Tuesday, September 9, 2025

မိုးပိတောက်ပွင့်တို့ ခင်းသောလမ်းမှာ ကံ့ကော်လေညင်းသင်း


 

❝ မိုးပိတောက်ပွင့်တို့ ခင်းသောလမ်းမှာ ကံ့ကော်လေညင်းသင်း ❞
          ( နောင်ကျော် )

သစ်ပင်တွေ ဝိုင်းရံနေသော လက်ဖက်ရည် ဆိုင်ထဲတွင် စကားစမြည် ပြောဆိုသံတွေက သိပ်မများလှ ။ အုတ်တိုက်အဆောက်အအုံ၏ တောင်ဘက်ရှိ တစ်ဖက်ရပ် အမိုး အောက်ဘက်သို့ လှမ်းကြည့်မိသည် ။ စားပွဲဝိုင်းတိုင်းတွင် လူတွေ ရှိနေသည် ။ ကွန်ကရစ် အခင်းသည် မြေပြင်ထက် မဆိုစလောက်ကလေးပဲ မြင့်သည် ။ တံစက်မြိတ် အလွန်တွင် ခင်းထားသော မြေသားပေါ်မှ စားပွဲတွေဆီသို့ လှမ်းဝေ့ ပြီး ကြည့်မိပြန်သည် ။ ဗာဒံ ပင်အရိပ် ၊ ပိန္နဲပင်အရိပ်တို့က စားပွဲတွေကို မိုးကာ ပေးထား သလိုလို ။ ဆိုင်၏ အရှေ့ဘက်နှင့် တောင်ဘက်တွင် ငှက်ပျောပင်တွေ ရှိနေပြီး တချို့ နေရာက ငှက်ပျောတော အငယ်စားလေးနှင့် ခပ်ဆင်ဆင် ။ ဆိုင်ဝန်းကျင်တွင် ပိန္နဲပင် ၊ သရက်ပင် ၊ မြားဆိပ်ပင် ၊ ညောင်ပင်နှင့် အခြား အမည်မသိသော အပင်တွေက မလှမ်းမကမ်းမှ နေ၍ လေပူကို ဖွက်ကွယ် ပေးထားသလို ထင်ရသည် ။ သစ်ပင်တွေ ထူထပ်စွာ ဝန်းရံထားသော ထိုနေရာသည် နွေအခါ၌ ဆိုလျှင် အေးမြသော ခံစားမှုကို ပေးတတ်သည် ။ သီးခြားဆန်သော ဆိုင် ဖြစ်သော်လည်း ကျောင်းသားတိုင်း လိုလို ရောက်ဖူး ၊ ထိုင်ဖူးချင်စိတ် ဖြစ်အောင် ရာဇဝင် ရှိသည် ။ မရောက်ဖူးတောင်မှ ကြားဖူးသည် ။ ယခု ဒီရာသီ ကတော့ မိုးရွာလိုက် ၊ နေပူလိုက် ဖြစ်တတ်သော မတည်မငြိမ် ကာလမျိုးမို့   “ တော်သလင်းနေ ပုစွန်သေ ”  “ တော်သလင်းမိုး ကန်သင်းကျိုး ” ဆိုပြီး ကွဲပြားသော အမှတ်အသား ထားခဲ့ကြသည်ထင်၏ ။

ရန်ကုန်တက္ကသိုလ် ကျောင်းတော်ကြီး၏ ဘွဲ့ကြို အတန်းတင် စာမေးပွဲများလည်း ဒီလ ဒီရာသီထဲတွင် ဖြေရသည် ။ စာမေးပွဲရက်မို့ ဆိုင်ထဲရှိ စကားဝိုင်းတွေက
ဆူညံကျယ်လောင်မှု လုံးဝမရှိ ။ ခါတိုင်းဆိုလျှင် တဟားဟား တဝါးဝါး နေတတ်သော ၊ စကားကို အားရပါးရ ပြောတတ်ကြသော တချို့ကျောင်းသားတွေကို စာမေးပွဲက ဣန္ဒြေ ဆည်ခိုင်းထားသည် ။ တည်တည် ငြိမ်ငြိမ် ၊ ဣန္ဒြေရရ ၊ အပိုးကျိုး နေသည့်ဟန် အမူအရာတွေကို စာမေးပွဲနတ်မင်းကြီးက ကြည့်ပြီး ပီတိဖြစ် လောက်သည် ။

ဆိုင်ဧရိယာ နှုတ်ခမ်းဝမှ အထဲသို့ ခြေတစ်လှမ်း စဝင်သည် ။ တံစက်မြိတ် အစပ်နား၏ အမိုးအောက်က စားပွဲတွင် သူတစ်ယောက်တည်း ထိုင်နေသည် ။ လက်ဖက်ရည်ခွက်ကိုလည်း သူ့ရှေ့မှာ မြင်ရ၏ ။ စားပွဲပေါ် စာအုပ် ဖွင့်ပြီး တိတ်ဆိတ်စွာ စာထိုင် ဖတ်နေပုံရသည် ။ စားပွဲဘေး ကျွန်တော် ရပ်လိုက်တော့ စာဖတ်နေသော မျက်နှာက ကျွန်တော့် ဘက် လှည့်သည် ၊ သူ ပြုံးလိုက်သည် ။ စာကိုပဲ အာရုံစိုက်နေသော ကာလ မို့ တခြားအတွေး မြူမှုန်တို့ကင်းသော မျက်နှာသည် ရှင်းသန့်နေသည် ။ ကြည်လင်နေသော မျက်နှာပေါ်မှာ အပြုံးဂယက်ကလေး ပြန့်ထွက်သွားသည် ။

“ ဒီနေ့ နောက်ဆုံးနေ့ မို့လား ၊ ဘာဖြေရမှာလဲ ”

“ မိုင်နာ မြန်မာစာ ”

“ စာကတော့ ပိုင်နေပြီပေါ့ ”

