Friday, September 12, 2025

ဇေဇေကလေး နှင့် ဗာဒံပင်

 

❝ ဇေဇေကလေး နှင့် ဗာဒံပင် ❞
           ( ပုံပြင် )

တစ်ခါတုန်းက ပေါ်တူဂီပြည် တောင်ဘက် ကမ်းရိုးတမ်းမှာ “ ဟူဇေ ” ဆိုတဲ့ လူကလေး တစ်ယောက် ရှိသတဲ့ ။ သူ့ကို တနင်္ဂနွေနေ့မှာ မွေးနေ့များမှာသာ ဟူဇေလို့ ခေါ်ပြီး အိမ်မှာတော့ သူ့အမေနဲ့ အဖေက ချစ်စနိုး မှည့်ထားတဲ့ “ ဇေဇေ ” ဆိုတဲ့ နာမည်ကလေးကို ခေါ်ကြသတဲ့ကွယ် ။ ဇေဇေကလေးဟာ သူ့မိဘများနှင့်အတူ ညိုမှိုင်းနေတဲ့ တောင်စောင်းပေါ်က အိမ်ဖြူ ကလေးသေးသေးမှာ နေတယ် ။ အိမ်ကလေး ရှိရာ တောင်စောင်းဆီက အောက်ကို ငုံ့ကြည့်လိုက်မယ် ဆိုရင် ပြောင်လက် နေတဲ့ ပင်လယ်ပြာကြီးကို လှမ်းမြင်ရသတဲ့ ။

သူတို့ နေကြတဲ့ တောင်စောင်းမှာ သစ်ပင်ဆိုလို့ မရှိဘဲ ပြောင်ရှင်းပြီးနေတယ် ။ ဘာ ကြောင့်လဲဆိုရင် သူတို့နေတဲ့ တောင်စောင်း အရပ်ဟာ တစ်နှစ်မှာ အများဆုံး ပူတဲ့အရပ်ဖြစ်လို့ မြက်ပင်ကလေးများ ပေါက်လာတာနဲ့ တစ်ပြိုင်နက် ပူလွန်းလို့ ခြောက်လိမ်ပြီး သေသွားကြရှာသတဲ့ ။ ဒါပေမယ့် ဇေဇေ နှစ်သက်တဲ့ သစ်ပင်ကြီး တစ်ပင်တော့ သူအိပ်ရာရဲ့ အိပ်ခန်း ပြတင်းပေါက်နားမှာ ပေါက်နေတယ် ။

အဲဒီအပင်ဟာ ဗာဒံပင်ကြီးပဲကွယ့် ။ ဆောင်းတွင်း ရောက်ပြီဆိုမှဖြင့် ဗာဒံပင်ကြီးမှာ ပန်းရောင်ဖျော့ဖျော့ကလေး သန်းနေတဲ့ ဗာဒံပွင့်ဖြူဖြူ ကလေးတွေ ဝေနေအောင် ပွင့်လာကြတယ် ။ အဲဒီလို ပွင့်ပြီးလို့ မကြာခင်မှာပဲ ဗာဒံပွင့်တွေ ရင့်လာပြီး အသီးတွေ သီးလာကြပြန်ရော ။ အဲဒီ ဗာဒံသီးတွေ မှည့်လာပြီဆိုရင် ဖေဖေရဲ့ အမေနဲ့ အဖေဟာ ဗာဒံသီးတွေ စုဆောင်းပြီး တောင်ခြေမှာ ရှိတဲ့ မြို့ကလေးဆီ သွားရောင်းလေ့ ရှိကြတယ် ။

အဲဒီလို သူ့အမေနှင့် အဖေက တောင်ခြေ မြို့ကလေးက ဈေးထဲဆီကို ဗာဒံသီးတွေ သွားရောင်းတဲ့အခါ သားကလေးဇေဇေ ကိုလည်း ခေါ်သွားကြသတဲ့ ။ ဇေဇေကတော့ ဈေးရောင်းသွားမယ့် နေ့ကို စိတ်အား ထက်သန်စွာ စောင့်မျှော်ပြီးနေတာပဲ ။ ဇေဇေဟာ တောင်ခြေမှာရှိတဲ့ လူတွေနှင့် ဈေးဆိုင်တွေမှာ ခင်းကျင်းပြသထားတဲ့ ပစ္စည်းအရောင်မျိုးစုံတွေကို ကြည့်ရတာ သိပ်ပျော်လို့ပေါ့ကွယ် ။ နောက်ပြီး ဈေးချိန် လွန်သွားပြန်တော့ သူ့အမေက မင်းသားလေး နေတဲ့ နန်းတော်ဆီ ခေါ်သွားပြီး လှပတဲ့ နန်းတော် အဆောက်အဦးတွေကို လိုက်ပြသေးသတဲ့ ။

