Tuesday, September 9, 2025

ဆရာဇေ


 

❝ ဆရာဇေ ❞

[ ဇင်ယော်ကြီး လို့ အမည် ပေးထားတဲ့ သင်္ဘောက ဧရာဝတီမြစ် ကို ဆန်တက်လာခဲ့တာ ခရီးတော်တော် တွင်ခဲ့ပြီ ။ သင်္ဘောက နိုင်ငံခြားသား ဧည့်သည်တွေ မြစ်ကြောင်းမှာ စီးလေ့ရှိတဲ့သင်္ဘော ။

သင်္ဘောပေါ်မှာ အိပ်ခန်းတွေ ပါတယ် ။ စားသောက်ခန်း ပါတယ် ။ သင်္ဘောခေါင်မိုးပေါ် က ဆလင်ခန်းရဲ့ နောက်မှာ အရိပ်ရအောင် မိုးကာဖျင် မိုးပြီး သက်သောင့်သက်သာ ထိုင်စရာနေရာ တစ်ခုပါတယ် ။ အေးအေးလူလူ ထိုင်ပြီး ရှုမျှော်ခင်း ကြည့်နိုင်တယ် ။

ဧရာဝတီမြစ်ရဲ့ သဘာဝကို လေ့လာဖို့ မှတ်တမ်းတင်ဖို့ ရည်ရွယ်ချက်နဲ့ မိတ်ဆွေတွေ စုစည်းပြီး ထွက်လာခဲ့တဲ့ ခရီးမှာ ဆရာဦးဇေမောင်သိန်း ( ယခုအသက် ၆၃ နှစ် ) လည်း ပါတယ် ။ ဆရာက တက္ကသိုလ်မှာ ဘူမိဗေဒဆရာ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်တယ် ။

ဧရာဝတီမြစ်ကြောင်း အတိုင်း သင်္ဘော ဆန်တက်လာခဲ့တာ သပိတ်ကျင်းမြို့ ကို လွန်တော့ မြစ်က တူးမြောင်း တစ်ခု တူးထားသလို အဖြောင့်လိုက် ။ ဒီနေရာ ကို မြစ်ဖြောင့် လို့ ခေါ်ကြောင်း ၊ စစ်ကိုင်းပြတ်ရွေ့ကြောကြီးပေါ် မှာ မြစ်က ရောက်နေတဲ့ အတွက် ယခုလိုဖြောင့်နေတာ ဖြစ်ကြောင်း ဆရာက ရှင်းပြပါတယ် ။ တကောင်းမြို့ဟောင်း ကို ရောက်တော့လည်း ပြတိုက်ထဲမှာ ရှေးအခါက ဧရာဝတီမြစ် က တကောင်းမြို့ဟောင်း နေရာ ရဲ့ အရှေ့ဘက်က စီးဆင်းကြောင်း မြေပုံနဲ့ ပြထားတယ် ။ ဆရာက မြစ်တွေရဲ့ မြစ်ကြောင်း ပြောင်းလဲတတ်တဲ့ သဘာဝ ၊ မြစ်ကျိုးအင်းတွေ ပေါ်ပေါက်ပုံ ဘူမိဗေဒ သဘောတရားတွေ ပြောပြတယ် ။

သင်္ဘောပေါ် မှာ ခရီးဖော် အဖြစ် လိုက်ပါလာသူတွေထဲမှာ နယ်ပယ်ပေါင်းစုံက အသိပညာရှင်တွေ ပါသလို လူငယ်တွေလည်း ပါတယ် ။ အကျိုးရှိတဲ့ ခရီးတစ်ခု ဖြစ်ဖို့ ရည်ရွယ်ပြီး တစ်ဦးဦးက ဦးဆောင်ပြီး ခေါင်းစဉ် တစ်ခု နဲ့ ဆွေးနွေးတဲ့ အစီအစဉ်လည်း ထည့်ထားတယ် ။

