Tuesday, September 30, 2025

စိန်ဗေဒါ လက်နာရခြင်းသည် လေတိုက်၍ မဟုတ်


 

❝ စိန်ဗေဒါ လက်နာရခြင်းသည် လေတိုက်၍ မဟုတ် ❞
         ( မိုးကျော်ဇင် )

( ၁ )

ညနေ ၅ နာရီ ထိုးပြီ ။ ဆိုင်နီးချင်းတွေလည်း အလျှိုလျှို တံခါးပိတ်သွားကြပြီ ။ မျက်စောင်းထိုးမှ သံဖြူဆိုင်သာ တတိန်တိန် ထုရိုက်ရင်း ကျွန်တော့်အဖော် အဖြစ် ကျန်ရစ်သည် ။ စာအုပ်အငှားစာရင်းကို ကြည့်ရင်း ကျွန်တော့်သက်ပြင်းက အလိုလို ရှိုက်မိသွားသည် ။ နံပါတ်စဉ် ၂၀ ပင် မပြည့်ချင် ။ ဆိုင်ခန်းငှားခနှင့် လစဉ် အရင်းအနှီး .... ။ မတတ်နိုင် ။ တစ်နိုင်ငံလုံး ချီ၍ ဖြစ်နေ သည့် ရောဂါ ။ ဆိုင်ပိတ်ရန် သစ်သားခေါက်တံခါးကို ဆွဲအဖြန့် ကျွန်တော့် လက်တွေ တန့်ရပ်သွားသည် ။ ဈေးဝန်းတံခါးပေါက်အတိုင်း ဖြောင့်ဖြောင့်ကြီး နင်းဝင်လာသည့် ဘားတန်းပါသော စက်ဘီးတစ်စီး ။ စစ်ရောင် စွပ်ကျယ်လက်ပြတ်နှင့် ဝက်ဝံတံဆိပ် ပုဆိုးအစိမ်းနှင့် ။

“ ဟ... ပိတ်တော့မလို့လား ၊ နေပါဦးကွ ”

စက်ဘီး နင်းနေရင်း လှမ်းအော်ပြောလာသည် ။

“ ရတယ် ဆရာကြီး ... လာ လာ ” ဟု ပြောရင်း ကျွန်တော်က ပိတ်လက်စခေါက်တံခါးကို ပြန်စေ့တွန်းဖယ်သည် ။ စားပွဲမှာ ပြန်ထိုင်၍ အငှားစာရင်းကို ပြန်လှန်သည် ။ ဆရာကြီးက ဆိုင်ထဲ ခြေလှမ်းကျဲကြီးဖြင့် ဝင်လာ၍ ပုဆိုးခါးကြားမှ မဂ္ဂဇင်းစာအုပ် ထုတ်ပေးရင်း “ လုပ်စမ်းပါဦးကွ ၊ ဝတ္ထုတိုစာအုပ်တွေ ၊ ဘာတွေ ” ဟု ပြော၏ ။ ပြီးတော့ ကျွန်တော့်မျက်နှာချင်းဆိုင်မှ တန်း လျားပေါ် အားရပါးရ ထိုင်ချပြီး နောက်မှီပေါ် လက်နှစ်ဖက်ကို ဆန့်ကား ပစ်တင်ထားလိုက်ရင်း “ ကျောင်းဆရာ လုပ်ရတာ မလွယ်ရတော့ဘူး ငါ့ကောင်ရေ ” ဟု ညည်းတွား ရေရွတ်၏ ။ မိနစ်အတန်ကြာအောင် ကျောက်ချမည်ဖြစ်ကြောင်း အချက်ပေးခြင်းလည်း ဖြစ်သည် ။

ကျွန်တော် ဆရာကြီးကို စေ့စေ့ကြည့်မိသည် ။

ပင်စင်နီးပြီ ဖြစ်သော်လည်း အရွယ်တင် နေသေးသည် ။ စစ်ရောင်စွပ်ကျယ် လက်ပြတ်က မဖုံးကွယ်နိုင်သည့် လက်မောင်းညိုညိုတွေမှာ အကြောချောင်းတွေ ခုံးထ၍ မာကျစ်နေဆဲ ။ မျက်နှာရှည်ရှည် ၊ နှာတံမြင့်မြင့်နှင့် အမြဲလိုလို ကျုံ့ထားသည့် မျက်မှောင်ကြောင့် အရေးစင်းနှစ်တန်း တွန့်နေသော နဖူးပြင် ၊ ကျွန်တော် ငယ်ငယ်က တွေ့မြင်ခဲ့ဖူးသည့်အတိုင်း အပြောင်းအလဲ သိပ်မများသလို ထင်ရသည် ။

