Saturday, September 6, 2025

အာဝေဏိက ရသ


 ❝ အာဝေဏိက ရသ ❞ 

       ( ဖူးသစ်မော် )


ဟောလိဝုဒ် ရုပ်ရှင်လောကတွင် သတ္တိအပြောင်ဆုံး ဒါရိုက်တာဟု သတ်မှတ်ပြောဆိုကြသည့် ဂျိမ်းစ်ကင်မရွန်းက အင်တာဗျူးတစ်ခုတွင် ပြောခဲ့ဖူးပါသည် ။ “ မိန်းမတွေ စဉ်းစားတွေးခေါ်ပုံ ၊ ကမ္ဘာကြီးအပေါ် ရှုမြင်ပုံတွေကို ကျုပ် သဘောကျတယ် ” တဲ့ ။ မိန်းမတွေ မည်သို့ စဉ်းစားတွေးခေါ်ပြီး ကမ္ဘာကြီးအပေါ် မည်သို့ ရှုမြင်ကြောင်းကိုမူ ဖွင့်ဟ မပြောကြားခဲ့ပါ ။ တစ်ခုတော့ ရှိသည် ။ သူကိုယ်တိုင် ထိတွေ့ ဆက်ဆံနေရသည့် မိန်းမတွေ ဆိုတာက ကမ္ဘာမြေအနှံ့ ခြေစကြာ ဖြန့်ကြက်နိုင်ကြသော ကမ္ဘာကျော် ရုပ်ရှင်မင်းသမီးတွေပဲ ဖြစ်ပါလိမ့်မည် ။ ထို့ကြောင့် သူတို့၏ လောကအမြင်တွေကလည်း အတော်ကြီးကျယ်ခမ်းနားနိုင်ပါသည် ။ ကျွန်တော်ကတော့ ကျွန်တော်တို့ရပ်ကွက် ထဲတွင် ခြေစကြာ ဖြန့်ကြက်ရင်း အိမ်ရှင်မ အလုပ်တွေနှင့် အသက်မွေးဝမ်းကျောင်းရရှာသော မရွှေတင်၏ လောကအမြင်ကို အလွန်သဘောကျ မိပါသည် ။


မရွှေတင်သည် အသက် လေးဆယ်ဝန်းကျင် ကျွန်တော့် အစ်မနှင့် မတိမ်းမယိမ်း လောက်ရှိပါသည် ။ မြို့နှင့် တစ်မိုင်ခန့်သာ ဝေးသော ကျောက်တန်းရွာသူ မုဆိုးမ တစ်ဦးလည်း ဖြစ်သည် ။ သူမတွင် မိဘတွေ မရှိကြတော့ ။ ရွာတွင် အခြေချနေထိုင်သည့် အိမ်ထောင်သည် အစ်ကိုတစ်ယောက်နှင့် ကျွန်တော်တို့ ရပ်ကွက်ထဲတွင် နေထိုင်သော အဒေါ်တစ်ယောက် ရှိပါသည် ။ မရွှေတင်၏ ယောက်ျားမှာ တစ်ရွာတည်းသား ဖြစ်ပြီး အိမ်ထောင်သက် နှစ်နှစ်ကျော်တွင် ငှက်ဖျားပိုး ဦးနှောက်ထဲ ဝင်ကာ ဆုံးပါးခဲ့ကြောင်းသိရသည် ။ သားသမီး မထွန်း ကားခဲ့သော မရွှေတင် သည် ရွာမှ အစ်ကို့အိမ်နှင့် မြို့မှ အဒေါ်ဖြစ်သူ အိမ်တို့တွင် တစ်လှည့်စီ ကူးသန်းနေထိုင်ခဲ့သည် ။ နောက်ပိုင်းတွင် ရပ်ကွက်အတွင်းရှိ အိမ်ရှင်မ အလုပ်တွေနှင့် အကြောင်းအပေါင်း သင့်ကာ အဒေါ်ဖြစ် သူ အိမ်တွင် ကျောက်ချနေ ထိုင်ခဲ့ခြင်း ဖြစ်သည် ။ 


မရွှေတင်၏ ရုပ်ပုံမှာ အရပ်ခပ်ပြတ်ပြတ် ၊ အသား ညိုညိုနှင့် ခန္ဓာကိုယ်တုတ်ခိုင် သန်စွမ်းပါသည် ။ ရိုးရှင်းပွင့်လင်းစွာ ပျော်ပျော်ကြီး နေထိုင်တတ်သည် ။ အလုပ်တွေကို မနားတမ်း လုပ်နိုင်သလောက် စကားလည်း အလွန်ပြောနိုင်ပါသည် ။ လူတိုင်းက မရွှေတင်ကို အပြစ်မမြင် ချစ်ခင်ရင်းနှီးစွာ ဆက်ဆံကြပါသည် ။


ဇာတိမြို့ကလေးနှင့် မိုင်သုံးရာကျော် အရပ်တွင် အလုပ်တာဝန်နှင့် ရောက်နေ သော ကျွန်တော်သည် အမေ နှင့် အစ်မတို့ ရှိရာသို့ တစ်နှစ် တစ်ခေါက်အရောက်ပြန်ဖြစ်ပါသည် ။ ပြန်ရောက်တိုင်း လည်း လောကသဘာဝနှင့် အညီ ပြောင်းလဲမှုတွေနှင့် အမြဲကြုံဆုံရသည် ။ ကျောင်းနေဖက်သူငယ်ချင်းတွေ ၊ အသိမိတ်ဆွေတွေ ဘဝအခြေအနေနှင့် မြေလတ်ဒေသမြို့ပြ ပုံရိပ်တွေက တစ်ခေါက်နှင့် တစ်ခေါက် ထပ်တူမကျနိုင်ပါ ။ အမေနှင့် အိမ်ထောင်သည်အစ်မ တို့က အိုးမကွာ ၊ အိမ်မကွာ အရိုးခံ နေထိုင်တတ်ကြသဖြင့် အစူးအစမ်း အမေးအမြန်း ထူတတ်သော ကျွန်တော့်ကို လက်မြှောက်ကြပါသည် ။ 


“ ခေါင်းရှပ်လွန်းလို့ဟယ် ၊ နင့်ဂျာနယ်လစ်ကြီး မရွှေတင် လာမှ မေးပေတော့ ။ အိမ်အလုပ်တွေ ရှိလို့ ခေါ်ထားတယ် ၊ မနက်ကျ လာပါလိမ့်မယ် ” 


