❝ ဗုံတီးသမား ❞
( ပုံပြင် )
တစ်ညနေခင်း၌ ဗုံတီးသမားကလေး တစ်ယောက်သည် ရေအိုင် တစ်ခု၏ ကမ်းပေါ် တွင် ဖြူဖွေးသော အဝတ်စကလေး သုံးစကို တွေ့ရှိရလေရာ ယူ၍ အိမ်သို့ ပြန်လာခဲ့ပြီးလျှင် အိပ်လေ၏ ။
ညအခါ၌ သူ့နားမှ အသံတိုးတိုး တစ်ခုက “ ဗုံတီးသမား ... ဗုံတီးသမား ။ ထပါ ... ထပါ ” ဟု ပြတ်သားစွာ ခေါ်နေပြီးလျှင် လက်ကလေး တစ်ချောင်းသည် သူ၏ အိပ်ရာဘေးတွင် လှုပ်ရှားနေသည်ကို တွေ့မြင်ရလေ၏ ။
“ ဟေ့ ... မင်း ဘာလိုချင်လို့လဲ ... ” ဟု ဗုံသမားက မေးလိုက်လေ၏ ။
“ ကမ်းပေါ်က ယူလာခဲ့တဲ့ ကျွန်မ အင်္ကျီစလေးတွေ ပြန်ပေးပါရှင် ။ ကျွန်မဟာ တန်ခိုးကြီးတဲ့ ဘုရင်တစ်ပါးရဲ့ သမီးတော်လေးပါ ။ ဒါပေမယ့် အခု စုန်းမကြီး တစ်ယောက်က ဖမ်းစားထားလို့ ဟောဟို ဖန်တောင်ကြီး ပေါ်မှာ နေရပါတယ် ။ ကျွန်မတို့ ညီအစ်မ သုံးဖော်ဟာ နေ့တိုင်းပဲ ရေအိုင်မှာ လာပြီး ရေချိုးကြရပါတယ် ။ ကျွန်မ အစ်မ နှစ်ယောက် ကတော့ ပြန်သွားကြတာ ကြာပါပြီ ။ ကျွန်မမှာသာ ဝတ်စရာအင်္ကျီ မရှိလို့ မပြန်နိုင်ဘဲ ကျန်ရစ်ခဲ့ရတာပါ ။ ကျွန်မကို ပြန်နိုင်အောင် ကူညီပါရှင် ” ဟု ပြန်ပြောပြလေ၏ ။
“ အေး ... မင်း အင်္ကျီစတွေ ငါ ပြန်ပေးမယ် ။ ပြီးတော့ ငါ မင်းကို ကယ်နိုင်ကောင်း ကယ်နိုင်ပါလိမ့်မယ် ” ဟု ဗုံသမား ပြော၏ ။
“ ရှင် ... ဖန်တောင်ပေါ်ကို ရောက်မယ် ဆိုရင်တော့ ကျွန်မကို စုန်းမကြီး လက်က လွတ်အောင် ကယ်နိုင်မှာပဲ ။ ဒါပေမယ့် ဒီဖန်တောင်ကြီးရဲ့ အပေါ်ကို တက်ဖို့ မဖြစ်နိုင်ပါဘူး ” ဟု သူက ထပ်ပြောပြန်သည် ။
ဗုံသမားကလည်း “ စိတ်သာ လိုရင်းပါကွယ် ။ ဒါပေမယ့် ဖန်တောင်ဆီ ကို သွားရမယ့် လမ်းတော့ မသိဘူး ” ဟုပြောလေ၏ ။
သူက “ လူရိုင်းတွေ နေတဲ့ တောကြီး တစ်တောကို ဖြတ်သွားတဲ့ လမ်း တစ်ခုတော့ ရှိတယ် ” ဟု ပြောပြီးလျှင် ထွက်ခွာသွားလေတော့သည် ။
မနက် မိုးလင်းသော အခါ၌ ဗုံသမားသည် ဗုံကြီးကို လွယ်လျက် လူရိုင်းများ နေထိုင်ရာ တောနက်တွင်းသို့ အကြောက်အရွံ့ ကင်းစွာ ထွက်သွားလေ၏ ။ သူသည် ဗုံကို တီးလိုက်လေသည် ။
ခဏကြာသောအခါ အိပ်နေသော ဘီလူးကြီး တစ်ကောင်သည် သူ့ ကိုယ်ကြီးဖြင့် မတ်မတ် ရပ်လိုက်ပြီးလျှင် “ ဟေ့ ... ငါ အိပ်နေတာ လန့်နိုးအောင် ဘာဖြစ်လို့ ဗုံတီးနေရတာလဲ ” ဟု အော်၍ မေးလိုက်၏ ။
