Saturday, September 20, 2025

ပါးစပ်တတ် နဲ့ အောင်မြင်သူ


 

❝ ပါးစပ်တတ် နဲ့ အောင်မြင်သူ ❞

ဘဝမှာ သင်ယူထားတဲ့ ပညာရပ် တစ်ခုကို ဆီလျော်အောင် အသုံးပြုတတ်ရင် အကျိုးပေးတယ်ဆိုတာ ဦးမောင်ကို ရဲ့ ဘဝက လက်တွေ့ ပြတယ် ။

ဦးမောင်ကို က အညာက ကျေးလက်တောရွာမှာ မွေးတယ် ။ မိဘက ငှက်သမ္ဗန် လှော်ခတ်သူမို့ သူလည်း သမ္ဗန်ခတ်သမား ဖြစ်လာတယ် ။ အရွယ်ရောက်လာတော့ စက်ချုပ်ပညာ သင်ယူတယ် ။ အဝတ်စတွေကို တိုင်းတာ ကိုက်ညှပ်ပြီး ချုပ်လိုက်ရတာ ။ တိုင်းတာပြီး ပုံစံကျအောင် ချုပ်လုပ်တဲ့ ပညာကို တတ်ကျွမ်းတဲ့ ဦးမောင်ကို က စက်မှုလုပ်ငန်းမှာ စက်ပစ္စည်းသစ်တီထွင် ထုတ်လုပ်သူ ဖြစ်လာတယ် ။

ဦးမောင်ကို နေထိုင်တဲ့ သန်လျက်မှော် အနောက်ရပ်ကွက်က နေအိမ်ကို သွားပြီး သူ ဖြတ်သန်းလာခဲ့တဲ့ ဘဝခရီးကို ကျွန်တော် လေ့လာတယ် ။

သူ့ အိမ်ကို အဝေးကပင် သိမြင်နိုင်ပါသည်လို့ ဆိုနိုင်တယ် ။ အိမ်ဝင်း အပြင်ဘက် လမ်းနံဘေး မှာ ဗြုန်းစုပ်အိုးတွေ အပုံလိုက် ၊ အပုံလိုက် ၊ ကျောက်မျက် ရတနာတူးဖော်မှု ၊ ရွှေတူးဖော်မှု လုပ်ငန်းမှာ ဗြုန်းစုပ်ပန့်တွေက မရှိမဖြစ် လိုတာ ၊ ဒါတွေကို ဦးမောင်ကို က တွင်တွင်ကျယ်ကျယ် ထုတ်လုပ်ပေးနေတယ် ။

သူ့ အိမ်ဘေးက ရုံးခန်း ထဲမှာ ထိုင်ပြီး စကားစမြည် ပြောကြပါတယ် ။

“ အမေ က မြောင်မြို့နယ် နဘက်ရွာ က ၊ အဖေ က ပေါက်တောရွာ က ၊ ပေါက်တောမှာ မွေးတာ ”

“ ကျောင်းနေတာကကော ”

“ ဘုန်းကြီးကျောင်းနဲ့ ပြီးတာ ”

သူ့ အသက်မွေး ဝမ်းကျောင်းမှုကို ကျွန်တော် မေးတယ် ။

“ မိဘက ငှက်ခတ်တာ ။ နေရာ အတည်တကျ ပို့ရတာ မဟုတ်ဘူး ။ ဟိုလူက ထင်းသွား ပို့ချင်လို့ ဟိုရွာ လိုက်ခဲ့ဦးဆို လိုက် သွားလိုက် ။ ဒီရွာ သွားမယ်ဆို ပါသွားလိုက် ၊ ကူးတို့ ပို့တာပေါ့ ၊ ကျွန်တော် ၁၄ - ၅ နှစ် ရောက်လာတော့ အဖေ မအားရင် ကျွန်တော်က ဝင်ခတ်တယ် ။ နောက် အိမ်ထောင်ကျတော့ အဖေလည်း ငှက် တစ်စင်း ၊ ယောက်ဖလည်း ငှက်တစ်စင်း ၊ ကျွန်တော်လည်း ငှက် တစ်စင်း ပို့ကြတယ် ”

“ ဘယ်အထိ ဝေးဝေးပို့ရလဲ ”

