❝ အကျည်းတန် ကံလှ ❞
( ပုံပြင် )
တစ်ခါတုန်းက တိဗက်ပြည်မှာ လူဆင်းရဲ လင်မယားရှိသတဲ့ ။ သူတို့မှာက သားကလေး တစ်ယောက်ထဲ ထွန်းကားတယ် ။ အဲဒီ သားကလေး ကလည်း မွေးလာကတည်းက နဖူးက မောက်မောက် ၊ နောက်စေ့က ချွန်ချွန်နဲ့ သိပ်အရုပ်ဆိုးတာပဲတဲ့ ။ မိဘဆိုတော့ သား ကလေးက ဘယ်လောက်ပဲ အရုပ်ဆိုးဆိုး သားဦးကလေး ဆိုတော့ ချစ်လိုက်တာမှ တုန်နေတာပဲတဲ့ ။ သားကလေး ကိုလည်း ယုယုယယနဲ့ ပြုစု ကျွေးမွေးသတဲ့ ။ ဒီလိုနဲ့ သားကလေးက တဖြည်းဖြည်းကြီးလာတော့ နွားကျောင်းသား အရွယ် ရောက်လာရော ။ နွားကျောင်းသား အရွယ် ရောက်တယ်ဆိုရင်ပဲ အဖေအမေကို နွားကျောင်းပြီး ကူညီသတဲ့ ။ တစ်နေ့လုံး နွားစားကျက်မှာ သွားပြီး နွားကျောင်းရင်း နွားစားကျက်နားမှာ ရှိတဲ့ တောင်ကုန်းကလေးပေါ် မှာ ထိုင်နေတတ်သတဲ့ ။ ဒီလိုနဲ့ နွားကျောင်းသားအရွယ်က လွန်ပြီး လူပျိုပေါက်ကလေး ဖြစ်လာတော့ တခြား လူပျိုတွေလို အိမ်ထောင်ရက်သားပြုချင်လာသတဲ့ ။ ဒါပေမယ့် အရုပ်က ဆိုးတော့ ငါ့အရုပ်နှယ် ဆိုးလိုက်တာ ။ ငါ့ကို ဘယ်မိန်းကလေးကမှ မျက်စောင်းတောင် ထိုး ကြည့်မှာ မဟုတ်ဘူးလို့ အားငယ် နေရှာသတဲ့ ။
တစ်နေ့ကျတော့ အိုင်ကလေး တစ်အိုင်နားက နွားစားကျက်တွေက မြက်ခင်းတွေ ပိုကောင်းတော့ အဲဒီ စားကျက် ရှိရာကို နွားတွေကို ပြောင်းပြီး ကျောင်းသတဲ့ ။ သူကတော့ နွားတွေကို စောင့်ရင်းရေအိုင်စပ်က သစ်ပင်ကြီးတစ်ပင်ကိုမှီပြီး တောင်ငေး မြောက်ငေးငေးနေတတ်သတဲ့ ။ ကံက အကျိုးပေးချိန် တန်လာတော့ တစ်နေ့မှာ တစ်ယောက်ထဲ ငေးနေတုန်း ကောင်းကင် ထဲက ဟင်္သာဖို တစ်ကောင်ဟာ ထိုးပြီး ဆင်းလာတာကို မြင်သတဲ့ ။ ဟင်္သာတွေရဲ့ ထုံးစံဟာ အဖိုအမ စုံတွဲ နေတတ်ပေမယ့် ဒီဟင်္သာက တစ်ကောင်ထဲ ဆင်းလာတော့ အရုပ်ဆိုးကလေးဟာ အံ့အားသင့်ပြီး ကြည့်နေသတဲ့ ။ ဟင်္သာ ကလည်း သူမြင်ဖူးတဲ့ ဟင်္သာတွေ ထက် အများကြီး ကြီးသတဲ့ ။ တစ်ကိုယ်လုံး ဟာလည်း ရွှေလိုဝင်းနေသတဲ့ ။ ဟင်္သာကြီး ဟာလည်း သူ ကြည့်နေတုန်းပဲ ရေအိုင်ကို လက်ယာရစ် သုံးပတ်ပတ်ပြီး ရေကူးသတဲ့ ။ တစ်ခါ ရေအိုင်ကို လက်ဝဲရစ် သုံးပတ်ပတ်ပြီး ကူးပြန်ရောတဲ့ ။ အဲဒီလို ခြောက်ပတ်တိတိ ကူးပြီးတော့ တဟုန်ထိုး ကောင်းကင်ထဲပျံတက်သွားလိုက်တာ တဖြည်းဖြည်းနဲ့ ပျောက်သွားရောတဲ့ ။
အရုပ်ဆိုးကလေးက ဒီဟင်္သာဟာ တယ် ထူးဆန်းပါကလားလို့ အောက်မေ့သတဲ့ ။ နောက်တစ်နေ့ကျတော့ ဟင်္သာကြီးများ လာဦးမလားလို့ တမျှော်မျှော်နဲ့ နေသတဲ့ ။ သူမျှော်တဲ့ အတိုင်းပဲ အချိန်ကျတော့ လာပြန်ရော ။ လာပြီးတော့လည်း မနေ့ကလိုပဲ အိုင်ထဲမှာ ခြောက်ပတ်ပတ် ရေကူးပြီး ပျံတက် သွားသတဲ့ ။ အဲဒီလိုပဲ နေ့တိုင်းနေ့တိုင်း ဟင်္သာကြီးဟာ အချိန်မှန်မှန် လာလာပြီးရေကူးသတဲ့ ။