သူက ပြုံးပြီး ခေါင်းညိတ်သည် ။ ကြည်လင် ဝင်းပသော အပြုံး ။ သူ့ ပုံစံက နှစ်ခါပြန် ကြည့်ရသော မိန်းမချောမျိုးတွင် မပါဝင်သော်လည်း မျက်နှာချင်းဆိုင် မိသူတွေ နောက်ထပ် တစ်ခါလောက်တော့ ပြန်ကြည့် ခံရသူထဲ ပါသည် ။ ရုပ်ရည်က သာမန်ထဲကလို့ ပြော နိုင်သော်လည်း မြန်မာဆန်သော အဝတ်အစားတွေ ကိုသာ စွဲစွဲမြဲမြဲ ဝတ်တတ်သောကြောင့်လည်း ဖြစ်မည် ။

“ လက်ဖက်ရည် မှာလိုက်မယ်လေ ”

“ နေပစေတော့ ၊ ညီမလေးကို စာမေးပွဲခန်းထဲ လိုက်ပို့ ပြီးမှပဲ သောက်တော့မယ် ။ အချိန်က နီးနေပြီ ”

ဦးချစ်ဆိုင် ထဲမှ ထွက်လာပြီး တောင်ငူဆောင် ဘက်ရောက်သော မြေလမ်းကလေးအတိုင်း ပိန္နဲပင်တွေ အရိပ်အောက်မှ နှစ်ယောက်သား စကားတပြောပြော လျှောက်လာသည် ။ ကွန်ကရစ်လမ်းပေါ်ရောက်ပြီး နောက် တောင်ငူဆောင် အရှေ့မှကွေ့၍ ဂျပ်ဆင်ဘုရား ရှိခိုးကျောင်းဘက် သွားရာ ဒဂုံဆောင်ဘေးက လမ်းအတိုင်း ဆက် လျှောက်သည် ။ မွန်းတည့်ကျော်ခါစမို့ နေအပူကို ရလိုက် ၊ အဆောင်ဘေး သစ်ပင်ရိပ်တွေနှင့် ကွယ်သွားလိုက် ။ ဂျပ်ဆင်ဘုရားရှိခိုးကျောင်း မျက်နှာစာ အောက်မှဖြတ်ပြီး အပန်းဖြေရိပ်သာဘက် ကွေ့သည် ။ ဖြေရမည့် စာမေးပွဲခန်းတွေဆီ သွားနေကြသော ကျောင်းသူကျောင်းသားတွေ ဂျပ်ဆင် စားသောက်ဆိုင်တန်း စင်္ကြံနှင့် ကပ်လျက်မှာ ရှိသော ရေတမာပင် အောက်ရှိ စားပွဲခုံရှည်ကြီးဆီ လှမ်းကြည့်တော့ တခြား ဘာသာရပ်များမှာ မဟာဝိဇ္ဇာတက်နေသော သူငယ်ချင်းတွေ တွေ့ရသည် ။ သူတို့ကို ကျွန်တော်တို့ နှစ်ယောက်က ပြုံးပြ နှုတ်ဆက်ပြီး စင်္ကြံလမ်း အတိုင်း ဝိဇ္ဇာခန်းမကို ကျော်ပြီးသောအခါ သူ ဖြေနေကျ စာမေးပွဲခန်းနားသို့ ရောက်သည် ။ သံချောင်းခေါက်သံကိုလည်း ကြားလိုက်ရ၏ ။ စာမေးခန်းထဲသို့ ဝင်ခွင့်ပြုလိုက်သော သံချောင်း ခေါက်သံ ။

“ ကဲ .. ညီမလေး အခန်းထဲ ဝင်တော့ ၊ ငါ စာကြည့်တိုက်ပေါ်မှာပဲ ရှိမယ် ”

သူ ပြုံးပြသည် ။ ပြီးတော့ လွယ်အိတ်ကို စာမေးပွဲခန်း မျက်နှာစာ ရှိ ခုံတန်းတွေပေါ် တင်သည် ။ ပေတံ ၊ ဘောလ်ပင်တွေ ထုတ်ယူသည် ။ ကျွန်တော့်ဆီသို့ ပြန်လှည့် ပြုံးပြပြီး အခန်းထဲသို့ ဝင်သွားသည် ။ သူ့ အခန်းထဲ ရောက်သွားတော့မှပဲ ကျွန်တော်က စာကြည့်တိုက်ဘက်သို့ ခြေစလှမ်းသည် ။