ဗုံသမားကလည်း “ ငါ့နောက်မှာ လူတစ်ထောင် ပါလာတယ်ကွ ။ သူတို့ ဒီတောထဲကို လာကြမလို့ ၊ ဒါကြောင့် ငါ ဗုံတီးတာပေါ့ ” ဟု ပြန်ပြောလေ၏ ။
ဘီလူးက “ သူတို့က ငါနေတဲ့ တောထဲကို ဘာလုပ်ဖို့ လာကြရတာလဲကွ ” ဟု ပြန်မေး ဟု ပြန်ပြောလေ၏ ။
ဗုံသမားက “ သူတို့လား ... သူတို့ မင်းကို သ,တ်မလို့ လာကြတာပေါ့ ”
ဗုံသမားက “ မင်း သူတို့ကို ကုန်းပြီး ဖမ်းလိုက်ရင် မင်းလက်ထဲက လွတ်ထွက်သွားမှာပဲ ။ ပြီးတော့ မင်းအိပ်ရင် မင်းကိုယ်ပေါ်မှာ တက်ပြီး သူတို့က တူတွေနဲ့ ထုကြလိမ့်မယ် ” ဟု ပြော လေရာ ဘီလူးကြီးသည် ကြောက်ရွံ့လာလေ၏ ။
ဘီလူးကြီးလည်း “ အင်း ... ဒီလူတွေကိုတော့ ငါ ဘယ်လို လုပ်ရမယ် မသိပါဘူး ” ဟု တွေးပြီးလျှင် “ ဟေ့ ... မင်းနဲ့ မင်းအဖော် အားလုံး ဒီက ထွက်သွားကြပါ ။ ငါ မင်းတို့ကို ရန်မပြုပါဘူး ။ ဒါမှမဟုတ်ရင် မင်း တစ်ယောက်တည်း အတွက် ဘာများ အလိုရှိပါသလဲ ” ဟု အော်ပြောလေ၏ ။
ဗုံသမားက “ ငါ့ကို ဟောဟို ဖန်တောင်ကြီးပေါ်ကို ရောက်အောင် ပို့ပေးပါလားကွာ ။ ဒီလိုဆိုရင် ငါ့လူတွေကို ပြန်ဖို့ အချက်ပေး လိုက်မှာပေါ့ ” ဟု ပြောလေရာ ဘီလူးကြီးသည် ဗုံသမားကို သူ့ပခုံးပေါ်သို့ မ၍ တင်လိုက်လေ၏ ။
နောက်တစ်ကြိမ်၌ လမ်းတွင် ရပ်နေလျက်ရှိသော ဒုတိယ ဘီလူးကြီးနှင့် တွေ့ရာ သူက ဗုံသမားအား လှမ်းယူလိုက်ပြီးလျှင် သူ၏ အင်္ကျီ ကြယ်သီးပေါက်ထဲတွင် ထည့်ထားလိုက် lလေ၏ ။ ဘီလူးကြီး၏ အင်္ကျီကြယ်သီးမှာ ပန်းကန်ပြားလောက် ကြီးသဖြင့် ဗုံသမားက ကိုင်ကာ လိုက်ပါ သွားလေသည် ။
ထို့နောက် သူတို့ တတိယဘီလူးကြီး ထံသို့ သွားကြရာ သူက ဗုံသမားကို လှမ်းယူပြီး လျှင် သူ၏ ဦးထုပ်နှုတ်ခမ်း ပေါ်တွင် တင်ထားလေ၏ ။ ဗုံသမားသည် ဘီလူးကြီး၏ ဦးထုပ်ပေါ်တွင် တက်ချေ ဆင်းချေဖြင့် ကြည့်လိုက်ရာ သစ်ပင်ထိပ်ဖျားများနှင့် ကောင်းကင်ပြာထဲမှာ ထိုးထွက် နေသော ဖန်တောင်ကြီးကို လှမ်းမြင်ရလေ၏ ။ ဘီလူးကြီးလည်း ခြေလှမ်း အနည်းငယ် လှမ်း လိုက်ရုံမျှဖြင့် ဖန်တောင်ကြီး၏ ခြေရင်းသို့ ရောက်ရှိလေ၏ ။
သူသည် ဗုံသမားကို အောက်သို့ ချပြီးနောက် တောနက်တွင်းသို့ ပြန်ဝင်သွားလေ၏ ။ ဖန်တောင်ကြီးမှာ တောင်သုံးလုံး ထိပ်ဖျားချင်း ထပ်နေကာ အတွင်းသို့ ဒိုးယို မြင်နေရပြီးလျှင် ဘေးမှာ ချောမွတ် နေလေ၏ ။