ဘူမိဗေဒဆရာ ဦးဇေမောင်သိန်း ဆွေးနွေးတဲ့ အလှည့်မှာ သူ့ခေါင်းစဉ်က “ မန္တလေး ဝန်းကျင်မှာ တွေ့ရတဲ့ ငှက်များ ” တဲ့ ။ ဆရာက ပင်စင် ယူပြီးတဲ့ နောက်ပိုင်းမှာ ငှက်တွေကို လေ့လာတယ် ။ မှတ်တမ်းတင်တယ် ။ မှန်ဘီလူး ဆွဲအား ကောင်းတဲ့ ကင်မရာ တစ်လုံးနဲ့ သူ နေထိုင်ရာ မန္တလေးမြို့ ပတ်ဝန်းကျင်ကို လှည့်လည်သွားပြီး ငှက်တွေကို ဓာတ်ပုံ ရိုက်တယ် ။ ငှက်မျိုးစိတ် အသစ်လို့ ယူဆရတာတွေကို ဆရာ ရှာဖွေတွေ့ရှိထားတယ် ။

သင်္ဘောနဲ့ ဧရာဝတီမြစ်ကို ဆန်တက်တဲ့ ခရီးမှာလည်း မြစ်ကြောင်း တစ်လျှောက်က ငှက်တွေကို ကင်မရာ တစ်လုံးနဲ့ ဆရာက မှတ်တမ်းတင်နေတာ တွေ့ရတယ် ။ တစ်ခါတစ်ရံ မှာတော့ ထိုင်ခုံမှာ စိတ်အေးလက်သာ ထိုင်ပြီး မြစ်ရှုခင်းတွေကို ငေးနေလေ့ရှိတယ် ။

ဆရာ နဲ့အတူ ထိုင်ရင်း ဆရာ ဖြတ်သန်းခဲ့တဲ့ ဘဝ ခရီးကို ကျွန်တော် မေးပါတယ် ။ ]

••••• ••••• •••••

ကျွန်တော် ပထမဆုံး ကျောင်းနေတာက သာစည်ဟံဇား နားက ဝမ်းသာရွာ မှာ ။ မွေးတာ က တောင်ငူ မှာ ။ ကန်ရိုး ဆိုတဲ့ ရွာ ။ ကျွန်တော့် အဖေက အလုပ်နဲ့ ပြောင်းရင်း တောင်ငူ က ဟံဇားနား က ဝမ်းသာရွာ ကို ရောက်တာပါ ။

အဖေက ပညာရေး သိပ် အားပေးတာ ။ အစိုးရကျောင်း မထားဘူး ၊ ပရိုက်ဗိတ် အလွတ်ပညာသင်ကျောင်း အပ်တယ် ။ လေးတန်း အောင်တော့ တောင်ငူ က စိန့်ဂျိုးဇက် ကွန်ဗင့် ပြောင်းထားတယ် ။ English ကတော့ အတော် လုပ်ယူရတာပေါ့ ။ အတန်း ထဲမှာတော့ ပညာက အလယ်အလတ်စားပါပဲ ။ ကျွန်တော် ဆယ်တန်း ဖြေနေတုန်း ကျောင်းတွေ ပြည်သူပိုင် သိမ်းတာ ။

ဆယ်တန်း အောင်တော့ Physics ( ရူပဗေဒ ) မေဂျာ ရတယ် ။ ဒုတိယနှစ် မှာ Geology ( ဘူမိဗေဒ ) ပြောင်းလိုက်တာ ။ ၁၉၆၉ ခုမှာ ရန်ကုန်တက္ကသိုလ် က ဘွဲ့ရတယ် ။