“ ဟား ဟုတ်သားပဲ ။ ရပ်ကွက်ဂျာနယ်လစ်ကြီး ဆီမှာ သတင်းပလင်းတွေ အတော်စုမိနေလောက်ပြီ ။ မရွှေတင်ကြီးလည်း ဘာမှ မပြောင်းလဲဘူးပေါ့ ၊ ကျန်းမာရေး ကောင်းတုန်း အလုပ်တွေ လုပ်နိုင်တုန်းလား ”  


“ ဟဲ့ ၊ ဒီအရွယ်က လုပ်ကောင်းစားကောင်းအရွယ် ရှိသေးတာ ။ ကျောက်တန်းသူ ဘာမှတ်လို့လဲ ၊ ကျန်းမာလိုက်သမျှ တကျည်ကျည်မြည်လို့ သူ့အနားတောင်ကြာကြာ မထိုင်နိုင်ဘူး ။ နားတွေပူလွန်းလို့ ”  


အမေ ဝင်ပြောလိုက်မှ ရှင်းတော့သည် ။ ဒေါင်ဒေါင်မြည်အစား တကျည်ကျည်မြည်ဟု သုံးနှုန်းလိုက်ပုံက မရွှေတင်နှင့် အတော်လိုက်ဖက်ပါသည် ။ အလုပ်တွေကို မရပ်မနား လုပ်နိုင်သလောက် စကားကိုလည်း တကျည်ကျည်မြည်လာအောင် ပြောနိုင်သည် ။ အိမ်တကာလှည့်ကာ အလုပ်လုပ်နေသူမို့ ရပ်ကွက် အတွင်းမှ အကြောင်းကိစ္စ မှန်သမျှလည်း သူ မသိတာ မရှိ ။ သူ့စကားနှင့် သူ တဝါးဝါး တဟားဟား အရယ်က သန်လိုက်သေးသည် ။ အိမ် အိမ်တွင် ဖြစ်စေ ၊ လှုပ်ရှားသွားလာနေချိန် ဖြစ်စေ မရွှေတင် ရှိရာ အရပ်ကို အနီးဝန်းကျင်မှ အလွယ်တကူ ကြားသိနိုင်ပါသည် ။ 


နောက်တစ်နေ့မနက် ကျွန်တော် မျက်နှာသစ်နေစဉ် မီးဖိုဆောင် ဝင်နေသော အမ က လှမ်းအော်ပါသည် ။ 


“ မင်းသန့် ၊ လမ်းဆုံမှာ နင့် ဂျာလစ်ကြီး ရောက်နေပြီ အသံကြားလား ” 


ကျွန်တော်တို့ အိမ်မှ ကိုက်တစ်ရာလောက်အကွာ တွင် ရပ်ကွက်လမ်းဆုံကလေး တစ်ခုရှိသည် ။ ထိုလမ်းသည် အိမ်ရှင်မတို့ စုဝေးထိတွေ့ရာ စုရပ်နေရာလည်း ဖြစ်ပါသည် ။ ခပ်အုပ်အုပ် အသံတွေထဲမှ Decible ဖြစ်သော မရွှေတင်၏ အသံကို အတိုင်းသား ကြားနေရသည် ။ သိပ်မကြာမီ အိမ်ဘက်သို့ တဖြည်းဖြည်း နီးလာလေသည် ။ 


“  ... ရွှေတင်တို့က သူသေမှ မနေတတ်လို့ အလုပ် ထလုပ်နေတာ ။ သွားလေသူကြီး ကိုဘလှကို ခေါ်ပြ လိုက်ချင်သေးတော် ၊ အလုပ်လုပ်တဲ့ နေရာမှာတော့ တကယ့်ကို ကျားစီးဖားစီး ဟောဒီက ရွှေတင်ကို ခုနေ မြင်ကြည့်လိုက်ပါလား ၊ သူ့မယားကို နေပူစပ်ခါး တစ်ဖဝါးတောင် အထွက်ခံတာမဟုတ်ဘူး ၊ သူတော်ကောင်းကြီး အသေစောခဲ့လို့တာ ။ ခုလောက်ရှိ နတ်ပြည်မှာ နတ်မယားအသစ်ကလေးတွေနဲ့ တအား ချစ်နေလောက်ပြီ ။ လူ့ပြည်မှာ ကျန်ရစ်ခဲ့တဲ့ ရွှေတင်ကို ရှိလေတယ်တောင် ထင်မှာ မဟုတ်တော့ဘူး ။  ဟား ... ဟား ... ဟား ” 


“ အစ်မ မရွှေတင်တို့ကတော့ တကယ့်ကို တကျည်ကျည်မြည်ပဲဗျို့”  


“ ဟဲ့ မောင်မင်းသန့် ပြန်ရောက်နေပါလား ။ ဒီတစ်ခေါက် ပိုကြာနေသလားလို့ ။ ဧကန္တ ဆွေပြမျိုးပြ ချစ်မဝလေး ပါလာပြီထင်တယ် ။ ဘာကျွေးမှာလဲ ”  


“ ဟား .. ဟား ။ အစ်မရွှေတင် စားချင်တာရှိ တွင် ဝယ်ကျွေးပါ့မယ်ဗျာ ။ ချင်မဝတွေ ချစ်မရတွေက ဘယ်ဆီနေမှန်းတောင် မသိဘူး ။ ကျွန်တော့်ကို တော်တော် အထင်ကြီးနေပုံရတယ် ၊ မြို့ကြီးသူ မမတွေက ကျွန်တော့်လို ပါမွှားကျောသား ပြောင်ပြောင် ပုံးရည်ကြီးရောင်ကို စိတ်ဝင်စားမယ် ထင်လို့လား ။ သူတို့ အချစ်က ဂလိုဘယ်ခေတ်မှာ ကွန်ပျူတာတွေ ၊ အင်တာနက်တွေနဲ့ အပြိုင် အီလက်ထရောနစ် ရေစီးထဲမှာ ရှင်သန်နေတာဗျ ” 


“ ဟဲ့ ၊ ဘာတွေ ဘာတွေရယ် ...” 


