❝ ဘဝက မိုးစက်တွေလား မိုးစက်တွေက ဘဝလား ❞
( ဆွေဇင်ဦး )
မနက်က ရေဒီယိုနားထောင်တော့ မန္တလေးဘက်မှာ မိုးကြီး ၊ ရေလျှံနေတဲ့ သတင်း ကြားလိုက်ရတယ် ။ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ရွာနေတဲ့မိုးက စဲမစဲနိုင်ပါဘူး ။ ရွာတွေဘက်မှာလည်း ချောင်းရေတွေ လျှံနေသတဲ့ ။ ကျွန်မလည်း မစဲတဲ့ မိုးစက်တွေကို ငေးကြည့်ရင်း ပျင်းရိစွာ ထိုင်နေမိတယ် ။ ကျွန်မတို့ မြို့မှာလည်း မိုးကြီးနေသလို မြစ်ရေတွေကလည်း အဆမတန် မြင့်တက်လို့နေရဲ့ ။ ငယ်ငယ်တုန်းကတော့ တစ်နှစ်တစ်ခါလောက်တော့ မြစ်ရေကြီးစေချင်မိတယ် ။ ဧရာဝတီမြစ်ရေတွေ ကမ်းလုံးလာပြီဆိုတာနဲ့ ရင်တထိတ်ထိတ် ခုန်နေကြပြီ ။ မြစ်ရေကြီးပါစေ ၊ ကုန်းပေါ်ရောက်ပါစေ ၊ ခြံထဲရောက်ပါစေ ဆုတောင်းခဲ့မိသေးတယ် ။ လမ်းကြိုလမ်းကြား ၊ အိမ်ကြိုအိမ်ကြားမှာ လှေစီးရတဲ့ အရသာကို ကလေးပီပီ မက်မောခဲ့မိတယ် ။ ကိုယ့်အိမ်ဝင်းထဲမှာပဲ ဘောကွင်းစီးရတဲ့ အရသာကလည်း တော်တော် မိုက်တယ် ။ မြစ်ကမ်းနားမှာ ရေဆင်းမချိုးရသူတွေမို့ မြစ်ရေလျှံမှ ဘောကွင်းစီးရတာကိုး ။ “ ပြည်တော်သာ ” တံတားရေမြုပ်ပြီ ဆိုတာနဲ့ ကျွန်မတို့တွေ ပျော်မြူးကြပြီ ။ တံတားရေမြုပ်တော့ ကျောင်း မတက်ရတော့ဘူးလေ ။ ရေက တစ်နေ့ကို တစ်တောင် လောက်တက်ပြီ ဆိုရင် တံတားမြုပ်ပြီး တစ်ရက်လောက်ဆို ကျွန်မတို့လမ်းပေါ် ရေတွေ ရောက်လာပြီ ။
ညအိပ်ချိန်မှာ ရေက လမ်းပေါ်မှာ ခြေမျက်စိလောက်ပဲရှိပေမဲ့ ညသန်း ခေါင်ကျော်လို့ တောင်ပေါ်က ဈေးသည်တွေ ဆင်းချိန်ဆို ရေသံတွေ တဗွမ်းဗွမ်း ကြားနေရပြီ ။ မနက်လင်းလို့ အိမ်ရှေ့ကို အပြေးအလွှား ကြည့်မိရင် ဝင်းခြံစည်းရိုးမှာ ကပ်ထားတဲ့ လှေတွေကို မြင်ရတော့တယ် ။ အခုဆို ကျွန်မတို့ မြို့ မှာ မြစ်ရေ မလျှံတာ ခုနစ်နှစ် လောက် ရှိရော့မယ် ။ ဒီနှစ်မှ ကုန်းပေါ်ကို ရေရောက်တာ ။ ဆက်ပြီး တက်ရင်တော့ ကျွန်မတို့ ဘက်တွေလည်း ရေမလွတ်နိုင် ။