ကျွန်တော် ဓာတ်ပုံ စ ရိုက်တာ ကတော့ ၁၃ နှစ်သား လောက်က ဦးလေး သူငယ်ချင်းရဲ့ ဂျာမန်ကင်မရာ Bella ဆိုတဲ့ box ကင်မရာလေး နဲ့ စရိုက်တာ ။ ဆယ်တန်း လောက် ရောက်တော့ ဆွေမျိုးမကင်းတဲ့ လူ တစ်ယောက်ရဲ့ ကင်မရာ ကို ယူရိုက်တယ် ။

ပုံကူးစက္ကူ တစ်ရွက် ကလည်း တစ်ကျပ် ၊ ဖလင် တစ်လိပ် ကလည်း တစ်ကျပ် ဆိုတော့ ကျွန်တော် မုန့်ဖိုးရတဲ့ တစ်မတ်ကို စုစု ပြီးတော့ ဝယ်တာ ။ ကျွန်တော်နဲ့ ဆွေမျိုးမကင်းတဲ့ လူတစ်ယောက်က မှတ်ပုံတင်ရုံးမှာ လုပ်တယ် ။ မှတ်ပုံတင်တွေ လုပ်ပေးတဲ့ အချိန် ၊ သူ့ ဆီက ပုံကူးပုံတွေ သင်ယူရတာ ။ ဓာတ်ပုံပညာနဲ့ ပတ်သက်ရင် သူ့ကျေးဇူး ပါပါတယ် ။

ရန်ကုန်တက္ကသိုလ် ရောက်တော့ ဆရာဦးသိန်းလှိုင် ကို တွေ့တယ် ။ သူက သင်ဆရာ ပေါ့ ။ ကင်မရာလေးတွေ ဝယ် ရိုက်တယ် ။ တစ်ဆယ်တန် ပလတ်စတစ် ကင်မရာလေးလည်း ဝယ်ဖူးတယ် ။ ဒါတွေက ကျွန်တော့်ဟာ ကျွန်တော် အပျော်ပေါ့ ။

ကျွန်တော် တက္ကသိုလ် တက်ဖို့ ကျွန်တော့် အိမ်က ပိုက်ဆံ မထောက်နိုင်ဘူး ။ အစ်မက တစ်လ သုံးဆယ် ပေးတယ် ။

ဦးလေး နှစ်ယောက် ၊ အဒေါ် တစ်ယောက်က သုံးဆယ်စီ ပေးကြတော့ တစ်လ တစ်ရာ့နှစ်ဆယ် ရတယ် ။ အဆောင်ကြေး ကျောင်းလခ တစ်လ ၅၇ ကျပ် သွင်းပြီးရင် ကျန်တာ သုံးရုံပဲ ။

ကျွန်တော်တို့ ငယ်ငယ်က တွေ့ခဲ့ရတဲ့ ဆရာမက ဒေါ်အယ်နီဖွား ။ တကယ့် စည်းစနစ် နဲ့ လေ့ကျင့်ပေးတဲ့ ဆရာမ ။ ကျောင်းအုပ်က အီတလီမကြီး ။ အတန်းထဲမှာ မြေဖြူခဲ ကုန်ရင် ကျောင်းသားကို ရုံးခန်း သွား တောင်းခိုင်းတာ ။ လိမ္မာယဉ်ကျေးတဲ့ စကား အသုံးအနှုန်းနဲ့ ပြောပြီး တောင်းတတ်အောင် သင်ပေးတယ် ။

ဘွဲ့ရပြီးတော့ ကျွန်တော် အလုပ်ဝင်တယ် ။ မန္တလေးတက္ကသိုလ်ကို ရောက်တယ် ။ ရောက်တော့ ပါမောက္ခ ဒေါက်တာမောင်သိန်း က ပညာ ဆက်လေ့လာဖို့ အားပေးတယ် ။ ဆရာ့ ကျေးဇူးလည်း ကြီးပါတယ် ။

