❝ ခေါင်းငါးလုံးရှိသော မြွေမင်း ❞
( ပုံပြင် )
ရှေးရှေးတုန်းက ရွာ တစ်ရွာမှာ လူကြီး တစ်ယောက် ရှိတယ် ။ သူ့မှာ ပွန်စီဂဇီ နှင့် ပွန်ဇာယနာ ဆိုတဲ့ သမီးကလေး နှစ်ယောက် ရှိသတဲ့ ။ တစ်နေ့တော့ သမီးကလေး နှစ်ယောက် အရွယ်ရောက်လာတာနှင့် အိမ်မှာ ထားခဲ့ပြီး အလည်ထွက်ခဲ့သတဲ့ ။ ထွက်ခဲ့တော့ ရွာကြီးတစ်ရွာ ကို ရောက်သွားသတဲ့ကွယ် ။ အဲဒီ ရွာကြီးကို ခေါင်းငါးလုံး ရှိတဲ့ နတ်မြွေကြီး တစ်ကောင်က အုပ်စိုးနေတယ် ။ သူ့နာမည် ကတော့ “ မကန်းဒါးမာလနု ” လို့ ခေါ်ကြသတဲ့ ။ အဲဒီ နတ်မြွေကြီးမှာ မိဖုရား မရှိလေတော့ မိဖုရား မြှောက်ရမည့်သူကို ရှာနေမှန်း သိရှိရသတဲ့ ။
ဒါနဲ့ လူကြီးဟာ အဲဒီ ရွာက လှည့်ပြန် လာခဲ့ပြီး သူ့သမီး နှစ်ယောက်နဲ့ တိုင်ပင်သတဲ့ ။ “ နတ်မြွေကြီးမှာ မိဖုရား မရှိဘူး ။ ဒါကြောင့် မင်းတို့ ညီအစ်မ နှစ်ယောက် အနက်က ဘယ်သူက မိဖုရား လုပ်ချင်သလဲ ” လို့ မေးတော့ သမီးအကြီး ပွန်စီဂဇီ က “ ကျွန်မ မြွေမိဖုရား ဖြစ်ချင်တယ် အဖေ ။ ကျွန်မ သွားပါ့မယ် ” လို့ ပြောသတဲ့ ။
ဒီတော့ လူကြီးက ရွာထဲမှာ ရှိတဲ့ လူတွေကို ခေါ်ပြီး ပွန်စီဂဇီတော့ နတ်မြွေကြီး ဆီကို သွားမှာပဲ ။ ခင်ဗျားတို့ ကလည်း သတို့သမီးရဲ့ အခြံအရံ အဖြစ်နဲ့ လိုက်ပို့ ပေးကြပါ ” လို့ တောင်းပန် သတဲ့ ။ ပွန်စီဂဇီ ကတော့ “ နတ်မြွေကြီး ဆီကို ဘယ်သူမှ လိုက်မပို့ကြပါနဲ့ ။ ကျွန်မဘာသာပဲ သွားပါ့မယ် ” လို့ ပြောတယ်ကွယ့် ။ ဒီတော့ သူ့အဖေက “ အို ... ဘယ့်နှယ် တစ်ယောက်ထဲ သွားရမှာလဲကွယ် ။ သတို့သမီး ဆိုတာ အခြံအရံတွေနဲ့ သွားမှ တင့်တယ်တာကွယ့် ။ ငါ့သမီး မမိုက်ပါနဲ့ကွယ် ” လို့ ပြောတော့ ပွန်စီဂဇီက “ ကိစ္စ မရှိပါဘူး ။ အဖေ ကျွန်မ တစ်ယောက်ထဲပဲ သွားပါရစေ ” လို့ ဆိုတာနဲ့ သူ့ကို တစ်ယောက်ထဲပဲ လွှတ်လိုက်ရတာပေါ့ကွယ် ... ။
