❝ သလဲဘုရင် ❞
( ပုံပြင် )
တစ်ခါတုန်းက ရွာတစ်ရွာမှာ “ အင်တာ ” ဆိုတဲ့ သူဆင်းရဲ တစ်ယောက် ရှိသတဲ့ ။ သူဟာ ဘယ်လောက်များ ဆင်းရဲလိုက်သလဲ ဆိုရင် တစ်လောကလုံးမှာ သူပိုင်တဲ့ ဥစ္စာပစ္စည်း ရယ်လို့ သလဲပင် တစ်ပင်သာ ရှိသတဲ့ ။ ဒါကြောင့်မို့ အင်တာဟာ ဒီသလဲပင်ကို အမြတ်တနိုးပြုစု ပျိုးထောင်ပြီး အရိပ်တကြည့်ကြည့်နဲ့ နေတာပဲတဲ့ ။
သလဲပင်က သလဲသီးတွေ မှည့်ချိန် ရောက်ပြီလား ဆိုမှဖြင့် အင်တာဟာ သူ့အသီးတွေ လူခိုးမှာ စိုးလို့ အပင်ခြေရင်းမှာ ထိုင်ရင်း နေ့ရောညပါ မအိပ်မနေ စောင့်ရှာသတဲ့ ။ ဒီလို စောင့်ကြပ်နေတဲ့ အထဲကတောင်မှပဲ သူလစ်ရင် လစ်သလို ကလေးတွေက ဝင်အုပ်သေးတာဆိုပဲ ။ ဒီလို သူ့အလစ်မှာ ဝင်ခူးနေတုန်း အင်တာက မိသွားရင် ဘယ်တော့မှ ချမ်းသာပေးလေ့ မရှိဘူး ။ မှတ်လောက် သားလောက်အောင် ကောင်းကောင်းကြီး ဆော်ပလော်တီးပစ်တာပဲတဲ့ ။ ဒီလို လက်သံ ပြောင်လွန်းလို့လည်းပဲ ကလေးတွေက သူ့ကို “ သလဲဘုရင်ကြီး ” လို့ နောက်ပြောင် သမုတ်ကြတယ်ဆိုပဲ ။ ဒါနဲ့ တစ်စတစ်စ လူကြီးတွေပါ လိုက်ပြီးတော့ သူ့ကို သလဲဘုရင်ကြီးလို့ ခေါ်ကြတာ ရွာနီးချုပ်စပ်မှာ သလဲဘုရင် ဆိုရင် မသိတဲ့လူ မရှိသလောက်ပဲတဲ့ ။
တစ်ခါတော့ သလဲသီးတွေ မှည့်ချိန်မှာ အင်တာဟာ ဒရဝမ်လို ဒုက္ခခံ ပြီးတော့ စောင့်ကြပ်နေတုန်း တစ်ညမှာ အိပ်ပျက်ရတဲ့ ရက်ပေါင်း ကလည်းများတော့ တစ်မှေးလောက် ငိုက်မိတယ် ဆိုရင်ပဲ နိုးလာတော့ သူ့အသီးတွေဟာ တစ်ဝက်လောက် လျော့နေတာ တွေ့ရတယ်တဲ့ ။ အင်တာ ခမျာမှာ သူအမြတ်နိုး အရိပ် တကြည့်ကြည့်နေတဲ့ အသီးတွေ အခိုးခံရတော့ သိပ် စိတ်ဆိုးတာပေါ့ ။ ဒီသူခိုး ကိုတော့ မိအောင် ချောင်းဖမ်းပြီးတော့ အသေကို သ,တ်ပစ်မယ်လို့ ဆုံးဖြတ်ချက် ချသတဲ့ ။
ဒါနဲ့ နောက်ညကျတော့ သစ်ပင်ရင်းမှာ အိပ်ပျော်ယောင် ဆောင်ပြီး ချောင်းနေတုန်း သန်းခေါင်လောက်ကျတော့ ဝင်းထရံပေါ် မဲမဲသဏ္ဌာန် တစ်ခုဟာ အသာ လျှောဆင်းပြီး သလဲပင်ဆီကို တဖြည်းဖြည်း သွားလာနေတာ တွေ့ရသတဲ့ ။ အင်တာက အနားရောက်လို့ မျက်စိ တစ်ဖက်ကို အသာကလေး ဖွင့်ကြည့်တော့ မြေခွေး တစ်ကောင် ဖြစ်နေတာ တွေ့ရတယ်တဲ့ ။ မြေခွေး ကတော့ အင်တာ အိပ်ပျော်နေတယ် အောက်မေ့လို့ စိတ်ချလက်ချ သလဲသီးကို ခူးမယ် လုပ်တုန်း