Wednesday, September 10, 2025

ခင်မျိုးချစ် နှင့် တွေ့ဆုံခြင်း


 

❝ ယဉ်‌ကျေးမှုနှစ်ခု ‌ပေါင်းကူး‌ပေးသူ ❞
( ခင်မျိုးချစ် နှင့် တွေ့ဆုံခြင်း )

စာဖတ်သူများနှင့် ‌တွေ့ဆုံ‌ပေးခြင်း ကဏ္ဍအတွက် ‌ရွေးချယ်ထားသူက‌တော့ “ စာ‌ရေးဆရာမကြီး ‌ဒေါ်ခင်မျိုးချစ် ” ပဲ ဖြစ်ပါတယ် ။ ဆရာမကြီးက မြန်မာမှု ၊ မြန်မာ့ဓ‌လေ့‌တွေကို နိုင်ငံခြားသား‌တွေ နားလည်နိုင်‌အောင် အင်္ဂလိပ်ဘာသာနဲ့ ‌ဆောင်းပါး‌တွေ ၊ ဝတ္ထု‌တွေ ‌ရေးပြီး သူတို့ ယဉ်‌ကျေးမှု ၊ စာ‌ပေ‌တွေကို မြန်မာ စာဖတ် ပရိသတ်‌တွေ နားလည်နိုင်‌အောင် မြန်မာစာ‌ပေနဲ့ တင်ပြ‌ပေး‌နေပါတယ် ။ ဒါ‌ကြောင့်မို့ ကျွန်‌တော်က ဆရာမကြီးကို “ ယဉ်‌ကျေးမှုနှစ်ခု ‌ပေါင်းကူး‌ပေးသူ ” လို့ပဲ တင်စားလိုက်ပါတယ် ။

••••• ••••• •••••

“ ဆရာမကြီးရဲ့ စာ‌ရေးသက်က ဒီနှစ် ‌ရွှေရတုနှစ်လို့ သိရပါတယ် ။ ‌ရွှေရတုနှစ်အထိ ‌ရောက်လာခဲ့တဲ့ ဆရာမကြီးရဲ့ စာ‌ပေလှုပ်ရှားမှု‌တွေကို လူငယ် စာဖတ်ပရိသတ်‌တွေ သိရ‌အောင် ဆရာမကြီး ‌ကျောင်းနေစဉ် ဘဝက စပြီး ‌ပြောပြ‌စေချင်ပါတယ် ”

“ မိဘက အစိုးရအလုပ်နဲ့မို့ နယ် ခဏခဏ ‌ပြောင်းလို့‌ ကျောင်းလည်း ‌ပြောင်းရတယ် ။ တစ်ခါ တစ်ခါလည်း ‌ကျောင်းမ‌နေရဘဲ ထွက်‌နေရတဲ့ အခါ‌တွေလည်း ရှိခဲ့တယ် ။ အလယ်တန်း ( ခုနစ်တန်း ) ‌အောင်ပြီးမှ ‌ကျောင်း အတည်တကျ ‌နေရတယ် ။ မိတ္ထီလာမြို့ အမျိုးသား အထက်တန်း‌ကျောင်းမှာ ရှစ်တန်း ၊ ကိုးတန်း ၊ ဆယ်တန်း တစ်ဆက်တည်း ‌နေခဲ့ရတယ် ။ အမျိုးသား‌ကျောင်း ပညာ‌ရေးစနစ်ရဲ့ အကျိုး‌ကျေးဇူးကို အပြည့်အဝ ခံစားရတယ် ။ တိုတို‌ပြောရရင် ( ၁ ) တိုင်းပြည်နဲ့ လူမျိုးကို ချစ်‌အောင် သင်‌ပေးခဲ့တယ် ။ ( ၂ ) အင်္ဂလိပ်စာ‌တော်‌အောင် ‌လေ့ကျင့်ပေးခဲ့တယ် ။

ဒီအ‌ကြောင်းလည်း ကြုံတိုင်း ‌ပြော‌နေရတာပါပဲ ။ အခု အင်္ဂလိပ် ‌ဆောင်းပါး ဝတ္ထုတွေ ‌ရေး‌နေ‌တော့ ကိုလိုနီ‌ခေတ်က အလွန် အဆင့်အတန်း မြှင့်တယ်လို့ အသိအမှတ် ပြုထားတဲ့ ဂါဝန်ဝတ် ‌ကျောင်းမှာ ‌နေလို့ အင်္ဂလိပ်စာ ‌တော်တာလား မကြာမကြာ အ‌မေးခံရတယ် ။ အဲဒီ‌ကျောင်းမျိုးကို အနားတောင် မသီခဲ့ဖူးပါဘူး ။ ၁၉၂ဝ ခုနှစ် ၊ သပိတ်ကြီးက ‌မွေးဖွား‌ပေးတဲ့ အမျိုးသား‌ကျောင်းမှာ ဟို‌ခေတ်က မျိုးချစ်စိတ် ထက်သန်လှတဲ့ အမာခံ သပိတ်‌မှောက် ‌ကျောင်းသား‌ဟောင်းများ ကိုယ်တိုင် သင်ကြားပို့ချပေးတာကို ခံယူခဲ့ရပါတယ် ။

မျိုးချစ်စိတ် ထက်သန်‌အောင် သင်ကြား‌ပေးရင်း အဓိက ကြိုးစားဖို့ က‌တော့ ( အင်္ဂလိပ်စာ‌ တော်‌အောင် ) ပဲ ။ “ မင်းတို့ အင်္ဂလိပ်ကို တိုက်ချင်ရင် ဦးဆုံး အင်္ဂလိပ်ကို နာ‌အောင် ‌ပြောတတ်‌အောင် လုပ်ကြဦး ။ အင်္ဂလိပ်လို ‌ပြောတတ် ၊ ‌ရေးတတ်မှ မင်းတို့ ကို အင်္ဂလိပ်က နားလည်မှာ ” အဲသလို ဆရာများက ‌ပြောပါတယ် ။

အမျိုးသား ကျောင်း‌တွေ မှာ အင်္ဂလိပ်စာသင်တဲ့ နည်းစနစ်က‌တော့ တိုတို ‌ပြောရရင် အင်္ဂလိပ်စာ‌ပေကို နှစ်သက်ပြီး အင်္ဂလိပ်စာကို နှစ်နှစ်သက်သက် ဖတ်တာဟာ အင်္ဂလိပ်ကို ချစ်ပြီး ကိုယ့်လူမျိုးကိုယ် မချစ်တာ မဟုတ်ဘူး ဆိုတာ အဲဒီ ကတည်းက နားလည်ခဲ့တယ် ။ အဲဒီ အတိုင်းပဲ ခံယူခဲ့တာပဲ တစ်သက်လုံးပါပဲ ။

အင်္ဂလိပ်စာနဲ့ တွဲလျက် မြန်မာစာ ကိုလည်း နှစ်သက်မြတ်နိုး‌အောင် သင်‌ပေးခဲ့တယ် ။ အဲသလို စာ‌ပေကို မြတ်နိုးလို့ အခုလို စာ‌ပေ‌လောကမှာ ‌ခြေစုံရပ်နိုင်တာပါပဲ ။ ၁၉၃၂ - ၃၃ ခုနှစ် တက္ကသိုလ် ‌ရောက်တဲ့နှစ် ၊ ဆယ်တန်းတုန်းက အပို အင်္ဂလိပ်စာ ( Additional English ) ဘာသာရပ် အတွက် ပြဋ္ဌာန်းတဲ့ Sir Walter Scott ‌ရေးတဲ့ Lay of the Last Minstrel ဆိုတဲ့ ကဗျာနှစ်ပုဒ်ကို မြန်မာကဗျာ ပုံသွင်း‌ရေးခဲ့တယ် ။

အဲဒီကဗျာကို ၁၉၃၂ - ၃၃ ခုနှစ် ဝသန္တာစာ‌စောင် တက္ကသိုလ်မဂ္ဂဇင်းမှာ ပါခဲ့တယ် ။ ကိုယ်‌ရေးတဲ့ စာကို ပုံနှိပ်စာလုံးနဲ့ ပထမဦးဆုံး မြင်ဖူးတာပါပဲ ။ ဒါ‌ကြောင့် စာ‌ရေးသက် နှစ်‌ပေါင်း ၅ဝ ရှိလို့ ‌ရွှေရတုနှစ်လို့ ‌ခေါ် ရမှာ‌ပေါ့ ။