ကျွန်တော် ဆရာကြီးကို စတွေ့ခဲ့ချိန်က ဆရာကြီး အဖြစ်နှင့် မဟုတ် ။ ဖေဖေ့ထံသို့ မကြာခဏအလည် ရောက်လာတတ်သည့် အပေါင်းအသင်းတွေထဲမှ တောကျောင်းဆရာ တစ်ယောက် အဖြစ်သာ ။ တစ်ခါတစ်ရံ ညဉ့်အိပ်ညဉ့်နေ အချိန်ဖြုန်း သွားတတ်သေးသည် ။ ကျွန်တော်က နာမည်ရှေ့မှာ ‘ ဘဘ ’ တပ်ပြီး ခေါ်သည် ။ ဖေဖေတို့ စကားပြောနေကြလျှင် ဘဘ ပေါင်ပေါ် တက်ထိုင်၍ လက်ချောင်းညိုညိုပေါ်က ငွေလက်စွပ်ကြီးကို ကိုင်ကြည့်နေတတ်ခဲ့သည် ။

အပြောင်းအလဲ တချို့ပြောင်း လဲ သွားပြီးနောက် ကျွန်တော်တို့ ထပ်မတွေ့ ဖြစ်တော့ ။

ကျွန်တော် ၆ တန်း ရောက်ခါစ ပထမဆုံး ရက်သတ္တပတ်တွင် အတန်းထဲ မျက်နှာထား တင်းတင်းနှင့် ဆရာကြီး တစ်ယောက် ဒေါင်းတည်မောင်းတည် ဝင်လာသည် ။ လက်ထဲ ကိုင်လာသော လျှာထိုးပျဉ်ချပ်က အဖျားတွင် ခပ်စွေစွေ ပဲ့နေ၏ ။ “ ငါ့နာမည် စိန်ဗေဒါ ကွ ” ဟု စတင် မိတ်ဆက်သည် ။ “ ဒီသစ်သားပြား ပဲ့သွားတာ လေတိုက်လို့ မဟုတ်ဘူးဆိုတာ မင်းတို့ မှတ်ထားကြ ” ဟု ထပ်မံဖြည့်စွက် ပြောသည် ။

နောက်နေ့တွေ ဆရာကြီး အတန်း ဝင်သည့်အခါ ထိုသစ်သားပြား အပဲ့ကြီး ပါမလာတော့ ။ ကျွန်တော်တို့လည်း အရိုက် မခံခဲ့ကြရ ။ အခုတော့ စိန်ဗေဒါကြီး ပင်စင် နီးချေပြီ ။

“ ငါကွာ ... ဒီနေ့ ... ”

ဆရာကြီးက စကားကို အစရှည်ရှည်လေး ဆွဲထုတ်လိုက်ပြီး ရပ်တန့်ကာ ဆိုင်အပြင်ဘက် ဟာလာဟင်းလင်း ရှင်းနေသည့်ဈေးဝန်းကို လှမ်းငေးနေသည် ။ ကျွန်တော်က “ ဟုတ်ကဲ့ ဆရာကြီး ” ဟု စကားထောက်ပေးပြီး မျက်စိရော နားပါ စွင့်ထားလိုက်သည် ။

“ ငါ့ကွာ .. ဒီနေ့ ... ကျောင်းမှာ ... ”

ဆရာကြီးက စကားကြိုးအစကို နည်းနည်း တိုးထုတ်လိုက်ရင်း ညာခြေကို တန်းလျားပေါ်တင်ကာ ဒူး ထောင်၍ ပုဆိုးစကို သိမ်းသည် ။ ဝေဒနာတစ်ခု၏ ဝင်ရောက်စီးနင်းခံထားရသည့် ရင်ဘတ်ကြီးသည် စစ်ရောင် စွပ်ကျယ်အောက် လှိုင်းထန် နေလေသည် ။

••••• ••••• ••••• 

( ၂ )

ဆရာကြီး အတန်းထဲ ဝင်လိုက်သည်နှင့် ဖရိုဖရဲ ဖြစ်နေသော ကျောင်းသားတွေ ကိုယ့်ခုံကိုယ် ပြန်ပြေးဝင် သွားကြသည် စာသင်ချိန် တစ်ချိန်နှင့် တစ်ချိန်ကြား ၊ ဆရာ တစ်ယောက်နှင့် တစ်ယောက် ကြား ဟသွားသော မိနစ် အနည်းငယ်ကို ကလေးတွေက အကျိုးရှိရှိ အသုံးချတတ်ကြမှန်း ဆရာကြီး နားလည်ပြီးသား ။ ဆရာကြီး အတန်းရှေ့ စားပွဲမှာ ထိုင်မိသည့် အခါမှာတော့ pause ခလုတ် ဖမ်းနှိပ်ထားသော ဗွီဒီယို ဖန်သားပြင်လို အတန်း ငြိမ်သက်နေပြီ ။

အတန်းကို တစ်ချက် ဝေ့ကြည့် ၊ ခုံလွတ်တွေ ရှိ ၊ မရှိ သတိထား ... ။ ချောင်းကို တစ်ချက် နှစ်ချက် ဟန့်လိုက်ရင်း မနေ့က သင်ခန်းစာကို ပြန်စဉ်းစားသည် ။

“ ကဲ .. မနေ့က ပေးလိုက်တဲ့ မီးနင်းတွေ ကျက်ခဲ့ကြရဲ့လား ”

“ ကျက်ခဲ့ပါတယ် ဆရာကြီး ” ဟု တစ်တန်းလုံး သံပြိုင် အော်လိုက်ကြသည် ။ စိတ်ထဲကျိတ်ပြုံးမိသည် ။ “ ကျက်ခဲ့ပါတယ် ” သံပြိုင် အဖြေထဲ ရောယောင် ဖြေလိုက်သံတွေ ပါဝင်နေမှန်း အတွေ့အကြုံက သိနေနှင့်ပြီးသား ။

“ အေး .. မရရင်တော့နော် သိတယ် မဟုတ်လား ၊ ငါ့နာမည် စိန်ဗေဒါ ဆိုတာ ”

အသံကို ခပ်မာမာတင်း အော်လိုက်ရင်း စားပွဲပေါ် ကြိမ်လုံးကိုလေးကို စားပွဲမျက်နှာပြင်ပေါ် တဖြန်းဖြန်း ရိုက်ပြလိုက်၏ ။

စာသင်ကျောင်းတွေမှာ ကလေးတွေကို ရိုက်နှက်ဆုံးမခြင်း မပြုဖို့ ဌာနဆိုင်ရာက တားမြစ်မှုတွေ ရှိသည် ။ သို့သော် ထို တားမြစ်မိန့်ထုတ်သူတွေကို အခြေခံကျောင်း တွေဆီ ဆင်း၍ အစမ်း သင်စေချင်သည် ။ တရားလွန် ဆုံးမရိုက်နှက်ခြင်းကို ကိုယ်တိုင်လည်း ကန့်ကွက်သည် ။ သို့သော် မိဘပေါင်းစုံ၏ ကလေးရောင်စုံတွေကို ထိန်းသိမ်းဖို့ အကြောက်တရား မဟုတ်သော ‘ အဟန့် ’ ကလေးတော့ လက်ကိုင် ထားရသေး၏ ။ ကလေးမိဘတွေနှင့်လည်း နားလည်မှု ယူထားကြရသည် ။ ဒီကြားထဲ စောဒကတက်သည့် မိဘနှင့် တွေ့လျှင် တချို့ဆရာ ၊ ဆရာမတွေ ဖြေရှင်း၍ မဆုံးတော့ ။

“ ကဲ ... လာ တစ်ယောက်ချင်းစီ ၊ ဟို ရှေ့တန်းက စမယ်”

လက်က ကြိမ်လုံးကို တဆဆကိုင်လျက် လုပ်ငန်း စတင်တော့သည် ။ “ ကျက်ခဲ့ပါတယ် ” ဟု သံပြိုင် အော်ခဲ့ ကြသူတွေမှာ တကယ်တမ်း ဆရာကြီးရှေ့ ရောက်တော့ အများစုက သူတို့ မဟုတ်သလို ။ ဆရာကြီးက မြန်မာလို ထောက်ပေးလိုက် ၊ အင်္ဂလိပ် စာလုံးပေါင်း ရှေ့စာလုံးလေး အစဖော်ပေးလိုက် ။ ဒီလိုမှ မရလျှင်တော့ မီးနင်း တစ်လုံး ကြိမ်တစ်ချက် အဖြစ် လက်ဖဝါးလေးတွေ ဖြန့် ပေးကြရသည် ။

