Tuesday, September 16, 2025

ဦးလေးကျားဘညိမ်း


 

❝ ဦးလေးကျားဘညိမ်း ❞
        ( ဖိုးသံ - လူထု )

၂၀၁၄ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှာ ကျွန်တော်ဖခင် ဦးကျားဘညိမ်း ကွယ်လွန်ခဲ့တာ ၃၅ နှစ်ပြည့်မှာ ဖြစ်ပါတယ် ။ အဖေ ကွယ်လွန်ခြင်း ၃၅ နှစ်ပြည့်နဲ့ တိုက်ဆိုင်စွာ ရေးသားပေးပို့လာတဲ့ ဆရာ ဖိုးသံ ( လူထု ) ကို လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ် ။
               ▣  ဝင်းငြိမ်း

တစ်ခါက အမေ ရေးဖူးပါတယ် ။ ရွှေမန်းတင်မောင်စာအုပ် အမှာစာမှာလား ၊ ဘယ်မှာလဲ မမှတ်မိပါ ။ အဲဒါက ဦးလေး ကျားဘညိမ်း က အမေ့ကို သူ့ ( ဦးလေးကျားဘညိမ်း ) အကြောင်း အတင်း ရေးခိုင်းတယ် ဆိုတဲ့အကြောင်းပါ ။ အမေက “ ကိုဘညိမ်းနှယ် လူကြီးငုတ်တုတ် ရှိနေလျက်နဲ့ အရေးခိုင်းတာ ကျွန်မက ဘယ်လို ရေးရမှာလဲ ” ဆိုတဲ့ သဘောမျိုး ရေးပြပါတယ် ။ ဟုတ်ပါတယ် ၊ အမေ့ရဲ့ ပြည်သူချစ်သော အနုပညာသည် စာအုပ်က အရမ်း အောင်မြင်သွားတော့ ဦးလေးကျားဘညိမ်း က အမေ့ကို လူရင်းပီပီ အတင်းလာ အပူကပ်တာ ဖြစ်ပါတယ် ။ ပြန်ပြောရရင် အဲဒီတုန်းက ကျွန်တော်တို့ လူထုသတင်းစာ ထွက်နေတုန်းဖြစ်ပြီး ကျွန်တော်လည်း အမေ့အနားမှာ ရှိနေပါတယ် ။

ဦးလေးကျားဘညိမ်း က မမမာ လုပ်ပါဗျ ၊ ရေးပါဗျ လို့ မောင်တစ်ယောက်က အစ်မတစ်ယောက်ကို ပူဆာသလို ပြောတာ ပြန်တောင် ကြားယောင်မိပါတယ် ။ ဒါ့အပြင် သူက သူ့ဓာတ်ပုံအယ်လ်ဘမ်ကြီး နှစ်အုပ် ၊ သုံးအုပ်လည်း ယူလာပါတယ် ။ အဲဒီအထဲက တစ်အုပ်က အဖုံးမှာ ကျားရုပ်ကြီးတွေနဲ့ အင်မတန် လှပါတယ် ။ သူ နိုင်ငံခြားက ( ရောမ က ထင်ပါတယ် ) ဝယ်လာတဲ့ ၊ ပြည်တွင်းမှာ ဝယ်မရတဲ့ မြန်မာနိုင်ငံမှာ အဲဒီခေတ်က ရှားရှားပါးပါး အယ်လ်ဘမ်ကြီးမျိုး ဖြစ်ပါတယ် ။ အထဲမှာ သူ့ဓာတ်ပုံတွေချည်းပါ ။ ရာခိုင်နှုန်း ၉ဝ လောက်ဟာ သူ့လက်ဝှေ့ သက်တမ်းထဲက သမိုင်းဝင်ပုံတွေ ဖြစ်ပါတယ် ။ ကျွန်တော် တွေ့ဖူးတာတွေလည်း ပါ ၊ မတွေ့ဖူးတာတွေလည်း ပါပါတယ် ။

