❝ ကျီးအပုံပြင် - ၂ ❞
( လင်းစက်နွယ် )
( ၁ )
အဝေးတစ်နေရာ၌ မိုးရေစက်တို့ တွဲလဲခိုနေဆဲ ဖြစ်သည် ။ အခန်းထဲရှိ အအေးဓာတ်က ကျွန်တော့် ရိုးတွင်းခြင်ဆီများထိ ထွင်းဖောက် အေးစိမ့်သွားခဲ့ပြီ ။ တတီတီမြည်နေသော အလိုအလျောက်တိုင်း စက် ကိရိယာလေး၏ အသံမှ လွဲ၍ အခန်းမှာ တိတ်ဆိတ်ငြိမ်သက်ဆဲ ဖြစ်သည် ။
သည်အချိန်မှာ တစ်ခုခု ၊ တစ်စုံတစ်ခုလောက် ဖြစ်ဖြစ် ဆူညံသံ ဖြစ်ခဲ့ရင် ကောင်းမှာပဲ ၊ ခဏနေတော့ ကျွန်တော့် ဆုတောင်း ပြည့်သွားသည် ။ သို့သော် ပြည့်ပုံက မလှချေ ။
“ အသစ်လဲလိုက်ပါ ဆရာမ ”
ခွဲခန်းထဲ၌ အလွန် ကျွမ်းကျင်ပါသည်ဟု နာမည်ကြီးသည့် ကျွန်တော်တို့နှင့် နှစ်ပေါင်းများစွာ လက်တွဲ ခဲ့ဖူးသည့် ဆရာမလေး သူဇာ ပင် ကတ်ကြေးတစ်လက် လွတ်ကျချေလေပြီ ။
“ ဆရာသူရိန် မဝင်ရင် ကောင်းမယ် ထင်တယ် ။ ဆရာ့ ကြည့်ရတာ ”
“ ရပါတယ် မမစော ၊ ကျွန်တော် ဝင်မှပါ ၊ မဝင်ရင် မမ စိတ်မကောင်းဖြစ်ဦးမယ် ”
မမစော၏ နှာခေါင်းစည်း အထက်က မျက်ဝန်းတွေ ဆီမှာ ခွန်အားသတ္တိ တစ်ဝက် ၊ တုန်လှုပ်ခြင်း တစ်ဝက် ကိန်းအောင်းနေကြောင်းကို သူ၏ မျက်နှာချင်းဆိုင်မှ အကူအဖြစ် ခွဲစိတ်မည့် ကျွန်တော် တစ်ယောက်တည်း သာ သိပါသည် ။
“ ကဲ ... စမယ် ”
ဓားတောင်း လိုက်သော လက်မှာ သိသိသာသာကြီး တုန်ယင် နေလေသည် ။
( ၂ )
“ ကဲ …. စမယ် ၊ အီးပီ ညှပ်တော့မယ် ၊ လာ ကြည့်ကြ ”
Episiotomy ဟုခေါ်သော မွေးလမ်းကြောင်း ချဲ့ခြင်းအား လူနာပေါ်တွင် အသေးစိတ် ပြသတော့မှာ ဖြစ်သည့်အတွက် ကျွန်တော် မမနားသို့ အသာတိုးကပ် လိုက်မိသည် ။
“ ခွိ ”
ရုတ်တရက် ထိန်းချုပ်လိုက်သည့်ကြားမှ ထွက်ပေါ်လာသော ရယ်သံကြောင့် ကျွန်တော် အနည်းငယ် တုန်ယင်သွားသည် ။
“ နင် ဘာလို့ ရယ်တာလဲ နှင်းစက် ”
“ ဟဟ ၊ နင့်ဟာက မရယ်ရဘဲ နေမလား ။ ကြည့်ဦး ၊ ငါတို့ မိန်းကလေးတွေတောင် ရှေ့ကို မတိုးရဘူး ။ နင်က ယောက်ျားကလေး ဖြစ်ပြီး သဲသဲလှုပ် ဟိုက်ပါ ကျပြနေတာကိုး ”
နှင်းစက် ပြောမှ မမ၏ ရယ်ရွှင်ဟန်မျက်ဝန်းများနှင့် ကျွန်တော် ရင်ဆိုင်လိုက်ရသည် ။
“ ကဲကဲ .. သူရိန် ၊ ကလေးခေါင်း ထွက်စပြုနေပြီ ၊ ခရောင်နင် ဖြစ်နေပြီ တွေ့လား ပေးရှင့် ညှစ်ရင် သည်လို ညာဘက် တစောင်းလေး ညှပ် ၊ သေချာ ညှပ်နော် ၊ ပြီးမှ အီးပီဆီဆာ ( ကတ်ကြေး ) တွေတုံးလို့ မပြတ်ဘူး မပြောနဲ့ ”
တစ်ခါတစ်ရံ ဝါ့ ( ဒ် ) ထဲရှိ အိုမင်းနေရှာသော ပစ္စည်းကိရိယာလေးများကြောင့် ဟာသ ဖြစ်ရတာလည်း ရှိသည် ။