ခြံထဲမှာ စိုက်ထားတဲ့ ဘူးပင် ၊ ဖရုံပင် ၊ ပဲသီးပင် ၊ ရုံးပတီပင်တွေတော့ သေကုန်တော့မှာပဲ ။ အခုမှ ပျိုးထားခါစ ငရုတ်ပင်တွေကိုတော့ ရေလွတ်ရာကို တင်ထားရမှာ ပဲ ။ အလှပန်းပင်တွေ ကတော့ ရေမြုပ်ရင် ရှင်ဖို့ လမ်းမမြင် ။ ရှောက်ပင်နဲ့ သံပရာပင်တွေ ကတော့ သက်တမ်းရင့်နေပြီမို့ မသေနိုင်လောက်ပါဘူး ။ ဘာကြောင့်မှန်း မသိဘူး ။ ဒီတစ်ခါ ရေကြီးမှာကို ကျွန်မ မပျော်သလိုဘဲ ။
မိုးကလည်း တဗြုန်းဗြုန်း တဒိုင်းဒိုင်းနဲ့ ရွာကောင်းနေတယ် ။ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအား အလွန်ကောင်းပြီး ကမ်းရိုးတန်းဒေသတွေမှာ တစ်နာရီ မိုင် ၄ဝ လေတိုက်နှုန်း ကြေညာထားတယ် ။ မိုးလေဝသ က ကြေညာချက်မှာ နေရာအနှံ့ မိုးကြီးတဲ့ဒေသထဲမှာ ပဲခူးတိုင်းလည်း ပါတယ်လေ ။ ဟော ၊ တောင်လေတွေ တိုက်တာ ပိုကြမ်းလာတယ် ။ ရေကတော့ ဒီမိုး ၊ ဒီလေနဲ့ ဆက်တက်ဦးတော့မှာပဲ ။ မိုးက အေးတော့ စောင်ပုံထဲမှာသာ ဝင်ကွေးချင်တော့တာပဲ ။ ရေချိုး ၊ ခေါင်းလျှော်ထားမိ တော့ ချမ်းစိမ့်စိမ့်နဲ့ ။ ညနေ ခင်းကြီးမှာ အိပ်ရာထဲဝင် ကွေးရင်တော့ ဖျားမှာသေချာ တယ် ။ လက်ဖက်ရည်ကျ ဆိမ့်လေးဖျော်ပြီး အမေ့ကို လည်း တစ်ခွက်ပေးလိုက် တယ် ။ ဟောတော့ ၊ အခုမှ သတိထားမိတယ် ။ အမေက မိုးအေးနေတာကို အိမ်ရှေ့က သမံတလင်းအုတ်ခုံမှာ ထိုင်နေတယ် ။
“ အမေ အေးကအေးနဲ့ ဘာလုပ်နေတာလဲ ၊ အဲဒီမှာ ”
“ ကျောက်သယ်တဲ့ ကောင်မလေးကို စောင့်နေတာ ”
လက်ဖက်ရည်ခွက်ပူပူ ကို ကိုင်ထားတဲ့ လက်တွေ နွေးထွေးသွားတော့ နေသာထိုင်သာရှိသွားတယ် ။ အမေ့ကို နွေးနွေးထွေးထွေးနေဖို့ ပြောပေမဲ့ အမေက ထိုင်နေရာမှ မရွှေ့ ။ အမေတို့ကို မပြောချင်တော့ဘူး ။ မိုးတွေ ဒီလောက် ရွာနေတာကို ကျောက်သယ် ခိုင်းနေတယ် ။ မစာမနာကွယ် ။
“ အမေ ကလေးမလေး လာရင် တော်ခိုင်းလိုက်တော့လေ ၊ သနားပါတယ် ”
“ ကလေးမလေး မဟုတ်ဘူး ၊ သူ့အမေ သမီးရဲ့ ”
ပြောနေတုန်းမှာပဲ သူ ရောက်လာခဲ့တယ် ။ ပါးလှပ် လှပ်ကိုယ်ခန္ဓာပါက မွဲညစ်ညစ် အဝတ်တွေဟာ ရေစိုပြီး ကပ်နေတယ် ။ ကျောက် အကျိုးအပဲ့တွေကို ပီနံအိတ်ပိုင်းထဲမှာ ထည့်ရွက်လာတဲ့ သူ့မျက်နှာမှ စီးကျနေတဲ့ ရေတွေက ဝါညစ်ညစ်နဲ့ ။ ကျောက်တွေနဲ့ ကပ်ပါလာတဲ့ ရွှံ့ရည်တွေ စီးကျနေပုံပဲ ။ သူက