Wednesday, September 24, 2025

ချောစုခိုင်


 

❝ ချောစုခိုင် ❞

“ ဘယ်ကနေ စပြောချင်သလဲ ဆိုတော့ ကျွန်မရဲ့ အဖေရော အမေရောက တရုတ်အစစ် မဟုတ်ဘူး ”

အောင်မြင်တဲ့ တရုတ်စကားပြောသင်တန်း CSK ကို ဖွင့်လှစ်ထားသူ ၊ အခြေခံ တရုတ်စကားပြောစာအုပ်နဲ့ စီဒီကို ရေးသား ထုတ်ဝေထားသူ ဆရာမ ဒေါ်ချောစုခိုင်က ပြောတယ် ။

“ အဖေက ကရင် - ဗမာ - ရှမ်း ၊ အမေက ရှမ်း - တရုတ် ၊ ကျွန်တော်က ကပြားပေါ့ ။ ငယ်တုန်းကတော့ မြန်မာကျောင်းရော ၊ တရုတ်ကျောင်းရော တက်တယ် ။ မြန်မာအသိုင်းအဝိုင်းရောတရုတ်အသိုင်းအဝိုင်းမှာပါ ကြီးခဲ့ရတာပါ ။ ဒါပေမဲ့ အမေ့ဘက်က အချို့အမျိုးတွေက ကျွန်တော်တို့ကို ဗမာဆိုပြီး သိပ်ပြီးတော့ အထင်မကြီးဘူး ”

ဆရာမရဲ့ ပုံက သွယ်သွယ်လျလျ ၊ အသားလတ်လတ် ၊ ဆံပင်က ကုပ်ဝဲ ၊ သူ့ပုံစံက တရုတ်မလေးနဲ့ မတူဘဲ သွက်လက်ချက်ချာတဲ့ ဗမာမလေးနဲ့ ပိုတူတယ် ။

“ ကိုယ်က မြန်မာနိုင်ငံမှာ မွေးတာ ၊ ကိုယ့်အဖေ ကလည်း ဗမာသွေး ပါတယ် ။ အထင်မကြီးတဲ့ အပေါ်မှာ ကြိုးစားပြမယ်လို့ စိတ်ပိုင်းဖြတ်တယ် ။ ကိုယ့်စိတ်ထဲမှာတော့ ဒါလေးကို တွန်းအား တစ်ခု ဖြစ်လာတယ် ”

သူက ပြုံးပါတယ် ။ ကျွန်တော်က သူ့ဘဝမှာ လျှောက်လှမ်းလာခဲ့ရပုံကို မေးတယ် ။

“ သမီးက မိုးကုတ်မှာ ကြီးတာ ။ သမီးတို့ ငယ်ငယ်က ကျူရှင်တွေ ဘာတွေလည်း မန္တလေးမှာလို မကျယ်ပြန့်ဘူး ။ မိဘတွေကလည်း ပညာ သိပ်မသင် ခဲ့ရတော့ သမီးကို guide line ( လမ်းညွှန်ချက် ) ချမပေးနိုင်ဘူး ။ ကျွန်တော် အတန်း ဘယ်လောက် ရောက်နေတာလဲ ဆိုတာတောင် အမေက မသိဘူး ။ ကိုယ်ကိုယ်၌ ကလည်း ကြိုးစားသင့်သလောက် မကြိုးစားဘူး ။ ၁၀ တန်းမှာ ဂုဏ်ထူး တစ်လုံးပဲ ရတယ် ။ ကျွန်တော်နဲ့ အတူတူ တွဲဖက် သူငယ်ချင်းတွေက ဂုဏ်ထူး သုံးလုံးတို့ ၊ လေးလုံးတို့ ထွက်တယ် ”

သူ့ပညာရေး ရည်မှန်းချက်ကို ဆက်မေးပါတယ် ။

“ တက္ကသိုလ်ဝင်ခွင့် လျှောက်တော့ ယူအက်ဖ်အယ်လ် ( နိုင်ငံခြား ဘာသာသင် တက္ကသိုလ် ) ပြင်သစ်ရတယ် ။ ဒါပေမဲ့ ကျွန်တော်က တရုတ်ကျောင်း လည်း တက်နေတော့ အခြား language ( ဘာသာစကား ) ထက် တရုတ်က အဆင်ပြေမယ် ဆိုပြီး မေဂျာ ပြန်ပြောင်းလိုက်တယ် ”

