❝ ငါ့အတ္တတံခါးကို ဘယ်သူဖွင့်သလဲ ❞
( မေဇွန်အေး )
ခိုင့်ကို ဒီလို ပုံစံမျိုးနှင့် တွေ့ ရလိမ့်မည်ဟု ကျွန်မ ဘယ်တုန်းကမျှ မတွေးထင်ခဲ့ဖူးပါ ။
ပုံပျက်ပန်းပျက် ဖြစ်သည် အထိ ဝလွန်းနေသည့် ခန္ဓာကိုယ် ၊ ကွက်တိကွက်ကျား ဖြူနေသည့် ဆံပင် ၊ ပြောင်နေသော နဖူးတို့က အိုမင်းရင့်ရော်မှုကို ဖော်ပြနေပေသည် ။ ညီညာဖြူဖွေးနေသည့် သွားထပ်လေးများနှင့် ပြုံးလိုက်တိုင်း ချိုင့်ဝင် သွားသော ပါးချိုင့်ကလေးတွေသာ မရှိလျှင် ခိုင်မေထွန်း ဟု မည်သူတစ်ဦးတစ်ယောက်ကမှ မှတ်မိနိုင်ဖွယ် မရှိ ။
အသက်က ဘာရှိဦးမှာလဲ ။ ကျွန်မနှင့် ရွယ်တူ ဆိုတော့ ငါးဆယ်သီသီ စွန်းရုံပေါ့ ။ ကိုယ်ပိုင်ကား လှလှလေးကို လက်အိတ်လှလှ ရောင်စုံစွပ် ၊ ကိုယ်တိုင်မောင်း ကျောင်းတက်ခဲ့သော ခိုင် တစ်ယောက် တက္ကစီ ကားခ ရှင်းပေးပြီး ကျွန်မထံ ခပ်မွဲမွဲ နုံချာချာ ပိုက်ဆံအိတ် ချိုင်းကြားညှပ် ဆင်းလာခဲ့သည်ကို ကြည့်ရင်း အိပ်မက် တစ်ခုလေလား ကျွန်မ ငေးကြောင်ကြည့်နေမိ၏ ။
တက္ကသိုလ်မှာ ညီအစ်မရင်း သဖွယ် လေးနှစ်တာလုံးလုံး စီးမျောခဲ့တာ ပြန်တွေးမိတော့ မနေ့တစ်နေ့ ကလိုပဲ လတ်ဆတ်ဆဲ ။ တက္ကသိုလ်က ကံ့ကော်ပွင့်ကလေး ခိုင်တစ်ယောက် နောက်ဆုံးနှစ် စာမေးပွဲ ပြီးသည့် နေ့မှာပင် ချစ်သူတွေ အများကြီး ထဲက တစ်ယောက်ကို ရွေးချယ်ပြီး သူ့နောက် ကောက်ကောက်ပါအောင် လိုက်သွားသတဲ့ ။ ကံ့ကော်ပွင့်ကလေးရဲ့ သတင်းကား မာလာဆောင် တစ်ဆောင်လုံးက သြချရ လောက်အောင် ထူးခြားခဲ့ရသည် ။
“ ခိုင့်မှာ ကိုယ်ဝန် နှစ်လ ရှိလို့တဲ့ ”
“ သူ လိုက်ပြေးတဲ့သူက အညာသားစစ်စစ် ဆိုပါလား ”
“ ခိုင်က ရန်ကုန်သူ ၊ အညာမှာ နေနိုင်မှာ မဟုတ်ပါဘူး ”
ကျွန်မနားဆီ တိုးဝှေ့ ဝင်တိုက်လာသည့် ဝေဖန်သံ လေပြင်းများကြောင့် သက်ပြင်းအခါခါ ချမိပါသည် ။ တစ်ဆက်တည်း ခိုင်ဟာ ဘဝကို အလေးအနက် မတွေး တတ်သူ ၊ ဆန္ဒတွေကို ဦးစားပေးလွန်းသူ ဟူ၍ ကောက်ချက်ချလိုက်သည် ။ တကယ်ဆိုရင် ခိုင် သည် ငွေကြေးဓန အပြင် ဆွေဂုဏ်မျိုးဂုဏ် ဝင့်ထည်သည့် တစ်ဦးတည်း သမီး တစ်ယောက် ဖြစ်သည် ။ ထို့ကြောင့် ဤမျှလောက် ဘဝမျိုးဖြင့် မတန်မရာဟု မြင်မိပါသည် ။ အိမ်ထောင် တစ်ခု တည်ဆောက်သည့်အခါ အခြေခံ ဘဝချင်း ကွာခြားမှုကြောင့် မခိုင်မြဲသော အိမ်ထောင်ရေး များစွာ ရှိခဲ့ဖူးကြောင်း ကျွန်မ ဝန်းကျင်တွင် မြင်နေ ကြားနေခဲ့ရသည် ။ ဒါကြောင့်မို့ ခိုင် ရွေးချယ်ခဲ့သော အိမ်ထောင်ရေး အတွက် ကျွန်မ ရင်ထုမနာ ဖြစ်လွန်းလို့ ပြောရခြင်းပါ ။
ကျွန်မ သည်လည်း အဖေတစ်ခု ၊ သမီးတစ်ခု ဘဝမှာ ခြောက်သွေ့စွာ ကျင်လည်ခဲ့ရသူ ဖြစ်ပါသည် ။ အဖေက ရုံးတစ်ရုံးမှာ ရုံးအုပ် တစ်ယောက် ဟု ဆိုပေမယ့် ခြိုးခြံချွေတာစုဆောင်းပြီး ကျွန်မကို ဘွဲ့ရသည်အထိ ပြုစုပျိုးထောင် ပေးခဲ့သည် ။ ကျွန်မ၏ ပညာသင်စရိတ်မှာ တစ်နှစ်ထက် တစ်နှစ် မြင့်မားလာမှုကြောင့် အဖေခမျာ ညပိုင်းတွင် တက္ကစီ အငှားကား မောင်းရသည် ။ ပဲပြုတ်ဆီဆမ်းထမင်း ၊ ဘဲဥကြော် ၊ မျှစ်ကြော်မှ လွဲ၍ ဆီပြန်ဟင်း မပါသော ကျွန်မ ထမင်းဘူးကို ဖွင့်ကြည့်လေတိုင်း ခိုင် က အံ့သြသည် ။ ကျွန်မကို ကဲင်တင်းမှာ သူနှင့် အတူ ထမင်းစား ခေါ်လေ့ရှိသည် ။ ဘဝသမား ကျွန်မ အဖို့ ခိုင့် ကျေးဇူးကို ယနေ့ထက်တိုင် မေ့မရသေး ။ တစ်ခါတစ်ရံ ကျောင်းလခများ သွင်းပေးသလို ကျောင်းစာအုပ်များဝယ်တိုင်း ကျွန်မအတွက် အပိုတစ်စုံ ဝယ်တတ်သေးသည် ။
