❝ ငယ်ကျွန် ❞
( ကြူးနှစ် )
“ ကြက်ကု,လား ” ၏ နာမည်ရင်း ၊ နာမည်မှန်မှာ “ မောင်ကြည်အောင် ” ဖြစ်သည် ။ သို့သော် အများက သူ့ကို “ ကြက်ကု,လား ” ဟုသာ ခေါ်ကြသည် ။ ကိုယ့်ရပ်ကွက်မှာသာမက ဘေးပတ်ဝန်းကျင် ရပ်ကွက်သားတွေကလည်း သူ့ကို “ ကြက်ကု,လား ” အဖြစ်သာ သိကြသည် ။ စင်စစ်ကား ကြည်အောင် သည် ကြက်အရောင်းအဝယ် လုပ်သူလည်း မဟုတ် ၊ ကု,လားလူမျိုးတစ်ယောက်လည်း မဟုတ် ။ မြန်မာလူမျိုး လူငယ်ကျောင်းသားတစ်ယောက်သာ ဖြစ်ပါသည် ။ ရုပ်ရည်ကလည်း စိုးစဉ်းငယ်မျှ ကု,လား မဆန်ပါ ။ သူ့ရုပ်က ကရင်တိုင်းရင်းသားဆန်သည် ။ မေးရိုးကားကား ၊ ပါးဖုံးရိုး မောက်မောက် ဖြစ်သည် ။ အရပ်ပု ဂင်တိုသည် ။ ဘယ်လိုမှ ကု,လားလူမျိုးနှင့် မတူလှပါ ။ သို့သော် သူသည် ကြက်ကု,လားဟုသာ နာမည်ပြောင်နှင့် နာမည်တွင် ထင် ရှားနေသည် ။ ဘာကြောင့်လဲ ။
ထိုစဉ်က မောင်ကြည်အောင်တို့၏ ဒေသမှာ တစ်ကမ္ဘာလုံးရှိ ဘော်လီဘော အားကစားအဖွဲ့အစည်း အသီးသီးက သတ်မှတ်လက်ခံထားသော ဘော်လီဘော အားကစားစည်းမျဉ်း ၊ စံချိန်စံညွှန်းကိုကား ဖယ်ထုတ်ထား ခဲ့သည့် လောင်းတမ်းဘော်လီဘောပြိုင်ပွဲကလေးတွေ ရှိသည် ။ တရားဝင် ဘော်လီဘော စည်းမျဉ်းကို ‘ နေရှင်နယ်ဂရူး ’ National Rule ဟု ခေါ် ကြပြီး စည်းမျဉ်းအတိုင်း တစ်ဖက်လျှင် ကစားသမား ၆ ယောက် အပြည့် ကစား ယှဉ်ပြိုင်ကြလျှင် အဆိုပါ ‘ နေရှင်နယ်ဂရူး ’ ကို သုံးပါသည် ။ စည်း မျဉ်းအတိုင်း မဟုတ်ဘဲ ပြိုင်ဘက်လေးယောက်ချင်း ၊ သုံးယောက်ချင်း ၊ နှစ် ယောက်ချင်း ၊ လေးယောက်နှင့် သုံးယောက် ၊ သုံးယောက်နှင့် နှစ်ယောက် စသည်ဖြင့် လက်ရည်အနိမ့်အမြင့်အလိုက် သင့်တော်သလို စပ်ဟပ်ဖက် ပြိုင်ကြသောအခါ နေရှင်နယ်ဂရူး ကို မသုံးစွဲတော့ပါ ။ စည်းမျဉ်းထဲမှာ မပါရှိသော နည်းနာနိဿယတွေကို သုံးကြသည် ။ ထိုလောင်းကစား ဘော်လီဘောပွဲမျိုးကို ‘ ကြက်ပွဲ ’ ဟု ဘန်းစကားဖြင့် ခေါ်သည် ။
“ လူမစွမ်း ၊ နတ်မ ” ဟုခေါ်ရမည်လားမသိ ။ ပုကွကွ ၊ ဂင်တိုတို သေးညှက်ညှက် ကြည်အောင်သည် ကျောင်း၌ စာညံ့သည် ။ မိဘတွေကလည်း ရရစားစား ၊ ဝါးဝါးမျိုမျို ဆင်းရဲသည် ။ ကြည်အောင်သာ ‘ ကြက်ပွဲ ’ တွေမှာ စွမ်းရည်မပြနိုင်ခဲ့လျှင် ဒီကောင် လူရာဝင်မှာ မဟုတ်တော့ ။ အမွှမ်းတင်ရလျှင်တော့ ကြည်အောင်သည် ဘော်လီဘောအားကစား ( ကြက်ပွဲ ) မှာတော့ ပါရမီထူးသည်ဟု ဆိုရမည် ။ “ လစ်ဖတာ ” Lifter ခေါ် ‘ အထောင်သမား ’ ( သို့မဟုတ် ) ကြက်ပွဲများတွင် နောက်လိုက် ၊ အဆယ်သမား ၊ အတင်သမား နေရာများ၌ ကစားရာတွင် ကြည်အောင့် ကို မီသူ မရှိ ။ ဘော်လီဘောအသင်း တစ်သင်း၏ အခရာ အကျဆုံး ‘ အရိုက်သမား ’ Smasher က တစ်ဖက် အသင်းခုခံကာကွယ်ခြင်း မပြုနိုင်အောင် တိတိကျကျ အားပါပါ ရိုက်ချ ၊ ခုတ်ချ ၊ ပုတ်ချနိုင်ရန် လေထဲမှာ ဘောလုံးကို ကောင်းစွာ တည်ပေးနိုင်မည့် ‘ အထောင်သမား ’ ကောင်းကောင်း လိုအပ်သည် ။ အထောင်သမား ညံ့လျှင် အရိုက်သမားက မိုးပျံအောင် တော်နေစေကာမူ ဘာမျှမလုပ်နိုင် ၊ လုပ်ခွင့် မရ ။ ‘ အထောင်ချန်ပီယံ ’ ဖြစ်သော ကြည်အောင်သည် လောင်းကစား ဘော်လီဘောပွဲကလေးများတွင် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်လာရလေ တော့သည် ။