ပွန်စီဂဇီဟာ တစ်ယောက်ထဲ ထွက်လာတော့ လမ်းမှာ ကြွက်ဖြူကလေး တစ်ကောင် တွေ့လို့ ကြွက်ဖြူကလေးက “ ဒီမှာ ခင်ဗျား ဘယ်ကို သွားမှာလဲ ။ ကျွန်တော် ရှေ့က လမ်းပြမယ်လေ ” လို့ ပြောသတဲ့ ။ သူကတော့ ကြွက်ဖြူကလေးကို ဂရုမထားဘဲ “ နင် လမ်းပြဖို့ မလိုပါဘူးဟယ် ။ ငါ့ဘာသာ ငါ သွားတတ်ပါတယ် ။ သွား ... နင် ငါ့ရှေ့မှာ လာမရှုပ်နဲ့ ” လို့ ပြောပစ်လိုက်သတဲ့ ။ တစ်ခါ ရှေ့ဆက် သွားပြန်တော့ ဖားကလေး တစ်ကောင်နှင့် တွေ့ပြန်ရော ။ ဖားကလေး ကလည်း “ ဒီမှာ ... ဒီမှာ ခင်ဗျားကို ကျွန်တော် လမ်းပြပေးပါရစေ ” လို့ ပြောသတဲ့ ။ သူကတော့ ဖားကလေးကို ဂရုမထားဘဲ “ ဟဲ့ ... သွား ... ဖယ် ... ဖားရှုပ်ကလေး ငါ့လမ်း ငါ သိပါတယ် ” လို့ ငေါက်လွှတ်သတဲ့ ။ နောက်ဆက်ပြီး သွားတော့ မောမော ရှိတာနဲ့ သစ်ပင်ကြီး တစ်ပင် အောက်မှာ နားနေတုန်း ဆိတ်ကျောင်းသမားကလေးနဲ့ တွေ့ပြန်သတဲ့ ။ ကောင်ကလေးဟာ ထမင်း ဆာနေတာနဲ့ “ အမကြီး ခင်ဗျား စားစရာလေးများ ပါတာဖြင့် နည်းနည်းလောက် သနားပါ ။ ပြီးတော့ အမကြီးကို လမ်းပြပေးပါ့မယ် ” လို့ တောင်းပန်သတဲ့ ။
ပွန်စီဂဇီက ကောင်ကလေးကို မသနားဘဲ “ ဟဲ့ ... သွား ... ကောင်ရှုပ်ကလေး ။ နင့်ကို ငါမသနားဘူး ။ သွား ... သွား ” လို့ ငေါက်ပြီး ထွက်လာတော့ ကောင်ကလေးက “ အင်း ... ခင်ဗျား အဲဒီလိုသာ စိတ်ဆိုးမယ်ဆိုရင် ပြန်လမ်း မမြင်ပါဘူး ” လို့ ပြောပြီး ကျန်ရစ်ခဲ့သတဲ့ ။ နောက် ဆက်လျှောက်သွားပြန်တော့ ကျောက်တုံးကြီး တစ်တုံးနားမှာ ထိုင်နေတဲ့ အဘွားအို တစ်ယောက်ကို တွေ့ပြန်ရော ။ အဘွားအို ကလည်း သူ့ကို မြင်တော့ “ ဟေ့ ... သူငယ်မကလေး ညည်းကို အဘွား မှာလိုက်မယ် ။ ညည်း ရှေ့ဆက်ပြီးသွားရင် ရယ်နေတဲ့ သစ်ပင်တွေ တွေ့ရလိမ့်မယ် ။ တွေ့ရင် ညည်းက ပြန်ပြီး မရယ်လေနဲ့ ။ နောက်ပြီး အိတ်ကြီး တစ်အိတ်နဲ့ ထည့်ထားတဲ့ နို့ခဲတွေလည်း တွေ့ရလိမ့်မယ် ။ တွေ့ရင် ညည်း မစားလေနဲ့ ။ နောက်ပြီး ခေါင်းတွဲလောင်း ကျနေတဲ့ လူတစ်ယောက် ကိုလည်းတွေ့ရလိမ့်မယ် ။အဲ ... သူ့ဆီက ရေကိုလည်း တောင်းမသောက်လေ နဲ့ ” လို့ပြောတော့ ပွန်စီဂဇီက စိတ်ဆိုးပြီး “ အံမာ ... တယ်ဆိုးတဲ့ အဘွားကြီးပါလား ။ နေပါဦး ... တော်က ကျုပ်ကို ဒါတွေ လာပြောရအောင် တော်က ဘယ်သူမို့လဲ ” လို့ ရန်တွေ့ပြီး ထွက်လာခဲ့သတဲ့ ။ တော်တော်လေး သွားမိတော့ လမ်းမှာ ရယ်နေတဲ့ သစ်ပင်တွေကို တွေ့တာပေါ့ ။ တွေ့တော့ သူကလည်း ပြန်ပြီး ရယ်သတဲ့ကွယ် ။ နောက်ပြီး အိတ်ကြီး တစ်အိတ် ထဲမှာ ထည့်ထားတဲ့ နို့ခဲတွေ ကိုတော့ ယူပြီး စားလိုက်ပြန်သတဲ့ ။ နောက်ပြီး ခေါင်းတွဲလောင်းနဲ့ လူကြီးကို တွေ့တာနဲ့ သူ့ဆီက ရေတောင်းပြီး သောက်လိုက်ပြန်ရော ။
နောက်ဆက်ပြီး လျှောက်သွားတော့ မြွေမင်းရဲ့ ရွာအနီးက မြစ်ဘေးကို ရောက်သွား သတဲ့ ။ အဲဒီ မြစ်ကမ်းနဖူးမှာ မိန်းမပျိုလေး တစ်ယောက်က ရေခပ် နေသတဲ့ ။ အဲဒီ မိန်းမပျိုလေး ဟာ “ မကန်းဒါး မာလနု ” ဆိုတဲ့ မြွေမင်းရဲ့ နှမပဲပေါ့ ။ သူက ပွန်စီဂဇီ ကို မြင်တော့ ဘယ်သွား မလို့ပါလဲ အမ လို့ ချိုသာစွာ မေးသတဲ့ ။ ပွန်စီဂဇီ ကလည်း “ ငါမြွေမင်းရဲ့ မိဖုရား လုပ်ဖို့ သွားမလို့ပေါ့ အေ့ ... နေပါဦး ညည်းက ငါ့ကို ဘာကြောင့် အမလို့ ခေါ်ရတာလဲ ” လို့ မေးသတဲ့ ။ မိန်းမပျို ကတော့ “ ဒါဖြင့် အမ ရွာထဲကို ဝင်ရင် ဒီလမ်းက မဝင်ပါနဲ့ ” လို့ မှာလိုက်တယ်တဲ့ ။
ဒါနဲ့ ပွန်စီဂဇီလည်း ရွာထဲကို ရောက်ရော လူတွေက ဝိုင်းအုံလာပြီး “ ခင်ဗျား ... ဒီကို ဘာလုပ်ဖို့ လာတာလဲ ” လို့မေးကြသတဲ့ ။ ပွန်စီဂဇီ ကလည်း “ အို ... ကျွန်မ နတ်မြွေကြီးရဲ့ မိဖုရား လုပ်ဖို့ လာခဲ့တာပေါ့ ” လို့ဆိုတော့ သူတို့က “ ဒါဖြင့် ခင်ဗျား လာတာကလည်း တစ်ယောက်ထဲပါ ပဲကလား ။ သတို့သမီး ဆိုတာ ဒီလို လာရတာမျိုးမှ မဟုတ်ဘဲ ။ အခြံအရံနဲ့ လာရတာ ။အခုလည်း မြွေမင်း မရှိဘူး ။ အပြင်ကို ထွက်သွားတယ် ။ ခင်ဗျား မြွေမင်းစားဖို့ လူးမုန့် ဖုတ်တတ်ရဲ့လား ။ မြွေမင်း ညနေကျရင် လာလိမ့်မယ် ” လို့ပြောသတဲ့ ။