ကျောင်းပြီး ကတည်းက ဝေးကွာသွားခဲ့သော ခိုင့်ကို ဗိုလ်ချုပ်ဈေးမှာ အမှတ်မထင် တစ်ခါ ဆုံလိုက်သည် ။ လန်းဆန်းသစ်လွင်စွာ လှပနေသော ခိုင့်ကို တွေ့လိုက်ရတော့ ကျွန်မ အတိုင်းမသိ ဝမ်းသာခဲ့ရသည် ။ ခိုင် ကတော့ ထုံးစံအတိုင်း ကိုယ်ပိုင်ကားမောင်းပြီး ကျွန်မကို ခေါ်ကာ ရန်ကုန်မြို့၏ အသားနားဆုံး စားသောက်ဆိုင်ကြီး တစ်ခုမှာ နေ့လယ်စာ ကျွေးရင်း သူ့အကြောင်း ၊ ကိုယ့်အကြောင်း လုပြောဖြစ်ကြသေးသည် ။
“ ခိုင် နောက်အိမ်ထောင် ပြုလိုက်တယ် ။ သား ကိုတော့ သူ့ပဲ အပြတ်ပေးပြီး စာရင်းရှင်းလိုက်တယ် ။ သူတို့ မိဘတွေ ခိုင်နဲ့ ကီးမကိုက်ပါဘူး သက်ရာ ။ အညာသား ရှေးမြန်မာ အန်းဒိတ်ကြီးတွေလေ ။ အခု ခိုင့် အမျိုးသားက နိုင်ငံခြားမှာ အလုပ် လုပ်တာလေ ။ ဂျပန်မှာ သွားလိုက် ၊ လာလိုက်ပေါ့ ။ ခိုင်တော့ ကြောက်သွားပြီဆရာ ၊ သားသမီး လုံးဝ မယူတော့ဘူး ။ အခု ခိုင် ရန်ကုန် ပြန်ရောက်နေပြီလေ ။ သက်လည်း လာလည်ပါဦး ။ ဖေဖေ ၊ မေမေနဲ့ တွေ့ ရအောင်ပေါ့ ။ မေမေ ကတော့ သက်ကို သတိရနေတာ ။ သက် က အပျိုကြီး ဆိုတော့ လွတ်လပ်ရေး အပြည့်ပေါ့ ဟုတ်လား ”
“ သက် ဖေဖေ ဆုံးသွားပေမယ့် သက်က လယ်စိုက်ရှင်းရုံးမှာ အလုပ်ဝင် နေရတာ ဆိုတော့ ခိုင် ထင်သလို ဘယ်အားလပ်ပါ့မလဲ ”
ခိုင်နှင့် လမ်းခွဲပြီး အိမ်ပြန်ရောက်သည်အထိ ခိုင့် အကြောင်းက ကျွန်မ အိပ်မက်ထဲအထိ တွဲခိုလျက် ရှိသည် ။ ရွှန်းရွှန်းဝေအောင် စကား ပြောဆိုနေသည့် ခိုင်၏ ဟန်ပန် ၊ လတ်ဆတ် နေသေးသည့် သူ့အလှ ၊ သားသမီးကို အလွယ်တကူ စွန့်လွှတ်နိုင်လောက်အောင် သွေးအေးတတ်သော သူ့နှလုံးသားကို ကျွန်မ တစ်စစီ ခွဲခြမ်း စိတ်ဖြာ နေမိသည် ။ နောက်ပြီး ကားထဲမှာ ခိုင် ဝယ်ထားသည့် လက်ဆွဲအိတ်အမျိုးမျိုးထဲမှ တစ်စွန်းတစ်စ မြင်တွေ့လိုက်ရသည့် အင်္ကျီအကောင်းစားများ ၊ ရယ်ဒီမိတ်ဖက်ရှင် အမျိုးမျိုး ၊ နောက်ဆုံးပေါ် ကော့စမစ်တစ် အလှပြင်ပစ္စည်းမျိုးစုံ ၊ အဖိုးတန် ဒေါက်မြင့် ဖိနပ်လှလှများကို ကျွန်မ မျက်စိထဲ မြင်ယောင် နေမိပါသေးသည် ။
ကျွန်မ ကတော့ ဘာကြောင့်မှန်း မသိ ။ အိမ်ထောင် ပြုဖို့ ဝန်လေးလှသည် ။ ယခုခေတ် အချောအလှတွေ ပေါများသော အချိန်တွင် အလှတရားကို ကိုးကွယ်မက်မောတတ်သော ယောက်ျားများကို ကျွန်မ ဘယ်လို စိတ်မျိုးနှင့်မှ မယုံကြည်နိုင် ။ တခြား မကြည့်နှင့် ။ ခိုင့်လို ချောမောသော မိန်းကလေးမျိုးတောင် အိမ်ထောင် နှစ်ဆက် ။ ကျွန်မလို သာမန် ရွက်ကြမ်းရေကျို မိန်း ကလေးတစ်ယောက် အဖို့ အိမ်ထောင်ရေးနှင့် ဝေးလေ ကောင်းလေပဲ မဟုတ်ပါလား ။
ခိုင့် ကို ကြည့်ပြီး မိန်းကလေးများ ဣတ္ထိရူပံဓနံ လက်နက်သည် အိမ်ထောင်ရေးဇာတ်ခုံပေါ်တွင် မည်မျှ အစွမ်းထက်ကြောင်း ကျွန်မ နားလည် သဘောပေါက် မိသလိုလို ရှိလေသည် ။ သို့သော် ထိုင်နေ အကောင်း ၊ ထသွားမှ ကျိုးမှန်းသိ သလိုမျိုး မဖြစ်ချင် ။ ကျွန်မက အချစ်ကို တန်ဖိုးထားသလို အိမ်ထောင်ရေးကို ပေ တစ်သီး ၊ ကျီး တစ်သား စိတ်မျိုးသာ ရှိသူမို့ ခိုင့်လို ခံနိုင်ရည် ရှိမှာ မဟုတ်တာ သေချာသည် ။