“ အူဝဲ ”
ကလေးအား ကျွမ်းကျင်စွာ ထုတ်သွားသော သူမ လက်ချောင်းလေးများ၏ လှုပ်ရှားမှုနောက် မရုန်းဆန်ဘဲ လိုက်သွားမိသောနေ့ ၊ ထိုနေ့သည် ကျွန်တော် မမ အား မြတ်နိုးခဲ့သော နေ့လေးလည်း ဖြစ်လေသည် ။
“ ကဲ .. သူရိန် ၊ မင်း ကြည့်ရတာ အိုဂျီ ဝါသနာပါမယ့် ပုံပဲ ။ မင်းပဲ ချုပ်တော့ ဘေးက မမ ဂိုက်လုပ်ပေးမယ် ”
“ ဗျာ ”
“ ဟုတ်တယ် မမရေ ၊ အိုဂျီကို ဂုဏ်ထူးထွက် မတတ် သူရိန်က ကျက်ခဲ့တာ ၊ တစ်တန်းလုံး သိတယ် ။ နာမည်ကို ကြီးလို့ ၊ အိုဂျီသူရိန် ဆိုပြီးတော့ပေါ့ ”
“ နှင်းစက် ၊ နင့်ပါးစပ် ပိတ်ထား ”
ရယ်မြူးစွာပင် ကျွန်တော်နှင့် တော်မည့် လက်အိတ်နံပါတ် ခုနစ်အား ရွေးချယ်လျက်က ချုပ်ရန် ပြင်ရတော့သည် ။ မမ ထိုင်ခဲ့သည့် ခုံပေါ်မှာပင် ကျွန်တော် ထိုင်ရသည် ။ မမကတော့ မတ်တတ်ရပ် အနေအထားဖြင့် ကျွန်တော့် လက်များအား လှမ်းအကဲခတ် နေတော့သည် ။
“ Muscle ကို နှစ်ထပ်ချုပ်လို့ ရတယ်နော် သူရိန် ”
“ အင်း ၊ အဲလို မဟုတ်ဘူး ။ ဒီလိုယူရတယ် အပ်ကို ”
“ ဟဲ့ ... ဟိုဟာ ဟီမတိုးမားလေ ၊ ဖောက်ချုပ် လိုက်ဦးဟေ့ ”
“ Welldone ...”
မမ ကတော့ ဘေးမှာ မည်မျှကြာရှည်စွာ ရပ်လိုက်ရလိမ့်မည်နည်း ။ ကျွန်တော့် မျက်နှာပြင် တစ်ခုလုံး ချွေးသီးတွေ တွေတွေစီးကျလျက် ။
“ ပထမဆုံး အီးပီချုပ်တာ လက်ကောင်းလှချေလား အိုဂျီသူရိန်ရ ”
“ ဗျာ ”
အံ့သြစွာ ရှက်သွားသော ကျွန်တော့်အား မမ၏ ရယ်မြူးဟန် မျက်လုံးများက ထွေးပွေ့ ကျီစယ်သွားသည် ။
( ၃ )
“ ကြီးလှချေလားဟေ့ ၊ ထင်ထားတာထက် တောင် ဆိုးနေတယ် ”
သားဥအိမ် နှစ်ဖက်စလုံးမှာ သိသာစွာ ကြီးထွား နေသည် ။ အပြာရောင် သွေးလွှတ်ကြောများက ပုံနှိပ်ထားသလို ထင်းရင်း သေသပ်နေပြီး ကင်ဆာကျိတ်၏ မျက်နှာပြင်မှာ အဖုအကျိတ်တွေ ထနေသည် ။
“ Adhesion တွေ အများကြီးရှိမယ် ။ ဆာဂျင် ခေါ်ရမယ် ဆရာ ”
ကျွန်တော် ထိတ်လန့် သွားသည့် တစ်ခဏ မမစော၏ မျက်လုံးများက စူးစမ်းသလို ကြည့်နေသည် ။ အခန်းထဲ၌ အခြားသော အိုဂျီတွေပါ စိတ်မကောင်းစွာ ငြိမ်သက်တိတ်ဆိတ်နေကြသည် ။
“ ဆာဂျင် အသင့်ရှိတယ် မမစော ၊ ခွဲစိတ်မှု မစခင် ကတည်းက ... ”
မမစောက ကျေနပ်စိတ်ချစွာ ပြုံးသည် ။ ကျွန်တော့် အား လှမ်းနှစ်သိမ့်လိုဟန် မမစော မျက်ဝန်းများထဲ အားငယ်မှုများ အရည်ပျော် ပျောက်ဆုံးသွားသည် ။ လွန်ခဲ့သည့် ဆယ်နှစ်ခန့်က ကျွန်တော်တို့၏ ပထမ အကူဆရာဝန် ဒေါက်တာချိုဇင် အား ယခုအချိန်၌ ဘယ် ကံကြမ္မာဆိုးက ခွဲစိတ်ခန်း တစ်ခု၏ ခုတင်ပေါ်မှ လူနာ ဖြစ်စေခဲ့ရသလဲ ။