“ မြင်းခြံ ၊ မိုင် ဆိုရင်တော့ ဆယ်မိုင် ဝန်းကျင်ရှိမှာပေါ့ ”

“ နည်းနည်းတော့ ပင်ပန်းမှာပေါ့ ”

“ ဧရာဝတီမြစ်ကမ်းပါး ဆိုတော့ အပြန်ကျ ကုန်းပေါ်ဆင်းပြီး ကြိုးနဲ့ ဆွဲရတာ ”

သူက ရယ်ပါတယ် ။

“ ပင်ပန်းတယ် ထင်သလား ”

“ သမားရိုးကျ ထမင်းစားဖို့ လုပ်တဲ့ အလုပ်ဆိုတော့ ပင်ပန်းတယ် ထင်လို့လည်း မရဘူး ၊ အဖေက လူကြီးဖြစ်တယ် ။ ယောက်ဖက သူစိမ်းဆိုတော့ ကိုယ်ချည်းပဲ ဒိုင်ခံပြီး လိုက်ရတာ ”

“ ဒုက္ခက ဘာလဲ ”

“ ရေဆန် လေဆန် ခတ်ရတဲ့ အခါ ပင်ပန်းတာပေါ့ ။ အသက် ၂ဝ မှာ အိမ်ထောင်ကျတယ် ။ အမေက ဒီ လုပ်ငန်းကြီး ရေရှည် လုပ်စားလို့ မဖြစ်ပါဘူးကွယ် ဆိုပြီး စက်ချုပ်သင်ခိုင်းတယ် ။ စက်ချုပ်သင်ရတာက နှစ်မိုင်လောက် ဝေးတဲ့ အမေ့ရွာ နဘက် သွားရတာ ။ နံနက်ဆို ငှက်ခတ် သွားရင်း ရွာက ကျောင်းသားတွေ ခေါ် သွားတယ် ။ ညနေကျ ကလေးတွေ ပြန်ခေါ်လာတာ ”

“ စက်ချုပ်သင်တာ ဘယ်လောက် ကြာသလဲ ”

“ စက်ချုပ် သင်နေရင်း ငှက်လာ ခေါ်တဲ့ လူက ရှိတယ် ၊ ရေစကြို လိုက်ခဲ့ပါဦး ဆိုရင် ပါသွား ပြန်ရော ၊ ပျက်တဲ့ရက်က များနေတယ် ။ စက်ချုပ် သင်ရတာ နှစ်နှစ် ကျော်ကျော် ကြာတယ် ”

“ ဆရာက ဒါကို တစိုက်မတ်မတ် မလုပ်လို့ ဆိုပြီး စိတ် မဆိုးဘူးလား ”

“ အမေ နဲ့က အမျိုးမကင်းဘူး ။ လုပ်တဲ့ အချိန်လည်း သူ ကျေနပ်အောင် လုပ်နိုင်လို့ အဆင်ပြေပါတယ် ”

“ ကိုယ်ပိုင် ဆိုင်ခွဲတာက .. ”

“ နှစ်နှစ်လောက် ကြာတော့ ပေါက်တော မှာ ဆိုင်ဖွင့်တယ် ။ ဆရာ က တိုက်ပုံက အစ ကျကျနန သင်ပေးလိုက်တာ ။ ခွဲတဲ့ နှစ်မှာပဲ ရွာမှာ ပွဲတွေက ရှိတော့ ဆရာက သူ့ ရှိတဲ့ နယူးဆင်းဂါးစက်ဟောင်းလေးကို တန်ဖိုးချိုချို နဲ့ ပေးလိုက်တယ် ။ အတူတူ သင်ဖက် တပည့်တစ်ယောက် နဲ့ ဆရာ့သမီး တစ်ယောက်လည်း ထည့် ပေးလိုက်တယ် ”

“ ကိုယ်က အုံနဲ့ ကျင်းနဲ့ဆိုတော့ အပ်တဲ့ လူတွေက သဘောကျမှာပေါ့ ”