••••• ••••• •••••
ဆယ်စုနှစ် နှစ်ခုလောက် ကြာသွားခဲ့သည် ။
အခုတော့ ခိုင် တစ်ယောက် ကျွန်မ အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါသည် ။ ခိုင် သည် ကျွန်မကို တင်းတင်းကျပ်ကျပ်ဖက်ပြီး ကလေး တစ်ယောက် ပမာ ရှိုက်ကြီးတငင် ငိုချပါတော့သည် ။ ခိုင် ဘာတွေ ဖြစ်လာတာလဲ ။ ကျွန်မ ခြေမကိုင်မိ လက်မကိုင်မိသည်အထိ ဖြစ်ရသည် ။ ကျွန်မလည်း သူ့ကို အားရအောင် ငိုစေပြီးမှ အကြောင်းစုံကို မေးရသည် ။ ခိုင် ပြောတာတွေ နားထောင်ရင်း ကျွန်မ ရင်ထဲ၌ အံ့သြတကြီးဖြင့် အမျိုးအမည် မဖော်ပြနိုင်သော ခံစားချက်မျိုးစုံက ရင်နှင့်အမျှ အုံကြွလာသည် ။
ခိုင်က ကျွန်မ၏ အချစ်ဆုံး သူငယ်ချင်း တစ်ယောက် ဖြစ်သလို ကျွန်မ၏ ကျေးဇူးရှင် တစ်ယောက် ဆိုလည်း မမှားဘူးလေ ။ ဒါကြောင့်မို့ ခိုင် ကြုံတွေ့ ရင်ဆိုင်လာရတဲ့ အဖြစ်အပျက်တွေကို ဝေဖန်ပြစ်တင်ဖို့ နားလည်သဘောပေါက်အောင် နားချဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါ ။ ခိုင် ပြောသမျှ နားထောင်ရုံ သက်သက်ပါပဲ ။
ခိုင်သည် ဂျပန်မှာ အလုပ် လုပ်နေသော ကိုခင်မောင်လွင် နှင့် နှစ်ယောက် တစ်ဘဝ ရွက်လွှင့်ခဲ့ကြသည် ။ သားသမီး မယူဘဲ လွတ်လပ်စွာ တည်ဆောက်ခဲ့သော သူတို့ အိမ်ထောင်ရေးမှာ တည်ငြိမ်အေးချမ်းလှ၏ ။ ခိုင့်မိဘများ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားသော အခါ ခိုင်၏ ဘဝကံကြမ္မာက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့သည် ။ ကိုခင်မောင်လွင် ရွက်ကျပင်ပေါက်လို လူစားဆိုတော့ ရောက်လေရာမှာ ပျော်ပျော်နေသူ ။ ခိုင်သာ အထီးကျန် ကျွန်းကလေး ပေါ်မှာ တစ်ယောက်တည်း ငေါင်နေသည် ။ နဂိုကတည်းက ဘာတစ်ခုမှ အလေးအနက် မရှိသော ခိုင်ပဲ ။ စိတ်တေလေနှင့် ကား တစ်စီးဖြင့် မိတ်ဆွေအိမ်များဆီ ခြေဆန့်နေမိသည် ။ သူတော်ချင်းချင်း သတင်းလွေ့လွေ့ ဆိုတော့ မကြာမီ တူရာသန်ရာ သန်ရာသန်ရာ ပေါင်းဖက်မိလေ၏ ။
ရေခြားမြေခြား စီးပွားရှာသူ တချို့၏ အိမ်သူသက်ထား အများစုမှာ “ စီးတဲ့ရေ ဆည်တဲ့ကန်သင်း ” ဆိုသလို ထိန်းထိန်းသိမ်းသိမ်း စုဆောင်းသူကား ရှားပါး၏ ။ များသောအားဖြင့် နိုင်ငံခြား၌ စီးပွားရှာသူများ၏ ဇနီးမယားများသည် သူတို့ ယောက်ျားများ၏ ဝင်ငွေကား တစ်သက်စာ ထိုင်စား၍ မကုန်နိုင်အောင် ရရှိသည်ဟု ထင်မှတ် မှားတတ်ကြသည် ။ မိသားစု စားဝတ်နေရေး အတွက် စွန့်စားကာ အလုပ်သွား လုပ်သူတို့၏ ခံစားချက်ကို ကိုယ်ချင်းစာ နားလည်နိုင်စိတ် နည်းပါးကြသလိုပါပဲ ။
“ ယောက်ျားက သင်္ဘောသားလေ ”
“ သူ့အဖေက ရှိုးဂျော့ပေါ့ ။ စင်ကာပူမှာလေ ”
ဆိုပြီး ဘ၀မေ့ ၊ ခေါင်းမော့ ၊ အောက်ခြေ လွတ်ပြီး ကြွားဝါနေကြတာ ကျွန်မ မကြာခဏ မြင်တွေ့ဖူးသည် ။ သူတို့ ကြည့်တော့လည်း သူလိုကိုယ်လိုပါပဲ ။ တချို့ကျတော့ သိုသိုသိပ်သိပ် စုစုဆောင်းဆောင်းနှင့် ဘုရားစင်မှာ ပန်းမညိုးစေဘဲ ခင်ပွန်းသည် မာစေသာစေကြောင်း ဆုတောင်းနေတတ်သူများလည်း ရှိကြပါသည် ။ သို့သော် ရှိတော့ရှိသည် ရှားသည်ပေါ့ ။
ခိုင်ကတော့ ဘယ်လို လူမျိုးလဲ ။ သူပြောသည့် စကားကတော့ ...
