❝ ကြောင်အိုကြီး ❞
( ပုံပြင် )
တစ်ခါတုန်းက လူတစ်ယောက်မှာ ကြောင်ကြီး တစ်ကောင် ရှိသတဲ့ ။ ကြောင်ကြီး ဟာ အိုလွန်းလို့ ကြွက်မခုပ်နိုင်တာနဲ့ သူ့သခင်က တောထဲကို လာပြီး လွှတ်ပစ်ခဲ့တယ် ။ ကြောင်ကြီးဟာ တောထဲမှာ မသွားတတ် ၊ မလာတတ်ဖြစ်ပြီး ထင်းရူးပင် အောက်မှာ ထိုင်ပြီး ငိုနေသတဲ့ ။ ငိုနေတုန်း မြေခွေးမကြီး တစ်ကောင် ပြေးထွက်လာပြီး ကြောင်အိုကြီးကိုတွေ့တော့ “ မင်း ဘယ်သူလဲ ။ ဘာကြောင့် ငိုနေတာလဲ ” လို့ လာမေးသတဲ့ ။
ကြောင်အိုကြီးကလည်း “ ငါ ကြောင်အိုကြီးပေါ့ ။ ငါ့သခင်က ငါ့ကို ကြွက်မခုပ်နိုင်ဘူး ဆိုပြီး ဒီတောထဲမှာ လာ လွှတ်ပစ်တယ်ကွယ် ” လို့ ပြန်ပြောသတဲ့ ။ ဒါနဲ့ မြေခွေးမက “ ဒါဖြင့် မင်း ငါနဲ့ အတူ လာနေလှည့် ။ မင်းကို အစာကောင်းကောင်း ရှာကျွေးမယ် ။ လာ ... လိုက်ခဲ့ ” လို့ ခေါ်သွားပြီး ကြောင်အိုကြီးနဲ့ မြေခွေးမဟာ တဲကလေး ထဲမှာ တစ်သက်လုံး အတူတူ နေနေကြတယ်တဲ့ ။
မြေခွေးမဟာ နေ့စဉ် တောထဲကို ထွက်သွားပြီး ကြောင်အိုကြီး စားဖို့ တောကြက် ၊ တောငှက်ကလေးတွေ ရှာရှာပေးသတဲ့ ။
တစ်နေ့တော့ မြေခွေးမ အစာရှာ နေတုန်း ယုန်ခြေမြန်ကလေးနဲ့ သွားတွေ့တယ် ။ တွေ့တော့ ယုန်ခြေမြန်ကလေးက “ ဟယ်လို ... မမြေခွေး ၊ ကျုပ် ခင်ဗျားအိမ် လာလည်ရဦးမယ် ” လို့ ဆိုပြီး လိုက်လာသတဲ့ ။ လိုက်လာရင်း တဲကလေးနား ရောက်တော့ မြေခွေးမက “ ကဲ ... မောင်ရွှေယုန် ပြန်ပေတော့ ။ အခု ငါ့အိမ်ထဲမှာ ကြောင်အိုကြီး တစ်ကောင် ရောက်နေတယ် ။ မင်းကို တွေ့ရင် တစ်ခါထဲ သေအောင် ကိုက်သတ်လိမ့်မယ် ” လို့ ပြောသတဲ့ ။ အဲဒီလို ပြောနေတုန်း တဲထဲက ကြောင်အိုကြီး ထွက်လာပြီး “ မိညောင် ၊ မီညောင် ၊ မီညောင် ...” လို့ အသံဝါကြီးနဲ့ ကုန်းပြီး အော်လိုက်သတဲ့ ။
ကြောင်အိုကြီးကို မြင်တော့ ယုန်ခြေမြန်ကလေးဟာ လန့်ပြီး တောထဲကို ပြန်ပြေးသွားသတဲ့ ။ တောထဲကို ရောက်တော့ သူ့မိတ်ဆွေ ဝံပုလွေရယ် ၊ တောဝက်ရယ် ၊ ဝက်ဝံကြီးရယ် နေကြတဲ့ ဆီကို သွားပြီး သိပ်ကြောက်စရာကောင်းတဲ့ ကြောင်အိုကြီး ဆိုတဲ့ အကောင် တစ်ကောင်ကို တွေ့ခဲ့တဲ့ အကြောင်း ပြောပြသတဲ့ ။
မိတ်ဆွေသုံးဦး ကလည်း ကြောင်အိုကြီးကို တစ်ခါမှ မမြင်ဖူးကြတာနဲ့ ငါတို့ သူ့ကို မိတ်ဆွေ ဖွဲ့ကြရအောင် ဆိုပြီး ညစာ ဖိတ်ကျွေးဖို့ စီစဉ်ရာမှာ ဝံပုလွေက အမဲသားနှင့် ဝက်ပေါင်ခြောက် ယူလာတယ် ။ ဝက်ဝံကတော့ အချို ပြင်ဖို့ ပျားရည် ယူလာတယ် ။ ယုန်ခြေမြန်ကလေး ကတော့ ဂေါ်ဖီထုပ် ယူလာသတဲ့ ။