တက္ကသိုလ်မှာ ဆရာ လုပ်တော့ ကျွန်တော့် လခ နဲ့ မိဘ ကို ပြန်မထောက်နိုင်ဘူး ။ ရတဲ့ လခ မိဘကို ထောက် ၊ ကိုယ့်အတွက် စရိတ်က ပိုတာ ဓာတ်ပုံပစ္စည်း ဝယ်တယ် ။ ဓာတ်ပုံပစ္စည်း အဟောင်းလေးတွေ နဲ့ စပြီး တက္ကသိုလ် မှာပဲ main ရှေ့မှာ အောက်ဒိုးဓာတ်ပုံ ရိုက်ရတာ ။ ရတဲ့ ပိုက်ဆံ နဲ့ ရပ်တည်ရတာ ။

ကျွန်တော် Master ( မဟာသိပ္ပံဘွဲ့ ) လုပ်နေရင်း တန်းလန်းပဲ State schoolar ( အစိုးရ ပညာတော်သင် ) ပေါ်လာတာ ။ အင်္ဂလန် ကို သွားဖို့ အရွေးခံရတယ် ။ အောက်စဖို့ဒ်တက္ကသိုလ်မှာ ရေနံရှာဖွေရေး ဘူမိဗေဒ ဒီပလိုမာ စတက်ရတယ် ။

အဲဒီမှာ ဘာပါသလဲ ဆိုတော့ အမှတ် ကောင်းရင် မဟာသိပ္ပံ တက်ခွင့်ပြုသည်တဲ့ ။ နိုင်ငံခြား မသွားခင်မှာ အဲဒီတုန်းက ပညာရေး ဒုတိယဝန်ကြီး တာဝန် ယူနေရတဲ့ ဒေါက်တာမောင်ဒီ က ဒီ စာတန်းလေး ပါတယ်ကွ ကြိုးစားလို့ အားပေးလိုက်တယ် ။ ကျွန်တော် ဟိုရောက်တော့ အသေကြိုးစားတယ် ။ အင်္ဂလိပ်တွေရဲ့ သဘောထားက အလုပ် လုပ်တာကို ကြိုက်တယ် ။ စာသွားမေးရင် ကျွန်တော် ဒီလိုဒီလို လုပ်ထားတယ် ၊ result က မရဘူး ပြောတဲ့ အခါ ဆရာ က ဘယ်လို လုပ်လိုက် ၊ ဘယ်ဟာဖတ် ဆိုပြီး ထုတ်ပေးတာ ။ ကျွန်တော်နဲ့ အတူ တက်တဲ့ ပါကစ္စတန် က ဒါ မလုပ်တတ်ဘူးလို့ သွားပြောတော့ ဟိုက ဆဲလွှတ်တာ ။ ကျွန်တော် တို့ အလုပ် လုပ်တာ သိပ် သဘောကျတယ် ။ အမှတ် ကောင်းပါတယ် ။ ဆရာဒေါက်တာ မောင်ဒီ က မင်း အမ်အက်စီ ဆက်တက်တော့လို့ လှမ်းပြောတယ် ။

ကျွန်တော် ကျောင်း ရှာတော့ စကော့တလန် က Aberdeen မှာ တက်ခွင့်ရတယ် ။ အဲဒီ မြို့က တကယ့် ရေနံမြို့တော် ။ ဒီပလိုမာ လုပ်ပြီးထားတော့ အမ်အက်စီ အတွက် သိပ် မခက်ဘူး ။ သိပ် မခက်ဘူးသာ ပြောရတာ နေ့မအိပ် ညမအိပ် လုပ်ခဲ့ရတာ ။ မှတ်မှတ်ရရ ၁၉၈၇ စက်တင်ဘာ လောက် မှာ ပြီးတယ် ။

ကျွန်တော် luck မကောင်းတာ ကတော့ ဘယ်အလုပ် မဆို ဝီရိယ အကျိုးပဲ ခံစားရတာ ၊ ကံအကျိုး မခံစားရဘူး ။