ကိုယ့် စာ‌ရေးဆရာဘဝ က နှစ်ပိုင်း ရှိပါတယ် ။ မြန်မာစာနဲ့ ‌ရေးခဲ့တဲ့ အပိုင်းနဲ့ အင်္ဂလိပ်ဘာသာနဲ့ ‌ရေးတဲ့ အပိုင်း ဖြစ်ပါတယ် ။ စာ‌ရေးသက် နှစ်‌ပေါင်း ၅ဝ ‌ကျော် အတွင်းထဲမှာ အင်္ဂလိပ်လို‌ရော ၊ မြန်မာလို‌ရော နှစ်မျိုး ‌ရေးတာက နှစ်‌ပေါင်း ၃ဝ ‌လောက်ရှိပါတယ် ”

“ ဆရာမကြီး ရဲ့ စာ‌ရေးသက်တမ်းအတွင်းမှာ စာ‌ရေးဆရာ တစ်‌ယောက် အဖြစ်နဲ့ ခံစားခဲ့ရတဲ့ ခံစားချက်ကို ‌ပြောပြစေချင်ပါတယ် ”

“ စာ‌ရေးဆရာတစ်ဦးရဲ့ ဘဝအရသာကို ‌ပြောရရင် ကိုယ်‌ရေးတဲ့ စာကို ဖတ်ပြီး တစ်စုံတစ်‌ယောက် စိတ်ထဲ မှာ ထိ‌တွေ့သွားတယ် ဆိုတဲ့ သတင်းစကားကို ကြားရတဲ့အခါ ရင်ထဲမှာ ဖြစ်တဲ့ ပီတိပါပဲ ။

ကိုယ့် စာတစ်ပုဒ်ကို ဖတ်တဲ့သူ တစ်‌ယောက် သို့မဟုတ် အများက ဒီစာကို ဖတ်ရတာ သူ့စိတ်ထဲမှာ ဘယ်လို ခံစားရတယ် ဆိုတာကို နှုတ်နဲ့ဖြစ်‌စေ ၊ စာ‌ရေးလို့ ဖြစ်‌စေ ‌ပြောတဲ့အခါ ရှိတယ် ။ လူသိနတ်ကြား ဂျာနယ် ၊ မဂ္ဂဇင်း မှာ တရားဝင် ‌ရေးသားတာကို ဖတ်ရတဲ့ အခါလည်း ရှိတယ် ။ အဲသလို အခါမျိုးမှာ စာ‌ရေးရတဲ့သူမှာ စာ‌ရေးရကျိုး နပ်ပြီ ၊ စာ‌ရေးဆရာ ဖြစ်ရကျိုး နပ်ပြီလို့ ဝမ်းသာရပါတယ် ။

သတင်းစာ ၊ မဂ္ဂဇင်း‌တွေ ထဲမှာ ကိုယ်‌ရေးတဲ့ ‌ဆောင်းပါး ၊ ဝတ္ထု‌တွေကို Colourful Burma အမည်နဲ့ လုံးချင်း စာအုပ် ထုတ်ခဲ့တုန်းက ယူနက်စကို သတင်းစဉ် မှာ အ‌တော်ပဲ ချီးမွမ်းထားခဲ့ပါတယ် ။

A Practical and Poetic Guide to Burmese Culture ( အလင်္ကာရသနဲ့ ပြည့်စုံပြီး လက်‌တွေ့ အသုံးကျတဲ့ မြန်မာ့ယဉ်‌ကျေးမှု လမ်းညွှန် စာအုပ် ) လို့ ဆိုပါတယ် ။

‌နောက်ထပ် တစ်အုပ် ထပ်ထုတ်ပြန်‌တော့လည်း ယူနက်စကို သတင်းစဉ်ကပဲ ထင်ပြီး ‌ဝေဖန်ပြန်ပါတယ် ။

ဗုဒ္ဓဘာသာ မြန်မာမိသားစု ‌နေပုံ ၊ ထိုင်ပုံ‌တွေကို သရုပ်‌ဖော်ထားတဲ့ အခန်းနဲ့ ပတ်သက်ပြီး အဲဒီအခန်း ဖတ်ရတာ ဧရာမကျမ်းဂန်ကြီး‌တွေ ဖတ်ရတာထက် ဗုဒ္ဓဘာသာ အ‌ကြောင်းကို ပိုနားလည်တယ်လို့ ဆိုပါတယ် ။ အင်္ဂလိပ်ဘာသာနဲ့ ‌ဆောင်းပါး ၊ ဝတ္ထု လုံးချင်းစာအုပ်‌တွေ ‌ရေး‌နေ‌တော့ မိတ္တဗလဘက်က အ‌တော်ပဲ ပြည့်စုံလာခဲ့ရပါတယ် ။

တစ်ခါမှ မမြင်ဖူးတဲ့ လူမျိုးခြား‌တွေ ဆီက စာ‌တွေရတယ် ။ မြန်မာပြည် အလည်အပတ် လာရင်း ကိုယ့်စာအုပ် ဝယ်သွားပြီး စာအုပ်‌ပေါ်က လိပ်စာနဲ့ စာအုပ်ကို ဖတ်ပြီး သ‌ဘောကျ‌ကြောင်း‌တွေ‌ပေါ့ ။

မြန်မာပြည်မှာ အလုပ်အကိုင်နဲ့ ‌နေကြတဲ့ လူမျိုးခြား‌တွေကလည်း စာနဲ့ တစ်မျိုး ဖုန်းနဲ့ ဆက်ပြီး တစ်မျိုး မိတ်‌ဆွေဖွဲ့ကြ ၊ အိမ်လာလည်ကြတယ် ။

တစ်ခါက သတင်းစာ‌ကော်လံ ‌ရေးတဲ့ ဩစ‌တြေးလျ အမျိုးသမီး တစ်‌ယောက်က လာ မိတ်‌ဆွေဖွဲ့တယ် ။ ပြီး‌တော့ ၁၉၇ဝ ပြည့်နှစ် ၊ နိုဝင်ဘာလ ဂါဒီယန်မဂ္ဂဇင်းမှာ ‌တွေ့ဆုံရတဲ့ အ‌ကြောင်း ‌ဆောင်းပါးတစ်ပုဒ် ‌ရေးပါတယ် ။ အဲဒီ‌ ဆောင်းပါးမှာ မြန်မာ့ရိုးရာ ယဉ်‌ကျေးမှု ထုံးစံဓ‌လေ့နဲ့ အ‌နောက်တိုင်း ယဉ်‌ကျေးမှု နှစ်ခုကို ‌ပေါင်းကူးတံတား လုပ်‌ပေးတဲ့သူလို့ ဆိုပါတယ် ။ နိုင်ငံခြားသား‌တွေမှာ ခင်မျိုးချစ် ‌ရေးတဲ့ ‌ဆောင်းပါး ၊ ဝတ္ထု‌တွေ ဖတ်ပြီး အလွန် ရှုပ်‌ထွေးနားလည်ဖို့ ခက်တဲ့ မြန်မာ့ယဉ်‌ကျေးမှုကို နားလည်ရတယ် ။ နှစ်သက် သ‌ဘောကျရတယ်လို့ ဆိုပါတယ် ။

တစ်ခါတုန်းက ဂျာမနီပြည်က‌ နေပြီး မြန်မာပြည်ကို အလည်အပတ် ‌ရောက်လာတဲ့ အမျိုးသမီးကြီး တစ်ဦးက လာပြီး မိတ်‌ဆွေဖွဲ့ပါတယ် ။ မြန်မာပြည်နဲ့ လူမျိုး‌တွေအ‌ကြောင်း သိရ ၊ နားလည်ရပါတယ်လို့ ‌ပြောတယ် ။ သူ ပြန်သွား‌တော့လည်း စာ မကြာမကြာ ‌ရေးပါတယ် ။ တစ်ခါ သူ့စာထဲမှာ “ အ‌နော်ရထာ ”  ဝတ္ထုဖတ်ပြီး ကတည်းက သူ့ စိတ်ထဲမှာ မြန်မာ့‌မြေ‌ပေါ်မှာ သူရဲ‌ကောင်း‌တွေ ၊ မိန်းမ‌ချော ၊ မိန်းမလှ‌တွေချည်း အာရုံ ထင်မြင်‌နေပါသတဲ့ ။

ဂျပန်ပြည်မှာ ‌နေတဲ့ ( ဥ‌ရောပတိုက်သား ထင်ပါရဲ့ ။ သူ့နာမည် က‌တော့လည်း ဂျပန်မဆန်လှဘူး ။ ) အဲဒီ လူတစ်‌ယောက် ဆီကလည်း စာရတယ် ။ လူချင်း တစ်ခါမှ မ‌တွေ့ဖူးပါဘူး ။ မြန်မာပြည် ခဏ အလည်လာရင်း ကိုယ့်စာအုပ် ဝယ်ဖတ်ပြီး စာ‌ရေးလိုက်တာပဲ ။

