲ့ ဗီဒီယိုကား ရှိပါတယ် ။ မင်းသားက လွင်မိုးပါ ။ ကဗျာဆရာ ပြန်ဝင်စားတဲ့ ဇာတ်မျိုး ထင်ပါတယ် ။ အဲဒီ နောက်ဆုံးကဗျာ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝတ္ထုကို လွန်ခဲ့တဲ့ ၇ နှစ်က ရွှေအမြုတေ ဇွန်လ ၂၀၀၇ ခုနှစ်မှာ ကျွန်တော် ရေးခဲ့ဖူးပါတယ် ။ ဝတ္ထုထဲမှာတော့ လွန်ခဲ့တဲ့ နှစ် ၂ဝ ကျော်က ပျောက်ဆုံးသွားတဲ့ ကဗျာဆရာကို ရှာပုံတော်ဖွင့်ခိုင်းတဲ့ အမျိုးသမီးကြီး အကြောင်းပါ ။ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကို ဆရာမ ခင်လေးမြင့် က အင်တာဗျူးတော့ ဒီဇာတ်ကားဟာ သူ့ရဲ့ ကိုယ်ပိုင်အနုပညာလို့ ရဲရဲဝံ့ဝံ့ ဖြေသွားပြီးပါပြီ ။ ကျွန်တော့် ဝတ္ထုနဲ့ ၁ နှစ် ခြားပေမဲ့ ကျွန်တော် လုံးဝ သံသယ မရှိပါဘူး ။ ဆင့်ပွားအနုပညာ ကူးစက်မှုဆိုတာ ကျွန်တော်လည်း မကင်းနိုင်တာ သိနေလို့ပါပဲ ။

လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကလည်း အစ်ကို မြအေးရဲ့ လုံးချင်းဝတ္ထု ထွက်လာတော့ ကျွန်တော် ဖတ်ဖြစ်ပါတယ် ။ သူ့ဇာတ်ကောင်က မိုးအောင်ပါ ။ အင်မတန် ကိုယ်ကျိုးစွန့် အနစ်နာခံသူပါ ။ ဇိမ်မယ်ဘဝနဲ့ ငွေရှာစားနေရှာတဲ့ မိန်းကလေးဇာတ်ဆောင်လည်း ပါပါတယ် ။ ကျွန်တော် မြို့ဂျပိုးကို ရေးတုန်းကလည်း ဇာတ်ကောင်က မိုးအောင် ပါ ။ တက္ကစီသမား ၊ ပွေပွေရှုပ်ရှုပ်သမား ။ ဇိမ်မယ်တွေနဲ့ ခင်မင်ရင်းနှီးသူ ။ ဇိမ်မယ်တွေရဲ့ ဘဝစရိုက်တွေနဲ့ ရေးခဲ့ပါတယ် ။ ဒါကြောင့် ဆင့်ပွားအနုပညာ ဆိုတာ ရှိနေတာပါပဲ ။ ဒါကို ပုံတူကူးချတယ်လို့ ဘယ်လိုမှ ပြောလို့မရပါဘူး ။

ကျွန်တော် မြို့အနမ်း ဝတ္ထုရေးပြီးလို့ ၆ နှစ်လောက်ကြာမှ ကျွန်တော် ဘာတွေကို စွဲလမ်းပြီး ရေးဖြစ်တယ်ဆို တာ ပြန်သိရတာ လက်တွေ့ အဖြစ်ပါ ။

ဟိုတုန်းက ဖတ်ခဲ့ရတဲ့ ဆရာမကြီး စမ်းစမ်းနွဲ့ ( သာယာဝတီ ) ရဲ့ ခေါက်ထီးလေး မလုံ့တလုံ ၊ ဟိုတုန်းက ကြည့်ရတဲ့ ဂန္ထဝင် အဖြူအမည်း ရုပ်ရှင်ကားကြီး တို့ကို စိတ်ထဲမှာ ကိန်းအောင်းနေရာကနေ ဝတ္ထု ရေးတော့ ပါသွားခဲ့ပါတယ် ။ ဒါကို နောက် ၅ နှစ်ကျော် ၆ နှစ်ကြာမှ အဲဒီ ဝတ္ထုတွေ ၊ ဇာတ်ကားတွေ ပြန်ကြည့်ပြီး ကိုယ့်ကိုယ်ကို သိခဲ့ရတာပါ ။ အဲဒီဝတ္ထု တွေ ၊ အဲဒီဇာတ်ကားတွေ ကို ပြန်ဖတ် ပြန်ကြည့်ဖြစ်ရင်း ... ဪ ငါ ရေးတဲ့ ဝတ္ထုဟာ ဒါတွေကို စွဲလမ်းရာက ဖြစ်ခဲ့တာပါလားလို့ ဝန်ခံအသိ သိဖြစ်ခဲ့ပါတယ် ။

