❝ သိုးကျောင်းသား နှင့် မာဂဓဘာသာ ❞
( ပုံပြင် )
ကြွယ်ဝချမ်းသာသောလယ်သမား တစ်ဦး၌ နှစ်ပေါင်းများစွာက လုပ်ကိုင်လာခဲ့သော အလွန် ရိုးသား သစ္စာရှိသည့် သိုးကျောင်းသားတစ်ယောက် ရှိလေ၏ ။
တစ်နေ့သ၌ သိုးကျောင်းသားသည် သူ၏ သိုးများ၏ စားကျက်တွင် ကျောင်းနေစဉ် တရှီရှီ မြည်နေသော အသံ တစ်ခု ကြားရလေ၏ ။ သူသည် ဘာအသံများ ဖြစ်ပါလိမ့်ဟု သိလို၍ ရှေ့သို့ တိုးသွားရာ တောမီးလောင် သဖြင့် ဒုက္ခ တွေ့နေသော မြွေတစ်ကောင်ကို တွေ့ရလေ၏ ။ သူသည် မြွေကို သနားလာသဖြင့် ဝါးတစ်ချောင်းကို ယူပြီးလျှင် မြွေရှိရာသို့ တန်းပေးလိုက်၏ ။ ထိုအခါ မြွေသည် ဝါးကို တွယ်ပြီးလျှင် သိုးကျောင်းသား၏ လက်ပေါ်မှ တစ်ဖန် လည်ပင်းတွင် ရောက်ကာ ရစ်ပတ်ထားတော့သည် ။ သိုးကျောင်းသားက ကြောက်လန့်သဖြင့် “ အလို ... သင့် အသက်ကို ရှင်စေချင်လို့ ကယ်လိုက်တာ ။ အခု သင်က ငါ့ကို ရစ်ပြီး သတ်တော့မလို့လား ” ဟု အော်၍ ပြောလိုက်လေ၏ ။ မြွေက သိုးကျောင်းသား ကြောက်လန့်မှန်း သိ၍ “ မကြောက်ပါနဲ့ ခင်ဗျာ ။ ကျုပ် ခင်ဗျားကို မသ,တ်ပါဘူး ။ ကျေးဇူးတောင် တင်ပါသေးတယ် ။ ဒါကြောင့် ကျေးဇူးဆပ်ပါရစေ ။ ကျုပ်ဟာ ရိုးရိုးမြွေ မဟုတ်ပါဘူး ။ မြွေမင်းရဲ့ သားပါ ။ ခင်ဗျား ကျုပ်အဖေ မြွေမင်းရှိတဲ့ မြွေတိုင်းပြည်ကို လိုက်ခဲ့ပါ ” ဟု ဖိတ်ခေါ်လေ၏ ။
သိုးကျောင်းသားက “ ဟာ ... မလိုက်နိုင်ပါဘူးဗျာ ။ ကျုပ်သိုးတွေ ဒီလို ထားပစ်ခဲ့ရင် ပျောက်ကုန်ပါလိမ့်မယ် ” ဟုငြင်းဆိုလိုက်သည် ။မြွေက “ လိုက်သာ လိုက်ခဲ့ပါလေ ။ မပျောက်စေရပါဘူး ။ စိတ်သာချပါ ။ ဒါနဲ့ ကျုပ် တစ်ခု မှာထားမယ် ။ ဟိုကျရင် ကျုပ်အဖေ ရှင်ဘုရင်က ခင်ဗျားကို ကျေးဇူးတင်ပြီး ရွှေတွေ ၊ ငွေတွေ ပေးလိမ့်မယ် ။ အဲဒါတွေကို ခင်ဗျား မယူလေနဲ့ ။ ကျုပ် အဖေဟာ တိရစ္ဆာန်တွေ ပြောတဲ့ မာဂဓဘာသာကို နားလည်အောင် လုပ်ပေးနိုင်တဲ့ အစွမ်းရှိတယ် ။ ခင်ဗျား သူ့ဆီက ဘာတစ်ခုမှ မယူဘဲ မာဂဓဘာသာ နားလည်တဲ့ ပညာကိုသာ တောင်းပါ ” ဟု ပြောနှင့်လေ၏ ။