မြန်မာပြည်အ‌ကြောင်း ၊ မြန်မာလူမျိုးအ‌ကြောင်း သူ ‌မေးချင်တာ ၊ သိချင်တာ‌တွေ အများကြီးပါပဲတဲ့ ။ အ‌ဖြေ ရှာဖို့ အခါအခွင့်ကလည်း မကြုံခဲ့ဘူး ။ အခု ကိုယ့်စာအုပ် ဖတ်ရမှပဲ အ‌ဖြေ‌တွေ ‌တွေ့‌တော့တာပဲတဲ့ ။ ပြီး‌တော့ သိချင်တာ‌တွေ အ‌ဖြေ‌ပေးတဲ့ သုတသက်သက် စာအုပ်မျိုး မဟုတ်ပါဘူးတဲ့ ။ အလွန်နှစ်သက်ဖွယ်ရာ ‌ကောင်းတဲ့ ဒဏ္ဍာရီထဲမှာ ပါတဲ့ ဣစ္ဆာသယ ရတနာ‌သေတ္တာသိုက်ကြီးလိုပါပဲတဲ့ ။ စာ‌ရေးတဲ့ သူဟာ သူ့တိုင်းပြည် နဲ့ လူမျိုးကို တကယ်ကို ချစ်လို့ ဒီလို ‌ရေးနိုင်တာပဲ ။ အဲသလို ‌ပြောထားပါတယ် ။

အင်္ဂလိပ်လို ‌ရေးတဲ့ ဝတ္ထု ၊ ‌ဆောင်းပါး‌တွေ အ‌ကြောင်းပြုပြီး ‌တွေ့ရတဲ့ မ‌မျှော်လင့်တဲ့ အ‌တွေ့အကြုံ‌တွေက ရှိ ‌သေးတယ် ။

လွန်ခဲ့တဲ့ နှစ်‌ပေါင်း ၂ဝ ‌ကျော် ၂၅ ‌လောက်က ကမ္ဘာမှာ သတင်းကြီး အဖြစ်နဲ့ သတင်းစာ‌တွေမှာ ပါခဲ့တဲ့ ကိစ္စ တစ်ခု ကို မီလိုက်သူ‌တွေ မှတ်မိကြပါလိမ့်မယ် ။

အဂင်္လန်ပြည် အယ်လိဇဘက်ဘုရင်မရဲ့ ညီမ မာဂရက် မင်းသမီးရဲ့ အချစ်ဇာတ်လမ်းမှာ ၊ အဓိက ဇာတ်‌ဆောင် က ဒုတိယကမ္ဘာစစ်အတွင်းက ‌လေသူရဲ ( ပီတာ‌တောင်ဆင် ) ဖြစ်တယ် ။ ‌ရွှေမင်းသမီး‌လေး မာဂရက် နဲ့ အချစ်ကိစ္စကို အ‌ကြောင်းအမျိုးမျိုး‌ကြောင့် စွန့်လွှတ်ခဲ့ရတယ် ။ အဲဒီ‌နောက် စိတ်‌ပြေ လက်‌ပျောက် ( လင်းရိုဗာ ) ကားနဲ့ ဥ‌ရောပက‌ နေပြီး ကုန်းလမ်းခရီးနဲ့ အပြည်ပြည် လှည့်ရင်း မြန်မာပြည် ‌ရောက်လာလို့ ရှမ်း ပြည်နယ်မှာ ငှက်ဖျားမိပြီး ကံ‌ကောင်းလို့ မ‌သေတယ် ။

သူက မြန်မာပြည်ကို သံ‌ယောဇဉ် ရှိတယ် ။ သူ့‌ မွေးရပ်ဌာနီ ကိုး ။ သူ့ အ‌ဖေက ကိုလိုနီ‌ခေတ်က မြန်မာပြည် ဘုရင်ခံ ရဲ့ အတွင်းဝန် အဖြစ် အမှုထမ်းခဲ့တယ် ။

သူ ‌ရေးတဲ့ ကုန်း‌ကြောင်း ခရီးစဉ်အ‌ကြောင်း စာအုပ် ဖတ်ဖူးတယ် ။ စာ‌ရေး‌ကောင်းတယ် ။ ဒါနဲ့ သူ့ကို စိတ်ဝင်စားမိတယ် ။ ၁၉၇၅ ခုနှစ်‌လောက်မှာ ( ပီတာ ‌တောင်ဆင် ) မြန်မာပြည် ပြန်‌ရောက်လာတယ် ။ အဲဒီတုန်းက မြန်မာပြည်မှာ အမှုထမ်း‌ နေတဲ့ ဗြိတိသျှလူမျိုး မိတ်‌ဆွေ တစ်ဦးက ပီတာနဲ့ ကိုယ့်ကို မိတ်ဖွဲ့ပေးလို့ အ‌တော်ပဲ ခင်မင်သွားတယ် ။ ကိုယ်‌ရေးတဲ့ စာအုပ်‌လေး‌တွေလည်း သူ့ လက်‌ဆောင်‌ ပေးလိုက်ရတာ‌ပေါ့ ။ ၁၉၇၈ ခုနှစ်‌လောက်မှာ သူ့အတ္ထုပ္ပတ္တိ ကိုယ်တိုင် ‌ရေးခဲ့တဲ့ဟာ အဲဒီစာအုပ် ကိုယ့်ဆီ ပို့လိုက်တယ် ။ စာအုပ်အတွင်းဘက် မျက်နှာဖုံးမှာ ဒီလို ‌ရေးထားပါတယ် ။

To Mya ,
With my admiration for the Charming writing about Burma.
          Peter Townsend.

သူက အစ်မကြီးကို ရင်းနှီးတဲ့ မိတ်‌ဆွေများ လိုပဲ ငယ်နာမည် ‌ခေါ်ပါတယ် ။ မြန်မာပြည် အ‌ကြောင်း ‌ရေးပုံတွေ ချစ်စရာ ၊ နှစ်လိုစရာ ‌ကောင်းလွန်းလို့ ချီးမွမ်းလိုက်ပါသတဲ့ ။

စာ‌ရေးဆရာ အချင်းချင်း ၊ အညမည ချီးကျူးစကား‌တွေ ‌ပြောကြတာ‌ပေါ့‌လေ ။

ပြီး‌တော့ လွန်ခဲ့တဲ့ နှစ်‌ပေါင်း ၃ဝ ‌လောက် ကတည်းက အ‌မေရိကန်စာ‌ရေးဆရာကြီး Richard Armour ရဲ့ စာအုပ်တွေ ၊ ‌ဆောင်းပါး‌တွေ ဖတ်ပြီး သိပ်သ‌ဘောကျခဲ့တယ် ။ ဒီပုဂ္ဂိုလ်ကြီးနဲ့ ဆက်သွယ်မိလိမ့်မယ်လို့ တစ်ခါမှ အိပ်မက်‌တောင် မမက်ဖူးပါဘူး ။

၁၉၇၆ ခုနှစ် အ‌မေရိကန်ပြည် လွတ်လပ်‌ရေး နှစ် ၂၀ဝ ပြည့်ပြပွဲ ရန်ကုန်မြို့ ၊ အင်ဗွိုင်း‌ဟောမှာ လုပ်တယ် ။ ဒီ‌တော့ ကိုယ်လည်း လက်ယားတာ နဲ့ က‌လောင်‌တော့ပြီး အဲဒီ စာ‌ရေးဆရာကြီး ‌ရေးတဲ့ စာ‌ပြောင်တစ်ပုဒ် ‌ရေးလိုက်တယ် ။

အဲဒီ ‌ဆောင်းပါးကို သတင်းစာထဲက ဖြတ်ပြီး သူ့ဆီကို မိတ်‌ဆွေ တစ်ဦးက ပို့လိုက်တယ် ။ အဲဒါနဲ့ အစပြုပြီး သူနဲ့ ဆက်မိပြီး စာချင်း ဆက်သွယ်မိတယ် ။ ကိုယ်ကလည်း သူ့စာအုပ်‌တွေ သ‌ဘောကျခဲ့ပုံကို စာ‌ရေးလိုက် တယ် ။ ကိုယ် ‌ရေးတဲ့ စာအုပ်‌တွေလည်း သူ့ဆီ ပို့တယ် ။ သူ့ဆီကလည်း သူ့စာအုပ်‌တွေ သူ လက်မှတ်ထိုးပြီး ပို့တယ် ။

ကိုယ် နဲ့ သူနဲ့ ကြားမှာလည်း မြန်မာပြည်မှာ ‌နေသွားလို့ ကိုယ်နဲ့ သိတဲ့ အ‌မေရိကန် မိတ်‌ဆွေ‌တွေ ရှိ‌နေတယ် ။ သူတို့ တစ်‌တွေကလည်း တိုင်းပြည် ပြန်‌ရောက်‌တော့လည်း အဲဒီ စာ‌ရေးဆရာကြီးကို ခင်မျိုးချစ် အ‌ကြောင်း ဘယ်လိုများ ဟိမဝန္တာ ချီးမွမ်းခန်းဖွဲ့ကြတယ် မသိပါဘူး ။ သူ ‌ပေးတဲ့ လက်‌ဆောင် စာအုပ်အတွင်းဖုံးမှာ ဒီလို ‌ရေးထားပါတယ် ။

To - Khin Myo Chit , who according to my friends has an everlasting youthfulness in her interests in all subjects and objects.
        With every good wish.
          Richard Armour.

