Wednesday, September 10, 2025

မတွက်တတ်သော ပုစ္ဆာ


 

❝ မတွက်တတ်သော ပုစ္ဆာ ❞ 
     ( နော် - ကျောက်တိုင် )

“ ဆရာ ၊ ကျွန်တော့်မုန့်ထုပ် ပျောက်ပါတယ် ”

ပထမတန်းမှာ စာသင်နေတုန်း ဒုတိယတန်းက ကလေးလေး လာတိုင်တယ် ။ စိတ်က တွန့်ခနဲ ဖြစ်ပြန်ရော ။ ဆရာမ ရွာပြန်သွားလို့ တစ်ယောက်တည်း လုံး သင်နေရချိန် ဒါမျိုးဖြစ်ရင် သိပ်စိတ်ပျက်တယ် ။ ကျောင်းသား ၂ဝ သာ ရှိတဲ့ အ.မ.က ( ခွဲ ) ကျောင်းလေး ဆိုပေမဲ့ အတန်းစုံတစ်ယောက်တည်းသင်ပေးရတဲ့အခါ ပိတယ် ။ တော်ရုံတန်ရုံ စိတ်မရှည်ချင်ဘူး ။ ဒီကြားထဲ အခုလို မုန့်ပျောက်တာ ၊ ပေတံပျောက်တာ ၊ ခဲတံ ၊ ခဲဖျက် ပျောက်တာမျိုးဆို ပိုဆိုးရော ။ ဒီကျောင်းလေးမှာ ကျွန်တော် ရောက်ပြီးကတည်းက ဒါမျိုး မဖြစ်တာကြာပြီ ။ ရောက်စ တစ်ခါ ၊ နှစ်ခါ ဖြစ်သေးတယ် ။ လွယ်အိတ်တွေ အနှံ့ရှာပြီး တွေ့လို့ ခြောက်ထားကတည်းက အပျောက်အရှ မရှိခဲ့ဘူး ။ အရင်က ခဲတံ ၊ ခဲဖျက် ခဏခဏ ပျောက်ကြတယ်တဲ့ ။ တချို့ကလေးမိဘတွေ ပြန်ပြောပြလို့ သိရတယ် ။ ပြောင်းသွားတဲ့ ဆရာက တစ်ခါမှ စစ်တာမေးတာ မရှိဘူးတဲ့ ။ ကျွန်တော့်ကိုလည်း အဲဒီလို ထင်ပြီး လုပ်နေကျ လုပ်တာ ရှိမှာပေါ့ ။ အားလုံးကို တန်းစီပြီး တစ်ယောက်ချင်း လွယ်အိတ်တွေ လိုက်စစ်တယ် ။ တွေ့တယ်ပေါ့ ။ ခဲတံခဲဖျက်တွေက တန်ဖိုးမရှိပေမဲ့ ၊ မုန့်ချပ်တွေက မပြောပလောက် ပေမဲ့ သူတစ်ပါးပစ္စည်းကို အလွယ်တကူ နှိုက်ယူတတ်တဲ့ အကျင့်က ကလေးတစ်ယောက် အတွက် သိပ်အရေးကြီးတယ် ။ ဒါကြောင့် ဘာလေးပဲ ပျောက်ပျောက် ကျွန်တော် စစ်တယ် ။ ( ပျောက်ရင် နောက်တစ်ခု ထပ်ဝယ်ဆိုပြီး ဘာသာ နေတတ်တဲ့ ဆရာတွေကိုလည်း တွေ့ဖူးတယ် ၊ မဖြစ်သင့်ဘူးပေါ့ )