လောင်းကစားပွဲ ဖြစ်၍ ငွေရင်းစိုက်ထုတ်ပြီး ကစားကြရသည့်အခါ ငွေရင်း မရှိသော ကြည်အောင် ကတော့ ‘ လူ ’ ရင်းစိုက်၍ ကစားသည် ။ သူ့ အတွက် လောင်းကြေး စိုက်ပေးသူက သူတို့ ဘက်က အနိုင်ရလျှင် ကြည်အောင် ကို ‘ အော်နာ ’ ပေးသည် ။ အော်နာကို ဘောက်ဆူး ဟု ခေါ်မလား ၊ ကရုဏာ ကြေးဟု ခေါ်မလားသိ ။ ကြည်အောင်တို့ ဘက်က ရှုံးလျှင်တော့ ကြည် အောင် လာဘ်ပိတ်ပြီး “ ဒီဂျပု ညံ့လို့ ရှုံးတာ ” ဟုပင် အဆဲခံရပါသေး၏ ။ ကြည်အောင်သည် နိုင်လျှင် ပြုံး၍ ရှုံးလျှင် မှိုင်တတ်သော လူစားမျိုး မဟုတ် ။ ကြည်အောင်က ယခုပွဲ ရှုံးလျှင် နောက်ပွဲ နိုင်အောင် ကစားမည် ။ ယခုပွဲနိုင်လျှင် နောက်တစ်ပွဲလည်း နိုင်အောင် ကစားမည်ဟု စိတ်ဆုံးဖြတ်ထားသည့် အကျင့်ရှိသည် ။ သူ၏ အန္တိမရည်မှန်းချက်ကတော့ ကစားပွဲ သိမ်းလျှင် သူ့အိတ်ထဲမှာ မုန့်ဖိုးပဲဖိုးကလေး ပါသွားဖို့ပဲ ဖြစ်သည် ။ အနည်းဆုံး လက်ဖက်သုပ် တစ်ပွဲဖိုး ဖြစ်စေ ၊ ဂျင်း ( ချင်း ) သုပ် တစ်ပွဲဖိုး ဖြစ်စေရလျှင် ကြည်အောင် ကျေနပ်ပြီ ။
လက်ဖက် ဂျင်း ( ချင်း ) သုပ်က ဘယ်သူ့ဖို့လဲ ။ သူ စားဖို့တော့ မဟုတ် ။ အဖေနဲ့ အမေ စားဖို့လည်း မဟုတ် ။ သူငယ်ချင်းတွေ စားဖို့လည်း မဟုတ်ပါ ။ အိမ်က ညီငယ် ညီမငယ်တွေ အတွက်လည်း မဟုတ်ပါ ။
“ ကြည်အောင်ရေ ... ဒီည လက်ဖက်သုပ် စားရမှာလား ။ ဂျင်း ( ချင်း ) သုပ် စားရမှာလား ” ဟု နေ့စဉ်လိုလို မေးတတ်သူ တစ်ဦး ရှိသည် ။ ညနေ ၃ နာရီ ကျောင်းဆင်းချိန် လမ်းမှာ မေးလေ့ရှိခြင်း ဖြစ်သည် ။ သွင်ချိုအေး ... ။
“ ဒီည ... နင် ဘာစားချင်လဲ သွင်ချိုအေး ”
“ အင်း ... ဒီညတော့ လက်ဖက်သုပ် ကောင်းမယ်ထင်တယ် ”
“ အေး ... စိတ်ချ ၊ ငါ လက်ဖက်သုပ် ဝယ်ခဲ့ပေးမယ် ”
သွင်ချိုအေး၏ ‘ လိုဘ ’ ကို ဖြည့်ဆည်းပေးဖို့ ကြည်အောင်က အမြဲ အဆင်သင့် ရှိသည် ။ သူမတူသော ဇွဲလုံ့လဖြင့် အားထုတ်ရန် အမြဲအားမာန် တွေ ဖြည့်ထားသည် ။ သွင်ချိုအေး လိုသမျှကို လိုတရစေမည်ဟုပင် ကြည်အောင် အဓိဋ္ဌာန် ပြုထားသည် ။
သွင်ချိုအေးက ကြည်အောင်တို့ အိမ်နီးချင်း အသစ် ဖြစ်သည် ။ ကြည်အောင်နှင့် တစ်ကျောင်းတည်း ၊ တစ်တန်းတည်းမှာ ကျောင်းနေဖက်လည်း ဖြစ်သည် ။ လူမှုရေးအလွှာ အဆင့်ချင်းတော့ နည်းနည်း ကွာသည် ။ ကြည်အောင့် မိဘတွေက လက်လုပ်လက်စား ၊ လူနင်းပြားထက် သာရုံကလေး ။ သွင်ချိုအေး က ကွယ်လွန်သူ တပ်မတော်အရာရှိနှင့် ကတော်ကျ မုဆိုးမတို့ ၏ သမီးကြီး ။
လူကုံထံ အသိုင်းအဝိုင်းမှ လျှောကျလာသူတွေ ဖြစ်ကြသော်လည်း ကတော်ကျကြီးက ကတော်ဉာဉ် မပျောက်သေးသလို သွင်ချိုအေး ကလည်း သူ့ကိုယ်သူ ယခုထက်ထိ အရာရှိသမီး ဟူ၍ ကိန်းကြီးခန်းကြီး ဝင်သည့် စိတ်ထား ရစ်တွယ်နေဆဲ ဖြစ်သည် ။ ကတော်ကျကြီးက အိမ်နီးချင်းတွေကို အပေါ်စီးမှ ကြည့်မြင် ဆက်ဆံတတ်၍ ထိုအဘွားကြီးနှင့် စိတ်လိုလက်ရ တရင်းတနှီး ပေါင်းဖွဲ့လိုသူတွေ အနားမှာ မရှိ ။ မိတ်သင်္ဂဟ ခေါင်းပါး နေသည် ။ သွင်ချိုအေး ကလည်း ကျောင်းမှာကော အရပ်ထဲ မှာပါ မာန်ကလေး ခပ်ပါးပါးနှင့် လူတန်းစား ခွဲခြားဆက်ဆံလေ့ရှိသည် ။
ကြည်အောင် ကား ‘ မမီတဲ့ ပန်းကို တုံးခု၍လှမ်း ’ သော်လည်း သူ့တုံး က အဆွေးအပဲ့ကြီး ဖြစ်နေသည် ။ သို့သော် သွင်ချိုအေး ကတော့ လက်ကသုံး တောင်ဝှေး အဖြစ် ကြည်အောင်ကို အသုံးချ၍ ရသောကြောင့် ကျောင်းနေဖက် သူငယ်ချင်း အဖြစ် ဆက်ဆံသည် ။ ကတော်ကျကြီး ကလည်း သူ့ခြေဖဝါး အောက်ကို လျှိုဝင် လာခဲ့လို့ ကတော့ ကြည်ဖြူ ကျေနပ်ပြီးသား ။ နှစ်ကာလ ရှည်ကြာစွာ အိမ်ဖော် အစေအပါးနှင့် နေလာခဲ့သူ ဖြစ်၍ ယခု လစ်ဟာနေသော ကွက်လပ်မှာ ကြည်အောင့် ကို အစားထိုးရန် စိတ်ကူးရသည် ။ ပတ်ဝန်းကျင်က သမီးနှင့် မြူစားသည်ဟု စကားတင်း ဆိုလည်း ကတော် ( ဟောင်း ) ခင်မေအေး တို့က ဂရုမစိုက်ပေါင် ။