ဒါက သူ့ဘဝ အတွက် အထောက်အကူ ဖြစ်စေတဲ့ အလှည့်အပြောင်း ဖြစ်မယ် ။

“ ဘယ်အချိန်မှာ ကိုယ့်ကိုယ်ကိုယ် သတိထားမိသလဲ ဆိုတော့ ၁၀ တန်းမှာ ကျွန်တော်က ၃၄၅ မှတ်ပဲ ရတယ် ။ ကျွန်တော့် အမှတ်တွေက ၆၅ မှတ်များတယ် ။ ၁၀ မှတ်ဖိုးလောက် ပိုကြိုးစားလိုက်ရင် ဂုဏ်ထူးရမယ် ။ ကိုယ်က ပိုမကြိုးစားခဲ့တာပေါ့ ။ အခု စင်ကာပူ ရောက်နေတဲ့ သူငယ်ချင်းက ထောက်ပြတယ် ။ မင်းက စာမှ မကြိုးစားဘဲ ၊ ကျောင်းမှာ အတူတူ ထိုင်ကြပြီး စာအတူတူ ဆိုရင် ကျွန်တော်က စာအရင်ရတယ် ။ ဒါပေမဲ့ မကြိုးစားလို့ အမှတ်နည်း သွားတာ ”

သူက မန္တလေးမှာ အနေကြာလို့ ထင်ပါရဲ့ ။ ကျွန်တော် ဆိုတဲ့ နာမ်စားကို သုံးတာ တွေ့ရတယ် ။

“ တက္ကသိုလ်ကျောင်း ပြီးခါနီးပြီ ဆိုတော့ သူငယ်ချင်းတွေက ဘာဖြစ်မှာလဲ ၊ ဆရာဝန် ဖြစ်မယ် ၊ အင်ဂျင်နီယာ ဖြစ်မယ် ၊ သူတို့ professional ( အသက် မွေးဝမ်းကျောင်းမှု ) နဲ့ ကိုယ်နဲ့ တခြားစီ ၊ ၁ဝ တန်းတုန်းက မကြိုးစားခဲ့မိတာကို အဲဒီအချိန်မှာ နောင်တ တကယ်ရတယ် ။ ၁ဝ တန်းဟာ ဘဝမှာ အရေးအကြီးဆုံး အပြောင်းအလဲပဲ ၊ အသက် ၂၂ နှစ် ၊ ၂၃ နှစ် ဖြစ်နေပြီ ”

ဆရာမက စကား ခဏရပ်တယ် ။

“ ဆယ်ကျော်သက် တုန်းက မကြိုးစားခဲ့တဲ့ အတွက် ယခု ၂ဝ ကျော်မှာ နောင်တရတယ် ။ ပြင်လို့လည်း မမီတော့ဘူး ။ ကျွန်တော်လည်း ဘာမှ မလုပ်နိုင်တော့ဘူး ။ ၂ဝ ကျော်မှာ မကြိုးစားရင် ၃ဝ ကျော်မှာ နောင်တရဦးမယ် ။ ဒါကြောင့် ၃၀ ကျော်မှာ နောင်တ ထပ်မရချင်ဘူး ။ ကြိုးစားမယ်ဆိုပြီး တရုတ်စကားပြော သင်တန်းကို စဖွင့်တော့တာပဲ ”

ကျောင်းဖွင့်စ အမျိုးသမီးလေး တစ်ယောက် အနေနဲ့ သင်တန်းတစ်ခု စဖွင့်ဖို့ ဆိုတာ အခက်အခဲရှိမှာပဲ ။