သူသည် ဖန်တောင်ပေါ်သို့ တက်ရန် ကြိုးစားသော်လည်း မရနိုင်ဘဲနေစဉ် လူနှစ် ယောက် ရန်ဖြစ် နေကြသည်ကို မြင်လေ၏ ။ သူသည် အနီးသို့ ရောက်သွားသောအခါ မြင်းကုန်းနှီး တစ်ခုကို မြေကြီးပေါ်မှာ တွေ့ရှိရလေ၏ ။
ဗုံသမားက မြင်းကုန်းနှီးကို ကြည့်၍ “ ခင်ဗျားတို့မှာ စီးစရာ မြင်းလည်း မရှိဘဲနဲ့ ဒီကုန်းနှီး အတွက် ရန်ဖြစ်လိုက်ကြတာ တယ်မိုက်ပါကလား ” ဟု ဝင်၍ ပြောလိုက်လေ၏ ။ ထိုအခါ တစ်ယောက်သော သူက “ ဟာ ... ကုန်းနှီးက တစ်ယောက်ယောက် တက်စီးလိုက်သွားရင် လိုရာကို ပျံနိုင်တယ် ။ ဒီကုန်းနှီးကို ကျုပ်တို့ နှစ်ယောက် ပိုင်တယ်ဗျ ။ တစ်ယောက်တစ်လှည့်စီ စီးရတယ် ။ အခု ကျုပ်အလှည့်မှာ သူက ဖယ်မပေးလို့ ဒီလို ရန်ဖြစ်နေကြရတာ ” ဟုပြန်ပြောလေ၏ ။
ဗုံသမားသည် ခပ်လှမ်းလှမ်း နေရာတွင် တိုင်ဖြူ တစ်တိုင်ကို စိုက်ထူလိုက်ပြီးလျှင် ...
“ ကဲ ... ခင်ဗျားတို့ နှစ်ယောက် ဟောဒီ တိုင်ကို ရောက်အောင် ပြေးကြပေတော့ ။ အရင် ရောက်တဲ့ လူက ကုန်းနှီးကို ယူပေါ့ဗျာ ” ဟု ပြောလေရာ လူနှစ်ယောက်သည် တိုင်ရှိရာ သို့စတင်၍ ပြေးကြလေတော့သည် ။
သူတို့ပြေး၍ ခြေလှမ်း အနည်းငယ်မျှသာ ရှိစဉ် ဗုံသမားသည် ဗုံကို လွယ်ကာ ကုန်းနှီးကို တက်စီးပြီးလျှင် ဖန်တောင်ပေါ်သို့ ရောက်ရန် တောင့်တလိုက်သည် ။ မျက်စေ့ တစ်မှိတ်လောက်၌ သူသည် ဖန်တောင်ကြီး ပေါ်သို့ ရောက်ရှိသွားလေ၏ ။ ဖန်တောင်ကြီး ပေါ်တွင် ကျောက်အိမ်ကြီး တစ်အိမ်ရှိ၏ ။
သူသည် ကျောက်အိမ်ကြီး၏ တံခါးကို ခေါက်လိုက်ရာ အတွင်းမှ အသားညိုညို ၊ မျက်လုံး အနီရောင် ရှိသော အမယ်အိုကြီး တစ်ယောက် ထွက်လာကာ “ ဟေ့ ... သူငယ် ဘာ လိုချင်လို့လဲ ” ဟု မေးလိုက်လေ၏ ။ ဗုံသမားကလည်း “ ကျွန်တော် ဒီမှာ ခဏ တည်းခိုပါရစေ ခင်ဗျာ ” ဟုပြန်ပြောလိုက်လေ၏ ။
အမယ်အိုက “ အေး ... တည်းချင်ရင် တည်းရမှာပေါ့ကွယ် ။ မင်း ငါခိုင်းတဲ့ အလုပ် သုံးခုကို လုပ်ပြရမယ် ။ ဘယ့်နှယ်လဲ လုပ်မလား ” ဟု မေးလေရာ ဗုံသမားက “ ဟုတ်ကဲ့ ... လုပ် တာပေါ့ ” ဟု ဆိုသဖြင့် အမယ်အိုက ဗုံသမားကို အိမ်တွင်းသို့ ခေါ်သွားလေ၏ ။
မနက်မိုးလင်းသောအခါ အမယ်အို ရောက်လာ၍ သူ၏ လက်ချောင်းမှာ စွပ်ထားသော အပ်ထောက်ကလေးကို ချွတ်ယူပြီးလျှင် ဗုံသမားအား ပေး၍ “ ကဲ ... မင်း ဟောဒီ အပ်ထောက်ကလေးနဲ့ ရေကန်ထဲက ရေတွေကို ကုန်အောင် ခပ်ပစ်ပေတော့ ။ ရေတွေ ကုန်သွားရင် ကန်ထဲမှာ ရှိတဲ့ ငါးတွေကို ဖမ်းပြီး အကြီးအငယ် အရွယ်အစားစားတွေကို စီထားရမယ် ” ဟု ခိုင်းစေလေ၏ ။