“ သွင်ချိုအေး ... နင်တို့ ရေထမ်းသမား ဆီက ရေဝယ် သုံးရတော့ ပိုက်ဆံ ကုန်နေမှာပေါ့ ။ နေ့တိုင်း ရေဖိုးက နည်းမှာ မဟုတ်ဘူး ။ နင်တို့ အစား ငါ နှမြောလိုက်တာဟာ ” ဟု ကြည်အောင် က အရိုးခံနှင့် စကား ခေါ်သည် ။
“ ငါတို့ တစ်သက်နဲ့ တစ်ကိုယ် ရေကို ကိုယ်တိုင် မခပ်ခဲ့ရဖူးဘူး ။ ငါ့မောင်လေးတွေ ကလည်း ငယ်ကြသေးတော့ ရေမထမ်းနိုင်ကြသေးဘူး ။ နင် ငါတို့ အိမ်အတွက် ရေထမ်းရောင်းမလား ။ နင် ပိုက်ဆံ ရတာပေါ့ ”
နံနက်ပိုင်း ကျောင်း မသွားမီ ကြည်အောင် သည် သွင်ချိုအေးတို့ မိသားစု ငါးယောက် အတွက် ရေထမ်းသမား ဖြစ်လာသည် ။ ဒေါ်ခင်မေအေး က ရေထမ်းရောင်းစားသူကို ပေးသော ဈေးနှုန်းအောက် လျှော့ပေး သော်လည်း ကြည်အောင် ဘာမျှ မပြော ။ ကျေနပ်သည် ။ သွင်ချိုအေးတို့ အိမ်သို့ ယခင် ကထက် ပိုပြီး တံခါးမရှိ ဓားမရှိ ဝင်ထွက်ခွင့် ရလာသဖြင့် သူ့ ရင်ထဲမှာ မကြုံစဖူး ထူးကဲသော ပီတိတွေ ခံစားလာရသည် ။ ကြည်အောင်က ရေထမ်းသမား အလုပ်သာ မကတော့ဘဲ သွင်ချိုအေး တို့၏ လက်တိုလက်တောင်း ကူဖော် လောင်ဖက် ခိုင်းဖတ် ဖြစ်မှန်းမသိ ဖြစ်လာ၏ ။ ကိစ္စမရှိ ၊ ကြည်အောင် ကျေနပ် ကြည်နူးရပါသည် ။
“ ဟေ့ကောင် ... မင်း ဟိုအိမ်မှာ ကျွန်သွားခံနေသဆိုကွ ” ဟု ကြည်အောင်၏ ဖခင် ယစ်ထုပ်ကြီးက ပြုံးတမဲ့မဲ့နှင့် သတိပေး လာသည် ။
“ မုဆိုးမ သားအမိတွေမို့ ကျွန်တော် ကူညီတာပါဗျာ ”
“ ငါ ကြားနေရတာ ကတော့ မင်းက ကောင်မလေးကို ပိုးကြေးပန်းကြေး မပေးနိုင်တော့ ပိုးကြေးပန်းကြေးအစား ခြေမြန်တော် ခိုင်းဖတ် လုပ်ပေးနေတာတဲ့ ”
“ သွင်ချိုအေးနဲ့ ကျွန်တော်နဲ့ ရင်းနှီးတာကို မနာလိုလို့ ပြောကြတာပါ ”
“ အေး ... ကြည့်လုပ် ၊ သမီးနဲ့ မညားဘဲ မအေမုဆိုးမကြီးနဲ့ ညားနေဦးမယ် ”
“ ဟာဗျာ ... အဖေ ကလည်း ”
ကြည်အောင့်ကို မည်သူက တားတား မည်ဝါက ကန့်ကွက်ကန့်ကွက် အောင်မြင်ကြမှာ မဟုတ်တော့ ။ သွင်ချိုအေးတို့ မိသားစုထဲမှာ သူက ပျော်ဝင် စွဲမြဲသွားပြီ ။
“ အဲဒီမုဆိုးမကြီးက စုန်းတတ်တယ်လို့ ပြောနေကြတယ် ။ ရွှေရင်ကျော်ဆရာ ဆရာ အောင်မိုး ကလည်း အဲဒီ မိန်းမကြီးကို သိပ်မသင်္ကာဘူးတဲ့ ။ မင်းလည်း စုန်းမကြီးရဲ့ အပင်း မိထားပြီနဲ့ တူတယ် ” ဟု မိခင်က ပြောဆိုလာသောအခါ ကြည်အောင်သည် အလန့်တကြား အမူအရာဖြင့် “ မဟုတ်က ဟုတ်ကတွေဗျာ ” ဟု အော်မိသည် ။
ကြည်အောင်၏ သူငယ်ချင်းတွေက “ ယောက်ျားဈေး ဖျက်သူ ” ဟု ဝေဖန် ရှုတ်ချကြသည် ။ ဘော်လီဘောကွင်း မှာလည်း ရပ်ကွက်သား ကစားဖော်တွေ က သမုတ်သယောင်ယောင်နှင့် မှိုချိုးမျှစ်ချိုး အမနာပ ပြောကြသည် ။ ကြည်အောင်က မတုန်မလှုပ် ၊ ကြံ့ကြံ့ခံ၍ နှုတ်ဆိတ်နေသည် ။
“ သွင်ချိုအေးက သေချာ ကြည့်ရင် ဒီလောက် မလှပါဘူးကွာ ။ တစ်နေ့ကျရင် သူ့အမေကြီးလို ပိန်ကပ်ကပ် ငါးခြောက်ပြား ဖြစ်သွားမှာပါ ။ မင်း ဘာကို ကြိုက်နေတာလဲဟင် ကြည်အောင် ၊ ဘာကို စွဲနေတာလဲ ”
“ မင်းကို မင်း ကိုဒါသများ မှတ်နေသလားကွ ။ ကိုဒါသ ကတော့ သူဌေးသမီး မပဋာ ကို ရခဲ့တာပဲ ။ မင်းကတော့ ကျန်ရစ်ဖြစ်မယ့်ကောင်ပါကွာ ။ သူတို့က အနံကြီးကွင်းကျယ်မျိုးတွေကွ ။ တစ်နေ့ကျ သွင်ချိုအေးက သူ့ အမေလို ကတော် ဖြစ်အောင်ပဲ လုပ်မှာ ။ အဲဒီကျ မင်းအသည်း ကွဲရမှာ ”
ကြည်အောင်နှင့် ပတ်သက်သမျှသော ခန့်မှန်းဝေဖန်ချက်အားလုံး တက်တက်စင်အောင် လွဲခဲ့ကြပါသည် ။ သူတို့၏ ထင်မြင်ချက် အားလုံး အကုန်မှား ခဲ့ကြသည် ။ သူတို့ လျှာတွေ အကုန် ဖြတ်ပစ်သင့်အောင် တလွဲတချော် ကပြောင်းကပြန် ဖြစ်ခဲ့ကြခြင်းပင် ။