တွေးရင်းပင် ကျွန်တော့် ရင်ဘတ် တစ်ခုလုံး လေးလံချည့်နဲ့သွားသည် ။
( ၄ )
“ မမ ထီးမပါဘဲ ဘာလို့ လျှောက်သွားတာလဲ ၊ ကျွန်တော့် ခေါ်ရောပေါ့ ”
“ ရပါတယ် သူရိန်ရဲ့ ၊ မမ ကော်ဖီသွားသောက် မလို့ပါ ၊ ဆိုင်က နီးနီးလေးဟာကို ”
မိုးသည်းထန်နေသည့် အတွက် မမ အသံက သေးငယ် တိုးညင်းလွန်းလှသည် ။ ကျွန်တော့် ရင်ခုန်သံမှာ သိသာစွာ ကျယ်လောင်နေသောကြောင့် ကျွန်တော် အနည်းငယ် ရှက်သွားပါသည် ။ တစ်ခု ကျေးဇူးတင်စရာကောင်းသည်က ထီးမိုး ပေးလိုက်သော ကျွန်တော့် လက်များအား မမ မရုန်းဖယ်ပါ ။
“ ဘာဖြစ်လို့ အိုဂျီကို စိတ်ဝင်စားတာလဲ သူရိန် ”
နွေးထွေးသော ကော်ဖီက လည်မျိုထဲတွင်ပင် သီးသွားမတတ် မမ စကားအတွက် ကျွန်တော် လိပ်ပြာ မလုံစွာ ထိတ်လန့်၍ သွားသည် ။
“ အသက်နှစ်ချောင်း တစ်ပြိုင်တည်း ကယ်ရလို့ပါ မမ ”
ကျွန်တော့် အဖြေက မမ နှလုံးသားအား လှပစွာ ဆုပ်ကိုင်ယမ်းနိုင်ခဲ့မှန်း ကျွန်တော် မရိပ်မိတတ်ခဲ့ပေ ။ ထို့နောက်တွင်တော့ သေသပ်လှပသော ခွဲစိတ်မှုများစွာ၌ နာမည်ကြီးသော ၊ စိတ်ဆိုးလွယ်တတ်သော်လည်း ဟောက်ဆာဂျင်များ အပေါ် စေတနာထား သင်ပြ ပေးသည်ဟု သတင်းမွှေးသော မမ နှင့် ကျွန်တော် ရင်းနှီးခဲ့သည် ။ ကျွန်တော် မမ၏ လက်ချောင်းလေးများ၏ အနုပညာအား နှစ်ခြိုက်စွာ စွဲလမ်းပါသည် ။ မမ ဦးစီး သော ခွဲစိတ်မှုများအား မျက်တောင် မခတ်တမ်း လေ့လာရင်းကပင် မမ က ကျွန်တော့် နှလုံးသားပြခန်း၌ ပန်းချီကား တစ်ကား ဖြစ်သွားတတ်သည့် အခါမျိုးလည်း ရှိ၏ ။
ခွဲစိတ်မှုတချို့၌ ကျွန်တော့်အား အသုံးပြုခဲ့သော ၌ မမအား ကျေးဇူးတင်ရင်းဖြင့်ပင် မမကို မသိလိုက် မသိဘာသာ ချည်နှောင်မိခဲ့ပြီ ။
“ နင်တို့ အရွယ် ကွာလွန်းအားကြီးတယ် သူရိန် ၊ ငါ အကောင်းပြောတာ ၊ နင့်ဘက်က မလွန်စေနဲ့ ။ နာမည်တွေ ထွက်နေလို့ ငါ သတိပေးတာပါ ”
သူငယ်ချင်း နှင်းစက်၏ သတိပေးစကားကြောင့် မမဂုဏ်သိက္ခာ အတွက် ငဲ့ကွက်စွာပင် ကျွန်တော် မမ အား သိသိသာသာ ခွာမိခဲ့သည် ။
( ၅ )
“ Bleeding များလိုက်တာ ၊ နောက်ထပ် သွေးနှစ်လုံး တောင်းထားပါ ”