ယနေ့ခေတ်ထဲ ကျောင်းဆရာ ဖြစ်ရသည်မှာ မလွယ် ။ ကိုယ်က သူများလို ကျူရှင် သင်၍လည်း အပိုဝင် ငွေရှာရန် စိတ်ကူးမရ ။ ကျောင်းဆရာမ ဦးရေနှင့် ကျောင်းဆရာ ဦးရေက ဆယ်ယောက် တစ်ယောက်ပင် မကတော့ လောက်အောင် ကွာခြားလာသည် ။ ဒီတော့ ကျောင်းတွင်း ကိစ္စတွေကအစ လက်တစ်ဆုပ်စာ ကျောင်းဆရာ တွေ ပခုံးပေါ် စုပြုံကျလာတော့၏ ။ အားကစား ကိစ္စ ၊ ကျောင်းတွင်း အခမ်းအနား ကိစ္စ ပြင်ပဆက်သွယ်ရေး .. ။ အတန်းပိုင် မလုပ်ရသည့်တိုင် သင်ကြားရေး ကိုလည်း လက်လွှတ်မရပြန် ။ ကျောင်းတွင်း စည်းကမ်းထိန်းသိမ်းရေးမှာလည်း အမျိုးသား ဆရာတွေက အဓိက အမာခံတွေအဖြစ် တာဝန်ယူရသေးသည် ။ ကျောင်းမှာ ညဂျူတီ ကိုလည်း အချိန်ဇယားနှင့် လည်ပတ်ရပြန်၏ ။

“ ကဲ... နောက်တစ်ယောက် ... ”

နောက်ဆုံးတန်းတစ်ဝိုက် ခုံမှ ကျောင်းသား တစ်ယောက် ထွက်လာသည် ။ ပြီးတော့ တစ်စတို တစ်ခရှည် ဖြစ်နေသည့် ပုဆိုးကို ပြန်ပြင်ဝတ်သည် ။ ဇောက်ထိုး ဖြစ်သွားသည် ။ အတန်းရှေ့စားပွဲဆီ လက်ပိုက်ရင်း စိုက်စိုက် စိုက်စိုက် လျှောက်လာ၏ ။ အတန်းထဲက မျက်လုံးတွေက သူ့ဆီ စုဝေးနေကြပြီး မိန်းကလေးတွေ ဘက်မှ ခပ်အုပ်အုပ် ခိုးခိုးခစ်ခစ်သံတွေ ထွက်လာသည် ။

ဆရာကြီးရှေ့ရောက်သည်နှင့် မီးနင်းပြန်ရန် အသင့် အနေအထားဖြင့် ရပ်နေသည် ။ သို့သော် ဆရာကြီးကို စေ့စေ့ရင်ဆိုင်ကြည့်ခြင်းလည်း မဟုတ် ၊ ခေါင်းငုံ့ထားရာက မျက်လုံးပြူးဝိုင်းဝိုင်းတွေ လှန်ပင့်၍ တစ်ချက် တစ်ချက် ခိုးကြည့်သည် ။ ဝါးလုံးကွဲ ပွင့်ထွက်လာတော့မည့် ရယ်သံကြီးကို ပါးစပ်ထဲ အနိုင်နိုင် ဖိနှိပ်မျို သိပ်ထားရသည့်အလား နှုတ်ခမ်းနှစ်ခုကို တင်းတင်းကြီး စေ့ပိတ်ထားပုံက ဆရာ တစ်ယောက် အနေဖြင့် ဒေါသတမံကို အလွယ်တကူ ကျိုးပျက်စေနိုင်လောက်၏ ။

ဗုဒ္ဓေါ ... ။ တစ်နေ့က ဟိုဆရာမ ပြောတဲ့ ကလေးပဲ ။

ဆရာကြီး စိတ်ထဲ ဝေဒနာက ခြေသံဖွဖွလေး ပြေးသွားသည် ။ ရှေ့မှာ လက်ပိုက်လျက် လျော့လျော့ရဲရဲ ရပ်နေသည့် အလယ်တန်းကျောင်းသားလေးကို သေသေချာချာ ကြည့်မိ၏ ။ ဒီလိုပုံစံနှင့် ဒီအတန်းအထိ ရောက်လာခဲ့ပုံကို တွေးမိရင်း ကိုယ့်နိုင်ငံ၏ ပညာရေးစနစ်ကိုလည်း အံ့သြစိတ်ပျက်မိသည် ။ လက်ရှိ ကိုယ့်ဘဝ ရပ်တည်မှုနှင့် ခံယူချက်ကိုပင် ဆရာကြီး သံသယ ပြန်ဝင်မိသည် ။