နောက်တစ်နှစ်တွင်တော့ ကြည်အောင် က သွင်ချိုအေး ကို ခိုးပြေးလေသည် ။ မုဆိုးမကြီးက မျက်ရည်စက်လက်နှင့် ဟိုတိုင်သည်တော လုပ်ပြီး မှ “ သမီးကို မခွဲနိုင် ” ဟုဆိုကာ ကြည်အောင်တို့ စုံတွဲကို ပြန်လက်ခံသည် ။ သွင်ချိုအေးကို ရသော်လည်း ကြည်အောင်သည် တရားဝင်ကျွန် ဖြစ်သွားသည် ။ ရရာ အလုပ် ၊ ကြုံရာ အလုပ်တွေ ကျပန်း လျှောက်လုပ်ပြီး ရသမျှကို ဇနီးလက်ထဲ အကုန်အပ်သည် ။ အားလျှင် ရေထမ်း ၊ ထင်းခွဲ ၊ တံမြက်စည်း လှည်းရသေးသည် ။ သို့သော် ကြည်အောင်က သွားကလေး တဖြဲဖြဲနှင့် ပြုံးပျော်နေပါသည် ။
ကြည်အောင် က သ/မဆိုင်မှာ ကုန်ချိန် ၊ ကုန်ထမ်း ၊ ကုန်သယ် ၊ ကုန်ပို့ဝန်ထမ်းကလေး ဖြစ်နေစဉ် သွင်ချိုအေး က တက္ကသိုလ်ကျောင်းသူကြီး ဖြစ်သွားသည် ။ မကြာပါ ။ မိခင်မုဆိုးမကြီး သားအိမ်ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားချိန်၌ သွင်ချိုအေး တက္ကသိုလ် ဒုတိယနှစ်ကျောင်းသူဘဝမှာ ပညာရေး တိုးလိုးတန်းလန်းဖြင့် ကျောင်းထွက်လိုက်ရသည် ။ သွင်ချိုအေး ၏ မောင်ငယ် နှစ်ယောက်သည် အိမ်ထောင် အသီးသီး ကျပြီး အိမ်ထောင်တွေ ခွဲသွားကြသည် ။
“ ယောက္ခမ သေမှ အမွေရ ဆိုတာ ကြက်ကု,လားပဲကွ ။ ကြည့်စမ်း ... အခု ကြက်ကု,လားတို့ သွပ်မိုးပျဉ်ထောင်အိမ်ကြီးမှာ အိမ်ထောင်ဦးစီး ဧကရာဇ်ကြီး ဖြစ်သွားပြီ ”
ကြည်အောင်၏ ငယ်ပေါင်းသူငယ်ချင်း တစ်ဦး ထင်မြင်ချက် ပေးသလိုတော့ မဟုတ်ရပါ ။ ကြည်အောင် ဧကရာဇ်ကြီး မဖြစ်ရပါ ။ သူတို့အိမ်ထောင်မှာ ဧကရီဘုရင်မကြီး သွင်ချိုအေးက ကြိုးကိုင် အုပ်ချုပ်နေပါသည် ။ သွင်ချိုအေး က ( ... ) ဌာနရုံးတစ်ရုံးမှာ အထက်တန်းစာရေး ရာထူးလည်း ရနေပြီ ။ ကြက်ကု,လားကြည်အောင် ကတော့ ရှေးယခင်က အတိုင်း ရေထမ်း ၊ ထင်းခွဲ ၊ အမှိုက်လှည်း ။ သမီးကလေး နှစ်ဦးမှာ မအေ့ လက်ပေါ်မှာ ကြီးခွင့်မရဘဲ ဖအေ့ အုပ်ထိန်းမှု အောက်မှာသာ ပျော်ရွှင်စွာ ရှင်သန်ခွင့် ရလာခဲ့ကြသည် ။ ကြည်အောင်က မိန်းမထဘီနား ခိုစား ၊ မိန်းမနို့သက် ခံစို့လျက် မိန်းမ လက်ဝေခံဘဝ ရောက်နေရခြင်းကို မခံချိ ။ ကိုယ့်ငွေ ကိုယ် ရှာပြီး ရသောငွေကို ကိုယ့်စိတ်ကြိုက် သုံးချင်သည် ။ သွင်ချိုအေး နှင့် ညားကတည်းက ယောက္ခမ အိမ် ပါသွားပြီး ယောက္ခမ၏ ကျွန်လုံးလုံး ဖြစ်သွားဟန် ရှိသော ကြည်အောင့် ကို သူ့မိဘနှင့် ဆွေမျိုးအသိုင်းအဝိုင်းက စိတ်နာနာနှင့် ဖယ်ကျဉ် ထားလိုက်ကြခြင်း အတွက်လည်း ကြည်အောင် အုံပုန်းနာကျင် ကြေကွဲသည် ။
“ ကြက်ကု,လား ... ဒီနေ့ ဝိုင်းကောင်းမယ် ။ ရန်ကုန်ဒိုင် လာလိမ့်မယ်ကွ ”
လောင်းတမ်းဘော်လီဘောခေတ်က ကြက်ပွဲကစားခဲ့ကြသော ကြည်အောင်၏ ပေါင်းဟောင်းသင်းဟောင်းတွေမှာ ခေတ်ပြောင်း စနစ်ပြောင်း ကာလတွင် လောင်းကစားနည်း ပြောင်းသွားကြပြီ ။ “ ကျိတ်ဝိုင်း ” ( တိတ်တိတ်ပုန်း ဖဲဝိုင်း ) တွေမှာ ကျင်လည် နေကြသည် ။ ကြည်အောင် ကလည်း လောင်းကစားစိတ်ဓာတ်ကို ရိုးတွင်းခြင်ဆီထဲ လျှို့ဝှက်စွာ သွတ်သွင်း၍ မွေးမြူထားသူဖြစ်ရာ အားလပ်ခွင့်ရသည်နှင့် သွင်ချိုအေး ကို အကြောင်း အမျိုးမျိုး ပြပြီး ကျိတ်ဝိုင်းတွေ နောက် လိုက်သည် ။ မိန်းမ မသိအောင် ကုတ်ကတ် စုထားသော ငွေစကလေးတစ်ပဲ ခြောက်ပြားနှင့် ‘ ဘိုင်ပွတ် ... ပွတ် ’ သည် ။ မွေးရာပါ လောင်းကစားသမား ဖြစ်၍လား မသိ ၊ ကြည်အောင်သည် အနိုင်များပြီး အရှုံးနည်းသည် ။ ကြည်အောင်၏ အိတ်ကပ် ထဲမှ ငွေများသည် မသန့်ရှင်းမှန်း သွင်ချိုအေး သိသော်လည်း ဘယ်လို မသန့်ရှင်းမှန်းတော့ မသိ ။
“ နင်မဟုတ်က ဟုတ်ကတွေ လျှောက် လုပ်နေပြီ တူတယ် ။ နင် ဖဲရိုက် သလား ၊ ကြက်တိုက်သလား ၊ ငါ့ကို အမှန်အတိုင်း ပြောစမ်း ကြည်အောင် ”