“ အစ်မရွှေတင် နားလည်အောင် ပြောရရင် မြို့ကြီးသူ မမတွေက ကျွန်တော် တို့ ရပ်ကွက်ထဲက မမတွေလို စီးတဲ့ရေ ဆည်တဲ့ကန်သင်းတွေ ၊ အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာတွေနဲ့ မီးဖိုချောင် ထဲမှာ အားနွဲ့မနေကြတော့ဘူး ။ သူတို့က ပညာတွေ သင် ၊ သင်တန်းတွေတက် ၊ စီးပွားရေးနယ်ပယ် မှာ ယောက်ျားတွေနဲ့ အပြိုင် ရင်ဆိုင်နေကြတာ ။ အချစ်တွေ ၊ သစ္စာတရားတွေနဲ့ နှလုံးသား က ဒုတိယနေရာ ရောက်သွား ပြီ ။ ယောက်ျား အားကိုးမရှာဘူး ။ အိမ်ထောင်ရေးကို စဉ်းစားရင်တောင် ပညာရော ၊ စီးပွားပါ ကိုယ့်ထက် သာမှ စဉ်းစားကြတော့တာ ။ ကျွန်တော့်လို ပါမွှားက အနားတောင် မသီနိုင်ပါဘူးဗျာ ”  


“ ခဏလေး ငါ့မောင်ရေ ။ မင်း အစ်မဆီက လျှော်စရာ ၊ ဖွပ်စရာတွေ ယူလိုက်ဦးမယ် ။ မနေ့ ကတည်းက လာဖို့ဟာ ပြည်တော်သာလမ်းထဲက အိမ်တွေ ဝင်နေရလို့ ”  


အစ်မက လျှော်စရာအဝတ်တွေကို စုထုပ်ထား ပေးရသည် ။ မရွှေတင်သည် မျက်စိရှေ့ တွေ့သမျှ အဝတ်ကို အဟောင်းသော အသစ်သော စစ်ဆေး ရွေးချယ်နေတတ်သူ မဟုတ် ။ လက်လှမ်းမီရာ လက်နှီးစုတ်ကအစ ဆွဲရုန်း လျှော်ဖွပ်တတ်သည် ။ ပြီးတော့ အိမ်ရှင်က ခိုင်းခိုင်း ၊ မခိုင်းခိုင်း အိုးခွက်ပန်းကန်တွေ ရှိသမျှ ဆွဲထုတ်တိုက်ချွတ်သည် ။ တံမြက်စည်း ရှာပြီး တစ်ဝိုင်းလုံးကို သိမ်းကျုံးလှည်းကျင်းသည် ။ တစ်အိမ်လုံး လုပ်စရာ အလုပ် ရှာမတွေ့နိုင်တော့မှ ရပ်နားတတ်သူ ဖြစ်ပါသည် ။ 


“ ငါ့မောင် ပြောတဲ့ မြို့ကြီးသူ ပညာတတ် မမတွေ မီးဖိုချောင် ဝင်မနေကြတော့ဘဲ ယောကျ်ားတွေနဲ့အပြိုင် စီးပွားထွက်ရှာကြတာများ အဆန်းလုပ်လို့ ။ ဒီက မိန်းမတွေကရော ဘာထူးလို့လဲ ။ လင်ယူသားမွေး လုပ်လိုက်ကြတာလည်း ငါးပိဖုတ်တာကမှ ခက်နေဦးမယ် ။ လင်ယူ ပြီး မီးဖိုချောင်ထဲ နစ်နေချင်လို့တောင် နစ်ခွင့်မရပါဘူး ။ လင့် လုပ်စာချည်း မျှော်ကိုးမရ ၊ မလောက်မင ဖြစ်လာတော့ အပြင်ထွက် အလုပ်လုပ်ကြရတာချည်းပါပဲ ။ အိမ်ရှိ လူကုန် ထွက် အလုပ် လုပ်ကြတာတောင်မှ ထမင်းနပ် မမှန်ချင်တဲ့ ခေတ်ကွဲ့ ။ တချို့များ လင်ယူ ကောင်းလိုက်ကြတာ မောင်တစ်ရွက် မယ်တစ်ထမ်း ဘဝကို ရောက်ကရော ။ ဘယ်လို စဉ်းစားတွေးခေါ်ပြီး လင်ယူနေကြမှန်းတောင် မသိတော့ ဘူး ။ ဟား .. ဟား ... ”  


“ အစ်မရွှေတင် ပြောတာ ဟုတ်လောက်တယ် ။ ကျွန်တော် ကားဂိတ်ကနေ လာတော့ ပြည်တော်သာလမ်းထဲ မှာ ဈေးရောင်းနေတဲ့ စမ်းစမ်းတင် ကို တွေ့ခဲ့တယ် ၊ ရင်ခွင်ထဲလည်း ကလေး တွဲလောင်းနဲ့ ။ ဘယ်လိုဖြစ်သွားတာလဲ ”  


“ မော်ဒယ်လ်မမ စမ်းစမ်းတင် မို့လား ။ အင်မတန် သွေးကြီးမွေးကြီး နိုင်တဲ့ ကောင်မလေး ။ သူ့ကောင်က ပွဲစားယောင်ယောင် ဘာယောင်ယောင် လူပေါ်ကြော့လေ ။ နေပါဦး အဲ ပြည့်ဖြိုးကျော် တဲ့ ။ ကားဂိတ်မှာ အလုပ်လုပ်နေတဲ့ ဦးကျော်လင်း သား ထွန်းမောင်လေး ကလည်း စမ်းစမ်းတင် ကို ကြိုက်လိုက်တာများ တစ်ပိုင်း ကို သေလို့ ၊ ထွန်းမောင်လေး ရိုးရိုးတည်တည် အလုပ် ကြိုးစားရှာတယ် ။ ဒါကို အထင် မကြီးဘဲ လူ့ပေါ်ကြော့ ပြည့်ဖြိုးကျော် ကို ယူလိုက်တာ ။ ပထမတော့ အဆင် ချောသပေါ့ ။ ကလေးတစ်ယောက်လည်း ရရော ပွဲရုံမှာ ဘာပြဿနာတက်တယ် မသိပါဘူး ၊ အလုပ်ပြုတ်ပါရောလား ။ လက်ကြော မတင်းတဲ့ကောင် ဆိုတော့ အလွယ်လမ်း လိုက်ပြီး နှစ်လုံး ၊ သုံးလုံး ထရောင်းတယ် ။ ငွေကလေး ရွှင်တော့ အရက်ကလေး တမြမြလုပ် ၊ မိန်းမပါ ရှုပ်လာပါရော ၊ ပြဿနာတွေ တက်လာတော့ စမ်းစမ်းတင် အိမ်က နှစ်ယောက်စလုံးကို နှင်ချလိုက်တာ စက်ဝိုင်းထဲ မှာ အိမ်ငှားနေရတယ် ။ ပြီးခဲ့တဲ့ ရက်နှစ်ဆယ်လောက် ကပဲ ပြည့်ဖြိုးကျော် အဖမ်း ခံရတယ် ငါ့မောင်ရဲ့ ”  