“ သက် စဉ်းစားကြည့်လေ ၊ ခိုင်က ကိုယ်ကျင့်တရား ပျက်နေတာလည်း မဟုတ်ဘူး ။ ဖောက်ပြန်နေတာ ဆိုလည်း ထားတော့ ။ အခု ခိုင် ပျော်သလို နေတာ အပြစ်လား ။ သူလည်း နိုင်ငံခြားမှာ နိုက်ကလပ် တက်တာပဲလေ ။ သူပဲ ပြောပြလို့ သိတာ ”
ခိုင်သည် သူ့လို ပေါ့ပေါ့သွမ်းသွမ်းနေသူများနှင့် အလွမ်းသင့် ပေါင်းစည်းမိသွားကာ ဖဲဝိုင်းတကာ့ ဖဲဝိုင်းတွင် ပျော်မွေ့လာသည် ။ အိပ်ချိန်မှာ အိမ်ပြန်တတ် သလို ခိုင့်အိမ်တွင်လည်း စိတ်တူကိုယ်တူများနှင့် မိုးစင်စင်လင်းခဲ့တာမျိုးတွေလည်း ရှိခဲ့သည် ။
နောက်ပိုင်း ဒီဘက်တွင် ငြီးငွေ့ လာသောအခါ စိတ်ကူးယဉ် ဂဏန်းဖမ်းသည့်ဘက် ခြေဦးလှည့်လာ၏ ။ ဆွဲဆောင်အားကောင်းသော ဂဏန်းများကို ခိုင်က ပို၍ စွဲမက်သည် ။ ဖုန်းသံတစီစီနှင့် ဂဏန်းတွေက ခိုင့် အိမ်တွင် ခြေရှုပ်လာသလို ဖမ်းသည့် ကိန်းဂဏန်း အရေအတွက်ကလည်း တစ်ရက်လျှင် ခြောက်လုံး အထက်မှာ ရှိလာသည် ။
“ သိလား သက် ၊ တစ်ရက် ဝင်လိုက်ရင် တစ်လလောက် ရှုံးထားတာကိုတောင် မမှုတော့ဘူး ။ အရမ်း စိတ်ဝင်စားပြီး ရင်ခုန်ဖို့ ကောင်းတယ် ”
ကိုခင်မောင်လွင် ပို့လိုက်သောငွေများက ခိုင့် အိတ်ထဲ မရောက်တော့ ။ တန်းစီနေတဲ့ ဂဏန်းရှင်ကြီးတွေရဲ့လက်ထဲ “ ရော့ ” “ အင့် ” ထည့်လိုက်ရတာပါပဲ ။ မာယာများသော ဂဏန်းများက ခိုင့်ကို ကျီစယ်လိုက် ၊ ချော့လိုက်မို့ ခိုင် သူ့ကို မည်သည့်နည်းနဲ့မှ မစွန့်ပစ်ရက်နိုင်တော့ ။ တစ်နေ့တခြား စွဲလမ်းလာသလို ခိုင့် စိန်နားကပ် ၊ စိန်လက်စွပ် ၊ စိန်လက်ကောက်များ အပြင် ရွှေထည်ပစ္စည်း အများအပြား ကလည်း ခိုင့် ဆီမှ ထွက်ပြေး ကြကုန်၏ ။ နောက်ဆုံး ကားပေါင် ၊ အိမ်ပေါင်သည်အထိ မိုက်မဲလာသည် ။ ရေစုန်မျောနေသော ခိုင့်မှာ သူ့အဖြစ်ကို သူ မစောကြောမိသေး ။
“ လူမသေ ၊ ငွေမရှားပါ သက်ရာ ၊ လောကမှာ ငွေက … ဒီလောက် အရေးမကြီးပါဘူး ။ စိတ်ချမ်းသာဖို့က အဓိကပါနော် သက် ၊ ခိုင်ကတော့ ဂဏန်းနဲ့ ဆော့နေရရင် ပျော်တယ် ။ စိတ်ချမ်းသာတယ် ”
ပညာတတ်ခြင်းသည် အမှား ၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်သည် ဆိုပေမယ့် ခိုင်ကတော့ အဘယ်အမှောင့် ပယောဂများ စွဲကပ် ပူးဝင်နေ၍ အမှားဘက်ကို တိမ်းနေရသနည်းဟု ကျွန်မ တွေးမရ နိုင်အောင် ဖြစ်ရသည် ။
တစ်ခါတော့ ကိုခင်မောင်လွင် တစ်ယောက် အိမ်ပြန်လာခိုက် ခိုင့် အခြေအနေ ပျက်ယွင်းမှုနှင့် ပက်ပင်း ရင်ဆိုင်တွေ့ လာသောအခါ ခိုင့်ဘဝ တစ်ဆစ်ချိုး ပြောင်းလဲဖို့ ဖြစ်လာရတော့သည် ။ လှစ်ခနဲ ၊ လှစ်ခနဲ ပျောက်ပျောက်သွားသော ခိုင် ။ ခိုးကြောင်ခိုးဝှက် ဖုန်းဆက်နေသော ခိုင့်ကို သူ နားမလည်နိုင် ။ ပြီးတော့ မယုံကြည်တော့ ။ ခိုင့် အခြေပျက် နေမှု အတွက် ကိုခင်မောင်လွင် စုံစမ်းတော့သည် ။ ဒီလို ကိစ္စမျိုးတွေ ဆိုတာက ခဏလေး စုံစမ်းလိုက်ရုံနှင့် ပိုက်ဆံ မရဘဲ အာချောင်ပြီး ပြောဆိုချင်သူတွေက တစ်ပုံတစ်ပင်ဆို တော့ ကိုခင်မောင်လွင် တစ်ယောက် လွယ်လွယ်နှင့်ပင် သိရှိသွားရသည် ။
