❝ ဆီသည်မ လက်သုတ်ပဝါ ဝတ္ထု ❞
( ဆူးငှက် )
ဝင်းထိပ် သစ်ချိုပင်ကြီးအောက် ကစားနေရာမှ သတိရ၍ အိမ်ပြန်ပြေးလာချိန်တွင် မေမေသည် အိမ်ရှေ့ကွပ်ပျစ်လေးပေါ် ရောက်နှင့်နေပြီ ။ ဆီရောင်ဖြင့် ဝင်းနေသော ကပ္ပီတန်စီးကရက်သံ ဘူးလေးထဲက ပိုက်ဆံတွေ ထုတ်နေသော မေမေသည် ကြောင်အိမ်ထဲက သံပန်းကန်ပြားကို ကမန်းကတန်း ယူပြီး ထမင်းအိုး ဖွင့်နေသော ကျွန်တော့်အား -
“ ခွေးကလေး ... ၊ အကစားမက်နေ ၊ သွား ... ဆီဗျပ်ထဲမှာ နင့်ဖို့ အကြော်ဝယ်လာတယ် ”
ဟု လှမ်းပြောလိုက်သည် ။
တစ်မနက်ခင်းလုံး ပိဿာချိန် တစ်ဆယ်နီးပါးရှိသော ဆီများကို ဆီဗျပ်ထဲက ပုံစံကျ သံဖြူပုံးတွေမှာ ထည့်ပြီး တစ်ရပ်ဝင် ၊ တစ်ရပ်ထွက် လှည့်လည် ရောင်းချရသောကြောင့် ငွေရောင်သန်းစ ပြုနေသည့် မေမေ့ဆံပင်တို့သည် ပိပြားနေသည် ။ နဖူးပေါ် ဝဲကျနေသော ဆံပင် တစ်စနှစ်စ ကြားက ချွေးသီးတို့သည် မကြာမီ မျက်နှာ တစ်လျှောက် စမ်းချောင်းကလေးတွေလို စီးလာတော့မည် ။ “ သွားလေ အကြော် သွားယူချည် ” ဟု ပြောပြီး ဆယ်တန်ကလေးတွေ ၊ ငါးကျပ်တန် ၊ ကျပ်တန်လေးတွေ ကို စီကာ ထပ်နေသည် ။ ကျွန်တော်က ဆီဗျပ်ထဲက အကြော်လေးတွေ နှိုက်ယူကာ ထမင်းပန်းကန်ထဲ ထည့်ပြီး အမေ့နားမှာ ထိုင်လိုက်၏ ။ ခရမ်းချဉ်သီးနီရဲရဲနှင့် ဆီပြန် ချက်ထားသော ဘဲဥချက်အနှစ်တို့ကို ထမင်းနှင့် ရောနယ်လိုက်သည် ။
အမေကမူ စီပြီးသော ပိုက်ဆံများထဲမှ ငါးကျပ်တန်တစ်ရွက် ၊ နှစ်ရွက်နှင့် ကျပ်တန်အနွမ်းလေးတွေကို ဖယ်လိုက်ပြီး ကျန်သော ဆယ်တန်တချို့နှင့် ငါးကျပ်တန်တချို့ကို လိပ်ကာ စောစောက ဆီရောင်ဝင်းနေသော ကပ္ပီတန် စီးကရက်ဘူးလေးထဲ ပြန်ထည့်လိုက်၏ ။
“ ကဲ ... ဒါအရင်းပဲ ။ ရောင်းရတာလည်း မကောင်းဘူး ။ ကြွေးကျတာလည်း များ တယ် ” ဟု ပြောပြီး ခေါင်းရင်းမှ အဖေ့ပုဆိုးဟောင်း တစ်ထည်ကို ယူကာ မျက်နှာ ၊ လည်ပင်းနှင့် ကုပ်ပိုးတစ်လျှောက်က ချွေးသီးချွေးပေါက်များကို သုတ်လိုက်သည် ။
သည် မြင်ကွင်းနှင့် သည် အသံကို နေ့စဉ် ကြားနေရသော ကျွန်တော့်မှာ မူ မနက်လင်းကတည်းက ဆီဗျပ်ကြီး ရွက်ကာ ဈေးရောင်း ထွက်သွားရပြီး အခုလို မွန်းတည့် နေပူချိန်မှ ချွေးဒီးဒီးကျ ကာ ပြန်လာသော မေမေ့ အား သနားမိသည် ။ စီးကရက်ဘူးလေးထဲက အရင်းငွေတွေ နုတ်လိုက်တော့ ကျန်တဲ့ အမြတ်ဟာ ငါးကျပ်တန်လေး နှစ်ရွက်နဲ့ ကျပ်တန်လေးတွေပဲလား အမေရယ် ။ ပင် ပန်းလိုက်တာ မေမေ ။
