Monday, September 1, 2025

မိန်းမငယ် နှင့် ငန်းငှက်များ

 

❝ မိန်းမငယ် နှင့် ငန်းငှက်များ ❞
         ( ပုံပြင် )

တစ်ခါတုန်းက လယ်သမားကြီး လင်မယားမှာ သမီးကလေး တစ်ယောက် နဲ့ သား ကလေး တစ်ယောက် ရှိသတဲ့ ... ။

တစ်နေ့တော့ လယ်သမားကြီးရဲ့မိန်းမက သူ့သမီးကို ...    “ သမီး ... အမေတို့ လယ်တောထဲကို သွားစရာ ရှိသေးတယ် ။ အပြင်ကို ဘယ်မှ လျှောက်မလည်ဘဲ အိမ်မှာ ညည်း မောင်လေးကို ထိန်းနေနော် ။ သမီးကို ဒီတစ်ခါ ပြန်လာရင် ခေါင်းစည်း အဝတ်လှလှလေး တစ်ခု ဝယ်ပေးမယ် ” လို့ပြောတယ် ... ။

ဒီလိုနဲ့ လယ်သမား လင်မယား နှစ်ယောက်ဟာ လယ်တောထဲကို ထွက်သွားကြ သတဲ့ ။ မိခင် ဖြစ်သူက သေသေချာချာ မှာသွားခဲ့ပေမယ့် သမီးဖြစ်သူ မိန်းကလေးဟာ သူ့မောင်ကလေး ကို သေသေချာချာ မထိန်းကျောင်းဘဲ မှန်ပြတင်းဝနားမှာ ချထားခဲ့ပြီး သူငယ်ချင်းတွေနဲ့ အပြင်သွားပြီး အတူတူ ကစားနေတော့တယ် ။

အဲဒီအချိန်မှာပဲ မိုးပေါ်က ပြန်လာတဲ့ ငန်းငှက်အုပ် တစ်အုပ်က ကလေးလေးကို တွေ့ရှိသွားတာနဲ့ သူတို့ရဲ့ ကိုယ်မှာ တင်ပြီး မိုးပေါ်ကို ပျံတက်သွားသတဲ့ ။

မိန်းကလေး အိမ်ပြန်ရောက်လာတဲ့ အခါမှာ သူ့မောင်ကလေးကို မရှိတော့တာ တွေ့ရတယ် ။ သူ့ခမြာ သိပ်ထိတ်လန့် သွားရှာအတွက် ဟိုပြေးဒီပြေး ဖြစ်နေရှာတယ် ။ သူ့မောင်လေး ကိုတော့ ဘယ်ရှာတွေ့တော့မလဲ ။

ကလေးလေးကို အော်ခေါ်ပြီး သူဟာ သိပ်ဝမ်းနည်းလို့ ငိုရှာတယ် ။ မေမေနဲ့ ဖေဖေ တို့ကသာ သူ အော်ခေါ်တာ ကြားချင် ကြားမယ် ။ သူ့မောင်ကလေး ကတော့ ပြန်ပြီး ထူးနိုင်မှာ မဟုတ်ဘူး ။

ဒါနဲ့ မိန်းကလေးဟာ လယ်ကွင်းကြီး ထဲကို ပြေးပြီး ဆင်းသွားသတဲ့ ။ ဒါပေမယ့် ဟိုအဝေးကြီးက ညှို့မှိုင်းနေတဲ့ သစ်တောကြီး တစ်ခုနဲ့ ဝေးတဲ့နေရာမှာ ပျံသန်းနေတဲ့ ငန်းငှက် အုပ်တစ်အုပ်က လွဲလို့ ဘာမှ သူ့မောင်ကလေးရဲ့ အစအနကို ရှာမတွေ့ဘူးတဲ့ ။ ချက်ချင်း မိန်းကလေးက သူ့မောင်ကလေးကို ဒီငန်းငှက်တွေ ချီယူသွားတာ ဖြစ်ရမယ်လို့ တစ်ထစ်ချ ယုံကြည်မိတယ် ။ ရှေးရှေးတုန်း ကတည်းက ငန်းငှက်တွေဟာ ကလေးတွေကို ခိုးယူတတ်တဲ့ ငှက်ဆိုးတွေ ဆိုတာ စကားပုံတွေထဲမှာ ကြားဖူးခဲ့တယ်ဆိုပဲ ။