မြွေနန်းတော်သို့ ရောက်သောအခါ မြွေမင်းက သူ့သား၏ အသက်ကို ကယ်သဖြင့် ကျေးဇူးဆပ်သော အားဖြင့် ရွှေငွေပစ္စည်း များစွာကို စုပုံ၍ ပေးလေ၏ ။ သိုးကျောင်းသားက “ ကျွန်တော် ရွှေတွေ ၊ ငွေတွေ မလိုချင်ပါဘူး ခင်ဗျာ ။ မာဂဓစကား နားလည်တဲ့ ပညာပဲ လိုချင်ပါ တယ် ” ဟု ပြန်ပြောလေ၏ ။ မြွေမင်းကလည်း “ အသင်လူသား မာဂဓစကားကို နားမလည်ချင်လေနဲ့ ။ နားလည်ရင် ကိုယ် တစ်ယောက်ပဲ နားလည်နိုင်မယ် ။ သူတစ်ပါးကို ပြန်ပြောပြတာနဲ့ တစ်ပြိုင်နက် အသက်သေသွားလိမ့်မယ် ” ဟု တားမြစ်လေ၏ ။
သိုးကျောင်းသားကလည်း “ ကိစ္စမရှိပါဘူး ခင်ဗျာ ။ မာဂဓစကား ကိုသာ နားလည်ရပါစေ ။ မည်သူ့ကိုမှလည်း ပြန်မပြောပါဘူး ။ တခြား ပစ္စည်းတွေကိုတော့ မယူပါရစေနဲ့ ” ဟု ငြင်းပြန်သဖြင့် မြွေမင်းလည်း မာဂဓစကားကို နားလည်စေရန် ပြုလုပ် ပေးလိုက်လေ၏ ။ သူသည် မြွေတိုင်းပြည်မှ ပြန်လာသောအခါ စားကျက်တွင် ထားပစ်ခဲ့သော သိုးများမှာ တစ်ကောင်မျှ မပျောက်ဘဲ ရှိမြဲအတိုင်း ပြန်တွေ့ရလေ၏ ။ သူလည်း မောမော ရှိလာသည်နှင့် သစ်ပင်ရိပ်တစ်ခုတွင် လှဲကာ အမောဖြေနေလေ၏ ။
ထိုအခိုက် သစ်ကိုင်း ပေါ်တွင် တောကျီးအ အဖိုအမ လာနားကြလေ၏ ။ ကျီးဖိုက ကျီးမအား “ ဟေ့ ... ရှင်မ ၊ ဟောဒီလူ အိပ်နေတဲ့ မြေအောက်မှာ ရွှေအိုးတစ်လုံး ရှိတယ် ။ သူ သိမှာ မဟုတ်ဘူး ။ သူသာ တူးယူနိုင်ရင် တစ်ခါထဲ ချမ်းသာ သွားမှာပဲကွယ် ” ဟု ပြောနေသည်ကို သိုးကျောင်းသား ကြားလိုက်ရလေ၏ ။
သူသည် လှဲနေရာမှ ကပျာကယာ ထပြီးလျှင် သိုးများကိုစုကာ လယ်တောသို့ ပြန်သွားပြီးလျှင် လူငှား အဖော်များကို ခေါ်ယူကာ ရွှေအိုးကို တူးယူခဲ့လေ၏ ။ သူသည် ရွှေအိုးကို လယ်သမားကြီးအား ပေးလိုက်လေ၏ ။ လယ်သမားကြီး ကလည်း ရွှေအိုး ပေးလာသည်ကို တစ်ဝက်မျှသာ ယူပြီးလျှင် ကျန်တစ်ဝက်ကို သိုးကျောင်းသားအား ခွဲပေးပြီးလျှင် “ ငါ့တပည့် ဒီနေ့ကစပြီး သိုး မကျောင်းနဲ့တော့ လယ်မြေများ ဝယ်ပြီး ကိုယ့်အလုပ် ကိုယ် လုပ်ပေတော့ ။ ပြီးတော့ သင့်တော်မည့် မိန်းမ တစ်ယောက် ကိုလည်း ရှာယူပါ ” ဟုပြောသဖြင့် သိုးကျောင်းသားသည် လယ်များဝယ်ကာ သင့်တော်သော