တစ်နေ့ထက် တစ်နေ့ ဟင်္သာကြီးကို မြင်ဖန်များ လာတော့ အရုပ်ဆိုးကလေးဟာ ဟင်္သာကြီးကို ဖမ်းချင်တဲ့စိတ် ပေါက်လာသတဲ့ ။ ဒါနဲ့ပဲ အရုပ်ဆိုးကလေးဟာ စာမရီရဲ့ သားမွေးတွေကို ရှာပြီး ပိုက်ကွန်ကြီး တစ်ခု ယက်ရော ။ ပိုက်ကွန်ကြီး ကိုလည်း အိုင်တစ်ခုလုံးကို အုပ်မိအောင် ကြီးတဲ့ ပိုက်ကွန်ကို ယက်သတဲ့ ။ ပိုက်တန်းပိုက်စကလေးတွေကိုလည်း ကောင်းပေ့ဆိုတဲ့ မြင်းမြီးနဲ့ ချည်ထားသတဲ့ ။ အရုပ်ဆိုးကလေးဟာ အရုပ်သာဆိုးတာ ဇွဲတော့ အတော်ကြီးတာပေါ့ ။ သူလိုချင်တာကို ရအောင် မနားမနေ ကြိုးစားတဲ့ တစ်ချက်ပါပဲ ။ ပိုက်ကွန် ကြီးကို တစ်ယောက်ထဲ ပြီးအောင်ယက်တာပဲ ။ ပိုက်ကွန်ကြီး ပြီးတော့မှ ရေပြင်ပေါ်ကို ပိုက်ကြီး ဖြန့်လိုက်တာပေါ့ ။ မြင်းမြီးနဲ့ လုပ်ထားတဲ့ ပိုက်တန်းပိုက်နားကလေးတွေသာ ရေပေါ်မှာ ပေါ်လောပေါလောနဲ့ ပေါ်နေတယ် ။ ပိုက်ကွန် ကတော့ ရေအောက်ထဲမှာ နည်းနည်းကလေး အိပြီး ကျနေတာပေါ့ ။
ဒီလို ပိုက်ကွန်လည်း ထောင်ပြီးရော နက်ဖြန်ကျတော့ ဟင်္သာကြီးဟာ ခါတိုင်းလိုပဲ ပျံဆင်း လာပြန်သတဲ့ ။ ဟင်္သာကြီးဟာ အိုင်ကြီးကို လက်ျာရစ်ပတ်ခါ ရှိသေးတယ် ။ ခြေတစ်ချောင်းဟာ ပိုက်ကွန်ထဲ တိုးမိပြီးတော့ တဖျတ်ဖျတ်နဲ့ ရုန်းနေရတော့တာပေါ့ ။ ဒီတော့မှ အရုပ်ဆိုးကလေးဟာ အိုင်ထဲ ဆင်းသွားပြီး ဟင်္သာကြီးကိုဖမ်း ၊ ခြေနှစ်ချောင်းကို မြင်းမြီးနဲ့တုပ် ၊ နောက်ပြီး တော့ မြက်ခင်းပေါ်မှာ အသာကလေး ချထားပြီး တစိမ့်စိမ့် ကြည့်နေသတဲ့ ။ ဟင်္သာကြီးက လှ လည်း လှ ၊ ဝလည်း ဝတော့ ရုပ်ဆိုးက စဉ်းစားသတဲ့ ။ ဒီအကောင်ကြီးကို ငါ ဘယ့်နှယ် လုပ်ရပါ့မလဲ ။ အိမ်မှာ အလှမွေးထားဖို့ကလည်း အိုင်မရှိ ၊ သူ့ကိုလည်း အမြဲတမ်း ထိန်းမနေနိုင်ဘူး ။ အိမ်ကို ယူသွားပြီး သတ်စားရရင်တော့ ငါရော ၊ အဖေရော ၊ အမေအတွက်ရော ဒီဟင်္သာ ဆူဆူဝဝကြီးရဲ့ အသားဟာ တစ်နပ်စာ ဟင်းကောင်း ကျွေးကောင်းကလေး ပေါ်တော့မှာပဲ ။ ဒို့သားအဖတွေ ဟင်္သာသားကိုလည်း မစားဖူးသေးဘူး ။ ဝမ်းဘဲသား ထက်တော့ စားလို့ကောင်းမှာပဲလို့ စဉ်းစားသတဲ့ ။ ဒီလို စဉ်းစားနေတုန်း ဟင်္သာကြီးက ဗြုန်းဆို လူစကားပြောသတဲ့ ။ ရုပ်ဆိုးကလေးလည်း အမှတ်တမဲ့ တိရစ္ဆာန်က လူစကား ပြောတော့ လန့်သွားတာပေါ့ ။ ဟင်္သာ ကြီးက “ မောင်ရယ် ... ကျုပ်ကို မသတ်ပါနဲ့ ။ ဟို မြင်းမိုရ်တောင်ယံက နတ်မင်းကြီး တစ်ပါးပါ ။ ကျုပ်ဝါသနာက တစ်နေ့ကို တစ်ခါတစ်ခါ ဟင်္သာယောင် ဖန်ဆင်းပြီး လူ့ပြည်မှာ ရေချိုးချင်တဲ့ ဝါသနာရှိလေတော့ ဒီနတ်ရေအိုင်ကလေးကို နေ့တိုင်းလာတာပဲ ။ ကျုပ် ဒီအိုင်ထဲမှာ လှည့်ပတ်ပြီး ရေကူးရတာ သိပ်ပျော်တာပဲ ။ ကျုပ်ကို မသတ်ပါနဲ့ ။ အသက်ကို ချမ်းသာပေးရင် မောင့်ကို လိုချင်တဲ့ ဆုတွေ တစ်ပုံတစ်ခေါင်းကြီး ပေးပါ့မယ် ။ ရွှေလိုချင်သလား ၊ ငွေလိုချင်သလား ၊ ပုလဲ ၊ သန္တာ ၊ နီလာ ၊ ဂေါ်မုတ် ၊ မြ ၊ ပတ္တမြား ဘာတွေကို လိုချင်သလဲ ။ လိုချင်တာ မှန်သမျှကို မောင် လိုချင်သလောက် ကျုပ်ပေးပါ့မယ် ။ တစ်သက်လုံး မောင်စားဖို့ သောက်ဖို့ မပူရအောင်လည်း နေ့တိုင်းနေ့တိုင်း မြိန်နိုးရာရာ အစားအသောက်တွေ ကျုပ် ပို့ပေးပါ့မယ် ” လို့ ဟင်္သာကြီးက ပြောသတဲ့ ။ ဟင်္သာကြီးရဲ့ စကားကို ကြားတော့ ရုပ်ဆိုးက ဟက်ဟက်ပက်ပက် ရယ်ပြီးတော့ “ ခင်ဗျား ပြောတဲ့ ယုံတမ်းစကားတွေကို ကျုပ်က ယုံရမှာလား ။ ခင်ဗျား နတ်မင်းကြီး ဆိုတာကို ကျုပ်က ဘယ့်နှယ်လုပ် သိနိုင်ပါ့မလဲ ။ ကျုပ် အမြင်တော့ ခင်ဗျား ကျုပ်ကို အပေးနိုင်ဆုံး ဆုဟာ ခင်ဗျား ကိုယ်ပေါ်က အမွေးတွေပဲ ပေးနိုင်မှာပေါ့ ” လို့ ပြန်ပြောတဲ့ အခါမှာ ဟင်္သာကြီးက “ မောင်ရယ် ... ကျုပ်ကို မယုံမရှိပါနဲ့ ။ ကျုပ် ကိုသာ လွှတ်လိုက်ရင် ကျုပ် ကတိပေးတာထက် မကတာတောင် ကျုပ် ပေးဦးမှာပါ ” လို့ တောင်းပန်ပြန်သတဲ့ ။ ဒီတော့ ရုပ်ဆိုးကလေးက အပါးကလား ။ သူလိုချင်တာ သူ တောင်းတာပေါ့ ။ “ ကောင်းပြီလေ ... ဒီလိုဆိုရင် ခင်ဗျားနဲ့ ကျုပ်နဲ့ ဈေးဆိုင်ရတာပေါ့ ။ ကျုပ်က ရွှေတွေ ၊ ငွေတွေ ကျောက်မျက်ရတနာတွေ မလိုချင်ပါဘူး ။ ကျုပ်က မိန်းမလိုချင်တယ် ။ ခင်ဗျားက ကျုပ်ကို မယားတစ်ယောက် ပေးစားမယ် ဆိုရင် ခင်ဗျားကို လွတ်မယ် ” လို့ ပြောပြန်ရော ။ ဒီတော့ ဟင်္သာကြီးက “ အို ... ဒီလိုကိစ္စမျိုး ကတော့ ခဲယဉ်းတာ မှတ်လို့ပဲ ။ ကျုပ် ဘုံဗိမာန်မှာ သမီး သုံးယောက်တောင် ရှိတာကလား ။ မောင် ကြိုက်တဲ့တစ်ယောက် ရွေးယူပေါ့ ။ ကဲ ... ဘယ်သူ့ ကြိုက်သလဲ ။ အကြီးလား ၊ အလတ်လား ၊ အငယ်လား ၊ သင်ကြိုက်တာ ပြောပေတော့ ” လို့ မေးသတဲ့ ။ မိန်းမရမယ် ဆိုတဲ့ စကားကို ကြားတော့ ရုပ်ဆိုးလည်း ဖိုးကြိုက်တုံး ဖြစ်သွားတာပေါ့ ။ ဘယ်မိန်းကလေးကို ရွေးရပါ့မလဲလို့ စဉ်းစားသတဲ့ ။ အကြီးကတော့ ငါ့ထက် အသက်ကြီးမှာပဲ ... အငယ်ကတော့လည်း ငယ်ငယ်နှောင်းနှောင်းနဲ့ ကလေးစိတ် ပေါက်နေရင် အခက်ပဲ ။ အလတ်ကို ယူရင်တော့ အတော်ပါပဲလေ ” လို့ စဉ်းစားပြီးတော့ ဟင်္သာကြီးကို သမီးအလတ်နဲ့ ပေးစားဖို့ ပြောသတဲ့ ။ ဟင်္သာကြီးကလည်း “ ကောင်းပါပြီ ... မောင့်သဘောကျ အတိုင်းပေါ့ ။ ကျုပ် ပေးပြီးတဲ့ ကတိကို ကျုပ် မဖျက်ပါဘူး ။ နက်ဖြန်ခါ ဒီအချိန်မှာ ကျုပ်သမီး အလတ်ကို မောင့်ဆီ ခေါ်ခဲ့မယ် ။ ဒီနေရာကပဲ စောင့်နေတော့ ။ ဒါပေမယ့် တစ်ခု သတိထားရမယ် မောင်ရေ ။ နတ်နဲ့ လူသားနဲ့ဟာ အိမ်ထောင်ထိမ်းမြားမယ်ဆိုရင် နတ်တွေဟာ လူ့ပြည်မှာ လူ့အသက်နဲ့ ကိုးနှစ်သာ နေနိုင်တယ် ။ ကိုးနှစ် ပြည့်ရင် နတ်ပြည်ကို ပြန်လာလိမ့်မယ် ။ အဲဒီ အချက်ကိုတော့ မောင် ထည့် စဉ်းစားရလိမ့်မယ် ။ မောင်နဲ့ ကျုပ်သမီး နဲ့ဟာ ကိုးနှစ်သာ ပေါင်းရလိမ့်မယ် ” လို့ ပြောပြန်သတဲ့ ။ ရုပ်ဆိုးကလည်း မိန်းမရရင် ပြီးရော ဘယ်လောက်ပဲ ပေါင်းရပေါင်းရ ဆိုပြီးတော့ သဘောတူသတဲ့ ။ အဲဒီလို နှစ်ဦးသား ကျေနပ်ကြတော့ ရုပ်ဆိုးဟာ ဟင်္သာကြီးကို ကြိုးတွေ ဖြေပြီး ကောင်းကင်ကို ပျံတာပေါ့ ။ မိုးပေါ်မှာ ခဏလောက် ဝဲပြီး .. အတောင်ဆန့်နေသေးတယ် ။ နောက်တော့မှ တဟုန်ထဲ ကောင်းကင်ထဲ ပျံသွားလိုက်တာ ကြည့်နေရင်းကြည့်နေရင်း သေးသေးပြီး မျက်စိတဆုံး လည်း ကျရော ပျောက်သွားရော ရုပ်ဆိုးကလေးလည်း ညနေကျတော့ အိမ်ပြန်သွားတာပေါ့ ။ ဟင်္သာကြီးဟာ ဟိုကောင်းကင်ပြာကြီးထဲကိုပျံသွားပြီး သူ့ ဘုံဗိမာန်ကို ရောက်တယ် ဆိုရင်ပဲ ကိုယ်ရောင်တွေ တပြောင်ပြောင်နဲ့ နတ်မင်းကြီး ဖြစ်သွားတာပေါ့ ။ တစ်ခါထဲ သီဟသနပလ္လင်ကြီးပေါ်မှာ ထိုင်ပြီး သမီးသုံးယောက်ကို ချက်ချင်းပဲ ခေါ်လိုက်တယ် ။ သမီးတွေ ရောက် လာတော့ အကျိုးအကြောင်းတွေကို ပြန်ပြောပြပြီး သမီးအလတ်ကို လူသားနဲ့ အိမ်ထောင်ပြုဖို့ ပြင်ဆင်တော့လို့ အမိန့်ပေးတယ် ။ သမီးအလတ်လည်း ဗြုန်းဗြုန်းဒိုင်းဒိုင်းနဲ့ လူသားနဲ့ အိမ်ထောင်ပြုရမယ် ဆိုတဲ့ သတင်းကို ကြားတော့ အံ့အားသင့် သွားတာပေါ့ ။ ငိုလိုက်တာမှလည်း ကျူကျူပါအောင် ငိုတာပဲ ။ ဒါပေမယ့် ခမည်းတော်ရဲ့ အမိန့်ဆိုတော့ မငြင်းရှာပါဘူး ။ သူ့ ဝတ်ကောင်းစားလှတွေ ၊ ရွှေငွေတွေ ၊ ကျောက်သံပတ္တမြားတွေကို သိမ်းဆည်း ထုပ်ပိုးထား တော့တာပေါ့ ။
