Wednesday, September 17, 2025

ငွေနှင့်ဥပဒေ

 

❝ ငွေနှင့်ဥပဒေ ❞
      ( ပုံပြင် )

ရှေးသရောအခါက မွန်ဂိုလီးယန်း မြေညီကွင်းပြင်ကြီးတွင် မျက်မမြင် အတီးသမား တစ်ယောက်ရှိလေသည် ။ သူ့တွင် နေထိုင်ရန် အဆောက်အဦးနှင့် ကြင်နာယုယမည့် မိသားစု ဟူ၍ မရှိခဲ့ပေ ။ အချိန်ရှိသမျှ သူ၏ အဖော် တယောကလေးနှင့် တစ်နေရာမှ တစ်နေရာသို့ လှည့်လည် သွားလာရင်း ဝမ်းရေးအတွက် တီးမှုတ် သီဆိုနေတတ်သည် ။

တစ်ခါတစ်ရံတွင်မူ ကျေးတော ပုံပြင်ကလေးဖြင့် ပရိသတ် အကြိုက် ဖြေဖျော် ပေးရ ပြန်သေးသည် ။ သူသည် ခြိုးခြံတတ်သော သဘောရှိပြီး ရရှိသမျှသော ငွေစများကို သူ၏ ကြုံအံ့ဆဲဆဲ ဇရာအို ဘဝအတွက် စုဆောင်း သိုမှီးထားတတ်၏ ။ ဤအချိန်ကာလက ဝရမ်းပြေး ဓားပြများသည် အနီးအပါးကျေးရွာများကို မကြာခဏ စီးနင်း လုယက်လျက် ရှိသည် ။ သူသည် ဤကိစ္စအတွက် များစွာ ပူပင်သောက ရောက်မိသည် ။ ၎င်းအပြင် သူ၏ ငွေစများကို အကြောင်းမဲ့ ဆုံးပါးသွားမည့် အရေးကို တွေးတော၍ စိုးရိမ်နေမိသည် ။ ထို့ကြောင့် ငွေစများ လုံခြုံမှုရရှိရန် အတွက် စီမံလိုသည် ။ ဘဝ တစ်လျှောက်လုံးဝယ်လှည့်ပတ် သွားလာခြင်းဖြင့် အချိန်ကုန်ခဲ့သော သူ့အဖို့ ငွေစများ သိမ်းဆည်းထားရန် ကိုယ်ပိုင် အဆောက်အဦး ကလည်း မရှိနိုင်ခဲ့ပေ ။

တစ်နေ့သ၌ သူသည် သူ၏ ပွဲကြည့် ပရိသတ်အလယ်မှ အလွန် ကြင်နာသနားတတ် သည့် လူတစ်ယောက်အား သူ၏ ဝတ်ရုံတော် အောက်တွင် ပိုက်လွယ်ထားနိုင်သည့် နွားသာရေအိတ်တစ်လုံးကို ချုပ်ခိုင်းလိုက်သည် ။ ထိုသားရေအိတ် ကိုလည်း မိမိ၏ ကိုယ်ပေါ်တွင် ထာဝစဉ် လွယ်ထားရန် ဆုံးဖြတ်ချက် ချလိုက်သည် ။

သို့သော်လည်း ကံဆိုးမိုးမှောင်သည် သူ့အပါးသို့ တဖြည်းဖြည်း ချဉ်းကပ်လာတော့သည် ။ သာယာကြည်လင်သော နေ့တစ်နေ့တွင် မျက်မမြင် အတီးသမားကြီးသည် ဈေးအနီး တွင် ပုံပြင်တစ်ခုကို ပြောပြလျက်ရှိသည် ။ လူထုပရိသတ်ကြီးသည် မျက်မမြင်ကြီး၏ စွဲမက်ဖွယ် ပုံပြင်ကြောင့် ငြိမ်သက်လျက် ရှိ၏ ။ ထိုစဉ် သူ၏ တူရူအရပ်မှ အလွန်တောက်ပသော အဝတ်အစားဖြင့် လူစိမ်းတစ်ဦး လမ်းလျှောက်လာသည်ကိုတွေ့ရသည် ။

