Monday, September 8, 2025

မဖော့ ၏ ခံယူချက်


 

❝ မဖော့ ၏ ခံယူချက် ❞
         ( ကံချွန် )

ကိုသစ္စာသည် သတင်းစာ ဖတ်နေရာမှ မဖော့ နှင့် ဒေါ်ကြွားစိုး ပြောစကားများကို နားထောင်နေမိသည် ။ ကိုသစ္စာ၏ အာရုံမှာ သတင်းစာထဲတွင် မရှိတော့ ။ မဖော့တို့ ပြောစကားများက သူ့အာရုံကို လွှမ်းမိုးသွားသည် ။

“ ကိုဝင်းအုန်း ဆုံးတော့လေ လိုက်ပို့မယ့် လူတွေ ဒါလောက် များမယ် မထင်ခဲ့ဘူး ။ သူ့ကို လူချစ်လူခင် များမှန်း သူ ဆုံးမှ သိရတာ ”

“ ဟုတ်ပါ့ ဒေါ်စိုးရယ် ။ မန္တလေးမှာ ရွှေမန်းတင်မောင် အသုဘ ပြီးရင် ဦးဝင်းအုန်း အသုဘက အစည်ဆုံးပဲ ။ တကယ့် လူသူတော်ကောင်းကြီးပါ ”

“ ကျွန်မက စိတ် ဖြေသာပါတယ် မဖော့ရယ် ။ သူ နေမကောင်း ဖြစ်တဲ့ ဆယ်ရက်လောက် အတွင်းမှာ ငွေသိန်းနဲ့ ချီပြီး ကုန်သွားတာပဲ ။ ပြုစုလိုက်ရတာရော ၊ ကုသလိုက်ရတာရော ၊ ဆေးရုံဆို ပုဂ္ဂလိက ဆေးရုံ တင်တာ ။ အခန်းခတင် တစ်ထောင့်ငါးရာ ။ အခန်းထဲမှာ ရုပ်မြင်သံကြား ပါသေးတယ် ။ ပြီးတော့ ရေခဲသေတ္တာ ရှိတယ် ။ လေအေးစက် တပ်ထားတာ ဖွင့်မလား ၊ ပန်ကာ ဖွင့်မလား ၊ အိုက်ရင် ကိုယ်ကြိုက်တာ ဖွင့်လို့ရတယ် ။ ရေခဲသေတ္တာ ထဲမှာဆို ပန်းသီးနဲ့ နှင်းသီး ဆိုတာ မပြတ်ရဘူး ။ ဟိုဘက်လမ်းက မသီတို့ဆို လူနာလာမေးရင်းကနေ နေရတာ ဇိမ်ရှိလွန်းလို့ မပြန်ချင်တော့ဘူး ကြီးစိုးရယ်တဲ့ ။ ကဲ ပြောကောင်းမှန်း မပြော ကောင်းမှန်း မသိ ”

“ အဲသလို ကောင်းကောင်း ထားပြီး ပြုစုလိုက်ရတော့ လူနာလည်း စိတ်ချမ်းသာတာပေါ့ ”

“ စိတ်ချမ်းသာတာပေါ့ မဖော့ရယ် ၊ ဖွင့်ကို ပြောသွားတာ ။ အစိုးရယ် မင်းဟာ ငါ့အတွက် တကယ့် မိန်းမကောင်း မိန်းမမြတ်ပဲတဲ့ ။ ဆေးရုံက ပုဂ္ဂလိကဆေးရုံ ဆိုတော့ လာလိုက်တဲ့ ဧည့်သည်က နေ့ရော ၊ ညရော ပြတ်တယ်မရှိဘူး ။ ဟိုဘက်လမ်းက ဗီဒီယိုရုံ ထက်တောင် စည်သေး ”

“ သိပါတယ် ဒေါ်စိုးရယ် ။ စာဥတို့ ဆေးရုံက ပြန်လာတော့ ပြောပါတယ် ။ အခန်းထဲ လူ ပြည့်နေလို့ ဝင်မရတာနဲ့ အပေါက်ဝက လှည့် ပြန်ခဲ့ရတယ်တဲ့ ”