“ သင်တန်းဖွင့်တာကို အိမ်က သဘောမတူဘူး ၊ အမေက ကျွန်တော့်ကို တရုတ်ကျောင်းမှာလုပ် ၊ တက္ကသိုလ်မှာ ဆရာမလုပ် ၊ ဒါမျိုး ဝန်ထမ်းပဲ လုပ်စေချင်တာ ။ ကျွန်တော်က ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ချင်တာ ။ အမေ့ကို အတိုက်အခံ လုပ်ပြီး သင်တန်းကို ဖွင့်ရတယ် ”

စီးပွားရေးလုပ်ငန်း တစ်ခု ထူထောင်ဖို့ အတွက် ငွေအရင်းအနှီး များစွာ လိုပါလိမ့်မယ် ။

“ ကျွန်တော့် အမေတို့က အဆင်မပြေဘူးလား ဆိုတော့ ပြေတယ် ၊ အချမ်းသာကြီးတော့ မဟုတ်ဘူး ။ သုံးနှစ်လုံး အမေက ထောက်လာခဲ့တာမို့ ကျောင်းပြီးတော့ ထပ်မယူချင်တော့ဘူး ။ အမား တစ်နှစ် စောင့်ကြည့်ပါ ။ မအောင်မြင်ရင် အမား ခိုင်းသလို ကျောင်းမှာ ဆရာမ ဝင်လုပ်မယ်လို့ ပြောလိုက်တယ် ”

သူ သင်တန်းကျောင်း ဖွင့်စ အခြေအနေကို မေးတယ် ။

“ နေတော့ အဆောင်မှာ နေတယ် ။ အဆောင်ရှေ့မှာ ဆရာဝန်ဆေးခန်းလို ရှစ်ပေပတ်လည် အခန်းလေး ရှိတယ် ။ ခုံတန်းလေး နှစ်တန်းနဲ့ ဝှိုက်ဘုတ်တစ်ချပ်နဲ့ စဖွင့်တာ ။ တစ်ချိန် တစ်ယောက် ရှိလည်း ဖွင့် ။ နှစ်ယောက် ရှိလည်း ဖွင့်တာ ။ သင်တန်းကျောင်း နာမည် ပေးတော့လည်း ခေါင်းလည်း အစားမခံနိုင်ဘူး ၊ ဗေဒင် လည်း မမေးချင်ဘူး ။ ကျွန်တော့်နာမည် အတိုကောက် CSK ပဲ တပ်လိုက်တာ ”

တစ်နှစ် နေတော့ အမေ့ကို မျက်နှာပြ လှရဲ့လား ။

“ ကိုယ် မှန်းထား သလောက် မဖြစ်ပေမယ့်လည်း ကျောင်းသား ၂ဝ - ၃ဝ လောက် ရှိလာတယ် ။ ကျွန်တော်က ဗမာ - တရုတ်ကပြား ဖြစ်တယ် ။ တရုတ် စကား လာသင်တာက မြန်မာတွေ ၊ ၂၀၀၁ ခုတုန်းက ရှမ်းကလေးလေးကို ကျွန်တော် တရုတ်စကား သင်ပေးရဖူးတယ် ။ ကျွန်တော်က မြန်မာလို ပြောပြီး သင်ပေးတာ ၊ မြန်မာတွေ တရုတ်စာ သင်မယ်ဆိုရင် မြန်မာစကားနဲ့ ရှင်းပြပြီး သင်ပေးတာက အထိရောက်ဆုံးပဲလို့ တွေ့ရတယ် ။ သူတို့အတွက် နုတ် ( စ် ) ထုတ်ပေးရင်း သင်ခန်းစာ ၂ဝ လောက် ရှိလာတော့ စာအုပ်လေး ဖြစ်လာတယ် ။ စာအုပ်ကို တွေ့တဲ့ အခြားသူတွေက ဝယ်ချင်တယ် ဆိုတာနဲ့ စာအုပ်ထုတ်ပြီး ရောင်းပေးလိုက်တယ် ။ သင်တန်းတက်ဖို့ အချိန်မရှိတဲ့ သူတွေက စာအုပ်လေးဖတ် ၊ ခွေလေးနားထောင်ရင်လည်း အဆင်ပြေ သွားတာပေါ့ ။ ၂၀၀၃ မှာ သင်တန်းကျောင်းဖွင့်ပြီး ၂၀၀၄ မှာ စာအုပ် စရေးပြီး ၂၀၁၀ မှာ စာအုပ် ထုတ်တယ် ”