“ ဘုရားပေးပေး ကျမ်းပေးပေး နင် ပြောတာမျိုး ငါ တစ်ခုမှ မလုပ်ဘူး သွင်ချိုအေး ။ ငါ့သူငယ်ချင်း တစ်ယောက်ရဲ့ ဒီဇယ် ၊ ဓာတ်ဆီအရောင်း အဝယ်လုပ်ငန်းမှာ ငါ ဝိုင်းလုပ်ပေးနေတာ ”
“ အဲဒီ ဆီမှောင်ခို အလုပ်ကလည်း ဥပဒေနဲ့ လွတ်ကင်းတာ မဟုတ်ဘူး ”
“ အိုကွာ ... အများ မိုးခါးရေ သောက်လို့မှ ကိုယ် မသောက်ရင် ကိုယ် အရူး ဖြစ်သွားမှာပေါ့ ။ မင်းမပူပါနဲ့ကွာ ။ ငါတို့က ပိုင်ပြီးသားပါ ”
ကြည်အောင်က မင်သေသေနှင့် လှိမ့်ပြီး များစွာ မကြာလှ ။ ကြည်အောင် တို့၏ ကျိတ်ဝိုင်းကို ရပ်ကွက်လူကြီးနှင့် ရဲတွေ ဝိုင်းဖမ်းရာ ကြည်အောင်တို့ တစ်အုပ်တစ်မကြီး အချုပ်ထဲ ဝင်သွားကြရတော့သည် ။ ‘ လူမစွမ်း နတ်မ ’ ဟု ဆိုခဲ့ပြီးပါပြီ ။ ကြည်အောင် ထောင်တန်းမကျခံရဘဲ ခံဝန်ချုပ် ၊ ဒဏ်ငွေ တို့ဖြင့် ပြန်လည် လွတ်မြောက်လာသည် ။ သွင်ချိုအေး ကို မည်သို့မျှ ဖုံးကွယ်ထား၍ မရတော့ ။
“ တစ်သက်လုံး တောက်လျှောက် ငါ ထိန်းထားခဲ့တဲ့ သိက္ခာတွေ ရေစုန် မျောရပြီ ကြည်အောင် ။ ငါ့ကွယ်ရာမှာ ဖဲသမားမယားလို့ ဝိုင်းခေါ် ကြတော့မယ် ။ ရုံးမှာလည်း ငါ မျက်နှာ မပြရဲတော့ဘူး ။ ငါ့မျက်နှာ ငါ ဓားနဲ့ သာလှီးပစ်လိုက်ချင်တယ်တဲ့ သိလား ။ သမီးကလေးတွေရဲ့ မျက်နှာကိုမှ မထောက်ဟယ် ... နင် လုပ်ရက်လိုက်တာ ”
သွင်ချိုအေးက နာနာကြည်းကြည်း ကြေကြေကွဲကွဲ ချုံးပွဲချ ငိုကြွေးနေသည့်တိုင် ကြည်အောင် ကတော့ မထုံတက်သေး ။
“ နင်ရတဲ့ လစာက မိသားစု စားဖို့ပဲ ရတာ ။ ဒီတော့ ငါ ငွေရှာရတယ် ဟ ။ အိမ်ကို ကြည့်လိုက်စမ်း ။ ဖန်နေချာ အသစ်တွေနဲ့ တောက်ပြောင်နေတာ ဘယ်သူ ရှာတာလဲ ။ နင့်ကိုယ်ပေါ်နဲ့ သမီးကလေးတွေ ကိုယ်ပေါ်မှာ ရွှေရောင်တဝင်းဝင်း ဖြစ်နေတာ ဘယ်သူ ဖန်တီးထားတာလဲ ။ နင် စဉ်းစားကြည့်စမ်းပါ သွင်ချိုအေးရာ ”
“ စဉ်းစားမနေတော့ဘူး ကြည်အောင်ရေ ။ ငါ့ဘဝက ဖဲသမားမယား ဖြစ်ပေမဲ့ ကံဇာတာ ပါလာလို့ ဖဲသမားမယား ဖြစ်ရတာ ။ ဒီတော့ ဖဲသမား မယားဘဝ နဲ့တော့ ငါ ရုံးမှာ မလုပ်တော့ဘူး ။ နင့်လုပ်စာကို ငါ ထိုင်စားမယ် ။ မိသားစု စားဝတ်နေရေး ဖူလုံတဲ့ အပြင် လူတန်းစေ့ နေနိုင်အောင် နင် ရှာကျွေးတော့ ”
“ စိတ်ချ .. ငါ ရှာကျွေးမယ် ။ သားကျွေးမှု မယားကျွေးမှု ရှာတဲ့ နေရာမှာ ကုသိုလ်တွေ ၊ အကုသိုလ်တွေ ၊ ငရဲတွေ ၊ နတ်ပြည်တွေ ရွေးနေဖို့ အချိန်မရှိဘူး ။ နင်တို့ သားအမိတွေ ဝဝစား ၊ လှလှဝတ် နေကြရပြီဆိုရင် ငါ ကျေနပ်တယ် ”
အလုပ်ထွက်မည်ဟု စိတ်လိုက်မာန်ပါ ပြောပြီးမှ ကြည်အောင် က အာမခံ ချက်ပေးလာသောအခါ သွင်ချိုအေး အကျပ်ရိုက် သွား၏ ။ စကားပြင်ခွင့် မသာတော့ ။ ထို့ကြောင့် ကျန်းမာရေး အကြောင်းပြပြီး သွင်ချိုအေး အလုပ်က ထွက်လေသည် ။
“ သွင်ချိုအေးတို့များ ကြည်အောင်နဲ့ မညားခင် ကတည်းကာ ခိုင်းစား လာတာ ။ အခု သမီးကလေးတွေ အပျိုဖော် ဝင်တော့မယ့် အချိန်ထိ ဂျပု ကြည်အောင်ကို ပိုင်ပိုင်နိုင်နိုင်ကြီး ခိုင်းစားတုန်းပဲဟေ့ ။ အခု ကြည့်ပါလား ။ ကြည်အောင့်ကို လောင်းကစားအလုပ်နဲ့ ခပ်တင်းတင်း ခိုင်းစားနေပြန်ပြီ ”
“ သွင်ချိုအေး အလုပ် လုပ်တုန်းက စိန်နားကပ်မှ မပန်နိုင်တာ ။ အခု စိန်နားကပ်တွေ ဘာတွေနဲ့အေ့ ”