မေမေက ချွေးနစ်နေသော အပေါ်အင်္ကျီ အဖြူပါးပါးလေးကို ချွတ်လိုက်သည် ။ ထို့နောက် ရင်ရှားပြီးမှ ချွေးခံအင်္ကျီကို ချွတ်ကာ ကွပ်ပျစ် ခေါင်းရင်းက တိုင်မှာ ချိတ်သည် ။ အရိုးရှည် ယပ်တောင်ကို ယူ၍ အနားက သစ်သားတုံး လေးကို ဆွဲကာ ခေါင်းခု၍ လှဲအိပ်ရင်း တဘုန်းဘုန်း ယပ်ခတ်နေ၏ ။ မေမေ့ မျက်လုံးများ မှိတ်ထားသည် ။ သို့သော် အိပ်ပျော်ပုံမရ ။ ကျွန်တော်က ထမင်းစား လက်စပင် -
“ မေမေရယ် ... မြတ်လည်း မမြတ်ဘဲနဲ့ ဗျာ ။ ပင်ပန်းလှပါတယ် ။ ဆီမရောင်းပါနဲ့ တော့ ”
ဟု ပြောလိုက်သည် ။ မှိ တ်ထား သော မေမေ့မျက်လုံး ပွင့်လာသည် ။
“ ခွေးကလေး ၊ ဒီဆီရောင်းရလို့ နင်တို့ စားနေရတာ မဟုတ်လား ၊ နင့်အစ်မ ကျောင်းနေရတာ မဟုတ်လား ။ နင်တို့ ငါ့ခေါင်း အပူခံပြီး ဒီလို နေနိုင်တာ အရပ်တကာ လည်ရောင်းလာရတဲ့ ဒီဆီဗျပ် ကျေးဇူးဟဲ့ ”
လို့ မေမေက ပြောတော့ -
“ မေမေက မမြတ်ဘူးလို့ချည်း ပြောနေတာကိုးဗျ ”
ဟု အတွန့်တက်မိသည် ။ ထိုအခါ မေမေသည် အိပ်ရာမှ ထကာ ကျွန်တော့်ခေါင်းကို လက်သီးဆုပ်ဖွဖွလေး ဖြင့်ထုရင်း -
“ ဒါကတော့ ... ပြောနေကျမို့ပေါ့ဟဲ့ ၊ အရပ်ထဲမှာ ကျန်ခဲ့တဲ့ ကြွေးတွေရယ် ၊ ဟိုဆီပုံးထဲ ကျန်တဲ့ ဆီတွေရယ်က ပိုက်ဆံတွေ ထပ်ရဦးမှာပေါ့ ။ ပြီးတော့ အိမ်မှာလည်း အခု နင်စားနေတဲ့ ဘဲဥတောင် ဆီပေါလောနဲ့ ချက်နိုင်နေတာ မဟုတ်လား ”
ဟု ပြောပြီး ပြုံးပြုံးကြီး လုပ်နေမှ ကျွန်တော်လည်း ထမင်းပန်းကန်ပြားကြီး တစ်ဖက်နှင့် အမေ့ရင်ခွင်ထဲ ခေါင်းဖြင့် တိုးဝင်ခွေ့လိုက်ရတော့သည် ။
••••• ••••• •••••
ကိုးတန်းကျောင်းသူ မမ နာရီပူဆာသည် ။ ဘေးအိမ်က မမစန်းကြည်တို့ သုံးရာတန် နာရီ အသစ်လေးတွေ ဝယ်လာသောကြောင့် ဖြစ်သည် ။ သူတို့က ဈေးချိုထဲမှာ ဈေးရောင်း အငှားလိုက်သည် ။ မမ နာရီ ပူဆာတော့ ကျွန်တော်က စိတ်မကောင်း ဖြစ်နေရသည် ။ မေမေ ညည်းညူနေတာ နေ့စဉ် ကြားနေရသူအဖို့ သုံးရာ ဆိုသော ငွေကို ဘယ်မှာ ရှာရမလဲဆိုတာ တွေးမိ၍ ဖြစ်သည် ။ ထိုရက်မှာပင် ရွှေဘိုမှ ဦးလေးတစ်ယောက် ရောက်လာ၏ ။ ပန်းထိမ်ဆရာ ဦးလေးကို ဖေဖေက မမ အတွက် သုံးရာတန် နာရီတစ်လုံးလောက် ဝယ်ပေးချင်ကြောင်းပြောတော့ ဦးလေးက “ ဟာဗျာ အစ်ကိုက လည်း သုံးရာတန် ပတ်တယ်ဆိုတာ ပိုက်ဆံပေါတဲ့ သူမှ ဗျ ၊ ခဏလေးနဲ့ ပျက်ပြီး နောက်တစ်လုံး အသစ်ထပ် ဝယ်ရမှာ I မဝယ်မဖြစ်ရင် တစ်ခါတည်း အကောင်းဝယ်ထား ၊ ဒါမှ ကြာရှည်သုံးရမှာ ”
ဟု ပြန်ပြောသည် ။ ခဏနေတော့ ဖေဖေ နှင့် ဦးလေး အိမ်ထဲ ဝင်ပြီး တိုးတိုးတိုးတိုး ပြောနေကြသည် ။ မမ ကျောင်းက ပြန်လာတော့ ဦးလေး စက်ဘီးနောက်မှာ ထိုင်ပြီး ဈေးချိုသို့ ထွက်သွားကြသည် ။ ပြန်လာချိန်တွင် မူ မမလက်၌ နာရီအသစ်ကလေး တစ်လုံး ပတ်လာသည် ။ တစ်တိုနီ အမျိုး အစားဖြစ်ပြီး ခုနစ်ရာ့အစိတ် ပေးရသည် ဟု ဦးလေးက ပြောသည် ။ ထို့ အပြင် ပြေစာစာရွက်လေး တစ်ရွက် နှင့် ပိုက်ဆံတချို့ကိုလည်း ဦးလေးက အဖေ့ကို ပေးလိုက်သေးသည် ။
“ အစ်ကိုရေ ... အစိတ်တောင် ပိုသေးတယ် ”
ဟုလည်း ဦးလေးက ပြောသေးတော့ ကျွန်တော့်မှာမူ နားလည်ရခက်သေးတော့သည် ။ ထို့ကြောင့် ကျွန်တော်လည်း ထီးတစ်လက် ဝယ်ဖြစ်ခြင်းဖြစ်ပါသည် ။
ထိုစဉ်က ကျွန်တော်သည် ရှစ်တန်းသာ ရှိသေးသော်လည်း လူပျိုပေါက် စိတ်ကလေးက ဝင်နေပေပြီ ။ ဟိုအရှေ့ဘက် ဝင်းထဲရှိ ဖေဖေ အလုပ်လုပ် သော ဆီစက်ပိုင်ရှင်သားက တက္ကသိုလ် ကျောင်းသားတစ်ယောက် ဖြစ်သည် ။ တစ်နေ့ သူ ကျောင်းကပြန်လာသည်ကို ကျွန်တော်နှင့် လမ်းမှာ မျက်နှာချင်းဆိုင် တွေ့လိုက်ရသည် ။ တကယ်တော့ ထိုသူမှာ တက္ကသိုလ်ကျောင်းသို့ ကိုယ်ပိုင်ကားနှင့် ကျောင်းတက်သူ ဖြစ်သည် ။ သည်နေ့မှ သူ့ကား ဘာဖြစ်သလဲမသိ ။ ဘတ်စ်ကားနှင့် ကျောင်းတက်ပြီး ပြန်လာပုံရသောကြောင့် ကျွန်တော်နှင့် တွေ့ဖြစ်ခြင်းဖြစ်သည် ။ ကိုင်းတန်းဈေး အနီးမှာ တွေ့လိုက်ချိန် မနက်ကတည်းက စွေနေသော မိုးကြောင့် အေးစိမ့်စိမ့် ရာသီဥတုမှာ သူသည် ဂျင်းဂျာကင်ကို ဝတ်ထားသည် ။ အတွင်းက စပို့ရှပ်ကလေးက အသားရောင်ကလေး ဖြစ်သည် ။ လုံချည်က အဖြူပေါ်အညိုရောင် အကွက်စိပ် ခရုလုံချည် ဖြစ်သည် ။ ပြီးတော့ အသားရောင် အကွက်ကျဲ တက်ထရစ်စနှင့် ချုပ်ထား သည့် နံပြားဦးထုပ်လေး ဆောင်းထားသည် ။ လက်တစ်ဖက်က စာအုပ် သုံးလေးအုပ် ကိုင်ထားသည် ။ ( ကျောင်းစာအုပ်များ ဖြစ်သည် ) လက်တစ်ဖက်ကမူ လက်ကိုင်ရိုးအကောက် နှင့် ခေါက်ထီးတစ်လက်ကို ကိုင်ထား၏ ။