နောက်တစ်နေ့ကျတော့ ချိန်းထားတဲ့ အချိန်မှာ ရုပ်ဆိုးကလေးဟာ သူထိုင်နေကျ နေရာမှာပဲ ထိုင်ပြီး ဟင်္သာကြီး အလာကို စောင့်နေတာပေါ့ ။ ခါတိုင်း လာနေကျ အချိန်ကျတော့ ကောင်းကင်ထဲက ဟင်္သာကြီး ၊ ဟင်္သာငယ်ကလေး တစ်ကောင်နဲ့ အတူ ထိုးဆင်းလာတာကို တွေ့ရတယ် ။ မြေပေါ်လည်း ရောက်ရော ဟင်္သာတွေ ပျောက်ပြီး နတ်မင်းကြီးနဲ့ အင်မတန်လှပ တင့်တယ်တဲ့ သမီးတော်ကလေးဖြစ်လာတာပေါ့ ။ ရုပ်ဆိုးကလေးက သူ့အတွက်ကို မယား ချောချောလှလှကလေးတစ်ယောက်ကို နတ်မင်းကြီးက ရှာလာတော့ အင်မတန် ဝမ်းသာသွားတာပေါ့ ။ ဒါပေမယ့် နတ်သမီးကလေးကတော့ သူ့ကို လူသားနဲ့ ထိမ်းမြားမယ်ဆိုပြီး ပြိတ္တာနဲ့ များ ပေးစားမလို့လား ဆိုပြီး လန့်သွားတာပေါ့ ။ သူ့ခမည်းတော်ကိုလည်း ဒီလို ကြောက်စရာ ကောင်းတဲ့ လူသားနဲ့ မပေးစားဘဲ နတ်ဘုံနတ်နန်းကို ပြန်ခေါ်သွားဖို့ ငိုယိုပြီး တောင်းပန်ရှာသတဲ့ ။ ဒါပေမယ့် နတ်မင်းကြီးက မင်းမှာ သစ္စာ ၊ လူမှာ ကတိတဲ့ ။ ခမည်းတော် ပေးပြီးတဲ့ ကတိ ကို မဖျက်တော့ဘူးလို့ ဆိုပြီးတော့ မင်းသမီးကလေးကို ထားပစ်ခဲ့တယ် ။ သူလည်း တစ်ခါထဲ ဟင်္သာယောင် ဖန်ဆင်းပြီးတော့ ကောင်းကင်ထဲ ပျံတက်သွားတော့တာပေါ့ ။
အရုပ်ဆိုးကလေးကလည်း သူ့မယားလောင်း ချောချောကလေးကို လက်တွဲပြီး တော့ အဖေအမေအိမ်ကို ခေါ်သွားသတဲ့ ။ နောက်နေ့ကျတော့ သူတို့ ထုံးစံအတိုင်း မင်္ဂလာ ဆောင်လိုက်ကြတာပေါ့ ။ လင်ရယ် ၊ မယားရယ်လို့ ဖြစ်လာတော့လည်း နတ်သမီးကလေးဟာ သူ့တန်ခိုးနဲ့ နန်းတော် လှလှကြီးကို ဖန်ဆင်းလိုက်သတဲ့ ။ နန်းတော်ထဲမှာလည်း စည်းစိမ်ခံစား နိုင်ဖို့ လိုလေသေး မရှိအောင် ဖန်ဆင်းထားသတဲ့ ။ အခြွေအရံတွေ ၊ မြင်းတွေ ၊ ကျေးကျွန်တွေလည်း ဖန်ဆင်းလိုက်တာ တကယ့် ရှင်ဘုရင့်နန်းတော်ကြီးလိုပဲတဲ့ ။ ဒီတော့ ရုပ်ဆိုး လင်မယားရယ် ၊ သူ့ အဖေ ၊ အမေရယ် ၊ လေးယောက်သားဟာ တပြုံးပြုံးနဲ့ပေါ့ ။ ပျော်ပျော်ပါးပါး နေကြရသတဲ့ ။ ရုပ်ဆိုးကလေးကလည်း ဩော် ... ငါ အရုပ်ဆိုးပေမယ့် ငယ်ငယ်ကတည်းက မိဘကို လုပ်ကျွေး ပြုစုခဲ့လို့ မယား ချောချောလည်း ရ ၊ စည်းစိမ်ချမ်းသာနဲ့ လည်း နေရတယ်လို့ မိဘကျေးဇူးကိုတွေးတောပြီး မိဘကို ပိုမို ရိုသေလုပ်ကျွေးပြုစုရှာသတဲ့ ။
ဒီလိုနဲ့ပဲ တစ်နှစ်က နှစ်နှစ် ၊ နှစ်နှစ်က သုံးနှစ် ကျော်လာတော့ နတ်သမီးလေးဟာ သူ့လင်ကို တဖြည်းဖြည်း ချစ်လာသတဲ့ ။ အရုပ်ဆိုးတာတွေ ၊ ပြိတ္တာနဲ့ တူတာတွေ ပျောက်ကုန် သတဲ့ ။ ( ဒီလို အချစ်မျိုးပေါ့ ခင်ဗျာ ... ညားပြီးမှ ချစ်တယ် ဆိုတဲ့ အချစ်မျိုးဆိုတာ ။ ) ချစ်ရုံတင် မကပါတော့ဘူး ခင်ဗျာ ။ နတ်သမီးကလေးဟာ နောက်ကျတော့ ရုပ်ဆိုးကို မခွဲနိုင် မခွာရက် လောက်အောင်ပဲ စွဲနေတော့တာပေါ့ ။