ဟောက်ဆာဂျင်လေးအား လှမ်းအော်ပြောရင်း ကျွန်တော့် အသံ၏ တုန်လှုပ်မှုအား မိမိကိုယ်တိုင် ထိတ်လန့် သွားသည် ။ ခွဲစိတ်ဆရာဝန် ဆိုတာ စိတ်ငြိမ်ရမည် မဟုတ်လော ။ ဘယ်အခြေအနေမျိုးပဲ ဖြစ်ဖြစ် ၊ ရင့်ကျက် တည်ငြိမ်စွာ ရင်ဆိုင်ခဲ့ဖူးသည့် နှလုံးသားက သည်တစ်ချီ မှာတော့ဖြင့် အလဲလဲ အကွဲကွဲ ရှုံးလေပြီ ။ ခွဲစိတ်ခံနေရသူမှာ မမ မဟုတ်ဘူးဟု ဇွတ်မှိတ်ညာ နေရင်းက ဆို့နင့်သွားပြန်သည် ။
ထင်ထားသည်ထက် ဆိုးရွားစွာ အရုပ်ဆိုးသော ကင်ဆာကျိတ်အား ကြိတ်မနိုင်ခဲမရ မုန်းတီးနေရင်းက မမ၏ စကားအား ပြန်လည် ကြားယောင်မိပြန်သည် ။
( ၆ )
“ ဘယ်လောက် အရုပ်ဆိုးတဲ့ ကင်ဆာပဲဖြစ်ဖြစ် ၊ ခွဲစိတ်ဆရာဝန်ဟာ တုန်လှုပ်မသွားရဘူး သူရိန် ၊ သူ တုန်လှုပ်ရင် နစ်နာမှာက လူနာလေ ”
“ ဟုတ်ကဲ့ ၊ မမ ”
သားအိမ်ကင်ဆာ အမျိုးသမီးကြီးအား မမ ဦးစီး ခွဲစိတ်စဉ် ရီထရက်တာ ကိရိယာများအား ပင်ပန်းကြီးစွာ ဆွဲထားလျက် မမ စကားအား ကျွန်တော် ထောက်ခံမိ ပါသည် ။ ထိုစဉ်က ကျွန်တော်တို့ ရင်ဆိုင်နေရသည့် ကင်ဆာကျိတ်မှာ ဆိုးရွားနေခဲ့သည် ။ အလွန် သွေးထွက် များပြီး ခွဲစိတ်သူအား ရံဖန်ရံခါ ခြောက်လှန့်ပစ်နိုင်စွမ်းသော ကင်ဆာကျိတ်အား ကျွန်တော့် တစ်သက်၌ မည်သည့်အခါမှ မေ့မရ ။ ခက်ခဲစွာသော အော်ပရေးရှင်း အား သေသပ်စွာပင် အနိုင်ယူပြလိုက်နိုင်သော မမ၏ အောင်မြင်မှု ။ ကျွန်တော် မချီးကျူးဘဲမနေနိုင်ပါ ။
မမက ထူးခြားစွာပင် လူနာများ အပေါ် စေတနာ ကောင်းလွန်းသည် ။ ဝါ့ ( ဒ် ) ထဲမှ လူနာ တစ်ဦးချင်းစီ အတွက် ကရုဏာဒေါသော ဖြင့် ဆူငေါက်တတ်သည်က လွဲလျှင် မမ၏ စေတနာကြောင့် လူနာတွေရော ကျောင်းသားတွေပါ မမအား ချစ်ခင်လိုကြသည် ။
ထိုနေ့က ခွဲခန်းထဲ၌ လေးနာရီကျော်ကြာ မတ်တတ်ရပ်ခဲ့ရသော ကျွန်တော် ပင်ပန်းကြီးစွာ ခုတင် ပေါ်၌ ခြေပစ်လက်ပစ် လှဲလိုက်မိသည် ။
“ ဒေါက် ... ဒေါက် ”
“ ဘယ်သူလဲ ”
“ သူရိန် ၊ ငါ နှင်းစက် ပါ ”
တံခါး ဖွင့်ပေးလိုက်သောအခါ နှင်းစက် နောက်၌ မမ ပါ ပါလာသည် ။
“ မမက နင်နဲ့ ငါ့ကို မုန့်လိုက်ကျွေးမလို့တဲ့ ၊ ငါတို့ ဒီနေ့ အရမ်း ပင်ပန်းသွားတာ ဂုဏ်ပြုတဲ့ အနေနဲ့တဲ့ ”
“ ဟုတ်လား ၊ မမ ”
မမ ပြုံးရွှင်စွာ ခေါင်းညိတ် လေသည် ။ ထိုနေ့ကမှ မျက်နှာပေါ်မှာ အလှတရားတစ်ခုအား ပထမဆုံး အကြိမ် သတိထားမိခဲ့သည် ။
အို ... မမမှာ သွားတက်ကလေးတွေနှင့် ။
( ၇ )
“ ဘီပီကျနေတယ် ဆရာ ”
လှမ်းကြည့်လိုက်တော့ ကျွန်တော့် ရင်တွေ ဒိတ်ခနဲ ဖြစ်သွားသည် ။
“ ဘုရား .. ဘုရား ၊ ခွဲစိတ်မှု အောင်မြင်ပါ့ မလား ။ မမအသက်ကို ကျွန်တော်တို့ ကယ်နိုင်ပါ့မလား ”