ဗြုန်းဆို အင်တာက လှမ်းပြီးတော့ ဖမ်းလိုက်တာ အမြီး ကိုသာ မိသတဲ့ ။ ဒါကို မြေခွေး က ဆောင့်ရုန်း လိုက်တော့ လွတ်ထွက်သွားတာပေါ့ကွယ် ။ အင်တာရဲ့ လက်ထဲ မှာတော့ မြေခွေး ရဲ့ အမွေးတစ်ဖုတ်သာ ကျန်ရစ်သတဲ့ ။ သေသေချာချာ မိလိုက်ရဲ့သားနဲ့ လွတ်သွားရကောင်း လားဆိုပြီး အင်တာ ကတော့ ပိုပြီး အခဲမကျေ မဲမပြေ ဖြစ်တော့တာပေါ့ ။ ဒီအကောင်က ဘယ်လို အမိဖမ်းရမယ် ဆိုတာ သူ့အိမ်နီးချင်း အဘိုးအို တစ်ယောက်နဲ့ တိုင်ပင်သတဲ့ ။ အဘိုးအိုက မြေခွေးဆိုတဲ့ သတ္တဝါဟာ အင်မတန် လျင်မြန်ပြီး ကောက်ကျစ်စဉ်းလဲတာမို့ သူ့ကိုမိအောင် ဖမ်းနိုင်ဖို့ရာ သူကဲ့သို့ ပါးနပ်မှသာ မိနိုင်မယ် ။ ဒါကြောင့် ခြံစည်းရိုး တစ်လျှောက်မှာ ကတ္တရာစေး တွေကို လောင်းထားတော့လို့အကြံပေးလိုက်လေတော့သည် ။
အင်တာလည်း အဘိုးအိုရဲ့ အကြံအတိုင်း ပြုလုပ်ပြီးတော့ မြေခွေးကို စောင့်ဖမ်းတာပေါ့ ။ မြေခွေးကလည်း အပါးပဲ ။ ဘာရမလဲ ... နှစ်ရက် ၊ သုံးရက်လောက် မလာဘဲနေသတဲ့ ။ အဲ သူ့ကို မေ့လောက်ပြီ ဆိုတဲ့ ညကျမှ သလဲပင် ရှိရာကို အသာ ချွတ်နင်းပြီး ဝင်ခဲ့သတဲ့ ။ ဒါပေမဲ့ သူ့ခမျာ ကံဆိုးတော့ အင်တာရဲ့ ကတ္တရာ ထောင်ချောက်မှာ မှောက်ရက်လဲရတော့တာပေါ့ ။ ကတ္တရာစေး ဆိုတာကလည်း ကပ်မိရင် ခွာမရ ပြုမရနဲ့ လှုပ်လေမြုပ်လေနေတော့ နောက်ဆုံးမှာ မြေခွေးဟာ ဘယ်လိုမှ ရုန်းမလွတ်တော့တာနဲ့ အညံ့ခံလိုက်ရသတဲ့ ။
ဇွဲနဘဲကြီးနဲ့ စောင့်နေတဲ့ အင်တာကလည်း သူ့ရန်သူကို မိပြီ ဖြစ်တော့ ဝမ်းသာအားရ ဓားကြီး တဝင့်ဝင့်နဲ့ အသေသ,တ်ဖို့သာ ပြင်တော့တာပဲပေါ့ ။ ဒါပေမယ့် မြေခွေးက အင်မတန် ပါးနပ်လေတော့ အင်တာကို တနည်းနည်းနဲ့ လာဘ်ထိုးပြီး သူ့အသက်ကို ချမ်းသာပေးဖို့ တောင်းပန်ရမှာပဲလို့ အောက်မေ့သတဲ့ ။ ဒါနဲ့ အင်တာက သူ့ကို သ,တ်တော့မယ်လို့ အနားရောက်တော့ မြေခွေးက “ မိတ်ဆွေ ... ဓားကြီးကို ခဏချထားပြီး ကျွန်ုပ် ပြောမယ့် စကားလေး တစ်ခွန်းကို နားထောင်စေချင်တယ် ။ ပြီးတော့မှ သဘောရှိ လုပ်ပါတော့ ” လို့ ပြောသတဲ့ ။ အင်တာ ကလည်း သူ့ရန်သူကို ဆုံးမချင်နေတာ လက်က ယားနေပြီမို့ ...
“ မြန်မြန်ပြော ... ကြာကြာ မဆိုင်းနိုင်ဘူး ” လို့ ဆိုသတဲ့ ဒီတော့ လူပျိုကြီး အင်တာရဲ့ အကဲကို ခတ်နေတဲ့ မြေခွေးက ..
