❝ မြင်းပေါ်ကလူ ❞
[ တသွင်သွင် စီးနေတဲ့ ချောင်းရေထဲမှာ အမျိုးသမီး အချို့က အဝတ်လျှော် ရေချိုး နေတယ် ။ ကလေးတွေကတော့ ချောင်းထဲမှာ ရေကူးခတ် ဆော့ကစားလို့ ။
ချောင်းရိုး တစ်လျှောက် မှာ လက်ပံပင် ၊ ပေါက်ပင်တွေ တန်းစီပြီး ပွင့်နေတယ် ။ မြောင်းဘောင် မြေသားလမ်း ပေါ် ကို လက်ပံပွင့် နီရဲရဲတွေ ကြွေကျနေတယ် ။ တစ်ခါတစ်ရံ လေပြည် အဝှေ့မှာ အပင် ထက်က လက်ပံပွင့်ဟာ တဝဲဝဲ လှည့်ကာ ကြွေကျလာတာ မြင်နိုင်တယ် ။
ပတ်ဝန်းကျင် က အေးချမ်းတယ် ။ စမ်းချောင်းတွေ ၊ သစ်ပင်တွေ ၊ တောတောင်တွေ ၊ ကျေးငှက် တွန်ကျူးသံတွေ ၊ ပန်းပွင့်လေးတွေ ရှိတဲ့နေရာ ဖြစ်ပါတယ် ။ သည်နေရာ က မြို့ပြ နဲ့ အလွန် ဝေးကွာတဲ့ နေရာ တစ်ခုတော့ မဟုတ်ဘူး ။ မန္တလေးမြို့လယ် ကနေ ငါးမိုင်ကျော်လောက် သွားရုံနဲ့ ရောက်တဲ့ ရန်ကင်းတောင်ခြေမှာ ဖြစ်တယ် ။ ရန်ကင်းတောင်ရဲ့ အရှေ့မြောက်ဘက် မှာတော့ Nature's Life ဆိုတဲ့ မြင်းစီးကလပ် ရှိတယ် ။
ကျန်းမာရေးအတွက် မြင်းစီးဖို့ ကွင်း လုပ်ထားတယ် ။ မြင်းဇောင်းထဲမှာတော့ မြင့်မြင့်ထွားထွား မြင်းကြီးတွေ တွေ့ရမယ် ။ မြင်းတွေကလည်း နာမည် ကိုယ်စီနဲ့ ။ ဂုဏ်တင့်သူ ၊ ရွှေကိုင်းသူ ၊ ပုလဲသူ ၊ ပတ္တမြားသူ ၊ ဂုဏ်ရှိသူ ၊ နီလာသူ ၊ စိန်ပွင့်သူ စသဖြင့် ။
မြင်းဇောင်း နဲ့ မလှမ်းမကမ်း မှာတော့ နို့စားနွားမကြီးတွေ ၊ ပြီးတော့ ကြက်ခြံလည်း ရှိသေးတယ် ။ နို့ကြက်ဥ သောက်ချင်ရင် သောက်ဖို့တဲ့ ။
မြင်းစီးကလပ်ကို ထူထောင်ထားသူက တိရစ္ဆာန်ဆရာဝန် ဒေါက်တာ ဆန်းထွန်းဦး ပါ ။ သူ့ ခြံကို အလည်ရောက်သွားတဲ့ တစ်ရက်မှာ သူ့စိတ်ကူး မျှော်မှန်းချက်တွေကို သိခဲ့ရတယ် ။
သူ ပြောပြတဲ့ သူ့ဘဝက အခုလိုပါ ။ ]
••••• ••••• •••••