ထိုလူသည် သိုးမွေး အပေါ်အင်္ကျီကို ဖဲဝတ်ရုံပေါ်တွင် ထပ်လျက် ဖဲနက်သံပုရာခွံ ဦးထုပ်ကို ခပ်ငိုက်ငိုက် ဆောင်းထားလေသည် ။ သူ၏ ဝတ်စားဆင်ယင်ပုံမှာ ထင်ရှား၍ မှတ်မိ လွယ်လှသည် ။ ထိုသူသည် ပရိသတ်ကို လျင်မြန်စွာ ကြည့်နေ၏ ။ ပရိတ်သတ်သည် မျက်မမြင် အတီးသမားကြီး၏ ပုံပြင်ဝယ် စိတ်ဝင်စားလျက်ရှိနေကြောင်း သိရှိသောအခါ သူသည် တဖြည်းဖြည်း အတွင်းဘက်သို့ ကပ်သွား၏ ။ သူသည် မျက်မမြင် အတီးသမားကြီး၏ ရင်အုံပိုင်းဆီသို့ စူးစိုက်ကြည့်နေတော့သည် ။ မျက်မမြင် အတီးသမားကြီး၏ ပုံပြင်များ ပြီးဆုံးပြီ ဖြစ်၍ ပရိသတ် အားလုံး အပါးမှ ထွက်သွားကြလေပြီ ။

သူဌေးရုပ် ပေါက်နေသော အဆိုပါ လူစိမ်းသည် ခေတ္တမျှ ငြိမ်သက်ပြီးနောက် သူ၏ လက်နက်ကို ထုတ်ယူ၍ မျက်မမြင်ကြီး၏ ငွေအိတ်ကို ရုတ်တရက် လုယူလေတော့သည် ။ ဖြတ်ထိုးဉာဏ် ကောင်းမွန်လှသော မျက်မမြင်ကြီးသည် လက်ယာလက် အင်္ကျီစကို ချုပ်ကိုင်လျက် အော်ဟစ်လိုက်သည် ။ ဤအသံကြောင့် လူအပေါင်းတို့သည် အဖြစ်အပျက် အလုံးစုံကို မြင်တွေ့ရ၍ ငွေအိတ်နှင့်တကွ ဓားပြကြီးကို ဖမ်းဆီးလိုက်သည် ။

“ မျက်မမြင် ဒုက္ခသည်ဟာ ဒီလောက် များပြားလှတဲ့ ငွေစတွေ ရှိနိုင်ပါ့မလား ။ ဒီကိစ္စမှာ ကျွန်တော့်ကို မလိုမုန်းထားနှင့် မတရားလုပ်ကြံ စွပ်စွဲနေတာပါ ” ဤသို့ အဖမ်းခံရသော ဓားပြကြီးက မျက်နှာပြောင်တိုက်၍ ငြင်းဆိုနေသည် ။ လူအပေါင်းသည် ဓားပြကြီးအား တွန်းထိုး ဆွဲငင်၍ ခုံရုံးတရားသူကြီး အိမ်သို့ ခေါ်လာသည် ။

ဤအဖြစ်အပျက်ကို တရားသူကြီးသည် ကြားသိရ၍ တရားခုံ တစ်ရပ်ကို ချက်ချင်း ဖွင့်လှစ်စေသည် ။ သူသည် မျက်မမြင် အတီးသမားကြီးအား ထိုင်စေ၍ ဓားပြ ဖြစ်သူအား ဤသို့ ပြောဆိုလိုက်သည် ။

“ ဟေ့ ... နေ့ခင်းကြောင်တောင်ကြီးမှာဒုက္ခိတ တစ်ယောက်ကို နိုင်လိုမင်းထက် လုယက်တဲ့ လူဆိုးကြီး ။ ကိုင်း ... ဒူးထောက်ပြီး ဝန်ချတောင်းပန်လိုက်စမ်း ။ မင်းဟာ ငါတို့ အရှင်သခင် မင်းသားရဲ့ နယ်မြေ အတွင်းမှာ ဒီလို မကောင်းမှုကို ဘာကြောင့် လုပ်ဝံ့ရသလဲ ။ မင်းဟာ တရားဥပဒေကိုကျူးကျော်ဖောက်ဖျက်သူတစ်ယောက်ပဲ ”