ဗုံသမားလည်း တစ်မနက်လုံး ရေခပ်သော်လည်း ဘာမျှ အကြောင်းမထူးသဖြင့် မလုပ်တော့ဘူးဟု အောက်မေ့ နေလေတော့သည် ။
ညစာစားချိန်၌ မိန်းမပျို တစ်ယောက် ပေါ်လာ၍ သူ့အတွက် ညစာများကို တောင်း တစ်ခုနှင့် ယူလာလေ၏ ။ မိန်းမပျိုက “ ဘာများ ဖြစ်လို့လဲရှင် ” ဟု မေးလေ၏ ။ ဗုံသမားက “ ကျွန်တော်တော့ အမယ်အို ခိုင်းတဲ့ အလုပ်ကို မလုပ်တော့ဘူးဗျာ ။ ကျွန်တော် ဒီကို လာတာဟာ မင်းသမီးလေးကို ရှာဖို့ လာခဲ့တာပါ ” ဟုပြောပြလေ၏ ။ မိန်းမပျိုက “ မင်းသမီးလေးကို တွေ့ချင်ရင် စောင့်ဦးပေါ့ရှင့် ... ကျွန်မ ရှင့်ကို ကူညီမှာပေါ့ ။ ကဲ ... ကဲ ... ရှင်မောလာတယ် ။ ကျွန်မ ပေါင်ပေါ်မှာ ခဏ လှဲအိပ် နေလိုက်စမ်းပါ ။ ရှင်နိုးလာတော့ ရှင့်ကို ခိုင်းထားတဲ့ အလုပ်တွေ ပြီးစီးနေတာ တွေ့ရပါလိမ့်မယ် ” ဟု ပြောသဖြင့် ဗုံသမားလည်း လှဲကာ အိပ်လိုက်လေ၏ ။ မိန်းမပျိုလည်း သူ ဝတ်ထားသော လိုတရသည့် လက်စွပ်ကလေးကို လှည့်လိုက်ပြီးလျှင် “ ရေတွေ ခမ်းစေ ... ခမ်းစေ ... ငါးတွေ ရောက်စေ ရောက်စေ ” ဟု နှုတ်မှ ရွတ်ဆို လိုက်လေ၏ ။ ရေကန်တွင်းရှိ ရေများ ခမ်းသွားပြီးလျှင် ငါးများမှာလည်း ကုန်းပေါ်သို့ ရောက်လာကာ စီစီရီရီ ဖြစ်သွားလေ၏ ။
ဗုံသမား နိုးလာသောအခါ မိန်းမပျိုက “ ကဲ ... ငါးတွေတော့ ကုန်းပေါ် ရောက်ကြပြီ ။ ဒါပေမယ့် ငါးတစ်ကောင်ဟာ တစ်ကောင်တည်း ဖြစ်နေတယ် ။ အမယ်အို ရှင့်ကို မေးရင် ရှင်က သူ့မျက်နှာကို ငါးနဲ့ ကောက်ပေါက်လိုက်ပြီး “ အဲဒါ နင်ဖို့ပေါ့ဟဲ့ ... စုန်းမကြီးရဲ့ လို့ ပြောပေတော့ ” ဟု မှာထားလေ၏ ။
ညနေစောင်းသော် အမယ်အို ရောက်လာ၍ ဗုံသမားက မိန်းမပျို မှာထားသည့် အတိုင်း “ ဒီငါးဟာ နင့်ဖို့ပေါ့ဟဲ့ စုန်းမကြီးရဲ့ ” ဟုပြောကာ ငါးကိုယူ၍ အမယ်အို၏ မျက်နှာသို့ ပေါက်လိုက်လေ၏ ။
နောက်တစ်နေ့ မနက်၌လည်း အမယ်အို ရောက်လာပြီးလျှင် ဗုံသမားအား “ မနေ့က အလုပ်ဟာ အင်မတန် လွယ်တာပဲ ။ ဒီကနေ့တော့ မင်း ဟောဟို တောနက်ကြီးမှာ ရှိတဲ့ သစ်ပင်တွေ အားလုံးကို ခုတ်လှဲရမယ် ။ ပြီးတော့ ထင်းဖြစ်အောင် ဖြတ်ပေတော့ ” ဟု ပြောပြီး လျှင် ခဲပုဆိန်တစ်ချောင်း ၊ ရဲဒင်းတစ်လက် ၊ ခဲလွှနှစ်ချောင်းကို ပေးလေ၏ ။