တစ်နေ့တော့ ဗာဒံသီးတွေ သွားရောင်းဖို့ ပြင်ဆင်နေတုန်းမှာ သူ့အမေက ဇေဖေ့ကို “ ဇေဇေ မင်းဒီနေ့ အဝတ်သန့်သန့် ဝတ်လာရမယ် ။ ပြီးတော့ မင်းရဲ့ လက်ကလေးတွေကိုလည်း မညစ်ပတ်စေရဘူး ။ ဒီနေ့ဟာ အခါတိုင်း နေ့တွေလို မဟုတ်ဘူး ။ ထူးခြားတယ်ကွဲ့ ” လို့ ပြောသတဲ့ ။

ဒီတော့ ဇေဇေက “ ဘာဖြစ်လို့ ထူးခြားတဲ့နေ့ ဆိုတာလည်း အမေရယ် ” လို့ ပြန်မေးသတဲ့ ။ သူ့အမေ ကလည်း “ ဒီနေ့ဟာ နန်းတော်ကြီးက မင်းသားလေး လက်ထပ်မယ့် နေ့ပဲကွယ့် ”

“ မင်းသမီးလေးဟာ သူ့တိုင်းပြည်က ခွဲခွာပြီး လာချင်ပါ့မလား အမေရယ် ” လို့ ပြန်မေးလိုက် သတဲ့ ။ သူ့အမေကလည်း ရယ်ပြီး “ အို ... ဒီလိုလဲ ဘယ်ဟုတ်မလဲကွယ့် ။ မင်းသမီးလေးရဲ့ တိုင်းပြည်က သိပ်အေးတာ ။ ဒီတော့ နေရောင်ကလေးနွေးနွေးနဲ့ ကောင်းကင်ပြာကြီး ရှိတဲ့ ဒို့ ပေါ်တူဂီပြည်ကို မင်းသမီးလေး ကြိုက်မှာပေါ့ကွယ် ” လို့ ပြန်ပြောလိုက်သတဲ့ ။

ဒါနဲ့ ဈေးချိန် လွန်သွားတော့ သူ့အမေနဲ့ အဖေက မင်းသားလေး နဲ့ မင်းသမီးလေးရဲ့ လက်ထပ်ပွဲကို ကြည့်ဖို့ ဇေဇေကို ခေါ်သွားကြတယ် ။ ဇေဇေဟာ မင်းသမီးကလေးကို ကြည့်လို့ မဝနိုင်ဘူးပေါ့ကွယ် ။ ရွှေရောင်ဆံပင်ရှည်ကြီးနဲ့ မျက်လုံးဝိုင်းကြီးကို ကြည့်ပြီး ဒီလောက်လှတဲ့ မင်းသမီးမျိုးတစ်ခါမျှ မမြင်ဖူးပါကလား လို့လည်း တွေးနေသတဲ့ ။

ပေါ်တူဂီပြည်က လူတွေဟာ မင်းသားလေး လက်ထပ်ပွဲကြောင့် သိပ်ပျော်နေကြတာပေါ့ ။ မင်းသားလေးနဲ့ မင်းသမီးလေးဟာ ရထားကြီး စီးပြီး မြို့ထဲကို ဖြတ်ဖြတ် သွားကြတဲ့အခါ မြင်ရတဲ့ တိုင်းသူပြည်သားတွေဟာ ဝမ်းသာလွန်းလို့ သူတို့ရဲ့နောက်မှာ လိုက်ပြီးကောင်းချီးပေးလေ့ရှိကြသတဲ့ကွယ် ။

တစ်နေ့မှာ မင်းသမီးလေးဟာ ရထားကြီး စီးလျက် မြို့ထဲကို ထွက်လာတာ မမြင်ကြတော့ လူတွေက ဒီနေ့ မင်းသမီး ဘာကြောင့် ထွက်မလာပါလိမ့် ဆိုတဲ့အကြောင်းကို သူတို့ချင်း တီးတိုး ပြောဆို နေကြသတဲ့ ။

မင်းသမီးလေး တစ်စုံတစ်ရာ အကြောင်းဖြစ်နေလို့သာ ထွက်မလာတာ ဖြစ်မှာဘဲဆို ပြီး စိုးရိမ် နေကြတယ်တဲ့ ။ ဒါနဲ့ ... ဒုတိယနေ့ နဲ့ တတိယနေ့များ မှာလည်း မင်းသမီးလေး မပေါ်လာတော့ တိုင်းသူပြည်သားတွေဟာ ပိုမို စိုးရိမ်လာပြီး သူတို့ချင်း ဒီအကြောင်းကိုပဲ တီးတိုး ပြောဆို နေကြပြန်သတဲ့ ။