အချိန်တွေ တဖြည်းဖြည်း စားစား သွားလိုက်တာ နောက်ဆုံး ကိုးနှစ်လောက် ကြာသွားတာပေါ့ ။ နတ်သမီးကလေး လူ့ပြည်မှာ နေဖို့ သက်တမ်းလည်း ကုန်တော့တာပေါ့ ။ ဒါပေမယ့် ရုပ်ဆိုးကလေး ကတော့ သူ့မယားဟာ သူ့ကို ဒီလောက်တောင် ချစ်နေမှဖြစ်ရင် နတ်မင်းကြီးဟာ သူတို့ ချစ်ခြင်းကို ခွင်းပစ်မယ်လို့ မထင်ဘူးပေါ့ ။ နတ်မင်းကြီးက အစတုန်းက ငါ့ကို သူ့သမီးက မချစ်ဘူး အောက်မေ့လို့ ကိုးနှစ်သာ ပေါင်းရမယ်လို့ ပြောတာနဲ့ တူပါတယ်လို့ အောက်မေ့သတဲ့ ။ ဒါနဲ့ပဲ ကိုးနှစ်ပြည့်တဲ့ညမှာ ခါတိုင်းလိုပဲ အိပ်ရာဝင်တာပေါ့ ။ အိပ်ခန်းဆောင်ကြီးဟာလည်း ဖယောင်းတိုင်တွေ ၊ ဆီမီးတွေ ၊ တန်ဆောင်တွေနဲ့ လင်းလို့ ။ သူတို့ လင်မယား ကိုယ်မှာလည်း ပိုးတွေ ၊ ကတ္တီပါတွေ ဖဲတွေ ဝတ်လို့ ။ အခြွေအရံတွေ ကလည်းဝတ်ကြီးဝတ်ငယ် ပြုလို့ ။ တကယ့် နတ်မင်း စည်းစိမ်မျိုးကို ခံစားလို့ပေါ့လေ ... ။
တစ်ညလုံးလုံး ရုပ်ဆိုးကလေးဟာ နှစ်နှစ်ခြိုက်ခြိုက် ဇိမ်ခံပြီး ခါတိုင်းလိုပဲ အိပ်မော ကျနေတာပေါ့ ။ မနက်မိုးလင်းလို့ အိပ်ရာက နိုးတော့ အရုပ်ဆိုးကလေးမှာ အရူးတစ်ပိုင်း ဖြစ်သွားတာပဲတဲ့ ။ ဘာဖြစ်လို့လဲ ဆိုတော့ သူအိပ်တဲ့ အဆောင်ကြီးဟာ ပျောက်ခြင်းမလှ ပျောက်သွားတာကို တွေ့ရသတဲ့ ။ မယားရော ၊ ကျေးတွေကျွန်တွေရော ၊ တစ်ယောက်မှ မရှိတော့ဘူးတဲ့ ။ သူ ကိုယ်တိုင်လည်း မြေကြီးပေါ်မှာ ကောင်းကင်ကြီးကို မျက်နှာမူပြီး အိပ်ရာက နိုးနေတာကို တွေ့ရသတဲ့ ။ သူ ရောက်နေတဲ့ နေရာကတော့ သူနဲ့ ဟင်္သာကြီးနဲ့ ပထမဆုံး တွေ့ခဲ့တဲ့ ရေအိုင်စပ်နားကို ရောက်နေသတဲ့ ။ ဒီတော့ ရုပ်ဆိုးကလေးဟာ အိပ်မက်မက်သလို မယားချောကလေးနဲ့ စည်းစိမ်ကြီးနဲ့ ကိုးနှစ်သာ စံပြီး ဗြုန်းဆို ပျောက်ခြင်းမလှ အကုန် ပျောက်ကုန်တော့ မထူးပါဘူးဟယ် ။ သူနဲ့ မပေါင်းရရင်တော့ သေတာပဲ အေးတာပဲ ။ သူ့ကို မတွေ့မချင်း အသက်စွန့်ပြီး လိုက်ရှာမယ်လို့ စဉ်းစားပြီးတော့ ရောက်ရာပေါက်ရာ ထွက်သွား သတဲ့ ။ သူ့ဟာ သူလည်း ဘာလုပ်နေမှန်း မသိဘူးပေါ့လေ ။ စိတ်ညစ်ညစ်နဲ့ ခြေဦးတည့်ရာသာ စွတ်ပြီး ထွက်သွားတာတဲ့ ။
ဒီလိုနဲ့ သွားရင်းသွားရင်းက သူ နေတဲ့ နယ်ကိုလွန် ၊ မရောက်ဖူးတဲ့ အရပ်တွေရောက် ၊ တောတွေ တောင်တွေကျော်နဲ့ သွားနေလိုက်တာ တစ်နေ့ကျတော့ မွန်းတည့်ရှိန်ရှိန်ကြီးမှာ ပင်လယ်ကမ်းစပ် တစ်ခုကို ရောက်သွားပါလေရောတဲ့ ။ အဲဒီ ပင်လယ်ကမ်းစပ်မှာလည်းပဲ ကျောက်ဆောင်ကြီး တစ်ဆောင် ရှိသတဲ့ ။ ကျောက်ဆောင်ကြီး ကလည်း မြင့်လိုက်တာမှ ကျောက်တောင်ကြီးလောက်ကို မြင့်သတဲ့ ။ အဲဒီ ကျောက်တောင်ကြီးရဲ့ ခါးပန်းမှာ ငှက်သိုက်ကြီး တစ်ခုကို ရုပ်ဆိုးကလေး မြင်တာကိုး ။ ဒါနဲ့ ဒီလောက်ကြီးတဲ့ အသိုက်ကြီးထဲမှာ ဘယ်လို ငှက်မျိုးများ နေပါလိမ့်မလဲလို့ အံ့ဩပြီး ငေးနေသတဲ့ ။ တဖြည်းဖြည်းနဲ့ သေသေချာချာ ကြည့်တော့မှာ ဂဠုန်ကလေး သုံးကောင်ကို မြင်တာကိုး ။ ဂဠုန်ကလေးတွေ ဟာလည်း သူတို့ အဖေအမေ အစာ သွားရှာနေတော့ တကျိကျိနဲ့ အော်နေသံ ကိုလည်း ကြားရသတဲ့ ။ ဒီလို ငှက်ကလေးတွေကို ငေးကြည့်နေတုန်းမှာ ငှက်ကလေးတွေဟာ ဝရုန်းသုန်းကား ဖြစ်နေတာကို မြင်သတဲ့ ။ ငှက်ကလေးတွေဟာ ထိတ်ထိတ်လန့်လန့်နဲ့ အော်လိုက် ဟစ်လိုက် ၊ အတောင်ငုံးတိတိကလေးတွေကို