ကျောက်တွေကို သွန်ချရင်း နှာတစ်ချက် ချေလိုက်တယ် ။ ရေတွေ စိုရွှဲနေတဲ့ သူ့ကို ကြည့်ပြီး ကျွန်မ ပိုချမ်း နေမိတယ် ။ ကျွန်မ အမေက သူ့ကို အရိပ်ထဲ ဝင်ဖို့ခေါ်တာ သူကမကြားဘူး ။ မိုးသံ ၊ သံထဲမှာ မနည်း အော်ခေါ်ရတယ် ။ ရေတံလျှောက်က ကျတဲ့ ရေတွေထဲမှာ သူ့အိတ်က ရွှံ့ရည်တွေ ဆေးပြီး ကျွန်မတို့ ရှိရာကို ပြေးဝင်လာခဲ့တယ် ။
ကျွန်မ အိမ်ပေါ်ဆင့်ခုံ ပေါ်မှာ ထိုင်ရင်း သူ့ကို လှမ်းပြောလိုက်တယ် ။
“ အဒေါ် မနက်ဖြန်ကျမှ သယ်ပါလား ၊ မိုးတွေ မိပြီး အအေးပတ်တော့မှာပဲ ”
သူက ကျွန်မစကားကို သဘောကျသလို ပြုံးနေပြီး ဘာမှတော့ ပြန်မပြော ။ အမေ က သူ့ကို လက်ဖက်ရည်ခွက်လေးပေးတော့ သူ လှမ်းယူတယ် ။ ကြည့်စမ်း သူ့လက်တွေ ပဲကြီးရေခွံလိုက်ပြီး ဖြူပွနေပြီ ။ လက်ဖက်ရည်ပူပူကို တစ်ရှိန်ထိုး မော့သောက်ပြီး သူ မိုးရွာထဲကို ပြန်ထွက်သွားတယ် ။
“ အမေကလည်း ပြောနေတာကို ဘာဖြစ်လို့ ဆက်သယ်ခိုင်းရတာလဲ ”
ပြောပြီးတော့ ကျွန်မ လက်ထဲက နောက်ဆုံးလက်ကျန် လက်ဖက်ရည်ကို မော့လိုက်မိတယ် ။ အား ... ရင်ထဲကို နွေးသွားတာပဲ ။
••••• ••••• •••••
နောက်ထပ် တစ်ခေါက်ကို သူ တော်တော်နဲ့ မလာဘူး ။ ကျွန်မ အမေ့ကို မေးကြည့်မိတယ် ။ သူက မနက်က ကျောက်သယ်တဲ့ကောင်မလေးရဲ့ အမေတဲ့ ။ မနက်က ကောင်မလေးက ဆယ်နှစ် လောက်တော့ ရှိမှာပေါ့ ။ သူ့ကို သနားလို့ဆိုပြီး အမေက အမြဲတမ်း အားပေးနေသူပေါ့ ။ တကယ်တော့ ကျွန်မ အမေကလည်း အိမ်ထောင်ဦးစီးပေးတဲ့ငွေကို တိုင်းထွာစိစစ်သုံးနေရတဲ့သူ ။ မလိုအပ်ရင် ဘာတစ်ခုမှ အပိုမသုံးချင်သူ ။ ဒါပေမဲ့ ကျောက်လာရောင်း တဲ့ ကလေးတွေကိုတော့ သနားပြီး ဝယ်ဝယ်နေရတာ ။
ကန်ထရိုက်တွေ ချထားတဲ့ ကျောက်ပုံကြီးတွေကနေ လွင့်ထွက်ပွဲစဉ်နေတဲ့ ကျောက်ခဲကျိုး ၊ ကျောက်ခဲပိုင်းတွေ ကို အိတ်လေးတွေထဲ ထည့်ပြီး သူတို့က ရောင်းကြတယ် ။ တစ်အိတ်ကို တစ်ရာပေါ့ ။ အမေကလည်း သူတို့ကို အားပေးချင်ပေမဲ့ များများတော့ မဝယ်နိုင် ။ မနက်က ကောင်မလေး အမေ့ကို ပြောနေသံ ကြားမိတယ် ။ ဆယ်ခေါက် ပြည့်အောင် ဝယ်ပါတဲ့ ။ ရေတက်လာရင် သမီးတို့မှာ အလုပ်မရှိလို့ပါတဲ့ ။