“ ဟေ့ကောင် .. မင်း ပုဆိုး ပြန်ပြင်ဝတ်စမ်း ... ”

အတန်းထဲက ရယ်သံတချို့ ဖျောခနဲ ထွက်လာ သည် ။ သူက “ ဟည်း ” ခနဲ ရယ်ပြီး ဇောက်ထိုးပုဆိုးကို ပြန်ပြင်ဝတ်သည် ။ သို့သော် ပုဆိုးက ဇောက်ထိုးပဲ ဖြစ်နေသည် ။ အတန်းထဲက ရယ်သံတွေ ထွက်လာပြန်သည် ။ ဆရာကြီးက စားပွဲပေါ် ကြိမ်ရိုက်၍ ဟန့်လိုက်၏ ။ သူက နဂိုပုံစံအတိုင်း ရပ်နေပြန်သည် ။ ဆရာကြီးကို ခိုးကြည့် ၊ နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်၍ ရယ်သံ တွေကို တမံပိတ်ထားသည် ။

သူက ဆရာကြီး စိန်ဗေဒါ၏ ကြိမ်လုံး ဖောက်သည် ။ စာမေးလျှင် ဖြေရန်အသင့် ။ ဘယ်တော့မှ ရသည်လည်း မရှိ ။ ရိုက်တော့လည်း ပြုံးပြုံးကြီး တုံ့ပြန်သည် ။ ဒါက ပုံမှန် ။

တစ်နေ့ကတော့ သူ့အတန်းပိုင် ဆရာမက သတိပေးလာသည် ။ “ ဆရာရေ .. အဲ့ဒီကလေးကို ကြည့်လုပ်နော် ၊ သူက ဒါ သိပ်မပြည့်ဘူး ” ဆိုကာ ခေါင်းကို လက်ညှိုးနှင့် ထောက်ပြသည် ။ ဟာ .. ။ ဒါဖြင့် ... ။ ဆရာမက လှည့်ထွက်သွားရင်း နောက်ပြောင် ပြောသွားသေးသည် ။ မအောင် မရှိ ငါ့တပည့်လေ ဆရာရဲ့တဲ့ ။ ဟင်း ။

ဖခင်မဲ့ ကလေး တစ်ယောက် ။ အမေက သားကို ကျောတင်ပိုး၍ အကြော်ရောင်းရင်း ဘဝကို ကူးခပ်သည် ။ အကြော်ရောင်းသည် ဆိုသော်လည်း ကိုယ့်ဆိုင်မှာ ကိုယ်တိုင် ကြော်ရောင်းခြင်း မဟုတ် ။ ထိုဆိုင်တွေက ယူပြီး လမ်းတကာ လျှောက် ၊ အိမ်ပေါက်စေ့ ရပ်ပြီး အော်ရောင်းသည့် ခေါင်းရွက်အကြော်သည် ။ တစ်ဦးတည်းသော သားလေးကို ပညာတတ်စေချင်၍ ကျောင်းပို့ထားသည် တိုင် သား အခြေအနေကို အမှန်အတိုင်း အကဲမခတ်တတ်သည်လား ၊ သားဖြစ်သူ စိတ်ချမ်းသာစေချင်သည့် မေတ္တာတရားကြောင့်လား ။

အခု စာရလားဟု မေးလျှင် ခေါင်းတွင်တွင် ညိတ်ပြမည် ။ စာပြန် ဆိုလျှင် လက်ကို တင်းတင်းပြင်ပိုက်လျက် စာပြန်ရန် အားထုတ်လိမ့်မည် ။ သို့သော် မည်သည့် စာတစ်လုံးမှ သူ ရွတ်ဆိုဖြစ်လိမ့်မည် မဟုတ် ။ ရိုက်မည် ဆိုလျှင် လက်ဖဝါး ဖြန့်ပေးရမလား ၊ တင်ပါး ကော့ ပေးရမလား ၊ ဒါမှမဟုတ် ခြေသလုံးသား လှန်ပေး ရမလား ဘာမဆို နာခံရန်အသင့် ။ မီးနင်းတစ်လုံး ကြိမ်တစ်ချက် ဆိုလျှင် မီးနင်း အလုံးနှစ်ဆယ် အတွက် .... ။ သက်ပြင်းကို ခပ်ငွေ့ငွေ့ ချသည် ။

“ ကဲ .. သွားသွား ပြန်ထိုင်နေတော့ ... ”