ရုတ်တရက် ခွဲစိတ်ခန်း မဝင်မီ နှစ်ရက် အလို မမ ပြောခဲ့သော စကားလေးကြောင့် ကျွန်တော့်ကိုယ် ကျွန်တော် အားတင်းလိုက်ရသည် ။
“ ငါ သင်ပေးခဲ့တဲ့ ဟောက်ဆာဂျင်လေး သူရိန် ၊ ခုတော့ ပထမအကူ ခွဲစိတ်ဆရာဝန် အိုဂျီ သူရိန်ပေါ့ ။ မင်းလက်ကို ငါ ယုံတယ် ကိုယ့်လူ ၊ မမကိုယ်တိုင် ထရိန်နင် ပေးခဲ့ဖူးတဲ့ လက်ပဲ ၊ မင်း တုန်လှုပ်စရာ မလိုပါဘူးကွာ ။ ငါ့ရဲ့ ဝမ်းဗိုက်ထဲမှာ မင်းလက်ရာ ချုပ်ကြိုးလေး ရှိစေချင်တယ် ။ ဘယ်လိုလဲ ”
မျက်ရည်ဝဲ နေသော ကျွန်တော့်အား တုန်လှုပ်ခြင်း ကင်းမဲ့စွာသော မမ၏ ဟာသက နှစ်သိမ့်နိုင်စွမ်း မရှိခဲ့ပါ ။ “ ကင်ဆာကို ကျွန်တော် ဘယ်လို တွန်းလှန် ရမှာလဲ မမရယ် ”
“ သွေး ဘယ်နှစ်လုံး ရှိပြီလဲ ”
“ လေးလုံးပါ ဆရာ ”
ဟောက်ဆာဂျင်လေး၏ အသံက ကျွန်တော့် ခေါင်းအား အိုးထိန်းစက်လို ချာချာလည်စေခဲ့သည် ။
“ ထုတ်ရအောင် ဆရာ ”
ချည်နှောင်ထားပြီးသော သားအိမ်အား ထုတ်ပစ်ရမည် ။ မမစော က လှမ်းသတိပေးတော့မှ ကျွန်တော့် လက်တွေ ပြန်လည် အသက်ဝင်ခဲ့ပါသည် ။
( ၈ )
ကျွန်တော် လက်ထောက်ဆရာဝန် ဖြစ်တော့ မမ သည် ဂျူနီယာ အတိုင်ပင်ခံ ဆရာဝန်တစ်ယောက် ဖြစ်၍ နေချေပြီ ။ မမက အပျိုကြီးဖြစ်ဆဲ ၊ မမ ၏ အပြုံးတွေ သိမ်မွေ့စွာ လှပဆဲဖြစ်သည်ကို သိရတော့ ကျွန်တော့် ဘယ်ဘက် ရင်အုံ၏ တုန်ခါဆဲ နှလုံးအိမ်တစ်ခု အကြောင်း မမ အား ပြောပြချင်ခဲ့မိသည် ။
အနီရောင် နှင်းဆီလေးများအား မမ အလွန် မြတ်နိုးတတ်သည်ကို ဟောက် ( စ် ) ဘဝ ကတည်းက ကျွန်တော် သိကျွမ်းရခဲ့သည် ။ ထိုနေ့က မမ အတွက် ရည်စူး ၍ အနီရောင်နှင်းဆီ ခုနစ်ပွင့်နှင့်အတူ မမ အိမ်သို့ အရောက် လှမ်းရဲခဲ့သည့် ကျွန်တော့် သတ္တိအား ကျွန်တော် တစ်ဖန် ပြန်လန့်သွားသည် ။
“ သူရိန် ၊ အို … နှင်းဆီတွေ လှလိုက်တာ ”
ပြုံးရွှင်ပြီးမှ ရုတ်တရက် ထိန်းချုပ်လိုက်သော သူမ မျက်နှာကြောင့် ကျွန်တော် အနည်းငယ် အနေရ ခက်သွားပါသည် ။
“ မင်း တစ်ယောက်တည်းလား ၊ နှင်းစက် ကော ”
“ ဟာဗျာ ၊ မမ ကလည်း နှင်းစက်က ကျွန်တော့်ရဲ့ ဘာမို့လဲ ”
မမ က ပါးနပ်စွာပင် အခန်းထဲသို့ ကျွန်တော့် အား ပေးမဝင်ခဲ့ပါ ။
“ မိန်းကလေး တစ်ယောက်ရဲ့ ခံစားချက် ကိုတော့ လျစ်လျူ မရှုသင့်ပါဘူး သူရိန်ရယ် ”
“ ဗျာ ”
“ နှင်းစက် မင်း အပေါ်ထားတဲ့ စေတနာတွေ မင်း မရိပ်မိခဲ့ဘူးလား ”
“ ကျွန်တော် ”
“ မမကို လေးစားရင် နှင်းစက်ကို ဥပေက္ခာ မပြုပါနဲ့ သူရိန် ”
“ မမ ”
