❝ ကံလမ်းကြောင်း မကောင်းတဲ့ လက္ခဏာဆရာ ❞
ဆရာဦးလှထွန်းကြိုင် က ယခုအခါ လက္ခဏာဆရာ ဆရာနေရောင် ဖြစ်နေပြီ ။ သူ့ကို ကျွန်တော် ပထမဆုံး တွေ့ခဲ့တာက ရခိုင်ပြည်နယ် ၊ မြောက်ဦး မြို့မှာ ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က မြောက်ဦးကို လေ့လာဖို့ သွားစဉ်က ဦးလှထွန်းကြိုင် နဲ့ ဆုံတာ ။ သူက ပညာရေးလုပ်ငန်း လုပ်တယ် ၊ တည်းခိုခန်း ဖွင့်ထားတယ် ။ မြောက်ဦးမြို့မှာ ကျွန်တော့်ကို အကူအညီတွေ အများကြီး ပေးခဲ့တယ် ။
တစ်ရက်မှာတော့ သူ ကျွန်တော့်ကို ဖုန်းဆက်တယ် ။ မန္တလေး ရောက်နေသတဲ့ ။ သူ တည်းတဲ့ ဧည့်ရိပ်သာနဲ့ မလှမ်းမကမ်းက ရှမ်းခေါက်ဆွဲဆိုင်မှာ အတူထိုင်ရင်း စကားစမြည် ပြောကြပါတယ် ။
သူ့ဘဝက စိတ်ဝင်စားဖို့ ကောင်းတယ် ။ သမဝါယမ ဦးစီးဌာနမှာ စာရင်းစစ် ၊ ကျူရှင်ဆရာ ၊ ထုပ်ပိုးခွံမျိုးစုံ အရောင်းအဝယ်သမား ၊ အဆောက်အအုံ ကန်ထရိုက်တာ ၊ အိမ်ခြံမြေ အကျိုးဆောင် ၊ ဈေးသည် ၊ စာရေးဆရာ ၊ ကဗျာဆရာ ၊ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ရှင် ၊ နယ်လှည့်ဗေဒင်လက္ခဏာဆရာ ။ အတည်တကျ မရှိတဲ့ ဘဝမျိုးစုံကို ကျင်လည်ခဲ့တယ် ။ ဒီအထဲမှာ အိမ်ထောင် နှစ်ဆက် ကျခဲ့တယ် ။ အိမ်ထောင်ရေး ကလည်း ချောချောမွေ့မွေ့ မဟုတ် ။
လက္ခဏာဆရာ တစ်ယောက်အနေနဲ့ သူ့ဘဝ လမ်းကြောင်းကို သူ စစ်ဆေး မကြည့်ဘူးလား ။ ကျွန်တော် မေးမြန်းမိတယ် ။
“ ကျွန်တော်ရဲ့ လက္ခဏာမှာ ကံလမ်းကြောင်း ၊ နှလုံးလမ်းကြောင်း ၊ အိမ်ထောင်ရေးလမ်းကြောင်းတွေက မကောင်းတော့ အချစ်ရေး ၊ အိမ်ထောင်ရေး မကောင်းတဲ့ အပြင် စီးပွားရေးကို ဘယ်လိုပဲ အားတင်းပြီး လုပ်လုပ် မအောင်မြင်ဘူး ။ ဒါကြောင့် အိမ်ထောင် နှစ်ဆက်ကျပြီး စီးပွားရေးတွေ ကလည်း အရေးမလှ ဖြစ်ရတာပေါ့ ”
သူ့အတွက် စိတ်မကောင်း ဖြစ်ရတယ် ။ ယခုအခါ သူက ဆရာနေရောင် ( ဓညဝတီ ) ဆိုတဲ့ အမည်နဲ့ ရန်ကုန်မြို့မှာ ရုံးခန်းဖွင့်ပြီး လက္ခဏာ ဟောတယ် ။ နယ်လှည့်ပြီး ဟောပြော နေတယ် ။