သူတို့လေးဦးဟာ စားပွဲ ပြင်ပြီးကြတော့ ကြောင်အိုကြီး ဆီကို သွားဖိတ်ဖို့ တိုင်ပင်ကြပြန်သတဲ့ ။
ဝက်ဝံက သူဟာ အင်မတန်ဝလို့ လမ်းများများ လျှောက်ရင် အသက်ရှုရတာ မောတယ် ။ ဒါကြောင့် မသွားနိုင်ဘူးလို့ ပြောသတဲ့ ။
တောဝက်ကတော့ သူဟာ ခြေလှမ်း မြန်မြန်မလျှောက်နိုင်လို့ မသွားချင်ဘူးလို့ ပြောသတဲ့ ။
ဝံပုလွေကတော့ “ ငါ အိုပြီကွယ် ။ နားကောင်းကောင်း မကြားဘူး ။ ဒါကြောင့် မသွား နိုင်ဘူး ” လို့ ပြောသတဲ့ ။ ဒီတော့ ယုန်ခြေမြန်ကလေးပဲ ပြေးထွက်သွားပြီး ကြောင်အိုကြီး နေတဲ့ တဲကလေးတံခါးကို ခေါက်ရသတဲ့ ။
တံခါးခေါက်သံ ကြားတော့ မြေခွေးမ ထွက်လာပြီး “ ဟေ့ ... ဘာလိုချင်လို့လာသလဲ ” လို့ မေးသတဲ့ ။ မေးတော့ ယုန်ခြေမြန်ကလေးက “ မြေခွေးမ ခင်ဗျာ ၊ ကျွန်တော်ရယ် ၊ တောဝက်ကြီးနဲ့ ဝံပုလွေ ၊ ဝက်ဝံတို့ လေးဦးက ကြောင်အိုကြီးနဲ့ မြေခွေးမကို ညစာစားဖို့ လာဖိတ်တာပါ ” လို့ပြောပြီး ပြန်ပြေးလာခဲ့သတဲ့ ။ မိတ်ဆွေလေးဦး တွေ့ကြတော့ ဝက်ဝံက “ ကဲ ... မောင်ရွှေယုန် ငါတို့ မေ့သွားတယ်ကွာ ။ ကြောင်အိုကြီးတို့ လာရင် သူတို့ ညစာစားဖို့ ဇွန်းတွေယူခဲ့ဖို့ သွားပြောပါဦး ” လို့ ခိုင်းတာနဲ့ ယုန်ခြေမြန်ကလေးပဲ နောက်တစ်ခါပြေးသွားရပြန်သတဲ့ ။
ခဏကြာတော့ မြေခွေးမနဲ့ ကြောင်အိုကြီး လက်တွဲပြီး ညစာစားဖို့ ထွက်လာကြ သတဲ့ ။ အဲလိုထွက်လာတော့ ကြောင်အိုကြီးက အခါတိုင်းလိုပဲ ခါးကို ကုန်းပြီး “ မီးညောင် ... မီးညောင် ” လို့ အော်လိုက်သတဲ့ ။ အော်လိုက်တော့ သူ့မျက်လုံး နှစ်လုံးက ဖယောင်တိုင်ကြီး နှစ်တိုင် ထွန်းထားသလို လင်းတောက်လာတယ်တဲ့ ။
ဒါကိုမြင်ရတဲ့ မိတ်ဆွေလေးဦးဟာ ကြောင်အိုကြီးကို ကြောက်တာနဲ့ ဝံပုလွေက ချုံပုတ် တစ်ခုထဲ ဝင်ပြီး ဝပ်နေလိုက်သတဲ့ ။ တောဝက်က စားပွဲအောက်ကို တွားပြီး ဝင်သွားတယ် ။ ဝက်ဝံကတော့ သစ်ပင် တစ်ပင်ပေါ် တက်ပြီး ပုန်းရသတဲ့ ။
ယုန်ခြေမြန်ကလေးဟာလည်း သူတို့လိုပဲ ကြောက်ရှာလွန်းလို့ သူနေတဲ့ မြေအောက်ထဲ ဝင်ပြီးပုန်းနေရတယ်တဲ့ ။