“ ကျွန်တော်မျိုးကြီးဟာ ဂုဏ်သရေရှိ မိသားစုက ပေါက်ဖွားခဲ့သူ ဖြစ်ပါတယ် ။ ကျွန်တော်မျိုးလို လူစားမျိုးဟာ သေးနုပ်နုံချာလှတဲ့ သူခိုးတစ်ယောက် ဖြစ်နိုင်ပါ့မလား ။ ကျွန်တော် မျိုးကြီးရဲ့ ဘိုးဘွားဘီဘင်တွေဟာ တစ်ခါက ကြီးကျယ်ခမ်းနားခဲ့တဲ့ လူတွေပဲ ။ ကျွန်တော်မျိုးကြီးဟာ ဆင်းရဲနွမ်းပါးလှတဲ့ မျက်မမြင် ဒုက္ခသည် ဆီက လုယူရအောင် ငွေကြေးကြပ်တည်းမှု မရှိသေးပါဘူး ”

“ ဟေ ... ဒီကိစ္စမှာ မင်းအဘိုးအဘွားတွေ ဘာတတ်နိုင်ဦးမှာလဲကွ ။ မင်းအဘိုးတွေ ကလည်း မင်းလိုဓားပြမျိုး မြေးတော်ချင်မယ် မဟုတ်ပါဘူးကွာ ”

“ ကျွန်တော်မျိုးကြီးရဲ့ ဖခင်ဟာ ကျော်ဇောကိတ္တိ ရှိသော ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ် ။ သူ့ကို မသိတဲ့လူ မရှိသလောက် ရှားပါးလှပါတယ် ။ သူဟာ ဘုရင့်ရဲ့ လူယုံတော် တစ်ဦးဖြစ်ပါ တယ် ။ သူဟာ အိမ်ရှေ့မင်းမှူးကြီးမတ်ရာ သေနာပတိတွေ နှင့်ရင်းနှီးသူ ဖြစ်ပါတယ် ”

ဤစကားရပ်များ ကြားရသောအခါ၌ တရားသူကြီး၏ အသည်းနှလုံးဝယ် သံသယ စိတ်များ ပေါက်ဖွားလာတော့သည် ။ ဓားပြကြီးသည် သူ၏ စကား မည်၍မည်မျှ အကျိုး သက်ရောက်နေသည်ကို သိရှိသောအခါ ရှေ့သို့ မရပ်မနားဘဲ ဆက်လက်ပြောနေပြန်၏ ။

“ ကျွန်တော်မျိုးကြီး လျှောက်တင်လိုတာကတော့ ကျွန်တော်မျိုးကြီးရဲ့ ဖခင်ကို အရှင်ဘုရား မြင်ရင်ဖြင့် အခုချက်ချင်း မှတ်မိမှာ အမှန်ပါပဲ ဘုရား ”

“ ဟေ ... လုပ်စမ်းပါဦး ။ မင်းအဖေက ဘယ်သူများပါလိမ့် ” 

တရားသူကြီးသည် ထိတ်လန့်တုန်လှုပ်စွာမေးသည် ။

“ ကျွန်တော်မျိုးကြီးရဲ့ အဖေဟာ ကျောက်ပေါက်မာသက်သက် ခါးကုန်းကုန်း ၊ အသက်အားဖြင့် ငါးဆယ်ရှိပါပြီ ”

တရားသူကြီးသည် မသက်သာလှသော အသံမျိုးဖြင့် “ ဟင်း .. ဟင်း .. ဒီအမှုဟာ တယ် ရှုပ်ထွေးပွေလိမ်လှသကိုး ။ ကျုပ် မနက်ဖြန်မှပဲ အမှုကို ဆက်လက်ပြီး စစ်ဆေးနိုင်တော့မယ် ” ဟု ပြောပြီးလျှင် တရားခုံရုံးကို ပိတ်လိုက်သည် ။ ထို့နောက် ဓားပြကြီးနှင့် မျက်မမြင် အတီးသမားကြီးအား လုံခြုံသော သီးခြား အခန်းငယ်တစ်ခုစီ၌ ထည့်သွင်းထားလိုက်သည် ။

ထိုညတွင်ပင် ဓားပြကြီးသည် တရားသူကြီးအား ငွေစများကို တံစိုးလက်ဆောင် အဖြစ်ပေးလိုက်သည် ။

နောက်တစ်နေ့တွင် အမှုကို စစ်ဆေးရန် တရားခုံရုံးကို တစ်ဖန် ဖွင့်လိုက်ပြန်သည် ။ ထိုနေ့တွင် တရားသူကြီး၏ အမူအရာမှာ ထင်ရှားစွာ ပြောင်းလဲလျက်ရှိ၏ ။ သနားဖွယ် မျက်မမြင်ကြီးကို သူသည် ဆဲရေးတိုင်းထွာလျက်ရှိ၏ ။