လူတစ်ယောက် ဘာတွေ ဖြစ်မှာလဲ ဆိုတာတွေ သူ့ လက်ဝါးပြင်မှာ ပါခဲ့ပြီးသား ဆိုရင် ဒါကို ပြုပြင်လို့ မရတော့ဘူးလား ။ ဆိုးဝါးတဲ့ အဖြစ်တွေ ဖြစ်မှာကို လက္ခဏာဆရာက ကြိုတင်ပြောလို့ ဘာအကျိုးရှိသလဲ ၊ ကျွန်တော် သိချင်ပါတယ် ။
“ အနာဂတ်မှာ အဆိုး ဖြစ်လာမှာ တွေ့ရင်လည်း ပြောတယ် ”
“ အဆိုးဖြစ်လာမှာ ကာကွယ်နိုင်သလား ”
“ ဘဝဝဋ်ကြွေးကို ဘာကမှ မကာကွယ်နိုင်ဘူး ။ သက်သာအောင်ပဲ ဘုရား ၊ တရား လုပ်ဖို့ အကြံပေးပါတယ် ”
ဆရာနေရောင် လျှောက်လှမ်းခဲ့ရတဲ့ ဘဝခရီးကို ကျွန်တော် မေးတယ် ။
“ ကျွန်တော့် မိဘက ကွမ်းသီးခြံလုပ်တယ် ။ ကျွန်တော့် မိဘက ကျွန်တော့်ကို ပညာတတ် စေချင်လို့ အိမ်ကအလုပ် ဘာမှမခိုင်းဘူး ၊ ကျွန်တော့် ဇာတိက မြောက်ဦးမြို့နယ် ၊ ကျွဲတဲရွာ ၊ ကျွဲတဲကို မြောက်ဦးက ဆယ်မိုင် ဝေးတယ် ၊ ကားလမ်း လမ်းကြမ်းက ငါးမိုင် ၊ ခြေကျင်က ငါးမိုင် ၊ ကားတွေ ကလည်း ဖွတ်ချက် ဖွတ်ချက်ကားတွေ ”
သူပြောတာ နားထောင်ရင်း သူ မွေးဖွားရာ ဇာတိရပ်ရွာရဲ့ ဝေးသီခေါင်ဖျားမှုကို သတိပြုမိတယ် ။
“ ကျွန်တော် ငယ်ငယ်က ကျွန်တော်တို့ ရွာမှာ မအေးချမ်းလို့ ကိုယ့်အိမ်မှာ ကိုယ် မအိပ်ရဘူး ၊ ဟိုတစ်အိမ် တစ်ညအိပ် ၊ ဒီတစ်အိမ် တစ်ညအိပ် ၊ ပုန်းရှောင်ပြီး အိပ်ရတယ် ၊ ကျွန်တော် ငါးနှစ်သား လောက်က ကျွန်တော်တို့ အိမ် ဓားပြတိုက်ခံရတယ် ”
သူ့စကား ကြားတော့ ကျွန်တော် စိတ်ဝင်စားလို့ မျက်ခုံးပင့်ပြီး နားထောင်မိတယ် ။
“ အိမ်တံခါးမကို ဓားပြတွေက သေနတ်နဲ့ ပစ်ဖွင့်တယ် ၊ အဖေက အိမ်နောက်ဘက်က ခုန်ချပြီး ထွက်ပြေးသွားတယ် ၊ ကျွန်တော်တို့ ရွာက ဘုရား ရန်ပုံငွေတွေကို အဖေက ထိန်းသိမ်းထားရတာ ၊ ဓားပြက အိမ်မှာ တွေ့သမျှ အကုန်ယူတာ ၊ ကျွန်တော် ဝတ်ထားတဲ့ ရွှေလက်ကောက်ကို ကတ်ကြေးနဲ့ ဖြတ်ယူ သွားတာ ”
ဆရာက ပြောနေရင်း ချောင်းတဟွပ်ဟွပ် ဆိုးတယ် ။ မန္တလေး ရာသီဥတုက ပူပြီး ဖုန်မှုန့်တွေ သူ့ လည်ချောင်းထဲ ဝင်လို့ ချောင်းဆိုးတာလို့ ပြောတယ် ။