မိန်းမတစ်ယောက်နှင့် အိမ်ထောင်ပြုလိုက်လေ၏ ။ သူသည် သိုးကျောင်းသား မဟုတ်တော့ဘဲ လယ်သမား ဖြစ်သွားလေ၏ ။ လယ်သမားသည် သူ၏တပည့် လုပ်သားများကို အလွန် ချစ်ခင်လေသည် ။ တစ်နေ့သ၌ ခရစ္စမတ်ပွဲတော် နီးလာပြီ ဖြစ်သဖြင့် သူ၏ မယားအား တပည့်လုပ်သားများကို ကျွေးမွေးရန် ဝိုင်နှင့် စားစရာများကို စီမံခိုင်းလေ၏ ။ သူသည် တပည့်များအား အကျွေးအမွေးဖြင့် ပြုစုနေသည့်အခိုက် တပည့်များ ကျောင်းရသည့် သိုးများကို သူကိုယ်တိုင် သွား၍ ကျောင်းနေလေသည် ။ ည သန်းခေါင်အချိန် ရောက်သောအခါ တောတွင်းမှ ဝံပုလွေများ ထွက်လာပြီးလျှင် သိုးများကို ဆွဲမည်ပြုကြ၏ ။ ဝံပုလွေများက လယ်သမား၏ ခွေးများသို့ ... “ ဟေ့ ... မိတ်ဆွေတို့ ။ မင်းတို့ ဆီက သိုးတွေကို ငါတို့ စားရအောင် လာခဲ့တယ် ။ ဘယ့်နှယ့် စားရမယ် မဟုတ်လား ” ဟု ပြောသည်ကို ခွေးများ ကလည်း “ အေး .. ကောင်းတယ် ... ကောင်းတယ် ။ ဒါမှ ကျုပ်တို့လည်း ကူပြီး စားကြသောက်ကြရမှာပဲ ။ ကျုပ်တို့ချည်းပဲတော့ မစားဝံ့ကြဘူးဗျာ ။ သခင်ကို ကြောက်ရတယ် ” ဟု ပြန်ပြောကြ၏ ။ ခွေးများတွင် အစွယ် နှစ်ချောင်းသာ ကျန်ရှိ၍ အိုမင်းလှပြီ ဖြစ်သော ခွေးအိုကြီး တစ်ကောင်ကမူ “ ဟေ့ကောင်တွေ မင်းတို့ဟာ သစ္စာမရှိကြဘူး ။ ဘယ့်နှယ့် ကိုယ် စောင့်ရတဲ့ သိုးတွေကို ကိုယ် ပြန်စားရမှာလဲ ။ ဟော ... ဒီမှာ ငါ့ကို ကြည့်ကြစမ်း ။ ငါဟာ သခင့်အကျိုးကို ဆောင်ရွက်လာတာ အစွယ် နှစ်ချောင်းပဲ ကျန်တော့တယ် ။ မင်းတို့ ငါ့လို သစ္စာ ရှိရင်ရှိ ၊ မရှိရင် မင်းတို့အကြောင်း သခင့်ကို အခုနှိုးပြီး ပြောလိုက်မယ် ။ သခင့်သိုးတွေ ကိုတော့ ထိတောင် မထိကြလေနဲ့ ” ဟု ဝင်ပြောလိုက်သောကြောင့် ဝံပုလွေများလည်း ကြောက်ရွံ့စွာဖြင့် တောထဲသို့ ပြန်ပြေးကြရ၏ ။