စာကြည့်တိုက် အပေါ်ထပ်မှာ ရည်ညွှန်းစာအုပ် တချို့ငှားပြီး ထိုင်ဖတ် နေတုန်းမှာပဲ သူရောက်လာသည် ။ လက်ပတ်နာရီကို ကြည့်မိသည် ။ သူ စာမေးပွဲခန်းထဲ ဝင်သွားတာ တစ်နာရီတောင် မပြည့်သေး ၊ ဒီအချိန် လောက်နှင့် မေးခွန်းအားလုံးကို ဖြေဖို့ လုံးဝ မဖြစ်နိုင် ။ ပြီးတော့ ဝိဇ္ဇာဘာသာရပ် ၊ ဘယ်လို ဖြစ်လာတာလဲဟု အသံတိုးတိုးဖြင့် မေးတော့ သူက ခပ်ယဲ့ယဲ့ပြုံးပြကာ ကျွန်တော့် မျက်စောင်းထိုး စားပွဲမှာ သွားပြီး ထိုင်သည် ။ မျက်နှာကို စားပွဲအစပ်မှာ မှောက်ထားပြီး လက်နှစ်ဖက်က စားပွဲပေါ်တွင် တံတောင်ဆစ် အထိ ရောက်အောင် တင်ကာ ကွေးထားသည် ။ ကျောဘက်ကပဲ လှုပ်နေသည် ။ တုန်နေသလိုလို ။ သူ ငိုနေတာပဲ ဖြစ်မည် ။ ရှိုက်ကြီးတငင် အသံတိတ် ငိုနေတာ ဖြစ်မည် ။ ကျွန်တော့် ဘေးစားပွဲမှာ စာထိုင် ဖတ်နေသည့် မဟာဝိဇ္ဇာ ရေးဖြေ တန်းတက်နေသော ကျောင်းသူနှစ်ယောက်က ကျွန်တော့်ကို ပြုံးပြပြီး မေးဆတ်ပြကာ “ ဘာဖြစ်လို့လဲ ” ဟူသော မျက်နှာပေးဖြင့် မေးသည် ။ ကျွန်တော်က နားထင်ကို လက်ထောက် ပြပြီး ခေါင်းခါပြသည် ။ “ ဘာ ဖြစ်လာမှန်း မသိဘူး ၊ ခေါင်းစားတယ် ” ဟူသော အဓိပ္ပာယ် ။ ဆယ်မိနစ်ကျော်လောက်ကြာတော့ သူ့ကို ခေါ်ပြီး လွယ်အိတ်ကို တစ်ခါတည်း ယူကာ အင်းဝ ဆောင်ရှေ့မှ တစ်ဆင့် အင်းလျားလမ်းပေါ်ရှိ လက်ဖက်ရည်ဆိုင်သို့ ထွက်ခဲ့ကြသည် ။ လက်ဖက်ရည်ဆိုင် ရောက်တော့ လူရှင်းနေသည် ။ ထောင့်ဘက်က စားပွဲမှာ ထိုင်ပြီး လက်ဖက်ရည် မှာလိုက်ပြီးချိန်မှာ သူက ရှိုက်ကြီးတငင် ထပ်၍ ငိုသည် ။ ဒီတစ်ခါတော့ မျက်နှာချင်းဆိုင်မို့ အသံနည်းနည်း ကြားရသည် ။ နောက်ဆုံးနှစ် ကျောင်းသူ ၊ စာမေးပွဲ နောက်ဆုံးနေ့မှာ ပြီးအောင် မဖြေဘဲ စာမေးပွဲခန်းမှ ထွက်လာသော ညီမလေးသည် ကျောင်းပရဝဏ်ကို သံယောဇဉ် ကြီးခဲ့သည်လား ။ ကျွန်တော်တို့ သူငယ်ချင်း မိတ်ဆွေတွေ ကြားမှာ ညီမလေး တစ်ယောက်လို နေခွင့်ရခဲ့ခြင်းကို ဆုံးရှုံးရမှာ ကြောက်သည်ကြောင့်ပဲလား ။

လက်ဖက်ရည်ဆိုင် အပြင်ဘက်ကို လှမ်းကြည့်လိုက် တော့ မိုးစက်တွေက မြေပြင်ပေါ်သို့ လောင်းချနေသလို သဲသဲမဲမဲ ။ စက်တင်ဘာမိုးက ရင်ထဲက ကန်သင်းရိုးတွေ ကို ချိုးတော့မလားဟု ဖျတ်ခနဲဝင်လာသော အတွေးက မိုးစက်တွေ ထဲသို့ ပြန်ပြေး၍ ထွက်သွားသည် ။

••••• ••••• •••••

ကျောင်းသားဘဝတုန်းက ဒီအချိန်ဆိုရင် စာမေးပွဲ ဖြေရသည် ။ အခု ဆရာ ဖြစ်လာတော့ စာမေးပွဲခန်းထဲ ဝင်ရပြန်သည် ။ စာမေးပွဲခန်းစောင့် ဘဝမှာလည်း တောင်ငူစားသောက်ဆိုင်တန်းက အရှည်ကြီးဆိုင်မှာ ထုံးစံအတိုင်း ထိုင်ဖြစ်ကြသည် ။

“ ကိုတင်အောင် ရေ ... လက်ဖက်ရည်ဖိုး ”

“ မိုး ... ရှင်းလိုက်မယ်လေ ”

“ မရှင်းပါနဲ့ဟာ ၊ ငါ့မှာ ပိုက်ဆံပေါနေပါသေးတယ် ။ ကျူရှင်ခတွေ ရထားတာ လက်ထဲမှာ တစ်သောင်းကျော် ကျန်သေးတယ် ။ ညီမလေး သုံးဖို့ ယူထား ပါဦးလား ”

ကျွန်တော်က အစိတ်တန်ကို ထုတ်၍ လက်ဖက်ရည်ဖိုး ပေးသည် ။ အိတ်ထဲမှ ခုနစ်ဆယ့်ငါးကျပ် တန်ခြောက်ရွက် ၊ သုံးဆယ့်ငါးကျပ်တန် တစ်ရွက်နှင့် ဆယ့်ငါးကျပ်တန် တစ်ရွက်ကို ယူပြီး သူ့ဆီ ကမ်းသည် ။ ကိုတင်အောင် က လက်ဖက်ရည်နှစ်ခွက်ဖိုး နုတ်ယူပြီး ပိုငွေ နှစ်ဆယ့်တစ်ကျပ်ကို လာအမ်းသည် ။

“ မိုးအတွက် အသုံးမလိုသေးဘူး ၊ လကုန်ရက်က လခထုတ်ထားတာတွေ ရှိတယ် ။ အခုမှ လဆန်း လေးရက်ပဲ ရှိသေးတာ ၊ လိုမှ ပြောမယ်နော် ”

“ ညီမလေး ၊ ဒီနေ့ စာမေးပွဲခန်း မစောင့်ရဘူးလား ”

“ ဒီနေ့ မရှိဘူး ၊ တနင်္လာနေ့ကျမှ စောင့်ရမှာ ၊ မနက်ဖြန် စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ဘယ်သွားဖို့ ရှိသေးလဲ ”

“ မရှိပါဘူးဟာ ၊ ပြန်တော့မှာလား ၊ ငါ စာမေး ပွဲစောင့်ပြီးချိန် အထိ စောင့်နေဦးမလား ”

“ မစောင့်တော့ဘူး ။ မိုး ကိုကိုနဲ့ ချိန်းထားသေး တယ် ။ ကဲ …. တာ့တာ ”

သူက နှုတ်ဆက် ပြုံးပြရင်း ထိုင်ခုံမှ ထသဖြင့် ကျွန်တော်လည်း အတူ ထလိုက်သည် ။ သူက ရာမညဆောင်ဘက် လှည့်သည် ။ ကျွန်တော်က တောင်ငူဆောင်ဘက် ။ သူ လှည်းတန်းကနေ ကားစီးပြီး မြို့ထဲဘက် သွားဦးမည် ။

••••• ••••• •••••

အဲဒီ စနေနေ့မနက် အိမ်ပြန် ရောက်သွားတော့ မိုးတွေက ခပ်ဖွဲဖွဲ ရွာနေသည် ။ ညနေဘက် အဆောင်ကို ပြန်ခါနီး အိမ်က ထွက်တော့ ညီမက ...