မိန်းမသူတွေ၏ ဝေဖန်သံကို သွင်ချိုအေး မကြားနိုင်သော်လည်း ဒင်း ( သင်း ) တို့၏ မျက်နှာထားတွေ ၊ မျက်လုံးတွေကို ကြည့်ရုံနှင့် ဒင်း ( သင်း ) တို့တစ်တွေ၏ မစ္ဆရိယ စိတ်သဘောကို နောကျေအောင် သိလိုက်ပြီး ။ အိမ်မှာ အလှူအတန်း ၊ အကျွေးအမွေး နိုင်နိုင်လုပ် ။ အိမ်နီးချင်း သာပေါင်းညာစား တွေကို ရက်ရက်ရောရော ပေးကမ်းထားလိုက်လျှင် “ ဖဲသမားမယား ” ဟူ သော ပညတ်ကြီး ပျောက်ကွယ် လွင့်ပါးကာ သဘောကောင်း မနောကောင်း စေတနာရှင်ကြီး ဒေါ်သွင်ချိုအေး ဘဝသို့ ရောက်ရှိသွားရော မဟုတ်လား ။ ကြက်ကု,လားကြည်အောင်ကလည်း “ ကြက်ကု,လား ဖဲသမား ” မဟုတ်တော့ ။ ရပ်ကွက်သာရေးနာရေး အုပ်ချုပ်ရေးမှာ မပါဝင် မဦးဆောင်နိုင် သော်လည်း “ ကြေးရတတ်လူကြီးမင်း ဦးကြည်အောင် ” အဆင့်သို့ မြင့်တက် သွားသည် ။
တစ်ချီတစ်ကွေ့ မှာတော့ ကိုကြည်အောင် အတော်ကလေး အထိနာ သွားသည် ။ သွင်ချိုအေး၏ စိန်နားကပ် ၊ သမီးတွေ၏ လက်ဝတ်လက်စားတွေ အကုန် ပြုတ်ပြုတ်ပြုန်း သွား၏ ။ အဆစ်ပါ ကုန်ကြသည်မှာ အဖိုးတန် အိမ်ထောင်ပရိဘောဂများ ။ သွင်ချိုအေး “ လိုင်း ” ပြောင်းကာ ဘုရားတရား ဘက် လှည့်သွားသည် ။ လောကဓံကို အတန်အသင့် ရဲရင့်စွာ ရင်ဆိုင်နိုင်လာပြီ ။ ပတ်ဝန်းကျင်၏ အကြည့်တွေ ၊ အသံတွေကို သွေးအေးစွာ လျစ်လျူ ရှုနိုင်စွမ်းရှိလာခဲ့ပြီကော ။
ကြက်ကု,လား ကြည်အောင်တို့ ကတော့ လောကဓံကို ကပြောင်းကပြန် မှောက်လှန်ထားနိုင်စွမ်းရှိသည် ။ စီးပွားပျက်လည်း အပြုံးမပျက် ။ အိတ် မဖောင်းသော်လည်း စိတ်အခံက မပြောင်း ။ ကြက်ပွဲ ၊ ဘော်လီဘောသမားဘဝ ကတည်းက ရှုံးလျှင် ပြန်နိုင်အောင် ကစားမည် ၊ နိုင်လျှင် ထပ်နိုင်အောင် ကစားမည်ဟူသော အဓိဋ္ဌာန်နှလုံးသွင်းက အခိုင်အမာ ရှိပြီးသား ။ သို့ရာတွင် အကုသိုလ်ကံ အကျိုးပေး၏ လှည့်ဖြားကွေ့ကောက်တတ်သော သဘောကိုတော့ ကြက်ကု,လား မတွေးမိ ။
ကြက်ကု,လား ကြည်အောင်မှာ ဆံပင်ဖြူစ အရွယ် ရောက်လာခါမှ တိုက်ပွဲ တစ်ရာ အောင်ပွဲ မပါသော အညံ့ဆုံး အရှုံးသမား ဖြစ်လာသည် ။ ယောက္ခမ၏ အမွေအိမ်ကြီးကို ရောင်း၍ အိမ်ငယ် တစ်လုံးမှာ ပြောင်းနေရသည် ။ သမီး ကလေးတွေက ပညာမစုံ ၊ အရွယ်မတိုင်မီ အားကိုးရာ ရှာကြပြီး မိဘတွေ၏ ရင်ဝကို စုံကန်၍ ထွက်ခွာ သွားကြသည် ။ သွင်ချိုအေး တရားနှလုံး မသွင်းနိုင်ဘဲ အလူးလူး အလဲလဲ ငိုပွဲ ဆင်ခဲ့သော်လည်း ကြက်ကု,လား ကတော့ မတုန်မလှုပ် ကျောက်ဆစ်ရုပ် ။
“ လောလောဆယ် နိမ့်ပါးနေတယ် ။ မသောင်သာသေးဘူး ။ ဒါပေမဲ့ ဒီအခြေအနေ အတိုင်း အမြဲ မသွားပါဘူး ။ စင်ပေါ် ရောက်တဲ့ နေ့တွေ ရောက် လာဦးမှာပါ ” ဟု ကြက်ကု,လားကြည်အောင် က အရောင်အဆင်း ညှိုးမှိန် မွဲသွေ့စပြုလာသော ချစ်ဇနီးကို အားပေးတတ် ၊ မျှော်လင့်ချက်ပေးတတ် သည် ။
စင်စစ် ... ကြက်ကု,လားတို့ လင်မယား ထမင်းနပ်မှန် နေကြသည်မှာ သမီးနှစ်ယောက်၏ ထောက်ပံ့မှုနှင့် သွင်ချိုအေး၏ မောင်ငယ် နှစ်ယောက် က ကူညီမှုကြောင့်သာ ဖြစ်သည် ။ ကြက်ကု,လားမှာ ‘ ဝိုင်းကြီး ’ တွေ အနီးသို့ မကပ်နိုင် ။ ဝိုင်းကလေးတွေ အနီးမှာသာ ယောင်လည်လည်နှင့် ။ မထင်မရှား လက်ဝှေ့သမားဟောင်း ခေါင်းဖြူစွယ်ကျိုးကြီးတစ်ယောက် လက်ဝှေ့ ပြိုင်ပွဲ အားကစားရုံ အပြင်ဘက်က လက်ဝှေ့ပွဲ ပိုစတာတွေကိုသာ မော့ကြည့် နေရသည့် ပုံစံမျိုး ။
“ ကြည်အောင် ... ဟိုဘက်လမ်းက ဒေါ်တိုးရီတို့ နဲ့ ငါ ကျိုက်ထီးရိုး ဘုရားဖူး လိုက်သွားချင်တယ် ။ ငွေတစ်သောင်းလောက် အမြန် ရှာပေးစမ်းပါဟယ် ”
ဒေါ်သွင်ချိုအေး၏ တောင်းဆိုသံက အမိန့်ဆန်သည် ။ ကိုကြည်အောင် က ချွေချွေတာတာ သောက်ဖွာ နေရသော ဆေးပေါ့လိပ်တိုကို ပါးစပ်မှ ချွတ်ပြီး ဇနီးဘက်သို့ မျက်လုံး စွေကြည့်သည် ။
“ နင် ကျိုက်ထီးရိုးဘုရားကို နှစ်ခေါက်တောင် ရောက်ဖူးပြီးပြီ မဟုတ်လား ”
