❝ အက်စကီမိုကလေး ❞
( ပုံပြင် )
အက်စကီမိုကလေး၏ ဘဝသည် ရေခဲပြင်ပေါ်မှပင် စတင် ခဲ့လေသည် ။ သူသည် ရေခဲပြင်ပေါ်၌ အဖေ ၊ အမေ ၊ ညီမလေးတို့နှင့် အတူ သားကောင် ရှာဖွေရာသို့ လိုက်ပါရင်းဖြင့် အရွယ် ရောက်ခဲ့ရပေသည် ။
အစဉ်သဖြင့် ဖျံများသည် ရေခဲပြင် အောက်၌ ကျက်စားကြပြီး ရေခဲ အထပ်များ ကြားတွင်သာ ကူးခတ်နေလေ့ ရှိသဖြင့် ဖမ်းယူရန် အတော် ခဲယဉ်းလေသည် ။
အက်စကီမိုကလေး၏ ဖခင်သည် ရေခဲပြင်များကို ဖောက်၍ တစ်ခါတစ်ရံမှ ထွက်လာတတ်သော ဖျံများကို ဖမ်းရာ၌ ကျွမ်းကျင်သော မုဆိုးကြီး တစ်ယောက် ဖြစ်သည် ။ အချိန်ကြာမြင့်စွာ ချောင်းမြောင်း နေပါမူ ဖျံများ ရေခဲ အထပ်များ အကြားမှ ထွက်လာသည်ကို တွေ့ရှိ ရပေမည် ။ ထိုအခါတွင် အသင့်ပါသော လှံတံများဖြင့် ပစ်ခတ်ဖမ်းဆီးကြရသည် ။
အက်စကီမိုကလေးသည် ရေခဲပြင် တစ်နေရာသို့ ဂရုတစိုက် ကြည့်ရှုနေစဉ် ထိုနေရာမှာ လှုပ်ရှားလာသည် ။
“ အဖေ ” ဟု အက်စကီမိုကလေးက တီးတိုး ခေါ်လိုက်သည် ။
အက်စကီမိုကလေး၏ အဖေသည် သူ့အား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည် ။ ထိုနေရာသည် နောက်တစ်ကြိမ် လှုပ်ရှားလာပြန်၏ ။ အက်စကီမိုလေး၏ အဖေသည် ညင်ညင်သာသာ မတ်တတ်ရပ်လိုက်သည် ။ ထို့နောက် သူသည် လှံတံလက်ကိုင်ကို စွဲမြဲစွာကိုင်ပြီး တအား လွှတ်ထိုးလိုက်သည် ။
“ ထိပြီဟေ့ ... ”
ထို့နောက် လှံချက်ဖြင့် ထိသော ဖျံကို လွတ်မထွက်အောင် ဆွဲယူ နေကြသည် ။ ထိုကဲ့သို့ပင် ဖျံသေများကို ဆီးနှင်းပြင်များ ပေါ်မှာ ဆွဲယူခဲ့ရသည်မှာလည်း မနည်းပေ ။
“ ဒီကောင်ဟာ ငါရတဲ့ ဖျံတွေထဲမှာ အကြီးဆုံးပဲ ” ဟု အက်စကီမိုကလေး၏ အဖေက အားပါးတရ ပြောကာ ဖျံကြီးကို ဆွဲငင်နေလေသည် ။ သူတို့သည် ဖျံကောင်ကို ရေခဲတွင်းထဲမှ အားခွန် စိုက်ထုတ်၍ ဆွဲယူကြရသည် ။ နောက်ဆုံးတွင် တွင်းပေါက်ဝ ကျယ်လာပြီး အကောင်ကြီးပါ အပေါ်သို့ပါလာသည် ။
ဖျံဖမ်းရသော အလုပ်သည် အလွန် ပင်ပန်း၏ ။ ထိုဖျံကောင်ကြီး အပေါ်သို့ တရွေ့ရွေ့ ပါလာတော့မှ အက်စကီမိုကလေးသည် လက်ခုပ် လက်ဝါး တီးလိုက်ကာ “ ဒီဖျံသားကို တချို့ ရောင်းမယ် ။ တချို့စားမယ် ” ဟု ဆိုလိုက်သည် ။
အိမ်ရောက်သောအခါ အက်စကီမိုကလေး၏ အဖေသည် ဖျံရေဆုတ်၏ ။ ဖျံရေများ ကို သူ့အမေက အရိုးအပ်ဖြင့် အဝတ်များ ချုပ်လုပ်ပေးလေသည် ။
နောက်တစ်နေ့ နံနက်ခင်းတွင် အက်စကီမိုကလေးသည် သူ့အဖေ မသိအောင် အဝတ်အစား လဲလှယ်ကာ လေးတစ်ချောင်း ယူပြီး သားကောင် ရှာရန် ထွက်ခဲ့လေသည် ။
အိမ်နှင့် မနီးမဝေးသို့ ရောက်သောအခါ သားကောင် အချို့ကို တွေ့ရလေသည် ။ ထို့ အပြင် အလွန်ကြီးသော ဝက်ဝံခြေရာများ ကိုပါ တွေ့ရသဖြင့် အက်စကီမိုကလေး ထိတ်လန့်မိသေး၏ ။ ဝက်ဝံကြီးများမှာ အဆမတန် ကြီးမားသောကြောင့် သူ့ အနေနှင့် ဖမ်းဆီးနိုင်မည် မဟုတ်သည်ပြင် အသက်ကို ရန်ရှာမှာပင် စိုးရိမ်ရသည် ။