“ သုံးစရာ ပိုက်ဆံလည်း လက်ထဲမှာ နည်းနည်းပဲ ကျန်တော့တယ် ” ဟု လှမ်းပြောသည် ။ အဖေနှင့် အမေက ဘာမှ မပြော ။ တစ်ခုခုကို စဉ်းစားပြီး စိတ်မကောင်း ဖြစ်နေပုံရသည် ။

ကျွန်တော့် စစ်ကိုင်းဆောင်ကို ပြန်ရောက်တော့ အဆောင်မှူး ရောက်လာပြီး ပြောသည် ။ “ ခင်ဗျားတို့ ပါမောက္ခက ခင်ဗျား ရောက်ရောက်ချင်း သူ့ အိမ်ကို လာဖို့ ဖုန်းဆက်ထားတယ် ” တဲ့ ။

ကျွန်တော် ပါမောက္ခအိမ်ကို လိုက်သွားတော့ ဌာနကို သွားသည်ဟု ပြောသဖြင့် ဌာနသို့ ဆက်လိုက်ရသည် ။ ဌာနရောက်တော့ မှောင်စ ပြုနေပြီ ။ မီးရောင်တွေကို ရုံးခန်းဘက်မှာ မြင်နေရသည် ။ ရုံးခန်းထဲ ရောက်တော့ ဆရာကြီး ၊ ဆရာမကြီး တချို့ကို တွေ့သည် ။ ပါမောက္ခရုံးခန်းထဲ ရောက်သောအခါ ဆရာမကြီး မှာတယ် ဆိုလို့ လာတာပါဟု ပြောရသည် ။

“ မောင်မျိုးဇော် ဆီမှာ ဌာနက စာအုပ် ရောင်းထားတဲ့ ပိုက်ဆံတွေ ရှိသေးရင် အခု အပ်လိုက်ဖို့အတွက် ” ဟု ပြောသည် ။ ရုံးခန်းနှင့် ကပ်လျက် ရှိသော ဌာနစာကြည့်တိုက် တံခါးသော့ကို ဖွင့်သည် ။ ကျွန်တော် ထိုင်နေကျ စားပွဲသို့ သွားပြီး အံဆွဲသော့ကို ဖွင့်သည် ။ အံဆွဲကို ဆွဲထုတ်လိုက်တော့ ပိုက်ဆံထုပ် နှစ်ထုပ်ကို မြင်သည် ။ စာအုပ်ဖိုး ပိုက်ဆံထုပ်ကို ယူသောအခါ မဟာဝိဇ္ဇာကျမ်း တင်ချိန် ကုန်ကျစရိတ် အတွက် ဖယ်ထားသော အစိတ်တန် အထုပ်ကလေးက အံဆွဲထဲမှာ အဖော်မဲ့စွာ ကျန်ရစ်သည် ။ အံဆွဲကို ပြန်ပိတ် ၊ သော့ခတ်ပြီး စာကြည့်တိုက် တံခါးကို ပိတ်လိုက်ချိန်တွင် မီးတွေ ရုတ်တရက် ပျက်သွားသည် ။ တောင်ငူဆောင် ရှေ့နားရှိ ညစားသောက်ဆိုင်တန်းဆီမှ ဆူညံသံတွေ ကြားလိုက်ရသည် ။ အခန်း တံခါးပြန်ဖွင့် ၊ စားပွဲ၏ နောက် သော့တစ်လုံးကို ဖွင့်ပြီး ဖယောင်းတိုင်ထုပ်ကို ယူကာ ရုံးခန်းဘက် ပြန်ထွက်လာသည် ။ မှောင်မည်းနေသော ညသည် ဆူညံစွာ တိတ်ဆိတ်ပြန်လေ၏ ။ မိုးစက်တွေ ကြွေကျသံ လိုလို အသံတချို့ကိုသာ ခပ်သဲ့သဲ့မျှ ကြားနေရာမှ ရုတ်တရက် ချက်ချင်း ဝုန်းဒိုင်းကြဲ ရွာချလိုက်သည်လား မပြောတတ် ။ အသံတွေက ခေါင်မိုးထက်မှ ဆူသည်ထက် ဆူညံလာသည် ။ ပိတ်ထားသော မှန်ပြတင်းမှ အပြင် ဘက် လှမ်းကြည့်တော့လည်း မှောင်မှောင်မည်းမည်း ။ ဖယောင်းတိုင်မီး အလင်းရောင်ဖြင့် တွေ့ ရသော မျက်နှာ ပြင်တွေကလည်း စိုးရိမ်စွာ တိတ်ဆိတ် နေကြပြန်သည် ။

နောက်ဆယ်ရက်လောက် ကြာတော့ ညီမလေးနှင့် လက်ဖက်ရည်ဆိုင်မှာ ထိုင်ဖြစ်ကြသည် ။ ကျွန်တော့် မိတ်ဆွေ မန္တလေးက အပြန်မှာ လက်ဆောင်လာပေးသော ကဗျာစာအုပ်လေးကို ပြသည် ။ သူက စာအုပ်နာမည်လေးကို သဘောကျသည့် အကြောင်း ပြောနေရင်း စာမျက်နှာ တစ်မျက်နှာချင်း လှန်ဖတ်သည် ။ နောက် တစ်နေရာ ရောက်တော့ ...