“ တခြား သူတွေက လူကြီးတွေ အုပ်ချုပ်တာ ။ ကျွန်တော်တို့ ကတော့ သူ့ခေတ် သူ့အခါ ခေတ်လူတွေပေါ့ ။ အပ်တဲ့ လူ လည်း များတာပေါ့ ။ သူ့ခေတ် သူ့အခါ ဆိုတော့ မဆိုးဘူးပေါ့ ”

ဦးမောင်ကို က ပြောပြီး ဟက်ခနဲ ရယ်တယ် ။ သူက ကွမ်းကြိုက်တဲ့ သူမို့ ရယ်လိုက်တဲ့ အခါ ကွမ်းစားလို့ နီရဲနေတဲ့ သွားတွေကို တွေ့မြင်ရတယ် ။

“ ငယ်ကတည်းက စက်ချုပ် ဝါသနာပါတယ် ။ စက်ဆိုင်ကို သွားကြည့်တယ် ။ အမေ ရဲ့ အဖေက စက်ချုပ်ဆရာ ။ ငယ်ငယ်ကတည်းက ဝါသနာ ကို ပါတာ ”

“ ဝါသနာပါတဲ့ အလုပ်ကို ဘယ်လောက် ကြာကြာလုပ်ဖြစ်လဲ ”

“ ဆယ်နှစ်လောက် လုပ်တာ ၊ ချုပ်နေရင်းနဲ့ ရန်ကုန်မှာ နေတဲ့ ယောက်ဖက သူ့ မြေလေး ကူလုပ်ပေးဖို့ ခိုင်းလို့ တောင်သူ တစ်ဖက် တွဲလုပ်တယ် ။ တောင်သူလုပ်ငန်းလည်း ဝါသနာပါတာပဲ ”

ဦးမောင်ကို ပြောရင်း ရယ်တယ် ။ ကျွန်တော်ကလည်း သူ့မှာ ဝါသနာတွေ တယ်များပါလားလို့ တွေးလိုက်မိတယ် ။

“ နောက်ကျ စက်ချုပ်ကို ဖြုတ်ပစ် လိုက်ပြီး တောင်သူ လုပ်တယ် ။ တောင်သူက ကိုယ့်မှာ မြေ မရှိဘူး ။ သူတကာ့ မြေတွေကို ငှားပြီးစိုက်တာ ။ ယောက်ဖ တစ်ယောက် မှာ ယာမဟာ အိတ်တီဖိုက် ရေစုပ်စက်လေး ရှိတယ် ။ နွေရာသီ သူများ စိုက်ပျိုးပြီးလို့ မြေ အားတဲ့ အချိန် ၊ ကိုင်းတက်ချိန်မှာ မြေငှားပြီး နှမ်း စိုက်တာ ”

“ အဆင်ပြေလား ”

“ ကျွန်တော်တို့ ရွာမှာ ဒါမျိုး မလုပ်ဘူး ။ နွေခါကြီး ရေတင်ပြီး နှမ်းစိုက်တာ ရူးနေသလား မေးကြတယ် ။ ကျွန်တော်က ကြပ်ကြပ်မတ်မတ် လုပ်တော့ အဆင်ပြေတယ် ”

“ စက်တို့ ရေခရူတို့ နဲ့ အဲဒီမှာ စ ပတ်သက်တာပေါ့ ”

“ ဟုတ်တယ် ၊ ဟုတ်တယ် ၊ အရင်ကတော့ ယောက်ဖ ရဲ့စက်ကို ဝင်မကိုင်ဘူး ။ ကိုယ့် အလုပ် ဖြစ်လာတော့ ဂေါက် လှည့်တာ ရင်ဘတ်ကြီး နဲ့ ရိုက်ထည့်ပါရောလား ။ ဇော နဲ့ လေ ”

သူ က ဟက်ဟက်ပက်ပက် ရယ်တယ် ။ ပြီးတော့ ရှေ့က စားပွဲပေါ်က ကွမ်းထုပ်ထဲက ကွမ်းယာ တစ်ယာ ယူစားတယ် ။ ကွမ်းပလုတ်ပလောင်းနဲ့ စကားဆက်ပြောပါတယ် ။

“ ရေစုပ်စက် နဲ့ နှမ်း စိုက်သလို နွားစာစဉ်းတဲ့ စက်ကလေး ကိုယ်ပိုင်ဝယ်ပြီး နွားစာ အငှား စဉ်းတဲ့ အလုပ်လည်း လုပ်လိုက်သေးတယ် ”