“ ဟင် ၊ ဘာဖြစ်လို့လဲ ” 


“ နှစ်လုံး ၊ သုံးလုံးအမှုနဲ့ လေ ။ ဒါကြောင့် စမ်းစမ်းတင် ကလေးတွဲလောင်းနဲ့ ဈေးထရောင်းနေရတာ ။ အချုပ်ထဲက ယောက်ျား အတွက်ပါ အပို ရွက်ရပြီလေ ”  


“ ဪ ၊ ဒီလိုတွေ ဖြစ်ကုန်တာကိုး ”  


“ ပဲစားဥ မိချော သတင်းလေး မေးပါဦးလား ငါ့မောင် ရဲ့ ၊ သူရော ဘာထူးလို့လဲ ။ လင်အယူ ကောင်းလိုက်တာ ကလေးတစ်ယောက်နဲ့ တစ်ဗိုက်ဖြစ်နေပေါ့ ။ အပျိုဘဝတုန်းက ပဲစားဥ ရောင်းပြီးတော့ ကော့ကော့လေး နေလာတဲ့ ကောင်မလေး ။ အခု ပဲစားဥတောင်းကို အနားပေးပြီး အမဲသားတောင်း ရွက်နေရပြီ ။ မနက်တိုင်း ဈေးကြီး ကနေ ဖောက်သည်ခံပြီး အမှတ်နှစ် ဈေးထဲ သွားရောင်းနေတာ ”  


“ သူ့ယောက်ျားက ဆိုင်ကယ်ဝပ်ရှော့မှာ အလုပ် လုပ်တာ မဟုတ်လား ”  


“ အလုပ်လုပ်စားတဲ့ အဆင့် မဟုတ်သေးဘူး ။ ထမင်းစားကျွန်ခံ ပညာသင် အဆင့် ရှိသေးတာ ။ ကိုစံသိန်းဆိုင်ကယ်ဝပ်ရှော့ကို အစ်မ အမြဲ ဝင်ထွက်လုပ်ကိုင် ပေးနေရတာပါ ။ ဟုတ်တိ ပတ်တိ ဘာပညာမှမတတ် ၊ ပျင်းလိုက်တာလည်း ဝီခေါ် လို့ ။ ဆိုင်ကယ်အပ်ထည်လေးတွေ စက်စမ်းရင်း စီးစီး ပြနေတာကို မိချောက အထင်ကြီးပြီး ကြိုက်လိုက်မိတာ ။ ကိုစံသိန်း မိန်းမ မိုးမိုးမြင့် ကိုယ်တိုင် ပြောတာပဲ ။ ခုထိ ထမင်းစား ကျွန်ခံအဆင့်က တက်မလာနိုင်လို့ မိချော ကပဲ ကလေးတစ်ဖက် ဗိုက်တစ်ဖက်နဲ့ ကျုံးရုန်းရှာနေရတာ ”  


“ အင်းပေါ့ ၊ တစ်နေ့နေ့တော့ ဖြစ်လာမှာပေါ့ဗျာ ”  


“ အမလေး ဟိုသီချင်းလေးတောင် အော်ဆိုလိုက်ချင်သေးတယ် ။ မနက်ဖြန်သို့ မဟုတ် ဘယ်သောအခါ  × × × လေ ။ ဟား ... ဟား ... ” 


“ ဘေထုပ်ဆိုင်မှာ အလုပ်လုပ်နေတဲ့ တင်မြင့်ဦး ရော အဆင်ပြေရဲ့လား အစ်မရွှေတင် ၊ ကျွန်တော်နဲ့ မတွေ့တာ နှစ်ခေါက်ရှိပြီ ” 


“ မင်း သူငယ်ချင်းဆိုတဲ့ တင်မြင့်ဦး လား ၊ သူ့ မိန်းမက ရီရီဝင်း တဲ့ ။ ဖြူဖြူသေးသေးလေ ”


“ ဟုတ်တယ် ၊ နှစ်ယောက်လုံး သူငယ်ချင်းတွေပဲ ”


“ အမယ်လေး တ,ပြီး ပြောရဦးမယ် ။ မင်းသူငယ်ချင်းက လူပွေလူရှုပ်ပဲ ။ ဘေထုပ်ဆိုင်ကနေ သုံးဘီးဆိုင်ကယ်ပေါ် ရောက်သွားတယ်လေ ။ အဲဒါ မင်း မသိဘူးပေါ့ ။ သမီးနှစ်ယောက် ရလာမှ ဘယ်လို ဗွေဖောက်တယ် မသိဘူး ။ သုံးဘီးဆိုင်ကယ် အမောင်း ကောင်းလိုက်တာ မကွေးဘက်က ကွမ်းယာ ရောင်းတဲ့ ကောင်မလေးတစ်ယောက်ကို ထပ်ယူလိုက်ပါရောလားဟဲ့ ” 


“ ဟာ ၊ ဟုတ်ရဲ့လား ။ အစ်မရွှေတင်ရာ ” 


“ ဟုတ် ၊ မဟုတ် သိချင်ရင် ရီရီဝင်း နဲ့ သွားတွေ့လိုက်လေ ။ မင်းသူငယ်ချင်းတွေပဲ ၊ အခု ရီရီဝင်း က ဆက်မပေါင်းနိုင်လို့ သူ့မိဘအိမ် ပြန်နေတာ တောင်ကြာပြီ ။ သူ့ခမျာ သမီးလေးနှစ်ယောက်ကို အိမ်မှာ ထားပြီး နဂါးနီဆေးခန်းမှာ အလုပ်ဝင်လုပ်နေရတယ်လေ ။ ကိုယ့်သမီးလေးတွေ မျက်နှာမှ မထောက် ဖောက်လို ဖောက်ပြားကောင်စားမျိုးတော့ အစ်မကလေ ဟောဒီ အဝတ်ဖွပ်တုတ်နဲ့ ဟောသလို အားရပါးရ နှက်ပစ်ချင်တာ ”