“ ကိုမျိုးဇော် ၊ ဒီမှာ မိုး ဖတ်ပြမယ် ၊ နားထောင် ၊ ကဗျာနာမည် ကတော့ ရွက်ကျပင်ပေါက်တဲ့ ”

ကျွန်တော်က သူ့ကို ပြုံးပြီးကြည့်သည် ။ ဒီကဗျာ စာအုပ်ကို ကျွန်တော် ဖတ်ပြီးသား ။ သူ ဖတ်ပြမယ် ဆိုတော့ နားထောင်ဖို့ ပြင်ရသည် ။

“ ကဗျာလေးက မိုက်တယ်နော် ၊ ခေါင်းစဉ်ကို “ ရွက်ကျပင်ပေါက် ” လို့လည်း ပေးထားတယ် ”

သူက ပြုံးစစနှင့် ပြောသည် ။ အဲဒီ ခေါင်းစဉ် ဟုတ်လို့လား ဟု ကျွန်တော် မေးတော့ ကျွန်တော့်ကို ပြုံးတုံ့တုံ့နှင့် လှမ်းကြည့်နေသည် ။ အရှည်ကြီး လက်ဖက်ရည်ဆိုင်မှာ ဆရာ ၊ ဆရာမတွေချည်း ပြောက်တိပြောက်ကျား ၊ ကောင်းကင်ကို အမှတ်မထင် မော့ကြည့်တော့ မိုးတွေ ညို့နေသည် ။ စက်တင်ဘာမိုးက ဆက်ရွာဦးမည် ထင်သည် ။ ရွာပါမိုး ၊ ဆက်၍သာ ရွာပါ မိုးရေ ။

••••• ••••• •••••

ဒီနှစ်နွေက ခါတိုင်းထက်ကို ပူပြင်းလှသည်ဟု ခံစားမှုတွေက ပြသည် ။ မတ်လ ကုန်ခါနီးမှာ ညီမလေး ရောက်လာပြီး သူ့အမေနှင့် အတူ မန္တလေးသို့ လိုက်သွားမည်ဟု ပြောသည် ။ “ နင့်ကိုကို ကိုရော ပြောပြီးပြီလား ” မေးတော့ “ ပြောပြီးပါပြီ ” ဟု မဖြေချင်သလိုလို အသံဖြင့် ဖြေပြီး ကျွန်တော့်ကို ခပ်တည်တည် ကြည့်သည် ။ သူတို့ နှစ်ယောက် ပြဿနာ တစ်ခုခု ရှိနေလို့များလားဟု ခေါင်းထဲသို့ ဖျတ်ခနဲ ရောက်သည် ။

“ ဒါလောက် ပူရတဲ့ အထဲဟာ မန္တလေးက ပိုမပူ ဘူးလား ”

“ အဘွား ကျန်းမာရေး မကောင်းဘူးဆိုလို့ သွားပြုစုရင်း မန္တလေးအိမ်မှာ ဧပြီလ တစ်လလုံးနေမှာ ။ ဒီမှာက နေလို့ထိုင်လို့ မကောင်းဘူးလေ ”

“ မန္တလေး သင်္ကြန်လည်း ကျရင်းပေါ့ ”

“ ဟုတ်ပါလိမ့်မယ် အားကြီး ၊ မိုးက သင်္ကြန် လည်ရမှာ စိတ်မပါတဲ့ အရွယ် ရောက်နေပြီ ရှင့် ၊ သိရဲ့လား ။ မန္တလေး သင်္ကြန်ကရော ဒီနှစ် စည်ဦးမှာ မဟုတ်လို့လား ”

သူက ခပ်တည်တည် မျက်နှာထားနှင့် ပြောနေတော့ ကျွန်တော်က ရယ်ပြီး “ ဪ ... အသက်တွေ တောင် ကြီးလာမှာကိုး ” ဟု လှမ်းနောက်သည် ။ သူက ကျွန်တော့်ကို ပြန်ကြည့်ပြီး ပါးလှပ်သော အပြုံးကိုပဲ ပြုံးသည် ။ ထိုနေ့က နှုတ်ခမ်းတော့ မစူခဲ့ပါ ။

ဧပြီတစ်လလုံး စစ်ကိုင်းဆောင်မှာ နေပြီး မဟာဝိဇ္ဇာကျမ်းအတွက် စာတမ်းကို ပြီးအောင် ထိုင်ရေးရသည် ။ အချက်အလက်တွေ စုဆောင်းပြီးသား ။ မာတိကာလည်း စဉ်ပြီးသား ။ အဆင်သင့် ထိုင်ရေးရုံ ၊ ထမင်းစားချိန် ၊ အိပ်ချိန် ၊ လက်ဖက်ရည်ဆိုင် ထိုင်ချိန်က လွဲ၍ အချိန်ပြည့် ထိုင်ရေးသည် ။ စားပွဲပေါ်မှာ အချက်အလက် ရေးမှတ်ထားသော ကတ်ပြားတွေ ၊ ကိုးကားမည့် စာအုပ်တွေ ၊ ကျွန်တော် စာတမ်းရေးမည့် ကဗျာစာအုပ်တွေ စိတြ ၊ လမင်းတာရာ ၊ ဒုဌဝတီမှ ဧရာဝတီ သို့ ၊ မိခင် မာရသွန် ၊ ကဗျာဆရာနှင့် တွေ့ပြီး မေးထားသော မှတ်စုစာအုပ် ၊ ပြီးတော့ စာရွက်အလွတ်တွေ ။ ရေးပြီးသား စာရွက်တွေ ၊ ဖိုင်တွဲ ။

မေလဆန်းတော့ အကြမ်းရေးလို့ ပြီးသည် ။ ညီမလေး ရောက်မလာသေး ။ ဒီနှစ် မိုးဦးစောကျမည် ထင်သည် ။ မေလလယ် လောက် ကတည်းက မိုးတွေ ရွာသည် ။ တောင်ငူစားသောက်ဆိုင်တန်းက မူလနေရာ မှ တောင်ငူဆောင်၏ မျက်နှာစာ ညာဘက်သို့ ရောက်လာသည် ။ ဦးချစ်လက်ဖက်ရည်ဆိုင်လည်း စားသောက်ဆိုင်တန်းထဲသို့ ပြောင်းလာသည် ။ ဇွန်လဆန်းတော့ ကျောင်းတွေ ပြန်ဖွင့်ပြီး ကျောင်းသားတွေ တဖွဲဖွဲ ရောက်လာသည် ။ ညီမလေးလည်း လှိုင်နယ်မြေ မှာပဲ အချိန်ပိုင်း နည်းပြ ဝင်လုပ်သည် ။ ကျွန်တော်လည်း တစ်နွေလုံး ကြိုးစားပန်းစား ရေးထားသော မဟာဝိဇ္ဇာ ဘွဲ့ယူစာတမ်းကို ကျမ်းကြီးကြပ်သူထံ တင်ဖို့ အဆင်သင့် ။

