❝ သီရိဂေဟာ ❞
( ပုံပြင် )
ရှေးတုန်းက လယ်သမားလင်မယား နှစ်ယောက်တို့သည် ရွာတစ်ရွာတွင် နေထိုင်ကြကာ မြေခွေး ၊ သိုး ၊ ဝက် ၊ ငန်းနှင့် ကြက်တို့ကို မွေးမြူထားလေ၏ ။
တစ်နေ့သောအခါ ယောက်ျား ဖြစ်သူက သူ့မိန်းမအား “ ကြက်ကို ချက်စားရရင် မကောင်းဘူးလားဟေ့ ” ဟုပြောရာ ထိုစကားကိုကြက်သည် ကြားသဖြင့် တောထဲသို့ ထွက်ပြေးသွားလေသည် ။ မနက် မိုးလင်းသောအခါ လယ်သမားကြီးသည် ကြက်ကို မတွေ့ရသဖြင့် ဒေါသဖြစ်လေ၏ ။ ညနေစောင်း လာသောအခါ လယ်သမားကြီးက “ ဒို့တော့ ကြက်သားဟင်း မစားရတော့ဘူး ။ ဒို့ဟင်းချက်စားဖို့ ဝက်သာ ကျန်တော့တယ် ။ ဝက်သားဟင်း စားရ မကောင်းလား ” ဟု သူ့မိန်းမကို မေးလေ၏ ။ သူ့မိန်းမ ကလည်း “ ကောင်းသားပဲ ” ဟု ထောက်ခံလေသည် ။ ဝက်သည် ထိုစကားများကို ကြားရသောအခါ ကြက် ကဲ့သို့ပင် ညအချိန်၌ တောထဲသို့ ထွက်ပြေး သွားပြန်လေ၏ ။ လယ်သမားကြီးသည် မနက်ကျ၍ ဝက်သားဟင်း ချက်စားရန် ဝက်ခြံသို့ သွားသော အခါ ဝက်ကို မတွေ့ရသဖြင့် အလွန်ဒေါသ ဖြစ်ကာ “ ဝက်လည်း မစားရ ၊ ကြက်လည်း မစားရ ၊ ကျန်တဲ့ သိုးကိုတော့ မဖြစ်ဖြစ်အောင် စားမှပဲ ” ဟု ပြောလိုက်ရာ သူ့မိန်းမကလည်း “ ကောင်းသားပဲ ” ဟု ပြန်ပြောလိုက်လေ၏ ။ ထိုစကားကို ကြားသွားသော သိုးသည် ငန်းထံသို့ သွားပြီး “ ဒို့ တောထဲပြေးကြစို့ ။ မပြေးရင် ဒို့ သေကြရလိမ့်မယ် ” ဟု ပြောလေသည် ။ ငန်းသည် သိုး၏ အကြံကို ထောက်ခံပြီးလျှင် ညမိုးချုပ်သည်နှင့် သိုးနှင့်အတူ တောထဲသို့ ပြေးကြပြန်လေ၏ ။
ထိုအခါ လယ်သမားကြီးက “ အားလုံး ပြေးကုန်ပြီ ။ မြေခွေးတစ်ကောင်သာ ကျန် တော့တယ် ။ ငါ မြေခွေးကို သတ်ရမှာ ကြောက်တယ် ” ဟု သူ့မိန်းမကို ပြောလေ၏ ။ သူ့မိန်းမက “ မကြောက်ပါနဲ့ သတ်သာသတ်ပါ ” ဟုပြန်ပြောလေ၏ ။ ထိုစကားကို မြေခွေး ကြား၍ တောထဲသို့ ထွက်ပြေးပြန်လေ၏ ။