ကျွန်တော့်မှာမူ သူ့ကို မြင်ပြီး ကတည်းက နံပြားဦးထုပ်နှင့် ခေါက်ထီးကိုပဲ သဘောကျနေ တော့သည် ။ ထို့ကြောင့် တစ်အိမ်ကျော် စက်ချုပ်ဆိုင်မှ တက်ထရစ် အစဖြတ်တစ်စ ( အနံပြည့် တစ်ထွာခန့်ရှိမည်ထင်သည် ) ကို တောင်းတောင်းပန်ပန်နှင့် ဝယ်ပြီး ( ၂၈ ) လမ်းရှိ “ ဟက်ပီးဘရား သား ” ဦးထုပ်ချုပ်ဆိုင်တွင် နံပြားဦးထုပ် တစ်လုံး ချုပ်ခိုင်းလိုက်၏ ။ ခေါက်ထီး ကိုမူ အိမ်ကို ဝယ်ပေးရန် ပူဆာမိသည် ။ မေမေ ဈေးရောင်း ပြန်လာတိုင်း ညည်းညူသည် ကို ကြားနေပါလျက်နှင့် စက်ပိုင်သားပုံစံက မျက်စိက မထွက်ဘဲ ဖြစ်နေသည် ။ မေမေကမူ သူ ဆောင်းသော နီကယ်ရောင်လက်ကိုင် နှင့် ကြက်ဆင်တံဆိပ် မိန်းမဆောင်း ထီးကို ယူဆောင်းဖို့ ပြောသေးသည် ။
သို့သော် လက်ကိုင်ကောက်နှင့် ခေါင်ထီးကိုပဲ စွဲလမ်းနေသည် ။ တစ်ရက်တွင် ကျောင်းသွားမည့် အချိန်လောက်မှာပဲ မိုးဖွဲဖွဲလေး ရွာလာသည် ။ ကျွန်တော်သည် တစ်စုံတစ်ရာ ဆောင်းစရာမယူဘဲ ကျောင်းသို့ထွက်သွားသည် ။
“ ဟဲ့ ... ထီး ယူသွားဦးလေ ၊ မိုးရွာထဲ အဆောင်းမပါ ဘာမပါနဲ့ ”
ဟု မေမေက လှမ်းပြောတော့ -
“ မေမေထီးက ခေါက်ထီးမှ မဟုတ်ဘဲနဲ့ ဗျ ”
ဟု ပြန်ပြောမိသည် ။ ( ထိုနေ့က ဘာကြောင့်မှန်းတော့ မမှတ်မိ ၊ မေမေ ဈေးရောင်းမထွက်ဖြစ်တာ သေချာသည် ။ )
ထိုအခါ မေမေသည် သူ့ကြက်ဆင်ထီးကလေး ယူပြီး ကျွန်တော့် လက်ဆွဲကာ ဈေးချိုသို့ ခေါ်သွားလေသည် ။
••••• ••••• •••••
တောင်ဘက်တိုက်တန်းက ဆိုင်တစ်ဆိုင်မှာ ခေါက်ထီးတစ်လက် ဝင်ဝယ်သည် ။ ထီးဖိုးပိုက်ဆံချေတော့ မေမေ က သူ့အင်္ကျီချွေးခံ အောက်အိတ်ထဲက ပလတ်စတစ် အထုပ်လေးကို ယူလိုက်သည် ။ အထပ်ထပ် ခေါက်ထား၍ ကြေမွနေသော ပလတ်စတစ်ကို ဖြေလိုက်သောအခါ ဆယ်တန် အထပ်ကလေးများ ထွက်လာသည် ။