အဲဒါ ဦးလေးကျားဘညိမ်း နဲ့ ကျွန်တော့်အမေ အကြောင်းပါ ။ တစ်လောကတော့ အင်တာနက် ပေါ်မှာ ဦးလေးကျားဘညိမ်း ရဲ့ သားတစ်ယောက်နဲ့ ဆက်သွယ်မိတော့ ကျွန်တော်က သူ့အဖေ ဦးလေးကျားဘညိမ်းဟာ ကျွန်တော့်ရဲ့ ငယ်ငယ်က ဟီးရိုး ဖြစ်တဲ့အကြောင်း စကားစပ်မိသွားပါတယ် ။ အဲဒီအခါမှာ သူက ကျွန်တော့်ကို သူ့ အဖေအကြောင်း ရေးပါလို့ တိုက်တွန်းပါတယ် ။ အင်တာနက်ပေါ်မှာမို့ ကျွန်တော် ပြုံးမိတာကို သူ မြင်မှာ မဟုတ်ပါဘူး ။ ကျွန်တော်က ကြိုးစားကြည့်ပါမယ်လို့သာ မတင်မကျ ပြန်ပြောလိုက်တယ် ထင်ပါတယ် ။ ကျွန်တော့်မိဘတွေသာ ရှိနေရင် ဘယ်လို ပြောမလဲ ။ ကျွန်တော့် အဖေနဲ့အမေတို့ တပြုံးပြုံး ပြောနေကြမှာ မြင်ယောင်မိပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ နံပါတ်တစ် - ဦးလေးကျားဘညိမ်း ဟာ ကျွန်တော်တို့ အိမ်သား တစ်ယောက်လို ဖြစ်နေလို့ပါ ။

ကျောင်းစာ မဟုတ်တဲ့အထဲက ကျွန်တော့် ဘဝမှာ အစောဆုံး ၊ အများဆုံး ဖတ်တဲ့ စာတွေဟာ ဆရာကြီးရွှေဥဒေါင်း ၊ ဆရာကြီး ဒဂုန်ရွှေမျှား နဲ့ ဦးလေး ကျားဘညိမ်းတို့ရဲ့ စာတွေ ဖြစ်ပါတယ် ။ ဦးလေး ကျားဘညိမ်း ဟာ အဲဒီတုန်းက လူထုဂျာနယ်ရဲ့ ပင်တိုင်အားကစား ( လက်ဝှေ့ ) ဆောင်းပါးရှင် ဖြစ်ပါတယ် ။ သူရေးတဲ့ အထဲက “ ကျွန်တော် ညံ့သလား ” ဆိုတဲ့ ဆောင်းပါးမျိုးဆိုရင် အခုတောင် ပြန်မှတ်မိနေပါသေးတယ် ။

ဦးလေးကျားဘညိမ်း ရဲ့ အစ်ကို ဦးဘသိန်း ( စာရေးဆရာချစ်ညို ) ဟာ လူထုသတင်းစာ ထောင်ခါစ ကတည်းက အယ်ဒီတာအဖွဲ့ဝင်ပါ ။ ဒါကြောင့် ဦးလေးကျားဘညိမ်း နဲ့ လူထုတိုက် ဟာ ခွဲမရအောင် ရင်းနှီးခဲ့ပါတယ် ။ ကွမ်းတမြုံ့မြို့ ၊ အပြုံးတဝေဝေနဲ့ အာဝဇ္ဇန်း ရွှင်လှတဲ့ ဦးလေး ကျားဘညိမ်း မို့ ဝင်လာပြီ ဆိုရင် လူထုတိုက် ထဲရှိ စားပွဲတိုင်း က သူ့ကို ကြိုဆိုကြပါတယ် ။ သူ့အပြော ၊ သူ့ဟာသတွေဟာ ဖြူစင်အပြစ် ကင်းပြီး ဝိုင်းတိုင်း ပွဲကျစေတဲ့ သူ့အတွေ့အကြုံတွေပါ ။ အဲတော့ သူက တစ်ဝိုင်း ပြီး တစ်ဝိုင်း ကူးပြီး တပြုံးပြုံးနဲ့ ပြောပြပါတယ် ။ ကျွန်တော့် မိဘများရဲ့ စားပွဲတွေ အပါအဝင်ပါ ။ သဘာဝကျစွာပဲ သူ့ဟာသကို ရယ်ကြတယ် ဆိုရင် သူလည်း ပျော်တာပေါ့ ။ ဒါကြောင့်လည်း သူ့မိတ်ဆွေတွေဟာ မကြာခဏပဲ “ ကိုဘညိမ်းလေ မိနေလို့ နောက်ကျသွား တယ် ” ဆိုတဲ့ အဖြစ်နဲ့ ကြုံကြရပါတယ် ။