“ ကျွန်တော် မွေးကတည်းက ကံမကောင်းဘူး ၊ ချောင်းတွေဆိုး ၊ အနာတွေပေါက် ၊ နေမကောင်း ၊ အငိုက သန်လို့ “ ငိုခဲ ” လို့ ခေါ်ကြတယ် ။ ကျွန်တော့်ကို မွေးတဲ့ နှစ်မှာ ကျေးရွာ သောက်သုံးဖို့ ရေကန်ကို ကျွန်တော့် အဖေက တူးဖော်ခဲ့လို့ “ ကန်ဖော်အောင် ” လို့လည်း ခေါ်ကြပြန်တယ် ။ အဲဒီနှစ် မှာပဲ ရွာမှာ ကျောင်းထိုင်နေတဲ့ ဘုန်းတော်ကြီးကို အဖေက ရဟန်းခံတဲ့နှစ်မို့ “ သံဃာကျော် ” လို့လည်း ခေါ်ကြပြန်တယ် ။ ရဟန်းတွေက သိမ်ထွက်ချိန်မှာ ကျွန်တော့်ကို ကျော်သွားလို့ပါ ”
သူ့ဘဝမှာ လုပ်ကိုင်ခဲ့တဲ့ လုပ်ငန်းတွေက အမျိုးစုံတယ် ။ သူ ငယ်စဉ်က နာမည်တွေ အမျိုးမျိုးရခဲ့တယ် ။ သူ့ဘဝဟာ ဗဟုကိန်း အကျိုးပေးသူလား ။
ဆရာနေရောင်က သူ့ဘဝကို ဆက် ပြောပါတယ် ။
“ ကျွန်တော့် အသက်ငါးနှစ် ပြည့်တော့ ရွာကျောင်းမှာ ကျောင်းနေရတယ် ၊ ကျွန်တော်မွေးတဲ့ နှစ်မှာပဲ ရွာမူလတန်းကျောင်းက အလယ်တန်းကျောင်း ဖြစ်သွားတယ် ။ ရွာကျောင်းက မူလတန်းဆရာ ၊ ဆရာမတွေ အသင်အပြ ကောင်းလို့ ကျွန်တော့် မူလတန်းပညာ အခြေခံ မဆိုးဘူး ၊ စာလည်းတော်လို့ လေးတန်း စကောလားရှစ် စာမေးပွဲကို မင်းပြားမြို့မှာ သွားဖြေခဲ့ရတယ် ”
ကျွန်တော်က သူ ပြောတာကို စိတ်ဝင်တစား နားထောင်နေတယ် ။
“ အလယ်တန်း ရောက်တော့ ငါးတန်း ၊ ခြောက်တန်း ၊ ခုနစ်တန်း ၊ သုံးနှစ်မှာ ရွာကျောင်းက ဆရာ နှစ်ယောက်တည်းနဲ့ မနိုင်မနင်း သင်ရတာရယ် ၊ မငြိမ်းချမ်းတာရယ် ၊ မိုးတွင်းဆို ဆရာတွေ လုံးဝ မလာတာရယ်ကြောင့် ကျွန်တော် စာလုံးဝ မတတ်ဘူး ”
သူ ပြောရင်း ရယ်တယ် ။
“ ရှစ်တန်းကို မြောက်ဦးမြို့ အထက်တန်းကျောင်းမှာ သွားတက်တယ် ၊ ဆွေမျိုးမရှိတော့ အသိအိမ်မှာပဲ နေတာ စားတာ ၊ ကျွန်တော်က တစ်မိုးတွင်းလုံး လိုလို အနာတွေ ပေါက်ပြီး ကျောင်းမတက်နိုင်ဘူး ၊ ရှစ်တန်းပညာကို မရေမရာနဲ့ အောင်သွားတယ် ”
“ ကိုးတန်းကော ”