ယူကေ က အမ်အက်စီ ရပြီး မန္တလေးတက္ကသိုလ် ကို ပြန်လာတယ် ။ အောင်လက်မှတ်ကို ဟိုက လူကြုံနဲ့ လှမ်းပို့တာ ။ သစ်တောက လူ ယူလာတာ တစ်နှစ်ကျော်မှ ကျွန်တော့် လက်ထဲ ရောက်တယ် ။ အောင်လက်မှတ် ပါရင် ရာထူးတန်း တက်ရမှာ ။ အဲဒီအချိန်မှာ ၁၉၈၈ အရေးအခင်း ဖြစ်တယ် ။ နောက် ကျွန်တော့်ကို မြစ်ကြီးနား ပို့ လိုက်တယ် ။ ကျွန်တော် တော်တော် စိတ်ပျက် သွားပြီး လုပ်လက်စ research ကို ပစ်ထားလိုက်တော့တယ် ။

မြစ်ကြီးနား မှာ နှစ်နှစ်ခွဲ လောက်နေပြီးတော့ ရန်ကုန် ပြောင်းရတယ် ။ ရန်ကုန် တက္ကသိုလ် သိပ္ပံသုတေသနဌာနကို ရောက်တယ် ။ တစ်နှစ်ခွဲ နှစ်နှစ်လောက် နေပြီး အလုပ်က ထွက်လိုက်တယ် ။

ဘူမိဗေဒ သူငယ်ချင်းတွေ ထောင်ထားတဲ့ Golden Express ကုမ္ပဏီမှာ မန္တလေး station မန်နေဂျာ လုပ်ပါလား ဆိုတာနဲ့  ဝင်လုပ်တယ် ။ ဟိုတယ် နဲ့ တိုးရ် လုပ်ငန်းပေါ့ ။ ခုထိ လုပ်နေဆဲပဲ ။

ကျွန်တော် နိုင်ငံခြားက ပြန်လာတော့ ပါလာတာလေး ထုခွဲပြီး မဟာမြိုင် ထဲမှာ မြေကွက်ကလေး ဝယ်ပြီး စိုက်ပျိုးရေး လုပ်တယ် ။

ပေ ၁ဝဝ x ပေ ၄ဝ ကို စနစ်တကျ အကွက်ချပြီး စိုက်တာ ။ ကင်ပွန်းပင် ရှိမယ် ၊ ဆူးပုတ်ရှိမယ် ၊ မာလကာ ၊ သပြေ ၊ နေရာ မလွတ်ဘူး ။ စံပယ်ပန်း ရှိတယ် ။ ပန်းတွေ ကို ပုဆိုးရေစို နဲ့ အထုပ်ကလေး ထုပ်ပြီး မနက် သုံးနာရီ လောက် မှာ ဖယောင်းတိုင်လေးနဲ့ သွား ရောင်းတာ ။ နိုင်ငံခြားက ပြန်လာခါစပေါ့ ။ ပထမ နှစ်ရက်လောက်မှာ ကျွန်တော် အလိမ်ခံရတယ် ။ ပန်းသည်တွေက ပန်းတွေ ယူပြီး နောက်နေ့ မှ ပေးမယ် ပြောတာ ။ သူတို့က ပျံကျဈေးသည် ။ နောက်ရက်ကျ မရှိတော့ဘူး ။ ဒါနဲ့ ကိုယ့် ဟာ ကိုယ်ပဲ ထိုင်ရောင်းတော့တယ် ။

တက္ကသိုလ် မှာ ဆရာ တစ်ဖက်က လုပ်ရင်း စိုက်ပျိုးရေး ဘာကြောင့် လုပ်သလဲ ဆိုတော့ မိဘတွေကို ပြန် ပေးချင်လို့ ။ မိဘတွေက မတောင်းပါဘူး ။ ဒါပေမဲ့ ကျွန်တော်က ပေးချင်တာ ၊ ကျွန်တော်တို့မှာ မောင်နှမ နှစ်ယောက်ပဲရှိတာ ။ အစ်မက မိဘတွေကို အနီးကပ် ပြုစု စောင့်ရှောက်ပေးတယ် ။