“ သလဲဘုရင်ကြီး ... သင့် သစ်သီးတွေကို ကျွန်ုပ် ခိုးယူမိတာ မှန်ပါတယ် ။ သို့သော် သင့် သစ်သီးတွေ အစား သမီးကညာ တစ်ယောက် အစားလျော်၍ ပေးပါမယ် ။ ကျွန်ုပ်ကို လွှတ်ပါ ” လို့ဆိုသတဲ့ ။ ဒါပေမယ့် အင်တာ ကတော့ သူ့ တစ်ဝမ်းတစ်ခါတောင်မှ အနိုင်နိုင် ကျောင်းနေရတဲ့ လူကလား ။ ဒါကြောင့် ခေါင်းကို သွက်သွက်ကြီး ခါလိုက်ပြီးတော့ ...
“ မိန်းမတွေ ဘာတွေ ရှုပ်ရှုပ်ယှက်ယှက် တယ် ... မလိုချင်ဘူး ။ သင့်အရေကိုပဲ ငါ ဆုတ်ချင်တယ် ။ ကဲ ... စကားများမနေဘဲ သေဖို့သာပြင်ပေတော့ ” လို့ပြန်ပြောသတဲ့ ။ ဒီတော့ မြေခွေးက ကပျာကယာ လက်ဝါးကလေး ကာပြီး ...
“ အို မိတ်ဆွေ ... ကျုပ် အလျော်ပေးမယ့် သမီးကညာမှာ သာမည မဟုတ် သင် လုပ် ကျွေးစရာလည်း မလို ၊ ပျိုရွယ်နုနယ် ချစ်စဖွယ်ကြွယ်ဝသောဘုရင့်သမီးတော် စင်စစ်ဖြစ်တယ် ” လို့ ဆိုတော့ အင်တာလို ချူးတစ်ပြားမှ မကပ်တဲ့ သူဆင်းရဲ အဖို့ ဒီလို သမီးကညာမျိုးကို ငြင်းနိုင် စွမ်း ရှိပါတော့မလား ။ ဒါနဲ့ နှစ်ဦးသဘောတူ မြေခွေးကို တစ်လ အတွင်း ဘုရင့်သမီးတော် အရ ကြံဆောင်ပေးပါ့မယ် ဆိုတဲ့ ကတိဝန်ခံချုပ်နဲ့ လွှတ်လိုက်သတဲ့ ။
မြေခွေးကလည်း မနီးမဝေးမှာ ရှိတဲ့ မြို့ကြီး တစ်မြို့က ရှင်ဘုရင်ကြီး တစ်ပါးဆီ သွားပြီး ဝတ်ရုံတစ်ထည်ကို ငှားပါလို့ လျှောက်သတဲ့ ။ ဒါနဲ့ အဲဒီ ဘုရင်အိုကြီးက ဘယ်သူက ငှားခိုင်းသလဲ ။ ဘယ်လို အကြောင်းကြောင့်လဲလို့ မေးသတဲ့ ။ ဒီတော့ မြေခွေးက ဒီဘုရင်အိုကြီး ဆီမှာ အလွန်လှပသော ကတ္တီပါနက် ဝတ်ရုံတစ်ခု ရှိတယ်ဆိုတာရယ် ။ ဒီဘုရင်ကြီးဟာ သူ့ ဝတ်လဲတော်တွေကို အင်မတန် ခုံမင်နှစ်သက်တယ် ဆိုတာတွေရယ် ။ စုံစမ်းလို့ သိထားလေတော့ ဒီဘုရင်အိုကြီး အကြိုက် လျှောက်တင်သတဲ့ ။
“ အရှင်ဘုရား၏ ကတ္တီပါ အနက်ပေါ်တွင် ပုလဲဖြင့် ဖောက်၍ ချုပ်လုပ်ထားအပ်သော ဝတ်ရုံတော်သည် အလွန် လှပကြောင်း သတင်းပျံ့နှံ့၍ နေပါသည် ။ ထိုဝတ်ရုံကို ကျွန်တော်မျိုး၏ အရှင်သခင် ဖြစ်တော်မူသော သလဲဘုရင်မင်းမြတ်က ရှုစားတော်မူလို၍ လာရောက် ငှားရမ်းရပါသည် ”
ဒီတော့ ဘုရင်အိုကြီး ကလည်း သူအင်မတန် ခုံမင်နှစ်သက်တဲ့ ဝတ်ရုံတော်များကို သည့်ပြင် ဘုရင်များ ကတောင်မှ လှတယ်လို့ အချီးမွမ်း ခံရတော့ အင်မတန် ဝမ်းမြောက်ဝမ်းသာ ဖြစ်သတဲ့ ။