ဗုံသမားလည်း ဘာမှ မလုပ်တတ်ဘဲ ရှိနေစဉ် မိန်းမပျို ရောက်လာလေ၏ ။ သူက “ ကဲ ... ရှင် စိတ်မပူပါနဲ့ ။ ကျွန်မ ပေါင်ပေါ် ခဏ အိပ်လိုက်ပါ ။ ရှင့်အလုပ် ပြီးစီးပါလိမ့်မယ် ” ဟု ပြောသဖြင့် ဗုံသမားသည် မိန်းမပျို၏ ပေါင်ကို ခေါင်းအုံး၍ အိပ်လိုက်လေ၏ ။ အိပ်ရာမှ နိုးလာသော အခါ တောနက်ကြီး မရှိတော့ဘဲ သစ်ပင်များ အားလုံး ထင်းဖြစ်နေသည်ကို အံ့ဩစွာ တွေ့မြင်ရ လေ၏ ။ မိန်းမပျိုက “ ကဲ ... ထင်းတွေ ဖြစ်သွားပါပြီ ။ ဒါပေမယ့် ထင်းတစ်ချောင်းဟာ အပုံထဲမှာ မနေဘဲ အခြား ကွဲထွက်နေတယ် ။ အမယ်အို လာလို့ မေးရင် ရှင် မနေ့ကလိုပဲ ပြောပြီး ထင်း ချောင်းနဲ့ ကောက်ပေါက်လိုက်ပေတော့ ” ဟု မှာထားခဲ့လေ၏ ။
အမယ်အို ရောက်လာသောအခါ ထင်းပုံများကို ကြည့်ပြီးလျှင် “ ထင်းတွေ ကတော့ ကောင်းပါရဲ့ ဟိုထင်းတစ်ချောင်းက ဘာလို့ တခြားမှာ ကွဲနေသလဲကွဲ့ ” ဟု မေးလေရာ ဗုံသမား က “ အဲဒါကနင့်ဖို့ပေါ့ဟဲ့ စုန်းမကြီးရဲ့ ” ဟုဆိုကာ ထင်းချောင်းဖြင့် အမယ်အို၏ ခေါင်းကို ချလိုက်လေ၏ ။
နောက်တစ်နေ့ မနက်၌ အမယ်အို ရောက်လာ ပြန်၍ ဒီကနေ့တော့ မနေ့က ထင်းတွေကို တစ်ချောင်းစီ ရေတွက်ရမယ် ။ ပြီးရင် စီထားပြီး မီးတိုက်ပေတော့ ” ဟု ခိုင်းလေ၏ ။ ဗုံသမားသည် မိန်းမပျို၏ အကူအညီဖြင့် လှဲအိပ်ရာမှ ပြန်နိုးလာသော အခါ၌ စုပုံပြီး ထင်းများမှာ မီးလျှံ ရဲရဲတောက် နေသည်ကို တွေ့မြင်ရလေ၏ ။
“ ကဲ ... ထင်းတွေကို ရေပြီး မီးပုံရှို့လိုက်ပြီ ။ ဒါပေမယ့် ထင်းတစ်ချောင်းဟာ မီးပုံထဲမှာ မလောင်ဘူး ။ အမယ်အို ရောက်လာရင် အဲဒီထင်းချောင်းကို ယူခိုင်းလိမ့်မယ် ။ ရှင်က မကြောက်မရွံ့ဘဲ မီးပုံထဲ ခုန်ဆင်းပြီး ယူပါ ။ ထင်းစကို ယူပြီးရင် စုန်းမကြီးကို တစ်ခါထဲ မီးပုံထဲ တွန်းချ လိုက်ပေတော့ ”
မိန်းမပျိုက ဗုံသမားကို မှာထား ပြီးလျှင် ထွက်သွားလေ၏ ။ အမယ်အို ရောက်လာသောအခါ မီးပုံကို မြင်၍ “ ဟောဟို ထင်းချောင်းကို မီးမလောင်ပါဘဲကလား ။ ဟေ့ ... သူငယ် မီးပုံထဲက ထင်းစကို သွားယူချေစမ်း ” ဟုစေခိုင်းပြန်၏ ။