သူ့ကို စကားဝိုင်းတွေက ကြိုဆိုကြတဲ့ အကြောင်းရင်းတွေ ထဲမှာ တစ်ခု ကတော့ စကားပြောလည်း ကောင်း ( ဒါကြောင့် စာရေးလည်း ကောင်း ) ၊ အတွေ့အကြုံတွေလည်း ကြွယ်ဝပါတယ် ။ နောက်ပြီး သူ့ကို ငယ်ကတည်းက ကျွန်တော် သတိထားမိ ၊ သဘောကျမိတဲ့ အချက် တစ်ချက်က စာဖတ်တာပါ ။ အားကစားသမား တော်တော်များများဟာ စာဖတ်ဝါသနာ မပါလှပါဘူး ။ ဒါပေမဲ့ သူက ဖတ်တယ် ၊ ဖတ်တာမှ ဗမာစာအုပ် ရော ၊ အင်္ဂလိပ်စာအုပ် ရော ကို ဖတ်ပါ တယ် ။ သူလာရင် သူ့လက်ထဲမှာ အမေရိကန်က ထုတ်တဲ့ ကြိုးဝိုင်း မဂ္ဂဇင်း ( The Ring magazine ) နှစ်အုပ် ၊ သုံးအုပ် အမြဲလိုလို ပါလာပါတယ် ။ ကျွန်တော်တို့က သူ့ဆီက တောင်းပြီး အရုပ်ကြည့်ကြပါတယ် ။ ဓာတ်ပုံစာ လောက်တော့ ဖတ်တတ်ပါတယ် ။ အင်တာနက်ခေတ် နဲ့ အများကြီး လှမ်းသေးတဲ့ အဲဒီခေတ်မှာ ဦးလေး ကျားဘညိမ်း ဟာ အားကစား အထူးသဖြင့် လက်ဝှေ့သတင်း အပြည့်အစုံဆုံး သိရှိနေတဲ့လူတစ်ယောက်ဆိုရင် မမှားပါဘူး ။ သူ အဲဒီလို စာတွေဖတ်လို့လည်း သူက လက်ဝှေ့ပွဲတစ်ပွဲ အကြောင်း ရေးတယ်ဆိုရင် သူ သုံးသပ်ပြပုံတွေဟာ နည်းစနစ် အရရော ၊ သတင်း ပေးပို့တဲ့ နည်းနာအရရော အဆင့်မြင့်လှပါတယ် ။

ကျွန်တော့်ကို တွေ့ရင်တော့ သူက တစ်မျိုးပါ ။ သူက “ ဖိုးသံချောင်း ထိုးစမ်းကွာ ” ဆိုပြီး သူ့ခါးကို ကိုင်း ၊ သူ့မျက်နှာကို ရှေ့ထိုးပေးပြီး သူ့ကို ထိအောင် ထိုးခိုင်းပါတယ် ။ ကျွန်တော် ကလည်း သူ သင်ပေးထားတဲ့ အတိုင်း ခြေခင်း လက်ထားကို ပုံစံကျကျ ဘယ်လက် ညာခြေ ရှေ့ထုတ်ပြီး သူ့ကို လိုက်ထိုးပါ တယ် ။ သူက တပြုံးပြုံးနဲ့ ရှောင်တိမ်း ပြီး အဆုံးမှာ “ မင်း ငါ့ဆောင်းပါးဖတ် ပြီးပြီလား ” ဆိုတဲ့ စကားမျိုးနဲ့ တူဝရီးနှစ်ယောက်ရဲ့လက်ဝှေ့ပွဲဟာ ပြီးဆုံးသွားတတ်ပါတယ် ။