ဆရာကြီးပဲ လက်လျှော့ လိုက်ရသည် ။ ကျန် ကျောင်းသားတွေက သူ့သွားရာ မျက်လုံးတွေ နောက်ယောင်ခံ လိုက်ရင်း တခစ်ခစ် ရယ်သံ ထွက်လာသေးသည် ။ “ ကဲ .. နောက်တစ်ယောက် ဟေ့ ... အချိန် မရှိဘူးကွ ၊ မြန်မြန်လာ ” ဟု လောဆော်ရင်း စားပွဲပေါ် ကြိမ် တဖြန်းဖြန်း ရိုက်လိုက်ပြန်သည် ။

ကလေး စာပြန်နေသည်ကို နားထောင်ရင်း မျက်လုံးတွေက ပြတင်းပေါက်ကို ရောက်နေသည် ။ ဒီအခန်း ပြတင်းပေါက်မှ ယောက်ျားလေး အိမ်သာသွားလမ်းကို လှမ်းမြင်နေရသည် ။ ယောက်ျားလေး ဆိုသည်က အိမ်သာဘက် အပေါ့အပါး သွားလျှင်တောင် ငြိမ်ငြိမ်သွား တတ်ကြသည် မဟုတ် ။ သွားရင်းလာရင်း ၊ တွန်းထိုးရင်းက လမ်းပေါ်မှ ဆင်းပြေးပြီး ဘောလုံးကွင်းဘက် ပြေးလွှားသွားကြသည်မျိုးလည်း ရှိသည် ။ အိမ်သာတံခါး ပိတ်၍ ဆေးလိပ်ခိုးသောက်ကြသည်များလည်း လက်ရ ဖမ်းဖူးသည် ။ အိမ်သာနောက် သံဆူးကြိုးကို ဖြဲ၍ ခိုးထွက်သွားကြသည်လည်း မနည်း ။ ဒီတော့ ဆရာတစ်ယောက် အနေနှင့် အာရုံတစ်ခုထဲမှာ ကျောက်ချရပ်နား၍ မရသည့် သင်္ဘောတစ်စင်းလည်း ဖြစ်နေသည် ။ ကြုံလျှင် ရောက်နေရာမှ လှမ်းဟိန်း ဟောက်ဟန့်တားရန် အသင့်ပြင်ထားရသေး၏ ။

“ ဆရာကြီး ဒီမှာ .. ”

အတန်း နောက်ဘက်ဆီက အသံတစ်ခု မကြားတကြား ထွက်လာသည် ။ ဆရာကြီး မျက်လုံးက ဆတ်ခနဲ နောက် ရောက်သွား၏ ။ စာပြန်လက်စ ကျောင်းသားကို လက်ပြ ဟန့်တားလိုက်သည် ။ ကြိမ်လုံးကို လက်က ဆ လိုက်ရင်း လည်တိုင်ကို ဆန့်လျက် အကျင့်ပါနေသည့် မျက်မှောင်ကိုပါ ကျုံ့ပြီးသား ။

“ ဘာဖြစ်တာလဲ ဟိုးနောက်က ကောင်တွေ ”

ခပ်ကဲကဲ ကျောင်းသားတစ်ယောက် မတ်တတ် ထရပ်သည် ။ သူ့ဘေးကို ငဲ့ကြည့်သည် ။ ဘေးက တွက်ထိုးသံတွေ ကြားရသည် ။

“ ပြောလေကွာ ” ဟု ကြိမ်ကို ဖြန်းခနဲရိုက် အသံပေးလိုက်တော့မှ ...

“ ဒီ .. ဒီမှာ အောင်မြင့်မြတ် ငိုနေတယ် ဆရာကြီး ”

ဆရာကြီးက ပြဿနာကို ပြတင်းပေါက်မှ တွေ့နိုင်မလား ဟု ရှာဖွေခဲ့သော်လည်း တကယ်တမ်း ပြဿနာတွေ့လိုက်ရသည်က အတန်းထဲမှာ ။ မျက်မှောင်ကို ပိုကျုံ့မိသည် ။ အောင်မြင့်မြတ် ဆိုပါလား ။ ဘယ်ကောင်ပါလိမ့် ။ ရန်ဖြစ်လို့လား ။ “ လာစမ်း .. ငိုတဲ့ကောင် ရှေ့ထွက်ခဲ့စမ်း ၊ မိန်းမလို မိန်းမရနဲ့ မျက်ရည် ထွက်တဲ့ကောင် ”  ဟု လှမ်းခေါ်တော့ ခုံတန်းတွေ ကြားမှ ကျောင်းသား တစ်ယောက် တိုးထွက်လာသည် ။ ဟား ဘယ်သူများလဲလို့ ။ လက်စသတ်တော့ ဆရာကြီး၏ ကြိမ်လုံး ဖောက်သည် ။ ဒီ အတန်းပိုင်ဆရာမ ပြောခဲ့တဲ့ ကလေး ။ အောင်မြင့်မြတ် တဲ့လား ။