ဒါနဲ့ ကြောင်အိုကြီးလည်း စားပွဲပေါ်မှာ ပြင်ထားတဲ့ စားစရာတွေလည်း တွေ့ရော ဝမ်းသာအားရနဲ့ နောက်တစ်ခါထပ်ပြီး “ မီးညောင် ၊ မီးညောင် ” လို့ ကုန်းအော်လိုက်ပြန်သတဲ့ ။ အော်ပြီး စားစရာတွေကို ပလုတ်ပလောင်း ဖြစ်အောင် စားနေတော့တာပဲကွယ် ။ စားလို့လည်း ဝရော ကြောင်အိုကြီးဟာ စားပွဲပေါ်တင်ပဲ ခွေပြီး အိပ်လိုက်တာပျော်သွားသတဲ့ ။
ဒီအခိုက် စားပွဲအောက်မှာ ငြိမ်ပြီး ဝပ်နေတဲ့ တောဝက်ဟာ နည်းနည်း ရွှေ့လိုက်မိ တာနဲ့ သူ့အမြီးကလေး အပြင်ဘက် ရောက်သွားတယ် ။ အဲဒီ အမြီးကလေး လှုပ်လိုက်တယ် ဆိုရင်ပဲ ကြောင်အိုကြီး အိပ်နေရာက လန့်နိုးလာသတဲ့ ။ လန့်နိုးလာပြီး ကြွက်ကလေး မှတ်လို့ ဖမ်းမယ်လို့ စားပွဲအောက်ကို ခုန်ဆင်းလိုက်သတဲ့ ။ စားပွဲအောက် ရောက်တော့ ကြွက်မဟုတ်ပဲ တောဝက်ကလေး ကိုသာ တွေ့ရတော့ လန့်ပြီး ကြောင်အိုကြီးဟာ ဝက်ဝံရှိတဲ့ သစ်ပင်ပေါ်ကို ပြေးတက်သွားတယ် ။ ဝက်ဝံကလည်း ကြောင်အိုကြီး ပြေးတက်လာတော့ ဧကန္တ ကြောင်ကြီး ငါ့ကို လာကိုက်တာပဲလို့ထင်ပြီး သစ်ပင်ထိပ်ဖျားရောက်အောင် တက်သွားသတဲ့ ။
သစ်ပင်ထိပ်ဖျားလည်းရောက်ရော သစ်ကိုင်း ကျိုးကျတာနဲ့ ဝက်ဝံဟာ ဝံပုလွေ ပုန်းနေတဲ့ ချုံပုတ်ပေါ်ကို လိမ့်ကျသွားပြန်တာပေါ့ ။ ဝံပုလွေကလည်း - ဝက်ဝံ သူ့အပေါ် ကျလာတော့ လန့်ပြီး ချုံပုတ်ထဲက ထွက်သွားလိုက်တာတောဝက်လည်း ဝံပုလွေရဲ့ နောက်ကပဲ တစ်ဆက်တည်း ပြေးလိုက်သွားရသတဲ့ ။ သူတို့ ပြေးလိုက်ကြတာ ဘယ်လောက် မြန်သလဲဆိုရင် ယုန်ခြေမြန်ကလေးတောင်မှ မီအောင် မလိုက်နိုင်ဘူးတဲ့ကွယ် ။
အဲဒီနောက်တော့ ကြောင်အိုကြီးနဲ့ မြေခွေးမတို့ဟာ စားပွဲပေါ်မှာ ကျန်သေးတဲ့ စားစရာတွေကို အကုန် ပြောင်အောင်စားပစ်ကြပြီး သူတို့ရဲ့ တဲကလေးဆီကိုပြန်သွားကြသတဲ့ ။ ခဏကြာတော့ ဝံပုလွေ ၊ တောဝက် ၊ ယုန်ခြေမြန်ကလေးနဲ့ ဝက်ဝံတို့ ရောက်လာကြပြီး စားပွဲပေါ်ကို ကြည့်လိုက်တော့ စားစရာဆိုလို့ တစ်ခုမျှ မကျန်ဘဲ ပြောင်နေတာ တွေ့ကြတာပေါ့ ။ ဒီတော့ သူတို့လေးဦးဟာ အံ့ဩပြီး “ ကြည့်စမ်း ... ကြောင်အိုကြီးဟာ ဘယ်လောက် ကြောက်စရာကောင်းသလဲကွယ် ၊ သူဟာ ငါတို့လေးဦးပါ စားကြဖို့ ပြင်ထားတဲ့ စားစရာတွေကို သူ တစ်ကောင်တည်း အကုန်စားပစ်လိုက်တယ် ၊ သူဟာ ငယ်သာ ငယ်တာ ၊ သိပ်စားနိုင်တဲ့ အကောင်ပါပဲလားကွယ် ” လို့ သံပြိုင် ပြောလိုက်ကြသတဲ့ကွယ် ... ။
( ဘာသာပြန် )
⎕ နုယဉ်
📖ရှုမဝ မဂ္ဂဇင်း
၁၉၅၇ ၊ မတ်
No comments:
Post a Comment