“ ဟုတ်လား ။ အားနာစရာ ၊ ကျွန်မ မြင်လိုက်ရင်တော့ ခေါ်သွင်းလိုက်မှာပါ ။ တချို့ ကလည်း အခန်းက ကောင်းလွန်းတော့ မဝင်ရဲကြဘူး မဖော့ရဲ့ ။ တချို့က ဝင်တော့ လာပါရဲ့ အခန်းဝမှာ ဖိနပ် ချွတ်ထားခဲ့ သတဲ့လေ ။ ဟဲ့ ဟဲ့ ဖိနပ်စီးရတယ် ။ စီးရတယ်လို့ ပြောရတယ် ”

“ ဟင်း ... ဟင်း ... ဟင်း ”

“ ဟဲ ဟဲ ဟဲ ”

ကိုသစ္စာသည် နားထောင်ရင်း တော်တော် နားကြားပြင်း ကပ်နေပြီ ။ ဘယ့်နှယ်ဗျာ ကြွားစရာ မရှိ ရှာကြံပြီး သူ့ယောကျာ်း နေမကောင်း၍ ဆေးရုံ တက်စဉ်က အကြောင်း ကြွား နေရသည် လို့  ။ ဒါကြောင့်လည်း တစ်ရပ်ကွက်လုံးက သူ့ကို ဒေါ်ထားစိုး ဟု မခေါ် ဒေါ် ကြွားစိုး ဟု ခေါ်ကြခြင်း ဖြစ်သည် ။ တစ်ခါကလည်း သူတို့ လမ်းထိပ်မှ ဦးကောင်းဇံ တို့ တိုက်ရှေ့ သွား၍ ဝက်သားတုတ်ထိုး သုံးဆယ်ဖိုး ဝယ်ကာ လမ်းဘေးခွေးတွေ ချကျွေးလိုက်သည် ။ အကြောင်းရင်းကို စုံစမ်းကြည့်တော့ ဦးကောင်းဇံ၏ ဇနီးက နှစ်ဆယ်ဖိုး ဝယ်စားပြီး “ မင်း ဒီလမ်းထဲ လာ ရောင်းမနေနဲ့ စားနိုင်တဲ့လူ ရှိတာ မဟုတ်ဘူး .. ” ဟု ပြောသောကြောင့် ဟု ဆိုသည် ။ ထိုစဉ်က ဒေါ်ထားစိုးကို တစ်လမ်းလုံးက သြဘာလက်ခုပ် ပေးခဲ့ကြသည် ။ ဒေါ်ထားစိုး က မှင်သေသေနှင့် -

“ အရပ် စော်ကားလို့ပါရှင် ၊ ကျွန်မတို့လည်း ချမ်းသာလို့ မဟုတ်ပါဘူး ၊ သိန်း သုံးလေးဆယ် ရှိတာပါ ” ဟု ပြောသေးသည် ။ ထိုသို့သော ဒေါ်ထားစိုး ဖြစ်သည် ။ သူက လေကြွားတော့ မဟုတ် ။ လက်တွေ့လည်းပါသည် ။ သုံးလေးသိန်း ကိုင်ရသည်ကို သုည တစ်လုံးတိုး ပြောခြင်းမျိုး ။ မီးဖိုချောင်မှ ဒေါ်ထားစိုး နှင့် မဖော့တို့၏ အသံက ပျံ့လွင့် လာပြန်သည် ။

“ အဆိုတော် ဇော်ဝင်းထွဋ် တို့ ၊ ရင်ဂို တို့ ၊ အေးချမ်းမေ တို့ ကတောင် ဖုန်းဆက်တာ ။ ကျွန်မက ဟဲ့ မလာကြနဲ့  ၊ ငါ့မှာ နာရေးကိစ္စက တစ်ဖက် ။ မင်းတို့ လာရင် ပရိသတ် ထိန်းရမှာက တစ်ဖက်နဲ့ ရှုပ်ကုန်လိမ့်မယ် ဆိုပြီး တားလိုက်ရတာ ”

“ ဒေါ်စိုးရယ် ခေါ်လိုက်ရောပေါ့ ။ ကျွန်မတို့လည်း မြင်ဖူးတယ် ရှိအောင် ကြည့်ချင်သေးတယ် ”

