❝ မဖတ်ရသော စာတစ်စောင် ❞
( မင်းသိင်္ခ )
တစ်ချိန်က ကျွန်ုပ်သည် မင်္ဂလာဒုံ ရှိ တပ်မတော်လေ့ကျင့်ရေးကျောင်းတွင် တက်ရောက်၍ စစ်ပညာ သင်ယူနေရသော အချိန် ဖြစ်၏ ။ ထိုလေ့ကျင့်ရေးကျောင်းမှ ကျွန်ုပ်တို့ ကဲ့သို့သော ရဲဘော်သစ်များကို တပ်ခွဲ ၅ ခွဲထားကာ သင်ကြားပေးလေ၏ ။ ကျွန်ုပ်သည် တပ်ခွဲ ( ၅ ) တွင် နေရလေ၏ ။ သင်တန်းမှာ ပင်ပန်းလှ၏ ။ နားရသည် ဟူ၍ မရှိအောင် လေ့ကျင့်သင်ယူရ၏ ။ ကျွန်ုပ်တို့ ရဲဘော်သစ်များ သည် သင်တန်း၌ ပင်ပန်းဆင်းရဲသော်လည်း ပျော်ကြကုန်၏ ။ တစ်ဦးနှင့် တစ်ဦး ခင်မင်ကြကုန်၏ ။ ထိုသင်တန်းတွင် ကျွန်ုပ်နှင့် အထူးခင်မင်သော လူနှစ်ဦး ရှိလေ၏ ။
တစ်ဦးမှာ မောင်မောင် ဆိုသူ ဖြစ်၏ ။ သူသည် မြစ်ဝကျွန်းပေါ်သား ဖြစ်၏ ။ ရုပ်ရည်ရူပကာ ချောမော၏ ။ ၎င်း၏ မိဘများသည် ချမ်းချမ်းသာသာရှိကြကုန်၏ ။ ၎င်း၏ ဖခင်ပိုင်သော မော်တော်ကို ရောင်း၍ ဖဲကစားရာ ဖဲရှုံး၍ မရှင်းနိုင်သောကြောင့် တပ်ထဲသို့ ဝင်လာသူ ဖြစ်၏ ။ ကျန်တစ်ဦး၏ အမည်မှာ အောင်ထူးဆန်း ဖြစ်၏ ။ သူ၏ အသားအရောင်မှာ ပုန်းရည်ကြီးအရောင်ကဲ့သို့ ရှိ၏ ။ ပါးစပ်လွန်စွာ ပြဲ၍ ဗိုက်လွန်စွာ ရွှဲ၏ ။ သူသည် စစ်ယူနီဖောင်း ဝတ်ချင်သော အကြောင်းတစ်ခုတည်းဖြင့် စစ်ထဲသို့ ဝင်လာခြင်း ဖြစ်၏ ။ နေ့စဉ်ဆိုသလို မင်္ဂလာဒုံစာတိုက်မှ စာများသည် တပ်ရင်းရုံးသို့ ရောက်တတ်၏ ။
ထိုစာများကို တပ်ရင်းရုံးမှ တပ်ခွဲလိုက် ခွဲပြီးလျှင် လာရောက်၍ ပို့တတ်မြဲဖြစ်၏ ။ ကျွန်ုပ်တို့ ရဲဘော်သစ်များ သည် မိဘဆွေမျိုးများ ထံမှ သို့မဟုတ် ခင်မင်ရင်းနှီးသော သူငယ်ချင်းများ ထံမှ သို့မဟုတ် ချစ်သူများ ထံမှ စားများကို မျှော်တတ်မြဲ ဖြစ်၏ ။ ကျွန်ုပ် တစ်ပတ်လျှင် တစ်စောင်မျှ ရတတ်မြဲ ဖြစ်၏ ။ ထို စာမှာ ကျွန်ုပ်သူငယ်ချင်း လှဖေ ထံမှ ပေးသောစာ ဖြစ်၏ ။ လှဖေ၏ စာကို ဖတ်လိုက်လျှင် ကျွန်ုပ် ပြုံးရလေ၏ ။
အဘယ်ကြောင့် ဆိုသော် သူသည် ကျွန်ုပ်အား ချစ်စနိုး သဘောဖြင့် စာ၏ ထိပ်တွင် “ ခွေးကောင်ကြီး ” ဟူ၍ လည်းကောင်း ၊ “ အမျိုးယုတ်ကြီး ” ဟူ၍ လည်းကောင်း ၊ “ အသေကောင်ကြီး ” ဟူ၍ လည်းကောင်း ရေးတတ်မြဲဖြစ်၏ ။