အင်တာကို လူတွေက နောက်ပြောင်ပြီး “ သလဲဘုရင် ” လို့ ခေါ်တာဟာ ဒီရှင်ဘုရင်ကြီးရဲ့တိုင်းပြည်အထိ သဲ့သဲ့ သတင်းက ရောက်တော့ ဒီဘုရင်ကြီး ကလည်း ... သလဲဘုရင် ဆိုတာ တကယ့် ဘုရင်တစ်ပါး ပဲလို့ အောက်မေ့သတဲ့ ။ ဒါနဲ့ပဲ သူ့ ဝတ်ရုံကို ငှားလိုက်တယ် ။
မြေခွေးဟာ အဲဒီ ဝတ်ရုံမှာ ရှိတဲ့ အိတ်ထောင်တွေကို သူ ဟိုက ဒီက ခိုးလာတဲ့ ကျောက်သံ ပတ္တမြား ၊ ပုလဲ စသည်တို့ကို ထည့်ပြီး သုံးလေးရက် ကြာတော့ ပြန်ပို့သတဲ့ ။ ဘုရင်ကြီးရဲ့ ရှေ့မှောက်လည်း ရောက်ရော ။ ဝတ်ရုံကို ဇောက်ထိုး ၊ ပြောင်း ကိုင်လိုက်တော့ အိတ်ကပ်တွေထဲက ကျောက်သံပတ္တမြားတွေဟာ အကုန် လိမ့်ဆင်းလာတာပေါ့ ။ ဘုရင်ကြီးရဲ့ မောင်းမမိဿံတွေကလည်း ပျံ့ကြဲနေတဲ့ ရတနာတွေကို ဝမ်းပန်းတသာ လုကောက်ကြတာပေါ့ ။ ဒီတော့ မြေခွေးက အံ့အားသင့်တဲ့ မျက်နှာနဲ့ ...
“ အို ... ဘာကြောင့် ဒါတွေကို လုကောက် နေကြရတာလဲ ... ဒါတွေဟာ ကျွန်ုပ် ဘုရင်မင်းမြတ်တော်သုံးနန်းတော်မှာ လမ်းခင်းထားတဲ့ သလဲတွေပဲ ” လို့ ဆိုသတဲ့ ။ ဒီလို ပြောလိုက်တာ ဘုရင်ကြီးက ကြားတော့ ... သလဲဘုရင် ကို သိပ်အထင်ကြီး သွားတော့တာပေါ့ ။ အင်မတန် အဖိုးတန်တဲ့ ကျောက်မျက်ရတနာတွေကိုတောင် လမ်းခင်းနိုင်တယ် ဆိုတာ အင်မတန် ချမ်းသာလို့ပဲလို့ အောက်မေ့တယ် ။ သူ့ရဲ့ သမီးတော်သုံးပါး ထဲက တစ်ပါးပါးနဲ့ ပေးစားရကောင်းမှာပဲလို့ကြံစည်ပြီးတော့ ...
“ အသင်မြေခွေး ... ငါ ဘုရင်မင်းမြတ်ဟာ အသက်ကြီးပြီ ။ ဒါကြောင့်မို့ သင်၏ ဘုရင် ကဲ့သို့သော ကြွယ်ဝသည့်သူကို ငါ၏ သမီးတော် တစ်ပါးပါးနှင့် လက်ဆက်ပေးလျှင် ကောင်းလေစွ ” လို့ ပြောသတဲ့ ။
ဒီတော့ မြေခွေးက “ အရင်လိုတော် မမူပါနှင့်ဦး ။ ကျွန်ုပ် ဘုရင်မင်းမြတ်၏ ဆန္ဒ မည် ကဲ့သို့ရှိမည်ကို အရင် စုံစမ်းပါဦးမည် ” လို့ ခပ်တည်တည် ပြောခဲ့သတဲ့ ။
အင်တာ ဆီကို ပြန် ရောက်တော့မြေခွေးက ...
“ ကဲ ... အားလုံးစီစဉ်၍ ပြီးခဲ့ပြီ ။ ကျွန်ုပ်နှင့် လိုက်ခဲ့ပေတော့ ” လို့ခေါ်သတဲ့ ။
ဒီတော့ အင်တာက “ ဟာ ... ဤကဲ့သို့ စုတ်စုတ်ရပ်ရပ်နဲ့ ဘယ်ကဲ့သို့ ရှင်ဘုရင် ရှေ့ တော်မှောက် ဝင်ရောက်ရမည်နည်း ” လို့ ဆိုသတဲ့ ။ မြေခွေး ကလည်း “ ဤအတွက် ကျွန်ုပ် တာဝန်သာ ထားပါ ။ သင်သာ ကျွန်ုပ် ပြောသည့်အတိုင်း တသွေမတိမ်း လုပ်ပါ ” လို့ ဆိုပြီး အင်တာ ကို ခေါ်သတဲ့ ။ ဒါနဲ့ မြို့မရောက်မီ မြစ်ကြီး တစ်ခုကို ရောက်တော့ မြေခွေးက ...