“ ကိုးတန်းကို စစ်တွေမှာ တက်တယ် ၊ ကျွန်တော်တို့ရွာ ဇာတိဖွား ဆရာတော်ရဲ့ ဒက္ခောင်းကျောင်းမှာ တည်းပြီး ကျောင်းတက်တာ ၊ စာတိုက်ပုံးကို ဒကောင်းလို့ ခေါ်တာ ၊ ကု,လားစကားလား မသိပါဘူး ၊ ကျောင်းဝေယျာဝစ္စတွေ လုပ် ၊ ဘုန်းကြီးကျောင်းမှာ နေ ၊ ဘုန်းကြီးကျောင်းမှာ စားပြီး ကျောင်းတက်ရတာပေါ့ ၊ ပညာအခြေခံက အလွန်နည်းတော့ ကျောင်းသင်ခန်းစာတွေ မလိုက်နိုင်ဘူး ။ စာစီစာကုံး ရေးခိုင်းတာ ကျွန်တော် မရေးတတ်ဘူး ။ မြန်မာစာဆရာမက ဆူတာ မျက်ရည်ပေါက်ပေါက်ကျတယ် ”
ဆရာနေရောင် ပြောရင်း ချောင်းဆိုးလို့ ခဏနားတယ် ။
"ကျွန်တော် စိတ်မလျှော့ဘဲ ပြင်ပ စာအုပ်တွေ ကြိုးစားဖတ်တယ် ၊ ဒို့ကျောင်းသားစာစောင် ၊ မြဝတီ ၊ ငွေတာရီ ၊ ရှုမဝ ၊ သွေးသောက် မဂ္ဂဇင်းတွေ ဖတ်တယ် ”
သူ ချောင်းဆိုးပြန်တယ် ။
“ စာတွေ ဖတ်တော့ ကဗျာတွေ ၊ စာတွေ ရေးတာကို ဝါသနာ ပါသွားတယ် ။ စစ်တွေ ရောက်စက ကျွန်တော် စာလုံးဝ မတတ်ဘူး ။ မြန်မာစာ ငါးကြောင်း ပြည့်အောင် မရေးတတ်ဘူး ။ ဆရာမ ဆူတာလည်း မပြောနဲ့ ၊ အင်္ဂလိပ်စာ ၊ မြန်မာစာ တအားညံ့တယ် ”
“ အင်္ဂလိပ်စာ ဘယ်လို လေ့လာသလဲ ”
“ ကိုယ့် ကျောင်းသား အချင်းချင်း သင်ယူရတာ ၊ ကျောင်းသားချင်း တပည့်ခံရတာပေါ့ ၊ ဒီလို အနေအထားနဲ့ ကြိုးစားပြီး ဆယ်တန်းကို အောင် သွားတယ် ”
“ ဆယ်တန်း အောင်ပြီးတော့ ... ”
“ အိမ်က ထွက်ပြေးတာပေါ့ ”
သူက ပြောရင်း ရယ်တယ် ။ ရယ်တာရပ်ပြီး သူ့စကားကို ဆက် ပြောတယ် ။
“ စာတွေ ဖတ်ရတာ များတော့ စာရေးဆရာ သိပ်ဖြစ်ချင်လာတယ် ၊ စာရေးဆရာ ဖြစ်ချင်စိတ်နဲ့ အဖေ ဝယ်ပေးထားတဲ့ စက်ဘီးကို သုံးရာငါးဆယ် ( ကျပ် ၃၅ဝ ) နဲ့ရောင်းပြီး မိဘမသိဘဲ လေယာဉ်နဲ့ ရန်ကုန်ကို ပြေးလာခဲ့တယ် ”
“ လေယာဉ်နဲ့ .. ”
“ ဟုတ်တယ် ၊ လေယာဉ်နဲ့ ၊ လေယာဉ်က ၉၆ ကျပ်ပဲ ပေးရတယ် ၊ ရန်ကုန် ရောက်တော့ စမ်းချောင်း ၊ ကျွန်းတောလမ်းထဲက သာသနသုခကျောင်းမှာ နေတယ် ၊ ဆရာတော်က ကျွန်တော့် မိဘတွေနဲ့ ရင်းနှီးတယ် ၊ ကျောင်းတက်ဖို့ လာတာမို့ ဘုန်းကြီးက လက်ခံထားတယ် ။ ကျွန်တော် စစ်တွေက ထွက်လာတုန်းက ဆယ်တန်းကို “ ခ ” အဆင့်နဲ့ပဲ အောင်ခဲ့တာမို့ ကြည့်မြင်တိုင် အထက ၅ လူငယ်ရေးရာ ညကျောင်းမှာ တက်တာ “ က ” နဲ့အောင် ... ”