ကျွန်ုပ်တို့ တပ်ခွဲ ၅ တွင် စာ အလာဆုံးလူမှာ မောင်မောင် ပင်ဖြစ်၏ ။ နေ့စဉ် ၎င်း၏ စာ ကိုးစောင်ခန့်ရ၏ ။ ထိုစာများ ထဲတွင် ၎င်း၏ အဖေက ပေးသောစာ လုံးဝမပါပေ ။ ၎င်း၏ အဖေသည် ၎င်း အား တွေ့လျှင် သ,တ်မည်ဟု ကြိမ်းနေ၏ ။ မည်သူ့ဆီကမှ စာမလာသူမှာ ရဲဘော်အောင်ထူးဆန်း ဖြစ်၏ ။ ထို့ကြောင့် ကျွန်ုပ်တို့ ၎င်းအား -
“ မင်းကိုတော့ စာပေးမယ့်သူ လည်း မရှိဘူး ။ မဟုတ်မှ လွဲရော မင်းဟာ မိဘနှစ်ပါးက မွေးတာ မဟုတ်ဘူး ။ သစ်ခေါင်းပေါက်ထဲက မွေးတာ ” ဟု ဝိုင်းဝန်းနောက် ပြောင်သော်လည်း အောင်ထူးဆန်းကြီးသည် စိတ်ဆိုးသည် မရှိ ၊ ပါးစပ်ကြီး ပြဲ၍ နေလေ၏ ။
တစ်နေ့သော် စာများ ဝေလေရာ မောင်မောင်သည် စာစုစုပေါင်း ၁၅ စောင် ရ၏ ။ ကျွန်ုပ်မှာ လှဖေ ထံမှ စာတစ်စောင်ရ၏ ။ ထိုအခါ မောင်မောင် သည် ကျွန်ုပ် အားကြွားလေ၏ ။
“ ငါ့လောက် စာလာတဲ့ သူ ဒီတပ်ခွဲမှာ တစ်ယောက်မှ မရှိဘူး ကွ ” ဟု ဟန်ပါပါ ပြောလေ၏ ။ ထို့ကြောင့် ကျွန်ုပ်က -
“ လာမှာ ပေါ့ကွ ။ မင်းက အကြွေးတွေ ယူပြီး မဆပ်ဘဲ တပ်ထဲဝင်လာတော့ ကြွေးရှင်တွေက ကြွေးတောင်းတဲ့ စာတွေပါကွာ ။ အထင်ကြီးစရာ မရှိပါဘူးကွာ ” ဟု ကျွန်ုပ် ပြောလိုက်လျှင် မောင်မောင်သည် ကျွန်ုပ် အား ပြန်လည် ချေပခြင်းမပြုဘဲ အောင်ထူးဆန်း ဘက်သို့ လှည့်ကာ -
“ ငါတို့ သင်တန်းတာ ၂ လ ရှိပြီ ။ အဲဒီ ၂ လ အတွင်းမှာ ငါ့ဆီကို လာတဲ့ စာဟာ အစောင် ခုနှစ်ရာကျော်တယ်ကွ ။ စာတစ်စောင်မှ မလာတာကတော့ ဟော့ဒီ အောင်ထူးဆန်း ပဲ ။ ငါသာ သူ့လို စာတစ်စောင်မှ မရခဲ့ရတော့ အတော်အားငယ်မိမှာပဲ ။ ဒါပေမဲ့ အောင်ထူးဆန်းကြီးက အားမငယ်ဘူးကွ ။ ဘာမှ မဖြစ်သလိုပဲ ” ဟု ပြောလိုက်ရာ အောင်ထူးဆန်း က -
“ ငါလည်း အားငယ်ပါတယ်ကွာ ။ အဲဒါကြောင့် ဒီလိုစဉ်းစားတယ်ကွ ။ ငါ့ကိုတော့ ဘယ်သူမှ အရေးလုပ်ပြီး စာပို့မှာ လည်း မဟုတ်ဘူး ။ ဒါပေမဲ့ ငါလည်း မင်းတို့လို့ တော့ စာအိတ်ကလေး ဖောက်ပြီး စာဖတ်ချင်တာပေါ့ကွာ ။ အဲဒီတော့ မောင်မောင် ရာ မင်းက စာတွေ အများကြီး ရတာ ဆိုတော မင်း မဖတ်ချင်တဲ့ စာအိတ်ကို ငါ့ကို ရောင်းကွာ ၊ မစားရက် မသောက်ရက် စုထားတဲ့ ပိုက်ဆံလေး ၅ ကျပ် ရှိပါတယ်ကွာ ။ ငါ ပေးပါ့မယ် ” ဟု ပြောရာ မောင်မောင်က သူ့ထံသို့ ရောက်လာသော စာအိတ် ၁၅ အိတ် အနက်မှ လက်ရေး လွန်စွာညံ့သော စာအိတ် တစ်အိတ်ကို ရွေးထုတ်၍ -