“ မန္တလေး ကို ဘယ်လို ပြောင်းလာခဲ့တာလဲ ”

“ ကျွန်တော့် တူမတွေကို ကျွန်တော်က တာဝန် ယူပြီး ကျောင်းထားပေးနေတာ ရှိတယ် ။ တူမအကြီးကို မန္တလေး ပို့ပြီး ကျောင်းထား ပေးတာ ။ သူ ရှစ်တန်း အောင်ပြီး ကိုးတန်း ဆက်တက်မယ် ဆိုတော့ နေရေးထိုင်ရေးက အဆင် မပြေဘူး ”

“ ဘယ်လို ဖြေရှင်းလဲ ”

“ ကျွန်တော့် နွားစာစဉ်းစက်ကို သဘောကျနေတဲ့ ကောင်တွေ ရှိတယ် ။ ဝယ်ချင်နေတာ ။ ဒီ ကလည်း ကလေးမ ရှစ်တန်း အောင်တော့ မန္တလေး ရွှေ့မယ် ဆုံးဖြတ်တာ ။ စက်က တန်ဖိုး အကုန်ပေါင်းမှ လေးငါးသောင်း ( ကျပ် ၄ - ၅ဝ,ဝဝဝ ) ၊ ဒါ ရောင်းပြီး မန္တလေး တက်လာခဲ့တာ ”

“ မန္တလေး ရောက်စ က ဘာလုပ်ငန်း လုပ်သလဲ ”

“ ကလေးမြို့က စက်ဘီးပစ္စည်းဝယ်ပြီး မန္တလေး ပြန်ရောင်းတာ ။ နှစ်သောင်း သုံးသောင်း ရင်းပြီး တစ်လ တစ်ခေါက် ၊ နှစ်ခေါက် တက်ရင် ထမင်းတော့ စားလောက်တယ် ”

“ မန္တလေး မှာ ဘယ်လို နေလဲ ”

“ မြေကွက် ဝယ်တယ် ။ မြေစိုက်တဲလေး ဖြစ်သလို လုပ်ပြီး နေတာ ။ ၁၉၈၇ ခု မန္တလေး ရောက်ခါစ မှာပဲ တရားမဝင် ငွေစက္ကူ ကြေညာတာနဲ့ ထိရော ”

သူက ဟားတိုက်ပြီး ရယ်တယ် ။ ချို့ချို့တဲ့တဲ့ စုဆောင်းထားခဲ့ရတဲ့ ဆင်းရဲသားတွေ ရဲ့ ငွေစက္ကူတွေ အမှိုက် ဖြစ်သွားခဲ့ရတဲ့ ကာလ ကို သူက ရယ်ပါတယ် ။ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့ နေရတဲ့ကာလမှာ ရွှေတောတွေ ၊ ရွှေကျင်တာတွေ ခေတ်စားနေချိန် မို့ ဦးမောင်ကို လည်း ရွှေတောကို ရောက်သွားတဲ့ အကြောင်း ဆက်ပြောတယ် ။

“ ကျွန်တော်တို့ ရွာဘက်က ကလေး တစ်ယောက်ရဲ့ ဦးလေးက ကံတောင် မှာ ရှိတယ် ။ သူများ တူးဖော်ရှာဖွေ ပြီးလို့ ပစ်သွားတဲ့ အင်းဟောင်းတွေကို ဝယ်ပြီးတော့ လုပ်တာ ။ နဂိုကတည်းက ကျွန်တော်က ရွှေတောကို ကြောက်တယ် ။ ဒါပေမဲ့ မနေနိုင်ဘူး ။ လိုက်သွားရတာပဲ ”

“ ဘာ ကြောက်တာလဲ ”

“ ငှက်ဖျား ကြောက်တာ ။ တကယ်တမ်းကျတော့ ရွှေတောမှာ ဈေးသည် တွေကလည်း ပေါ မှ ပေါ ။ ဆရာဝန် ၊ ဆေးခန်းတွေ ကလည်း ပေါ မှ ပေါ ။ ရွှေတောမှာ ငှက်ဖျား မိလို့ သေတယ် ဆိုတာ ပစ်စလက်ခတ် လူတွေ သေတာပါ ။ မဖြစ်လောက်ဘူးပေါ့ ”