ဒါကြောင့်မို့ မိန်းကလေးဟာ ငန်းငှက်တွေ နောက်ကို အမီ ပြေးလိုက်တော့တယ် ။ ပြေးလိုက်ရင်း လိုက်ရင်းနဲ့ မုန့်ဖုတ်တဲ့ မီးဖိုကြီး တစ်ခုနား ရောက်သွားသတဲ့ ။

“ မီးဖိုကြီးရယ် ... မီးဖိုကြီးရယ် ... ငန်းငှက်တွေ ဘယ်ဆီကို သွားတယ် ကျွန်မကို ပြောစမ်းပါကွယ် ” လို့ မေးတဲ့အခါ မီးဖိုကြီးက “ ငါ့ဆီက ဂျုံညံ့တွေနဲ့ လုပ်ထားတဲ့ မုန့်တစ်ခုစားမှ နင့်ကို ပြောပြမယ် ” လို့ပြောသတဲ့ ။

“ ဘာပြောတယ် ... ဂျုံညံ့နဲ့ လုပ်ထားတဲ့ မုန့်ကို စားရမယ် ဟုတ်လား ။ ကျွန်မတို့ အိမ်မှာ ဂျုံနုနဲ့ လုပ်တဲ့ ပေါင်မုန့်တွေတောင် မစားဘူးရှင့် ” လို့ ပြန်ပြီး ပြောလိုက်တဲ့ အတွက် မီးဖိုကြီးက သူ့ကို ဘာမှ ပြောမပြတော့ဘူး ။

ဒါနဲ့ မိန်းကလေးခမြာ ထပ်ပြီး ပြေးသွားပြန်သတဲ့ ။ မကြာခင်ပဲ ပန်းသီးပင်ကြီး တစ်ပင် ကိုမြင်ရတယ် .. ။

“ ပန်းသီးပင်ကြီးရယ် .. ပန်းသီးပင်ကြီးရယ် ငန်းငှက်တွေ ဘယ်ဆီကို သွားတယ် ကျွန်မကို ပြောစမ်းပါကွယ် ” လို့ မိန်းကလေးက ဆိုပြန်တော့ “ ငါ့ဆီက ပန်းသီးအရိုင်း တစ်လုံး စားပြမှ ငါပြောပြမယ် ” လို့ ပန်းသီးပင်က ပြန်ပြောတယ် ။

“ ကျွန်မတို့ အိမ်မှာ ဥယျာဉ်ထဲက သီးတဲ့ ပန်းသီးလှလှလေးတွေတောင် မစားကြဘူး သိလားရှင့် ” လို့ မိန်းကလေးက ဆိုပြန်တဲ့ အတွက် ပန်းသီးပင် ကလည်း ဘာမှ ပြောမပြလိုက်ဘူးတဲ့ ။

ဒီလိုနဲ့ ရှေ့ဆက် သွားပြန်တော့ ဒီတစ်ခါ နွားနို့တွေသာ ရေအဖြစ်နဲ့ စီးဆင်းနေတဲ့ မြစ်ကြီးတစ်ခုနဲ့ ကျောက်ကျောတွေ အတိဖြစ်တဲ့ ကမ်းခြေတစ်ခုကို ရောက်သွားသတဲ့ ။ မိန်းကလေးက တစ်ဖန် ...