“ ဒီကမ္ဘာပေါ်မှာ မင်းအပေါ် နားလည်နိုင်ဆုံး မိန်းမတစ်ယောက် ၊ မင်းဘေးမှာ အချိန်ပြည့် ရှိနေလျက်နဲ့ မသိတတ်ခဲ့တာ မင်းညံ့လွန်းတယ် ”
“ မဟုတ်ဘူး မမ ၊ ဒါ ကျွန်တော့် လွတ်လပ်ခွင့်ပဲ ။ ကျွန်တော် နှင်းစက်ကို ခုထိလည်း မချစ်သေးသလို နောင်လည်း ချစ်မှာ မဟုတ်ဘူး ။ ကျွန်တော် ချစ်တာ ၊ ကျွန်တော်မြတ်နိုးတာ ကမ္ဘာပေါ်မှာ တစ်ယောက်တည်း ပဲ ရှိတယ် ။ သူက မမ ပဲ ”
နှင်းဆီနီများအား ဝရန်တာရှိ ခုံတန်းလေးပေါ် ပစ်တင်ခဲ့ပြီးနောက် ကျွန်တော် တစ်ဟုန်ထိုး ပြေးထွက်ခဲ့ပြီ ။ မျက်ရည်တွေ စို့နေသော ကျွန်တော့် နှလုံးအိမ် အား မမ မြင်နိုင်ပါ့မလား ။ ထိုနေ့မှ စ၍ ယောက်ျား တစ်ယောက်၏ မာနဖြင့် ကျွန်တော် မမအား မဆက် သွယ်ဖြစ်ပါ ။ မမ ကျန်းမာရေး အခြေအနေ ချို့တဲ့နေကြောင်းက လွဲလျှင် မမအား ကျန်သည့်အပိုင်း၌ စိတ်ဝင်စားမှု မရှိအောင် ချုပ်တည်းလျက်က ကျွန်တော့် နှလုံးသား အား တိတ်တဆိတ် ချောင်ထိုးမိခဲ့သည် ။
နှစ်တွေ ကြာသွားခဲ့ပြီ ။ ကျွန်တော် အမ်အက် ( စ် ) စီ တက်နေဆဲ တတိယနှစ် ကာလမှာပင် မမ သတင်းကြားရသည် ။ သတင်း သယ်ဆောင်လာသူ နှင်းစက် ပင် မျက်ရည်များ ရွှဲနေခဲ့သည် ။
“ ဖလမ်း ပြောင်းရမယ်တဲ့ ၊ ပေးရှင်းရဲ့ အမျိုးတွေ ဘက်က တိုင်ချက် ဖွင့်တာဟ ၊ နင် ဒါတွေ မကြားခဲ့ဘူးလား သူရိန် ”
အမ်အက် ( စ် ) စီ စာမေးပွဲနှင့် ပတ်သက်ပြီး အမှန်တကယ် လုံးပန်း နေရသောကြောင့်ရော ၊ မမအား တမင်သက်သက် မေ့ဖျောက်ထားရောကြောင့်ပါ ။ ကျွန်တော် မမ သတင်းများနှင့် အလှမ်းဝေးလွန်းခဲ့ပြီ ။ ကြားမည့် ကြားတော့လည်း မမ သတင်းက ကျွန်တော့် ရင်ဝကို လှမ်းရှို သည့်မီးလို ပူလောင်စေပါသည် ။
“ နင့်ဟာ သေချာလို့လားဟာ ”
နှင်းစက်၏ မျက်ရည်များက ကျွန်တော့် မေးခွန်းများအား ပြန်ဖြေစရာ မလိုလောက်အောင်ပင် ခိုင်မာစွာ ထွက်ဆိုနေခဲ့သည် ။
“ တောက် …. ငါ မမရဲ့လက်ကို ယုံတယ် နှင်းစက် ၊ မမ အရမ်းတော်တာ ၊ နောက်ပြီး ... ”
ဆိုနင့်စွာ မြည်တမ်း လိုက်သော ကျွန်တော့် မျက်ရည်များအား တယုတယ သုတ်ပေးခဲ့သော နှင်းစက် လက်ဖျားလေးတွေ အေးစက်ကာ တုန်ယင်နေ လေသည် ။
( ၉ )
“ ကျီးကန်းဆိုတာ အမှန်က လည်ကြတယ် ၊ ဘယ် ကျီးကန်းမှ မအကြဘူးကွ ၊ အချင်ယောင် ဆောင်ကြတာပဲရှိတာ ။ ဒီကေ့ ( စ် ) ကြီး ခွဲလိုက်ရင် ဘယ်လောက် အန္တရာယ်များမလဲ ငါ မသိခဲ့ဘူး ထင်သလား ။ ခွဲစိတ် လိုက်ရင် ကောင်းသွားမှာ သေချာတဲ့ အခြေအနေ ၊ တစ်ဖက်မှာလည်း ဆရာဝန်ကို ခြောက်လှန့်နေတဲ့ ပေးရှင်းရဲ့ ရောဂါ နောက်တစ်ခု ၊ အဲဒီကြားမှာ မှန်ထဲ ကြည့်ပြီး အတော်ကြာ ငါ့ကိုယ်ငါ လွန်ဆွဲခဲ့ဖူးတယ် သူရှိန် ”