သူ ချောင်းဆိုးတယ် ။
“ ဥပဒေ စာပေးစာယူ ဆက်တက်ဖြစ်ပါတယ် ။ ၁၉၇၃ ခုနှစ်မှာ သင်္ဃန်းကျွန်းမြို့နယ် သမဝါယမဦးစီးဌာနမှာ ဒု - အသင်းစုမှူး အလုပ်ရတယ် ၊ အလုပ်လုပ်ရင်း သူငယ်ချင်းတွေနဲ့ ပေါင်းပြီး ကျူရှင် ဖွင့်တယ် ၊ ကိုးတန်း ၊ ဆယ်တန်း သင်တယ် ”
“ အလုပ်နှစ်ခု တစ်ပြိုင်တည်းပေါ့ ”
သူ ရယ်တယ် ။
“ ထင်းရှူးသေတ္တာခွံ ၊ ဂုန်နီအိတ်ခွံ ၊ ထုပ်ပိုးခွံမျိုးစုံ အရောင်းအဝယ်လည်း လုပ်တယ် ၊ ၁၉၇၈ ခုမှာ အိမ်ထောင်ကျတော့ စားဝတ်နေရေး အခက် ကြုံလာတယ် ၊ တိုလီမုတ်စ စီးပွားရေးတွေ အစုံ လုပ်ဖြစ်တယ် ၊ ဘဝအမျိုးမျိုး ဖြတ်သန်းရတာပေါ့ ၊ ဈေးရောင်းလိုက် ၊ ပွဲစားလုပ်လိုက် ၊ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် လုပ်လိုက် ၊ အဆောက်အအုံ ကန်ထရိုက်တာ လုပ်လိုက် ၊ အိမ်ခြံမြေ အကျိုးဆောင်ရုံးခန်း ဖွင့်လိုက် ၊ ဗေဒင်လက္ခဏာ ဟောလိုက်နဲ့ ကျင်လည်ခဲ့တယ် ”
“ အလုပ်တွေက သူ့ခေတ် သူ့အခါအလိုက် ကောင်းခဲ့တဲ့ အလုပ်မျိုးတွေပဲ ၊ ဘာကြောင့် အတည်တကျ မလုပ်ဘဲ ပြောင်းရတာလဲ ”
“ အိမ်ဆောက်ပစ္စည်း ရောင်းတော့ ကြွေးကျတာနဲ့ ရပ်လိုက်ရတယ် ။ ငွေချေးပြီး အဆောက်အအုံကန်ထရိုက်လုပ်တော့ ရတဲ့ အကျိုးအမြတ်နဲ့ ငွေတိုးနဲ့ မကာမိဘူး ။ အိမ်ခြံမြေ အကျိုးဆောင်လုပ်တော့ ပွဲစားတွေ လိမ်တာပါသွားပြန်ရော ”
သူက ရယ်မောတယ် ။
“ ၁၉၉ဝ ပြည့်နှစ်မှာ အိမ်ထောင်ရေးက အဆင်မပြေ ၊ သမီးလေးကဆုံး ၊ စီးပွားရေးက အဆင်မပြေတော့ စိတ်လေပြီး သုံးနှစ်လောက် ရန်ကုန် ၊ မန္တလေး ၊ ကချင်ပြည်နယ် ၊ ဟိုပင်မြို့တွေကို သွားချည်လာချည် လုပ်ပြီး ဗေဒင်လက္ခဏာ ဟောခဲ့တယ် ”
“ ဗေဒင်လက္ခဏာပညာ ဘယ်လို တတ်တာလဲ ”