“ ကဲ ... မိတ်ဆွေ ... ဒီမြစ်ထဲ ခေါင်းပေါ်ရုံ ဆင်းပြီးနေပါ ။ ကျွန်ုပ် အစီအစဉ် ပြီး၍ အချက်ပြလိုက်မှ တက်လာပါလို့ ” မှာခဲ့ပြီး မြို့ဆီကို ပြေးသတဲ့ ဘုရင်ကြီးရဲ့ ရှေ့တော်မှောက် ရောက်တော့ မောကြီးပန်းကြီးနဲ့ ...
“ အရှင်မင်းကြီး ... အရှင်မင်းကြီးရဲ့ သမီးတော်ကို တောင်းရမ်းလက်ထပ်ရန်အလို့ငှာ ကျွန်ုပ်၏ ဘုရင်မင်းမြတ်သည် ကုလားအုပ် အကောင် လေးဆယ်ဖြင့် ရွှေ ၊ ငွေ ကျောက်မျက် ရတနာများကို တင်ဆောင်လျက် မြစ်ကို ဖြတ်ကူးရာတွင် ရေစီး သန်လွန်းသောကြောင့် ကုလား အုပ်များနှင့် တကွ ပစ္စည်းပါ ရေမျော၍ ကုန်ပါပြီ ။ ကျွန်ုပ်၏ ဘုရင် ကိုယ်တော်မြတ် ပင်လျှင် နစ်မြုပ်လုနီးပါး ဖြစ်ရာတွင် ကျွန်ုပ် ကယ်ဆယ်ခဲ့ရသည် ။ ရေတိုက်စား၍ စုတ်ပြတ်ကုန်ပေပြီ ” လို့လျှောက်ထားသတဲ့ ။
ဒီတော့ ရှင်ဘုရင်ကြီး ကလည်း ဒီလို ကြွယ်ဝတဲ့ ဘုရင်က သူ့သမီးတော်ကို ထိမ်းမြား လက်ထပ်ရန် လာတယ် ဆိုတော့ ဒီကုလားအုပ် လေးဆယ်နဲ့ ပစ္စည်းလောက်တော့ ဘာအရေးလဲ ။ နောက်ဆိုရင် ရှိသမျှ အကုန် ရပြီ မဟုတ်လား ။ ဒီတော့ ... “ အို ... ဒီပစ္စည်းတွေက ကိစ္စမရှိပါဘူး ။ မောင်မင်းရဲ့ ဘုရင်မင်းမြတ်အအေးမိမှာသာ စိုးရိမ်ရပါတယ် ။ ကဲ ... လာလာ .. မြန်မြန် သွားကြမှ ဖြစ်မယ် ” ဆိုပြီး အင်တာ အတွက်ပါ ဝတ်လဲတော် အစုံအလင် ယူပြီးတော့ သလဲဘုရင်ကြီးကို ဗိုလ်ပါအပေါင်းနဲ့ အကြိုတော် ထွက်ခဲ့ကြတယ်တဲ့ ။ ခဏကြာတော့ အင်တာ ဟာ မင်းဝတ်တန်ဆာ ငါးပါးနဲ့ မြင်းပေါ်မှာ စမတ် ကျကျ ထိုင်ပြီး နန်းတော် ထဲကို ဝင်လာရောဆိုပဲ ။
နောက်တစ်နေ့ မှာပဲ အင်တာကို ရှင်ဘုရင်ကြီးက သူ့ရဲ့ သမီးတော် အငယ်ဆုံးနဲ့ ထိမ်းမြားပေးလိုက်သတဲ့ ။ လက်ထပ်ပြီးတော့ အင်တာ က မြေခွေး ကို ခေါ် ပြီးတော့ပြောတယ် ။
“ ကဲ ... အသင် မြေခွေး ဘုရင်၏ သမီးတော် ကိုတော့ ရပါပြီ ။ သင့်ကိုလည်း ကျေးဇူး တင်ပါတယ် ။ သို့သော် ... ကျွန်ုပ် ဒီမှာပဲ တစ်သက်လုံး နေမည်မဟုတ် ။ ရှင်ဘုရင်ကြီးက သူ့ သမီးတော်ကို ကျွန်ုပ်၏ အိမ်ခေါ်သွားပါပြောလျှင် ဘယ့်နှယ့် လုပ်မည်လဲ ။ အဲဒီလိုဆိုရင်တော့ ငါတို့ကိစ္စ အားလုံး ပေါ်ကုန်တော့မှာပဲ ” လို့ ညည်းညူရှာသတဲ့ ။ ဒီတော့ မြေခွေးက ...