ဇေဇေကလေး ဟာလည်း မင်းသမီးလေး မပေါ်လာတော့ သူ့အမေကို “ မင်းသမီးလေး ဘာဖြစ်လို့ ထွက်မလာတာလဲ အမေ ” လို့ သွားမေးသတဲ့ ။ သူ့အမေက ခေါင်းကို ရမ်းပြီး မင်းသမီးလေး ထွက်မလာတာ တခြား မဟုတ်ဘူး ဇေဇေ ။ နှင်းတွေ ဝေနေတဲ့ သူ့တိုင်းပြည်ကို လွမ်းနေရှာလို့တဲ့ ။ မင်းသမီးလေးက ပြောတယ် ။ ဒို့ဆီက နေရောင်ခြည်ဟာ သူ့မျက်စိကို ကျိန်းစေတယ် ... တဲ့ ။ ဟောဟို တောင်ညိုညိုကြီးတွေကို မြင်ရရင်လည်း သိပ်စိတ်မချမ်းသာဘူးတဲ့ကွယ် ”

ဇေဇေကလေးဟာ နှင်းကို တစ်ခါမျှ မမြင်ဖူးတော့ “ နှင်းဟာ ဘာနဲ့များ တူသလဲ အမေရယ် ” လို့ မေးသတဲ့ ။ သူ့အမေ ကလည်း နှင်းကို တစ်ခါမျှ မြင်ဖူးသူ မဟုတ်တော့ ဇေဇေ မေးတာကို ရုတ်တရက် မဖြေနိုင်ဘူးပေါ့ ။ နောက်မှ တစ်ခါတုန်းက မင်းသမီးလေးရဲ့တိုင်းပြည်က ပန်းချီကား တစ်ခုမှာ တွေ့ခဲ့ရတဲ့ နှင်းတွေကို ပြန်သတိရလာပြီး “ နှင်းဆိုတာဟာ ဖြူဖွေး နူးညံ့နေတာပေါ့ ။ နောက်ပြီး နှင်းပေါ်မှာ နေရောင်ခြည် ကျလာရင် ပြောင်လက်ပြီး သိပ်လှတာပဲ ကွယ် ” လို့ပြန်ပြောသတဲ့ ။

ဒီတော့ ဇေဇေက “ ဒါဖြင့် နှင်းဟာ ဗာဒံပွင့်ကလေးတွေနဲ့ တူမှာပဲနော် အမေ ။ မဟုတ်ဘူးလား ” လို့ မေးတော့ သူ့အမေက “ အေး ... ဗာဒံပွင့်လေးတွေနဲ့ သိပ်တူတာပေါ့ကွယ် ” လို့ ပြန် ပြောလိုက်တယ်တဲ့ ။ ဇေဇေ ကလည်း “ ဟင် ... ဒါဖြင့် ဒီ မင်းသမီးလေးဟာ သူ့ နန်းတော် ပတ်လည်မှာ ဘာကြောင့် ဗာဒံပင်တွေ မစိုက်တာလဲ အမေရယ် ။ ဒီလိုသာ စိုက်ထားရင် မင်းသမီးလေး ပြန်ပြီး ပျော်ရွင်လာမှာပဲနော် ” လို့ ပြောသတဲ့ ။ အဲဒီလို ဇေဇေက ပြောလိုက်တော့ နားထောင်နေတဲ့ သူ့အဖေက ထလာပြီး “ ငါ့သား ဇေဇေ ။ မင်း သိပ်တော်တဲ့ ကလေးပဲ ။ ဗာဒံပွင့်များဟာ နှင်းတွေနဲ့ သိပ်တူတယ်လို့ ပြောကြသားပဲ ။ ဒါဖြင့် ငါတို့ မင်းသားလေးဆီ ကိုသွားပြီး ဗာဒံပင်တွေ စိုက်ဖို့ ပြောကြရအောင် ။ မြန်မြန် သွားကြမယ် ” လို့ပြောသတဲ့ ။