မရွှေတင်က လျှော်လက်စ စောင်ပုံကြီးပေါ် အဝတ်ဖွပ်တုတ်ဖြင့် တဘုံးဘုံး နှက်ပြလိုက်သဖြင့် ကျွန်တော်ရော အမေနှင့် အစ်မတို့ပါ တဝါးဝါး ရယ်မိကြသည် ။ ထိုစဉ် လမ်းဆုံဘက်ဆီမှ “ ဈေးသည်ရောက်ပြီနော် ။ ဈေးသည် ... ” ဟု အော်လိုက်သည့် အသံစာစာစူးစူးလေးကို ကြားလိုက်ရ သည် ။ မီးဖိုချောင်ထဲမှ ကျွန်တော့်အစ်မ ပြေးထွက်လာသည် ။ 


“ ဒီနေ့ ငါ့ ယောက်မလေး စောလှချည့်လား ” 


မရွှေတင်က “ တော့် မောင်ကို ခေါ်ပြထားလိုက်ဦးလေ ။ စိတ်ကူးယဉ်လို့ ရအောင် ” ဟု လှမ်းပြောကာ တဟားဟား ရယ်ပြန်သည် ။ 


“ ဘာတွေလဲ အစ်မရွှေတင်ရ ” 


“ ရွာသာက လာရောင်းတဲ့ ကုန်စိမ်းသည်လေးလေ ။ လမ်းဆုံမှာ ဖောက်သည်ဖြစ်နေတာ ။ နာမည်က ခင်ခင်ဦး တဲ့ ၊ ဆယ်တန်းအောင်ပြီး ပြီ ။ မိဘတွေက တောလုပ်တောကိုင်နဲ့ နွမ်းပါးကြလို့ ကျောင်းဆက်မတက်နိုင် သေးဘူး ။ စာပေးစာယူဆို လား အဝေးရောက် ဆက်တက်ချင်လို့တဲ့ ။ ရွာထွက် အသီးအနှံလေးတွေ ရောင်ရင်း ငွေစုနေတာ ။ ငါ့ မမြင်ဖူးသေးရင် ထွက်ကြည့် လိုက် ။ သွယ်သွယ်နွဲ့နွဲ့ ဖြူဖြူသွက်သွက်ကလေး ။ တောသူလို့တောင် မထင်ရဘူး ။ ရုပ်ချောသဘောကောင်းကွဲ့ ။ မင်းတို့ မြို့ကြီးသူ တွေထဲမှာ ဒီလို ယဉ်တာ ချောတာမျိုး ရှိနိုင်ပါ့မလား ။ သူရောင်းတဲ့ အသီးအရွက်တွေလို လတ်လတ်ဆတ် ရွှမ်းရွှမ်းစိုစိုလေးနော် ”  


“ ဟား .. ဟား ... အစ်မ ရွှေတင်ပဲ အပြောကောင်း ၊ အရင်တစ်ခေါက် က တည်းက မြင်ပြီးပါပြီဗျာ ။ တောရိုင်းပန်းကလေးတစ်ပွင့် လို လန်းဆတ်ရိုးရှင်းတဲ့ အလှမျိုးပဲ ။ မြို့ကြီးသူတွေက ခေတ်မီဆန်းပြားအောင် ဆင်ယင်ခြယ်သပြီး လှကြတာ တစ်မျိုးစီပေါ့ဗျာ ”  


“ ငါ့မောင်လို အဆင့်အတန်းမျိုးနဲ့ မြို့ကြီးသူ မမတွေကို အောက်ကျခံ ဆက်ဆံနေစရာ မလိုပါဘူး ။ ခင်ခင်ဦးလေးလို အလိမ္မာ အိမ်ပါမျိုးမှ ငါ့မောင် တစ်သက်လုံး စိတ်ချမ်းသာရမှာ ။ မင်းအစ်မ ကတောင် သဘောကျလွန်းလို့ ယောက်မ ယောက်မနဲ့ ပါးစပ်ဖျားကကို မချဘူး ။ ဘယ့်နှယ်လဲ ငါ့မောင်ကြိုက်ရင် အစ်မတို့က အဟုတ် မကြွားဘူး ၊ လှုပ်ရှားလိုက်မှာနော် ”  


“ ပို့မယ့် ပို့တော့ ကူးတို့ ရောက်အောင်ပို့ မရွှေတင် ရေ ။ ကျုပ်မောင်က အဲဒီဘက် မှာ အစွမ်းအစ ရှိတာ မဟုတ်ဘူး ။ ခင်ခင်ဦးလေး သာ ယောက်မ တော်ရရင် ကျုပ်တို့ အမေတောင် အသက်ပိုရှည်လောက်တယ် ။ အရင်တစ်ပတ်က အမေ အကြောတက် နေတယ် ပြောလို့ ယောက်မလေးက လိုက်လာပြီး နင်းနှိပ်ပေးလိုက်တာ ချက်ချင်း သက်သာသွားတာတဲ့ ။ အမေ ကလည်း သမီးလေး သမီးလေးနဲ့ နေတာပဲ ”  


ဘူးသီးဘူးရွက်တွေ တစ်ပွေ့တစ်ပိုက်ကြီး ထွက်ဝယ်လာသည့် အစ်မက အား ဖြည့် ပေးလိုက်ပြန်သည် ။ အလုပ်သွားရန် ပြင်ဆင်နေသော ယောက်ဖလုပ်သူက - 


“ တောသူ ဆိုတာ တကယ်ကို ရိုးတယ် ××× ဘာဘာညာညာတွေလည်း နားမလည် ××× ဟန်တွေပန်တွေ ကိုလည်း မတတ်တယ် ××× ” 


ဟု ဟစ်ပြနေသည် ။ အမေ ကတော့ လမ်းလျှောက် ပုတီးစိပ်ရင်း နှုတ်ခမ်းတွန့်ရုံလေး ပြုံးပါသည် ။ 


“ စိတ်ချ ၊ ရွှေတင်ကို ဘာထင်လို့လဲ ။ စိန်ခေါ်ရင် အိမ်ပေါ်ရောက်ပြီသာ မှတ် ။ ဟား .. ဟား ... ဟား ...” 