“ ဒီအတွက် ဘာမျှ ပူပင်သောက ဖြစ်မနေပါနှင့် ။ ဒီမှာနေစဉ် ဣန္ဒြေမပျက် ပျော်ပျော်ရွှင်ရွှင်နေပါ ။ သွားရမည့် အချိန်တန်တော့ ကျွန်တော် ဆောင်ရွက်ပါမည် ” လို့ ပြောသတဲ့ ။ များမကြာမီပဲ ရှင်ဘုရင်ကြီးက သူ့ဗိုလ်ပါ အပေါင်းပါ ခေါ်ပြီး အင်တာနဲ့ သမီးတော်ကို ပြည်တော်ပြန် လိုက်ပို့ဖို့ စီစဉ်သတဲ့ ။ ဒီအခါမှာ မြေခွေးက အင်တာ ဆီ လာပြီး ရှေ့အဖို့ သူ့တာဝန်ထား ဆိုပြီး ရှေ့ဆုံးကနေ ပြေးသတဲ့ ။ ဒီလို ပြေးရင်းနဲ့ ဝန်တင်ကုလားအုပ် တစ်စုနဲ့ ကုန်သည်တွေ တွေ့တော့ မြေခွေးက “ ပြေးကြပြေးကြ ၊ ဟိုမှာ စစ်တပ်ကြီး တစ်တပ် ချီတက်လာနေပြီ ... ။ အဲဒီ စစ်တပ်က တွေ့ကရာ သက်ရှိ သတ္တဝါတွေကို လိုက် သတ်ဖြတ်နေကြသည် ။ ငါတောင် မနည်းလွတ်အောင် ပြေးလာသည် ” လို့ ပြောသတဲ့ ။ ဒီတော့ ကုန်သည်တွေ ကလည်း မြေခွေး ညွှန်ပြရာသို့ ကြည့် လိုက်တော့ ဖုန်တထောင်းထောင်းနဲ့ ချီတက်လာနေတဲ့ စစ်တပ်ကို တွေ့တာနဲ့ ကြောက်လန့်ပြီး “ အို ... မြေခွေး စစ်တပ်က နီးလှပြီ ။ ပြေး၍ လွတ်တော့မည် မထင်ပါ ။ အဘယ်ကဲ့သို့ အသက် ချမ်းသာအောင်ကြံဆောင်ရမည်နည်း ” လို့မေးတော့ မြေခွေးက ...
“ ဒီလိုဆိုရင် သူတို့ ရောက်လာတော့ ဒီပစ္စည်းတွေဟာ ဘယ်သူ့ ပစ္စည်းတွေလည်းလို့ မေးလျှင် သင်တို့က အင်တာဘုရင်ခေါ် သလဲဘုရင်ကြီး ပိုင်ဆိုင်သော ပစ္စည်းများ ဖြစ်ပါတယ်လို့ ပြော ။ သင်တို့ အသက် ချမ်းသာရာရလိမ့်မယ် ”
ဘုရင့်တပ်မတော် ရောက်လာတော့ ကုလားအုပ် ဝန်တင် အမြောက်အမြားကို တွေ့တာနဲ့ “ ဒီလောက် များတဲ့ ကုလားအုပ်နဲ့ ပစ္စည်းတွေဟာ ဘယ်သူ့ ပစ္စည်းတွေပါလိမ့် ” လို့ ဘုရင်ကြီးက မေးသတဲ့ ။ ဒီတော့ ကုန်သည်တွေက မြေခွေး သင်ထားတဲ့ အတိုင်း အင်တာဘုရင် ခေါ် သလဲ ဘုရင်မင်းမြတ်ရဲ့ ပစ္စည်းများ ဖြစ်ကြောင်း လျှောက်ကြတော့ ရှင်ဘုရင်ကြီးဟာ သူ့သမက်တော် တော်တော် ချမ်းသာပါကလားလို့ ပီတိသောမန ဖြစ်တယ်ဆိုပဲ ။ ဒါနဲ့ ရှေ့ဆက် သွားကြရော ။ မြေခွေး ကလည်း ဆက်ပြီးပြေးရင်း အင်မတန် လှပတဲ့ မြင်းတွေကို ဝယ်လာကြတဲ့ မြင်းကုန်သည် တစ်စုနဲ့ တွေ့ ပြန်ရော ။ ဒါနဲ့ စောစောကလိုပဲ မြေခွေးက ကြောက်လန့် တကြား ချောက်ပြန်တာပေါ့ ။ ကုန်သည်တွေ ကလည်း ဖုန်တထောင်းထောင်နဲ့ ချီတက်လာတဲ့ စစ်တပ်ကြီးကို တွေ့တော့ ...