အက်စကီမိုကလေးသည် နောက်သို့ အသာဆုတ်၍ မြားနှင့်လေးကို အဆင်သင့် ချိန်ကာ ငြိမ်နေ၏ ။ ထို့နောက် ရေခဲပြင် တစ်နေရာမှ အဖြူရောင်ရှိသည် မြေခွေး တစ်ကောင်ကို လေးဖြင့် ပစ်လိုက်လေသည် ။
အက်စကီမိုကလေးသည် အရွယ် မရောက်သေးသော်လည်း တံငါနားနီး တံငါ ၊ မုဆိုးနားနီး မုဆိုး ဆိုသကဲ့သို့ သားကောင် ဖမ်းရာ၌ အလိုလို ကျွမ်းကျင်လာလေသည် ။
ထိုအချိန်တွင် အလွန် ကြီးသော ဝက်ဝံကြီး တစ်ကောင်သည် သူ့ရှေ့ တည့်တည့်မှ မျက်နှာချင်းဆိုင်၍ လာနေသည်ကို တွေ့ရ၏ ။ သူသည် ရဲရင့်သောသူ ဖြစ်သော်လည်း သူ၏ လေးနှင့် မြားသည် မဖြစ်စလောက် မျှသာ ဖြစ်သည် ။ ထိုသတ္တဝါကြီးအား မတွန်းလှန် ၊ မသ,တ် ဖြတ်ဝံ့သဖြင့် လက်ထဲမှ လေးနှင့် မြေခွေးငယ်ပါ လွတ်ကျသွားပြီး သူ ကိုယ်တိုင်လည်း ကျောက်နံရံတစ်ခုကို ကျောပေးကာ မျက်လုံးများကို စုံမှိတ်ထားလိုက်မိသည် အထိပင် ကြောက်လန့်သွား၏ ။
ကျယ်လောင်သော အော်ဟစ်သံကြီး တစ်ခု ကြားရသဖြင့် သူ၏ မျက်လုံးများပြန်ပွင့် လာသည် ။ အံ့ဩစရာ ကောင်းခြင်းမှာ ထိုသတ္တဝါကြီးသည် အော်ဟစ်ပြီး သူ့ထံ ချဉ်းကပ်လာခြင်းဖြစ်၏ ။ အမှန်မှာ ထိုသတ္တဝါကြီးအား အက်စကီမိုကလေး၏ ဖခင်က မြားနှင့် ခွင်းလိုက်သောကြောင့် ဒဏ်ရာရသွားလေပြီ ။ ထိုကဲ့သို့ ဒဏ်ရာရသွားမှ သတ္တဝါကြီးသည် ပို၍ ဒေါသထွက်လာပြီး သူ့ထံသို့ လက်သည်းကြီးများ ထုတ်ကာ တရွေ့ရွေ့ လာနေပြန်သည် ။ အက်စကီမိုကလေး၏ ဖခင်က ဒုတိယအကြိမ် ပစ်လိုက်ပြန်၏ ။ မြားဒဏ်ရာများကြောင့် ထိုသတ္တဝါကောင်ကြီးသည် ရေခဲပြင်ပေါ်သို့ လဲကျသွားပြီး ငြိမ်သက်သွားလေသည် ။
“ ငါ လိုက်လာတာ မင်း ကံကောင်းတာပဲ ။ နောက်တစ်ခါကျရင် ငါ့ မပြောဘဲ မင်း ဘယ်မှ မသွားရဘူး ”
အက်စကီမိုလေး၏ အဖေက ဆူပူ ကြိမ်းမောင်းလိုက်လေသည် ။ ထို့နောက် “ မင်း လည်း တစ်နေ့ကျရင် ငါ့လိုပဲ ကျင်လည်တဲ့ မုဆိုးကြီးတစ်ယောက် ဖြစ်မှာ မလွဲဘူးပဲကွ ” ဟု ထင်မြင်ချက် ပေးသေး၏ ။
“ ငါတို့ ပြန်ကြဦးစို့ ။ မင်းအမေ နဲ့ မင်းညီမလေးပါ ဒီကောင်ကြီးကို ဝိုင်းဆွဲမှ ဖြစ်မယ် ” ဟုဆိုကာ အိမ်သို့ပြန်ခဲ့ကြလေသည် ။
အိမ်သို့ ရောက်၍ အက်စကီမိုကလေးက သူကိုယ်တိုင် မြေခွေးတစ်ကောင် ပစ်၍ ရခဲ့ ကြောင်း ပြောသောအခါ သူ့ညီမလေးက မယုံပေ ။ သူ့လက်ထဲမှ မြေခွေးဖြူကလေး ကို ပြကာ သူ့အဖေက ထောက်ခံတော့မှ “ အစ်ကိုလေးက မခေပါလား ” ဟု ဆိုဖော်ရလာ၏ ။
တစ်ခဏမျှ ကြာသောအခါ လူကြီးများက ဝက်ဝံကြီးကို အရေခွံဆုတ်ကြသည် ။ အက်စကီမိုကလေးလည်း ကြွားဝင့်သော မျက်နှာဖြင့် သူ ပစ်ရခဲ့သော မြေခွေးအရေကို ဆုတ်ခွာနေလေသည် ။
ထို မြေခွေးတစ်ကောင် ရခဲ့ပုံကို အက်စကီမိုကလေးသည် သူ့ သူငယ်ချင်းများနှင့် တွေ့တိုင်း ပြောပြရသည်မှာလည်း အမောပင် ။
( ဘာသာပြန် )
〇 မင်းယုနိုင်
📖ရှုမဝ မဂ္ဂဇင်း
၁၉၅၇ ၊ ဩဂုတ်
No comments:
Post a Comment