ထို့နောက် တစ်ရွက်ချင်း ရေပြီး ကျွန်တော့်လက်ထဲ ထည့်လိုက်သည် အားလုံး ဆယ့်နှစ် ရွက်တိတိ ဖြစ်၏ ။ ထိုအခါကျမှ ကျွန်တော် သတိထားမိသည် ။ ဆယ်တန်လေးများသည် ဆီပေနေသော အမေ့လက်ဖြင့် မကြာခဏထုတ်ကာ ရေတွက်ထားသည် မို့ စေးကပ်ကပ်လေး ဖြစ်နေသည် ။ ဆီနံ့ကလေးကလည်း သင်းနေသည် ။ မှတ်မိသည်မှာ အမေ၏ ကပ္ပီတန်သံဘူးလေး ဖွင့်လိုက် သောအခါ ရသော အနံ့ကလေး ဖြစ်သည် ။ ကျွန်တော့်မှာမူ ဒီအခါကျမှ ဆယ်တန်ကလေးများကို ဆိုင်ရှင်၏ လက်ထဲထည့်လိုက်ရမှာ နှမြောနေတော့သည် ။ ထဘီရင်ရှားနှင့် အိမ်ရှေ့ ကွပ်ပျစ်မှာ အိပ်ရင်း ယပ်တဘုန်းဘုန်း ခတ်နေသော မေမေ၏ ဈေးရောင်းပြန် မြင်ကွင်းလေးကိုပဲ မြင်ယောင်နေ မိသည် ။ ဒါပေမဲ့ လက်ထဲမှာ ခေါက်ထီးကလေး ရောက်နေပြီ ။
“ ဟဲ့သား ဘာငေးနေတာလဲ ၊ စေ့တယ် မဟုတ်လား ။ ပေးလိုက်လေ ”
ဟု မေမေက ပြောမှ လက်ထဲက ဆယ်တန်လေးတွေကို ဆိုင်ရှင်လက်ထဲ ထည့်လိုက်ရတော့သည် ။
“ ကဲ ... အဲဒီ ထီးဆောင်းပြီး တစ်ခါတည်း ကျောင်းသွားတော့ ... ” ဟု ပြောကာ နီကယ်ရောင် လက်ကိုင်လေးနှင့် မိန်းမဆောင်း ကြက်ဆင်ထီး ခပ်နွမ်းနွမ်းလေး ချိုင်းကြားညှပ်ပြီး တိုက်တန်းတစ်လျှောက်သို့ ထွက်သွားသော မေမေ ကို ( ၂၈ ) လမ်းဘက် မဆင်းမချင်း ခေါက်ထီးအသစ်ကလေး ကိုင်ထားရင်း ကျွန်တော် ငေးကြည့်နေမိသည် ။
ထိုရက်များက မမ ကိုလည်း ခုနစ်ရာကျော် နာရီ ၊ ကျွန်တော့်ကိုလည်း ငွေတစ်ရာကျော်တန် ခေါက်ထီးဝယ်ပေးသောကြောင့် “ ကြွေးကျတယ် ၊ ဈေးရောင်းမကောင်းဘူး ” ဟု ညည်းနေကျ မေမေ့အား နားမလည်သလို ဖြစ်မိသည် ။ ထိုဝယ်ပေးသော ငွေများသည် ကပ္ပီတန် စီးကရက်ဘူလေးထဲက ဟုတ်ချင်မှ ဟုတ်မည်ဟုလည်း တွေးနေမိသည် ။ အဘယ်ကြောင့်ဆိုသော် မနှစ်က သင်္ကြန်တွင်းတွင် ဖေဖေ ခိုင်းသောကြောင့် အရှေ့ဘက် ဝင်းထဲက ဆီစက်ပိုင်ကြီးကို သွား၍ ကန်တော့သောအခါ ဆီစက်ပိုင်သမီး မမ က စားပွဲကြီးဘေးရှိ မီးခံသေတ္တာကြီးကို ဖွင့်ပြီး ဖေဖေ့အတွက် လုပ်ခများနှင့် ကျွန်တော့်အတွက် မုန့်ဖိုးပေးတော့ ပိုက်ဆံအထပ်လိုက်ကြီး မြင်ဖူးသည် ။ ထိုအခါ ကျွန်တော့်အတွေးတွင် ဆီစက်ပိုင်ကြီးလည်း ဆီစက်ပိုင် အလျောက် မီးခံသေတ္တာထဲမှာ ငွေများ အထပ်လိုက် ရှိသလို ကျွန်တော်တို့ အိမ်တွင်လည်း ခေါင်းရွက်ဗျပ်ထိုး ဆီသည် အလျောက် ဖေဖေ၏ အမြဲ သော့ခတ် ထားသော သံသေတ္တာထဲတွင် စုထားသော ငွေများ ရှိမည် ။ ဆီစက်ပိုင်တွင် သိန်းချီ၍ ငွေများ စုထားသလို ခေါင်းရွက်ဗျပ်ထိုး ဆီသည် မေမေ့မှာ လည်း ထောင်ဂဏန်းမျှ ရှိလိမ့်မည်ဟူ၍ ထိုအချိန်က စတင်သင်ကြားနေသည့် သင်္ချာစာအုပ်ထဲမှ သုံးချက်ညီ သင်္ချာနည်းဖြင့် တွေးခေါ်ကြည့်မိနေသည ။