တဖျတ်ဖျတ် ခတ်လိုက်နဲ့ ယောက်ယက်ခတ် နေသတဲ့ ။ ဒီလိုမြင်တော့ ထူးဆန်းပါတယ် ။ ဒင်းတို့ ကြောက်စရာ လန့်စရာ တစ်ခုခု မြင်လို့သာ ယောက်ယက်ခတ်တာ ဖြစ်မှာပဲလို့ ရုပ်ဆိုးက တွေးမိပြီး တောင်တောင်အီအီ လျှောက်ကြည့်တာပေါ့ ။ အဲဒီလိုကြည့်တော့မှ လား ... လား ... ပင်လယ်ထဲက ရှဲရှဲ ... ရှဲရှဲနဲ့ နဂါးကြီး တစ်ကောင်ဟာ ခေါင်းကြီးကို ရေပေါ်မှာ ထောင်ပြီးတော့ ကျောက်ဆောင်ကြီးဆီကို လာနေတာ တွေ့ရသတဲ့ ။ နဂါးနဲ့ဂဠုန်က ရန်သူကိုး ။ ဒီတော့ ဂဠုန်ကြီးတွေ မရှိတုန်းမှာဂဠုန်ငယ်ကလေးတွေကို နဂါးကြီးက စားမလို့ လာတာကိုး ။ ရုပ်ဆိုးကလေးက အရုပ်သာ ဆိုးတာ သတ္တိကလည်းကောင်း ၊ သနားတတ်တဲ့ စိတ်ကလည်းရှိတော့ တစ်ခါထဲ ဂဠုန်ကလေးတွေကို ကယ်ချင်တဲ့စိတ် ပေါက်လာရောတဲ့ ။ ဒီတော့ ဓားလွယ်ထဲက ဓားကို ဆွဲထုတ်ပြီး ကမ်းစပ်က စောင့်နေတာပေါ့ ။ နဂါးကြီးလည်း ကုန်းပေါ် တက်ရော ဓားကြီးကို ဘယ်ဘက် ညာဘက်လွှဲပြီး တအား ခုတ်ကရောတဲ့ ။ နဂါးကြီးကလည်း ဘာခံမလဲ ။ ပြန်ပြီး ပေါက်တာပေါ့ ။ ရုပ်ဆိုးက ဓားနဲ့ ခုတ် ၊ နဂါးက အစွယ်နဲ့ပေါက်နဲ့ နှစ်ယောက်သား သူတစ်ပြန် ၊ ငါ တစ်ပြန် ဖြစ်နေတာပေါ့ ။ ရုပ်ဆိုးကလေး ကံကောင်းတာက ဒီနဂါးက အငွေ့ရှိတဲ့ နဂါး မဟုတ်ဘူးတဲ့ ။ ရိုးရိုးမြွေလိုပဲ အဆိပ်ပဲရှိတဲ့ နဂါးမျိုးတဲ့ ။ အဲဒီလို သ,တ်ရင်းပုတ်ရင်းနဲ့ပဲ ရုပ်ဆိုးကလေးရဲ့ ဓားက ချက်ကောင်းကို မိလိုက်တော့ နဂါးကြီးဟာ လည်ပင်းပြတ်ပြီး သေသွားတာပေါ့ ။
နဂါးကြီးလည်း သေသွားရော ကောင်းကင်ပေါ်က မိုးချုန်းသလို ချုန်းတဲ့ အသံမျိုးကို ရုပ်ဆိုးကြားလို့ မော့ကြည့်လိုက်တော့ ဧရာမ အတောင်ကြီးတွေကို ဖြန့်ပြီး မိုးတစ်ခုလုံး မဲနေအောင် အုပ်ထားတဲ့ ဂဠုန်ကြီး နှစ်ကောင်ဟာ အစာရှာရာက ပြန်လာတာကို မြင်ရသတဲ့ ။ ဂဠုန်ကြီးတွေလည်း အသိုက်ထဲ နားကြရော သားတွေ သမီးတွေက သူတို့ ကံကောင်းလို့ မသေတဲ့ အကြောင်း ၊ တောင်အောက်က ပုတုကလေးက သတ္တိကောင်းလို့သာ သူတို့ သေဘေးက လွတ်တဲ့ အကြောင်းကို ဆူညံနေအောင် ပြောကြတာပေါ့ ။ ဒီတော့ ဂဠုန်ထီးကြီးက တောင် အောက်ကို ငုံ့ကြည့်ပြီးတော့ “ ကလေးတို့ အမေရယ် ဒီလို သတ္တဝါမျိုးများ အရင်က မြင်ဖူးသလား ” လို့ မေးသတဲ့ ။ ဂဠုန်မကြီး ကလည်း “ မမြင်ဖူးပါဘူး ကလေးတို့ အဖေရယ် ၊ ပုတုကလေးဟာ သတ္တိလည်း ကောင်းပုံရတယ် ။ စိတ်သဘောထားလည်း ကောင်းပုံရတယ် ၊ နှုတ်သီးတွေ ၊ လက်သဲတွေလည်း မရှိဘူး ။ အသိုက်ထဲ ဖိတ်ပြီးတော့ ကလေးတွေကို ကယ်တဲ့ ကျေးဇူးဆပ်ရရင် မကောင်းဘူးလားတော် ” လို့ပြန်ပြောသတဲ့ ။
ဂဠုန်ထီးကြီးက သူ့မိန်းမ စကားကို သဘောကျ လေတော့ ကမ်းခြေကို ထိုးဆင်းသွားပြီး ရုပ်ဆိုးကလေးကို ဖိတ်တာပေါ့ ။ ရုပ်ဆိုးကလေးက “ ကျုပ်တော့ လာချင်ပါတယ် ။ မပျံတတ်ဘူး ” လို့ ပြောတော့ ဂဠုန်ကြီးတွေက ကျောပေါ်တက် လိုက်ခဲ့လို့ ပြောပြီး အသိုက်ပေါ် ခေါ်သွားတာပေါ့ ။ အသိုက်ထဲ ကျတော့ .. ဂဠုန်ကလေးတွေက ဆီးပြီး နှုတ်ဆက်ကြ ၊အစားအသောက်တွေ ကျွေးကြ စားကြနဲ့ ဧည့်ဝတ်ကျေအောင် ဂဠုန်တွေက ပြုသတဲ့ ။ စားလို့ သောက်လို့ ပြီးတော့ ရုပ်ဆိုးကလေးက သူ့စွန့်စားခန်းတွေ နတ်မင်းတွေနဲ့ တွေ့တဲ့အကြောင်းတွေကို ပြောပြတော့ ဂဠုန်ထီးကြီးက “ အေး ... မင်း အကြောင်းတွေက တယ် ဝမ်းနည်းစရာ ကောင်းသကိုးကွ ။ စင်စစ်မတော့ မင်းကိစ္စမှာ တရား မမျှတဘူးလို့ ကျုပ်ထင်တယ် ။ တကယ်လို့ မင်းမယားကို စိတ်မကုန်သေးရင် ကျုပ် ကူညီတန်သလောက်တော့ ကူညီနိုင်ကောင်းရဲ့ အောက်မေ့တာပဲ ။ ကျုပ် အကြံပေးချင်တာက ကျုပ် ကျောပေါ်မှာ မင်းစီးပြီးလိုက်ခဲ့ ။ တိမ်ယံကို ဖောက်ပြီး နတ်မင်းကြီးရဲ့ ဗိမာန်ကို သွားကြမယ် ။ ဟိုရောက်တော့ မင်းကိုယ်တိုင် မင်းကိစ္စကို နတ်မင်းကြီးဆီ တင်ပြပေါ့ ။ တကယ်လို့ မင်းမိန်းမကို တွေ့ရရင်လည်း လူ့ပြည်ကို ပြန်လိုက်ဖို့ နားသွင်းပေါ့ကွာ ” လို့ ပြောသတဲ့ ။
ရုပ်ဆိုးကလည်း ဂဠုန်ကြီးရဲ့ အကြံအတိုင်း သဘောခွေ့ သွားတာပေါ့ ။ ဂဠုန်ကြီးက လည်း ချက်ချင်းပဲ ကျောပေါ် တင်ပြီး တိမ်ယံထဲကို တဟုန်ထိုး ပျံတက်သွားလိုက်တာ ရိပ်ရိပ် ... ရိပ်ရိပ်နဲ့ ကောင်းကင်ပြာကြီးထဲ ရောက်သွားတာပေါ့ ။ ရုပ်ဆိုးကလေးက အောက်ကို ငုံ့ကြည့်လိုက်တော့ ကမ္ဘာမြေကြီးဟာ သေးသေးငယ်ငယ် ဖြစ်သွားပြီးတော့ အစက်ကလေးလိုပဲ ထင်ရတယ် ။ ကြည့်ရင်း ကြည့်ရင်းပဲ အဲဒီ အစက်ကလေးဟာ ပျောက်သွားရော ။ သူနဲ့ ဂဠုန်ကြီးဟာ လဟာပြင်ကြီး ထဲမှာ ပျံသန်းနေကြသတဲ့ ။ ညနေ မိုးချုပ်ခါနီးကျမှ နတ်မင်းကြီး ဗိမာန်ကို ရောက်ကြသတဲ့ ။ ဂဠုန်ကြီးဟာ ကျောပေါ်က ပုတုကလေးနဲ့ ရွှေစိုင်ရွှေခဲကြီးတွေနဲ့ လုပ်ထားတဲ့ ဧရာမ တံခါးပေါက် မုခ်ဝကြီးထဲကို တန်းပြီး ဝင်သွားသတဲ့ ။ ဝင်သွားပြီးလို့ ညီလာခံ ရင်ပြင်ကျတော့မှ ရုပ်ဆိုးကို ကျောပေါ်က ချတော့တယ် ။ ညီလာခံ ရင်ပြင်မှာလည်း နတ်မင်းကြီးရော တခြား နတ်မင်းကြီးတွေရော စည်းဝေးနေကြသတဲ့ ။ ဂဠုန်ကြီးက လူသား တစ်ယောက်ကို နတ်မင်းကြီးတွေရဲ့ အလယ်ခေါင်ကို ချလိုက်တော့ နတ်မင်းကြီးတွေက နှာခေါင်း ရှုံ့ကြသတဲ့ ။ ဂဠုန်ကြီး ကိုလည်း “ အသင် ... သင့် အပြုအမူဟာ မဖွယ်ရာပါကလား ။ ကျုပ်တို့ ဗိုလ်ပုံအလယ် မှာ ဘယ့်နှယ် ဒီလူသားကို ခေါ်ခဲ့ရတာလဲ ။ လူသားတွေဟာ ကျုပ်တို့ အောက် ယုတ်ညံ့တဲ့ အကောင်တွေ ဆိုတာ အသင် သတိမူဖို့ ကောင်းပါ၏ ။ သူတို့ အနံ့ကိုလည်း ကျုပ်တို့ မခံနိုင်ဘူး ။ အသင်ဟာ နတ်ပြည်ကို မသိုးမသန့် ဖြစ်အောင် တယ် ... လုပ်ချင်တာကိုး ” လို့ ဝိုင်းပြီး ကြိမ်းကြ မောင်းကြတာကိုး ။
ဂဠုန်ကြီးက နတ်မင်းကြီးတွေ ဝိုင်းကြိမ်းတာကို မကြောက်ဘူးတဲ့ ရဲရဲတင်းတင်းပဲ ပြန်ပြောသတဲ့ ။ “ ဒီလူသားကလေးဟာ ရဲစွမ်းသတ္တိနဲ့ပြည့်စုံရုံသာမက ၊ စိတ်နှလုံးလည်း သနားကြင်နာတတ်တဲ့ စိတ်ရှိတယ် ။ ကျုပ်သားငယ် ၊ သမီးငယ်တွေကို နဂါးက သတ်စားမယ့်ဆဲဆဲ သူ့တစ်လက် ထဲနဲ့ နဂါးကို အသေသ,တ်နိုင်ခဲ့တယ် ။ ဘုမသိဘမသိနဲ့ ကျုပ် သားသမီးတွေရဲ့ အသက်ကို ကယ်လို့ ကျုပ်က သူ့ကို ဖိတ်ခေါ် ကျွေးမွေးတော့ စကားစပ်မိကြရင်း သူ့အကြောင်းတွေကို ကျုပ်တို့ကို ပြန်ပြောပြတယ် ။ သူ့အဖြစ်က တယ် ... ဆိုးရှာသကိုး ။ ဘယ့်နှယ့်ဗျာ ... သူ့ခမျာ ... ကိုးနှစ်သာ ပျော်ပျော်ပါးပါး နေရရှာပြီး ယောက္ခမ နတ်မင်းကြီးက မယားရော ၊ အိမ်ရော ၊ စည်းစိမ်းရော ရုပ်သိမ်းလိုက်တာ သူ့ခမျာ ဖြူခါပြာခါ ကျသွားရှာတယ် ။ အရူးတစ်ပိုင်း ဖြစ်နေရှာပါတယ် ။ ကျုပ် သဘောအရတော့ ဒီလိုအပြုအမူဟာ သူ့ခမျာမှာလည်း အရှက်တကွဲ အကျိုးနည်းဖြစ် ၊ မတရားတဲ့ အပြုအမူ လို့လည်း ကျုပ်ထင်တယ် ။ ဒါကြောင့်မို့ သူ့ကိစ္စကို သူ ကိုယ်တိုင် တိုင်ကြားနိုင်အောင် ပြုပြင်နိုင်ရင်လဲ သက်သက်ညှာညှာ ပြန်စဉ်းစားဖို့ ကျုပ် နတ်မင်းကြီးများ အစည်းအဝေးမှာ လျှောက်ထားပါတယ် ” လို့ တိုင်သတဲ့ ။