ထိုအဖြစ်အပျက်ကို အိပ်နေသော လယ်သမား ကြားသိလိုက်ရလေ၏ ။ မနက် မိုးလင်းသောအခါ လယ်သမားက တပည့်များအား သူ၏ ခွေးအိုကြီးမှ အပ ကျန် ခွေးအားလုံးကို သ,တ်ပစ်ခိုင်းလိုက်လေ၏ ။ ထို့နောက် လယ်သမားသည် မြင်းထီးကို စီးလျက် သူ၏ မယားကိုမူ မြင်းမကို စီးစေလျက် အိမ်သို့ ပြန်လာခဲ့လေသည် ။ ဤသို့ သူတို့ ပြန်လာကြရာတွင် လမ်းခရီး၌ မြင်းမက နောက်မှနေ၍ မီအောင် မလိုက်နိုင်သဖြင့် မြင်းထီးက “ ဘယ့်နှယ် ရှင်မ ခြေလှမ်း နှေးလှချည်လား ။ ခပ်မြန်မြန် လျှောက်မှပေါ့ ” ဟု ပြောသောအခါ မြင်းမ က “ အို ... တော် ဘာမှ မသိပါဘူးတော် ။ ကျုပ်ပေါ်မှာ စီးလာတဲ့သူဟာ မိန်မတော့ ။ ရှင့်မှာတော့ ယောက်ျား တစ်ယောက်ကို တင်ခေါ်လာရတော့ ကျုပ်လို မဟုတ်ဘူး ။ မိန်းမဆိုတာ အိမ်ထောင်ကို သူတို့သာ အုပ်ချုပ်စီမံနေကြတာ ။ ဒါကြောင့် ကျုပ်လည်း မိန်းမအကြိုက် ခပ်ဖြည်းဖြည်းနှေးနှေး လျှောက်လာရတာပါ ” ဟု ပြန်ပြောလိုက်လေ၏ ။
မြင်းထီးနှင့် မြင်းမ ပြောကြသည့် စကားကို နားလည်သော လယ်သမားသည် သဘောကျလှသဖြင့် ကျယ်လောင်စွာရယ်လိုက်လေ၏ ။ ထိုအခါ သူ၏ မယားက နောက်မှနေ၍ “ အလို ... မောင်မင်း ... ရယ်သံ ပြင်းလှချည့်လား ဘာကို မြင်လို့ ရယ်ပါလဲ ” ဟု မေး လိုက်လေ၏ ။ လယ်သမားကလည်း ပြန်ပြောရမှာ ခက်နေ၍ “ အို ... ဘာမှ မဟုတ်ပါဘူး ရှင်မရယ် ။ ငါ့ဘာသာငါ ရယ်ချင်စိတ် ဖြစ်လာလို့ ရယ်လိုက်မိတာပါ ” ဟု ပြန်ပြောလေ၏ ။
သူ့မယား စိတ်ထဲတွင်မူ ထိုသို့ ပြန် ပြောလိုက်သည်ကို မကျေနပ်ပေ ။ ထို့နောက် အိမ်သို့ ရောက်သော အခါ၌လည်း လယ်သမား ဘာကြောင့် ရယ်သနည်းဟု သူ့မယားက မေးမြန်းလေသည် ။ ထိုအခါ လယ်သမားက “ ဟေ့ ... ရှင်မ ။ ငါ့မှာ ရယ်စရာရှိလို့ ရယ်တာပေါ့ကွယ် ။ ဒါကို မင်းမသိချင်ပါနဲ့ ။ ငါရယ်တဲ့ အကြောင်း မင်းကို ပြန်ပြောပြရင် ငါသေရပါလိမ့်မယ် ” ဟုတောင်းပန်လေ၏ ။
ထိုသို့ တောင်းပန်သော်လည်း သူ့မယားက မယုံကြည်ဘဲ မျက်နှာ မသာမယာ ဖြစ်နေ လေ၏ ။ ကြာသော် လယ်သမား စိတ်ညစ်လာလေ၏ ။ သူ့မယားကို သူရယ်မိသည့် အကြောင်းကို ပြောမှပင် ဖြစ်လေတော့မည်ဟု စိတ်ဆုံးဖြတ်ကာ သူ့တပည့်ကို ခေါ်၍ သူသေလျှင် အဆင်သင့်ဖြစ်ရန် တလား တစ်ခုပြုလုပ်ခိုင်းလေ၏ ။ တလား လုပ်ပြီးသောအခါ လယ်သမားက ကဲ ... ရှင်မ ။ ကျုပ် ရယ်ရတဲ့ အကြောင်းကို ပြောပြီးတာနဲ့ တစ်ပြိုင်နက် ကျုပ် သေမှာ အမှန်ပဲ ။ ကဲ ... ကျုပ် ဟောဒီ တလားထဲမှာ ဝင်အိပ်ပြီး ပြောရပါတော့မယ် ” ဟုပြောကာ သူကိုယ်တိုင် တလား ထဲတွင်ဝင်၍ အိပ်လိုက်လေ၏ ။