လက်ဝှေ့အကြောင်း ပြောမယ်ဆိုရင် အဲဒီခေတ်က မြန်မာနိုင်ငံသားတွေရဲ့ အမျိုးသားရေးလှုပ်ရှားမှုနဲ့ ဆက်နေတယ်လို့ ပြောရမှာပါ ။ အပြောက ကြီးကျယ်လှချေကလားလို့ ဆိုလာရင်လည်း အမှန်ပဲဗျလို့ အစချီပြီး ရှင်းပြရမယ် ထင်ပါတယ် ။ သိမီသူများ မှတ်မိကြမလား မသိပါဘူး ။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခါနီးနဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးခါစ ကာလတွေတုန်းက မြန်မာနိုင်ငံမှာ ခေတ်အစားဆုံး အားကစားနည်း ၊ နိုင်ငံတကာပြိုင်ပွဲတွေမှာ မြန်မာနိုင်ငံသားတွေ အအောင်မြင်ဆုံး အားကစားနည်းဟာ လက်ဝှေ့နဲ့ အလေးမတို့ ဖြစ်ပါတယ် ။ အိုလံပစ်ကို လွှတ်တယ်ဆိုရင် ဒီနှစ်မျိုးက ကစားသမားတွေ အများဆုံး ဖြစ်ပါတယ် ။ ဒါဟာ အကြောင်းမဲ့ တိုက်ဆိုင်မှု မဟုတ်ပါဘူး ။

မြန်မာနိုင်ငံသားတွေဟာ သူ့ကျွန် ဖြစ်ရတော့မှ အနောက်တိုင်းက အားစားတွေကို ထိတွေ့ ၊ မြင်ဖူးရတာပါ ။ ဒီတော့ ဓမ္မတာပဲ ဒီအားကစားနည်းတွေမှာ အဖြူတွေ ၊ အနောက်တိုင်းသားတွေနဲ့ ယှဉ်ပြိုင်တယ် ဆိုတိုင်း ကိုယ်ချည်း ရှုံး ၊ သူတို့ချည်း နိုင် ဆိုသလို ဖြစ်နေခဲ့ပါတယ် ။ သာမန်လူ တစ်ယောက်အနေနဲ့ စဉ်းစားလိုက်ရင် အဲဒီတုန်းက မြန်မာနိုင်ငံသားတွေ အနေနဲ့ ကိုလိုနီ လာပြုသူတွေကို သူတို့သယ်ဆောင်လာတဲ့ အားကစားမှာ နိုင်ရတာလောက် အရသာ ရှိတာ မရှိဘူးလို့ မြင်မှာပါပဲ ။ အထူးသဖြင့် လက်ဝှေ့လို ဟာပါ ။ ကိုယ်ထိလက်ရောက် ပြန် ဆုံးမ ၊ လက်စားချေရတယ်လို့ အဓိပ္ပာယ် ရောက်တယ် မဟုတ်ပါလား ။ အဲဒီလို ဖြစ်လာအောင် မန္တလေးက အမျိုးသားကျောင်းမှာ ဆရာကြီး ဦးရာဇာတ် က ကျောင်းသားတွေကို မွေးမြူလေ့ကျင့် ပေးခဲ့ပါတယ် ။ ဦးလေး ကျားဘညိမ်း ဟာ အဲဒီ အထဲက အအောင်မြင်ဆုံး တစ်ယောက် ဖြစ်ပါတယ် ။ ပြည်တွင်းပြည်ပ လက်ဝှေ့ပွဲတွေမှာ ရရှိခဲ့တဲ့ သူ့ရဲ့အောင်မြင်မှုတွေ အပြင် မန္တလေးတောင်ဘက် အမရပူရမြို့နယ် အတွင်းက ဘုံးအိုးရွာကြီး မှာ မျက်နှာဖြူလက်ဝှေ့သမား အပေါ် အနိုင်ယူလိုက်တာ စတဲ့ ပုံပြင်သဖွယ် သူ့ ဇာတ်လမ်းတွေဟာ သူ့ကျွန် ဖြစ်နေရတဲ့ မြန်မာနိုင်ငံသားတွေကို အားတက်အာသာပြေ စေတာ အမှန်ပါပဲ ။