“ ကျွန်တော် လူမှန်းသိစ ကိုးနှစ် ၊ ဆယ်နှစ် အရွယ်မှာ မြောက်ဦးမြို့နယ် ကျောင်းတောင်ရွာက အဘိုး တစ်ယောက် ကျွန်တော်တို့အိမ် လာနေပြီး ဗေဒင်ဟောတယ် ။ ကျွန်တော်က စကားလုံး အချို့ကို ငယ်စဉ်ကတည်းက နားရည်ဝ နေတယ် ။ စစ်တွေမှာ ကျောင်းနေတော့ ဗေဒင်ပညာ သိပ်တော်ပြီး နာမည်သိပ်ကြီးတဲ့ တင်းထိန်ရံဆရာတော်ကြီး ဆီမှာ ဗေဒင်ပညာကို စနစ်တကျ သင်ခဲ့တယ် ။ ရန်ကုန် ရောက်တော့ ဆရာဦးစံတင်အောင် ( ရွှေဘို ) ဆီမှာ လက္ခဏာ ပညာသင်ခဲ့တယ် ။ နောက်တော့ ဆရာကိုင်ရို ရေးတဲ့ မူရင်း လက္ခဏာစာအုပ် အားလုံး ဖတ်ဖြစ်တယ် ။ မြန်မာစာအုပ် တော်တော်များများ လေ့လာတယ် ၊ ပညာရပ်ကို ဝါသနာ ပါတာရယ် ၊ ကြိုးစားလေ့လာတာရယ် ၊ ပါရမီ ပါတာတွေကြောင့် အောင်မြင်သင့်သလောက် အောင်မြင်တယ် ”
“ ဘယ်အချိန်က စဟောသလဲ ”
“ ၁၉၈၀ ပြည့်က စပြီး စစ်တွေမြို့ လမ်းမကြီးမှာ စဟောတယ် ။ နောက် ရန်ကုန်မြို့ လမ်း ၃၀ ၊ ရွှေဘုံသာလမ်းမှာ ဟောတယ် ၊ ၂ဝဝ၅ ခုနှစ်လောက်က စပြီး မြန်မာနိုင်ငံ အနှံ့အပြား မြို့ တော်တော်များများမှာသွားရောက် ဟောပြောတယ် ”
“ စာပေ ရေးသားတဲ့ အပိုင်းကော ”
“ ဝါသနာ အပါဆုံးက စာပေပေါ့ ။ ကိုယ့်လက္ခဏာ အရ စာပေမှာ မအောင်မြင်နိုင်ဘူး ။ ဘဝလောကဓံရဲ့ တိုက်ခိုက်မှုအမျိုးမျိုးကြောင့် စာရေးတာကို ဇောက် ( စောက် ) ချ မလုပ်နိုင်ဘဲ ကြိုကြားကြိုကြားပဲ ရေးနိုင်တယ် ။ ဒါပေမဲ့ မဂ္ဂဇင်းမှာ စာမူပါရင် အပျော်ဆုံးပဲ ။ ပိုက်ဆံရတာထက် ပျော်တယ် ”
“ ကိုယ့်ဘဝကိုယ် ပြန် သုံးသပ်ကြည့်တော့ .. ”
“ ပရဟိတတွေ အများကြီး လုပ်နိုင်ခဲ့တယ် ။ ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသား ၊ ကျောင်းသူတွေကို အတတ်နိုင်ဆုံး အကူအညီ ပေးခဲ့တယ် ။ ဘဝမှာ ကံကြမ္မာဆိုတာ ဘယ်သူမှ ပြုပြင်ဖန်တီးလို့ မရနိုင်ပါဘူး ။ ဓာတ်ရိုက်ဓာတ်ဆင် ယတြာဆိုတာ သာမန် ကိစ္စတွေ လောက်ပဲ လုပ်လို့ရတယ် ၊ မရတာလည်း ရှိတယ် ။ တကယ်ပါလာတဲ့ ဝဋ်ကြွေးတွေ ကိုတော့ ပြုပြင်ဖန်တီးလို့ မရပါဘူး ”
⎕ ကျော်ရင်မြင့်
📖အတွေ့အကြုံစုံစုံ ဘဝဇာတ်ခုံ
No comments:
Post a Comment