“ မင်း ငါ့ကို ပေးမယ့် ၅ ကျပ်နဲ့ ကန်တီးမှာ ဘားမားစတိတ် စီးကရက်တစ်ဘူး သွားပြီး ဝယ် ပေး ” ဟု ပြောသဖြင့် အောင်ထူးဆန်းလည်း ကန်တီးဆိုင်သို့ တဖုန်းဖုန်း ပြေးပြီး စီးကရက် တစ်ဘူး ဝယ်၍ မောင်မောင့် အားပေး၏ ။ ပြီးလျှင် မောင်မောင့် ထံသို့ လာသော စာအိတ်ကို သူ့ ထံသို့ လာသော စာအိတ်ကဲ့သို့ သဘောထားကာ ဖောက်၍ ဖတ် လေတော့၏ ။ ဖတ်ပြီးလျှင် ပြုံး၏ ။ ထို့နောက် -
“ မောင်မောင်တို့ ကတော့ ပိုင်တယ်ကွာ ” ဟုလည်း ပါးစပ်မှ ပြော၏ ။ ထိုအခါ မောင်မောင် က -
“ ဘယ်သူဆီက ပို့တဲ့ စာလဲကွ ” ဟု မေးရာ မောင်မောင် က -
“ ဘာဖြစ်လို့ ပြောရမှာလဲကွ ။ ဒီစာဟာ ငါ့စာလေကွာ ။ မင်းနဲ့ မဆိုင်တော့ဘူး ။ တစ်ခုတော့ ပြောနိုင်တယ် ။ အတော် အရေးကြီးတဲ့ စာကွ ။ မင်း မို့လို့ ၅ ကျပ် နဲ့ ရောင်း ရက်ပလေတယ်ကွာ ” ဟု ပြောလိုက်ရာ မောင်မောင်သည် မျက်နှာကြီး နီ၍ သွားလေတော့၏ ။ ထိုအခါ ကျွန်ုပ် က -
“ ဟေ့ မောင်မောင် ၊ ကိုယ့်ဆီကို ပို့တဲ့ စာကို ၅ ကျပ် နဲ့ ရောင်းတဲ့ ကောင်မျိုး တစ်ခါမှ မတွေ့ဖူးဘူးကွ ။ မင်း ဘယ်အရပ်သားလဲ ။ အဲဒီ အရပ်သားတော့ မျက်နှာပျက်ပါပြီကွာ ။ သေရေး ရှင်ရေး ကိစ္စဆိုရင် ဘယ့်နှယ့်လုပ်မလဲ ။ မင်းအတော် မိုက်ပါလားကွ ။ အောင်ထူးဆန်း မင်းအတွက် ဘာမှ အရေးမကြီးပါဘူးကွာ ။ သူ့အတွက်တော့ အရေးကြီးချင် ကြီးနေမှာကွ ” ဟု ကျွန်ုပ်က ပြောလိုက်ရာ အောင်ထူးဆန်း က -
“ အရေးကြီးတာတော့ အမှန်ပဲကွ ။ ဒါပေမဲ့ မပြနိုင်ဘူး ။ ငါလည်း ချွေးနဲစာနဲ့ ဝယ်ထားရတာ ။ အလကား ရတာမဟုတ်ဘူး ” ဟု အော်လိုက်လေ၏ ။ ထို့ကြောင့် ကျွန်ုပ် က -
“ ဟေ့ မောင်မောင် ၊ သူ့ ငါးကျပ် ပြန်ပေးလိုက်ကွာ ။ အဲဒီ စာကို ပြန်ယူချေ ” ဟု ပြောလိုက်ရာ အောင်ထူးဆန်း က -