တစ်ခါတစ်ခါတော့လည်း တွေးမိတယ် ။ ကိုယ့်မှာ မရှိတဲ့ ခဲတံ ၊ ခဲဖျက် ၊ ပေတံလေးတွေကို ကလေးသဘာဝ နှိုက်ယူချင်စိတ် ရှိချင် ရှိမယ်ပေါ့လို့ ။ ဘာကြောင့်ဆို ဒီအရပ် ဒီဒေသ ဆိုတာက ခဲတံတစ်ချောင်း ၊ ခဲဖျက်တစ်ခု ၊ စာအုပ်တစ်အုပ် ရဖို့ မလွယ်တဲ့အရပ်လေ ။ ဝေးလံခေါင် ဖျားတဲ့ တောင်နှစ်လုံးကြားက ရွာလေးမှာ ဝယ်စရာဆိုင် မရှိဘူး ။ ဆား ၊ ငါးပိကအစ လူသုံးကုန်မှန်သမျှ ငါးမိုင် လောက် ဝေးတဲ့ ရွာကြီးကို သွားဝယ်ကြရတယ် ။ အဲဒီ ငါးမိုင်ခရီး ဆိုတာကလည်း လမ်းချော မဟုတ်ဘူး ။ တောအထပ်ထပ် ၊ တောင်အသွယ်သွယ် ၊ လျှိုအဆင့်ဆင့်ကို ဖြတ်ကျော်ပြီးမှ ရောက်ရတဲ့ခရီး ။ ဒါကြောင့် အရာတိုင်းက ဒီမှာရှားတယ် ။ ပေါတာဆိုလို့ ကလေးရယ် ၊ ခွေးရယ် ၊ ချောင်းကျောက်တွေရယ်ပဲ ရှိတယ် ။

ကျွန်တော်ရောက်စ ဒီရွာ ၊ ဒီကျောင်း ၊ ဒီအထာ မသိခင် အတော်စိတ်ညစ်ခဲ့ရတယ် ။ ကသီခဲ့တယ် ။

ကလေးတွေကို အားကြိုးမာန်တက် စိတ်ပါလက် ပါ ရှင်းလင်းသင်ကြားပြီး “ ကဲ ... ရေး ” ဆိုတော့ “ ခဲတံ မရှိပါဘူး ” တဲ့ ။ “ စာအုပ်မရှိပါဘူး ”တဲ့ ။ မရှိခြင်းတွေ စုံနေတယ် ။ ကြိုးစားပြီး သင်ထားရတဲ့စိတ်က တော်တော် တိုသွားတယ် ။ ဒါကြောင့် မျက်လုံးဝိုင်းဝိုင်းလေးတွေကို ဒေါသနဲ့ကြည့်ပြီး “ ခဲတံ မရှိရင် မင်းတို့အမေကို ပြောလေကွာ ။ စာအုပ် မရှိရင် မင်းတို့မိဘကို ဝယ်ခိုင်းပေါ့ ” လို့ ပြောမိတယ် ။ ဒီတော့ “ ပြောပါတယ် ” တဲ့ ။ ဘာပြောလဲ ထပ်မေးတော့ “ မရှိရင် မရေးနဲ့လို့ ပြောပါတယ် ” တဲ့ ။ ကျွန်တော် ထပ်မပြောတတ်တော့ဘူး ။

နေထွက်က နေဝင် တောင်ပေါ်တက် ၊ စူးထိုး ၊ ကိုင်းထောက်နေကြရတဲ့ သူတို့ ဘဝတွေမှာ သားသမီးရဲ့ ပညာရေးကို အာရုံစိုက်ဖို့ အချိန်မရှိဘူး ။ ခဲတံလေးတစ်ချောင်း ၊ စာအုပ်လေးတစ်အုပ်အတွက် သွားဝယ်ပေးတဲ့ မိဘ ဆိုတာ ရွာလေးမှာ လက်ချိုးရေလို့ရတယ် ။ အများစုက မရှိရင် မရေးနဲ့ပဲ ။ ကြုံမှ ဝယ်ပေးမယ်လို့ တွေးကြတယ် ။ အဲဒီအတွေးက ကျွန်တော့်ကိုလောင်တယ်ပေါ့ ။ အလုပ် မှာ ခက်ရော ။

ကလေးလေးတွေက မျက်ရည်ကြည်လေးတွေ တလက်လက် ။ ရိုက်ရင် နာရုံ ၊ သ,တ်ရင် သေရုံရှိမယ့် ဘဝမျိုး ။