ထို့ကြောင့်လည်း မကြာမီ ရက်အတွင်းတွင် ဆီစက်ပိုင်တိုက်ကြီး၏ အလုပ်စားပွဲပေါ်မှ ကြွေးစာရင်းစာအုပ် ထဲတွင် ဖေဖေ့နာမည်ဖြင့် ငွေနှစ်ရာ့ငါးဆယ်တိတိ မှတ်သားခံလိုက်ရလေတော့သည ။
••••• ••••• •••••
ကျွန်တော့်လို ခုနစ်တန်းလောက် ကတည်းက မျက်မှန်တပ်ရသူ တစ်ယောက်အဖို့ မျက်မှန်ကိုင်းများ နှင့် ပတ်သက်၍ စိတ်ဝင်စားမိသည် ။ ထိုနေ့ကလည်း သူငယ်ချင်းနှင့် သူ့အဖေဆိုင်သို့ ဆတ်ဆော့ကာ ထမင်းပို့ လိုက်သွားဖြစ်ခြင်းက ပြဿနာ၏ အစဖြစ်သည် ။ သူ့အဖေသည် ( ၈၃ ) လမ်း ၊ စစ်ကိုင်းတန်းရှိ ဆိုင်ခန်းတစ်ခန်းမှာ မျက်မှန် ရောင်းသည် ။ ထိုဆိုင်တွင် မျက်မှန်ကိုင်း ပုံဆန်း အမျိုးမျိုးတွေ့ရသည် ။ ကျွန်တော် အမျိုးအမည် မဖတ်တတ်သည့် အီတလီနိုင်ငံထုတ် ကော်ကိုင်းမျက်မှန်လေးကို ကျွန်တော် တော်တော် မျက်စိကျနေ၏ ။ ကျွဲကော်ကိုင်း ထူထူ ပုံရိုးရိုးကြီးနှင့် စခန်းသွား နေသော ကျွန်တော်သည် ထိုမျက်မှန်ကိုင်းလေးကို လက်က မချချင်တော့ ။ တပ်ပြီး မှန်ထဲ ကြည့်တော့ ကျွန်တော့် အတွက် စိတ်ကြိုက်လုပ်ထားသလို ဖြစ်နေသည် ။ ကျွဲကော်ကိုင်းကြီးကို အစားထိုးချင်ပြီ ။ တဆဆ တသသ ဖြစ်နေသော ကျွန်တော့် အမူအရာကို ကြည့်၍ သူငယ်ချင်းအဖေ က -
“ မင်းနဲ့ လိုက်တယ် ၊ ဒီကိုင်းတွေ ဝင်လာတာ မကြာသေးဘူးကွ ၊ ကြိုက်ရင် ယူလေ ၊ ငါ ထုတ်ဈေးအတိုင်း ပေးမယ် ”
ပြောတော့ ဈေးနှုန်းမေးမိသည် ။
“ နှစ်ရာ့အစိတ် ”
ဟု ပြန်အဖြေတွင် အဖေ့သံသေတ္တာကြီးကို မြင်ယောင်လာ၏ ။ ထိုသံသေတ္တာကြီးကို အမြဲ သော့ခတ်ထားသည် ။ သေတ္တာထဲမှာ ပိုက်ဆံတွေ အပြည့်မဟုတ်တောင် ဖေဖေ့ ဘန်ကောက် ပုဆိုးတွေအောက်မှာ ပိုက်ဆံ အထပ်တွေ ရှိနိုင်သည် ။ ဆီစက်ပိုင်၏ မီးခံသေတ္တာထဲတွင်ပင် ငွေများ ပြည့်ရှိသည် မဟုတ်ပါလား ။ ဖေဖေ့ သံသေတ္တာထဲတွင်လည်း ပိုက်ဆံတစ်ထပ် မရှိနိုင်ဟု ဘယ်သူ ပြောမလဲ ။ အမြဲတမ်း သော့ခတ်ထားခြင်းက ကျွန်တော့်အတွေးကို သေချာစေသည် ။ မီးခိုးရောင် နုနုလေးထဲ မီးခိုးရင့်နှင့် အနက်ပြောက် ၊ အနက်စင်းလေးတွေပြေးနေသည့် ကော်ကိုင်းမျက်မှန်လေးကိုမူ လက်က မချချင်တော့ ။