ကိုခင်မောင်လွင် တစ်ယောက် အိမ်နှင့် ကားကို လက်ရဲဇက်ရဲ ပေါင်နှံထားသော ဇနီးကို အံ့သြလွန်း၍ စကားတစ်လုံးမျှ မဆိုနိုင်အောင် ဖြစ်ပြီး စိတ်ကုန်သွားခဲ့သည် ။ ဤဘဝ ၊ ဤမျှသာ အဓိပ္ပာယ်သက်ရောက် သော စာတစ်စောင် ရေးထားခဲ့ပြီး ခိုင့် ကိုပင် နှုတ်ဆက် စကားမဆိုဘဲ ဂျပန်သို့ ပြန်သွားလေတော့သည် ။ ခြေရာလည်းပျောက် ရေလည်းနောက်ခဲ့ရပြီပေါ့ ။ သားသမီး သံယောဇဉ် နှောင်ကြိုးကင်းသည့် ယောက်ျားများ၏ သဘာဝအတိုင်း ခိုင့်ကို တိခနဲ ဖြတ်တောက် သွားခဲ့လေပြီ ။ သို့သော် ခိုင်က ဝမ်းမနည်းသလို နောင်တလည်း မရခြင်းက သူ့ စကားများက သက်သေခံလျက် ရှိသည် ။
“ သက် စဉ်းစားကြည့် ၊ လူတွေက ပြောကြတယ် ။ သူ ခိုင့်ကို ပြတ်သားနိုင်တာ သားသမီး မရှိလို့တဲ့ ။ ရယ်စရာ ကောင်းလိုက်တာ ။ သွားစမ်းပါ ။ ယောက်ျား ဆိုတာ သားသမီး ရှိလည်း ပြတ်ဖို့ မခဲယဉ်းပါဘူး ။ လူတွေအားလုံး အရင်က ခိုင်ဆိုတဲ့ မိန်းကလေးမှာ သားတစ်ယောက် ရှိခဲ့ဖူးတာ မသိဘဲ စွပ်တင်နေကြတာလေ ။ ခိုင်တစ်ခုပဲ ဝမ်းနည်းတယ် သိလား သက် ”
“ ဟင် ... သက်က ဝမ်းနည်းတယ် ဟုတ်လား ”
သူ့စကား ကြားရတော့ အံ့သြသွားသည် ။ သူ့ ရင်ထဲမှာ ခံစားမှုမဲ့ ဗလာနှလုံးသားပဲ ရှိနေတာ သိနေတော့ မေးမိသည်လေ ။
“ ဟုတ်တယ် ၊ ခိုင့်ဘဝ တစ်လျှောက်လုံး ယောက်ျား တွေကို ခိုင်ကပဲ စဖြတ်ခဲ့တာလေ ။ အခုတော့ သူက စဖြတ်သွားတာ ဆိုတော့ ခိုင့် ရာဇဝင် ရိုင်းသွားရတာပေါ့ ၊ ခိုင် မကျေနပ်ဘူး ။ ရှက်လည်း ရှက်တယ် ။ ဝမ်းလည်း နည်းတယ် ။ သူ့ကို မလုပ်လိုက်ရလို့ ”
ဪ ... ဖြစ်မှဖြစ်ရလေ ခိုင်ရယ် ၊ ရှက်လို့တဲ့ ။ ဘယ်အရာက ရှက်စရာ ကောင်းမှန်း ခိုင် မသိတာလား ။ တလွဲဆံပင် ကောင်းနေပြန်ပြီ ။ ဒါကြောင့် ကျွန်မကို တွေ့တွေ့ချင်း အတင်းဖက်ပြီး ငိုနေတာကိုး ။ ဒါပေမဲ့ သူ ဘာဖြစ်လို့ သူ့ရုပ်သွင်က စုတ်ပြတ်သတ်နေလောက်အောင် ယိုယွင်း ပျက်စီးနေရတာလဲ ။ တစ်ခုခု ဖုံးကွယ်ထားတာတော့ အမှန်တကယ် ရှိနေမှာ သေချာသည် ။
••••• ••••• •••••
“ ခိုင် အားမငယ်ပါနဲ့ကွယ် ။ သက် တစ်ယောက်လုံး ရှိပါတယ် ။ စိတ်ပြေလက်ပျောက် သက် အိမ်မှာ … ပျော်သလောက်နေပေါ့ ။ သက်ကတော့ အလုပ် မရှိတော့ တရားစခန်းပဲ ဝင်ဖြစ်တယ် ။ နောက်ဆုံး အချိန် ရောက်ဖို့ မကြာတော့ဘူးလေ ။ သက်တို့အရွယ်က တရားနဲ့ ပျော်မွေ့ ရမယ့် အရွယ် ရောက်နေပြီ ခိုင်ရဲ့ ။ နောက်ဆို သက်က လူဝတ်ကြောင်ကို စွန့်ပြီး တရားနဲ့ပဲ ပျော်မွေ့ တော့မယ်လို့ ဆုံးဖြတ်ထားတယ် ခိုင် ”
ကျွန်မ ပညာသားပါသော စကားတစ်ခွန်း ခိုင့်ထံ ပစ်လွှတ်လိုက်သည် ။ ခိုင် ခေတ္တ ငြိမ်သက်သွားသည် ။ ပြီးတော့မှ “ သက် တရားစခန်းဝင်တဲ့အခါ ခိုင်လည်း တစ်ခေါက်လောက်တော့ လိုက်ဝင်ကြည့်ချင်တယ် ”
ခိုင်ကတော့လေ တရားစခန်းကို ဘာမှတ်နေသလဲတော့ မပြောတတ်ဘူး ။ ဝင်ကြည့်ချင်လို့တဲ့ ။ ပြောပုံ ကလေ ။ ကျွန်မ ကတော့ သူ့ ကို စိတ်တည်ငြိမ်စေချင် တာတော့ အမှန်ပါ ။ စိတ်တည်ငြိမ်ဖို့ ဆိုတာကလည်း တရားကျင့်စဉ်များကို လုပ်ဆောင်မှသာ ရနိုင်မည် ။