“ မြစ်ကြီးရယ် ... မြစ်ကြီးရယ် ငန်းငှက်တွေ ဘယ်ဆီကို သွားတယ် ကျွန်မကို ပြောစမ်းပါကွယ် ” ပြောပြန်တော့ မြစ်ကြီးက “ ငါ့ဆီက နွားနို့တွေနဲ့ ကျောက်ကျောမုန့်ကို စားမှ ပြောပြနိုင်မယ် ” လို့ ဆိုပြန်တယ် ။

“ ကျွန်မတို့ အိမ်မှာ မလိုင်အနှစ်တွေနဲ့ ကျောက်ကျောမျိုးတောင် ဘယ်တော့မှ မစား ဘူးရှင့် ” လို့ ပြောပြန်တဲ့ အတွက် မြစ်ကြီး ကလည်း ငန်းငှက်တွေ ဘယ်ဆီကို ပြန်သွားတယ် ဆိုတာ မပြောတော့ဘူး ။

တစ်နေ့လုံး သူ့ခမြာ လယ်ကွင်းတွေထဲ သစ်တောကြီးတွေကို ရောက်အောင် သူ့ မောင်ကလေးကို ရှာနေရှာတယ် ။

ညနေခင်းဘက် ရောက်လာတော့ သူ့အဖို့ မျှော်လင့်စရာ ဘာမှ မရှိတော့ဘူး ။ အိမ်ပြန်ဖို့ပဲ ရှိတော့တယ် ။ ဒါပေမယ့် ချက်ချင်း ဆိုသလို မိန်းကလေး မြင်ရတာက ကြက်မခြေထောက် တစ်ခုရဲ့အပေါ်မှာ ဆောက်ထားပြီး အလွန်သေးငယ်တဲ့ ပြတင်းပေါက် တစ်ခုသာရှိ တဲ့အပြင် ချာလပတ်လည်လည်နေတဲ့ ထူးဆန်းတဲ့ အိမ်တစ်ဆောင်ကို မြင်ရသတဲ့ ။

အိမ်ရဲ့ အထဲမှာတော့ “ ဘာဘာယာဂါ ” လို့ ခေါ်တဲ့ စုန်းမကြီးဟာ ဗိုင်းငင့်နေတယ် ။ နံဘေးနားက ခုံပေါ်မှာ မိန်းကလေးရဲ့ မောင်ကလေး ငွေပန်းသီးတွေနဲ့ ကစားနေတာကို တွေ့ရတယ် ။

မိန်းကလေးက အိမ်ထဲကို ဝင်သွားပြီး ...

“ အလွန်သာယာတဲ့ ညနေခင်းပါ ဘွားဘွား ” လို့ နှုတ်ဆက်တဲ့အခါ စုန်းမကြီးက ..

“ သာယာတဲ့ ညနေခင်းပါ ငါ့သမီး ။ ဘာကိစ္စများ ရှိလို့ လာတာလဲ ” လို့ ပြန်မေးတယ် ။

“ ဒါဖြင့်ရင် ... ဒီမှာ ထိုင်ပြီး ခဏလောက် ဗိုင်းငင်နေစမ်းပါနော် ” လို့ ပြောပြီး စုန်းမကြီး ဘာဘာယာဂါဟာ အပြင်ကို ထွက်သွားသတဲ့ ။

မိန်းကလေး ထိုင်ပြီး ဗိုင်းငင်နေတဲ့ အချိန်မှာ မီးဖိုကြမ်းအောက်က ကြွက်ဝမ်းပူကလေးတစ်ကောင် ထွက်လာသတဲ့ ။

“ မမ .. မမ ... ကျွန်တော့်ကို ဆန်ပြုတ်ကလေး နည်းနည်း လောက် စားဖို့ပေးပါ ။ အကြောင်းထူး တစ်ခုခု ပြောပြပါ့မယ် ” လို့ ကြွက်လေးက ပြောတယ် ။ မိန်းကလေးက ဆန်ပြုတ် ရှာကျွေးလိုက်တဲ့ အတွက် ကြွက်ကလေးက ဘယ်လို ပြောသလဲ ဆိုရင် ...