တကယ်တော့ ကျွန်မ တို့အိမ်က သစ်ပင်တွေစိုက်တော့ အဲဒီကျောက်တွေ သိပ်တော့မလိုပါ ။ နည်းနည်းနဲ့ အမေဝယ်ထားခဲ့တာလည်း တော်တော်များနေပြီ ။ အမေ နဲ့ကောင်မလေး ဈေးတည့်သွားလား မသိပေမဲ့ နှစ် ခေါက်လောက် သယ်ပြီး ကောင်မလေးလာတာ မတွေ့ရတော့တာ ။ အခု အမေပြော မှ သိရတယ် ။ ကောင်မလေး လိုပဲ ကျောက်ပုံတွေကြားထဲ မှာ တူးဆွရှာဖွေပြီး ဝမ်းရေး အတွက် အလုပ်လုပ်နေရတဲ့ ကလေးတွေ များတော့များတယ် ။ သူတို့အဖွဲ့ကို ကမ်းနားက လူကြီးတစ်ယောက်က မသယ်ရဘူးလို့ တားမြစ် သတဲ့လေ ။ လူကြီးဆိုတာ အသက်ကြီးတဲ့သူမို့ လူကြီးလို့ပြောတာပါ ။ အမှန်က သူက ဘာမှ မဟုတ်ပါဘူး ။ ကျေးရွာအာဏာပိုင်အဖွဲ့ အစည်းကလည်း မဟုတ်ဘူး ။ ကျောက်ပုံပိုင်ရှင်လည်း မဟုတ်ဘူး ။ လူချစ်လူခင်ရှိတဲ့ ရပ်မိရပ်ဖလည်းမဟုတ်ဘူး ။ ဘာဆို ဘာမှမဟုတ်တဲ့သူ ။ ကလေးတွေကတော့ မသယ်နဲ့ဆိုတော့ မသယ်ရဲတော့ဘူး ။
တကယ်တော့ ကောင်မလေးတွေ ကျောက်ကျိုးကျောက်ပဲ့တွေ တစ်အိတ်ရဖို့ ဆိုတာလည်း မလွယ်ပါဘူး ။ ဓားမတိုလေးတစ်ချောင်းနဲ့ မြေကြီးထဲ နစ်ဝင်နေတဲ့ ကျောက်တုံးအပဲ့တွေကို တူး ဆွပြီးမှ ၊ ထိုးကော်ပြီးမှရတာ ။ ပင်ပင်ပန်းပန်း သယ်ရပေမဲ့ ရတော့ တစ်အိတ်ကို တစ်ရာတဲ့ ။ ဒီ့ထက် ဈေးများရင် လည်း ကျွန်မအမေ အပါအဝင် ဘယ်သူမှ ဝယ်နိုင်မှာ မဟုတ်တော့ဘူး ။ ကိုယ်တွေလည်း သူတို့ထက် သာ တယ် ဆိုရတာလည်း ပိန်မသာ လိမ်မသာပါ ။
အဲဒီလို မြေကြီးထဲမြုပ် နေတဲ့ ၊ ဘယ်သူမှ အသုံးမလို တော့တဲ့ ၊ ဘာမှလည်း လုပ်စရာ မရှိတော့တဲ့ ကျောက်တွေကိုသယ်ပြီး ရောင်းတာကို ဟိုလူက မသယ်နဲ့ဆို တော့ ။ အဲဒါ သူတို့လေးတွေ ရဲ့ ထမင်းအိုးကို ရိုက်ခွဲတာ ပဲ ။ စွန့်ပစ်ကျောက်တွေကို တူးဆွနေတာ သူ့ခေါင်းထဲက ဦးနှောက်ကို နှိုက်ကော်နေ တာမှ မဟုတ်ဘဲ ။ ကျောက်တောင်ပေါ်မှာ မိုင်းခွဲပြီး ကျောက်တွေ သယ်ချနေတဲ့ ကန်ထရိုက်တွေကိုတော့ သူ ဘာပြောရဲလို့လဲ ။ ကလေးတွေကို သက်သက် အနိုင်ကျင့်တာ ။