ဗုံသမားလည်း မိန်းမပျို မှာထားသည့်အတိုင်း ထင်းစကိုယူရန် မီးပုံတွင်းသို့ ရဲရင့်စွာ ခုန်ဆင်းလိုက်ရာ သူ့ကို မီးမလောင်ဘဲ ထင်းစကို ယူကာ ပြန်ထွက် လာခဲ့လေ၏ ။ သူသည် ထင်းစကို ယူလာပြီးနောက် မြေပေါ်သို့ ပစ်ချလိုက်သောအခါ ချစ်ဖွယ်ကောင်းသော မိန်းမပျိုကလေး တစ်ယောက် ဖြစ်သွားလေ၏ ။ ရွှေဝတ်ရုံကို ဝတ်လျက်ရှိသော သူ့အား စုန်းမကြီး၏ ရန်မှ ကယ်ဆယ်ခဲ့သော ထိုမိန်းမပျိုကလေးမှာ သူ လိုက်ရှာနေသော မင်းသမီးကလေး ဖြစ်နေလေ၏ ။ ဗုံသမားသည် စုန်းမကြီးအား ဆွဲညှစ်ကာ မီးပုံတွင်းသို့ ပစ်ချလိုက်လေ၏ ။
ထို့နောက် မိန်းမပျိုကလေးသည် ဗုံသမားကို သေချာစွာ ကြည့်လိုက်ပြီးလျှင် “ ရှင်ဟာ ကျွန်မ အသက်ကို စုန်းမကြီး လက်က ရဲဝံ့စွာ ကယ်ဆယ်ခဲ့တဲ့သူပါ ။ ရှင့်ကို လက်ထပ်ဖို့ ကျွန်မ ကတိပြုပါတယ် ” ဟု ပြောလေ၏ ။ သူသည် စုန်းမကြီး၏ ရတနာများစွာကို လိုက်ပြလေ၏ ။ အဖိုးတန် စိန်ကျောက်ရတနာများကို ယူကြလေ၏ ။
မင်းသမီးက သူ၏ တိုင်းပြည်သို့ ပြန်ရန် လိုတရသော လက်စွပ်ကလေးကို ပွတ်လှည့်လိုက်ရာ မြို့တော် တံခါးဝသို့ ရောက်သွားကြလေ၏ ။ ထို့နောက် ဗုံသမားက “ ကဲ ... ကျုပ်တို့ မြို့တော်ကို ရောက်ကြပြီ ။ ကျုပ် မိဘများဆီကို သွားပြီး အကျိုးအကြောင်း ပြောပြချေဦးမယ် ။ မင်းသမီးက ဟောဒီ မြို့ပြင်က လယ်ကွက် ထဲမှာ စောင့်နေပါ ။ ကျုပ် မကြာခင် ပြန်လာခဲ့ပါ့မယ် ... ” ဟု ပြောပြလေ၏ ။
မင်းသမီးကလည်း “ အို ... ခဏနေပါဦး ။ ကျွန်မ မှာလိုက်ပါရစေ ။ ရှင့် မိဘတွေကို တွေ့ရင် ညာဘက်ပါးကို ဘယ်နည်းနဲ့မှ မနမ်းလိုက်ပါနဲ့ ။ ရှင် နမ်းလိုက်တာနဲ့ တစ်ပြိုင်နက် ဖြစ်ပျက်ခဲ့တာတွေ အားလုံးကို မေ့သွား ပါလိမ့်မယ် ။ ရှင် သတိထားပါနော် ” ဟု မှာလိုက်လေ၏ ။ ဗုံသမားသည် သူ့မိဘများ အိမ်သို့ ပြန်ရောက်သောအခါ သူ့မိဘများက ဝမ်းသာအားရ နမ်းကြလေ၏ ။ ဗုံသမားကလည်း မင်းသမီး တားမြစ်ထားသော စကားကို မေ့ကာ သူ့မိဘများ၏ ပါးနှစ်ဖက်လုံးကို ပြန်၍ နမ်းလိုက်မိလေရာ မင်းသမီးနှင့် သူ့ အဖြစ်အပျက်များကို တစ်ခါတည်း မေ့ပျောက် သွားလေ၏ ။
သူသည် ယူလာခဲ့သော ရတနာများဖြင့် ရဲတိုက်ကြီး တစ်တိုက် ဆောက်လုပ်ပြီး နေထိုင်နေ၏ ။ ထို့နောက် သတို့သမီး ရွေးလေ၏ ။
သနားဖွယ်ရာ ကောင်းသော မင်းသမီးလေး မှာမူ မြို့တံခါးဝတွင် ကြာမြင့်စွာ စောင့်နေ လျက်ပင် ရှိလေ၏ ။ နောက်ဆုံး၌ ဗုံသမား၏ လက်ထပ်ပွဲသည် နက်ဖြန်မနက်၌ ကျင်းပတော့မည် ဟူသော သတင်းကို မင်းသမီး ကြားသိရလေ၏ ။