ကျွန်တော် အလုပ်ဝင်ဖို့ မန္တလေး လာတုန်းက အိပ်ရာလိပ်လေး တစ်ခုပဲ ပါတာ ။ အခု ကိုယ့်အိမ် ကိုယ့် ခြံဝင်းလေးနဲ့ နေနိုင်တာ မိဘကို စောင့်ရှောက်ခဲ့တဲ့ ကျေးဇူးကြောင့်လို့ ထင်တာပဲ ။

ငှက် နဲ့ ပတ်သက်ပြီး ဝါသနာပါတာ ပြောရရင် ခုနစ်နှစ်သား လောက်က ကြက်တူရွေး စ မွေးတယ် ။ အဖေက ဘာသာရေး တကယ် လုပ်တဲ့သူ ဆိုတော့ သတ္တဝါတွေ ညှဉ်းဆဲတာ မကြိုက်ဘူး ။ ကျွန်တော်က အကုသိုလ် အကျိုးပေးတယ် ထင်ပါရဲ့ ။ ( ရယ်လျက် ) ကိုးတန်း ဆယ်တန်း လောက်တုန်းက ကြက်မွေးတာ ။ ကျောင်းလခတို့ အဝတ်အစားဖိုးတို့ ရတယ် ။ အဖေက မကြိုက်ဘူး ။

ကျွန်တော်က ဆရာ ဖြစ်တဲ့ အထိ အခန်းထဲမှာ ကြက်တူရွေး ကို လှောင်ချိုင့် နဲ့ မွေးသေးတယ် ။ ကျွန်တော် အင်္ဂလန် ရောက်တော့ ကျွန်တော့် မိသားစု နဲ့ ခွဲနေရတယ် ။ အဲဒီတုန်းက ဆက်သွယ်ရေး မကောင်းတော့ လုံးဝ contect ပြတ်တယ် ။ စာရေးရင် ၄၅ ရက် ကြာတယ် ။ ရတဲ့ ထောက်ပံ့ကြေးက ပေါင် ၃၃ဝ ရတယ် ၊ စရိတ်က ပေါင် ၈ဝ လောက်ပဲ ကုန်တယ် ။ ကြိုက်ရာ စား ၊ ကြိုက်သလောက် စား ။ အဲဒီတော့ ကိုယ့်ကိုယ် ကိုယ် ငါဟာ ရွှေလှောင်ချိုင့်ထဲ နေရတဲ့ ငှက် လိုပဲ ။ နောက် ငှက် မမွေး တော့ဘူး ။

ကျွန်တော် နေတဲ့ ခြံ ထဲမှာ ဘွတ် က အသိုက် လုပ်ပြီး ဥဥတယ် ။ ဒါကို နေ့စဉ် မြင်တွေ့နေပြီး ဓာတ်ပုံ ရိုက်တယ် ။ အဲဒါက စတာပဲ ။

ခက်ခက်ခဲခဲ လုပ်ခဲ့ရတာလေးတွေ ပြန် ပြောရရင် ကြိုးကြာ ဓာတ်ပုံရိုက်ဖို့ မန္တလေး ကနေ စစ်ကိုင်း မင်းဝံတောင် ဟိုဘက် ပဒူရွာ ထိအောင် ဆိုင်ကယ်နဲ့ သွားရတာ ။ ဘယ်လောက် လမ်းကြမ်းသလဲ ဆိုရင် ဆိုင်ကယ် ရှေ့မှာ ချိတ်ထားတဲ့ ကြွပ်ကြွပ်အိတ်ဟာ ဆိုင်ကယ်ဆောင့်လို့ ပေါက်ပြီး ထွက်ကျတယ် ။ ကြိုးကြာ က သိပ်အနား ကပ်လို့ မရဘူး ။ သူ့ Safety zone က ပေ ၅ဝဝ လောက် ထားတယ် ။ အဲဒါထက် နီး ရင် ထပျံတာ ။ ကပ်နိုင် သလောက် ကပ်ပြီး ရိုက်တာ ။ လူလုံး ပြလိုက်ရင် ထပျံတယ် ။ ဒါကို ရိုက်တယ် ။