တစ်နွေလုံး ခြောက်သယောင်း အကျည်းတန်ခဲ့သော ပတ်ဝန်းကျင်သည် မိုးစက်ဖွဲဖွဲကြားမှာ စိမ်းလန်းစိုပြည်ကာ အသက်ပြန်ဝင်လာသည် ။ ရင်းနှီးနေသော ကျောင်းသူ ၊ ကျောင်းသားတွေက ကျွန်တော့်ဆီ လာပြီး နှုတ်ဆက်ရင်း နွေးကျောင်း မပိတ်ခင်နှင့် နွေကျောင်းပိတ်ချိန်ကာလများအတွင်းက အတွေ့အကြုံတွေ ၊ ခံစားမှုတွေကို လာပြောပြကြသည် ။ စာသင်ခန်းထက် စားသောက်ဆိုင်တန်းမှာ ကျောင်းသားတွေ ပိုများနေကြတာကို သတိထားမိသည် ။ ကျောင်းဖွင့်စကာလမို့ ကျောင်းစာတွေ ၊ စာသင်ခန်းတွေနှင့် အသားမကျနိုင်သေးလို့ပဲ ထင်ထားသည် ။ ကျူတိုရီရယ်အတန်းတွေ ပြန်စသဖြင့် အတန်းဝင်လိုက် ၊ သူငယ်ချင်းတွေ ၊ ကျောင်းသားတွေ နှင့် လက်ဖက်ရည်ဆိုင် ထိုင်လိုက် ၊ ဧည့်သည်တချို့နှင့် စကားစမြည် ပြောလိုက်နှင့် နေချိန်မှာပဲ ကျောင်းသူ တချို့က သူတို့ လက်ထဲ ပါလာသော ကဗျာစာရွက်လေးကို လာ၍ပြသည် ။ ကဗျာဖတ်ပြီး ကျေနပ်နေသော မျက်နှာတွေ ကြားကပဲ စကားပြောရင်း တည်သွားတတ်သော ၊ မာကျောလာတတ်သော ၊ နုငယ်လတ်ဆတ်သော မျက်နှာတချို့နှင့် ရင်းနှီးလာရသည် ။

တောင်ငူဆောင် ရှေ့ရှိ တောင်ပိန္နဲပင်တွေ ပေါ်မှာ အသီးကြီးတွေက တိုးလိုးတွဲလောင်း ။ သစ်တိုသီးတွေ ကတော့ အရွက်ကြားထဲမှာ ပုန်းအောင်းနေပုံရသည် ။ နွေတုန်းက ရိုးတံပြိုင်းပြိုင်း ရှိခဲ့သော သစ်ပင်အားလုံး စိမ်းလန်းသစ်လွင်နေသည် ။ တောပိတောက်ပင်တွေလည်း စိမ်းစိုလန်းဆန်းရုံ မကဘဲ အဝါရောင်ပွင့်ဖတ် တွေကို ခြွေချ ပေးနေသည် ။ မိုးပိတောက်ပင်အောက်မှာ ပန်းရနံ့တွေက သင်းပျံ့စွာ ပန်းခင်းလမ်းပေါ် လျှောက်လှမ်းခွင့်ရသည့်အချိန် ၊ ဇွန်လ၏ မိုးရေစက်များကြား ထဲမှာ စားသောက်ဆိုင်တန်း အစွန်ဘက်က ဦးချစ် လက်ဖက်ရည်ဆိုင် မှာလည်း စည်စည်ကားကား ၊ စကားသံတွေ ဆူညံနေသည် ။ သစ်ပင် အောက်က ၊ တံစက်မြိတ် အပြင်ဘက်က စားပွဲဝိုင်းတွေ ကလည်း စားသောက်ဆိုင်တန်း တစ်ခုလုံးမှာ အနှံ့ရှိသည် ။ ရုတ်တရက် မိုးရနံ့ကို ရလိုက်သည် ။ မိုးခြိမ်းသံတွေ ၊ လျှပ်စီးပြက် လက်တာတွေကြောင့် တံစက်မြိတ်အောက် ဝင်ပြေးသူတွေ ပြေးကြသည် ။ မိုးက ပိုသည်းလာသည် ။ အဆောင်ထဲ ရောက်သည် အထိ ပြေးသူတွေ ပြေးကြ သည် ။ ဦးချစ်ဆိုင် မျက်နှာစာ တံစက်မြိတ် အပြင်ဘက်က စားပွဲဝိုင်းမှာ လျှပ်လက် နေတာကို ဂရုစိုက်ပုံ မရ ။ သူတို့ ပြောလက်စ စကားကို အားရပါးရ ပြောနေသော သူတို့လေးငါးခြောက်ယောက်ကို တံစက်မြိတ် အောက်မှ ၊ အဆောင်ပေါ်မှ ကျောင်းသူကျောင်းသားတွေက အထူး အဆန်းဖြစ်ကာ တအံ့တသြ လှမ်းကြည့်နေကြသည် ။ သူတို့ကတော့ ပြောစရာ ရှိတာကို ပြီးပြတ်အောင် ပြောနေ ဦးမည့်ပုံမျိုး ။ ရွာသော မိုးက ပိုပြီး သည်းလာသည် ။ ကျောင်းသား တချို့က ထီးကိုဖွင့်ပြီး စားပွဲဝိုင်းဆီသို့ လျှောက်သွား နေကြတာကိုလည်း လှမ်းမြင်နေရ၏ ။ လျှပ်စီး ဝင်းခနဲ လက်သည် ။ မိုးခြိမ်းသံတွေ ဆက်တိုက် ကြားနေရခိုက်မှာပဲ မိုးစက်တွေက ထင်တာထက် ပိုပြီး ကြီးလာတာကို တွေ့နေရသည် ။