“ ဟုတ်တယ်လေ ကျိုက်ထီးရိုးတောင်ပေါ်ကို သုံးကြိမ်သုံးခါ တက်ခဲ့ ရင် ကြီးပွားချမ်းသာပြီ ဆိုတဲ့စကား နင်မကြားဖူးဘူးလား ။ ဒီတစ်ခါ ငါ ဘုရားဖူး သွားရင် သုံးကြိမ်ပြည့်ပြီ နားလည်လား ”
“ နင်ပြောတဲ့ အတိုင်းဆို ကျိုက်ထီးရိုးတောင်မှာ အထမ်းသမား လုပ်နေတဲ့ သူတွေ သူဌေးတွေ ဖြစ်ကုန်တာ ကြာလှပြီပေါ့ ။ သူတို့က သုံးခေါက် မကတော့ဘူး ။ အခေါက်သုံးရာလည်း မကတော့ဘူး ။ အခေါက်သုံးထောင် ကျော်ကုန်ပြီ ။ အခုထိ အထမ်းသမား လုပ်ရတုန်းပဲ မဟုတ်လား ”
“ နင် ကတ်တီးကတ်ဖဲ့ မပြောနဲ့ ။ ငွေရှာပေးမလား ၊ မရှာပေးဘူးလား ။ ဒါပဲပြော ”
သခင်မ၏ အမိန့်ရာဇသံကို လွန်ဆန်ရဲသူ မဟုတ်ရလေသော ကြက်ကု, လားကြည်အောင် ( ခေါ် ) ဖဲသမားကြည်အောင် ( ခေါ် ) ခေါင်းဖြူကြီး ကိုကြည်အောင်သည် သခင်မ အလိုရှိသော ငွေတစ်သောင်း ရအောင် ကြံဖန် ကြိုးစား၍ အူယားဖားယား ရှာဖွေရသည် ။ မိတ်ဆွေဟောင်းတွေ ထံမှာ ခြေသလုံး ဖက်ပါသော်လည်း အောက်ကျို့ရကျိုး မနပ် ။ သမီးတွေဆီ အမော တကော ပြေးရပြန်သည် ။
“ မေမေ ကျိုက်ထီးရိုးဘုရား သွားဖို့ဆိုပြီး သမီးတို့ တစ်ယောက်ကို ငွေတစ်သောင်းစီ ရှာပေးလိုက်ရပြီးပြီ ဖေဖေ ”
ကိုကြည်အောင် အမောဆို့ရာက “ ခက်ပြီ .... ဒုက္ခပဲ ” ဟုသာ ညည်းနိုင်ရှာသည် ။
မည်သို့ဆိုစေ ကိုကြည်အောင်မှာ သခင်မ၏ အမိန့်တော်မြတ် အတိုင်း ဦးဆွေးဆံမြည့် အမှုတော် ထမ်းရွက်ဖို့ စိတ်ပိုင်းဖြတ်ကာ ဒေါ်သွင်ချိုအေး၏ မောင်ငယ် ( သူ၏ ခပ်စိမ်းစိမ်း ရွှေယောက်ဖတော် ) တွေထံ မျောက်သေ ကလေး ပါးရိုက်ခံထားရသည့် မျက်နှာဖြင့် ယို့ယို့ကလေး ရောက်ရှိ သွားပြန် သည် ။ ယောက်ဖတွေက အစ်မကြီးထက် စာလျှင် ယောက်ဖကြီး အပေါ် ကရုဏာဖြင့် ချစ်ခင်လေးစားကြသည် ။ ငယ်ငယ်က တို့ယောက်ဖကြီး ထမ်းပေး ၊ ခပ်ပေးသည့် ရေကို ချိုးခဲ့ရရုံမက အိမ်သာမှာပင် သုံးခဲ့ရသေးသည် မဟုတ်ပါလား ။ သနားစရာ့ ယောက်ဖကြီး ။
“ မင်းတို့ မမကြီး စုန်းပူးသလိုလို နတ်ပူးသလိုလို ဖြစ်ပြီး ကျိုက်ထီးရိုးဘုရားမှာ ယတြာသွားချေမှ ဖြစ်မယ်လို့ ပြောတယ် ။ တခြားနည်း မရှိတော့ဘူးတဲ့ ။ ဒုက္ခပါပဲကွာ ဟူး ”
ယောက်ဖတွေက ကိုကြည်အောင်က “ နားထောင်ကောင်းအောင် ” ကလိမ်စေ့ ငြမ်းဆင် ပြောသည်ဟု အလွယ်တကူ ယုံကြည်ပြီး ရှောရှောရှူရှူပဲ ငွေထုတ် ပေးလိုက်ကြသည် ။ ကိုကြည်အောင်သည် ငွေစက္ကူတွေကို အိတ်ကပ်ထဲ ထည့်ရင်း “ ငါတော့ ယောက်ျားဖာသည် ဖြစ်မှန်းမသိ ဖြစ်နေ ပြီ ” ဟု မချိတရိတွေးမိသည် ။
လိုဘပြည့်သော အခါ ဒေါ်သွင်ချိုအေး မျက်နှာငွေလ ရွှင်ပျပျ ဖြစ်သွားသည် ။ မယား၏ အပြုံးအရွင်ကို တွေ့ရတော့ ကိုကြည်အောင် ပါ ယောင် ယမ်းပြီး ပျော်သလိုလို မြူးသလိုလို ဂနာမငြိမ် ဖြစ်သွားသည် ။
“ ကျိုက်ထီးရိုးကို ငါပါ လိုက်နိုင်ရင် ဘယ်လောက် ကောင်းမလဲ သွင်ချိုအေးရာ ”
“ အိုး ... တစ်ယောက် စရိတ်တောင် အနိုင်နိုင်ရယ် ။ နောက် ငွေပေါပေါများများ သုံးနိုင်မှ နှစ်ယောက်စလုံး သွားကြမယ် ” ဟု ဒေါ်သွင်ချိုအေး က သတိပေးလိုက်သောအခါ ကိုကြည်အောင် ခေါင်းငိုက်စိုက်ချကာ ငြိမ်သက်သွားသည် ။ လူ့ဘဝမှာ ဆုံးရှုံးမှု တစ်ခုပဲဟု သူ့ရင်ထဲမှာ တအုံ့နွေးနွေးခံစားမိ၏ ။
အမှန်တော့ ကျိုက်ထီးရိုးဘုရားဖူး မလိုက်ရခြင်းမှာ ဆုံးရှုံးမှု မဟုတ်ဘဲ ကံကောင်းခြင်း တစ်ရပ်သာ ဖြစ်ကြောင်း နောက်ပိုင်းမှာ နားလည်ခွင့်ရလာသည် ။
“ ငါ့ကို ကံဖယ်တာ ။ အို ... ဟုတ်သေးပါဘူး ၊ ဘုရားမတာ ” ဟုပင် ကိုကြည်အောင် ကတုန်ကယင် တွေးမိသည် ။