စစ်ကိုင်းမြို့ ဆားတောင်ရွာ မှာ တောင်သူတွေ ဖြစ်တဲ့ ဦးအောင်သိန်း ၊ ဒေါ်မြသန်း က မွေးဖွားပါတယ် ။ ငယ်စဉ်က ဆားတောင် ၊ ရေဇင်း ၊ မန္တလေး မှာ ကျောင်းနေခဲ့တယ် ။ ၁၉၈၅ မှာ တိမွေးကု တက္ကသိုလ် စတက်တယ် ။ အရေးအခင်းနဲ့ ဘာနဲ့ ၁၉၉၄ ခု မတ်လမှာ ဘွဲ့ရတယ် ။ ဘွဲ့ရပြီးတော့ ဆေးခန်း စဖွင့်တယ် ။
၁၉၉၆ ခုမှာ ကျွန်တော် ကြက်မွေးမြူရေး စလုပ်တယ် ။ မျိုးခြံ စတည်တာပေါ့ ။ အာအိုင်တာ ၊ ဝှိုက်လက်ဟွန်းမျိုးတွေ မွေးတယ် ။ မွေးတော့ ကြက်တွေဥနှုန်း မငြိမ်တာ တွေ့ရတယ် ။ ကြက်ဥ အရေတွက်က တက်လိုက်ကျလိုက် ဖြစ်တယ် ။ ဒါဘာကြောင့်လဲ အဖြေ ရှာတော့ အစားအစာ အဓိက ကျတာ တွေ့ရတယ် ။ ဒါနဲ့ ၁၉၉၇ မှာ အစာဆိုင် ဖွင့်တယ် ။ အစာ နဲ့ ကြက်ခြံ တွဲလို့ မရဘူးဆိုပြီး အစာပဲ သတ်သတ် တစိုက်မတ်မတ် လုပ်တာ ၂၀၀၀ ပြည့်နှစ် အထိပဲ ။ အဲဒီအချိန်မှာ ဆေးကုတာတော့ မပြတ်ဘူး ။
ဒီ ဆရာ အစာရောင်း ဆေးကုပဲ လုပ်နေတာ မွေးမြူရေး နားမလည်ပါဘူး ပြောကြတာ နဲ့ ၂၀၀၀ ခု မှာ မြေငှားပြီး မွေးမြူရေး ပြန်လုပ်တယ် ။
၂ဝဝ၆ ရောက်တော့ မွေးမြူရေး လုပ်တာ ဘယ်လောက် အထိ ရောက်သွားပြီလဲ ဆိုရင် ကြက်က ကောင်ရေ ၃၅,ဝဝဝ ၊ ငုံးက ကောင်ရေ ၃၅,ဝဝဝ ။ ကြက်ဥ ၁၅ဝ,ဝဝဝ ။ အများဆုံး ဖြစ်တဲ့ အချိန်မှာ ကြက်ငှက်တုပ်ကွေး ဖြစ်ပြီး အကုန် ကုန်သွားတာ ။ ၂၀၀၆ မတ်လ ၂၉ ရက်မှာ ကျွန်တော့် ကြက်တွေ ငုံးတွေ အကုန် ကုန်တာပဲ ။ နိုင်ငံတကာနဲ့ ဖြစ်တဲ့ရောဂါ ၊ ဘာမှ မတတ်နိုင်ဘူး ။
၁၉၈၃ ခုနှစ်က မိဘတွေ ရဲ့အိမ် မီးလောင် ခံရဖူးတယ် ။ အဲဒီလို လောကဓံ ဆိုးဆိုးကို ကြုံဖူးထားတော့ ဒီတစ်ခါ ကြက်ခြံ ပြုတ်တော့ ခံနိုင်ရည် ရှိတယ် ။ လောင်တာကလည်း တပေါင်း ၊ တန်ခူး ၊ ကောက်ပဲသီးနှံတွေ အကုန်သိမ်းပြီးချိန် ။ ဂိုဒေါင်တွေပါ လောင်တာ ။ ဘာပဲ ကျန်သလဲ ဆိုတော့ နွားချေးပုံပဲ ကျန်တယ် ။ ကျွန်တော် က ကိုးတန်းကျောင်းသား ။ မီးလောင်ပြီးနောက် ပြန် ရုန်းတဲ့ အချိန်မှာ ပုံမှန်ထက် ပိုပြီး လုပ်ရတာ တွေ့ရတယ် ။