ထိုအခိုက် ခပ်ဝေးဝေး ဆီမှ သူ၏ သစ္စာရှိသော ခွေးအိုကြီး ပြေးလာလျက် ရှိလေ၏ ။ ခွေးအိုကြီးသည် သူ့သခင် အနီးသို့ ရောက်သောအခါ အလွန် မောပန်းကာ စကားပင် မပြောနိုင် ဖြစ်နေလေ၏ ။ ထိုအရာကို မြင်သော လယ်သမားက တလားတွင်းမှ နေ၍ “ ဟေ့ ... ရှင်မ ... ခွေးအိုကြီး မောလာတယ်ကွယ် ။ အစာဆာလို့ ထင်ပါရဲ့ ။ ပေါင်မုန့်နည်းနည်း ကျွေးလိုက်ပါ ” ဟု ခိုင်း၍ သူ့မယားက ပေါင်မုန့်ယူ၍ ကျွေးလေ၏ ။
ခွေးအိုကြီးလည်း အလွန် မောနေသောကြောင့် အစာ မစားနိုင်ဘဲ ဖြစ်နေစဉ် သူ့ကို ချကျွေးထားသော ပေါင်မုန့်ကို ကြက်ဖ တစ်ကောင်က လာ၍ ကောက်စားလေ၏ ။ ထိုအခါ ခွေး အိုကြီးက စိတ်ဆိုးလာပြီးလျှင် “ ဟဲ့ ... ကြက်ဖ ။ နင်ဟာ အစာစားဖို့ပဲ သိတယ် ။ တယ်မိုက်ပါ ကလား ။ အခု ငါ့သခင် သူ့မယားကို စကား ပြောပြီးရင် သေတော့မယ် ။ ဒါကြောင့် ငါလည်း စိတ်မကောင်းလို့ အစာ မစားနိုင်ဘူး ” ဟု ငေါက်လိုက်လေ၏ ။
ကြက်ဖကလည်း “ အံမာ ... နင့်သခင်သာ မိုက်တာဟဲ့ ။ ငါ မမိုက်ဘူး ။ ဟော ... ငါ့မှာ ကြက်မ တစ်ရာကျော်လောက် ရှိတယ် ။ သူတို့ကို ငါ မကြောက်ပါဘူး ။ သူတို့ဟာ အမတွေပဲ ။ ငါ့စိတ်နဲ့ မတွေ့ရင် တစ်ခါထဲ လျှောက်ဆိတ်ပစ်တာပဲ ။ သူတို့ကသာ ငါ့ကို ကြောက်ရတယ် ။ အခု နင့်သခင်က မိန်းမ တစ်ယောက်ထဲ ရှိတာတောင်မှ တယ်ပြီး ကြောက်နေရပါကလား ။ ဒီလိုဆိုရင် သေတာပဲ အေးပါတယ်ကွာ ” ဟု ပြန်ပြောလိုက်လေ၏ ။
သူတို့ ပြောစကားများကို ကြားရသော လယ်သမားကြီးသည် မာဂဓစကားကို နား လည်သည့်အလျောက် သူ့မိန်းမကို ကြောက်ရမှာ ရှက်ရွံ့လာလေတော့သည် ။ ထို့ကြောင့် သူသည် တလားထဲမှ ရုတ်တရက် ထလာပြီးနောက် သူ့မယားအား အိမ်ထဲသို့ ခေါ်၍ “ ဟေ့ ... လာစမ်း ရှင်မ ။ ငါ ရယ်ရတဲ့ အကြောင်းက ဟောဒါပဲ ” ဟု ပြောကာ တုတ်ဖြင့် အကြိမ်များစွာ ရိုက်နှက်နေလေတော့သတည်း ။
( ဘာသာပြန် )
〇 နုယဉ်
📖ရှုမဝ မဂ္ဂဇင်း
၁၉၅၇ ၊ ဒီဇင်ဘာ
No comments:
Post a Comment