နောက်တော့ ကျွန်တော်ကိုယ်တိုင် သဘောပေါက်ပြီး ခဲတံ ၊ ပေတံ ၊ ခဲဖျက် ၊ စာအုပ် အားလုံး အဆင်သင့် ဝယ်ပြီး ထားရတယ် ။ ဒီနှစ်က နိုင်ငံတော်ပံ့ပိုးတဲ့ စာအုပ် တစ်ဒါဇင်နဲ့ ဆိုတော့ ပိုအဆင်ပြေတယ် ။ ကျောင်း ထောက်ပံ့ကြေးကိုလည်း ခဲတံ ၊ ခဲဖျက် ၊ ပေတံ ၊ စာအုပ် ဝယ်လို့ရတဲ့ ခေါင်းစဉ်အောက်မှာ များများ သုံးရတယ် ။ ပြီးတော့ ကျွန်တော့်မိတ်ဆွေတွေ ၊ ပရဟိတအသင်းတွေ ၊ အလှူရှင်တွေ ရှာပြီး ကလေးလေးတွေ အတွက် ကျောင်းသုံးပစ္စည်းလေးတွေ အပြည့်အစုံ ထားပေးရတယ် ။ “ ခဲတံ ၊ ခဲဖျက် ၊ စာအုပ် ကုန်တဲ့အချိန် ပြော ၊ ပေးမယ် ။ သူများပစ္စည်းတော့ မနှိုက်နဲ့ ၊ ဆရာမကြိုက်ဘူး ” ဆိုပြီး တင်းတင်းကျပ်ကျပ် ပြောထားခဲ့တယ် ။

ဒါကြောင့် ဒီကျောင်းလေးမှာ ပစ္စည်း အပျောက်မတိုင်တာ ကြာပြီ ။ အခုမှ မုန့်ပျောက်တယ်တဲ့ ။

“ ဖျန်း ၊ ဖျန်း ”

စားပွဲကို နှစ်ချက် ဆင့်ရိုက်လိုက်တော့ ဆူနေတဲ့ အသံတွေ တိတ်ခနဲ ဖြစ်သွားတယ် ။

“ ဒီမှာ ၊ မောင်ကျော်ကြားရဲ့ မုန့် ပျောက်လို့တဲ့ ။ အဲဒါ တွေ့မိတဲ့သူ ပြန်ပေးလိုက်ပါ ”

“ မတွေ့ပါဘူး .. ”

“ မတွေ့ ပါဘူး .... ”

“ ဖျန်းဖျန်း .... ”

ဝါးတော မီးဝင်တဲ့ အသံတွေ ငြိမ်ကျသွားတယ် ။

“ အေး .. ဆရာက လိမ်တာ မကြိုက်ဘူး ။ နှိုက်ယူတာ မဟုတ်ပေမဲ့ ကောက်တွေ့တယ်ဆို အခုပြန်ပေးလိုက် ။ စစ်ကြည့်မှာနော် ၊ စစ်လို့ တွေ့ ရင်တော့ မလွယ်ဘူးမှတ် ”

“ မတွေ့ပါဘူး ... ”

“ မတွေ့ပါဘူး .. ”

တစ်ယောက်တစ်ပေါက် ဝုန်းဒိုင်းကြဲသွားတယ် ။

“ ဖျန်းဖျန်း ”

“ မောင်ကျော်ကြား ၊ လာဦး ”

လက်ကလေးပိုက်လို့ ထွက်လာတယ် ။

“ မင်း မုန့်ပါတာ သေချာတယ်နော် ”

“ ဟုတ်ကဲ့ ”

“ ဘယ်သူမြင်လဲ ”

“ မောင်ကို မြင်ပါတယ် ”

“ ဟုတ်ပါတယ် ဆရာကြီး ၊ သူ့လွယ်အိတ်ထဲ ထားတာ ကျွန်တော် မြင်ပါတယ် ”

တကယ့်ကို ခိုင်ခိုင်မာမာ တရားခံကို ဖော်ထုတ်နိုင်ဖို့ တက်တက်ကြွကြွ ယုံယုံကြည်ကြည်နဲ့ သက်သေခံပေးတယ် ။

“ ကဲ ဒါဖြင့် အားလုံး တန်းစီ ”