ထိုအချိန်သည် တောထဲ၌ သာယာကြည်လင်၍ နေထိုင်ရန် ကောင်းသောအချိန် ဖြစ်၏ ။ သို့ရာတွင် ဆောင်းဥတုရောက်လာလျှင် အအေးမှ ကာကွယ်ရန် လိုပေလိမ့်မည် ။ ဆောင်းဝင်လာသော် မြေခွေးသည် သိုးထံသို့ သွား၏ ။ “ အဆွေ ဆောင်းဝင်လာပြီ ။ ဘယ်လို ကြံကြမလဲ ။ ဆောင်းဒဏ် ခံနိုင်တဲ့ အိမ်ကြီးတစ်အိမ် ဆောက်ကြရရင် မကောင်းလား ” ဟုအကြံ ပေး၏ ။ ထိုအခါ သိုးက “ ကိစ္စ မရှိပါဘူး ။ ကျုပ်မှာ အလွန်နွေးတဲ့ အမွေးတွေ ရှိပါတယ် ” ဟု ပြန်ပြောလေသည် ။ မြေခွေးက “ သိပ်လည်း မကြွားပါနဲ့လေ ” ဟု ပြန်ပြောကာ ဝက်ဆီသို့ သွားပြန်၏ ။ ဝက်ကလည်း “ မစိုးရိမ်ပါနဲ့ ။ ကျုပ် တွင်းတူးပြီး တွင်းအောင်းနေမှာပေါ့ ” ဟုပြောလေ သည် ။ ၎င်းနောက် ငန်းဆီသို့ သွား၍ ပြောပြန်၏ ။ ငန်းကလည်း “ အဆွေ ကျုပ်အတွက် စိတ်မပူပါနဲ့ ။ ကျုပ်ရဲ့ အတောင်တစ်ဖက်ကို အိပ်ရာလုပ်ပြီး အခြား အတောင်တစ်ဖက်ကို စောင်လုပ်ပြီး နေမှာပေါ့ ” ဟု ပြန်ပြောလေသည် ။
ထို့နောက် ကြက် ဆီသို့ သွား၍ ပြောပြန်၏ ။ ကြက်က “ မပူပါနဲ့ သစ်ပင်ကြီးတွေ အောက်မှာ နေမှာပေါ့ ” ဟု ပြော၏ ။ မြေခွေးသည် ဆောင်းဒဏ်ကို ခံနိုင်ရန် တဲခိုင်ခိုင်ခံ့ခံ့ တစ်လုံးကို ဆောက်၏ ။ မီးလှုံရန် မီးဖိုလည်း ထား၏ ။ ဆောင်းတွင်း ရောက်လေပြီ ။ တဖြည်း ဖြည်း တစ်နေ့ထက် တစ်နေ့ ချမ်းလာ၏ ။ နှင်းများလည်း တစ်နေ့ထက် တစ်နေ့ ပိုပြီး များလာ၏ ။ သိုးသည် ဟန်ပါပါနှင့် နှင်းထဲမှာ လမ်းလျှောက်နေ၏ ။ မြေခွေးမှာ သူ၏ တဲထဲဝယ် ကွေးကွေးလေး မီးလှုံ၍ နေ၏ ။ ကြာတော့ သိုးလည်း အချမ်းကို မခံနိုင်၍ မြေခွေးဆီ ပြေးလာလေ၏ ။ “ အဆွေ ချမ်းလွန်းလို့ တဲထဲကို ဝင်ပါရစေ ” ဟု တဲပေါက်နားကနေပြီး ထပ်ခါ ထပ်ခါ အော်၏ ။ မြေခွေးက “ ကိုင်း ... ဘယ့်နှယ်ရှိစ ။ အလွန်နွေးတဲ့ အမွေးတွေ ရှိတယ်ဆို ” ဟု အတွင်းက နေပြီး ရန်တွေ့လေ၏ ။ သို့သော် မြေခွေးသည် သိုးကို သနားသည်နှင့် ဝင်ခွင့်ပြုလိုက်၏ ။ ထို့နောက် ဝက်သည် ပြေးလာပြန်၏ ။ သူလည်း သိုးကဲ့သို့ တောင်းပန်သောကြောင့် ဝင်ခွင့်ပြုလိုက်၏ ။