နောက်ပြီး ဒေသစွဲဆန်ဆန် စွဲလမ်း သူတွေ မပြော မဖြစ်တဲ့ ကိစ္စလေးတစ်ခုလည်း ရှိပါသေးတယ် ။ အဲဒါကတော့ လက်ဝှေ့လောကမှာ မန္တလေးသားတွေ လက်မ ထောင်နိုင်အောင် သူ စွမ်းဆောင် ခဲ့တာတွေပါ ။ ဟိုတစ်ခေတ်က တချို့ မန္တလေးသားတွေရဲ့ စိတ်ထဲမှာ ရန်ကုန် နဲ့ ပခုံးချင်းပြိုင်ချင်တဲ့ စိတ်ဓာတ်လေးတွေ ရှိတယ်လို့ ထင်ပါတယ် ။ မန္တလေး က မင်းနေပြည် ဖြစ်ခဲ့ဖူးတော့ ရွှေထီးဆောင်းခဲ့တဲ့ နေ့ရက်တွေကို ပြန်သတိရကြတာဟာ မဆန်းဘူးလို့လည်း ပြောနိုင်ပါတယ် ။ အဲဒီလို ကာလမှာ ကျားဘညိမ်း နဲ့ သူ့ ခေတ်ပြိုင်တွေ ၊ သူမွေးထုတ်ခဲ့တဲ့ ရွှေကျားလက်ဝှေ့အသင်း က လက်ဝှေ့ကျော်တွေဟာ ရန်ကုန် က လက်ဝှေ့ကျော်တွေကို ယှဉ်နိုင်ရုံသာမက အနိုင် ထိုးသတ်နိုင်ခဲ့တာတွေ ရှိတဲ့ အတွက် မန္တလေးရဲ့ ဂုဏ်ဆောင်တဲ့ လူတွေလို့လည်း မန္တလေးသားတွေက ပြောစမှတ် ပြုကြပါတယ် ။ အခုထက်ထိ ကျွန်တော့် မျက်စိထဲမှာ သူ့တပည့်တွေ အကြောင်း သူရေးတဲ့ ဆောင်းပါးတွေနဲ့ သူ့တပည့်တွေ ဖြစ်တဲ့ ရွှေကျားအဖွဲ့ ရဲချစ် ၊ ရဲဆွေ ၊ ရဲတင့် ( နာမည်တွေ ရှေ့မှာ “ ကို ” ၊ “ ဦး ” မတပ်တာ နားလည်ပေးပါ ) စသူတွေ ထိုးသတ်ပုံတွေကို မြင်ယောင်နေပါတယ် ။ သူ ကိုယ်တိုင် ပြိုင်ပွဲတွေ ထိုးနေတုန်းကတော့ ကျွန်တော့် အသက်က သိပ်ငယ်သေးလို့ မကြည့်ဖူးခဲ့ပါဘူး ။

ဦးလေးကျားဘညိမ်း နဲ့ ပတ်သက်လို့ တခြားသူတွေ ပြောတာ မဖတ်ဖူးသေးပေမဲ့ ကျွန်တော့် စိတ်ထဲမှာ စွဲစွဲမြဲမြဲ ယုံကြည်နေတဲ့ အချက် တစ်ချက်ကိုလည်း အခုကြုံတုန်းမှာ ရေးလိုက်ချင်ပါတယ် ။ အဲဒါကတော့ မြန်မာ့ရိုးရာလက်ဝှေ့ကို တောကြိုအုံကြား ကနေ မြို့ကြီးပြကြီးတွေ က စင်ပေါ်ကို ရောက်အောင် တင်ပေးခဲ့တာပါပဲ ။ တကယ်တော့ အဲဒီအခါတုန်းက ဗမာ့ရိုးရာလက်ဝှေ့ ဟာ ပြည်မ မှာ ပျောက်ကွယ်လုနီးပါးလောက် ဖြစ်နေပါပြီ ။ ဘုရားပွဲလေး ဘာလေး ရှိမှ ကြိုးကြားကြိုးကြား တွေ့ရတာပါ ။ တကယ်တမ်း ကျန်ရှိနေတာက ကရင်ပြည်နယ် နဲ့ တနင်္သာရီတိုင်း ( အခုမွန်ပြည်နယ် ) တစ်ဝိုက်မှာပဲ ဖြစ်ပါတယ် ။ မြို့နေ ပညာတတ် တော်တော်များများက တောသားတွေ ထိုးသတ်တဲ့ ခပ်ရိုင်းရိုင်း လက်ဝှေ့ ထင်နေကြတဲ့ အဲဒီ ရိုးရာလက်ဝှေ့ကို လူရိုသေရှင်ရိုသေ ရိုးရာ ကိုယ်ခံပညာရပ် တစ်ခု အဖြစ်သာမက တစ်နိုင်ငံလုံး စိတ်ဝင်စား အလေးထားလာအောင် လုပ်ခဲ့တာဟာ ကျားဘညိမ်း ပဲလို့ ဆိုချင်ပါတယ် ။ တခြားပုဂ္ဂိုလ်တွေ ကူညီဝိုင်းဝန်းကြတာတွေ မရှိဘူး မဟုတ် ၊ ရှိပါတယ် ။ ဒါပေမဲ့ အဓိကနဲ့ အများဆုံး လှုပ်ရှားခဲ့တာကတော့ ဦးလေး ကျားဘညိမ်း ပါပဲလို့ ကျွန်တော် အခိုင်အမာဆို ချင်ပါတယ် ။