“ ဘာဘာယာဂါကြီးဟာ ရေချိုးခန်းထဲ သွားပြီး မီးမွှေးနေပြီ ။ မမရဲ့ တစ်ကိုယ်လုံးကို ရေနွေးဖျော ၊ သေသေချာချာ ဆေးကျောပြီး မီးဖိုမှာ ကင်စားလိမ့်မယ် ။ မမကို စားလို့ ကျန်တဲ့ အရိုးတွေကို သူက ဆေးကြိမ်လုံး လုပ်ပြီး မိုးပေါ်မှာ စီးဖို့ အသုံးပြုလိမ့်မယ်လို့ ကြံစည်နေတယ် ” လို့ပြောသတဲ့ ။

မိန်းကလေးမှာ ကြောက်လွန်းလို့ တုန်ရီပြီး ငိုနေရှာတာပဲ ။ ဒါပေမယ့် ကြွက်က ဆက်ပြီး ...

“ မောင်ငယ်ကလေးကို ခေါ်ပြီး ခပ်မြန်မြန်သာ ထွက်ပြေးပါ ။ ကျွန်တော် မမ အစား ဗိုင်းငင် နေပါ့မယ် ” လို့ ပြောတဲ့ အတွက် မိန်းကလေးခမြာ သူ့ မောင်လေးကို ပွေ့ချီပြီး အိမ်ထဲက ထွက်ပြေးတော့တယ် ။

စုန်းမကြီးက ပြတင်းပေါက်နားကို မကြာခဏ လာသတဲ့ ။

“ ဗိုင်းငင့် နေသလား သမီးလေး ” လို့ မေးတဲ့အခါ ကြွက်ကလေးက “ ဟုတ်ကဲ့ ဘွားဘွား ” လို့ ပြန်ဖြေတယ် ။

နောက်စုန်းမကြီးဟာ မီးဖိုလို့ ပြီးတဲ့ အတွက် မိန်းကလေးကို ဖမ်းဖို့ လာတဲ့အခါ အိမ်ထဲ မှာဘယ်သူမှ မရှိတာ တွေ့ရတယ် ။

အဲဒီမှာ စုန်းမကြီးက “ ငန်းငှက်တွေ လိုက်ကြစမ်း ၊ ဖမ်းကြစမ်း ၊ ဟိုကောင်မလေး သူ့မောင်လေးကို ခိုးပြေးပြီ ။ ဒင်းတို့ကို မိအောင်ဖမ်းကြစမ်း ” လို့ အော်သတဲ့ ။

မိန်းကလေးမှာတော့ ပြေးနိုင်သလောက် ပြေးရှာတာပေါ့ ။ ဒီလိုနဲ့ နွားနို့မြစ်ကြီးနားကို ရောက်လာပြန်သတဲ့ ။

“ မြစ်ကြီးရယ်... မြစ်ကြီးရယ် ... ကျွန်မကို ဖွက်ထားပါ ” လို့ သနားစဖွယ် ပြောတော့ “ ဒါဖြင့် ငါ့နွားနို့နဲ့ ကျောက်ကျောမုန့်ကို စားရမယ်လို့ ” လို့ မြစ်ကြီးက ပြောပြန်တယ် ။ ဒီတစ်ခါတော့ မိန်းကလေးက မငြင်းဆန်ဘဲ စားလိုက်သတဲ့ ။ ပြီးတော့မှ မိန်းကလေးက ကျေးဇူးတင်တဲ့ အကြောင်း ပြောတာနဲ့ မြစ်ကြီးက သူ့ကမ်းနဘေးကကျောက်ကျောတွေရဲ့အရိပ်အောက်မှာ ဖွက်ထားလိုက်တယ် ။

စုန်းမကြီးရဲ့ ငန်းငှက်တွေ ပျံလာတဲ့ အခါမှာ ရှာမတွေ့ဘဲ ကျော်သွားသတဲ့ ။ ဒါနဲ့ မိန်းကလေးလည်း ဆက်ပြီး တစ်ခါ ပြေးတော့ ကျော်ပြီး ပျံသွားတဲ့ ငန်းငှက်တွေက မြင်ပြန်တာ နဲ့ မိန်းကလေးဆီကို တည့်တည့်မတ်မတ် ပြန်လာကြတယ် ။ ဒီတစ်ခါလည်း မိန်းကလေးဟာ မနီးမဝေးမှာ ရှိတဲ့ ပန်းသီးပင်ကြီး ဆီကို ပြေးသွားပြန်သတဲ့ ။