ဒေါ်သွင်ချိုအေးတို့ ဘုရားဖူးက အပြန် စီးလာသော ဘတ်စ်ကားကြီးသည် လမ်းခုလတ်မှာ မတော်တဆ တိမ်းမှောက်သည် ။ သေကျေသူ မရှိခဲ့ပါ ။ ဘုရားတန်ခိုးတော်ကြောင့်ဟု ဆိုကြသည် ။ ဒဏ်ရာရသူတွေ ထဲမှာ ဒေါ်သွင်ချိုအေး က အဆိုးဝါးဆုံး ဖြစ်၏ ။ အောက်ပိုင်း သေမတတ် ဖြစ်သွားသည် ။ မသေရသည်မှာ ဘုရားတန်ခိုးတော်ကြောင့်ဟု ပြောကြပြန်သည် ။ လူတော့ မသေပါ ။ သို့သော် ဆေးရုံဆင်း ကတည်းက ဒေါ်သွင်ချိုအေးသည် ဘီးတပ်ကုလားထိုင်ကလေးနှင့်သာ စံမြန်းရရှာတော့သည် ။ သမီးနှစ်ယောက်နှင့် ဆွေမျိုးအစုအဝေး ၊ မိတ်သင်္ဂဟအသိုင်းအဝိုင်းက ထောက်ပံ့ ကူညီကြသည် ။ သို့ရာတွင် ကိုကြည်အောင်က ဒုက္ခိတဇနီး အတွက် အဖော်အလှော် အစောင့်အရှောက် ငှားရမ်းနိုင်အောင် မစွမ်းသာခဲ့ ။
“ အဘွားကြီး အညစ်အကြေးကိစ္စ ဘယ်လို ဖြေရှင်းသလဲဗျ ဦးကြည်အောင် ”
မိတ်ဆွေဟောင်း အဘိုးကြီး တစ်ယောက်က စပ်စပ်စုစု လုပ်သည် ။ မေးစရာ ရှားလို့ဗျာ ဟု ငေါက်တော့မည့်ဟန် ပြင်ပြီးမှ ဦးကြည်အောင် စိတ်ကို လျှော့သည် ။
“ ကျုပ်ပဲ ကိုယ်တိုင် ဖြေရှင်းပေးရတာပေါ့လဗျာ ။ ငယ်လင်ငယ်မယား ပဲ ၊ ရွံစရာ မဟုတ်သလို ရှက်စရာလည်း မဟုတ်ပါဘူး ။ ဟုတ်ဘူးလားလဗျာ ”
“ ဒါပေါ့ဗျာ ... ဒါပေါ့ ။ ဒုက္ခိတလူမမာကို ပြုစုရတာ အလွန်ကုသိုလ် ရပါတယ်ဗျာ ” ဟု ဦးစပ်စုက လေကြော ရှည်နေသောအခါ ဦးကြည်အောင် က “ ခင်ဗျား ကုသိုလ် ယူချင်ရင် ကျုပ်အိမ် လာပြီး ကျုပ်မိန်းမကို ပြုစုပေးပါလား ” ဟု ပြောချင်လာသည် ။ သို့သော် မပြောဖြစ်ခဲ့ပါ ။
ဒေါ်သွင်ချိုအေးသည် ခန္ဓာကိုယ် အောက်ပိုင်း မသန်စွမ်းတော့သည့်တိုင် ယခင်ကအတိုင်း စားနိုင် အိပ်နိုင်သည် ။ ဦးကြည်အောင် ရှာဖွေ ငှားရမ်းပေး ရသော ဂန္ထဝင်ဝတ္ထုကြီးတွေကို တစ်အုပ်ပြီး တစ်အုပ် ဖတ် ၊ ကော်ဖီ တစ်ခွက်ပြီး တစ်ခွက် သောက်ရင်း အိမ်သာ မကြာခဏ တက်ရသည် ။ အိမ်သာ တက်လျှင် ဦးကြည်အောင်၏ အကူအညီ အချီအပွေ့ မပါဘဲ မဖြစ်ပြန် ။ ဘီးတပ်ကုလား တိုင်ပေါ် အတင်အချ ၊ အိပ်ရာပေါ် အဆင်းအတက် ကိစ္စတွေ မှာလည်း ဦးကြည်အောင်က ဖေဖေးမမ ခွန်စိုက်အားစိုက် ။
“ မိန်းမလူမမာကို ပြုစုရတဲ့ ယောက်ျားနာနီ ဆိုလို့ ကမ္ဘာပေါ်မှာ ငါဟာ ပထမဆုံး အမျိုးသားနာနီပဲ သွင်ချိုအေးရေ ” ဟု ဦးကြည်အောင်က နာကြည်း မှုကို ဖုံးကွယ်ရင်း ရယ်သံစွက်၍ ပြောသည် ။ ဒေါ်သွင်ချိုအေး ကတော့ တစ်ခေါင်းလုံး ဆံပင်ဖြူတွေ ဖွေးဖွေးလှုပ် နေသော ပုကွကွ အဘိုးကြီးကို ကြည့်ရုံသာ ကြည့်ပြီး ကော်ဖီကို ဖြည်းဖြည်းချင်း ကျိုက်ချလိုက်သည် ။ ယောက်ျားနေရာမှာ ဝင်ရောက် ခံစားနိုင်ခြင်း မရှိ၍လည်း ဒေါ်သွင်ချိုအေး ဘယ်လိုမှ စိတ်မပျက်ပါ ။
“ ဟေ့ ... ဟဲ့ ... ဒီမှာ ကော်ဖီပန်းကန် သိမ်းတော့ ကိုကြည်အောင် ”
“ အင်း ... အင်း ”
ဦးကြည်အောင် ကပျာကယာ ပြေးလာပြီး ကြွေရည်သုတ်ကော်ဖီ မတ်ခွက်ကြီးကို ဂရုတစိုက် လှမ်းယူသည် ။ ခြေလှမ်းမှ မပြင်ရသေးမီ နောက်ထပ် အမိန့်တစ်ရပ် ကျလာပြန်၏ ။
“ ငါ ရေချိုးချင်ပြီ ကိုကြည်အောင် ။ ရေအေးနဲ့ စပ်ဖို့ ရေနွေးကျိုထားပြီး ပြီလား ။ သိပ်မပူစေနဲ့ နွေးရုံကလေး စပ်နော် ။ ကြားလား ကိုကြည်အောင် ”
“ အမိန့်တော်မြတ် အတိုင်းပါ မဖုရား ။ အမိန့်တော်မြတ်အတိုင်းပါ ထိပ်တင်သခင်မဖုရား ... အမိန့်တော်မြတ် ... ဟာ ... နင့်မေကလွှား ... ကွဲပဟ ”
ဒေါ်သွင်ချိုအေး ဘက်လှည့်၍ ခေါင်းငုံ့ လက်အုပ်ချီဆဲမှာ လက်ထဲရှိ ကော်ဖီမတ်ခွက် ကြမ်းပေါ် လွတ်ကျကာ ‘ ဂွပ် ’ ခနဲ ကွဲသွားတော့ပြီတည်း ။
▢ ကြူးနှစ်
📖 မဟေသီမဂ္ဂဇင်း
မတ် ၊ ၂၀၁၂
No comments:
Post a Comment