ဒီလိုနှင့် ခိုင် တစ်ယောက် အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ကျွန်မ အိမ်၌ သောင်တင် နေသည် ။ စကားစကား ပြောဖန်များတော့ ခိုင်တစ်ယောက် စကားထဲက ဇာတိပြလာပါသည် ။ ခိုင့် အနေနှင့် ကိုခင်မောင်လွင် တစ်ယောက် သူ့ကို ခွဲခွာသွားပေမယ့် နောင်တ မရ ။ ဂဏန်းကလည်း အလွဲလွဲ အချော်ချော်မို့ ပိုပြီး သဲကြီးမဲကြီး လိုက်နေမိ၏ ။ တဖြည်းဖြည်း အကြွေးတွေက များလာ ။ အတိုးနှင့် ငွေချေး လာသည် အထိ အခြေအနေက ဆိုးလာသည် ။ အတိုး မပေးနိုင်တော့ အရင်းနှင့် အတိုး ပေါင်းကာ အကြွေးက ပိုမြင့်တက်လာသည် ။ နောက်ဆုံး ကားကို လက်လွှတ်ရသည် ။ ခိုင်က အကြွေးတွေက လည်ပင်းမြုပ်မည့် အခြေအနေ ရောက်နေ သော်လည်း သူ့ လိုက်ဖ်စတိုင်ကိုတော့ မပြောင်းမလဲ ဆုပ်ကိုင်ဆဲ ။ အဝတ်အစား ၊ အစားအသောက် အားလုံး ကောင်းပေ့ဆိုမှ ။
တစ်သက်လုံး ခြေမြေမကျခဲ့ရတဲ့ ခိုင် ၊ ကား မရှိတော့ တက္ကစီ တဝီဝီပြန်ပေါ့ ။ တစ်နေ့တစ်နေ့ စရိတ်တွေက ထောင်းလာသလို အကြွေးသမားတွေက ဖုန်းနှင့် တစ်မျိုး ၊ အိမ်ရှေ့ ရပ်လာတာ တစ်သွယ် နှင့် ဒီတစ်ခါတော့ ခိုင် စိတ်ညစ်လာသည် ။ ခင်မင်သည့် မိတ်ဆွေများက ငွေချေးမည်စိုး၍ ခိုင့် ကို မြင်တွေ့လျှင် ရှောင်တိမ်းလာကြသည် ။ ဂဏန်းအကြွေးတွေ ကလည်း မနည်းမနော ။ အကြွေး မပေးနိုင်တော့ နောက်ထပ် ခိုင့်ကို ဂဏန်းထိုးခွင့် မပေးတော့ ။ ခိုင် က ပြောသေးသည် ။ သူသာ ထိုးခွင့်ရှိလျှင် သူ့ဂဏန်းက သေချာပေါက် ထိမည့် ဂဏန်းတဲ့ ။
အခု ခိုင် နေသည့် အိမ်က အရင်းအတိုး ပေါင်းလိုက်လျှင် ဆုံးဖွယ် အခြေအနေ ရောက်တော့မည် ။ ခိုင် မှာ နေစရာ ၊ ပြေးစရာ ကမ္ဘာ ရှားပါးလှပါဘိ ။ ကျွန်မ စိတ်ထဲ ခိုင့်တစ်ယောက် ကျွန်မဆီ ရောက်လာခြင်းသည် စတေး ရှောင်တာများလားလို့ ။
ကျွန်မ မှာလည်း ကျန်းမာရေးကြောင့် ရုံးမှ ဆေးပင်စင် ယူလိုက်ရသည် ။ ကျွန်မ အနေအထားနှင့် ခိုင့်အခက်အခဲကို ဖြေရှင်းပေးရန် မလွယ်ကူ ။ တစ်ခုတော့ ရှိသည် ။ ခိုင်က ကျွန်မနှင့် အတူ တရားစခန်း ဝင်ချင်သတဲ့ ။ ခိုင့် ဆန္ဒကို ကျွန်မ ကူညီဖြည့်စွမ်းချင်ပါသည် ။ သို့သော် ခိုင် တစ်ယောက် ဝင်သက် ၊ ထွက်သက် ကြားမှာ စွဲလမ်းနေသော အာရုံများကို တကယ်ပင် သတ်နိုင်ပါ့မလားလို့ ကျွန်မ စိတ်ပူမိသည် ။ ခိုင့်ကို ကုစားဖို့ကလည်း ကျွန်မ ကူညီနိုင်တာ ဒီနည်းလမ်း တစ်ခုပဲ ရှိသည် ။
တရားအားထုတ်ခြင်းကလည်း မတည်ငြိမ် လှုပ်ခတ်နေသော စိတ်အလျဉ်ကို ထိန်းချုပ်ပေးသည့် သဘောပင် ဖြစ်သည် ။ လောင်မြိုက်နေသော စိတ်တွေကို အေးမြအောင်လည်း ဖန်တီးနိုင်စွမ်းသည် ။ ပျံ့လွင့်မျောပါနေသော စိတ်အားလုံးကို အာရုံ တစ်ခုတည်း၌ စုစည်းပေးတတ်သည် ။ ကျွန်မ ကိုယ်တိုင် ကျင့်စဉ်က နားလည် သိရှိလိုက်တာကို ပြောရလျှင် စိတ်ကို သန့်ရှင်းစင်ကြယ်အောင် လျှော်ဖွပ်ပေးလိုက်ခြင်းပင် ဖြစ်ပါသည် ။ ခိုင်လည်း ရိပ်သာတွင် အေးချမ်း တည်ငြိမ်စွာ ကျင့်စဉ်များကို လုပ်ဆောင်ရင်း အနည်းနှင့် အများ စိတ်နှလုံး တည်ငြိမ်နိုင်လိမ့်ဟု ကျွန်မ ယုံကြည်မိ ပါသည် ။
သို့သော် ကျွန်မ ယုံကြည်မှုများ သဲထဲရေသွန် ဖြစ်သွားခဲ့သည် ။ ခိုင်ဟာ ငယ်ဘဝတုန်းကလို စိတ်ဆန္ဒတွေကို ဦးစားပေး နေဆဲ ဆိုတာ ကျွန်မ သိလိုက်ရ ပြန်သည် ။ အဖြစ်ကတော့ ဒီလိုပါ ။