“ ပန်းသီးပင်ကြီးရယ် .. ပန်းသီးပင်ကြီးရယ် ကျွန်မကို ဖွက်ထားပါ ” လို့ ပြောတဲ့အခါ “ ငါ့ဆီက ပန်းသီးအရိုင်း တစ်လုံး စားရင် ဖွက်ထားမယ် ”  ပန်းသီးပင်က ဆိုပြန်သတဲ့ ။ မိန်းကလေးဟာ ပန်းသီးတစ်လုံးကို ယူစားပြီး ကျေးဇူးတင်တဲ့အကြောင်း ပြောပြတဲ့အတွက် ပန်းသီးပင်က သူ့ရဲ့ အကိုင်းအရွက်တွေ ကြားမှာ ဖွက်ထားလိုက်တော့တယ် ။

ငန်းငှက်တွေ ပြန်လာပြီး ရှာတဲ့ အခါမှာ မတွေ့ပြန်ဘူး ဆိုပါတော့ ။ အဲဒါကြောင့် မိန်းကလေးဟာ သူ့မောင်လေးကို ချီပြီး တစ်ခါ ခရီး ဆက်ပြန်တယ် ။ အိမ်နား ရောက်ခါနီး စုန်းမကြီးရဲ့ ငန်းငှက်တွေ လိုက်လာတာကို တွေ့ရပြန်သတဲ့ ။ ငန်းငှက်တွေက အတောင်တွေကို တဖျတ်ဖျတ် မြည်အေင် ခတ်ပြီး တဟုန်ထိုး ဆင်းလာလိုက်ကြတာ သိပ်နီးလာတယ် ။ နောက် နည်းနည်းလေး ကြာရင် မိန်းကလေးရဲ့ လက်ထဲက ကလေးကို ချီယူသွားဖို့ပဲ ကျန်တော့တယ် ။ ဒါပေမယ့် မိန်းကလေးက အနီးအနားမှာရှိတဲ့ မုန့်ဖုတ် မီးဖိုကြီးနား အမြန် ပြေးသွားပြီး ... “ မီးဖိုကြီးရယ် ... မီးဖိုကြီးရယ် ကျွန်မကို ဖွက်ထားပါရှင် ” လို့ ပြောသတဲ့ ။

“ ငါ့ဆီက ပေါင်မုန့် အညံ့တွေစားမှ ဖွက်ထားနိုင်မယ် ” လို့ ဆိုပြန်တဲ့ အတွက် မိန်းကလေးခမြာ ပေါင်မုန့်ကို နည်းနည်း ကိုက်စားပြီး သူ့မောင်ကလေးနဲ့ အတူ မီးဖို အပေါက်ထဲကို မြန်မြန် ဝင်ပုန်းလိုက်ရတယ် ။

ငန်းငှက်တွေ ကတော့ မိုးပေါ်ကနေ ဝဲပြီး ဝဲပြီး ရှာနေတာပေါ့လေ ။ မကြာခင်မှာ သူတို့ လည်း လက်လျှော့ သွားပြီး စုန်းမကြီး ဘာဘာယာဂါ ဆီကို ပြန်သွားကြတော့တယ် ။ မိန်းကလေးက မီးဖိုကြီးကို ကျေးဇူးတင်တဲ့ အကြောင်း ပြောပြပြီး သူ့မောင်ကလေးနဲ့ အတူ အိမ်ကို ပြန်သွားသတဲ့ ... ။

မကြာခင်မှာပဲ သူတို့ရဲ့ ဖေဖေနဲ့ မေမေ အိမ်ကို ပြန်ရောက်လာတယ် ဆိုပါတော့ကွယ် ။

( ဘာသာပြန် )

〇 မောင်ဆွေတင့်
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၅၆ ၊ ဇူလိုင်

No comments:

Post a Comment