မဆိုင် ၊ ဘယ်လိုမှ မဆိုင် ။ ဦးဝင်းအုန်း မှာ ရန်ပုံငွေ စတိတ်ရှိုးပွဲတုန်းက စတိတ်ရှိုးခုံ ဆောက်ပေးဖူးသည့် လက်သမားဆရာကြီး ဖြစ်သည် ။ ခုံ ဘယ်တော့ အပြီး အပ်မလဲဆိုသည့် ကိစ္စအတွက် ကန်ထရိုက်က လာမေးစဉ် အဆိုတော် အချို့ ကားပေါ်မှာ ပါလာဖူးသည် ။ ဒါကို မဖော့ လည်း သိသည် ။ ကြည့် ခုတော့ သူကပါ အလိုတူ အလိုပါ အလိုက်အထိုက်တွေ ပြောနေသည် ။ အရင်က မဖော့ ဤသို့ အလိုက်အထိုက် ပြောသည် ကို ယခင်က တစ်ခါမျှ မကြားဖူးပါ ။ မဖော့မှာ သူ့စိတ်နှင့် မတိုက်ဆိုင်လျှင် “ ဒိုး ” ခနဲ ၊ “ ဒေါက် ” ခနဲ ပြောပစ်လေ့ရှိသူ ။

“ ကျွန်မက သောကနဲ့ ဆိုတော့ အလုပ်ရှုပ်တဲ့ ဒဏ် မခံနိုင်ဘူးလေ ။ ကိုယ့်ဆီ လာတယ်ဆို ဧည့်ဝတ်က ကျေဦးမှ ၊ နာရေးနေ့ကဆို အသုဘ လိုက်ပို့တဲ့ ရှေ့ပြေး ဆိုင်ကယ်ကောင်လေးတွေကိုတောင် လပ်ဆပ်ပြာနဲ့ မျက်နှာသုတ်ပဝါ စေ့ငအောင် မပေးလိုက်ရဘူး ။ ဆိုင်ကယ်အစီး နှစ်ဆယ် ရှိတယ် ပြောတာပဲ ”

“ မဟုတ်တာ ဒေါ်စိုးရယ် ။ နှစ်ဆယ်နဲ့ ရှစ်စီးပါ ။ ကျွန်မ သေသေချာချာ ရေကြည့်ထားလိုက်တာ ။ အိမ်ကလူတောင်မှ ကားတွေပေါ် လူပြည့် နေတာနဲ့ သူ့မိတ်ဆွေ ဆိုင်ကယ်နဲ့ လိုက်ပို့ရတာ ”

“ ဟုတ်လား ၊ ဒါတောင် ကျွန်မ ကားအစီး သုံးဆယ် ငှားတာ ။ ကူတဲ့ ကားတွေက အစီး ငါးဆယ်လောက် ရှိတယ် ”

ကိုသစ္စာ သူ့ခေါင်းသူ ဗျစ်ဗျစ်မြည်အောင် ကုတ်သည် ။ သူ လိုက်မပို့သည်ကို မဖော့ အသိ ။ မဖော့ ဘာဖြစ်နေပြီနည်း ။ ဒီ ကြွားလုံးမကြီးကို အဘယ်ကြောင့်များ စကားဧည့်ထောက်ခံနေပါလိမ့်ဟု တွေးမိသည် ။ တွေးမရ ။

“ ကူတဲ့ ကားက ငါးဆယ်နဲ့ သုံးစီးပါ ဒေါ်စိုးရယ် ၊ အက်စအီးကား အဖြူလေးတွေချည်း ဆယ့်နှစ်စီးပါတယ် ”

“ အဲဒါ အင်ဂျင်နီယာအဖွဲ့လေ ။ ဆောက်လုပ်ရေး ကန်ထရိုက်တွေကလည်း ကိုဝင်းအုန်း ကိုပဲ အားကိုးနေရတာ ”

“ ဪ .... ဪ ”