သေချင်ရင် စိန်မစား နဲ ရွှေတောကိုသွား ဆိုတဲ့ ရွှေသမားတွေရဲ့ ဆိုရိုး စကားကို နားထဲမှာ ကြားယောင်လာတယ် ။

“ နေရတာက ဖြစ်သလို ၊ အိပ်ရတာက မလုံမခြုံ ၊ ခြင်က ကိုက်သေး ၊ သောက်ရတာက စမ်းရေ ၊ ချက်စားတော့ ခရမ်းသီး ၊ ရက် ၂ဝ စီလောက် သုံးခေါက် သွားတာ ၊ နောက်ဆုံး ခေါက်ကျ ဖျားတော့တာပဲ ။ တစ်ခါတည်း ပြန် ဆင်းပြေး လာတော့တယ် ။ မန္တလေး ရောက်တော့ ဆေးခန်း သွားတယ် ။ ဆရာဝန် ကလည်း တရုတ်ဆေးအဟောင်း တွေ ထိုးပေးမိတယ် ထင်ပါရဲ့ ။ တင်ပါးအကျိတ်ကြီး ဖြစ်တယ် ။ ခွဲကုရတာ အကြာကြီးပဲ ၊ အနာထဲ ပတ်တီးစကြီးတွေ ထိုးထည့် ကုရတာ ၊ ဘယ်မှလည်း မသွားနိုင်ဘူး ၊ စားစရာ မရှိပါဘူး ဆိုခါမှ .. ”

ကွမ်းပလုတ်ပလောင်းနဲ့ ကိုမောင်ကို က ရယ်ပါတယ် ။

“ ကိုယ်က ဝဋ်ရှိလို့ ခံရတာပေါ့လေ ၊ အနာကြီးက မပျောက် ၊ ငှက်ဖျားက ထ ၊ ဒီလို ဖြစ်နေရင်းပဲ ပေသောင် ပေါ်လာတော့ သွားမိပြန်ရော ”

ပေသောင် ဆိုတာ သပိတ်ကျဉ်းမြို့ အနီး မှာ ရှိပြီး ဧရာဝတီမြစ် ကြမ်းပြင်က ရွှေတွေကို စုပ်ယူပြီး ရှာဖွေတာပါ ။ ကျွန်တော်က အဆင်ပြေလား မေးတော့ သူက ဟက်ဟက်ပက်ပက် ရယ်တယ် ။

“ ခွက်ခွက်လန် ရှုံးတာ ၊ မော်တော် ဆီဖိုးတောင် မတတ်နိုင်လို့ ရေစီးနဲ့ မျှောချပြီး မန္တလေး ပြန် လာခဲ့ရတာ ။ သွားတုန်းက အရပ်ထဲက ငွေချေးပြီး သွားတာ ။ အဆင်မပြေလို့ ပြန်လာပြီ ဆိုတော့ ရောက်ရောက်ချင်း အကြွေး တောင်းတယ် ။ ဆုံးမှာ စိုးကြတာကိုး ။ ဦးမောင်ကို ရယ်ပြန်တယ် ။ သူနဲ့ စကားပြောရတာ ပေါ့ပေါ့ပါးပါး ရှိတယ် ။

“ ရွာ ပြန်သွားတော့ ကျွန်တော့်ကို ခင်မင်တဲ့ ဒေါ်ညို က ပိုက်ဆံ ထုတ်ပေးလိုက်လို့ ကြွေးပူတွေ ကျေသွားတယ် ။ ဒါပေမဲ့ ပေသောင်မှာ ရွှေကျင် နေတဲ့ သူတွေ ရေခရူ ၊ ရေစုပ်စက် ပျက်တဲ့အခါ လိုက် ပြင်ပေးတယ် ။ ကိုယ့်တုန်းက စက်တွေက ပျက်ချင် တိုင်း ပျက်ခဲ့တော့ ကိုယ်က တတ်ပြီ ”