ဆရာကြီးရှေ့ ရောက်သည် အထိ အောင်မြင့်မြတ် ငိုကြော မပြတ်သေး ။ မျက်ရည်တွေ တွင်တွင် သုတ်နေသော်လည်း ရှိုက်သံက သိမ်းဆည်း မရ ။ ပုဆိုးက ဇောက်ထိုး ဖြစ်ဆဲ ။ လက်နှစ်ဖက်ကို ပိုက်လျက် ။ “ ကဲ လုပ်စမ်းပါဦး .. ဘာဖြစ်လို့ ငိုတာလဲ ” ဟု မေးတော့ ခေါင်းငုံ့လျက် အနေအထားမှ နည်းနည်းမှ မလှုပ် ။ စောစောက ဝါးလုံးကွဲ ရယ်သံတွေကို မနိုင်မနင်း တမံတုတ်ထားပုံရသည့် နှုတ်ခမ်းတွေက ခုတော့ ဟောင်းလောင်းပွင့်နေသည် ။

“ ဟေ့ကောင် ဖြေလေ ၊ မင်း ဘယ်သူက ဘာလုပ် လို့တုံး ” ဟု ဖိအားပေးတော့လည်း မထူးခြား ။ ဒီအချိန်မှာ နောက်တန်းဘက်က အသံတစ်ခု မဝံ့မရဲ ထွက်လာသည် ။

“ .... .... .... ”

“ ဘာ ဘယ်လိုတဲ့ .... ”

ဆရာကြီး ဝုန်းခနဲ ထရပ်မိသွားသည် ။ အကြောတွေ ဓာတ်လိုက်ခံလိုက်ရသလို ကျဉ်ခနဲ ၊ ဖျဉ်းခနဲ ။ ဆရာကြီး၏ အထိတ်တလန့် မျက်နှာကြောင့် တစ်တန်းလုံး ဝပ်ကျသွားသည် ။ တရှုပ်ရှုပ် ရှိုက်နေသည့် အောင်မြင့်မြတ် ကို ကြည့်လိုက် ၊ အောင်မြင့်မြတ် ကို မေ့ငေးနေသည့် သူတို့ ဆရာကြီးကို ကြည့်လိုက်နှင့် တခစ်ခစ်ရယ်သံ အစအနလေးတွေပင် ပဲ့စဉ် ထွက်မလာ ။

ဆရာကြီးက စာ မမေးလို့တဲ့ ။ ဆရာကြီးက သူ့ကို မရိုက်လို့တဲ့ ။ သူ့ .. ကို ... မ ... ရိုက်.. လို့ .. တဲ့ .. ။ ဟား ... ။

“ ဟေ့ကောင် ... သူ ပြောတာ ဟုတ်လား ”

အောင်မြင့်မြတ်က ခေါင်းကို တဆတ်ဆတ် ညိတ်ပြသည် ။ ဆရာကြီး ဖင်ထိုင်ကျသွားသည် ။ ရှိသမျှ ခွန်အားတွေ ဖောက်ထုတ်ပစ်လိုက်သလို လျော့ရဲသွား၏ ။ ကြိုးခွေ တစ်ခွေလို ပုံကျနေရာက အောင်မြင့်မြတ်ကို ကြည့်လျက် ဆရာကြီး အသံထွက်လာသည် ။

“ ကဲ ... ဆို ... ”

အောင်မြင့်မြတ် မျက်နှာ ဝင်းခနဲ ဖြစ်သွားသည် ။

အင်္ဂလိပ်မီးနင်း အလုံး နှစ်ဆယ်ကို အလွတ်ဆိုရန် ပြင်ဆင်လိုက်သည် ။ သို့သော် အောင်မြင့်မြတ်သည် ထုံးစံအတိုင်း အစင်းရာပေါင်းများစွာ ထင်နေသည့် ဗီစီဒီဟောင်းတစ်ချပ် ဖွင့်လိုက်သည့် တီဗွီဖန်သားပြင်ကြီးလို ။

••••• ••••• ••••• 

( ၃ )