အဲဒါနဲ့ပဲ ကလေးတွေ အစား အမေတွေက လာ သယ်တာတဲ့လေ ။ လူကြီးတွေကိုတော့ သူ ဘာမှမပြော ရဲတော့ဘူးထင်တယ် ။ ပြောရင်လည်း အဲဒီမိန်းမတွေက ဖက်ပြီး နပန်းလုံးမှာ ။ သူတို့ အပေါ်တစ်ကျပ်ဖိုးလောက် ကောင်းရင် တစ်ရာဖိုးလောက် ကျေးဇူးဆပ်ချင်ပေမဲ့ တစ် မတ်ဖိုးလောက် သူတို့ကို ညစ်ပြီ ဆိုရင်တော့ ရာထောင်မက အာခံမယ့် တကယ့်အောက်ဆုံးလွှာ လူတန်းစားတွေလေ ။
“ အမေက ပြောပါတယ် မနက်ကျမှ သယ်လို့ ။ သူက သူ့သမီး ကျန်တဲ့ ရှစ်ခေါက် အပြီး သယ်ချင်တယ်တဲ့ ။ အဲဒါမှ တစ်ထောင်ရမှာ ”
“ အမေကလည်း တစ်ထောင်ပေးလိုက်ပေါ့ ၊ ကျန်တဲ့ အခေါက် မနက်လာပို့ပစေ ”
“ ဟဲ့ ” ဟု အမေအော်လိုက်တော့ ကျွန်မ ပြုံးမိသွားတယ် ။ ဟုတ်တော့ ဟုတ်ပါ တယ် ။ အမေလည်း အလှူ ပေးရတာတွေ များနေပြီ ။ အဲဒီလို တစ်စုံတစ်ခုသော အကြောင်းကြောင့် ပိုက်ဆံပေးပြီး နောက်နေ့မှ လာပို့ဆိုရင် ဘယ်တော့မှ ကတိမတည်ကြ ။ မေ့လောက် ၊ လျော့လောက်မှ နောက်တစ်ခါလာလျှင် ဒီက လူတွေကလည်း အပြစ်မတင်ချင်တော့ ။ ရှိစေတော့ ရှိစေတော့ ။ အခုလည်း အမေ ဟို အဒေါ်ကြီးကို သနားပေမဲ့ ပိုက်ဆံတစ်ထောင်တော့ အလကား အဆုံးခံချင်ပုံမရ ။ မိုးရွာထဲမှာ သူ တစ်ခေါက် လာပြန်ပြီ ။ ဘယ်နှခေါက်တောင် ကျန်သေးလဲ ။ သူ့အသားတွေလည်း ပြာနေပြီ ။ သူ့မျက်နှာကတော့ ပြုံးပြုံးပါပဲ ။ သူနဲ့ အတူ သယ်နေ တဲ့ တစ်ယောက်ကို စောင့်ရင်း သူအမိုးအောက်ကို ဝင်လာတယ် ။ သူ့ကို ကျွန်မ သနားတဲ့အကြောင်း အမေက ပြောပြနေတော့ သူက ရယ်လိုက်တာ ။
“ ကျွန်မက ကျန်းမာရေး ကောင်းပါတယ် ၊ မသနားနဲ့ ။ ကျွန်မနဲ့အတူ သယ်နေတဲ့တစ်ယောက်က ဗိုက်ခွဲထားတာ ၊ စားဖို့ မရှိလို့ ထွက်ပြီးသာ အလုပ် လုပ်ရတာ ၊ သူ တော်တော် မဟန်ဘူး ။ ကလေးတွေလည်း သယ်လို့ မရတော့သူ့ခမျာ .. ”
သူ ပြောနေတာကို ကျွန်မ အာရုံ မရှိတော့ ။ လမ်းပေါ်ကနေ သူ့ကို လှမ်းခေါ်တဲ့ ခပ်ပိန်ပိန် မိန်းမ ကိုသာ ကျွန်မ ကြည့်နေမိတယ် ။ ကြည့်စမ်းပါ ၊ ပိန်လိုက်တာမှ အရိုးပေါ် အရေတင် ။ ရော့ ဒီပိုက်ဆံ ယူသွားပြီး ချက်ပြုတ်စားကြ ။ ဒါတွေ ဆက်မသယ်နဲ့တော့လို့ ပြောပြီး သူတို့ လက်ထဲကို ငွေကြေး အနည်းငယ်လောက် ထည့်ပေးချင်ပေမဲ့ အမေ နဲ့ ကျွန်မ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်မိတယ် ။ ဒီမိန်းမသာ တစ်စုံတစ်ခု ဖြစ်သွားရင် သူ့ကလေးတွေ ။ တောက် ။