အဲဒီတုန်းက သူဟာ ကျန်းမာရေး နဲ့ အားကစားဌာနမှာ အလုပ် လုပ်နေတာပါ ။ လခ အင်မတန် နည်းပါတယ် ။ ဒီ ခေတ်လို ဘေးပေါက်လည်း မရှိပါ ။ သူက ဘေးပေါက်ရှာတဲ့ လူစားမျိုးလည်း လုံးဝ မဟုတ်ပါ ။ လက်ဝှေ့ပညာ ( နိုင်ငံတကာရော ၊ ရိုးရာကိုပါ ) ကို ကိုယ်ခံပညာရပ်အနေနဲ့ လေးလေးစားစား ၊ မြတ်မြတ်နိုးနိုး တန်ဖိုးထားတာပါ ။ သူ့ ဘဝမှာ လက်ဝှေ့က လွဲပြီး ဘာမှ မရှိဘူးလို့တောင် ဆိုနိုင်မယ်ထင်ပါတယ် ။ အဲဒီလို ကြားထဲက သူဟာ သူများတွေ အငြိုငြင်ခံ ၊ အထင်သေးခံပြီး ကိုယ့်စရိတ် ကိုယ်စိုက်လို့ တောတွေတောင်တွေ ဖြတ် ၊ နယ်စပ်တွေ အထိ သွားပြီး ဗမာ့ရိုးရာလက်ဝှေ့ကို သစ်ပင်အောက် ကနေ စင်ပေါ် ရောက်အောင် လုပ်ခဲ့တာ ဖြစ်ပါတယ် ။ နိုင်ငံတကာ လက်ဝှေ့လောကမှာ ကပ်စီးယပ်စ်ကလေးနဲ့ ဂျိုးဖရေဇီယာတို့ ပွဲကို တစ်ကမ္ဘာလုံးက လူတွေ အများကြီး ကြိုတင်ပြီး လည်တဆန့်ဆန့် မျှော်လင့်ခဲ့သလို တိုးလုံ နဲ့ ဗိုလ်ကျော် တို့ရဲ့ လက်ဝှေ့ပွဲ ကိုလည်း မြန်မာတစ်နိုင်ငံလုံးက လည်တဆန့်ဆန့် စိတ်ဝင်စားအောင် လုပ်ခဲ့သူဟာ ဦးလေး ကျားဘညိမ်း ပါ ။

သူ့အဖို့ လက်ဝှေ့ဟာ ဝါသနာ ၊ ကိုယ်လက်လှုပ်ရှားမှုသာ မဟုတ်ပါဘူး ယုံကြည်မှုတစ်ခုပါ ။ အဲဒီ ယုံကြည်မှုအတွက် သူဟာ အစွမ်းကုန် ကြိုးစား အားထုတ်ခဲ့ပါတယ် ။ နှောင်းလူတွေ ရေကြည်သောက်ကြရပါတယ် ။

သူလည်း သူ့တာဝန်ကို ကျေသွားတဲ့ လူလို့သာ ကျွန်တော်တော့ ပြောချင်ပါတယ် ။ 

▢ ဖိုးသံ ၊ လူထု ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ၂၀၁၄ ဩဂုတ်

No comments:

Post a Comment