ကျွန်တော့် အနေနဲ့ ကြက်ငှက်တုပ်ကွေးကြောင့် ခြံ မပြုတ်ခင် ၂၀၀၆ ဇန်နဝါရီမှာ မြို့ထဲမှာ အစာဆိုင် တစ်ဆိုင် ထပ် ဖွင့်လိုက်သေးတာ ၊ အစာ ရောင်းမယ် ၊ ကြက်ဥ ရောင်းမယ် ၊ ဆေး ရောင်းမယ်ပေါ့ ၊ အဓိက ရည်ရွယ်ချက် ကတော့ တစ်ချိန်မှာ တိရစ္ဆာန်ဆေးရုံ လုပ်ဖို့ ။ ဇန်နဝါရီ ၁၅ မှာ ဖွင့် ၊ မတ်လ ၂၉ မှာ အကုန်ကုန်ပဲ ။ ဆိုင်ပါ ထိတာ ။
အားကြိုးမာန်တက် ရှာထားတာတွေ တစ်ရက်တည်းနဲ့ ကုန်သွားတော့ ခံစားရတာတော့ အကြီးအကျယ်ပေါ့ ။ ကျွန်တော်က ကိုယ့် ခြံကို စနစ်တကျ ကာကွယ်ရေးတွေ လုပ်ထားတာပဲ ။ ပိုးသတ်ဆေး ဖျန်းတယ် ။ အတော်အတန် သူစိမ်း လည်း ခြံထဲ မဝင်ရဘူး ။
၂၀၀၆ ဇန်နဝါရီလဆန်း မှာ အချို့နေရာတွေမှာ ထူးထူးခြားခြား သေနေတယ် ။ ဒီရောဂါလို့ မသိဘူး ။ နောက်တော့ H5N1 လို့ သိလာတယ် ။ ဖြစ်တဲ့ ခြံ နဲ့ တစ်ကီလိုမီတာ အတွင်းမှာ ရှိသမျှ အကုန်သ,တ် ။ အဲဒီထဲ ပါသွားတာ ။ ကျွန်တော် ခြံကို လုံခြုံအောင် လုပ်ထားပေမဲ့ မရဘူး ။ ကျွန်တော့် ဘေးက ခြံတွေ ရှိနေလို့ ။ အဲဒီတုန်းက မန္တလေးမြို့ မှာ ရှိသမျှ ကြက်တွေ ကုန်သွားတာပဲ ။ ကြက် ကုန်မှ ရောဂါလည်း နားသွားတယ် ။
ကြက်တွေ ပြုတ်ကုန်တော့ ကြက်စာ လည်း မရောင်းရတော့ဘူး ။ အရင်က တစ်နေ့ကို ကြက်စာ တန်အစိတ် ( ၂၅ တန် ) လောက် ရောင်းရတာ ။ အဲဒါဖြစ်တော့ သုံးတန် လောက်ပဲ ရောင်းရတော့တယ် ။ အဲဒီ သုံးတန် ကလည်း မန္တလေး နဲ့ ဝေးတဲ့ အရပ်တွေ ၊ ရောဂါ မဖြစ်တဲ့ ဒေသတွေ ပို့ရလို့ ။
ကြက်ခြံ ပြုတ်တာ တန်ဖိုးသိန်း ၂ဝဝဝ လောက် ထိတယ် ။ မိဘတွေ လောကဓံ ရင်ဆိုင်ခဲ့ပုံ နမူနာ ယူပြီး အားပြန်တင်းတယ် ။ ကျွန်တော့်မှာ ရှိတဲ့ ကားတစ်စီးကို ရောင်း ၊ ဘဏ်ချေးငွေ ချေးပြီး လူသူ ဝေးရာ ရန်ကင်းတောင်ခြေ ဘက်မှာ ခြံဝယ်တယ် ။ ၂၀၀၆ ခု မေလမှာပဲ ပြောင်းခဲ့တယ် ။