“ ဒီဟာဟာ ငါ့စာ ဖြစ်နေပြီလေကွာ ။ ငါ ရောင်းချင်မှ ရောင်းမှာ ငါးကျပ်နဲ့ မရဘူးကွ ၊ သူက စာ အစောင်ပေါင်း ခုနှစ်ရာကျော် ရထားတာ ဆိုတော့ ခုနှစ်ရာ ပေးမှ ရောင်းနိုင်မယ် ” ဟု ပြောလေ၏ ။
မောင်မောင်သည် မျက်နှာ ပို၍ နီသွားလေ၏ ။
“ လူယုတ်မာ ... ငါးကျပ်နဲ့ ဝယ်ပြီး ခုနှစ်ရာနဲ့ ပြန်ရောင်း ဟုတ်လား ၊ မဝယ်ဘူး ” ဟု ပြောလိုက်လေ၏ ။ အောင်ထူးဆန်း ကလည်း -
“ မဝယ်ချင်နေ ငါ့လူ ၊ ဒီစာဟာ မင်းအတွက် ခုနှစ်သိန်းလောက် တန်တယ် ။ မင်းရဲ့ ဘဝ ဖြစ်ချင် ဖြစ်သွားမယ် ” ဟု ထပ်၍ ကွန့်လိုက်ရာ မောင်မောင်သည် စိတ်ဆိုးလွန်းသဖြင့် တောက်တစ်ချက် ခေါက်လိုက်လေ၏ ။ ထို့နောက်ပိုင်းတွင်ကား အောင် ထူးဆန်း သည် ထိုစာလေးကို မကြာခဏ ထုတ်၍ ဖတ်နေတာ ပါးစပ်မှလည်း -
“ မောင်မောင်ဆိုတဲ့ အကောင် အတော်မိုက်တယ် ၊ ကိုယ့်အတွက် အရေးကြီးတဲ့ စာကို ငွေငါးကျပ်နဲ့ ရောင်းပစ်တယ်ကွာ ” ဟု လည်း ရေရွတ်နေလေ၏ ။ မောင်မောင် သည် သူ့အတွက် ထုတ်ပေးထားသော တပ်မှ ပစ္စည်းများကို ကစ်ဘတ်အိတ်ကြီးထဲသို့ ထည့်နေလေ၏ ။ ထို့ကြောင့် ကျွန်ုပ်က ဘာလုပ်မလို့ လဲဟု မေးရာ မောင်မောင် က -
“ ဟို ခွေးမျိုးဆီက စာကို ပြန်ဝယ်ဖို့ ငွေခုနှစ်ရာ ငါ့မှာ မရှိဘူး ကွ ၊ ငါ့ရဲ့ လက်စွပ်ရော ၊ နာရီရော ဒါတွေပါ ရောင်းမှ ပြည့်မှာ ” ဟု ပြောပြီးလျှင် မင်္ဂလာဒုံရှိ ကန်တော်မင်ဈေးသို့ သွားကာ ရောင်းချပစ် လိုက်လေတော့၏ ။ ပြန်လာသောအခါ၌ အောင်ထူးဆန်း ထံမှ စာကို ခုနှစ်ရာ ပေး၍ ဝယ်လိုက်ရလေ၏ ။ ထို့ကြောင့် ကျွန်ုပ် က -
“ မောင်မောင်ရာ ၊ မင်းပိုက်ဆံတွေ နှမြောလိုက်တာကွာ ” ဟု ပြောရာ မောင်မောင် ကလည်း -
“ ငါလည်း နှမြောတာပဲကွ ၊ ဒါပေမဲ့ မနေနိုင်ဘူးကွ ၊ ဒီစာထဲမှာ ဘာတွေပါလဲဆိုတာ ငါသိချင်တယ် ၊ ဒီကောင်ကလည်း ငါ့ကို နာရီမလပ် လာပြီး ကလိနေတယ် ၊ ဘာတွေပါသလဲဆိုတာ ငါသိပ်သိချင်တယ် ၊ အဲဒီ သိချင်စိတ်ဟာ ငါ့ကို ဒုက္ခပေးနေတယ်ကွ ၊ ငါ့အနေနဲ့ အတော့်ကို စိတ်ဆင်းရဲနေတယ်ကွ ၊ ဒါကြောင့် ပြန်ပြီးဝယ်တာ ”