ကျွန်မ ဝင်နေကျ ရိပ်သာသည် မြို့စွန် တစ်နေရာ၌ တည်ရှိပြီး အလှူရှင် အများအပြား ပံ့ပိုး လှူဒါန်းနေသည့် ကျောင်းတစ်ကျောင်း ဖြစ်ပါသည် ။ စေတနာ အလှူရှင်များ၏ ကြီးမားသော စေတနာ သဒ္ဓါတရားကြောင့် အချို့သော ရိပ်သာစခန်းများလို သဒ္ဓါကြေး လုံးဝ လက်မခံဘဲ နေ့စဉ် အရုဏ်ဆွမ်း ၊ နေ့ဆွမ်းများကို ရက်ရက်ရောရော လှူဒါန်းကြသည် ။ လှူချင်သည့် ရက်ကို စောင့်ယူရသည် အထိ အလှူရှင် များပြားလှသည် ။ လိုလေသေး မရှိအောင် ပြည့်စုံသောကြောင့် ရိပ်သာဝင်သူ ယောဂီများ တစ်နေ့တခြား တိုးပွားလာသလို စိတ်ချမ်းသာမှု များလည်း အပြည့်အဝ ရကြသည့် တရားစခန်းမျိုး ။
ကျွန်မ ကတော့ တစ်နေ့ ခြောက်ကြိမ်မျှ တရားရှုမှတ်နိုင်ရန်အတွက် လျှာအလိုသို့ မလိုက်ဘဲ စားသောက်ခြင်းကို တတ်နိုင်သမျှ လျှော့စားသည် ။ လူ ဆိုတာကလည်း အစား များလွန်းပါက ငိုက်မျဉ်းတတ် တာ ဓမ္မတာပဲ မဟုတ်လား ။ ရသတဏှာက တော်တော် ဆိုးသည် ။
ခိုင် ကတော့ အရုဏ်ဆွမ်း စားတော့လည်း တစ်ဝတစ်ပြဲ ၊ နေ့ဆွမ်း ဆိုလည်း ထိုနည်းလည်းကောင်းပါပဲ ။ မထစဖူး အိပ်ရာက အစောကြီး ထရတော့ ခိုင် တဝါးဝါး သမ်းသည် ။ တရားထိုင်ချိန် မှာတော့ ဆရာတော်ဘုရားကြီး တရားပေးသည် ။ ခိုင်က အိပ်ငိုက်နေသည် ။ တစ်ချက် တစ်ချက် ခေါင်းစိုက်ကျသည် ။
အဆိုးဆုံးကတော့ ခိုင့်ရဲ့ အာရုံငါးပါး အလို ဆန္ဒတွေကို ဆင်ခြင် သုံးသပ်နိုင်မှု နည်းပါးခြင်းပါပဲ ။ ဤရိပ်သာ၌ တစ်ယောက်ခန်း ၊ နှစ်ယောက်ခန်းမှ အစ ငါးယောက်ခန်း ၊ ဆယ်ယောက်ခန်း အထိ ရှိသည် ။ အခန်းတိုင်းတွင် အိမ်သာ ၊ ရေချိုးခန်းများ ပါသည် ။ ခိုင်ကတော့ နှစ်ယောက်အခန်း ရအောင် ကျွန်မကို နားပူနာဆာ လုပ်သည် ။ နှစ်ယောက်အခန်း ရပါသည် ။ ခိုင်က လှည့်ပတ် ကြည့်ရှုပြီး ပြတင်းတံခါး ပိတ်ရမည့် စည်းကမ်းကို သဘောမတွေ့ ၊ ကြီးကြပ်သူများက ညအချိန် အလစ်သမား ရန်မှ ကင်းဝေးစေရန် အတွက် ပိတ်စေခြင်းသာ ဖြစ်သည် ။
“ ပြတင်းတံခါးတွေ ပိတ်ထားတော့ အိုက်လို့ သေတော့မှာပဲ ။ သက် လာတိုင်း ဒီလိုပဲ နေနိုင်တာ ပေါ့လေ ”
“ ခိုင်ရယ် .. အိုက်လာရင် ယပ်ခတ်နေလိုက်တာပေါ့ ။ ပူရင် ပူတယ်လို့ မှတ်လိုက်တော့လည်း နေသာ သွားပါတယ် ။ တဖြည်းဖြည်း ခိုင် နေသားကျသွားမှာပါ ”
ပွဲကတော့ ကြည့်လို့ အတော်ကောင်းသည် ။
“ သူတို့က ဂွမ်းကပ်လေးတောင် မပေးဘူးလား ” ရေချိုးပြန်တော့ “ ရှာဝါယူလာရမှာ ” တဲ့လေ ။ ဟိုတယ် ပေါ်မှာ အနားလာယူနေတယ်လို့များ မှတ်နေသလား မသိ ။ ရေချိုးပြီး သနပ်ခါး လိမ်းမည်လုပ်တော့ ကျွန်မက တားရပြန်သည် ။ ယောဂီလေ ခိုင်ရဲ့ဟု သတိပေးတော့ နို့ရည် အကောင်းစား ခပ်ပါးပါး ပွတ်လိမ်း ဖြစ်အောင် လိမ်းလိုက်သေးသည် ။ ညအိပ်ချိန် ရောက်တော့ ခိုင် တစ်ယောက် ယပ်ခတ် လိုက်ပုံများ မျက်စိ နောက်စရာ ။ အိုက်လို့တဲ့ ။
“ အဲယားကွန်းကို သတိရလိုက်တာ ” တဲ့ ။ အင်းပေါ့လေ ။ ခိုင့်ခမျာ တစ်သက်လုံး အဲယားကွန်းနဲ့ ကြီးပြင်းလာခဲ့ရတာကိုး ။ ဒါကလည်း နေတတ်ရင် တရားပဲလေ ဟု ကျွန်မ ပြောတော့ ...