“ အမေ့ဆီက ပိုက်ဆံ ပြန်မယူဘူးဆိုတော့ ငွေရေးကြေးရေး ကိစ္စကို ဘယ်လို ဖြေရှင်းလဲ ”

“ စုကြေးတွေ ထည့်တယ် ။ စာသင်ခန်းအတွက် အိမ်လခပေးစရာ မရှိရင် စုကြေးလေးကြိုထုတ်ပြီး ရှင်းလိုက်တာ ။ အလုပ်လုပ်လို့ရတဲ့ ငွေကို စုကြေးထဲ ပြန်ထည့် ၊ ကာမိအောင် မနည်းဘဲ လုံးချာလည်လိုက်ပြီး လုပ်နေရတာ ”

“ စုကြေးက ပြေးတာတို့ ၊ လိမ်တာတို့ ဖြစ်တတ်တယ် ၊ မခံရဘူးလား ”

“ ကိုယ်ကပြေး ၊ ပြေးမှာပဲ ၊ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်ကချည်း ကြိုထုတ်ထားတာ ”

သူက ဟက်ဟက်ပက်ပက် ရယ်ပါတယ် ။ ရှစ်ပေပတ်လည် အခန်းလေး ကနေ ၁ဝ ပေ x ၁၂ ပေ အခန်းလေး ၊ အခန်းလေး တဖြည်းဖြည်း ကျယ်လာ ၊ ကျောင်းသားတွေ များများလာပုံ အဆင့်ဆင့်ကို သူက ပြောပြပါတယ် ။

ယခု ကျွန်တော်က သူ့စာသင်ခန်းက ကျောင်းအုပ်ရုံးခန်း ထဲမှာ စကား ထိုင်ပြောနေတာပါ ။ ယခုတော့ သူ့သင်တန်းကျောင်းက မှန်ခန်းနဲ့ သားသားနားနား ကျယ်ကျယ်ဝန်းဝန်း ခမ်းခမ်းနားနား ဖြစ်လာပါပြီ ။ လက်ထောက်ဆရာမနဲ့ လည်ပတ်နေတဲ့ သင်တန်းကျောင်း တစ်ခု ဖြစ်လာတာ တွေ့ရတယ် ။

သူ့ရုံးခန်းလေးက သပ်ရပ်သန့်ရှင်းတယ် ။ အေးဆေးပြီး သက်သောင့်သက်သာ ထိုင်ဖို့ အဆင်ပြေတယ် ။ ကျွန်တော်တို့ ရောက်တတ်ရာရာ စကားစမြည် ပြောဖြစ်တယ် ။

“ ကျွန်တော်က မိုးရွာတာကို ကြိုက်တယ် ဆရာ ။ ငယ်ငယ်တုန်းက မိုးကုတ်မှာ မိုးရွာထဲ စက်ဘီးစီးပြီး ကျောင်းသွားရတာ သိပ်သဘောကျတာ ။ မိုးကုတ်မှာ နေရတာ အေးချမ်းတယ် ”

မန္တလေးက လူတွေက မိုးကြောက်တယ် ။ မိုးရွာရင် ကျောင်းသားလည်း ကျောင်းလာမှာ မဟုတ်ဘူးလို့ ကျွန်တော်က ပြောပြတယ် ။ ဆရာမက အားတက်သရောပါပဲ ။

“ ဟုတ်တယ် ဆရာ ။ မိုးကုတ်မှာ ဆိုရင် မိုး ဘယ်လောက် ရွာရွာ ကျောင်းသွားရတယ် ။ ထီးတစ်ချောင်းနဲ့ လွယ်အိတ် နောက်ပိုးပစ်ပြီး ကျောင်းသွား ရတာပဲ ။ ဒီမှာတော့ မိုးရွာရင် ကျောင်းသား မလာဘူး ”