“ အို ... စစ်တပ်ကလည်း နီးလှပြီ ... ဒို့တွေ မပြေးသာတော့ဘူး ။ အသ,တ် မခံရအောင် ဘယ်လိုလုပ်ရပါ့မလဲ ” လို့ ညည်းညူကြတော့ မြေခွေးက ဒီလိုဆိုရင် “ ဒီမြင်းတွေဟာ အင်တာ ခေါ် ၊ သလဲဘုရင်ရဲ့ မြင်းတွေလို့ ပြော ” လို့ ဆိုပြီးရှေ့ဆက် ပြေးလာပြန်ရော ။
ဘုရင့်တပ်မတော် ရောက်လာပြန်ရင်ပဲ ဘုရင်ကြီးဟာ အင်မတန် ချောပြီး ခိုင်ခံ့ ထွားကျိုင်းတဲ့ မြင်းကြီးတွေ ထောင်လိုက် တွေ့ရပြန်တော့ .. ဒီလောက်လှတဲ့ မြင်းတွေက ဘယ်သူ့ မြင်းတွေလဲလို့ မေးတယ် ။ မြင်းကုန်သည်တွေက သလဲဘုရင်မင်းမြတ်ရဲ့ မြင်းများ ဖြစ်ကြောင်း လျှောက်ထားကြသတဲ့ ။ ဘုရင်ကြီး သမက်တော်ကို အထင်ကြီးခြင်းဟာလည်း အထွဋ်အထိပ် ရောက်ရောဆိုပဲ ... ။
မြေခွေးဟာ ပြေးရင်းလွှားရင်းနဲ့ မြို့တစ်မြို့ရောက်လာတော့ အဲဒီက ရှင်ဘုရင်ရဲ့ နန်းတော်ကို ဝင်ပြီး နန်းတော် ထဲမှာ တောင်သွားမြောက်သွားနဲ့ ယောက်ယက်ခတ်နေတုန်း ရှင်ဘုရင်က ရောက်လာသတဲ့ ။
“ အလို ... ဘယ်က မြေခွေး ပါလိမ့် ... ယောက်ယက်ခတ်လှချည်လား ... ဘာများ ဖြစ်လို့လဲ ” လို့ မေးတော့ မြေခွေးက ...
“ အရှင် ... ဧရာမ စစ်တပ်ကြီး တစ်တပ်ကို ဘုရင်နှစ်ပါးက အုပ်ချုပ်ပြီးသော အရှင့် မြို့တော်ကို သိမ်းပြီး အရှင့်ကို သ,တ်ရအောင် ချီတက်လာနေပါပြီ ။ ဒါကို ကျွန်တော်မျိုး သတိပေး ရအောင်လာတာပါ ” လို့ ပြောသတဲ့ ။ ဘုရင်ကလည်း နန်းတော် ပြတင်းပေါက်က လှမ်းကြည့်တော့ လှိမ့်တက်လာတဲ့ ဖုန်လုံးကြီးတွေကို မြင်တော့ တကယ်ပဲ အောက်မေ့ပြီး ကြောက်လန့်နေရှာတာပေါ့ ။ ဒီတော့ မြေခွေးက “ အရှင် ... ဟောဟိုက မီးဖိုမှာ ဝင်ပြီးတော့ ပုန်းနေပါ ... အရှင့် ပေါ်မှာ ထင်းတုံးတွေ စုပုံတင် ထားလိုက်ရင် သူတို့ အရှင့်ကို မြင်နိုင်မယ် မဟုတ်ပါ ” လို့ ပြောသတဲ့ ။ ရှင်ဘုရင် ကလည်း ကြံရာမရ ဖြစ်နေတော့ မြေခွေး ပြောတဲ့အတိုင်း လုပ်ရရှာတာပေါ့ ။ မြေခွေး ကလည်း ရှင်ဘုရင်အပေါ်ကို ထင်းတုံးကြီးတွေနဲ့ ဖိပြီးပလားဆိုရင် ရေနံဆီလောင်း ၊ မီးနဲ့ ရှို့တော့တာပဲတဲ့ ။ ပထမတော့ အထဲက ရှင်ဘုရင်ခမျာ ပူတော့ အော်ရှာသေးသတဲ့ ... ။ နောက်တော့ တဖြည်းဖြည်း အသံလည်း ပျောက် ၊ အသက်လည်း ပျောက်တော့တာပေါ့ကွယ် ။