မဆီမဆိုင် ဟိုကမ်းနားမှာ ပါဝါပြလိုက်တဲ့ သူကောင်း သားကို ကျွန်မ ကျိန်ဆဲနေမိ တော့တယ် ။
••••• ••••• •••••
ကြည့်နေရင်း ခဏချင်းမှာပဲ လမ်းပေါ်မှာ ရေတွေလျှံသွားတယ် ။ မိုးရေတွေ လမ်းပေါ်မှာ ခြံထဲမှာ စီးဆင်းနေပြီ ။ ဒီပုံအတိုင်းဆို မြစ်ရေနဲ့ မိုးရေ ရောပြီး ရေလျှံတော့မယ် ။
မနေ့ည ကလည်း ချောင်းရေတွေ ကျလာလို့ အသစ် ဆောက်ထားတာ မကြာသေးတဲ့ ချောင်းကူးတံတားကြီး ကျိုးသွားခဲ့တယ် ။ ဝုန်းခနဲ ဆောင့်ဝင်လာတဲ့ ရေလုံးဒဏ်ကို တံတားက မခံနိုင်လို့ လဲပြိုသွားပြီး မျောပါသွားတော့ ချောင်းနားက လူတွေလည်း လန့်သွားကြတာပေါ့ ။ သိမ်းကြ ၊ ဆည်းကြ ၊ ပြေးကြ ၊ လွှားကြနဲ့ ပွက်ပွက်ကို ညံသွားတာပဲ ။ ချောင်းနဲ့ ဝေးတဲ့ ကိုယ်တွေတောင် တလှုပ်လှုပ်နဲ့ သိမ်းဆည်းမိသေးတာ ။ တော်သေးတယ် ။ ခဏချင်း ရေပြန်ကျသွားလို့ ။ မနေ့က မိုးကလည်း ညဘက်မှာ ပြတ်သွားတာဆိုတော့ ခံသာသွားတာ ။
ဒီနေ့ကတော့ မနက် ကတည်းက ရွာတာ လုံးဝကို မရပ်နားသေး ။ မိုးရေတက်ရေ တဖွေးဖွေး ဖြစ်နေပြီ ။ အပေါ်ကလည်း မိုးက မပြတ် ။ အောက်က မြစ်ရေကလည်း မကျသေး ။ အခုန အဒေါ် ။ သူတို့ တဲလေးတွေက ချောင်းဘက်မှာ ။ ရေလည်း မလွတ် ၊ လေလည်း မလွတ် ။ လေကြမ်းကြမ်း တိုက်ရင် တစ်ချက်စာသာ ရှိတဲ့ တဲတွေကို နှီးတွေ အပြေးအလွှား ဝယ်ပြီး ချည်ကြ တုပ်ကြ ၊ ဪ စားဖို့ထက် နေဖို့က အရေးကြီးနေတာ ။ သူ့ တဲလေးရော ခိုင်လို့လား ။ မခိုင်ရင်လည်း ကျွန်မက ဘာမှ မတတ်နိုင်ပါ ။ ကျွန်မတို့ အိမ်တောင် သွပ်မိုး ပျဉ်ထောင်လို့သာ ဆိုတယ် ယိုလိုက်တာ ၊ ပက်လိုက်တာမှ ဗြန်းဗြန်းရွှဲ ။ အိမ်နံရံထောင့်တွေမှာ ဘာပစ္စည်းမှ မထားရဲ ။ သွပ်ပေါက်တွေကနေ တစိမ့်စိမ့်ကနေ တရွှဲရွဲယိုကျနေတဲ့ မိုးစက်တွေကို ပလတ်စတစ်ကော်ဇလုံတွေ ကော်ပုံးတွေနဲ့ ခံထားရသေးတယ် ။