ဒီလို ဂဠုန်ကြီးက နတ်မင်းကြီးတွေ ညီလာခံမှာ လျှောက်ကြား နေတုန်းမှာ ရုပ်ဆိုးရဲ့မိန်းမ နတ်သမီးကလေး ဟာလည်း ကွယ်ရာ ထောင့်ရာက ပုန်းပြီး နားထောင်နေသတဲ့ ။ သူ့လင် ကိုလည်း သူ့အရိပ် မပြရဲ ။ နတ်မင်းကြီးတွေကိုလည်း မျက်နှာ မပြရဲရှာဘူးတဲ့ ။ ဂဠုန်ကြီးက ရုပ်ဆိုးကလေးရဲ့ စိတ်ဒုက္ခရောက်ရပုံတွေကို ပြန်ပြောပြပြီးတဲ့ နောက်မှာတော့ နတ်သမီးကလေးဟာ စိတ်ကို ထိန်းလို့ မရတော့ဘူးတဲ့ ။ တစ်ခါထဲ ပြေးထွက် သွားပြီးတော့ သူ့လင်ရဲ့ ရင်ခွင်ထဲ တိုးခွေ့ ဝင်တော့သတဲ့ ။ ပါးစပ်ကလည်း “ ကျွန်မ သူ့ကို ချစ်တယ် ။ မခွဲနိုင်ဘူး ။ လူ့ပြည်ကို လိုက်သွားပါရစေ ” လို့ နတ်မင်းကြီးတွေကို ရှိခိုးတောင်းပန်ရှာသတဲ့ ။
နတ်သမီးကလေးရဲ့ ခမည်းတော်ကြီးက သမီးရဲ့ စကားကို ကြားတော့ ခြေမကိုင်မိ ၊ လက်မကိုင်မိနဲ့ ပျာနေတာပေါ့လေ ။ သူ ဆတ်ဆော့လို့ သမီးလည်း လူသားနဲ့ရ ။ ခုတော့ လူသားကို သမီးက စွဲနေပြန်တော့ ခက်နေတာပေါ့ ။
ဒါနဲ့ ဒီကိစ္စကို နတ်မင်းကြီးများ ညီလာခံမှာပဲ အခြေအတင် ဆွေးနွေးဖို့ တောင်းပန် သတဲ့ ။ နတ်မင်းကြီးတွေလည်း အဆိုနဲ့ အချေကို ပြင်းပြင်းထန်ထန် ဆွေးနွေးကြတာပေါ့ ။
နောက်ဆုံးကျတော့မှ နတ်မင်းကြီးများ ညီလာခံက “ နတ်သမီးကလေးဟာ သူ့စိတ် သူ့သဘောနဲ့ အလိုအလျောက် လူ့ပြည်ကို ပြန်ချင်သပဆိုရင် နတ်ပြည်က တားမြစ်ပိုင်ခွင့် မရှိ ။ သို့သော် လူသားနဲ့ ပေါင်းချင်ပါက ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးရပေမည် ။ လူသားဟူသည် ယုတ်ညံ့သနသော သတ္တဝါအမျိုးအစား ဖြစ်ခြင်းကြောင့် လူသားနှင့် ပေါင်းသော နတ်သမီးလည်း နတ်သဘာဝ ပျောက်၍ လူသား ဖြစ်စေရမည် ” ဟု ဆုံးဖြတ်သတဲ့ ။
ဆုံးဖြတ်ချက်လည်း ကြားရော နတ်သမီးကလေးက အူမြူး သွားတာပေါ့ ။ နတ်သမီး ကလေးက ဘာဖြစ်ဖြစ် ရုပ်ဆိုးနဲ့ ပေါင်းရရင်ပြီးရောကိုး ။ ရုပ်ဆိုးနဲ့ နတ်သမီးကလေး နှစ်ယောက်သားလည်း ဂဠုန်ကြီးပေါ် တက်စီးပြီး လူ့ပြည်ကို တစ်ရှိန်ထဲ ထိုးစိုက်ဆင်းလာကြတာပေါ့ ။ ဂဠုန်ကြီးက ရုပ်ဆိုးတို့ နေတဲ့ ရွာအထိ လိုက်ပို့ပေးပြီးမှ လင်မယား နှစ်ယောက်ကို နှုတ်ဆက်ပြီးတော့ သူ့အသိုက်ကို သူ ပြန်သွားရှာတယ် ။ နတ်သမီးကလေးလည်း နတ်တို့ရဲ့ ဣဒ္ဓိပါဒ်တွေ ပျောက်သွားပေမယ့် သူ့ချစ်သူနဲ့ အတူ နေရလို့ လင်မယားနှစ်ယောက်ဟာ အိုအောင်မင်းအောင် ပျော်ပျော်ပါးပါးပဲ နေသွားကြသတဲ့ ။ ရှေးကလို စည်းစိမ်ကြီးနဲ့ မနေရကြပေမယ့် လင်မယားနှစ် ယောက်ဟာ အေးအတူ ပူအမျှ နေကြရလို့ သိပ်ပျော်ကြတာပဲတဲ့ ။
ဒါကြောင့် အကျည်းတန် ကံလှလို့ ပြောတတ်ကြတာပေါ့ ။
( ဘာသာပြန် )
〇 ချစ်စရာ
📖ရှုမဝ မဂ္ဂဇင်း
၁၉၅၇ ၊ ဇူလိုင်
No comments:
Post a Comment