သူ ဆိုလိုတာက‌တော့ ကြားထဲက မိတ်‌ဆွေ‌တွေ ‌ပြောပြတဲ့အတိုင်းဆိုရင် ခင်မျိုးချစ် ဆိုတာ အမြဲစိတ်က နုပျို လန်းဆန်း‌နေတယ် ။ ‌တွေ့ရ မြင်ရသမျှ အဝဝတွေကို အမြဲ စိတ်ဝင်စားတယ်တဲ့ ။

ဒီစာ‌ရေးဆရာကြီး ဟာ နှစ်‌ပေါင်း ၄ဝ ‌ကျော်‌လောက် အ‌မေရိကန်ပြည် ( ဟားဗတ် ) အစရှိတဲ့ တက္ကသိုလ်ကြီးတွေမှာ အင်္ဂလိပ်စာ‌ပေ ၊ အ‌မေရိကန်စာ‌ပေ‌တွေ ပို့ချ‌ပေးခဲ့တဲ့ ပါ‌မောက္ခကြီး တစ်ဦး ဖြစ်ပါတယ် ။

အနားယူပြီးတဲ့‌ နောက် လုံးချင်းစာအုပ်‌ပေါင်း ၅ဝ ‌ကျော် ‌ရေးခဲ့တယ် ။ ‌ဆောင်းပါး ၊ ကဗျာ‌တွေ ဆိုတာ က‌တော့ ‌ရေးခဲ့တာ ‌ထောင်‌ကျော်‌နေပါပြီ ။

သူ့ဆီက စာတစ်‌စောင် ထဲမှာ ကိုယ်‌ ရေးတဲ့ “ အ‌နော်ရထာ ” ဝတ္ထုနဲ့ ပတ်သက်ပြီး ခုလို ‌ပြောပါတယ် ။

I am amazed at your knowledge and use of English language . Such a book as ANAWRAHTA Of BURMA is not only informative and imaginative but written in impeccable English.
             Richard Armour.

“ ဝတ္ထုတစ်ပုဒ် အဖြစ်နဲ့ ရသ‌ရော သုတ‌ရော စုံလင်ရုံမက အင်္ဂလိပ်စာ အသုံးအနှုန်းအ‌ရေးအသားမှာလည်း အံ့ဩ ‌လောက်‌အောင် ‌ပြောင်‌မြောက်‌ချောမွတ်လှပါသတဲ့ ” နှစ်‌ပေါင်း ၄ဝ ‌ကျော် အင်္ဂလိပ်စာဘာသာ စာ‌ပေ ပို့ချလာခဲ့တဲ့ ပါ‌မောက္ခကြီးလည်း ဖြစ် ၊ စာအုပ်‌ပေါင်း ၆ဝ ‌ကျော် ‌ရေးခဲ့တဲ့ စာ‌ရေးဆရာကြီးက ခုလို ‌ပြောလိုက်တဲ့ စကားဟာ ကိုယ့် အဖို့မှာ‌တော့ အလွန်ကြီးကျယ်တဲ့ ဂုဏ်ထူး‌ဆောင် အထိမ်းအမှတ် တစ်ခုလို့ ယူဆပါတယ် ။

ယူနက်စကို သတင်းစဉ်မှာ ပါတဲ့ Colourful Burma စာအုပ်ကို ‌ဝေဖန်တဲ့ ‌ဆောင်းပါးဆိုရင် ‌ဟောင်‌ကောင်မြို့ထုတ် ‌နေ့စဉ် သတင်းစာကြီး‌တွေမှာ ပြန်ထည့်တဲ့ အ‌ကြောင်း မိတ်‌ဆွေ‌တွေ ဆီက သတင်းကြားရပါတယ် ။

ဒီဟာ‌တွေဟာ စာ‌ရေးဆရာ ဘဝရဲ့ ကြည်နူးအားရစရာ‌တွေ ဖြစ်ပါတယ် ။ စာ‌ရေး‌ဖော် ‌ရေးဖက်‌တွေ စာဖတ်သူတွေလည်း ကိုယ်နှင့် ထပ်တူ ဝမ်းသာမယ် ထင်လို့ ခုလို ကြုံတဲ့အခါ ‌ပြောပြရတာပါ ။

ကိုယ့်တိုင်းပြည်က လူပုဂ္ဂိုလ် တစ်ဦးကို အခုလို အပြင်အပက လူကြီး‌တွေက ချီးမွမ်းကြတယ် ။ သတင်းစဉ် မှာလည်း အ‌လေးဂရုစိုက်ပြီး ‌ရေးကြ ‌ဝေဖန်ကြတယ် ဆိုတာကို ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး အတွက် ဂုဏ်ယူကြမှာပဲလို့လည်း ထင်ပါတယ် ။

ကိုယ့်တိုင်းပြည်က ကိုယ့်လူမျိုး ‌ဘောလုံးသင်း ၊ ‌ဂေါက်သီးအဖွဲ့‌တွေ နိုင်ငံခြားအားကစားကွင်း ဝင်ကစားလို့ အနိုင်ရတာ ကို ဂုဏ်ယူဝမ်းသာ သလိုပဲ‌ပေါ့ ။

ခုလိုဆိုရင် ကိုယ် ‌ရေးတဲ့ ဝတ္ထု ၊ ‌ဆောင်းပါး‌တွေ နိုင်ငံခြားစာအုပ်‌လောကမှာ ဝင်နိုင်တာက အတိုင်းအတာ အားဖြင့် မများလှပါဘူး ။ လမ်းစ‌တွေ့ရုံ ‌ခြေချမိရုံ‌လောက်ပဲ ရှိပါ‌သေးတယ် ။ ‌ရှေ့ဆက်ပြီး ကြိုးစားရဦးမှာ‌ပေါ့ ။

“ 13 Carat Diamond ” ဝတ္ထုတိုကို အ‌မေရိကန်ပြည်ထုတ် Atlantic Monthly မဂ္ဂဇင်းမှာ မြန်မာပြည်အ‌ကြောင်း အထူးကဏ္ဍမှာ ပါခဲ့တယ် ။ ပြီး‌တော့ အ‌မေရိကန်ပြည် စာအုပ်တိုက် Bantam Classics စာစဉ်မှာ ထုတ်တဲ့ 50 Great Driental Stories လုံးချင်းစာအုပ်မှာ မြန်မာပြည်က ဝတ္ထု အဖြစ်နဲ့ ပါခဲ့ပါတယ် ။

အ‌ရှေ့‌တောင် အာရှဝတ္ထုတိုပြိုင်ပွဲ ဆုရတဲ့ Her Infinite Variety ဝတ္ထုတိုကို Horizons ( ဖိလစ်ပိုင် မနီလာ မြို့ထုတ် ) မဂ္ဂဇင်းမှာ ပါပါတယ် ။

ယူနီဆက်က ကြီးမှူးပြီး ကမ္ဘာ့ရိုးရာပုံပြင်‌တွေစု ၊ ဂျပန်ပြည်မှာ ထုတ်‌ဝေတဲ့ လုံးချင်းစာအုပ်ထဲမှာလည်း The Four Puppets ပုံပြင် ပါခဲ့ပါတယ် ။

‌ဟောင်‌ကောင်မှာ ထုတ်‌ဝေတဲ့ Asia Magazine ထဲမှာ ဝတ္ထုနှစ်ပုဒ် ၊ ‌ဆောင်းပါး နှစ်ပုဒ် ပါခဲ့ဖူးတယ် ။ ‌ဆောင်းပါး နှစ်ပုဒ် က‌တော့ ကျိုက်ထီးရိုးဘုရား သမိုင်းနဲ့ မယ်လမုဘုရား သမိုင်းများ ဖြစ်ပါတယ် ။

အ‌မေရိကန်ပြည် ဗုဒ္ဓဘာသာသု‌တေသီဆရာကြီးတစ်ဦး ဖြစ်တဲ့ စာ‌ရေးဆရာကြီး Winston King ‌ရေးတဲ့ ‌ထေရဝါဒ တရားအားထုတ်နည်း လုံးချင်းစာအုပ် ထဲမှာ ဂါဒီယန် မဂ္ဂဇင်းမှာ ကိုယ်‌ရေးခဲ့တဲ့ A Buddhist Pilgrim's Progress ဆိုတဲ့ ‌ဆောင်းပါးကို ထည့်ပြီးထားပါတယ် ။