အမေက ကျွန်မ လက်ထဲကို တစ်ထောင်တန် ထည့် ပြီး အိမ်တွင်းခန်းကို ဝင်သွားပြီ ။ အေးလွန်းပြီး ခြေထောက်တွေ ကိုက်လာလို့တဲ့ ။ ဒီတစ်ခေါက် သူလာရင်တော့ ပိုက် ဆံပေးပြီး တော်ခိုင်းလိုက်တော့မယ် ။ နောက်တစ်ခေါက်ပဲ ကျန်တော့တာဆိုတော့ နောက်နေ့မှ သယ်ပေးရင်လည်း ပေးပေါ့ ။ မပေး တော့လည်း တစ်ရာတည်းနဲ့ တော့ ကတ်တီးကတ်ဖဲ့ မလုပ်ချင် ။
သူ့ကို သနားတယ်ဆိုသော ကျွန်မလည်း တစ်ရာ ကျောက်အိတ် တစ်အိတ်ကို လှမ်း နှမြောနေမိသေးတာ ရယ်စရာပဲနော် ။ သူလာတော့ မသယ်နဲ့တော့ ဆိုပြီး ပိုက်ဆံ ပေးပေမဲ့ သူက မယူ ။ တစ်ခေါက်တည်းကို ပြီးအောင် သယ်မယ်တဲ့ ။
“ အဒေါ့်ကို မိုးရွာထဲမှာ သယ်ခိုင်းသလို ဖြစ်နေတာ ကျွန်မ စိတ်ထဲ မကောင်းလို့ ၊ ပိုက်ဆံယူပြီး ပြန်ပါတော့နော် ”
“ အလုပ်မရှိတဲ့သူကို ကူညီပေးတယ် မှတ်ပြီး ဝမ်းသာလိုက်ပါ သမီးရယ် ၊ သမီး အမေ ဝယ်လို့လည်း အဒေါ်တို့ ရောင်းရတာ ၊ မိုးရွာထဲ မှာ ခိုင်းရမှာမို့ သနားလို့ ဆိုပြီး ဝယ်သူ မရှိမှာကိုဘဲ အဒေါ် စိုးရိမ်တယ် ”
သူက ပြောပြီး မျက်နှာပေါ်က ရေစက်တွေကို သပ်ချနေတယ် ။ သူ့တစ်ကိုယ်လုံး လည်း တဆတ်ဆတ် တုန်နေပြီ ။ သူ့ကို တစ်ခုခု လုပ်ပေးရမှ ကျွန်မ စိတ်ထဲ သက်သာရာ ရမယ် ထင်ပါရဲ့ ။
“ အဒေါ် ရေနွေးကြမ်း ပူပူလေး သောက်လိုက်ပါလား နည်းနည်းနွေးသွားတာပေါ့ ”
ရေနွေးကြမ်း သောက်နေတဲ့ သူ့မျက်ဝန်းထဲမှ ကျေးဇူးတင်ရိပ်တွေ တွေ့လိုက်တယ် ။
“ ရေတွေ အရမ်းတက်တာပဲတဲ့ ၊ ကျွန်မတို့တော့ လွတ်ပါ့မလားမသိဘူး ”
“ သမီးတို့တောင် မလွတ်ရင်တော့ အဒေါ်တို့ တဲတွေ စုံးစုံးမြုပ်ပြီ ”
“ ရှင် ”
ကျွန်မတို့အိမ် ရေမြုပ်ရင် သူတို့ တဲတွေ အဲသလိုပဲ စုံးစုံးမြုပ်သတဲ့လား ။ အေးလေ သူတို့က မြစ်ပေါက်နဲ့ နီးတဲ့ ချောင်းနားက လူတွေပဲ ။ ရေမြုပ်ရင် သူတို့ ဘယ်မှာ သွားနေမှာလဲ ။
“ အဒေါ်တို့ ရေမြုပ်ရင် နေစရာ အမျိုးအိမ် ရှိလား ”
သူက ရေနွေးကြမ်း နောက်တစ်ခွက် ထပ်တောင်းတယ် ။ သူတော်တော် ချမ်းနေပုံပဲ ။
“ ကလေးတွေ ပုစုခရုနဲ့ ဘယ်အမျိုးအိမ်က လက်ခံမှာလဲ သမီးရယ် ၊ တောင်ပေါ်ပဲ ပြေးရမှာပဲ ။ အဲဒါကြောင့် ပိုက်ဆံကို ရသလောက် စုနေရတယ် ”