သူရယ်တယ် ။ သူ့မိခင် အကြောင်း ပြောဖြစ်တော့ လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့က ကွယ်လွန်သွားပြီ ဆိုပါတော့ ။

“ အမေက ကျွန်တော့်ကို နားလည်သွားပါတယ် ။ ငါ့သမီး သင်တန်း ဖွင့်တယ် ဆိုတာ သူ့ ခြေထောက်ပေါ် သူ ရပ်တာ ။ စာအုပ်ထုတ်တယ် ဆိုတာ တစ်နိုင်ငံလုံးကို ဖြန့်တယ်ဆိုတာ အမေ သိသွားပါတယ် ။ ကျွန်တော် စာအုပ် ထုတ် ပြီးမှ အမေက နားလည် လက်ခံလာတာ ။ အရင်ကဆို အမေက အားမပေးဘူး ”

သူ့ပညာရေး အကြောင်း ကျွန်တော် မေးပါတယ် ။

နိုင်ငံခြားဘာသာသင်တက္ကသိုလ်က တရုတ်ဘာသာစကားဆိုင်ရာ ဘီအေဘွဲ့ ရပြီးနောက် မန္တလေးတရုတ်ကျောင်းက ကျောင်းပြီးခဲ့ပုံ ၊ ယူနန်တက္ကသိုလ်က တရုတ်ဘာသာစကားနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဒီပလိုမာရခဲ့ပုံ ၊ ရှန်ဟိုင်းတက္ကသိုလ် ၊ ကွန်ဖြူးရှပ်သိပ္ပံတွေတက်ပြီး အောင်လက်မှတ် ရယူခဲ့ပုံတွေကို ဒေါ်ချောစုခိုင် က ပြောပြပါတယ် ။

သူ့အကြောင်း ပြီးတော့ သူ့သင်တန်းသားတွေ အကြောင်း ဆက်ပြောဖြစ်ကြတယ် ။ သူ့ကျောင်းသားတွေက တရုတ်ဘာသာစကား ကျွမ်းကျင်မှု စာမေးပွဲ ဖြစ်တဲ့ HSK ( Honyu Shuiping Kaushi ) ကို ဖြေဆိုအောင်မြင်ပြီးနောက် တရုတ်နိုင်ငံ ၊ ကူမင်းမြို့ ယူနန်တက္ကသိုလ် ၊ ကွမ်ရှီးမြို့ တိုင်းရင်းသားတက္ကသိုလ် တို့မှာ မဟာဘွဲ့ တက်ရောက်ခွင့်ရသူ ကျောင်းသူတွေအတွက် ဝမ်းသာဂုဏ်ယူပုံကို သူက ဆက်ပြောပါတယ် ။ သူ့ ကျောင်းမှာ လာတက်တဲ့ လူငယ်တွေကို ဘဝလမ်းကြောင်းတည့်အောင် သူက စေတနာ ထားခဲ့ပုံတွေကိုလည်း ပြောပါတယ် ။ လူငယ်တွေအကြောင်း ပြောစဉ်မှာ သူ့ မျက်လုံးတွေက လင်းလက်နေတာ သတိထားမိပါတယ် ။

“ လူငယ်တွေ ပညာရေး တန်ဖိုးမထားရင် ကျွန်တော် အရမ်း နှမြောတယ် ၊ လူငယ်ဆိုတာတော့ ပျော်ချင်ပါးချင်တာပေါ့ ။ ဒါပေမဲ့ ရည်မှန်းချက် တစ်ခုခုတော့ ရှိရမယ် ၊ အဲဒီ အတွေးကို ကျွန်တော့် သင်တန်းမှာ ပေးတယ် ။ လူငယ် အယောက် ၁၀ဝ ကို ကျွန်တော် ပြောလို့ လူငယ် တစ်ယောက် ဖြစ်မြောက်သွားရင် ကျွန်တော် ကျေနပ်တယ် ”

⎕ ကျော်ရင်မြင့်
📖အတွေ့အကြုံစုံစုံ ဘဝဇာတ်ခုံ

No comments:

Post a Comment