ဆောင်းညနေခင်းထဲ အမှောင်ရိပ်က အလောတကြီး ပြေးဝင်လာသည် ။ မျက်စောင်းထိုးက သံဖြူဆိုင်ပင် ဘယ်အချိန် တံခါးပိတ်သွားသည် မသိလိုက် ။ ဈေးလယ်လမ်းက ဈေးဝယ်သူတွေ မရှိတော့ဘဲ ဈေးဝန်ထမ်းလိုင်းခန်း ကလေးတွေအတွက် ကစားကွင်း ဖြစ်နေပြီ ။

“ သူ စာပြန်တော့ တကယ်ရော ... ရလို့လား ဆရာကြီး ”

“ ဟာ ... ဘယ့်နှယ် မေးပါလိမ့် မောင်ရာ ၊ ဒီကောင် ဘယ်တုန်းကမှ စာရဖူးတာမှ မဟုတ်တာကွာ ။ ဒါနဲ့ သူ ကျေနပ်အောင် လက်ဝါးကို ငါးချက် ရိုက်ပေးလိုက်ရတယ် မောင်ရေ့ ”

ငါးချက်တဲ့ ။ ကလေးတစ်ယောက် လက်ဖဝါး အတွက် ငါးချက် ဆိုသော ကြိမ်ဒဏ်ရာ ။ ရဲခနဲ တွတ်တွတ် နီသွားမည့် လက်ဖဝါးလေးကို ပြေးမြင်မိသည် ။ “ အီဆိမ့် သွားမှာပဲ ” ဟု ကျွန်တော် ထောက်လိုက်တော့ ဆရာကြီး လက်ကာပြသည် ။ မထင်နဲ့ ငါ့ကောင်ရေတဲ့ ။ သွားကြီးတွေ ဖြဲပြီး ‘ ဟည်း ’ ခနဲ ရယ်ရင်း သူ့ခုံကို အပြေးဝင် သွားသတဲ့ ။ ဆရာကြီးက ထရပ်သည် ။ ကျွန်တော်က ဆရာ သစ္စာနီ၏ ‘ အခြားသောအရာများနှင့် လူ ’ စာအုပ်ကို ပေးလိုက်သည် ။ ဆရာကြီးက ပုဆိုးပြင်ဝတ် ၊ စာအုပ်ကို ခါးကြား ထိုးထည့်၍ ခေတ်ဟောင်း စက်ဘီးကြီးကို ဒေါက်ဖြုတ်သည် ။ ပြီးတော့ ... ၊ ပြီးတော့မှ ကျွန်တော့် ဘက်ကို လှည့်၍ ကျွန်တော့် ရင်ဘတ်ဆီ တည့်တည့် ချိန်ကာ နောက်ဆုံး ကျည်ဆန်တစ်တောင့်ကို ( ရက်ရက် စက်စက် ) တေ့ဖြုတ်သွားလေသည် ။

“ တကယ် နာသွားတာက ရိုက်လိုက်မိတဲ့ ငါ့လက်ကွ ...”

ပြောပြီးပြီးချင်း စက်ဘီး နင်းထွက်သွားသည် ။ နောက်ဘက် ခါးကြားမှာ စာအုပ်တစ်အုပ် ညှပ်လျက် ။

ကျွန်တော့်မှာ အလစ် တိုက်ခိုက်ခံရသလို နာကျင်မေ့မော ရပ်ကျန်ရစ်၏ ။ ဆိုင်ပိတ်ရန် ခေါက်တံခါးရွက် ကိုင်လျက် ။ ဈေးပေါက်ဝမှ စည်ပင်ဝန်ထမ်းက တံခါး ပိတ်တော့မည်ဖြစ်ကြောင်း အချက်လှမ်းပြနေပြီ ။

ကျွန်တော်က ဈေးပေါက်ဝမှ လမ်းအတိုင်း ချိုးကွေ့သွားသော စက်ဘီးအိုကြီးကို ငေးရင်း ကျွန်တော် ၆ တန်း ကျောင်းသားဘဝက အတန်းထဲ ဒေါင်းတည်မောင်းတည် ဝင်ချလာသည့် စိန်ဗေဒါကြီး ကို ပြေးသတိရသည် ။

လက်ထဲက ပျဉ်ပြားပဲ့ကို ဆ လျက် “ ဒီသစ်သား ပြားပဲ့နေတာ လေတိုက်လို့ မဟုတ်ဘူးကွ ” ဆိုသော စကားကိုလည်း ပြန်သတိရသည် ။  ။

▢ မိုးကျော်ဇင်
📖ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း
     ဇူလိုင် ၊ ၂ဝ၁၆

No comments:

Post a Comment