Colourful Burma စာအုပ်ထဲမှာ ပါတဲ့ မြန်မာ့ကွမ်းဓ‌လေ့ ‌ဆောင်းပါးကိုလည်း ဗန်‌ကောက်မြို့ထုတ် ဆဝါဒီ မဂ္ဂဇင်းမှာ ပြန်ထည့်ခဲ့ပါတယ် ။

မြန်မာဘာသာနဲ့ ‌ရေးတဲ့ အပိုင်းက‌တော့ အားလုံး သိပြီးမို့ အထူး မ‌ပြော‌တော့ပါဘူး ”

“ ဆရာမကြီးရဲ့ နာမည်ရင်းက ... ”

“ မခင်မြပါ ”

“ က‌လောင်နာမည် ယူ‌တော့မှ “ ခင်မျိုးချစ် ” လို့ ယူခဲ့တာ‌နော် ”

“ ဟုတ်ပါတယ် ”

“ ဆရာမကြီး ‌ရေးခဲ့တာ‌တွေကို လက်လှမ်းမီသ‌လောက်‌တော့ ကျွန်‌တော် ဖတ်ခဲ့ပါတယ် ။ အခု ‌မေးမယ့် ‌မေးခွန်းက လူငယ်တစ်‌ယောက် အ‌နေနဲ့ သိချင်တဲ့ စိတ်ဆန္ဒနဲ့ ‌မေးမယ့် ‌မေးခွန်းပါ ။ ဆရာမကြီးကို စကားကတ်ပြီး ‌မေးတယ် မထင်‌စေချင်ပါဘူး ”

“ မေးပါ ... အစ်မကြီးကလည်း ပွင့်ပွင့်လင်းလင်း ‌မေးတာကို သ‌ဘောကျပါတယ် ” 

“ ဆရာမကြီးရဲ့ တချို့ ‌ဆောင်းပါး‌တွေမှာ အ‌နောက်တိုင်း ပညာရှင်များရဲ့ အဆိုအမိန့်ကို မူရင်းအတိုင်းပဲ ‌ဖော်ပြပြီး ဘာသာ မပြန်ချင်ပါဘူး ။ အရသာ ပျက်လွန်းလို့လို့ ‌ရေးတတ်တာ ‌တွေ့ရပါတယ် ။ မြန်မာစာဟာ အ‌နောက်တိုင်း စာ‌ပေကို ဘာသာပြန်လို့ မမီ‌လောက်တဲ့ အဆင့်မှာ ရှိသလား ၊ အ‌နောက်တိုင်း အယူအဆ ၊ အဆိုအမိန့် တချို့ကို ဘာသာပြန်ရင် အရသာ ပျက်နိုင်တယ် ဆိုရင် မြန်မာစာ‌ပေ‌တွေ မှာလည်း အ‌နောက်တိုင်း စာ‌ပေနဲ့ ဘာသာပြန်လို့ မရနိုင်တာ‌တွေ အများကြီး ရှိနိုင်ပါတယ် ဆိုရင် ဆရာမကြီး လက်ခံနိုင် ပါလား ”

“ ဒီ‌မေးခွန်း နှစ်ခုဟာ တစ်သ‌ဘောတည်းမို့ တစ်ခါတည်းပဲ‌ ပေါင်း‌ဖြေလိုက်မယ် ။ ဘယ်စာ‌ပေက ဘယ်အဆင့်မှာ ရှိပြီး ၊ ဘယ်လို ကြွယ်ဝတယ် ၊ အားနည်းတယ် ၊ နိမ့်တယ် ၊ မြန်တယ်လို့ ‌ပြောနိုင်‌လောက်‌အောင် ‌လေ့လာဆည်းပူးထားတဲ့ သု‌တေသီပညာရှင် မဟုတ်လို့ ဘာမှ မ‌ပြောနိုင်ပါဘူး ။ ဒါက သု‌တေသီပညာရှင် တို့ရဲ့ အရာ ဖြစ်တယ် ။ ကိုယ့်အရာ မဟုတ်ပါဘူး ။

တစ်ဘာသာ က တစ်ဘာသာကို ပြန်ရင် အရသာပျက်တယ် ။ တစ်နည်းအားဖြင့် အလင်္ကာရသ‌တွေ “ ဦးက စပါး ပဲ့ ကို ‌ပြောင်း ၊ ပဲ့ က စပါး ဦး ကို ‌ပြောင်း ” ဆိုသလို လမ်းမှာ အဖိတ်အစဉ်‌တွေ များတယ် ။ ဒါ‌ကြောင့် ဘာသာပြန် ထားတဲ့ စာဟာ ပန်းထိုး ထားတာကို ( မလှဘက် ) ‌ပြောင်းပြန်ဘက်က‌ နေပြီး ကြည့်ရသလို ပဲတဲ့ ။

ဒီ‌တော့ ဘာသာပြန် ထားတဲ့ စာ ဆိုတာ မူရင်း အရသာ‌တော့ ဘယ်‌တော့မှ မပြည့်စုံဘူး မမီနိုင်ဘူး ၊ ပထမ တန်းစား မဟုတ်ဘဲ ဒုတိယတန်းစားသာ ဖြစ်နိုင်မယ် ဆိုတဲ့ အချက်ကို စာ‌ပေသမား‌တွေ လက်ခံထားကြတာပဲ ။

ဟုတ်ပါတယ် ။ အ‌နောက်တိုင်းစာ‌ပေ အကိုးအကား‌တွေကို ဘာသာပြန် မ‌ပေးဘဲ မူရင်းအတိုင်း ထည့်ထည့် ‌ပေးဖူးပါတယ် ။ အဲဒါက ရည်ရွယ်ချက် ရှိတယ် ။ အင်္ဂလိပ်စာ အဖြစ် အနည်းနဲ့ အများမဆို ရှိထားတဲ့ သူ‌တွေကို အင်္ဂလိပ်စာ ပိုဖတ်တတ် ၊ ပိုနားလည်‌စေချင်လို့ ဒီလို ထည့်‌ပေးတာပါ ။ သူတစ်ပါး ဘာသာပြန်‌ ပေးတာ ဖတ်ပြီး “ ဝါးဖတ်‌တော် ကဆီနှစ် ” ကိုချည်း လွယ်လွယ် စား‌နေရင် အင်္ဂလိပ်စာ တတ်နိုင်ဖို့ ‌ဝေး လိမ့်မယ် ။ ကိုယ့်စွမ်းစ ထုတ်ပြီး ဖတ် ၊ နားလည် အရသာ ခံ‌စေချင်လို့ပါပဲ ။ ကိုယ်တိုင်လည်း ကိုယ့်ဆရာသမားများက အဲဒီနည်းရဲ့ သင်ကြားပို့ချ‌ ပေးခဲ့လို့ လက်ဆင့်ကမ်း လိုက်တာပါ ။ စာဖတ်သူ‌တွေကို ပထမတန်းစား ပဲ ဖတ်‌စေချင်တယ် ။ ဒုတိယတန်းစား စာမျိုး ဖြစ်နိုင်ရင် မ‌ပေးချင်ဘူး ။

အခု‌တော့ ဒီလို လုပ်တာ ခုတ်ရာတခြား ၊ ရှရာတခြား ဖြစ်‌နေတာလည်း အ‌တော် အံ့ဩမိပါတယ် ။ ဒီလို ဖြစ်တတ်တယ် ဆိုတာလည်း ( သုတ ) တစ်ခု ပညာ ရတာ‌ပေါ့‌လေ ။

ကိုဝင်းငြိမ်း က ‌မေးပြန်‌တော့ ‌ဖြေရမှာ‌ပေါ့ ။ ဘာသာတစ်ခုက‌ နေပြီး ဘယ်ဘာသာပဲ ဖြစ်ဖြစ် ပြန်ဆိုရင် မူရင်း အတိုင်း မရနိုင်ဘူး ။ အဖိတ်အစဉ်‌တွေ ရှိတယ်လို့လည်း ‌ပြောပြီးပြီ ။ Colourful Burma Enlarged Edition စာအုပ် စာမျက်နှာ ၇၂ မှာ “ ညီ‌နောင် ” ဆိုတဲ့ စကား အသုံးအနှုန်းကို အင်္ဂလိပ်လို ပြန်လို့ မဖြစ်တဲ့ အ‌ကြောင်း ‌ရေးထား ပါတယ် ။ စာမျက်နှာ ၃၇၂ မှာ “ ‌ရွှေ‌ပြောင်‌ပြောင် ‌တောင်‌ပေါ်ကဘုရား ” ဆိုတဲ့ ကဗျာ‌လေးကို မြန်မာလို မူရင်းအတိုင်း ထည့်‌ပေးလိုက်တယ် ။ အလှပျက်မှာ စိုးလို့ ဘာသာပြန် မ‌ပေးဘဲ ဆိုလိုချက် လောက်ပဲ အဓိပ္ပာယ် ဖွင့်‌ပေးလိုက်တယ် ။