“ အဲဒီ တရားကို ခိုင် နိုင်အောင် လုပ်ပြမယ် ။ သက် ကြည့်ထားလိုက်တဲ့ ”
ခိုင့် စကား ကြားတော့ ကျွန်မမှာ ဝမ်းသာအားရ ကျေနပ်မိသည် ။ ခိုင်က မဆိုးဘူးပေါ့ ။ သိလွယ်သားပဲ ။ သည်းခံနိုင်သော တရား ရှိပေသားလို့ ။ မနက် ရောက်သော အခါမှ ကျွန်မ အတွေး မှားသွားကြောင်း သိလိုက်ရ၏ ။ နံနက်တစ်ချိန် တရားနားသောအခါ ခိုင်က ...
“ သက် ခိုင် အိမ်ခဏ ပြန်လိုက်ဦးမယ် ”
“ ဘာပြန်လုပ်မှာလဲ ခိုင်ရဲ့ ”
“ ဘာလုပ်ရမှာလဲ ။ ဒီလို မပြည့်မစုံနဲ့ နေရတာ ခိုင် ဘယ်လိုမှ အာရုံ မရပါဘူး ။ အိမ်ပြန်ပြီး အိပ်ရာလိပ်ရယ် ၊ ပန်ကာရယ် သွားယူ မလို့လေ ။ ပြီးတော့ ခိုင်က ညဆို လက်ဖက်လေးမြုံ့ ၊ အချိုရည်သောက်ပြီးမှ အိပ်တာလေ ။ အအေးပုလင်းတွေ စိမ်ဖို့ ရေခဲဘူးလည်း ယူခဲ့မယ် ။ ပြီးတော့ ယောဂီထမီနဲ့ ရယ်ဒီမိတ်ချည်ဇာ အင်္ကျီတွေ လည်းဝယ်ဖို့ ဂမုန်းပွင့်လည်း ပြေးရဦးမယ် ။ သက် ယောဂီထမီ ယူဝတ် ထားရတာ အားနာလှပါတယ် ။ သက်ဆီ ခဏ အလည်လာတာ ဆိုတော့ ဘာမှ ပါမလာဘူးလေ ။ ရေချိုးဖို့ ရှာဝါလည်း ယူခဲ့ရဦးမယ် ”
ဘယ်လိုမှ တားမရတဲ့ အဆုံး ခိုင့်ကို စိတ်ပျက်စွာ လက်လျှော့ လိုက်ရသည် ။ ခိုင့်လို လူမျိုးကား အာရုံ တစ်ခုတည်းမှာ ငြိမ်သက်စွာ မနေနိုင်သည့် သူမျိုး ဖြစ်နေသည် ။ ရောင့်ရဲ သည်းခံနိုင်ခြင်းတရားနှင့် ကျောခိုင်းပြီး အမြဲတမ်း အလိုလောဘတွေနှင့် လောင်မြိုက်နေသူလည်း ဖြစ်သည် ။ ဆရာတော်ကြီးများ မြွက်ကြားသလို စိတ်ဆိုတာ လွင့်လူး နေတတ်လေရာ ထိုသူသည် သူ့ကိုယ်သူ ဘယ်နည်းနှင့်မှ မစောင့်ရှောက်နိုင် ။ မကောင်းသည့် စိတ်ကိုလည်း တားမြစ်ဖို့ ၊ နှိပ်ကွပ်ဖို့ သူ မလုပ်နိုင်ပေဘူးတဲ့ ။ ဤသဘောတရားတွေကို ခိုင် ကြားနာရခိုင်ပေမယ့် နားဝင်ဟန် မတူဘူး ထင်ပါရဲ့ ။
အလိုဆန္ဒတွေ မထိန်းနိုင်သလို အတ္တတွေ များနေသော ခိုင့်အဖို့ အဘယ်သို့သော ဣရိယာပုတ် တစ်ခုတည်းဖြင့် တရားရှုမှတ်ပြီး အာရုံစုစည်းဖို့ ဖြစ်နိုင်ပါ့မလဲ ။ ခိုင် ပြောသည့် တရားကို နိုင်အောင် လုပ်ပြမယ် ဆိုတာ သူ့အတ္တ အောင်နိုင်ရေးကို ပြောတာမှန်း သူ ကိုယ်တိုင် နားလည်ပါရဲ့လား ။
ဪ …. အခုတော့ ဘယ်သူမပြု မိမိမှုပဲလေ ။ ခိုင် တစ်ယောက် သူ့ဘဝ အဓိပ္ပာယ်ကို သူ့ဘာသာပဲ ဖော်ဆောင် နေသည် မဟုတ်ပါလား ။
⎕ မေဇွန်အေး
📖ပေဖူးလွှာ မဂ္ဂဇင်း
၂၀၁၂ ၊ အောက်တိုဘာလ

No comments:
Post a Comment