ပြောရင်း သူ ပြုံးတယ် ။

“ စက်ပြင်တာကို ရွာ ကတည်းက တတ်တယ် ။ ပေသောင် ကျ တရုတ် အင်ဂျင်လည်း ပြင်တတ် ၊ ယာမာ ( ဂျပန်အင်ဂျင် ) လည်း ပြင်တတ်ပြီ ။ ဟိုလူက လာစမ်းပါဦး ဆို သွားလိုက်တာပဲ ။ ဒီလူက ခေါ်လည်း သွားလိုက်တာပဲ ။ ထမင်း က ကျွေးတဲ့ နေရာက စားလိုက်တာပဲ ။ အဲဒီလို နေနေတာ ”

စကားပြောတာ ခဏ ရပ်ပြီး သူက သောက်ရေသန့်ဘူးကို ဖွင့် ၊ ပလုတ်ကျင်းပြီး ရေ သောက်တယ် ။

“ အဲဒီအချိန်မှာ ဟိုလူက သဲကာပြား ပျက်လို့ ၊ ဒီလူက ဖလန်း ပျက်လို့ နဲ့ ချထားကြတယ် ။ မင်းတို့ အဲဒါတွေ ငါ့ကို ပေးကြ ၊ ငါ ပြင်ပေးမယ်ပေါ့ ”

ဦးမောင်ကို က ရှိတဲ့ အနေအထားကို တစ်အုံလုံး ဖြုတ်ပစ်စရာ မလိုဘဲ လိုအပ်တဲ့ နေရာလေးပဲ တွင်ခုံမှာ ထိုးပြီး တီထွင် ပြုပြင်ပေးပုံကို ရှင်းပြတယ် ။

“ ဒီလို ပြင်ရင် ရတယ် ဆိုတာ သိသွားတော့ ကျွန်တော်က သဲကာပြား လုပ်ရောင်းတယ် ။ သူတို့ က အသစ်ဝယ်တာ နဲ့ စာရင် အများကြီး သက်သာတယ် ”

သူက ပိုက်ဝင် ပိုက်ထွက် အရွယ် ပိုကြီးကြီး ၊ ဗြုန်းများများ စုပ်နိုင်အောင် တီထွင်ပုံတွေကို ရှင်းပြတယ် ။ တစ်လုံးလုံး တစ်ဆက်တည်း သံရည်ကျို လောင်းထားတဲ့ ဗြုန်းစုပ်အိုး ( ပန့် ) တွေကို တစ်ပိုင်းစီ ခွဲ တပ်ဆင်နိုင်အောင် တီထွင်တယ် ။

ချွတ်ယွင်းတဲ့ အခါ တစ်အုံလုံး အသစ် ဝယ်စရာ မလိုဘဲ ပျက်တဲ့ အပိုင်းကိုပဲ လဲလှယ် တပ်ဆင်နိုင်တာမို့ ဦးမောင်ကို ရဲ့ပစ္စည်းကို အသုံးပြုသူ အတွက် တွက်ခြေကိုက်တယ် ။

မြစ်ကြမ်းပြင်က ရွှေတွေကို စက်နဲ့ စုပ်ယူပြီး ကျင်တဲ့ ဧရာဝတီမြစ်ထဲက ပေသောင် ၊ ချင်းတွင်းမြစ်ထဲက ရိုးလာ ၊ မစိန် ၊ လင်းဖား ရွှေမှော်တွေ တစ်ခုပြီး တစ်ခု ပေါ်လာချိန် မှာ သူက ဗြုန်းစုပ်အိုးတွေ လုပ်ရောင်းပုံကို ပြောတယ် ။

“ အဲဒီ အချိန်မှာ ကျွန်တော့် ကိုယ်ပိုင် တွင်ခုံ မရှိသေးဘူး ၊ ပြီးတော့ ကိုယ်တိုင် လက်တွေ့ လည်း မလုပ်တတ်သေးဘူး ။ ပါးစပ်တတ်ပဲ တတ်တာ ၊ တွင်ဆရာကို ဟိုလို လုပ်ပါ ၊ ဒီလို လုပ်ပါ ၊ ပါးစပ်က ခိုင်းတာပေါ့ ”

“ ယခုကော လက်တတ် တတ်ပြီလား ”

“ တော်ရုံပဲ တတ်တာ ”