အဲဒါ‌တွေ ဖတ်ဖူးထားရင် ခု ‌မေးတဲ့ ‌မေးခွန်း‌တွေရဲ့ အ‌ဖြေကို သိပြီးသား ဖြစ်ရမှာပါ ။ ‌မေး‌နေစရာ မလိုဘူးလို့ ထင်ပါတယ် ”

“ ဟုတ်ကဲ့ ... ကျွန်‌တော်က မြန်မာမဂ္ဂဇင်း အတွက် မြန်မာစာ‌ရေးဆရာ‌တွေနဲ့ ‌တွေ့ဆုံ‌ပေး‌နေသူ ဆို‌တော့ အင်္ဂလိပ်စာအုပ် ကို‌တော့ အ‌သေးစိတ် မဖတ်ခဲ့မိပါဘူး ။ ‌ကျေးဇူးတင်ပါတယ် ဆရာမကြီး ။ ‌ဆောင်းပါး တစ်ပုဒ်မှာ စုံ‌ထောက်စာ‌ပေနဲ့ ပတ်သက်ပြီး ဆရာမကြီးက အ‌နောက်တိုင်း စုံ‌ထောက်ဝတ္ထု‌တွေ ‌ကောင်း‌ကြောင်း ‌ရေးထားတာ ‌တွေ့ရပါတယ် ။ မြန်မာဝတ္ထု‌တွေ ထဲမှာလည်း စာ‌ရေးဆရာ တချို့ ကိုယ့်‌တွေ့ စုံ‌ထောက် ဝတ္ထု‌တွေ ‌ရေးကြတာ ရှိပါတယ် ၊ ဒါ‌လေး‌တွေလည်း ‌ဖော်ထုတ်‌ပေးရင် ပို အဆင်‌ပြေမယ် ထင်ပါတယ် ” 

“ စုံ‌ထောက် ဝတ္ထု အ‌ကြောင်းပဲ ဖြစ်ဖြစ် စာ‌ပေ‌ရေးရာ ၊ အနုပညာ‌ရေးရာနဲ့ ပတ်သက်ပြီး အ‌နောက်တိုင်းဘက်က ဖတ်ရှုမြင်‌တွေ့ ကြားနာဖူးတာ‌တွေကို ‌ရေးရင် မြန်မာဘက် မှာ‌ကော ဒါမျိုး‌တွေ မရှိဘူးလား ၊ ရှိပါတယ် ။ အဲဒါ‌တွေ မထုတ်‌ဖော်ဘူးလား အစရှိသည်ဖြင့် ‌ပြောကြတယ် ။ ဘယ်သ‌ဘောနဲ့ ‌ပြောကြတာလဲ မသိပါဘူး ။ အဲသလို ဆိုရင် မြန်မာစာကို မြတ်နိုးတယ် ဆိုတဲ့ သူ‌တွေ ကိုယ့်ဆီ လာကြစမ်းပါ ။ ဦးပုည ‌တေးထပ်‌တွေ ၊ ဇာတ်စကား‌တွေ ၊ ကိုးခန်းပျို့ထဲက စာပုဒ်‌တွေ ၊ ကိုယ်‌တော်မှိုင်း ‌လေးချိုး‌တွေ ဘယ်‌လောက်များ နှုတ်အာရွရွ ရွတ်နိုင်ကြသလဲ ။ ကိုယ်နဲ့ ပြိုင် ရွတ်ကြရ‌အောင် ။

စာဆိုတာ ဘယ်စာ ဖြစ်ဖြစ် အဖြည့်ခံ‌တွေ ချည်းပဲ ။ တစ်ဦး ‌ရေးထားတာကို ‌နောက်တစ်ဦးက ထပ်‌ကောင်းအောင် ၊ ပြည့်စုံ‌အောင် ၊ မျက်‌မှောက်‌ခေတ် ထဲမှာ ကိုလည်း ဖြည့်စွက်‌ ပေးကြရတာပဲ ။ ‌နောက်‌ ခေတ်အဆက်ဆက်လည်း ဖြည့် သွားကြရမှာပဲ ။

ဒီ‌တော့ ကိုယ် ‌ရေး‌ နေတာ‌တွေ လို‌နေ‌သေးတယ် ( လိုမှာပဲ ) ဆိုရင် ဖြည့်နိုင်တဲ့ သူ‌တွေ ဖြည့်ကြရုံ ရှိတာပဲ ။ ဘယ်အရာမဆို “ မပြည့်တဲ့အိုး ” အချင်းချင်း ‌ဘောင်ဘင်ခတ် မ‌နေဘဲ တည့်တည့် သွားကြရတာ‌ပေါ့ ။ ဒီလိုနဲ့ပဲ ရသ‌လောက် ရသွားကြတာပဲ ။ ပြည့်စုံတယ် လို့‌တော့ ဘယ်ရှိမလဲ ။ ဒီ‌တော့ ဘယ်သူ ‌ရေး‌နေတာပဲ ဖြစ်ဖြစ် ဒါထက် ‌ကောင်း‌အောင် ထပ်‌ရေးနိုင်ကြ‌သေးရင် ‌ရေးကြရုံပဲ ၊ ဒါထက် ပြည့်စုံ‌အောင် ဖြည့်‌ပေးနိုင်ကြလည်း ‌ပေးကြ‌ပေါ့ ။

ဒီစကားကို ‌ပြောရတာ ဆရာသမားရဲ့ အစဉ်အလာ အဆုံးအမကို ယူပြီး ‌ပြောရတာပါ ။ ဆရာ မင်းသုဝဏ် က ‌ပြောဖူးပါတယ် ။ သူ့ရဲ့ ရှိတ်စပီးယားပြဇာတ် ဘာသာပြန်ပြီး အခန်းဆက်ထဲ ထည့်‌နေတုန်း ‌ပြောဖူးပါတယ် ။ “ မခင်မြ‌ရေ ... ဆရာ‌တော့ တတ်အားသ‌ရွေ့ လုပ်ထားတာပဲ ။ ‌နောက်လူ‌တွေ ဒါထက် ‌ကောင်း‌အောင် လုပ်နိုင်ရင် လုပ်ကြဖို့ပါပဲ ။ မခင်မြ ဖတ်ရဲ့ မဟုတ်လား ၊ အမြင်မ‌တော်တာများ ‌တွေ့ရင်ပြော‌နော် ... ” တဲ့ ။

ဆရာက ကိုယ့်တပည့်ကို ခုလို ‌ပြော‌တော့ အ‌တော်ပဲ စိတ်ထဲ ထိခိုက်သွားမိပါတယ် ။ ဒါဟာ ဆရာက ငါ့ကို ဒီလို စိတ်ထားတတ်‌အောင် သင်‌ပေးတာပဲ ... လို့ နှလုံးသွင်းလိုက်ရပါတယ် ။

အခုလည်း ကိုယ် ‌ရေး‌နေတာ‌တွေ လို‌နေ‌သေးရင် ထပ်ဖြည့်ပြီး ‌ရေးကြပါ ။ စာဖက်ရှုမှာ အဆိပ်အ‌တောက်ဖြစ် အကျိုးမဲ့တယ် ဆိုရင်လည်း ‌ပြောကြပါ ။ ကိုယ်က‌တော့ တက်သ‌ရွေ့ ‌ရေး‌နေတာပဲ ။ ဟာ‌နေတာ ၊ လို‌နေတာတွေ ရှိရင် ပြည့်‌အောင် ဖြည့်ပြီး ထပ်‌ရေးကြပါလို့ပဲ ‌ပြောချင်ပါတယ် ”

“ ဒီ‌နေ့‌ခေတ် လူငယ်‌တွေရဲ့ အ‌ရေးအသား အ‌ပေါ်မှာ ဘယ်လို မြင်ပါသလဲ ”

“ ဒီ‌ခေတ်လူငယ်‌တွေ ရဲ့ အ‌ရေးအသား‌တွေ လက်လှမ်းမီသ‌ရွေ့ ဖတ်ပါတယ် ။ အတိအကျ‌ ပြောလို့ မရဘူး ။ ဒါ‌ပေမဲ့ ‌ယေဘုယျ‌ပြောရရင် ‌ကောင်းစရာ ရှိလည်း သိပ်‌ကောင်းတာပဲ ညံ့စရာ ရှိလည်း သိပ်ညံ့တာပဲ ။ ဒီလို ‌ပြောရတာက ကိုယ့်ရဲ့ တစ်ကိုယ်‌တော် အယူအဆ ဖြစ်ပါတယ် ။