ကြားနေရသည် တို့ကို အကြောင်းပြု၍ နေမထိ ထိုင်မသာ ဖြစ်နေပြီ ။ စိတ်ထဲမှာ မဖော့ ကိုသာ နားရင်းရိုက်ချင်နေတော့သည် ။ ဟို မိန်းမကြီး ကြွားပါစေတော့ ။ သူက အဘယ်ကြောင့် လေကြောရှည်ရန် အလိုက်အထိုက်တွေ ပြောပေးနေရပါသနည်း ။ ဟိုကလည်း ကြွားစရာ မရှိ “ မသာ ” ကြွားနေသည် ။

“ ဒါနဲ့ ဦးဝင်းအုန်း အလောင်း ဘယ်သူ ပြင်ပေးတာလဲ ”

“ ဘယ်သူမှ မပြင်ပါဘူး ”

“ အို ဟုတ်လား ၊ ကျွန်မတို့က ပြင်ပေးထားတယ် မှတ်နေတာ ၊ သေပန်းပွင့်တယ်ဆိုတာ ဒါမျိုး ထင်ပါရဲ့ ”

“ ဟင်း ဟင်း ”

“ ဟဲ ဟဲ ”

သို့ဖြင့် နာရီဝက်ခန့် ကြာမှ ဒေါ်ထားစိုး ထပြန်သွားသည် ။ ဒေါ်ထားစိုး ပြန်သွားသည် နှင့် ကိုသစ္စာ မှာ အောင့်အည်း ထားသမျှ ပွင့်ထွက်သွားတော့သည် ။

“ မဖော့ ”

“ ဘာလဲ ”

“ မင်းက ဘာကိစ္စ ဒေါ်ထားစိုး ပြောသမျှ လိုက်ခေါင်းညိတ်နေရတာလဲ ။ အစကတော့ ဒီမိန်းမကြီးကို ကြည့်မရဘူးဆို ။ အဓိပ္ပာယ် မရှိတာတွေ လျှောက်ပြောနေတယ် ဆိုတာ မင်းလည်း သိသားနဲ့  ။ အလကား တစ်ဆိတ် တစ်အိတ် လုပ်နေတာတွေကို ”

“ သိတယ်လေ ”

“ သိရဲ့ နဲ့ ဘာကိစ္စ အချိန်ကုန်ခံ လေကုန်ခံပြီး လက်ခံ စကားပြောနေရတာလဲ ”

မဖော့က မျက်စောင်းထိုး ကြည့်လိုက်ပြီး -

“ ဒီမယ် ၊ တော် စာရေးဆရာ မဟုတ်လား ၊ တော့်အလုပ်က စာရေးတဲ့ အလုပ် ၊ စာရေးဖို့ ပဲ စိတ်ကူးပါ ။ ကျုပ်အလုပ်ထဲ ဝင်မစွက်ပါနဲ့ ”

“ ဟ စွက်ဖက်ရမှာပေါ့ကွ ။ မင်း ဧည့်ထောက်ခံပြီး လေရှည်နေတော့ ငါက တွေးမရ ရေးမရတော့ဘူး ၊ အဓိပ္ပာယ် မရှိတာ ”

“ အဓိပ္ပာယ် ရှိတယ် ”

မဖော့က ခပ်ဆတ်ဆတ်ပြောပြီး လှည့်ဝင်သွားသည် ။ နောက်တော့ ပြန်ထွက်လာသည် ။ မဖော့ လက်ထဲမှာ သုံးဆင့်ချိုင့်ကြီး ပါလာ၏ ။

“ ဒီမယ် ရက်လည် ဆွမ်းကျွေးက ပိုတဲ့ ငါးခြောက်ထောင်းကြော် ၊ သီးစုံချဉ်ဟင်း ၊ ကြက်သားဟင်းတဲ့ လာပို့သွားတာ ။ ငါးပိကြော်က တစ်ပန်းကန် ပါသေးတယ် ”

ကိုသစ္စာသည် မဖော့၏ ခံယူချက်ကို သဘောပေါက်သွားလေတော့သတည်း ။  ။

▢  ကံချွန်
📖 ရွှေအမြု တေရုပ်စုံမဂ္ဂဇင်း
      အမှတ် ၇၆
      ဖေဖော်ဝါရီလ ၊ ၁၉၉၆

No comments:

Post a Comment