.

 ••••• ••••• •••••  


ဒီ တစ်ခေါက်တော့ နှစ်နှစ်နီးပါး ကြာပြီးမှ ကျွန်တော် ပြန်ဖြစ်ပါသည် ။ အသက် ခုနစ်ဆယ်ပြည့် အမေ့ ကျန်းမာရေးနှင့် အစ်မတို့ အိမ်ထောင်ရေး ၊ စီးပွားရေး အခြေအနေတွေကို ဖုန်း အဆက်အသွယ်ဖြင့် ရှိနေ ရတာတစ်ကြောင်း ၊ အလုပ်တာဝန်ဖြင့် ခရီးရှည်တွေ ဆက်တိုက် ထွက်နေရတာ တစ်ကြောင်းကြောင့် ဤမျှ ကြာမြင့်သွားခဲ့ခြင်းဖြစ်သည် ။ ကျွန်တော် ပြန်ရောက်သည့်နေ့ ညစာထမင်းဝိုင်းတွင် ယောက်ဖလုပ်သူက သတင်းဦးပေးလာသည် ။ 


“ မင်း ဂျာနယ်လစ်ကြီး ဘဝပြောင်းသွားပြီကွ ”  


“ ဟင် ၊ ဘယ်လိုဘဝ ပြောင်းတာလဲ ” 


“ ဒီနှစ်နွေက အရင်နှစ် တွေထက် ရေပိုရှားလာတယ် ။ ရေအခက်အခဲကြောင့် ရပ်ကွက်ထဲက လျှော်စရာဖွပ် စရာတွေ လိုက်စုပြီး မရွှေတင် မြစ်ဆိပ်ကို ပုံမှန် ဆင်းနေရတယ် ။ ဒါကြောင့် ရပ်ကွက်ထဲမှာ သူ့အသံတောင် သိပ် မကြားရဘူး ။ သူသယ်ပိုး နေရတဲ့ အထုပ်က နှစ်ထုပ် တောင်ကွ သိလား ”  


“ ဘဝ ပြောင်းသွားပြီဆို ဒါကို ပြောတာလား ။ နှစ်ထုပ်တောင် ဆိုတာက ..“ 


အစ်မက ထမင်းစားရင်း တခွီးခွီး ရယ်သည် ။ 


“ မရွှေတင် လင်ရတာကို ပြောတာဟဲ့ ”  


ကျွန်တော် အံ့သြတကြီး သဘောကျ သွားပါသည် ။


“ ဟာ ၊ ဟုတ်လား ။ မရွှေတင်ကြီးက ကျော်တက်သွားပါလား ၊ ထင်စရာတောင် မရှိဘူး ။ ဘယ်သူနဲ့လဲ ၊ ဒီရပ်ကွက်ထဲကပဲလား ”  


“ အရင်တစ်ခေါက်က နင် ပြန်သွားပြီး သုံးလလောက် အကြာမှာ ဆိုင်းမဆင့်ဗုံမဆင့်ကြီး ရတာ ။ သိဒ္ဓိစုံရှင် မြောက်ဘက် တဲစုတန်းက ကောင်လေးနဲ့ ၊ သူ့ထက် ဆယ်နှစ် ကျော်လောက် ငယ်တယ် ။ ကောင်လေးက ကြုံရာကျပန်း အလုပ်ကြမ်းကလေးတွေ လုပ်တယ် ပြောတာပဲ ။ ဒီ အသက်အရွယ် ရောက်မှ လင်ယူရကောင်းလား ဆိုပြီး သူ့အဒေါ်က လက်မခံလို့ ကောင်လေး နောက်လိုက်နေရတယ် ။ တဲစုတန်းထဲ ဆိုတော့ နေရထိုင်ရ တော်တော် ကျဉ်းကျပ်နေမှာပဲ ။ ငါတို့မှာသာ ငိုရခက် ရယ်ရခက် ဖြစ်နေတာ ၊ သူကတော့ ပျော်ပျော်ပဲတဲ့ ”  


“ နေပါဦး ။ အထုပ်နှစ်ထုပ်ဆိုတာ ဘာကိုပြောတာလဲ ”  


“ သူ့ ခေါင်းပေါ်က အထုပ်ရယ် ၊ နောက်တစ်ထုပ်တော့ နင်တွေ့တော့မှ သိလိမ့်မယ် ။ မနက်တိုင်း မြစ်ဆိပ်မဆင်းခင် လမ်းဆုံကို လာပါတယ် ။ ဒီရှေ့လမ်းကပဲ အမြဲသွားတာ ”  


“ ကုန်စိမ်းသည်လေးရော ကျောင်းတက်နိုင်ပြီလား ” 


“ အဟင်း ဟင်း ၊ သူလည်း အိမ်ထောင်ကျသွားပြီ ”  


“ ဗျာ ” 


“ ဘာလဲ ၊ နင့် နှလုံးသားတွေ Vibration ဖြစ်သွားတာလား ”  


“ မဟုတ်ပါဘူး အစ်မ ရာ ၊ အံ့သြမိလို့ပါ ”  


“ အေးလေ ၊ အံ့ဩမယ် ဆိုလည်း အံ့ဩစရာပေါ့  ။ ကိုယ့်ရည်မှန်းချက်တွေဆီ ချီတက်နိုင်ဖို့ ခွန်အားမဲ့သူတွေကျ အကြောင်းအမျိုးမျိုး နဲ့ ဖြစ်ချင်ရာ ဖြစ်သွားကြတာပဲ ။ သူတို့နှစ်ယောက် အိမ်ထောင်ကျတာ ရှေ့ဆင့်နောက်ဆင့်ပဲ ။ ပထမတော့ မရွှေတင် က သူ့စကားအတိုင်း လုံးပန်းပါသေးတယ် ။ နင့်ကို လူလုံးပြဖို့ ခက်နေတော့ အိမ်ထဲ ခေါ်လာပြီး နင့်ဓာတ်ပုံတွေ ပြလို ပြ ၊ အမေနဲ့ ငါ့ကို သက်သေ ထူလိုထူနဲ့ ပျာယာခတ်နေတာပဲ ။ ခင်ခင်ဦးလေး ကလည်း စိတ်ဝင်စားပါတယ် ၊ လူချင်း မတွေ့ရတော့ မယုံမရဲ ဖြစ်နေတာပေါ့ ။ နင်သာ ဒီမှာ ရှိနေရင် သေချာတယ် ၊ ဘယ်လိုမှ မလွဲနိုင်ဘူး ။ ခုတော့ ခင်ခင်ဦးလေးကို ငါ နှမြောလိုက်တာ ”  