မမ၏ အသံက တည်ငြိမ်ပြတ်သားလွန်းခဲ့သည် ။ ယထာဘူတ ကျကျ တွေးမြင်တတ်သော ၊ ဆရာဝန်စိတ် ပြင်းထန်သော မမ၏ စူးရှရှ မျက်ဝန်းများထဲမှ အားအင် အား ကျွန်တော် လှမ်းမြင်နေရသည် ။
“ အဲဒီမှာ ကောင်းအောင် လုပ်ပေးချင်တဲ့ ဆရာဝန် တစ်ယောက်ရဲ့ ဆန္ဒရယ် ၊ တစ်ဖက်က ပေးရှင်းရဲ့ ကွန်ဒစ်ရှင်ရယ် လွန်ဆွဲတာ ၊ နောက်ဆုံး ဆရာဝန်စိတ်က အနိုင်ယူ သွားတယ် ။ ငါ့ကိုယ်ငါ အံ့သြလို့ မဆုံးဘူး ။ ငါ အဲဒီ ခွဲစိတ်မှုကို စတင်ခဲ့တယ် ။ ခုထိ နောင်တ မရဘူး ”
“ ဖလမ်းက ပြန်လာရင် မင်းကို အိုဂျီဘဝနဲ့ မြင်ခွင့်ရချင်ပြီ သူရိန် ”
လှမ်းပြလိုက်သော မမ၏ လက်တွေ သိသာစွာ တုန်ယင်နေကြောင်း ကျွန်တော် ကောင်းစွာ သိပါသည် ။
( ၁၀ )
“ အဲဒီတုန်းက မမ ၊ ကျွန်တော့်ကိုတောင် စလိုက်သေး ၊ ဖလမ်းက ပြန်လာရင် ကျွန်တော့်ကို အိုဂျီဘဝနဲ့ မြင်ချင်တယ်လို့လေ ။ ခုတော့ မမအတွက် ဖလမ်းက ပါလာတဲ့ လက်ဆောင်က သားဥအိမ်ကင်ဆာ ဖြစ်နေခဲ့တယ် ။ ကျွန်တော် ဘယ်လို ဟန်ဆောင်ပြီး ပြုံးနိုင်မလဲ မမစော ”
မမစောက ဝမ်းခေါင်းအား စစ်ဆေးလျက်က ကျွန်တော့်စကား အတွက် ရယ်လေသည် ။
“ ခွဲစိတ်မှုကြီး အောင်မြင်ပြီလေ ဆရာရဲ့ ”
“ အင်းပါ မမရဲ့ ၊ ဒါပေမဲ့ စိတ်ချရအောင်လို့ ”
“ အမယ်လေး ချိုဇင်ရေ ၊ ငါ့မှာ ခွဲစိတ်ရတဲ့ ခြောက်နာရီပတ်လုံး နားကို ညည်းရော ၊ မြန်မြန် နိုးတော့ ချိုရေ ”
ကျွန်တော် ခုမှ သက်ပြင်းချရင်း ရယ်မောမိသည် ။ သွေးထွက်များသည့် အတွက်တော့ မမအား အထူး ကြပ်မက် ကုသဆောင်၌ စောင့်ကြပ် ကြည့်ရှုရဦးမည် ဖြစ်သည် ။ ခွဲခန်းမှအထွက် ခပ်ဝေးဝေးမှ အလွတ်ရဖူး သော ပုံရိပ်တစ်ခု ။
“ နှင်းစက် ၊ ခုတင်ခွဲပြီးပြီ ”
“ ကေလား ”
“ ကေတာပေါ့ ၊ ဘယ်သူ အကူဝင်တာမို့လဲ ”
နှင်းစက်၏ သက်ပြင်းက ကျွန်တော့်အား တုန်ခါစေခဲ့သည် ။ နှင်းစက် ပင် ရောဂါဗေဒဆရာဝန် ပေါက်စလေး ဖြစ်လို့နေချေပြီ ။
“ မမ နိုးလာရင် နင့်ကို ရှာနေမှာ အမှန်ပဲ သူရိန် ”
“ ဘယ်လို ”
“ နင် မသိဘူးလား ။ မမက ဘဝ တစ်လျှောက်လုံး လူတစ်ယောက်တည်းကိုပဲ နှစ်နှစ်ကာကာ ချစ်ဖူးတာ ။ အဲဒီနေ့က မမက နင်ထားသွားတဲ့ အနီရောင် နှင်းဆီ တွေကို ခြောက်သွားတဲ့အထိ သိမ်းခဲ့ဖူးတာ ၊ ငါ့ကို မမ ပြောပြတာ မဟုတ်ပါဘူး ။ ငါ တစ်နေ့ မမ ဖလမ်းက ပြန်ရောက်မှ မိန်းမချင်း နားလည်မှုနဲ့ သိခဲ့တာ ”