မျက်လုံး ကြည်ကြည်ဝိုင်းဝိုင်းလေးတွေက လက်လို့ ၊ တောက်လို့ ။

ကလေးတစ်ယောက်မှာ ချစ်စရာအကောင်းဆုံးက မျက်လုံးလို့ ထင်တယ် ။ မျက်ဝန်းလေးတွေမှာ ရိုးသားမှုတွေ ရှိတယ် ၊ လန်းဆန်းမှုတွေ ရှိတယ် ၊ ဖျတ်လတ်မှုတွေ ရှိတယ် ၊ တက်ကြွမှုတွေ ရှိတယ် ၊ ဖြူစင်ခြင်းတွေ ရှိတယ် ၊ အဲဒီ မျက်ဝန်းလေးတွေကို ကျွန်တော် တစ်ယောက်ချင်း လိုက်ဖတ်တယ် ။

တစ်နေရာရောက်တော့ စိုးရွံ့နေတဲ့ အရောင်မဲ့ မျက်ဝန်းတစ်စုံကိုတွေ့ တယ် ။

“ မောင်ညှက် ၊ မင်းယူသလား ”

“ ကျွန်တော် မစားပါဘူး ”

ဟိန်းထွက်သွားတဲ့ ကျွန်တော့်အသံမှာ သူ့အသံ တုန်တုန်လေးက ကပ်ပါတယ် ။

ဘာကြောင့် ညာချင်ရတာလဲ ကလေးရယ် ။

သူ ဝန်မခံတော့ တစ်ယောက်ချင်းရဲ့ လွယ်အိတ်တွေ ယူစစ်လိုက်တယ် ။ တာဝန်အရ အားလုံးကို စစ်ရပေမဲ့ တရားခံ မိထားသူအတွက် အေးဆေးပေါ့ ။ သူ့လွယ်အိတ်လေးထဲ မုန့်ထုပ်ရှိမှာ သေချာတယ်လေ ။

“ မောင်ညှက် ”

ကျွန်တော် ခေါ်တော့ လွယ်အိတ်စုတ်လေး ယူပြီး စားပွဲပေါ် လာတင်တယ် ။ စမ်းကြည့်တော့ မတွေ့ဘူး ။ တစ်အုပ်ချင်း ထုတ်ရှာတယ် ၊ မရှိ ။ ဘယ်လိုပါလိမ့် ။

“ မောင်ညှက် ၊ မောင်ကျော်ကြားရဲ့မုန့် မင်းနှိုက်ယူတယ် မဟုတ်လား ”

လေသံကိုနှိမ့်ရင်း ကျွန်တော် အေးဆေးပဲ မေးလိုက်တယ် ။

“ မယူပါဘူး ”

မျက်ဝန်းဝိုင်းလေးမှာ မျက်ရည်ကြည်တွေ လဲ့လာတယ် ။

“ မဟုတ်ဘူး ၊ မင်း အမှန်အတိုင်းပြော ၊ ဆရာ မင်း ကို ဘာမှမလုပ်ဘူး ။ မောင်ကျော်ကြား ရဲ့မုန့်ကို မင်း နှိုက်ယူပြီး စားလိုက်တယ်မဟုတ်လား ”

ချော့ပြီး မေးလိုက်တယ် ။

“ မဟုတ်ပါဘူး ”

ခေါင်းငုံ့ရင်း တိုးတိုးလေး သူဖြေတယ် ။

“ မင်း အမှန်အတိုင်းပြော ”

“ ဖျန်း ဖျန်း ”

စားပွဲပေါ် ရိုက်လိုက်တဲ့ တုတ်အဖျား ကျိုးသွားတယ် ။ မျက်ရည်သွယ်သွယ် စီးပြီး ကလေးငိုတယ် ။ ကျွန်တော် က ဆို့ဆို့နင့်နင့် ။

ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံအရ ကျွန်တော် ထင်တာ မလွဲဘူး ။ ဒါပေမဲ့ လက်ဆုပ်လက်ကိုင် မပြနိုင်တာမို့ “ ငါထင်လို့လား ” ဆိုတဲ့အတွေး ဝင်မိတယ် ။ တစ်ဆက်တည်း သူတကယ်မဟုတ်ရင် ဆိုတဲ့ အသိဝင်တော့ အနိုင်ကျင့်သလို ဖြစ်မှာ စိုးသွားတယ် ။ ဒါကြောင့် “ အေး အေး ၊ မင်း မယူဘူးဆိုရင်လည်း ပြီးတာပဲကွာ ၊ မငိုနဲ့ တိတ် တိတ် ”