မြေခွေးကတော့ ရှင်ဘုရင် ကို မီးနဲ့ ရှို့ပစ်ခဲ့ပြီး နန်းတော်သူ နန်းတော်သား အားလုံးကို “ ခု ချီတက်လာတဲ့ စစ်တပ်ကြီးက လူတွေ မေးရင် ဒီဟာ အင်တာဘုရင်ရဲ့ နန်းတော်လို့ ပြော ... ဒါမှ နင်တို့ အသက် ချမ်းသာရာရမှာ ... ” လို့ မှာထားပြီး နန်းတော်အဝမှာ ထွက်ကြိုနေသတဲ့ ။ အဲ ... ဒါနဲ့ပဲ ဒီမြို့နဲ့ ဒီနန်းတော်ကို အင်တာဟာ အချောင် အပိုင်စား ရသွားတာပေါ့ကွယ် ။ ရှင်ဘုရင်ကြီး ကလည်း သူ့သမီးတော်ကို ထားခဲ့ပြီးတော့ ပြန်ပြီပေါ့ ။ မြေခွေး ကတော့ နန်းတော်မှာ ဘုရင်မင်းမြတ်ရဲ့ အပါးတော်မြဲ အတွင်းဝန် ဖြစ်နေတာပေါ့ ။
တစ်နေ့တော့ ဘုရင့် အနားမှာ လူပြတ်တုန်း မြေခွေးက အင်တာ ကို မေးသတဲ့ ။
“ ကိုင်း သင့်အတွက်တော့ ကတိ ရှိသည်ထက်တော့ ပို၍ ဆောင်ရွက်ပေးပြီ ။ ကျွန်ုပ် သေသွားလျှင် သင် ဘယ်လို လုပ်မည်လဲ ”
ဒီတော့ ဘုရင်မင်းမြတ်က “ သင် သေလျှင် သင့်ကို ကျွန်ုပ်၏ ဦးခေါင်း ပေါ်၌ အမြဲ ရွက်ထားပါမည် ။ သင့်ကို ကျွန်ုပ် ဘယ်ခါမျှ မေ့မည် မဟုတ်ပါ ” လို့ပြန်ဖြေသတဲ့ ။
သုံးလေးရက် အကြာမှာ မြေခွေးဟာ ဥယျာဉ်ထဲမှာ သေနေပြီ ဖြစ်ကြောင်း ဘုရင်ကို လျှောက်သတဲ့ ။ ဘုရင်က သွား ကြည့်တော့ မြေခွေးဟာ ခြေလက်တွေ ဆန့်တန်းပြီး သေနေတာ တွေ့တော့ ဘုရင်က သူ့လူတွေကို “ ဒီတိရစ္ဆာန် အသေကောင်ကို တွင်းထဲ ကန်ချလိုက်ကြ ” လို့ ဆိုသတဲ့ ။ ဒီတော့ သေဟန်ဆောင်နေတဲ့ မြေခွေးဟာ ငေါက်ကနဲ ထထိုင်ပြီး ဘုရင်ဟာ စကား မတည်ဘူးရယ်လို့ ရန်တွေ့သတဲ့ ။ ရှင်ဘုရင် ကလည်း “ မင်း တကယ် မသေမှန်း သိလို့ ကျီစားတာပါကွယ် ” လို့ အရှက်ပြေ ပြန်ပြောသတဲ့ ။
နောက်များမကြာမီ မြေခွေးဟာ တကယ် သေရှာပါရောတဲ့ ။ ဒီတစ်ခါတော့ ရှင်ဘုရင် ဟာ သူ့ကတိကို မဖျက်ရဲတော့ဘဲ မြေခွေးရဲ့ အရေကို ဆုတ်ပြီး ဦးထုပ်လုပ် ဆောင်းသတဲ့ကွယ် ။
ဒါကိုပဲ လူတွေက ဖက်ရှင် ထွင်တယ် အောက်မေ့ပြီးတော့ ဘုရင့် လိုပဲ တုပြီးတော့ မြေခွေးရေတွေကို ဦးထုပ်လုပ် ဆောင်းကြတာဟာ ရုရှားလို အေးတဲ့ တိုင်းပြည်တွေမှာ ယနေ့ထက်တိုင် ပါပဲတဲ့ကွယ် ... ။
ဒို့များရဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနု တောင် ဘူလ်ဂင်နင် တို့ဆီ အလည် သွားတုန်းက ဆောင်းခဲ့သေးသပေါ့ ။
( ဘာသာပြန် )
〇 သော်တာမေ
📖ရှုမဝ မဂ္ဂဇင်း
၁၉၅၇ ၊ ဇွန်
No comments:
Post a Comment