အဲဒီရက်တွေမှာပဲ ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ မိုးလေဝသ အထူးသတင်း ကြေညာချက်ကို ကြားကြရသည် ။ မြန်မာ့ပင်လယ်ပြင်ကို ဗဟိုပြု၍ ကုန်းတွင်းပိုင်းသို့ မုန်တိုင်း ဝင်ရောက်လာမည် ဆိုသော သတင်း ။ မုန်တိုင်းရှိသည် ဆိုလျှင် အနိမ့်ဆုံးတော့ မိုးတွေ ဆက် ရွာဦးမည်မှာ သေချာသည် ။

••••• ••••• •••••

တစ်မိုးတွင်းလုံးမှာ မုန်တိုင်းနှင့် ပတ်သက်၍ မိုးလေဝသ အထူးသတင်း ကြေညာချက်တွေကို မကြာခဏ ကြားရသည် ။ မိုးတွေ ဝိုင်းဒိုင်းကြဲ၍ လေပြင်းတွေ ထန်စ ပြုနေသော ကာလထဲမှာပဲ ကျော်စွာထွဋ် နှင့် ပံသုအောင်တို့ကို ဆုံခဲ့ရသည် ။ သူတို့က အခိုင်အမာ ကဗျာကို ချစ်သော ၊ စာကို ချစ်သောသူတွေ ဖြစ်သည် ။ ဒဿနိကဗေဒဌာနမှာ နည်းပြဆရာ ကိုဌေးလွင်က မိတ်ဆက်ပေး၍ တွေ့ခဲ့ သိခဲ့ရသည် ။ အဲဒီနေ့က လေရောမိုးပါ သည်းထန်သောနေ့ ။ လက်ဖက်ရည်ဆိုင်ထဲ မိုးဝင်ခိုရင်း သူတို့နှင့် တွေ့ ခဲ့ရတာ ဖြစ်သည် ။ သူတို့ကလည်း မိုးရေထဲမှာ ထီးတစ်ချောင်းနှင့် လျှောက်သွားနေရင်း လေရောမိုးပါ သည်းလာသဖြင့် ဆိုင်အရိပ် ဝင်ခိုခိုက်မှာ ဆုံခဲ့ရပါသော်လည်း မိုးမစဲခင်မှာပဲ မိုးရေထဲသို့ ပြန်ထွက် သွားခဲ့ကြသည် ။

အဲဒီနှစ်တုန်းက စက်တင်ဘာလ ထဲမှာ ခါတိုင်း လိုပဲ တက္ကသိုလ်စာမေးပွဲတွေ ကျင်းပဖြစ်ခဲ့သလား မမှတ်မိတော့ပါ ။ တောင်ငူဆောင်ဘေးနားက မိုး ပိတောက်ပင် အောက်မှာ ပွင့်ဖတ် ၊ ပွင့်ချပ်တွေ ကြွေထားသဖြင့် လမ်းကလေးက ပန်းခင်းသော လမ်းလေး ဖြစ်ခဲ့တာကို မှတ်မိနေသည် ။ ထူးထူးခြားခြားဟု ဆိုရမည်လားမသိ ။ အဲဒီတုန်းက ပန်းခင်းသော လမ်းကလေး ပေါ်မှာ လေပြည်လေညင်း ဖြတ်သန်းစီးဆင်းသွားသော အခါ ကံ့ကော်ပန်းရနံ့ သင်းပျံ့စွာ မျောပါ စီးဆင်းသွားတာကို မြင်လိုက်ရခြင်းပဲ ဖြစ်သည် ။ သူများတွေကို ပြောပြလျှင် စိတ်ကူးယဉ် ပုံပြင်ဇာတ်လမ်းကို ဖြီးဖြန်း ပြောနေသည်ဟု ထင်ကြလိမ့်မည် ။ မကြုံဖူးသူတွေက လည်း ယုံကြမည် မထင်ပါ ။ ကျွန်တော့် မျက်စိရှေ့မှာ တော့ လေပြည်လေညင်းနှင့် အတူ စီးဆင်းလာသော ကံ့ကော်ဝတ်မှုန်လေးတွေကိုပါ လှမ်း မြင်ခဲ့ရပါသေးသည် ။ ဝတ်မှုန်ကလေးများသည် လေပြည်နှင့်အတူ ရနံ့သင်း၍ လေညင်းနှင့် အတူ ခရီး ဆက်ကြဦးမည် ထင်သည် ။ ကျွန်တော့် အထင်နှင့် အမြင်သည် တိကျ သေချာခဲ့ကြောင်း အသိသက်သေများ ရှိခဲ့ဖူးပါသည် ။

ကျွန်တော့် ညီမလေး မိုးနှင့် ကျွန်တော့် သူငယ်ချင်း ဌေးလွင် ၊ ကဗျာဆရာ ဇောင်းထက် ( ဇင်ဝေ ) တို့က ကျွန်တော်၏ အသိသက်သေများသာမက ရှေ့နေ ၊ ရှေ့ရပ်များပါ ဖြစ်နိုင်ပါသေးသည် ။ ထိုအချိန်တုန်းက ကံ့ကော်ရနံ့ သင်းသော လေညင်းကလေးသည် မုန်တိုင်း ဝင်လာသော အခါမှာလည်း မိုးစက်တွေ ၊ မိုးခြိမ်းသံတွေ ၊ လျှပ်စီးလက်တာတွေ ၊ မိုးကြိုးပစ်သံတွေ ကြားကို ဖြတ်သွားနိုင်ခဲ့သည်ဟု ရနံ့သင်းသင်းကို တပ်မက်ခြင်း ကြီးသူတွေက ပြန်ပြောပြခဲ့ကြသည် ။ လမ်းမထက်မှာ သစ်ပင်ကြီးတွေ လဲပြိုပိတ်ဆို့သွားစေလောက်အောင် ပြင်းထန် ဆိုးရွားခဲ့သော မုန်တိုင်း လွန်မြောက်သည့် ရာသီ ရောက်သောအခါ တောင်ငူစား သောက်ဆိုင်တန်း မှာပဲ ဌေးလွင် ၊ ဇောင်းထက် ၊ ကျွန်တော်နှင့် ကျွန်တော်၏ ညီမလေး မိုးမိုးဦးတို့ ပြန်ဆုံဖြစ်ကြသည် ။ စိတ်ကူးယဉ် ဖြစ်ရပ်လိုလို ၊ အိပ်မက်လိုလို ဖြစ်ခဲ့သော ကံ့ကော် လေညင်း ။ မိုးပိတောက်ပွင့်တို့ ကြွေထားသော ပန်းခင်း လမ်းပေါ်မှ ဖြတ်သန်း စီးဆင်းသွားသော ကံ့ကော်ရနံ့ သင်းသင်း လေပြည်ညင်း ။