ထို့ကြောင့် -
“ ယူမယ်ဗျာ ၊ ဒါပေမဲ့ ဒီနေ့ ပိုက်ဆံမပါသေးဘူး ၊ နက်ဖြန်မှ ပိုက်ဆံယူခဲ့မယ် ၊ ဖြစ်တယ် မဟုတ်လား ”
ဟု မေးမိသည် ။ သူငယ်ချင်း အဖေသည် ကျွန်တော့် ကျောကို ပုတ်ပြီး -
“ အမယ်လေး ၊ ငါ့တူရာ ... ယူသွားပါ ၊ နက်ဖြန် လာပေးပေါ့ ၊ ဒီပစ္စည်းက ရှားတော့ ဒီနေ့မှ မင်း ယူမသွားရင် နက်ဖြန်အတွက် စိတ်မချရဘူး မောင် ”
ဟု ပြော၍ တစ်ခါတည်း ယူခဲ့သည် ။
အိမ်သို့ ရောက်သောအခါ မေမေ ဆီရောင်းအပြန်တွင် ကျွန်တော်က ထမင်းစားနေရင်း မျက်မှန် အကြွေးယူလာကြောင်း ပြောပြလိုက်သည် ။ မေမေသည် ဖေဖေ့ သံသေတ္တာကြီးမှ ခတ်ထားသောသော့ကို ဖွင့်ကာ ပိုက်ဆံအထပ်ထဲက ငွေနှစ်ရာ့အစိတ် ထုတ်ပေးမည်ဟု ထင်သော်လည်း တကယ်တော့ မေမေ ရင်ဘတ်စည်တီးသည် ။
“ အမယ်လေး ...လေး ၊ ဘယ်က ပိုက်ဆံရှိလို့ မျက်မှန်ဖိုး ပေးနိုင်မှာတုံး ၊ မေးမေးစမ်းစမ်းလည်း လုပ်ဦးမှပေါ့ တော် ၊ နှစ်ရာ့စိတ်က ဘယ်ကရမှာ မို့တုံးဟဲ့ ”
ဟု အော်တော့ -
“ အမေတို့ စုထားတာ မရှိဘူးလား ”
ဟု ပြန်အမေးတွင် -
“ အမယ်လေး ရတာနဲ့ စားလောက်ရဲ့လား မေးပါဦး ၊ ဘယ်မှာ စုနိုင်ပါ့မလဲ ”
လို့ မြည်တွန်တောက်တီးပြီး ဖေဖေ လည်း အလုပ်က ပြန်လာရော ဆီးတည့်ပြီး -
“ ကဲ ... အဖေကြီးရေ ၊ ဒီနေ့ ယူတဲ့ ဆီ အချိန်တစ်ဆယ်ဖိုး အကြွေး မှတ်ပါဦးလို့ တော့် စက်ပိုင် ပြောချေဦး ၊ ဟောဒီမှာ သားတော်မောင်က မျက်မှန် အကြွေး ဝယ်လာတယ်တဲ့ နှစ်ရာ့အစိတ်တဲ့ တော် ၊ နှစ်ရာ့အစိတ်တဲ့ ”
လို့ လည်း ပြောလိုက်ရာ ဖေဖေသည် အံ့အားသင့်သော မျက်နှာဖြင့် ကျွန် တော့်ကို စိုက်ကြည့်ပြီး တောက်တစ်ချက် ခေါက်လိုက်သည် ။ စကားနည်း သူမို့ ဖေဖေ့အကြည့်နှင့် တောက်ခေါက်သံသည် ဆဲဆိုသံပေါင်း များစွာထက် နာစရာကောင်းသည် ။ ကျွန်တော့်မှာမူ စားလက်စ ထမင်းကို လက်စသတ်ပြီး ပန်းကန်ဆေး ၊ လက်ဆေးလိုက်ရသည် ။ လက်သုတ်ပဝါ ရှာတော့ လက်နှီးစုတ် ညစ်ပတ်ပတ်တွေပဲ တွေ့ရသည် ။ ထိုအခါ မေမေ့ ဆီဗျပ်ကလေးထဲ သွားကြည့်တော့ ဝင်းဝါနေသော လိပ်ခွံလေး ထိုးစိုက်ထားသည့် သံဖြူရောင် လက်နေသော ဆီပုံးလေးဘေးမှာ ဖြူဖွေးနေသော လက်သုတ်ပဝါလေးကို သပ်ရပ်စွာ ခေါက်လျက်တွေ့ရသည် ။ လက်သုတ်ပဝါလေးယူ လက်သုတ်ပြီး ခေါက်ရိုးမပျက် အသာလေး ပြန်ထားလိုက်မိလေတော့သည် ။