တောင်ပေါ်တဲ့ ။ အမိုးအကာ မရှိဘဲ တောင်ပေါ်မှာ သူတို့ ဘယ်လို နေမှာပါလိမ့် ။ သိချင်ပေမဲ့ မမေးရဲ ။ မကြားချင်တော့ဘူးလေ ။ စိတ်မချမ်းသာစရာတွေ ။ ကျွန်မတို့ အိမ်မှာ လူဦးရေ လေးငါးယောက်ရှိတဲ့ မိသားစုတစ်စု နေလို့တော့ ဆံ့နိုင်ကောင်းပါ ရဲ့ ။ မိုးသည်းညနေမှာ တွေ့ရတဲ့ အဒေါ်ကြီး နဲ့ သူ့မိသားစုကို သနားလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်ပေါ် ခေါ်တင်ရဲတဲ့ သတ္တိ မရှိ ။ အို သတ္တိရှိစရာ လိုလို့လားကွယ် ။ အရိပ်မဲ့သူ ကို အရိပ် ပေးရတာလေ ။ အို ဟင့်အင်း ။ သူ့ကလေးတွေက ညစ်ညစ်ပတ်ပတ် ပေပေရေရေလေးတွေ ။ ကျွန်မ ကိုယ့် လိပ်ပြာ ကိုယ် လန့်ပြီး သူ့ မျက်နှာကိုတောင် ရဲရဲ မကြည့်ရဲတော့ပါ ။
“ ရေတွေ ဆက်တက်လို့ တဲတွေမြုပ်တာက လွတ်ရာကို ပြေးလို့ရပါတယ် ။ အရေး ကြီးတာက အဒေါ်တို့ ပြောင်းရွှေ့ချိန်မှာ မိုးပြတ်မှ ဖြစ်မယ်ကွယ် ၊ နို့မို့ရင် .... ”
သူ ချမ်းလွန်းလို့လား မသိ ၊ အသံတွေ အဖျားခတ်ပြီး တိမ်ဝင်သွားတယ် ။ သူ့ကို သနားလှပါတယ်ဆိုတဲ့ ကျွန်မ ဘယ်လို အားပေးစကားမှ ပြောမထွက် ။ ဘာမှလည်း မကူညီနိုင် ။ တကယ်တော့ သနားတယ် ဆိုတာက လွယ်ပါတယ် ။ သနားကြင်နာခြင်းနောက်မှာ မျှဝေခံစားတတ်ဖို့ အတွက်သာ .. ။
ကျွန်မ မျှဝေခံစားတတ်သူ မဖြစ်သေး ။ သနားတတ်ပေမဲ့ သနားတယ်ဆိုတဲ့ နေရာမှာပဲ လမ်းဆုံးနေပြီ ။
သူ မိုးထဲလေထဲကို ပြေးထွက်သွားပြီ ။
ကျွန်မ လက်ထဲမှာ သူ ယူမသွားသေးသော တစ်ထောင်တန်စိမ်းစိမ်းလေး ။ ဪ မိုးထန်လေထန် ရပ်ဝန်းထဲမှာ ကျွန်မနှလုံးသားတွေလည်း စိမ်းကားအေးစက်သွားသလိုပါပဲလေ ။
••••• ••••• •••••
သည်းလွန်းတဲ့ မိုးကတော့ ရွာကောင်းတုန်းပါပဲ ။ ဒီပုံအတိုင်းဆို ကျွန်မ ခြံထဲက အပင်တွေ သေတော့မှာပဲ ။ ဟင့်အင်း တတ်နိုင်သမျှတော့ ရွှေ့လို့ရတဲ့ အပင်တွေ ရွှေ့ရ မှာပဲ ။ အဒေါ်ကြီး ကလည်း ကြာလိုက်တာ ။ သူ့ကို စောင့်ရတာ ဘယ်လောက်တောင် ကြာသွားတယ်မသိ ။ ကျွန်မ ချမ်းလွန်းလို့ အနွေးထည် တစ်ထည် ကောက်ဝတ်လိုက်မိတယ် ။ သူကတော့ မလာသေးပါ ။
အပြင်မှာတော့ မိုးက သည်းကောင်းတုန်းပါပဲ ။ ဪ ဒီမိုးက စဲရော စဲဦးမှာလားကွယ် ။
▢ ဆွေဇင်ဦး
📖ရွှေအမြုတေ မဂ္ဂဇင်း
၂၀၁၄ ၊ ဖေဖော်ဝါရီ

No comments:
Post a Comment