ကျွန်တော့် ရင်ခုန်သံတွေ မောပန်းနေသည့် ကြားက စည်းချက် မညီစွာ ခါယမ်း သွားသည် ။
“ နင် တကယ် ပြောတာလား နှင်းစက် ”
“ တကယ်ပေါ့ဟ ၊ ခု မမ နိုးရင် နင်လုပ်ရမယ့် အရာက နင့်ရဲ့ Second proposal ပဲနော် သူရိန် ”
ဘုရားရေ .... ကျွန်တော် သတိလက်လွတ်ပင် နှင်းစက်အား ငေးကြည့်မိသွားသည် ။ သူမ နှုတ်ခမ်းများ အနည်းငယ် တုန်ယင် နေသည် ။ နီကြင်နေသော မျက်ဝန်းများ၏ တစ်ဖက်မှာ အားတင်းနေဟန် ရှိသည် ။
“ နင် ငါ့ကို တစ်ခုခု ပြောဦးလေ နှင်းစက် ”
“ ဘာပြောရမှာလဲ ၊ ငါ ပြောပြီးပြီပဲ ။ မမ နိုးပြီ ထင်တယ် သူရိန် ၊ သွားတော့ ”
“ မဟုတ်သေးဘူး နှင်း ၊ ခဏလေး ၊ ငါ တစ်ခု မေးချင်လို့ပါဟာ ၊ ငါတို့ဘဝနဲ့ ဆိုင်လို့ပါ ”
“ ငါတို့ ” ဟု နှင်းစက်က တုန်ယင်စွာ သံယောင် လိုက် ရေရွတ် ကြည့်နေသည် ။ ကျွန်တော် နှင်းစက် အတွက် နာကျင်သွားပါသည် ။
“ မမ ပြောခဲ့ဖူးတယ် သူရိန် ၊ ဆရာဝန် ဆိုတာ ကျီးကန်းတွေပဲတဲ့ ၊ ရောဂါကုဖို့ ကျီးကန်းတောင်းမှောက် ကြည့်ရတယ် ။ ကျင့်ဝတ်အရ အချင်းချင်း ကာကွယ်လိုစိတ် ကြီးမားကြရတယ် ။ ကျီးကန်းတွေ အရုပ်ဆိုး ကြသလို ငါတို့ ဆရာဝန်တွေ ပင်ပန်းဆင်းရဲကြီးကြရတယ် ။ ကြွေလုလု ထန်းသီးတွေ ပေါ်လည်း တမင် တကာ နင်းမိကောင်း နင်းပစ်ကြရပြန်တယ် ”
“ အင်း ”
“ ကင်ဆာ ဆိုတာ ဆရာဝန်မှာမှ ရွေးဖြစ်တာတော့ နာကျင်ဖို့ ကောင်းတယ်နော် သူရိန် ”
“ အင်း ”
“ နောက်ပြီး တချို့ ကျဘော့လည်း အ ချင်ယောင် ဆောင်ရတာ ကြိမ်ဖန်များလာလို့လား မသိဘူး ။ နှလုံးသားနဲ့ ရင်းလိုက်ရတယ် ”
သူမ ပခုံးသားများ နာကျင်အောင်ထိ လှုပ်ခါ ယမ်း၍ မေးမြန်းလိုက်ချင်ပါသည် ။ မမ အပေါ် ကျွန်တော် ချစ်နေဆဲ ဖြစ်သည် ဆိုသည်မှာ နှင်းစက် အတွက် မည်မျှ မတရားရာ ရောက်လိုက်လေမည်နည်း ။ ကျွန်တော့်နား တစ်ချိန်လုံး ဂရုတစိုက် ဖြည့်ဆည်းပေးခဲ့သူလေး ။ ဒွိဟများဖြင့် လွန်ဆွဲ နေဆဲမှာပင် နှင်းစက်၏ အပြုံးတစ်ပွင့်က ကျွန်တော့်အား တစ်သက်စာ အနိုင် ယူသွားပြန်ပါသည် ။
နှင်းစက်၏ နောက်ကျောဆီ ဝမ်းနည်းခြင်းများ စိမ့်ဝင်နေသော မျက်ဝန်းများဖြင့် အတန်ကြာ ငေးကြည့်နေမိသည် ။
“ ကျေးဇူးပါ ကျီးအမလေးရယ် ”
နှင်းစက် ကြားနိုင်လိမ့်မည် မဟုတ်ပါချေ ။
⎕ လင်းစက်နွယ်
📖ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်း
၂၀၁၂ ၊ ဇန်နဝါရီလ

No comments:
Post a Comment