ဒါနဲ့ ဇေဖေ့ကို သူ့အမေက အဝတ်လှလှကလေး ဝတ်ပေးပြီး ခေါင်းလည်း ဖြီးပေးတယ် ။ ပြီးတော့ သူတို့ မိသားစု သုံးယောက် မင်းသားလေး ရှိတဲ့ နန်းတော်ဆီကို ထွက်သွားကြ သတဲ့ .. ။ နန်းတော်ကြီး ရောက်တော့ မင်းသမီးလေး အတွက် စိတ်မချမ်းသာ ဖြစ်နေတဲ့ မင်းသားလေးဆီ ဝင်ပြီး နန်းတော် ပတ်လည်မှာ ဗာဒံပင်တွေများများ စိုက်ဖို့ အကြံပေးသတဲ့ ။ မင်းသားလေး ကလည်း သူ့တိုင်းပြည်မှာ ဗာဒံပင်တွေ အများဆုံး စိုက်ခိုင်းလိုက်တယ်တဲ့ ။

နောက် ဆောင်းတွင်း ရောက်တယ်ဆိုရင်ပဲ .. ပထမဆုံး ပွင့်လာတဲ့ ဗာဒံပွင့်လေးတွေကို မင်းသမီးထံ ယူပြီး သူ့အိပ်ခန်း ပြတင်းပေါက်မှာ တင်ထားလိုက်တယ် ။ ပြတင်းပေါက် ကနေ နန်းတော် အပြင်ဘက်ကို လှမ်းကြည့်လိုက်တော့ ဥယျာဉ်ကြီး တစ်ခုလုံးမှာ ပွင့်နေတဲ့ ဗာဒံပွင့်လေးတွေဟာ နေရောင်မှာ ခေါင်းညိတ်ကြ ၊ ကကြခုန်ကြနဲ့ ဖြစ်နေတာကို တွေ့ရတော့ မင်းသမီးလေးဟာ ပျော်လွန်းလို့ သူ့လက် ဖြူနုနုကလေးနှင့် လက်ခုပ်တီးလိုက်သတဲ့ ။ နောက် ဆက်ပြီး “ အို ... ဒီလိုဆိုတော့လည်း ပေါ်တူဂီပြည်ဟာ ငါတို့ တိုင်းပြည်ထက်တောင် လှနေပါ ပကောလား ။ ဗာဒံပွင့်လေးတွေ ကြားမှာ လျှောက်သွားကြည့်ဦးမယ်ကွယ် ” လို့ ဆိုလိုက်သတဲ့ ။ အဲဒီနေ့က စပြီး မင်းသမီးလေးဟာ အရင်ကလိုပဲ ပြန်ပြီး ရွှင်ရွှင်လန်းလန်း ဖြစ်လာတယ်ကွဲ့ ။ နောက် ဇေဇေကလေး ကြီးလာတော့ မင်းသမီးလေးက ခေါ်ယူပြီး ဗာဒံပင်တွေကို ကြီးကြပ်အုပ်ချုပ်ရတဲ့ အရာရှိကြီးအဖြစ် ခန့်အပ်လိုက်သတဲ့ ။

ဇေဇေဟာ နေ့တိုင်း နေ့တိုင်း မင်းသမီးလေးရဲ့ နောက်မှာ ဘုရင့်ရထားကြီး ကို စီးပြီး ဗာဒံပင်တွေကို လိုက်ပြီး ကြည့်ရှု စစ်ဆေးရတယ် ။ ညတိုင်းညတိုင်း မှာလည်း အင်မတန် ဖြူဖွေး ပျော့ညက်တဲ့ အိပ်ရာကြီးမှာ အိပ်ရသတဲ့ ။

ဒါပေမယ့် တစ်ခါတစ်ခါ ကျရင် ဇေဇေဟာ မြက်ပင် တစ်ပင်မျှ မပေါက်နိုင်တဲ့ တောင် ညိုကြီးပေါ်ကို သွားပြီး သူ့ မိဘတွေရဲ့ အိမ်ဖြူကလေး ထဲက အိပ်ခန်းကလေးမှာ သွားပြီး အိပ်တတ်သေးတယ် ။ ဇေဇေရဲ့ အိပ်ခန်း ပြတင်းပေါက်နားက ဗာဒံပင်ကြီးဟာ ခုထက်ထိပဲ ရှိနေသေးသတဲ့ကွယ် ။

မင်းတို့ သွားကြည့်မယ် ဆိုရင် ပေါ်တူဂီပြည်ရဲ့တောင်ပိုင်းအကျဆုံးနေရာမှာ ဇေဇေရဲ့ ဗာဒံပင်ကြီးဟာ ခုထက်ထိ ရှိနေသေးတယ် ဆိုပေမယ့် ဗာဒံပင်တွေ များစွာထဲမှာ ဘယ်ဟာ ရယ်လို့တော့ ဘယ်သူမျှ သိနိုင်ကြမယ်မဟုတ်ပေဘူး ။

( ဘာသာပြန် )

〇 နုယဉ်
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၅၇ ၊ မေ

No comments:

Post a Comment