၂၀၀၈ ဇန်နဝါရီ တုန်း က တောင်သမန်အင်း မှာ ဗျိုင်းတွေ ပျံတာ သွားရိုက်တယ် ။ ရိုက်ထားတဲ့ ပုံတွေ ကွန်ပျူတာထဲ ပြန်ကြည့်တော့ ဆောင်းခိုငှက် ဒေါင်းလန်း ခြေထောက်တွေ ကို တွေ့တယ် ။ စင်ရော်တွေ လည်း ပါတယ် ။ ဒါနဲ့ မနက်ပိုင်း ၊ နေ့လယ်ပိုင်း ၊ ညနေပိုင်း စောင့်ပြီး ဓာတ်ပုံ ရိုက်တယ် ။

အားတဲ့ အချိန်လေး တောင်သမန် ကို သွားသွား ချောင်းနေတာ ။ ဆောင်းခိုငှက်တွေ တွေ့တယ် ။ စွန်တွေ လည်း လာတယ် ။ ဒီကောင်တွေ တစ်ခါတလေ သုံးလေး ရက်ပဲ နေပြီး ရွှေ့ပြောင်းသွားတယ် ။

ငှက်တွေ ဓာတ်ပုံရိုက်ဖို့ သရီးကွာတား ဘောင်းဘီတိုနဲ့ ရေထဲ ရွှံ့ထဲ ဆင်းရတာ ။ တစ်ခါတလေ ငြောင့်စူးတယ် ။ ဖိနပ်လည်း စီးလို့ မရဘူးလေ ။ ရွှံ့ အလိမ်းလိမ်း နဲ့ အိမ်ပြန်လာရင် မိန်းမက တော်တော် စိတ်ပျက်တာ ။ ဒါပေမဲ့ ငှက် အသစ်အဆန်း တစ်ကောင် တွေ့လို့ မိန်းမ လာကြည့်စမ်း လာကြည့်စမ်း ဆိုရင် သူလည်း စိတ်ဝင်စားတာ ။ ငှက်မျိုးသစ် တွေ့တဲ့ အခါ ပျော်တာပေါ့ဗျာ ။ ဥပမာ ဝတ်ရည်စုပ်ငှက် တစ်မျိုး တွေ့ထားတယ် ။ မြန်မာနိုင်ငံမှာ မှတ်တမ်းတင် ထားပြီးသားထဲ ပါ ၊ မပါ သေသေချာချာ စိစစ်နေပါတယ် ။

ကျွန်တော် အသက် ၆ဝ ရောက်တော့ နောက်ကို ပြန်ကြည့်တယ် ။ ဖြတ်သန်း လာခဲ့တာ ခဏလေးပဲ ။ နောက် နေရမဲ့ သက်တမ်းကို မှန်းကြည့်တယ် ။ မြန်မာ သက်တမ်းအရ ၇ဝ ပဲ ။ ဒီ ကြားထဲမှာ လောဘ ဒေါသ မောဟတွေနဲ့ နေမလား ၊ နေရတော့မဲ့ အချိန်ပိုင်းလေးကို ကောင်းကောင်း နေမလား ။

ကျွန်တော့်အပေါ် ရန်ပြုဖူးတဲ့ လူတွေက အစ ကောင်းကောင်းမွန်မွန် ဆက်ဆံတယ် ။ ဘာ ထူးခြားလဲ ။ ညမှာ ကောင်းကောင်း အိပ်ပျော်တယ် ။

⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ အဖုံဖုံ

No comments:

Post a Comment