ဖန်တီးတာကတော့ ကျွန်တော့် ကိုယ်ပိုင် ဖန်တီးမှုပါ ။ ဒါပေမဲ့ စိတ်မှာ စွဲလမ်းနေတာကို ပြန်ဖော်ပြီး ရေးမိမှန်း ဘယ်လိုမှ မသိခဲ့ပါဘူး ။ တိုက်ဆိုင်တော့မှ ဒါက ဒီလိုပါလားလို့ သိရတာပါ ။

နောက်တစ်ခုကတော့ ရှေ့က ဝတ္ထုကို လုံးဝ မဖတ်ဖူးပါဘဲလျက်နဲ့ ရေးမိတဲ့ ဝတ္ထုမျိုးပါ ။ စည်းအပြင်ကလူ ကို ကျွန်တော် လုံးဝ မဖတ်ဖူးပါဘူး ။ ဒရမ်ဆရာ ဆိုတဲ့ ပထမဆုံး လုံးချင်းကို စည်းအပြင်ကလူ ကို မှီးတယ်လို့ ပြောတော့ ကျွန်တော် တအံ့တသြ ဖြစ်ပြီး စည်းအပြင်ကလူ ကို ဖတ်ပါတယ် ။ ကျွန်တော် ဘာမှ မတတ်နိုင်တဲ့ ပြဿနာပါ ။ ဒရမ်ဆရာ ဟာ ဆရာ မြသန်းတင့် ဘာသာပြန်တဲ့ လေလွင့်သူကို အားကျလို့ လိုက်ရေးကြောင်း ဝန်ခံထားပြီးသားပါ ။ ဝတ္ထု မှာကို ထည့်ရေးထားတာပါ ။ စည်း အပြင်ကလူ ကိုတော့ တကယ်ကို ကျွန်တော် မသိခဲ့ရတာပါ ။

မြို့ဂျပိုး ကိုလည်း ဆရာ မောင်သာရ ရဲ့ မတ်တပ်ရပ်၍ လမ်းမှာငို ဖတ်ပြီး ရေးတာလားလို့ မေးကြပါတယ် ။ ဒါကတော့ ကျွန်တော် အသာလေး ဖြေနိုင်ပါတယ် ။ ဆရာ မောင်သာရ ရဲ့ တခြား ဝတ္ထုတွေကို ကျွန်တော် ဖတ်ဖူးတယ် ။ အဲဒီဝတ္ထုကိုတော့ မဖတ်ဖူးပါဘူး ။ မြို့ဂျပိုး ဟာ ကျွန်တော့်ကိုယ်တွေ့ အများစုကို ဆိုတာ ကျွန်တော့်ဝန်းကျင်တစ်ခုလုံး သိသလို အခုထက်ထိ အဲဒီထဲက ဇာတ်ကောင်တွေ အပြင်မှာ ကျင်လည်နေကြတုန်းမို့ ဘာမှ မခံစားရပါဘူး ။

အံ့သြစရာ ကောင်းတာက လန်းဖိုင် စာသိုက် ပါ ။ အဲဒီ ဝတ္ထုဟာ “ ပြည်တော်ပြန် အကျဉ်းသား ” ဆိုတဲ့ နာမည်နဲ့ စိစစ်ရေးမှာ ၅ နှစ်ကျော် ဆိုင်းငံ့ ခံထားရတဲ့ ဝတ္ထုပါ ။ ညွှန်မှူး ပြောင်းသွားချိန်ကျမှ နာမည်ပြောင်းပြီး ပြန်တင်တော့ လွတ်လာပါတယ် ။ “ပြည်တော်ပြန် အကျဉ်းသား ” ဆိုတဲ့ ဒေါ်စု ကို ရည်ညွှန်းသလို ဖြစ်နေလို့ပါ ဆိုပြီး စိစစ်ရေးက မပေးတာပါ ။ တကယ် ဝမ်းနည်းစရာ အတိတ်ဆိုးပါပဲ ။ ကျွန်တော်လည်း ဘာမှမတတ်သာလို့ လန်းဖိုင်စာသိုက် နာမည်နဲ့ပဲ ထွက်ခဲ့ပါတယ် ။ အံ့သြစရာက ဘယ်သူမှ ဘာမှမပြောကြတဲ့ ကိစ္စက ကျွန်တော့်ဆရာ လေသူရဲ ဆရာ ဦးလှဝင်းရဲ့ “ ပါပီ လွန် ဗင်ဂို ” ကို အားကျပြီး ရေးဖြစ်တာကို မပြောကြတာပါပဲ ။ မူလ ခေါင်းစဉ် ကိုက “ ပြည်တော်ပြန် အကျဉ်းသား ” ပါ ။ ပါပီလွန်ဗင်ဂို ကို ဖတ်ပြီး အိပ်လို့မရ အောင် တနုံ့နုံ့ စွဲကျန်နေရာကနေ အားကျစိတ်နဲ့ ရေးဖြစ်ခဲ့တာပါ ။