နောက်တော့ သူတို့က ပွန်ပီဂဇီကို လူးဆန်တွေ ပေးကြသတဲ့ ။ ပွန်စီဂဇီလည်း လူးဆန်တွေကို ကြိတ်လိုက်တာ မညက်နိုင်ဘူးတဲ့ကွယ် ။ ဒါနဲ့ပဲ လူးဆန် မညက်တစ်ညက်တွေ ကို မုန့်ဖုတ်ပြီး ထိုင်စောင့် နေသတဲ့ ။ ညနေ ရောက်တယ် ဆိုရင်ပဲ လေတွေ တဝုန်းဝုန်း တိုက်လာ တာနဲ့ မြွေမင်း လာတော့မယ် ဆိုတာ သိရတယ် ။ ဒါနဲ့ မြွေမင်း လည်း ရောက်လာရော ပွန်စီဂဇီကို မြင်သတဲ့ ။ သူက ပွန်စီဂဇီကို “ ဟဲ့ ... ဘယ်မလဲ ... ငါ့ဖို့ လူးမုန့် ယူခဲ့စမ်း ” လို့ပြောတော့ လူးမုန့် ကို ယူပေးရတာပေါ့ ။မြွေမင်းဟာ လူးမုန့်ကို ကြည့်ပြီး မစားတော့ဘူး ။ တစ်ခါထဲ လွှင့်ပစ်လိုက်ပြီး “ မင်းလည်း ငါ့မိဖုရား မဖြစ်ထိုက်သေးဘူး ။ သ,တ်ပစ်ရမှာပဲ ” လို့ဆိုပြီး ပွန်စီဂဇီကို သူ့အမြီးနဲ့ ရစ်ပတ်ပြီး သေအောင် သ,တ်ပစ်လိုက်သတဲ့ကွယ် ။
ဒါနဲ့ နောက်ရက် အနည်းငယ်လောက်ကြာတော့ အိမ်မှာ ကျန်ရစ်ခဲ့တဲ့ သူ့ညီမ ပွန်ဇာ ယနာ က သူ့အဖေကို ပူဆာသတဲ့ ။ “ အဖေရယ် ... အမ သေသွားမှပဲ ... ကျွန်မသာ မြွေမင်းရဲ့ မိဖုရား ဖြစ်ရမှာပဲ ။ သွားပါရစေ ” လို့ ပြောတော့ သူ့အဖေက “ ကဲ ... ဒီလိုဖြင့် စီစဉ်ကြရမယ် ” လို့ ဆိုပြီး ရွာထဲက လူတွေကို ဖိတ်လိုက်သတဲ့ ။ လူတွေ ရောက်လာတော့ သူ့အဖေက “ အခု ပွန်စီဂဇီ မရှိတော့ ပွန်ဇာယနာ ကိုပဲ မြွေမင်းဆီ လွှတ်ရမယ် ။ အဲဒါကြောင့် ခင်ဗျားတို့က သတို့သမီး အခြံအရံအဖြစ်နဲ့ လိုက်ပို့ကြပါ ” လို့ ပြောသတဲ့ ။
ပွန်ဇာယနာဟာ အပျိုရံတွေ များစွာနဲ့ ထွက်လာတော့ လမ်းမှာ ကြွက်ဖြူကလေးနဲ့ တွေ့တာပေါ့ ။ ကြွက်ဖြူလေးက “ ခင်ဗျားကို ကျုပ် လမ်းပြ ပေးရမလား ” လို့ မေးတော့ သူက “ ပြပါရှင် ... ပြပါ ။ ကျွန်မက မြွေမင်းဆီ သွားမှာပါ ” လို့ဆိုပြီး ရှေ့ဆက်သွားသတဲ့ ။ နောက်တစ်ခါ ဖားကလေးနဲ့ တွေ့တော့လည်း ဒီလိုပဲပြောပြီး ဆက်လျှောက် လာခဲ့သတဲ့ ။ ကျောက်တုံးကြီး နားမှာ ထိုင်နေတဲ့ အဘွားအိုကို တွေ့ ပြန်တော့ အဘွားအိုက “ ဟေ့ ... သူငယ်မလေး ရှေ့မှာ လမ်းနှစ်သွယ် ရှိလေရဲ့ ။ ညည်း ဘယ်လမ်းက သွားမှာလဲ ။ လမ်းတိုလား ... လမ်းရှည်လား ” လို့ မေးတော့ ပွန်ဇာယနာက “ လမ်းတိုကပဲ သွားပါ့မယ် အဘွားရယ် ” လို့ ချိုသာစွာ ပြန်ပြောလိုက်သတဲ့ ။ ဒီတော့ အဘွားအိုက ပြုံးပြီး “ အေးအေး ... ကောင်းလေရဲ့ .. ကောင်းလေရဲ့ ” လို့ ပြော လိုက်သတဲ့ ။