ငန်းလည်း ပြေးလာပြန်၏ ။ သူလည်း ချမ်းလွန်းလို့ ဝင်ပါရစေဟု အော်ပြန်၏ ။ မြေခွေးက အတွင်းကနေ ရန်ထောင်လေ၏ ။ ငန်းက “ အဆွေရယ် .. ဝင်ပါရစေကွယ် ။ ကြာရင်သေရပါလိမ့် မယ် ” ဟု ငိုသံပါနှင့် တောင်းပန်၏ ။ မြေခွေးလည်း ဝင်ခွင့်ပြုလိုက်၏ ။ တစ်ဖန် ကြက်လည်း ပြေးလာပြန်ကာ “ အဆွေ ဝင်ပါရစေ ။ ကြာရင် သေရပါလိမ့်မယ် ” ဟု ပြော၏ ။ မြေခွေးသည် ဝင်ခွင့်ပြုလိုက်ပြန်၏ ။
သူတို့ငါးဦးသည် ထိုတဲထဲမှာပဲ ပျော်ရွှင်စွာ နေထိုင်ကြလေသည် ။ သူတို့သည် တစ်ကိုယ်ကောင်း မကြံဘဲ တစ်ဦး အကျိုးကို တစ်ဦး ကြည့်၍ နေကြ၏ ။ ၎င်းတို့ နေထိုင်ကြသည်ကို ဝံပုလွေ နှင့် ဝက်ဝံတို့ သိလေ၏ ။ ဝံပုလွေက “ သူတို့ အားလုံးကို ကိုက်စားပြီး သူတို့ရဲ့ တဲကို ဒို့ တက်နေရအောင် ” ဟု ပြော၏ ။ ဝက်ဝံ ကလည်း “ ကောင်းပါတယ် ” ဟု ပြန်ပြော၏ ။ ဝံပုလွေက ဝက်ဝံကို “ ခင်ဗျား ရှေ့က သွားပါ ။ ခင်ဗျားက ဗလ ကောင်းပါတယ် ” ဟု အကြံပေး၏ ။ ဝက်ဝံက “ မဟုတ်ပါဘူး ။ ကျုပ်က လမ်းသွားရာမှာ ကွတကွတနဲ့ မဖြစ်ပါဘူး ။ ခင်ဗျားက ကျုပ်ထက် မြန်ပါတယ် ” ဟုပြော၏ ။ထို့နောက် သူတို့သည် ဝံပုလွေက ရှေ့ကနေ၍ တဲဆီသို့ သွားကြလေ၏ ။ တဲသို့ ရောက်သော် တံခါးကို ခေါက်၏ ။ မြေခွေးက “ ဘယ်သူလဲ ” ဟုမေး၏ ။ ဝက်ဝံနှင့် ဝံပုလွေ က “ ခရီးသွားတွေပါ ချမ်းလွန်းလို့ တစ်ညလောက် ဝင်တည်းပါရစေ ” ဟု ပြော၏ ။ ကြက်က ဝင်၍ “ အဆွေတို့ စဉ်းစားကြပါ ။ သူတို့ အသံကို နားထောင်ကြည့်တော့ ဝက်ဝံနဲ့ ဝံပုလွေ အသံနဲ့ တူတာပဲ ” ဟု ပြော၏ ။ “ ဟုတ်တယ် မဖွင့်နဲ့ ” ဟု သိုးကလည်း ပြော၏ ။ ထို့နောက် “ မဖွင့်ဘူး ” ဟု တဲတွင်းမှနေပြီး တစ်ပြိုင်တည်း အော်ကြ၏ ။ ဝံပုလေကလည်း တံခါးကို အတင်း ရိုက်ချိုးပြီး ဝင်လေ၏ ။ ဝံပုလွေ ဝင်လာလျှင် ၎င်းကို ဝိုင်း၍ ရိုက်ပုတ်ကြ၏ ။ ဝံပုလွေလည်း အော်ဟစ်ကာ အလွတ်ရုန်းပြေး၏ ။ ဝက်ဝံလည်း တစ်ခါတည်း ပြေး၏ ။ ၎င်းတို့ နောက် ဘယ်အခါမျှ ထိုတဲနားသို့ မလာကြတော့ပေ ။ မြေခွေး ၊ သိုး ၊ ဝက် ၊ ကြက် ၊ ငန်း ငါးဦးတို့သည် ထိုတဲကို “ သီရိဂေဟာ ” ဟု အမည်ပေးကာ ရာသက်ပန် ပျော်ရွှင်စွာ နေထိုင်သွားလေသတည်း ။
( ဘာသာပြန် )
〇 လူလုပညာအေးမောင်
📖ရှုမဝ မဂ္ဂဇင်း
၁၉၅၆ ၊ နိုဝင်ဘာ
No comments:
Post a Comment