“ ဖူးစာဆိုတာ ဆန်းကြယ်တယ် အစ်မရဲ့ ၊ လုပ်ယူတိုင်း ရတာ မဟုတ်ဘူး ။ သူ ဈေးတောင်းခေါင်းရွက် ဘဝက ကျွတ်ရင်ပဲ ဝမ်းသာရမှာပေါ့ ” 


“ အဲဒါတော့ နင် ကိုယ်တိုင်သာ စောင့်ကြည့်ပေတော့ ၊ မနက်ကျရင် လမ်းဆုံ ကို သူတို့ နှစ်ယောက်လုံးလာကြမှာ ” 


အစ်မ စကားက ပဟေဠိ ဆန်နေသည် ။ ထိုညက ခရီးပန်းလာတာကြောင့် ကျွန်တော် စောစော အိပ်ရာဝင်ခဲ့သည် ။ မနက်ကျတော့လည်း အစ်မ လာနှိုးမှ နိုးပါသည် ။ 


“ ငါ မနှိုးချင်ဘူး ။ ဒါပေမဲ့ နင် ကိုယ်တိုင် မြင်မှ အမေး လွတ်မှာ ။ နင့်အချစ်တော်တွေ လမ်းဆုံမှာ ရောက်နေကြပြီ ၊ ထွက်ကြည့်လိုက်ဦး ။ ငါလည်း ရေစိမ်ညှစ် ပဲလေး ထွက်ဝယ်လိုက်ဦးမယ် ”  


အိပ်ရာမှ လူးလဲထကာ ကပျာကသီ မျက်နှာသစ် လိုက်ရသည် ။ ပြီးတော့ ခြံဝင်းတံခါးပေါက်နားမှ လမ်းဆုံဘက်ဆီ လှမ်းမျှော် ကြည့်လိုက်ပါသည် ။ ထုံးစံအတိုင်း မရွှေတင်၏ အသံကို အရင် ကြားရသည် ။ သူမသည် ဧရာမစောင်ထုပ်ကြီးကို ရွက်ကာ လက်တစ်ဖက်တွင် အဝတ်ဖွပ်တုတ်ကို ဆွဲကိုင်ထားသည် ။ ခင်ခင်ဦးလေး ခမျာလည်း အရင်ကထက် နှစ်ဆလောက် ပိုကြီးလာသော ကုန်စိမ်းတောင်းကို ရွက်ထားရသဖြင့် အိမ်ရှင်မ တွေက ဝိုင်းကူချပေးရပါသည် ။ ခဏကြာတော့ လမ်းဆုံစကားဝိုင်း ထဲမှ မရွှေတင် လှည့်ထွက်လာသည် ။ မြင်ကွင်း ရှင်းသွားသဖြင့် ကျွန်တော် မျက်လုံး ပြူးသွားပါသည် ။ မရွှေတင် ရော ခင်ခင်ဦး ပါ ကိုယ်ဝန် အရင့်အမာကြီးတွေ နှင့်ပါကလား ။ ခပ်လှမ်းလှမ်း အရောက်တွင် ကျွန်တော့်ကို လှမ်းမြင်လိုက်ပြီး မရွှေတင် ခြေလှမ်းတစ်ချက် တုံ့သွားပါသည် ။ “ ဟဲ့ ၊ ငါ့မောင် ပြန်ရောက်နေပါလား ” ဟု လှမ်း ပြောလိုက်ရင်း တဟားဟား ရယ်မောပါလေသည် ။ 


“ မြင်ရချက် မသက်သာတဲ့ ကြားက ရယ်နိုင်သေးလားဗျ ” 


“ ရယ်ချင်ရင် ရယ်စရာတွေချည်းပါ ငါ့မောင်ရဲ့ ၊ ငိုနေလို့ရော အကြောင်းထူးမှာလား ၊ ဖြစ်သမျှအကြောင်း အကောင်းချည်းသာမှတ်ပေတော့ ။ မင်းကလည်း ဒီတစ်ခေါက်ပြန်သွားလိုက်တာ စူဠလိပ် ရေထဲ လွှတ်လိုက်တဲ့ အတိုင်းပဲ ။ ဘယ်လိုလဲ ဆွေပြမျိုးပြလေး ပါလာပြီလား ”  


“ အစ်မရွှေတင်ပဲ စိန်ခေါ်ရင် အိမ်ပေါ်ရောက်ပြီ မှတ် ဆိုလို့ ရင်တခုန်ခုန်နဲ့ ပြန်ခဲ့ရတာဗျ ။ ခုတော့ ရင်တတုန်တုန်နဲ့ ကျန်ရစ်ခဲ့ပြီပေါ့ ။ ပြောပါဦး ။ နှစ်ယောက်လုံး ခန္ဓာကိုယ်တွေ ကြီးထွားဖောင်းကား နေကြတဲ့ အပြင် ရွက်နေရတဲ့ အထုပ်တွေ ၊ တောင်းတွေပါ ပိုကြီးလာရခြင်း အကြောင်း အရင်းလေး ။ ကျွန်တော် မြင်နေရတာတော့ အစ်မရွှေတင် ပြောတဲ့ မော်လ်ဒယ်မမ စမ်းစမ်းတင် တို့ ၊ ပဲစားဥမချော တို့ ၊ ရီရီဝင်း တို့ ဘဝတွေနဲ့ ထူးမခြားဖြစ်နေကြသလိုပဲ ။ ခင်ခင်ဦးက ငယ်ရွယ်သူမို့ထားပါတော့ ။ အစ်မရွှေတင် က သိသိကြီးနဲ့ ဘယ်လို ဖြစ်သွားတာလဲ ”  