ပြောပြီး နေရာ ပြန်လွှတ်လိုက်တယ် ။

ဒီနေ့အဖို့ သွားပြီ ။

သူတကာတွေ အတွက် ဒီကိစ္စမျိုးက မပြောပလောက်ပေမဲ့ အရာရာကို လေးလေးနက်နက် တွေးတတ်တဲ့ ကျွန်တော့် အတွက် အရေးကြီးကိစ္စ တစ်ခု ဖြစ်နေတယ် ။ ပြဿနာရဲ့ အဖြေကို မဖော်ထုတ်နိုင်လို့လည်း ခံစားရတယ် ။

စားပွဲမှာ ကျွန်တော် ငုတ်တုတ် ။ ကလေးလေးတွေ က ကျောင်းလေးပေါ်မှာ ပြေးရင်းလွှားရင်း ကစားရင်း ဆူညံ ။ မောင်ကျော်ကြား လည်း ဆော့တယ် ။ ဖိုးညှက် လည်း ဆော့တယ် ။ စဉ်းစားရင်း ခေါင်းထဲမှာ အတွေးတစ်ခု ရောက်လာတယ် ။ ဒါကြောင့် ဆူညံနေတဲ့ ကလေးလေးတွေကို ထားခဲ့ပြီး အိမ်ကလေးဆီ ခဏ ဆင်းလာခဲ့တယ် ။ ကျောင်းဝင်း အတွင်းဆိုတော့ နီးနီးလေးပါပဲ ။

အိမ်ပေါ် ရောက်ပြီး ကျောင်းဘက် ထရံ ကနေ အားလုံးကို စိုက်ကြည့်နေဖြစ်တယ် ။ ကလေးလေးတွေက ကျွန်တော် မရှိမှန်းသိတော့ ဝုန်းဒိုင်းကြဲသွားတယ် ။ အဲဒီလို ဆူညံနေတုန်းမှာပဲ ဖိုးညှက်တို့ မောင်နှမ ရှေ့ထွက် လာတာ မြင်တယ် ။ ရင်က လှိုက်ခနဲ ။

ကျွန်တော့်အိမ်ဘက် လှမ်းကြည့်ပြီး ကျောင်းအနောက်ဘက် မန်ကျည်းပင်ကြီးဆီ သူတို့သွားကြတယ် ။ ကျွန်တော်လည်း ချက်ချင်း အိမ်ပေါ်က ဆင်းလိုက်တယ် ။ ကျောင်းကို ကွေ့တယ် ။ မန်ကျည်းပင်ခြေရင်းနား အသာ တိုးကပ်လိုက်ပြီး ငဲ့ကြည့်လိုက်တယ် ။ မြင်ကွင်းက နင့်ခနဲ ။ မန်ကျည်းပင်ကြီး အခေါင်းထဲ ဝှက်ထားတဲ့ မုန့်ကို ဖိုးညှက် ထုတ်တယ် ။ ပြီးတော့ နှမလေးကို စားခိုင်းတယ် ။ ပြီးမှ သူစားတယ် ။

ကျွန်တော် ထွက်လိုက်ရမလား ၊ မဟုတ်သေးပါဘူးလေ ။ စားလက်စနဲ့ ကုန်တဲ့အထိ စားကြပါစေ ။

ကျွန်တော် စောင့်နေလိုက်တယ် ။ မုန့်ကုန်သွားတော့မှ ...