နောက် ဆက်သွား ပြန်တော့ ကျောက်ဆောင် ကြားက ယုန်ကြီး တစ်ကောင်နဲ့ တွေ့ ပြန်ရော ။ သူက “ ဟေ့ ... သူငယ်မလေး ... ရှေ့ဆက် သွားရင် မြွေမင်းရဲ့ နှမနဲ့ တွေ့ရလိမ့်မယ် ။ သူ့ကို စကားပြောရင် ချိုချိုသာသာ ပြောနော် ။ပြီးတော့ သူက လူးဆန် ပေးလိမ့်မယ် ။ လူးဆန်ကို ညက်အောင် ကြိတ်ပြီးမှ မုန့်လုပ်ပါ ” လို့ ပြောသတဲ့ ။ ပွန်ဇာယနာ ကလည်း “ ဟုတ်ကဲ့ရှင် ... ကောင်းကောင်း ပြောပါ့မယ် ။ ကောင်းကောင်းလည်း လုပ်ပါ့မယ် ” လို့ ပြန်ပြောခဲ့သတဲ့ ။ ဒါနဲ့ မြစ်ကမ်းနဖူးမှာ မြွေမင်းရဲ့နှမကို သွားတွေ့တာပေါ့ ။သူက “ ဒီမှာ ရှင်က အခု ဘယ်သွားမလို့ပါလဲ ” လို့ မေးတော့ ပွန်ဖာယနာက “ ကျွန်မ ပြွေမင်းဆီကို လာတာပါရှင် ။ ကျွန်မ မြွေမင်းရဲ့ မိဖုရား ဖြစ်ချင်လို့ပါ ” လို့ ပြောတာနဲ့ သူက “ ဒါဖြင့် အမရယ် ... ဟောဒီ လမ်းက သွားနှင့်ပါ ။ သူတို့ ဆီးကြိုကြပါလိမ့်မယ် ” လို့ ပြောလိုက်သတဲ့ ။
ရွာထဲ ရောက်တော့ လူတွေက ပွန်ဇာယနာနဲ့ အပျိုရံတွေကို ဆီးကြိုပြီး ဧည့်ခံကျွေးမွေးကြတာပေါ့ ။ နောက်တော့ သူတို့က ပွန်ဇာယနာကို လူးဆန်တွေ ပေးတာနဲ့ လူးဆန်ကို ညက်အောင် ကြိတ်ပြီး မုန့်ဖုတ်ထားလိုက်သတဲ့ ။ ညနေကျတော့ လေတွေ တဝုန်းဝုန်းမြည်ပြီး မြွေမင်း ရောက်လာသတဲ့ ။ မြွေမင်းဟာ ပွန်ဇာယနာ လုပ်တဲ့ လူးမုန့်ကို ကောင်းစွာ စားပြီးတော့ မိဖုရား မြှောက်လိုက်ပါရောကွယ် ။
နောက် မကြာခင်မှာပဲ နတ်မြွေကြီးဟာ လူ့အသွင် ပြောင်းပြီး “ မကန်းဒါးမာလန ” ဆိုတဲ့ ရှင်ဘုရင်ကြီး ဖြစ်ပြီး အုပ်ချုပ်နေသတဲ့ ။ အဲဒီအခါမှာ ပွန်ဇာယနာ ကိုလည်း အချစ်ဆုံး မိဖုရား အရာမှာ ထားလေသတဲ့ ။
( ဘာသာပြန် )
〇 နုယဉ်
📖ရှုမဝ မဂ္ဂဇင်း
၁၉၅၇ ၊ ဩဂုတ်
No comments:
Post a Comment