သိပ်‌ကောင်း တဲ့ လူငယ် စာ‌ရေးဆရာ တချို့ကို နာမည် ထုတ်‌ပြောရရင် ချစ်ဦးညို ၊ မိုးမိုး ( အင်းလျား ) ၊ မစန္ဒာ ၊ သာယာဝတီစမ်းစမ်းနွဲ့ ၊ သု‌မောင် ၊ ဂျူး ... ပြီး‌တော့လည်း ဒါ့ပြင် ရှိကြဦးမှာပါပဲ ။ ဒါက လူလတ်ပိုင်းကို တမင်ချန် ထားပါတယ် ။ လူငယ်‌လေး‌တွေချည်း ကွက်‌ပြောတာပါ ။

တစ်ခု‌တော့ ကြုံတုန်း တရားဝင် ‌ပြောလိုက်ရဦးမယ် ။ အခု လူငယ် စာ‌ရေးဆရာ‌တွေဟာ အသက်အရွယ်နဲ့ ပိုင်းပြီး နှိုင်းယှဉ်‌ပြောရရင် ကိုယ်ကိုယ်တိုင် သူတို့ အရွယ်တုန်းက သူတို့‌လောက် မ‌တော်ဘူး ။ သူတို့လို အ‌တွေး မရဲဘူး ၊ အ‌ရေး မရဲဘူး ၊ စိတ်ကူးလည်း မကြွယ်ဘူး အရွယ် အပိုင်းအခြားအရ ဆိုရင် သူတို့ဟာ ကိုယ့်ထက် သာပါ‌ပေတယ် ”

“ ဆရာမကြီး ‌ရေးခဲ့တဲ့ အင်္ဂလိပ်ဝတ္ထုတို‌လေး‌တွေထဲမှာ ရုပ်‌သေးနဲ့ ပတ်သက်တာ နှစ်ပုဒ် ဖတ်ရပါတယ် ။ တစ်ပုဒ်က ဆိုရင် Horizon မဂ္ဂဇင်းက ဆု‌တောင် ရခဲ့တယ် ။ ဒီ‌နေ့‌ခေတ် မှာ‌တော့ ရုပ်‌သေးပညာဟာ တိမ်‌ကော ပ‌ပျောက်လု မတတ် ဖြစ်‌နေပါပြီ ။ ဒါနဲ့ ပတ်သက်လို့ ဆရာမကြီး ဘယ်လို ခံစားမိပါသလဲ ” 

“ ရုပ်‌သေးပညာ တိမ်‌ကောလုလု ဖြစ်‌နေတာ‌တော့ နှ‌မြောစရာပါပဲ ။ ဒီပညာဟာ ထိန်းသိမ်းထားသင့် ထားထိုက်တဲ့ ပညာ ဖြစ်ပါတယ် ။ ဒါ‌ကြောင့် ကိုယ် တတ်နိုင်တဲ့ ဘက်ကို ဒီပညာကို သရုပ်‌ဖော်တဲ့ ဝတ္ထု ‌ဆောင်းပါးတွေပဲ ‌ရေး‌နေတာ‌ပေါ့ ။ ကိုယ် တတ်အားသ‌ရွေ့ လုပ်‌နေတာပဲ ။ ဒီထက် တတ်နိုင်ကြရင်လည်း လုပ်ကြဖို့ ‌ကောင်းပါတယ် ”

“ ဆရာမကြီးက အ‌ရှေ့ ၊ အ‌နောက် စာ‌ပေ‌တွေကို နှံ့စပ်သူ ဆို‌တော့ ကျွန်‌တော် သိချင်တာ တစ်ခု ‌မေးချင်ပါ ‌သေးတယ် ။ သူတို့ မဂ္ဂဇင်း‌တွေမှာ အင်တာဗျူး‌တွေ ပါသလို ကျွန်‌တော်တို့ ဆီက မဂ္ဂဇင်း‌တွေ မှာလည်း အင်တာဗျူးတွေ ထည့်ကြပါတယ် ။ သူတို့ ‌ရေး‌နေတဲ့ အင်တာဗျူး‌တွေနဲ့ ကျွန်‌တော်တို့ ‌ရေး‌နေကြတဲ့ အင်တာဗျူးတွေ ဘယ်လိုများ ခြားနားပါသလဲ ”

“ အင်တာဗျူး ဆိုတာ တစ်ဦး‌သော ပုဂ္ဂိုလ်ဆီမှာ လူအများ စိတ်ဝင်စား‌အောင် စကား‌ပြောစရာ ရှိတယ် ဆိုပြီး အဲဒီပုဂ္ဂိုလ်ကို ‌တွေ့ဆုံ‌မေးမြန်းကြတာပဲ ။ အများအားဖြင့် လူပရိသတ်အလယ် နာမည် တစ်လုံးနဲ့ ထင်ရှားသူ‌တွေကို အင်တာဗျူး လုပ်ကြတယ် ။ ဒါလည်း တရား‌သေ မဟုတ်ပါဘူး ။ တစ်ခါတစ်ခါ လူထဲက သာမန်ကိုလည်း အင်တာဗျူး လုပ်ကြပါ‌သေးတယ် ။ ဥပမာ - ‌ဈေးခြင်း‌တောင်း ကိုင်ပြီး ‌ဈေးဝယ်လာတဲ့ အိမ်ရှင်မ တစ်‌ယောက်ကို ‌တွေ့ဆုံ‌ပေးရင် လူ‌တွေ စိတ်ဝင်စားစရာ‌တွေ အများကြီး ထွက်လာမယ် မဟုတ်လား ။ ဒီ‌တော့ အင်တာဗျူး တစ်ခုရဲ့ ဦးတည်ချက်က အကြမ်းဖျင်း တချို့ကို ချနိုင်ပါတယ် ။

( ၁ ) စာဖတ်သူ‌တွေအဖို့ ဗဟုသုတ ဖြစ်ရမယ် ။
( ၂ ) စာဖတ်သူရဲ့ စိတ်ထဲမှာ တက်ကြွတဲ့စိတ် ၊ ကြိုးစားချင်တဲ့စိတ်မျိုး နှိုးဆွ‌ပေးရမယ် ။
( ၃ ) အ‌တွေးအ‌ခေါ် ကျယ်ပြန့်‌အောင် ဖြန့်‌ပေးရမယ် ၊ မြင်စရာ သိစရာ‌တွေ လမ်းဖွင့်‌ပေးရမယ် ။
( ၄ ) တစ်ခုခု‌သော ပညာနယ် သုတနယ်ကို ဝင်ပြီး ကျက်စားလိုတဲ့ စိတ်မျိုး နိုးကြား‌စေရမယ် ။
( ၅ ) လူလူချင်း နားလည်မှု ၊ ‌မေတ္တာထားမှုကို ‌ရှေးရှုရမယ် ” 

“ ကျေးဇူးပါပဲ ဆရာမကြီး ။ စာ‌ရေးသက် နှစ် ၅ဝ ရှိတဲ့ ဆရာမကြီး အ‌နေနဲ့ ဒီ‌နေ့ မြန်မာ့စာ‌ပေ‌လောကကို ဘယ်လို မြင်ပါသလဲ ”

“ စာ‌ရေးတဲ့ နှစ်‌ပေါင်း ၅ဝ ပြည့်‌တော့ စာ‌ပေ‌လောကကို ဘယ်လို မြင်သလဲ ဆိုတာ‌တော့ ‌ဖြေရရင် ဘာမှ ဆန်းဆန်းပြားပြား မရှိလှပါဘူး ။ လူ့‌လောကထဲမှာ ‌နေတာ ကြာလာ‌လေ‌လေ ဘာမှ မထူးဆန်းဘူး ဆိုတာ သိလာ‌လေပါပဲ ။ ဘယ်‌ခေတ် ၊ ဘယ်အခါ ၊ ဘယ်ကာလ ၊ ဘယ်‌နေရာမှာ မဆို ဒီလိုပဲ လူ‌တွေဟာ လှုပ်ရှားနေကြတာပဲ ။

‌မေတ္တာတရား ရှိကြသလို ‌ဒေါသတရား‌တွေလည်း ရှိကြတယ် ။ ဉာဏ်ပညာ ဆင်ခြင်တုံတရား ရှိကြသလို မိုက်မဲတာ ‌တွေလည်း ရှိကြတယ် ။

ဝိသမ‌လောဘတွေနဲ့ အငမ်းမရ ဖြစ်‌နေကြ သလို ‌ရောင့်ရဲတင်းတိမ်မှုလည်း ရှိတယ် ။ တစ်ဖက်သား အ‌ပေါ်မှာ မညှာမတာ မသဒ္ဓါ‌ရေစာ ဖြစ်ကြသလို ရက်‌ရော ‌ပေးကမ်းကူညီမှု‌တွေလည်း ရှိကြတယ် ။ သူတစ်ပါး ‌ကောင်းစား ကြီးပွားတာကို ဝမ်း‌မြောက်ဝမ်းသာ ဖြစ်ကြသလို မရှုဆိတ် မနာလိုပြီး ပျက်စီးရာ ပျက်စီးကြောင်း ‌ပြောဆိုကြံစည် လုပ်ကိုင်တာ‌တွေလည်း ရှိကြတယ် ။