လက်ထပ်ပွဲ ပထမနေ့၌ မင်းသမီးသည် သူ့ လက်စွပ်ကလေးကို ပွတ်လှည့်ပြီးလျှင် နေရောင်ကဲ့သို့ တောက်ပသော ဝတ်ရုံကို တောင့်တလိုက်လေ၏ ။ သူသည် ထိုအင်္ကျီကို ဝတ်ပြီးလျှင် ဧည့်ခန်းဆောင်ကြီး ထဲသို့ ဝင်သွားရာ လူတိုင်းက အံ့ဩစွာ ကြည့်ရှုကြရလေ၏ ။
အထူးသဖြင့် အဝတ် လှလှပပများကို စုံမက်သော သတို့သမီးပင် သူ့ကို ကြည့်ရှုရလေ၏ ။ သတို့သမီးလည်း မင်းသမီး ထံသို့ လာရောက်ပြီးလျှင် ထိုလှပသော အင်္ကျီကို သူ့အား ရောင်းပါရန် ပြောလေ၏ ။ ထိုအခါ မင်းသမီးက “ ကျွန်မ အင်္ကျီဟာ ရောင်းဖို့ မဟုတ်ပါဘူးရှင် ။ ကျွန်မ ငွေမလို ချင်ပါဘူး ။ ဒါပေမယ့် သတို့သားရဲ့ အိပ်ခန်းဆောင်ဘေးနားမှာ ကျွန်မကို တစ်ညလုံး နေခွင့်ပေးမယ် ဆိုရင်ကျွန်မ အင်္ကျီ ကိုလည်း သတို့သမီးကို ပေးခဲ့ပါ့မယ် ” ဟု ပြန်ပြောလေ၏ ။ သတို့သမီးလည်း လှပသော အင်္ကျီကို လိုချင်လှသဖြင့် မင်းသမီး ပြောသည်ကို ခွင့်ပြုပြီးနောက် သတို့သား အိပ်ပျော်စေရန် အရက်ထဲတွင် အိပ်ဆေး အနည်းငယ် ခပ်ထည့်ပြီးလျှင် တိုက်ထားခဲ့လေ၏ ။ ညအခါ တစ်အိမ်လုံး တိတ်ဆိတ် နေသည့် အခိုက် မင်းသမီးသည် ဗုံသမား အိပ်ခန်းဆောင် နားသို့ တွားသွားပြီးလျှင် တံခါးကို အနည်းငယ် ဟပြီးနောက် ခပ်တိုးတိုး ခေါ်ကြည့်လေ၏ ။
“ ဗုံသမား ... ဗုံသမား ... ငါ့ကို မေ့ပြီလား ။ ဗုံသမား ... ဗုံသမား ... ငါ့ကို မေ့ပြီလား ”
မင်းသမီးက ဤသို့ ထပ်ကာ ထပ်ကာ နှိုးနေသော်လည်း အိပ်ဆေး သောက်မိသော ဗုံသမားသည် အိပ်ပျော်လျက်ပင် ရှိလေ၏ ။ နံနက် မိုးလင်းသောအခါ မင်းသမီးသည် အကြံ မအောင်မြင်သောကြောင့် သူ့နေရာသို့ ပြန်လာခဲ့ရလေ၏ ။
ဒုတိယနေ့ ညနေ၌ မင်းသမီးသည် သူ၏ လက်စွပ်ကလေးကို ပွတ်လှည့်ပြီးလျှင် လရောင် ကဲ့သို့ လှပသော အင်္ကျီကို တောင့်တ လိုက်လေ၏ ။ အင်္ကျီလည်း ပေါ်လာပြန်လေ၏ ။ မင်းသမီးသည် ထိုလရောင် ကဲ့သို့ လှပသော အင်္ကျီကို ဝတ်ကာ သွားရာတွင် သတို့သမီးက တောင်းပြန်သဖြင့် သတို့သား၏ အိပ်ခန်းဆောင် ဘေးနားတွင် တစ်ညလုံး နေခွင့်ရလေ၏ ။ သတို့သမီးလည်း သတို့သားကို အိပ်ပျော် နေစေရန် အရက်ထဲတွင် အိပ်ဆေး ထည့်ကာ တိုက် ထားခဲ့လေ၏ ။
တိတ်ဆိတ်သော ညအချိန်၌ မင်းသမီးသည် ဗုံသမား၏ အိပ်ခန်းဆောင် နားသို့ သွား ပြီးလျှင် တိုးတိုး ခေါ်ပြန်လေ၏ ။
“ ဗုံသမား .. ဗုံသမား ... ငါ့ကို မေ့ပြီလား ။ ဗုံသမား ... ဗုံသမား ... ငါ့ကို မေ့ပြီလား ”