မောင်မောင်က ငွေခုနှစ်ရာကို ပေးလိုက်လျှင် အောင်ထူးဆန်း ကလည်း စာကို ပြန်ပေးလေ၏ ။ မောင်မောင်သည် ထိုစာကို ရလျှင်ရချင်း အငမ်းမရ ဖတ်ကြည့်လေ၏ ။ ထိုစာမှာ ၎င်းတို့ နေသော နေအိမ် အနီးရှိ ဘုန်းကြီးကျောင်းမှ ကပ္ပိယကြီးက ရေးလိုက်သော စာ ဖြစ်၏ ။ စာထဲတွင် ကျောင်း ၌ မွေးထားသော ခွေးနက်မကြီး သေသွားကြောင်း ၊ ခိုတွေကို မကြာခဏ တက်၍ ခုတ်တတ်သော ကြောင်မကြီးလည်း ဘုန်းကြီးကျောင်းသားများ လက်ချက်ဖြင့် ဘဝတစ်ပါးသို့ ပြောင်းသွားပြီ ဖြစ်ကြောင်း ပါလေ၏ ။ စာဆုံးသွားသည် နှင့် မောင်မောင်သည် တောက်တစ်ချက် ခေါက်လိုက်လေ၏ ။
ထိုအဖြစ်အပျက်များ ဖြစ်ပွားပြီး သုံးရက်ခန့် အကြာတွင် ကျွန်ုပ်တို့ ရဲဘော်သစ်များအား ထုတ်ပေးထားသော စစ်ဝတ်ပစ္စည်းများ စုံမစုံစစ်ဆေးရာ မောင်မောင့် အနေဖြင့် ပစ္စည်းအမြောက်အမြား ပျောက်ဆုံးနေကြောင်း တွေ့ရှိရသဖြင့် တပ်ရင်းမှူးရုံးသို့ တင်၍ အမှုစစ်လေတော့၏ ။
တပ်ရင်းမှူးသည် မောင်မောင့် အား စစ်ဝတ်စစ်စား ပျောက်ဆုံးမှုဖြင့် ကျောပိုးအိတ်ထဲတွင် အုတ်ခဲ ၆ လုံး ထည့်ကာ ကျေားပိုးစေ၍ တပ်ရင်းကင်းရုံ ရှေ့တွင် နေ့ခင်း တစ်နာရီ မှ နှစ်နာရီထိ ခေါက်တုန့်ခေါက်ပြန် နှစ်ဆယ့်ရှစ်ရက်တိတိ ပြေးရန် အမိန့်ချမှတ်လိုက်လေတော့၏ ။ မောင်မောင် သည် နေပူကြီးထဲတွင် ချွေးတရွှဲရွှဲနှင့် မောမောပန်းပန်း ပြေးနေရလေ၏ ။ လွန်စွာမှ မောပန်းနေပုံရ၏ ။
ကျွန်ုပ်သည် ၎င်း၏ မလှမ်းမကမ်းသို့ သွားကာ -
“ မောင်မောင်ရေ ၊ ပြေးထားဟေ့ ၊ ခိုတွေကို တက်ခုတ်တဲ့ ကြောင်မကြီးလည်း ဘဝတစ်ပါးကို ပြောင်းသွားပြီ ၊ ပြေးသာ ပြေးဟေ့ ။ ဘုန်းကြီးကျောင်းက ခွေးနက်မကြီးလည်း သေပြီဟေ့ ။ ပြေးပေတော့ ” ဟု ပြောရာ ၎င်းက ကျွန်ုပ်အား မျက်စောင်းထိုး၍ ကြည့်လေ၏ ။ ထို့ထက်ဆိုးသည် မှာ အောင်ထူးဆန်း သည် စီးကရက်တစ်လိပ်ကို ပါးစောင်တွင် ခဲကာ ရာတန်နှစ်ရွက်ဖြင့် သူ့ကိုယ်သူ ယပ်ခတ်ပြလေ၏ ။
မောင်မောင်သည် သည်းမခံနိုင်သဖြင့် အောင်ထူးဆန်း အား လှမ်း၍ ပျစ်ပျစ်နှစ်နှစ် ဆဲလိုက်လေတော့သတည်း ။
သဗ္ဗေသတ္တာ ကမ္မဿကာ
▢ မင်းသိင်္ခ
📖 ဖတ်စရာဂျာနယ်
အမှတ် ( ၂၆ )
၁၂ - ၇ - ၂၀၀၅

No comments:
Post a Comment