“ အဖြစ်က မောင်တစ်ထမ်း မယ်တစ်ထမ်းလေ ။ ငါ့မောင် ပြောသလို ယောက်ျားတွေနဲ့ ရင်ပေါင်တန်းနေကြတာ ။ ဒီမှာက မင်းတို့ မြို့ကြီးတွေမှာလို အလုပ်အကိုင် အခွင့်အလမ်း သိပ် မရှိဘူး လေ ။ ပညာလည်း မတတ် ကြတော့ ခန္ဓာခြေလက်တွေပဲ အသုံးချ ရုန်းကန်ကြရတာ ။ ယောက်ျားလုပ်စာလေးသာ မှီစားနေလို့ကတော့ ခါးတောင် ထဘီပတ်နိုင်မှာ မဟုတ်ဘူး ဟဲ့ ။ အစ်မတောင် အသိတစ် ခု တိုးလာတယ် ။ ယောက်ျား တိုင်းကိုသွားလေသူ ကိုဘလှ နဲ့ ချိန်ထိုးကြည့်လို့မရဘူး ။ မြို့နဲ့ တောက ကွာခြားသေးတာကိုး ။ အစ်မလည်း သိတော့သိတာပဲ ။ သိနေတဲ့ကြားက ဒိန်းတလိန်းနတ်များ ဝင်ဖမ်းလိုက်ရင် စဉ်းစားတွေးခေါ်ချိန်တောင် မရလိုက်ပါဘူး ။ အမူးပြေတော့ ထန်းပင်ပေါ် ပြန်မော့ကြည့်မိသလိုပေါ့ ။ အစ်မ ပြောတဲ့ မိန်းမတွေလည်း ဒီလိုပဲ ရှိကြမှာ ။ ခုတော့ အာဝေဏိက ဒုက္ခ ငါးပါး အပြင် ကိုယ် လုပ်နိုင်တဲ့အလုပ်ကလေးပါ တိုးလုပ်နေကြရတာပဲ ။ ဗိုက်ထဲကလည်း သားသားလေးလား ၊ မီးမီးလေးလား ခုန်ပေါက် ထွက်လာတော့မယ် ။ လောကကြီးထဲမှာ ငါတစ်ယောက်တည်း မဟုတ်တော့ဘူး ။ ငါ့မှာ လင်နဲ့ သားနဲ့လို့ တွေးကြည့်လိုက်မိတိုင်း အားတွေတောင် တိုးလာတယ် ။ ဟားဟား ... ဒါလောက်များ ပင်ပန်းတယ် မထင်ပါ ဘူး ။ မင်းတို့ မြို့ကြီးသူမမတွေထက် အစ်မတို့က သတ္တိ ပိုမကောင်းဘူးလား ”  


“ အင်း ။ သတ္တိ ခေါ် မလား ၊ မိုက်ရူးရဲ ခေါ်မလား ၊ မပြောတတ်တော့ပါဘူးဗျာ ။ ကိုယ် .. ကြိုက်သလိုသာ ယူလိုက်ပါတော့ ”  


“ အောင်မယ် ငါ့မောင်နှယ် ၊ အစ်မတို့ ဒီခေတ် မိန်းမတွေက တော်ပါသေးတယ် ။ ရှေးခေတ်မိန်းမတွေ မိုက်တွင်းနက်ကြတာ ပိုတော့မပေါ့ ။ သူဌေးသမီးအချောအလှလေး မပဋာ ကို ကြည့် လေ ။ ဆင်းရဲသား ကိုဒါသ ကို ချစ်လိုက်မိတာ ၊ ဒုက္ခတွေ ပင်လယ်ဝေပြီး သွက်သွက်ခါအောင် ရူးရတဲ့အထိ မဟုတ်လား ။ ဘုရားရှင်နဲ့ အတွေ့ဦးပေလို့သာ ။ နောက်ရှိပါသေးတယ် ၊ မဟာပဒုမဇာတ်တော်ထဲက မိဖုရားကြီး ဟာ ရော ။ အဲ ၊ နာမည်ဘယ်သူကွဲ့ ” 


“ အဝင်္ကဒေဝီ ” 


“ အေး အဲဒီ မိဖုရားကြီး က သာတောင် ဆိုးသေး ။ လင်တော်မောင် မင်းသား ကို သေကြောင်းကြံပြီး ခြေလက်မပါတဲ့ လူဆိုးသူခိုး ပေါင်တိုကြီးနဲ့ ဖောက်ပြန်တာလေ ။ တောင်းထဲ ထည့် ရွက်ပြီး အရပ်တကာ လှည့် တောင်းရမ်းကျွေးလိုက်သေး ၊ အမယ်လေး မတွေးဝံ့စရာ ။ သူ့စာရင် အစ်မတို့က အပုံကြီး သာပါပေ့ ” 


“ ဗျာ ” 


“ ငါ့ မောင် စဉ်းစားကြည့်လေ ။ မိဖုရားကြီးက ခြေလက်မပါတဲ့ လူဆိုးသူခိုး တုံးတိကြီးနဲ့ ဖောက်ပြန် ပြီး တောင်းထဲ ထည့်ရွက်တဲ့ အထိ မိုက်ခဲ့သေးတာ ၊ ဟော အစ်မတို့က ကိုယ့် လင်သားအပေါ် သစ္စာ မမဲ့ဘူး ။ ရတဲ့ လင်က ခြေလက်အင်္ဂါ အစုံရှိတယ် ။ လူဆိုးသူခိုးလည်း မဟုတ်ဘူး ။ ပညာမတတ်ပေမဲ့ ရိုးသားသား သမ္မာအာဇီဝ နဲ့ လုပ်ကိုင်စားတဲ့သူ ။ ဒီလို လင်ယောက်ျားရဲ့ ဝန်ထုပ်ဝန်ပိုး ကို အစ်မတို့က တတ်နိုင်သလောက် ဝင်ရွက်ကြတာ ဂုဏ်ယူစရာ မကောင်းဘူး လား ။ ငါ့မောင်လည်း အိမ်ထောင်ရေး ဝန်ထုပ်ဝန်ပိုး ကို ကြောက်ရင် ဒီက မိန်းမသား ရှာယူ ၊ အစ်မ ကူညီမယ် ။ ဘာမှ မပူနဲ့ ။ ဟား ... ဟား ... ဟား ... ” 


 ▢  ဖူးသစ်မော်

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း 

     ဧပြီ ၂၀၁၄

No comments:

Post a Comment