••••• ••••• •••••

နောက်ထပ် ဆယ်လခန့် ကြာသောအခါ ကျွန်တော် က မန္တလေး ၊ ဇောင်းထက် က မြစ်ကြီးနား တက္ကသိုလ် ၊ ဌေးလွင် က အရောင်းအဝယ်သမား ၊ မိုးမိုးဦး က သူ့ရည်းစားနှင့် တွဲသွားတွဲလာ ။ အရင်လို ပြန်မဆုံဖြစ်ကြသော နှစ်တွေက ဆယ်စုနှစ် တစ်စုခွဲစာ လောက်ရှိမည် ။

ထိုကာလ အတွင်းမှာပဲ ဇောင်းထက် ကွယ်လွန်သည့် သတင်းနှင့် ညီမလေးက နိုင်ငံခြားသို့ ရောက်သွားသည် ဟူသော သတင်းတွေကို ကြားရသည် ။ ကျွန်တော် နှင့် ဌေးလွင် ပြန်ဆုံကြတော့ မြင်းခြံမှာ သူ သွားနေ ဖြစ်ခဲ့သည့် အကြောင်းကို သိရသည် ။ ဇောင်းထက် ဆုံးတာကို သူလည်း ကြားသည်ဟု ပြောသည် ။ မိုးမိုးဦး နောက်ဆုံးနှစ် တုန်းက နောက်ဆုံးရက်မှာ စာမေးပွဲ မဖြေခဲ့သည့် အကြောင်း ပြောပြတော့ “ ဟုတ်လား ” ဟု အံ့သြစွာ ရေရွတ်သည် ။ မိုးမိုးဦး ရွတ်ပြခဲ့သော “ ရွက်ကျ ပင်ပေါက် ” ကဗျာအကြောင်းကို ပြောပြသောအခါ ဌေးလွင်က “ အဲဒီ ကဗျာကိုတော့ သူမေ့လိမ့်မယ် မထင်ဘူးကွ ” ဟု မှတ်ချက်ပေးသည် ။ ပြီးတော့ ညီမလေးကို သတိရတယ်ကွာဟု ဆက်ပြောသည် ။

တစ်ရက်လောက် ချိန်းပြီး ကျောင်းထဲသွားကြရအောင် ဟု ကျွန်တော်က ပြောသောအခါ ဌေးလွင် က ချက်ချင်း ပြန်မဖြေသေးဘဲ စဉ်းစားနေဟန် ပြုသည် ။ ပြီးတော့မှ ပြောသည် ။

“ ကျောင်းထဲ သွားရင် ဟိုတုန်းက အကြောင်းတွေကို ပြန်သတိရဖြစ်မှာကွ ။ အေးအေးဆေးဆေး ကျတော့မှပဲ သွားကြတာပေါ့ကွာ ”

သူ့ သက်ပြင်းချသံ သဲ့သဲ့ကိုပါ ကြားရသည် ။ ကျွန်တော်လည်း ဘာမှ စကား ဆက်မပြောနိုင်ဘဲ ငိုင်ကျသွားသည် ။ နှစ်ယောက်သား စကားတစ်ခွန်းမှ မစဖြစ်တော့ ။ သူ့ အတွေးထဲ ဘာတွေ ရောက်နေမှန်း မသိပေမယ့် ကျွန်တော်က ညီမလေး “ မိုး ” ကို ဖျတ်ခနဲ သတိရလိုက်သည် ။ နားထဲ မှာလည်း ထူးအိမ်သင် ဆိုခဲ့သော သီချင်း တစ်ပိုင်းတစ်စကို ကြားနေရသည် ။

“ အဓိပတိလမ်းမထက် အတိတ်က တို့ခြေရာများ ၊ တိမ်တိုက်လို ဝေးလွင့်လို့သွား ၊ ဪ ... ပျောက်ကွယ် လေပြီ ။ ရာသီတွေ ချာချာလည် မှုန်ဝါး ၊ အတိတ်က ခြေသံ တိုးတိုးသွား ”

ကျောင်းထဲ သွားဖြစ်သော နေ့တွင် ဌေးလွင် ကတော့ ကွယ်လွန်သွားခဲ့သော ဇောင်းထက် အပါအဝင် ယခင်တုန်းက မိတ်ဆွေတွေ ၊ သူငယ်ချင်းတွေ ၊ လုပ်ဖော်ကိုင်ဖက်တွေကို သတိပြန်ရပြီး “ နွေဦး ကံ့ကော်ရေ ” ဆိုပြီး တတွတ်တွတ် ရေရွတ်နေလိမ့်မည် ထင်သည် ။ အတိတ်ကို တမ်းတရင်း ပြန်လွမ်းနေဦးမည် ထင်သည် ။ ကျွန်တော့် စိတ်ထဲမှာလည်း အတိတ်ပုံ ကားချပ်တွေ လှုပ်ရှားအသက်ဝင်၍ ပြန်လည် ရှင်သန်လာလိမ့်ဦးမည် ထင်သည် ။  ။

⎕ နောင်ကျော်
📖မြန်မာသစ် မဂ္ဂဇင်း
     ၂ဝ၁၁ ၊ ဇူလိုင်လ

No comments:

Post a Comment