ကျွန်တော်တို့ အတူ ရယ်မောမိတယ် ။

“ အလုပ်ရုံ အပိုင် ဖြစ်ပြီဆိုတော့ တွင်ခုံလည်း ကိုယ်တိုင် ဝင် မထိုးတော့ဘူးလေ ”

“ ပါးစပ်တတ် ဘယ်လို တတ်တာလဲ ”

“ ဘာကို အခြေခံသလဲ ဆိုတော့ ငယ်ငယ်တုန်းက အဖေက လက်သမား လုပ်တယ် ။ ကျွန်တော်တို့လည်း လုပ်ရတယ် ။ စက်ချုပ်တတ်တယ် ။ ဒီတော့ အတိုင်းအထွာ စနစ်တွေ ကျွန်တော်က နားလည်တယ် ၊ ဘုန်းကြီးကျောင်း ထွက် ပေမယ့် ၁ တို့ ၊ ၃ တို့ ၊ ၁၆ ပိုင်း ဘယ်နှပိုင်းတို့ အထိ ကျွမ်းကျွမ်းကျင်ကျင် တတ်တယ် ”

“ အလုပ်ရုံ ဘယ်လို ထောင်ဖြစ်သွားလဲ ”

“ သူများ တွင်ခုံ သွားအပ်တဲ့အခါ သူက အလှည့်ကျမှ လုပ်ပေးတာ ၊ ကိုယ်ပိုင် အလုပ်ရုံ ထောင် လိုက်တော့ လိုတဲ့အချိန် ချက်ချင်း ထ လုပ်နိုင်တယ် ။ ဒါကြောင့် ကိုယ်ပိုင် အလုပ်ရုံထောင်လိုက်တာ ”

ကျွန်တော်က သူ့ကိုယ်ပိုင် တီထွင်မှုတွေကို မေးတယ် ။

အစဉ်အဆက် အသုံးပြုနေတာ က ဗြုန်းအိုးထဲ ကို လေးလက်မပိုက် အဝင် ၊ အထွက်တွေ ။ ဦးမောင်ကို က ခြောက်လက်မ ၊ ရှစ်လက်မ အဝင် ၊ အထွက်တွေ တီထွင်လိုက်တော့ တူညီတဲ့ အချိန်ကာလ အတွင်းမှာ ဗြုန်း ပိုပြီး ကျတော့ သုံးစွဲသူ အဆင်ပြေတာ ကို ပြောပြတယ် ။ သူ ထုတ်လုပ်တဲ့ ပစ္စည်းတွေ က အခြား ဘယ်စက်နဲ့ မဆို တွဲသုံးရင် အံကျဖြစ်အောင် တီထွင်လိုက်တယ် ။

“ ဝယ်ရတဲ့ ပစ္စည်းက တန်ဖိုးကြီးတယ် ။ လုပ်ငန်းခွင်ထဲ ရောက်မှ မကိုက်လို့ တွင်ခုံပြန် သယ်ရမယ် ဆိုရင် ထမ်းရပိုးရတာ တာဝန် ကြီးတယ် ။ နတ်ပေါက် တစ်ပေါက် မတည့်ရုံနဲ့ တစ်လုံးလုံး လက်ခ ပေးရတာ ။ ဒါကြောင့် ကျွန်တော့် အလုပ်ရုံမှာ အလုပ်ကို ကျွမ်းတဲ့သူ ၊ ကျွမ်းတဲ့နေရာ အလိုက် မူသေ ပေးထား လိုက်တာ ။ လွဲသွားရင် မရှိတော့တဲ့ အမေကို ကိုင်တုတ်ခံရတာ ”

ဦးမောင်ကို က ပြောပြီး ရယ်တယ် ။

“ ဆဲတဲ့သူလည်း အပြစ် ပြောလို့ မရဘူး ။ ကိုယ့်ဘက်က လွဲလိုက်ရင် သူတို့ ဒုက္ခက မသေးဘူး ”

ကျွန်တော်တို့ အတူတူ ရယ်မောမိပါတယ် ။

⎕ ကျော်ရင်မြင့်
📖အတွေ့အကြုံစုံစုံ ဘဝဇာတ်ခုံ

No comments:

Post a Comment