“ မောင်ဖိုးညှက် ”

ကလေးလေးတွေရဲ့ ကြောက်လန့်မှုကို ဖော်ပြဖို့ စကားလုံးတွေ မပြည့်စုံနိုင်ဘူး ။ နှမလေးက သူ့နောက်မှာ ကွယ်လို့ ။

“ မင်း ဘာကြောင့် ဒီလို လုပ်ရတာလဲ ”

အနူးညံ့ဆုံး လေသံနဲ့ မေးဖြစ်လိုက်တယ် ။

ကလေးလေးတွေ မဖြေဘူး ။ ရှိုက်ရှိုက်ပြီး ငိုနေကြတယ် ။

အမိုး မရှိတဲ့ ကောင်းကင်မှာ ခေါင်ပါ မဲ့နေတော့ ဒုက္ခ မိုးတွေ စိုပြီပေါ့ ။

မုဆိုးမလက်မှတ်နဲ့ အရက်သောက်များနေတဲ့ သူတို့ အမေကို ကျွန်တော်ရွံတယ် ။ ထမင်းစားခြင်းတစ်ခုသာ လူနဲ့ တူပြီး အားလုံးက တိရစ္ဆာန်ထက် ဆိုးသူ ဆိုတော့ ကလေးလေးတွေနဲ့ ပတ်သက်ပြီး တစ်ခါတစ်ရံ ဆက်ဆံရတာတောင် မစင်တွင်းနှိုက်သလို ခံစားရတယ် ။

လိင်စိတ်တစ်ခုနဲ့ မျိုးကျခဲ့တဲ့ သားသမီးတွေ အပေါ် ငှက်မတစ်ကောင်ရဲ့ စောင့်ရှောက်မှုလောက် ရှိရင်တောင် ကျွန်တော် ကျေးဇူးတင်ချင်တယ် ။ အခုတော့ မိုးလင်းက မိုးချုပ် သူသောက်ရဖို့ အရေးပဲ တွေးနေတယ် ။

“ မင်း ဘာကြောင့် ဒီလို လုပ်ရတာလဲ ”

“ ဗိုက် ... ဗိုက်ဆာလို့ပါဆရာ ”

“ မင်းအမေ ထမင်းမချက်ပြန်ဘူးလား ၊ ဆန် မရှိလို့လား ။ ရှိလျက်နဲ့ အရက်သောက် အိပ်နေတာလား ”

မေးခွန်းတွေ ဆက်တိုက် မေးပစ်လိုက်တယ် ။ ကလေးတွေရဲ့ ရှိုက်သံက ပိုကျယ်လာတယ် ။ အချိန် ကြာကြာ ရှိုက်ပြီးမှ ...

“ မဟုတ်ပါဘူးဆရာကြီး ၊ အမေ ထွက်သွားလို့ပါ ”

“ ဟေ ၊ ဘယ်ကို ထွက်သွားတာလဲ ”

“ စိန်ဒူးကိုပါ ”

“ ဘာကြောင့်လဲကွ ”

“ ကျွန်တော်တို့ မောင်နှမသုံးယောက်ကို မကျွေးနိုင်လို့ပါ ။ နင်တို့လည်း နေချင်သလို နေ ၊ ငါလည်း ရှာမကျွေးနိုင်တော့ဘူး ဆိုပြီး စိန်ဒူးကို ထွက်သွားပါတယ် ”

ကျွန်တော် ဘာပြောရမလဲ ။ ဘယ်လိုပြောရမလဲ ။

ကလေးလေးတွေ ထမင်းငတ်ပြီ ။ ဒါကြောင့် သူများ မုန့်အလစ်သုတ် ခိုးစားတယ် ။ ငတ်တိုင်းသာ သူများ ပစ္စည်း ခိုးစားနေရင် အခက် ။ ဒီလို မဖြစ်အောင် ကျွန်တော် ဘာလုပ်ရမလဲ ။ ဘာလုပ်ပေးနိုင်လဲ ။ ကိုယ်တိုင် ကျွေးမွေးထားရမလား ၊ စဉ်းစားမိတော့ မိသားစုနဲ့ ကျောင်းဆရာတစ်ယောက်ရဲ့ ဘဝကို သတိပြုမိသွားတယ် ။ ကျွန်တော့်မှာ ငေါင်စင်းစင်း ။ ကလေးနှစ်ယောက်ကတော့ မန်ကျည်းပင်ကြီး အောက်မှာ ရှိုက်၍ ရှိုက်၍ ငိုနေဆဲ ။

▢ နော် ( ကျောက်တိုင် )
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ဇွန် ၊ ၂၀၁၇ ။

No comments:

Post a Comment