အဲဒီ သ‌ဘောတရား‌တွေဟာ အ‌ကောင်းနဲ့ အဆိုး ၊ ဘတစ်ပြန် ကျားတစ်ပြန် ဖြစ်‌နေကြတာပါပဲ ။ စာ‌ပေ‌လောကမှာလည်း ဒီအတိုင်းပါပဲ ။ ဒီ‌တော့ ဘာမှ မဆန်းပါဘူးလို့ပဲ မြင်ပါတယ် ”

“ ဆရာမကြီးတို့ ‌ခေတ်က အ‌ရေးအသားနဲ့ ဒီ‌နေ့ လူငယ်စာ‌ရေးဆရာ‌တွေရဲ့ အ‌ရေးအသား ဘယ်လို ကွာခြားပါသလဲ ”

“ ဒီ‌မေးခွန်းက အလွန် ကျယ်ဝန်းပါတယ် ။ ကျကျနန သု‌တေသန လုပ်ပြီး စာတမ်းတစ်ခု ပြုစုပြီး ‌မေးခွန်းမျိုး ဖြစ်ပါတယ် ။ ဒါ‌ကြောင့် မ‌ဖြေဘဲ ထားလိုက်ပါရ‌စေ ”

“ ကျွန်‌တော့်ဘက်က‌ မေးစရာ ကုန်ပါပြီ ။ ဆရာမကြီး ထပ်‌ပြောချင်‌သေးတာများ ရှိရင် ...  ”

“ ခုလို ‌တွေ့ဆုံ‌ ဆွေး‌နွေးရတာ ‌ကျေးဇူးတင်ပါတယ် ။ ဒီလိုအခါမျိုး ကိုယ် ‌ပြောချင်တာ‌ ပြောဖို့ အခွင့်ရတုန်းတော့ နိဂုံးချုပ်အဖြစ်နဲ့ ‌ပြောချင်ပါတယ် ။

လူဆိုတာ ကိုယ်ပိုင် အယူအဆ ၊ ထင်မြင်ချက် ကိုယ်စီ ရှိကြတယ် ။ လွတ်လပ်စွာ ထင်မြင် ယူဆနိုင်တယ် ။ ဒါ‌ပေမဲ့ သူတစ်ပါးကို ငါ ယူဆသလို ယူဆရမယ် ။ ငါ့အယူအဆ အမှန် ဆိုပြီး သူတစ်ပါးရဲ့ လွတ်လပ်မှုကို မကျူး‌ကျော်သင့်ဘူး ။

လူလူချင်း အယူအဆချင်း မတူ‌ပေမယ့် ‌လောကကြီးဟာ အကျယ်ကြီးပါပဲ ။ ‌နေစရာ ရပ်တည်စရာ‌တွေ အကျယ်ကြီး ရှိပါတယ် ။ ဘယ်သူ့ကိုမှ တွန်းထိုးပစ်‌နေစရာ မလိုပါဘူး ။ သူတစ်ပါး အ‌ပေါ် တရားမဲ့ မကျူး‌ကျော် ဖို့ပါဘဲ ။

အ‌မေရိကန်ပြည် ၁၈၀၁ မှ ၁၈၀၅ အထိ ဒုသမ္မတ ဖြစ်ခဲ့တဲ့ ( အာရွန်ဘား ) Aaron Burr ဆိုတဲ့ သူဟာ တစ်ခါ‌တော့ သူနဲ့ ရန်ဖြစ်တဲ့ သူနဲ့ နှစ်‌ယောက်‌ သေနတ်ချင်း ပြိုင်ပစ်ကြတယ် ။ ဒီ‌တော့ ဟိုလူ ‌သေသွားတယ် ။ အဲဒီ‌ခေတ်က သ‌ဘောတူ ပြိုင်ပစ်သ,တ်တာမျိုး တရားဝင်တယ် ။ လူသ,တ်မှုမဖြစ်ဘူး ။

‌နောက် ဘား အသက်ကြီးတဲ့ အချိန်မှာ ဒီကိစ္စကို သူ ‌နောင်တရတယ် ထင်ပါရဲ့ ။ တစ်ခါ‌တော့ သူနေတဲ့ အခန်းထဲကို ယင်‌ကောင် ဝင်လာတယ် ။ ဦးဆုံး ယင်ရိုက်တဲ့ တုတ်ကြီးနဲ့ ရိုက်သ,တ်မယ် လုပ်ပြီးမှ ပြတင်း‌ပေါက် ဖွင့်ပြီး ယင် ကို ထုတ်ပစ်လိုက်သတဲ့ ။ သူ့ပါးစပ်က ‌ပြောလိုက်‌သေးတယ် ။

“ မင်းနဲ့ ငါနဲ့ ‌နေစရာ ‌လောကကြီးက အကျယ်ကြီးပါကွာ ”

အဲဒီ အဖြစ်အပျက်ဟာ အ‌တော်ပဲ မှတ်သား နှလုံးသွင်းဖို့ ‌ကောင်းပါတယ် ။ ပညာဗဟုသုတ ဆိုတာ ဘယ်‌တော့မှ ‌လေ့လာလို့ မကုန်နိုင်ပါဘူး ။

သိပ္ပံဆရာကြီး Newton ( နယူတန် ) က ‌ပြောဖူးပါတယ် ။ ‌လောကမှာ သိစရာ‌တွေဟာ မဟာသမုဒ္ဒရာ ပြင်ကျယ်ကြီး ‌လောက် ကျယ်ပါသတဲ့ ။ သူ သိတာက ပင်လယ်ကမ်း‌ခြေမှာ သူငယ်က‌လေး ‌ကျောက်စရစ်ခဲ ‌ကောက် နေသ‌လောက်ပဲ ရှိပါသတဲ့ ။ ဒီ‌တော့ ကိုယ့်ကိုယ်ကိုယ် ကိုယ် ပြန်စဉ်းစားကြည့်လိုက်ရင် -

“ ငါ ဘာမှ မသိ‌သေးပါကလား ၊ ငါ မသိတာ‌တွေ များလှပါကလား ” ဆိုတာပါပဲ ။ အဲဒီ အမှန်တရား သစ္စာစကားနဲ့ပဲ နိဂုံးချုပ်ပါရ‌စေ ”

“ ကျေးဇူးတင်ပါတယ် ခင်ဗျာ ။ နယူတန်လို ပုဂ္ဂိုလ်က ပင်လယ်ကမ်း‌ခြေမှာ ‌ကျောက်စရစ်ခဲ ‌ကောက် သ‌လောက်ပဲ သိပါ‌သေးတယ် ဆိုရင် ကျွန်‌တော်တို့ လူငယ်‌တွေက ပင်လယ်သမုဒ္ဒရာကို မမြင်ဖူး‌သေးတဲ့ ကုန်း‌ခေါင်‌ခေါင် က လူ‌တွေပဲ ဖြစ်ပါဦးမယ် ။

ဆရာမကြီးလို စာ‌ရေးသက် နှစ် ၅ဝ ရှိတဲ့ ဆရာမကြီးက “ ဘာမှ မသိ‌သေးပါကလား ”   လို့ ‌ရေရွတ်ရင် ကျွန်‌တော်တို့က ဘာ‌ပြောရမှန်း‌တောင် မသိတဲ့ အဆင့်မှာ ရှိကြပါလိမ့်မယ် ။ ဆရာမကြီးကို ဥပမာ ထားပြီး ကျွန်‌တော်တို့ ဆက်ပြီး ကြိုးစားကြပါဦးမယ် ။

‌ရွှေရတု ဆင်နွှဲနိုင်တဲ့ အတွက် ဝမ်း‌မြောက်ဝမ်းသာ ရှိရသလို ဆက်လက်ပြီး‌တော့လည်း “ ခင်မျိုးချစ် ” ဆိုတဲ့ က‌လောင်အမည်နဲ့ အညီ တိုင်းပြည်အကျိုး စာ‌ပေနဲ့ သယ်ပိုးနိုင်ပါ‌စေလို့ ဆန္ဒပြုခဲ့ပါတယ် ”

⎕  ဝင်းငြိမ်း
‌📖 ပေဖူးလွှာ မဂ္ဂဇင်း
      အမှတ် - ၃၃
      ဖေ‌ဖော်ဝါရီလ ၊ ၁၉၈၄ ခုနှစ်

No comments:

Post a Comment