••••• ••••• •••••
ယခု ကျွန်တော် ပတ်ထားသော တစ်တိုနီ မိန်းမပတ်ကလေးကို “ ကိုးထောင်လောက်တန်တယ် ” ဟု ပြောတော့ သားနှင့်သမီးက ရယ်သည် ။
“ ဒီနာရီကို ဖေဖေက မင်းတို့ ဒေါ်လေး ဆီက ရထားတာ ၊ မင်းအဒေါ် နာရီ ပူဆာတော့ မင်းတို့ ဘွားဘွားက သူ့ပတ်ဘီးကြီး ရောင်းပြီး ပေးတာလေ ။ တစ်ကျပ်သား ရှိသတဲ့ ။ အဲဒီ ခေတ်က ရွှေတစ်ကျပ်သားကို ရောင်းတာ ခုနစ်ရာ့ငါးဆယ်ရသတဲ့ ။ နာရီက ခုနစ်ရာ့အစိတ် ဆိုတော့ ငွေအစိတ်တောင် ပိုသေးတယ် ။ အခု ရွှေဈေး တစ်ကျပ်သား တစ်သောင်းကျော် ပေါက်တော့ ဖေဖေ့ နာရီဟာ အနည်းဆုံး ကိုးထောင်တန်တာပေါ့ကွ ”
လို့ စားလက်စ ထမင်းကို ရပ်ပြီး ပြော ပြတော့ သားနှင့်သမီးသည် -
“ ဒါဖြင့် အခုလည်း ဖေဖေက သားတို့ကို မေမေ့နားကပ် ရောင်းပြီး နာရီဝယ်ပေးလေ ”
ဟု အပြောင်အနောက် စကားတွင် ယခုနှစ် မိုး၌ အိမ် မိုးလိုက်ရသောကြောင့် “ မေ့ ” နားပေါက် ဟောင်းလောင်းလေး ဖြစ်နေတာ သတိရပြီး စိတ်မကောင်းဖြစ်ရသည် ။
နှစ်ရာ့အစိတ်တန် အီတလီ မျက်မှန်ကိုင်းတွင် ပါဝါထူထူကို မလိုက်ဖက်စွာ လဲထည့်ထားပြီး အခုထက်ထိ တပ်ထားရသော ကျွန်တော်သည် ကိုင်းအသစ်လဲရေးထက် သမီးအတွက် ချာလီထီး တစ်ချောင်းနှင့် သားအတွက် ကျွန်တော့် ခေါက်ထီးဟောင်းကို ထီးရွက်လဲပေးရေးပဲ စိတ်စောနေမိပြီး ထမင်းကို လက်စသတ်လိုက်ကာ အနားက ရေဇလုံတွင် လက်နှိုက်ဆေးလိုက်သည် ။
“ ဘာလဲ အစ်ကို ၊ ဟင်းမကောင်းလို့ အစားနည်းပြန်ပြီလား ”
ဟူသော “ မေ့ ” အမေးကို လိုက်လျောညီထွေစွာ ခေါင်းယမ်းပြလိုက်ပြီး မျက်စိကို ဟိုဟိုသည်သည် ကြည့်လိုက်မိသည် ။
ထိုအခါ မေ သည် ထမင်းစား နေရာမှ -
“ ဘာလဲ အစ်ကို ၊ လက်သုတ်ပဝါ လား ၊ မေလည်း ဒီနေ့ မအားတာရော ၊ ဆပ်ပြာ ကုန်နေတာရောမို့ မလျှော်ဖြစ်ဘူးလေ ။ အဲဒါ အိမ်ရှေ့မှာ လှမ်းထားတဲ့ အစ်ကို့ ရေလဲပုဆိုးလေး ရှိတယ်မဟုတ်လား ”
ဟု အပြောတွင် ကျွန်တော်သည် မေမေ့ ဆီဗျပ်ကလေးကိုပဲ ယောင်ယမ်းရှာဖွေနေမိတော့သည် ။
▢ ဆူးငှက်
📖 စပယ်ဖြူ မဂ္ဂဇင်း
၁၉၉၀ ခု ၊ နိုဝင်ဘာလ
No comments:
Post a Comment