မင်းသမီးက ဤသို့ ထပ်ကာ ထပ်ကာ နှိုးနေသော်လည်း အိပ်ဆေး သောက်ထားမိသော ဗုံသမားသည် အိပ်ပျော်နေလျက်ပင် ရှိလေ၏ ။ နံနက် လင်းသောအခါ မင်းသမီးသည် အကြံ မအောင်မြင်သောကြောင့် သူ့နေရာသို့ ပြန်သွားရလေ၏ ။
သို့သော် အိမ်တွင် ရှိသော အခြွေအရံ အချို့က ထူးဆန်းသော မိန်းမပျို၏ ဝမ်းနည်းစွာ ခေါ်နှိုးနေခြင်းကို ကြားသိလိုက်ကြရလေ၏ ။ ထိုအကြောင်းကို သတို့သားအား ပြန် ပြောပြလိုက်ကြလေ၏ ။ အကယ်၍သာ အိပ်ဆေး ထည့်ထားသော အရက်ကို မသောက်ဘဲ နေမည်ဆိုပါက ညအခါ၌ ထိုအကြောင်းကို သိရလိမ့်မည်ဟု သူတို့က ပြောကြ၏ ။
တတိယနေ့ ညနေ၌ မင်းသမီးသည် သူ၏ လက်စွပ်ကလေးကို ပွတ်လှည့်ပြီးလျှင် ကြယ်ပွင့်များ ကဲ့သို့ တောက်ပသော အင်္ကျီကို တောင့်တ လိုက်လေ၏ ။ အင်္ကျီလည်း ပေါ်လာလေ၏ ။ မင်းသမီးလည်း ထိုအင်္ကျီကို ဝတ်ကာ ဧည့်ခန်းဆောင်သို့ သွားပြန်ရာ သတို့သမီးက တောင်းသဖြင့် သတို့သား၏ အိပ်ခန်းဆောင် ဘေးနားတွင် တစ်ညလုံး နေခွင့်ရပြန်လေ၏ ။ ထိုည၌မူကား သတို့သားသည် အိပ်ဆေး ထည့်ထားသော အရက်ကို မသောက်ဘဲ အိပ်ရာအောက်တွင် တိတ်တဆိတ် သွန်ပစ်လိုက်လေ၏ ။
တစ်အိမ်လုံး တိတ်ဆိတ် သွားသောအခါ၌ ဗုံသမားသည် နား၌ တိုးတိုး ခေါ်နေသံကို ကြားရလေ၏ ။
“ ဗုံသမား ... ဗုံသမား ... ငါ့ကို မေ့ပြီလား ”
ထိုအသံကို ကြားရသည်နှင့် တစ်ပြိုင်နက် ဗုံသမားသည် မင်းသမီးကို ပြန်လည်၍ သတိရလာလေ၏ ။
“ အလို ... ငါဟာ ဘယ်လောက်များ သစ္စာမဲ့ခဲ့ပါလိမ့်မလဲကွယ် ။ ဒါဟာ စင်စစ်တော့ ငါ့မိဘများရဲ့ ပါးနှစ်ဖက်ကို နမ်းခဲ့မိလို့ ဖြစ်ရတဲ့ အပြစ်ပါပဲကွယ် ” ဟု ဗုံသမား ပြော ပြီးလျှင် အိပ်ရာထဲမှ ခုန်ထွက်လာခဲ့လေ၏ ။ သူသည် မင်းသမီး လက်ကို ဆွဲပြီးလျှင် သူ၏ မိဘများ ရှိရာသို့ ခေါ်သွားလေ၏ ။
“ အဖေတို့ အမေတို့ ခင်ဗျား ... ဟောဒီ မင်းသမီးဟာ ကျွန်တော့်ရဲ့ သတို့သမီး အစစ်ပါ ။ ကျွန်တော် တခြား မိန်းမ တစ်ယောက်နဲ့ လက်ထပ်မယ်ဆိုရင် သူ့ကို သစ္စာဖောက်ရာ ကျပါလိမ့်မယ် ” ဟု ပြောပြီးနောက် ဗုံသမားနှင့် မင်းသမီးတို့၏ လက်ထပ်ပွဲကို နောက်ထပ် ကျင်းပလေ၏ ။
ပထမသတို့သမီးမှာ ဗုံသမားနှင့် လက်မထပ်ရ သော်လည်း လှပသော အင်္ကျီ သုံးထည်ကို ရရှိသည့်အတွက် ကျေနပ်စွာ ခွင့်ပြုလိုက်လေတော့သည် ။
( ဘာသာပြန် )
〇 နုယဉ်
📖ရှုမဝ မဂ္ဂဇင်း
၁၉၅၈ ၊ ဖေဖော်ဝါရီ
No comments:
Post a Comment