ဒါကြောင့် ဝတ္ထုတွေ ဆင်တူတယ် ။ ဇာတ်ကားတွေ ဆင်တူတယ် ဆိုရင် ကျွန်တော် ဘာမှ အပူစိတ်နဲ့ မတွေးမိအောင် နေပါတယ် ။ ကျွန်တော်နဲ့ တူတာဖြစ်ဖြစ် ၊ ကျွန်တော်က တူတာဖြစ်ဖြစ် ဖြစ်လေ့ဖြစ်ထရှိတဲ့ မသိစိတ်ရဲ့ အစွဲတွေပါလို့ မှတ်ယူပြီးသားပါ ။

ကြုံလို့ ကျွန်တော် ပြောရပါဦးမယ် ။ လုံးချင်းဝတ္ထု ၁၅ဝ ကျော် ရေးပြီးနေတဲ့ စာရေးသူ တစ်ဦးက ကျွန်တော့်လက်ကို ဆွဲပြီး သူ့မှာ ပေးစရာဝတ္ထု မရှိတော့လို့ ၊ စာချုပ် ကလည်း မိနေလို ကျွန်တော့်ရဲ့ ဘယ်ဝတ္ထုကိုတော့ သူ့နည်း သူ့ဟန်နဲ့ ရေးပါရစေလို့ လာပြောတာ ရှိခဲ့ပါတယ် ။ သူ မလုပ်လို့ မရလို့ပါတဲ့ ။ အရင်က ကျွန်တော့်ကို မသိခဲ့လို့ ဘာတွေလည်း သူ အဲဒီလို လုပ်ထားမိပါတယ် ဆိုတာ ပြောပြပါတယ် ။ သူ့ကို ကျွန်တော် အများကြီး နားလည်ပါတယ် ။ နောင်လည်း ကြိုက်သလိုသာ မှီးပါလို့ ခွင့်ပြုပေးခဲ့ပါတယ် ။ ဒါကို စာရေးဆရာ ဓနုတ် ကိုကိုဇော် ကိုယ်တိုင် မိတ်ဆက် ပေးခဲ့တာမို့ သက်သေ ရှိပါတယ် ။ ဒီလို ဝမ်းစာ ရှာတာကို ကျွန်တော်တို့ ဘာပြောလို့ ဖြစ်မှာလဲ ။ သူ့ ကလောင်နဲ့ နာမည်လည်း ကျွန်တော် မေ့နေပါပြီ ။ သူ ဘာတွေ ဆက် ရေးနေသလဲ ဆိုတာလည်း မသိတော့ပါဘူး ။ အပျော်ဖတ် လောကလည်း ချုံးချုံးကျ သွားပြီကိုး ။

ကျွန်တော် ဒါတွေ ပြောနေတာဟာ တချို့ ဗြောင်ယူ ဗြောင်လုပ်တာကို ခွင့်ပြုပေးဖို့ဘက်က ပြောနေတာ မဟုတ်ဘူး ။ “ သူလိုလူ ” ဆိုတဲ့ နာမည်နဲ့ ဗီဒီယို ကြော်ငြာတွေ့တော့ ကျွန်တော်ကိုယ်တိုင် ကာယကံရှင်တွေ ဆီကို တစ်ဆင့် အကြောင်းကြားခိုင်းခဲ့တာပါ ။ ဒီလို စော်ကားတာမျိုးကို လုံးဝ မကြိုက်ပါဘူး ၊ အစဉ် ကန့်ကွက်နေမှာပါ ။

အနုပညာကို အားထုတ်နေသူချင်း ဆင့်ပွားလွှမ်းမိုးမှု ရှိတယ်ဆိုတာမျိုးကို ရှင်းပြနေခြင်းသာ ဖြစ်ပါတယ် ။ ဒါတွေဟာ နားလည်ပေးလို့ ရတယ်ဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ် ။

▢ မာန် ( တောင်လုံးပြန် )
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဩဂုတ်  ၊ ၂၀၁၄

No comments:

Post a Comment