“ မင်းဟာ မျက်လုံးကန်း နေတဲ့ လူယုတ်မာကြီး တစ်ယောက်ပဲ ။ မင်းဟာ ကံပေးတဲ့အတိုင်း ဘာကြောင့် ကျေနပ်ရောင့်ရဲခြင်း မရှိဘဲ သူများ ချမ်းသာ ကြွယ်ဝနေတာကို မနာလို ဝန်တို ဖြစ်နေရတာလဲ ။ မင်းဟာ မိကောင်းဖခင် သားသမီးတစ်ဦးကို ခုလို လုပ်ကြံပြီးပြောနေတာ မင်းကိုယ်မင်း မရှက်ဘူးလား ”

မျက်မမြင် အဘိုးကြီးသည် ထိုစကားလုံး အချို့ကို ကြားရသောအခါ၌ စကားတစ်ခွန်း မျှပင် ပြန်လှန် ပြောဆိုခြင်း မရှိဘဲ မြေပြင်ကို ကုတ်ခြစ်၍ နေသည် ။ ခါးကို ကုန်းပြီး သူ၏ နားကို မြေပြင်ပေါ်၌ ကပ်လျက် တစ်စုံတစ်ခုကို နားထောင်နေသကဲ့သို့ ပြုမူလိုက်သည် ။ ၎င်းနောက် မြေပြင်ကို တစ်ဖန် ကုတ်ခြစ်လိုက်ပြီး သာယာညင်းပျောင်းစွာ ဆိုလိုက်၏ ။

“ တရားသူကြီးခင်ဗျား ယမန်နေ့က တရားဥပဒေ၏ မှန်ကန်သော အသံကို ကျွန်ုပ် ကောင်းစွာ ကြားနာရပါသည် ။ ယနေ့တွင် ယမန်နေ့ကနှင့် မတူဘဲ ငွေကဲ့သို့သော သတ္တုများ ဖိထားသည့် အသံကို ကြားနေရပါသည် ။ ကျွန်ုပ်သည် ဤနေရာရှိ မြေကြီးကို တူးဖော် ကြည့်ရှုရပါမည် ။ အကယ်၍ ငွေစများ တွေ့ရှိရပါက ကျွန်ုပ်သည် သင့်အား လက်ဆောင်အဖြစ် ပေးအပ် မည်ဖြစ်ပါသည် ”

မျက်မမြင်ကြီးသည် ခေတ္တခဏမျှ ရပ်ဆိုင်းနေပြန်သည် ။ ၎င်းနောက် “ ကျွန်ုပ်သည် စက္ခုနှစ်ကွင်း အလင်းမရသည်မှာ မှန်ပါသည် ။ ကျွန်ုပ် မြင်ရသော အလင်းရောင်ဟူ၍ ဤကမ္ဘာတွင် မရှိပါ ။ သို့သော် ကျွန်ုပ်၏ နားရွက်များသည် အလွန်မှ ကောင်းမွန်လှပါသည် ။ ကျွန်ုပ်သည် မြေလွှာအောက်မှ အသံကို ဖြစ်စေ ၊ သက်ရှိ လူသတ္တဝါတို့၏ အသဲနှလုံးတွင် ဖြစ်ပေါ်နေသော အသံများကို ဖြစ်စေကြားနိုင်စွမ်းရှိပါသည် ”

ခုံရုံးတရားသူကြီးသည် မျက်မမြင် အတီးသမားကြီး၏ နောက်ဆုံး ပြောဆိုလိုက်သော စကားကို ကြားရသော ကာလဝယ် ဆောက်တည်ရာ မရနိုင်အောင် လှုပ်ရှားသွားမိသည် ။ သူသည် ဆက်လက် နားထောင်ရမည်ကို စိုးရွံ့လာသည် ဖြစ်၍ တရားခုံရုံးအစောင့် အမှုထမ်းများကို အမြန် ခေါ်ယူလျက် မျက်မမြင် အတီးသမားကြီးကို နေအိမ်မှ အပြင်သို့ ထုတ်ပစ်လိုက်ရန် အမိန့် ချမှတ်လိုက်လေသတည်း ။

( ဘာသာပြန် )

〇 စန်ထွန်းအောင် 
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၅၇ ၊ ဇူလိုင်

No comments:

Post a Comment