ကြက်ငှက်တုပ်ကွေးရောဂါက မပျောက်ဘူး ။ အချိန်တန်ရင် ပြန်ပြန် ဖြစ်နေမှာပဲ ၊ ကြက်မွေးမြူရေး လျှော့မယ် ဆိုပြီး နွား နဲ့ ဆိတ် ကို ပြောင်းမွေးတယ် ။ ကြက်ကို မွေးတော့ မွေးတယ် ။ အကောင် ၆၀၀၀ ထက် မပိုဘူး ။
သူများတွေက ဆိတ် ကို လွှတ်ကျောင်းစနစ်နဲ့ မွေးတာ ။ လွှတ်ကျောင်း လုပ်တာ ဆိတ်တွေ စွမ်းအင် ကုန်တယ် ဆိုပြီး လှောင်အိမ် နဲ့ မွေးတယ် ။ ပုဂ္ဂလိက ဆိတ် မွေးတာ အောင်မြင်တယ် ဆိုပြီး ၂၀၀၈ ခုနှစ်မှာ FAO က ကမ္ဘာ့ စားနပ်ရိက္ခာဆု ပေးတယ် ။
ဆိတ် မွေးတာ ရှုံးသလား မြတ်သလား ဆိုတော့ မွေးမြူရေး အနေနဲ့ အောင်မြင်တယ် ။ ဈေးကွက် အနေနဲ့ ရှုံးတယ် ။ ကျွန်တော် ဝယ်တုန်းက ဆိတ်တစ်ပေါင် ကို ကျပ် ၅၅၀ နှုန်း ဝယ်ရတယ် ။ ကျွန်တော် ပြန်ရောင်းတဲ့ အချိန်မှာ ၃၅၀ ပဲ ရှိတယ် ။ တစ်ပေါင် ဆိုတာ အရှင်ချိန် ၊ စားတဲ့ အသားဈေးကွက် ကျမှသာ ပိဿာနဲ့ ပြောကြတာ ။ မွေးမြူရေးဈေးတွေ အကုန်ကျလို့ ဖြစ်တာ ။ အဲဒီအချိန်မှာ ဂျပန် JICA အစီအစဉ် နဲ့ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း ၊ မကွေးတိုင်း က ရွာတွေ မှာ မိသားစုဝင်ငွေ တိုးအောင် ဆိတ်မွေးမြူရေးနည်းစနစ် ကို သင်တန်းတွေ ပို့ချ ၊ ဖြစ်နိုင်တဲ့ ရောဂါတွေ ပြောပြ လုပ်ခဲ့တယ် ။
ကျွန်တော် မြင်း မွေးမြူဖို့ စိတ်ဝင်စားတယ် ။ စာအုပ်ထဲမှာ ဖတ်ရတာက အောက်ပိုင်း သေနေတဲ့ လူ တစ်ယောက်ဟာ မြင်းစီးရင်းနဲ့ အောက်ပိုင်းတွေ ပြန် သန်လာတယ်တဲ့ ၊ ကျန်းမာရေး အရ မြင်းစီးတာ ကောင်းတယ် ဆိုပြီး မြင်းကို စိတ်ဝင်စားတာ ။
နိုင်ငံတကာ ဈေးကွက်မှာ ကြည့်လိုက်တော့ မြင်းဈေး က အမြင့်ကြီးပဲ ။ ဂျာမနီ မှာ ဆိုရင် တစ်လခွဲသား မြင်းတွေ လေလံပစ်တာ ယူရို ၆၅၀၀ မှ အမြင့်ဆုံး မြင်း ၃၃,၅ဝဝ ပြတ် သွားတယ် ။ မြန်မာပြည် မြင်းဈေးကွက်မှာ အကောင်းဆုံး မြင်း ဆိုတာ သိန်း ၆ဝ ပဲ ပြတ်တယ် ။ ဒေါ်လာ ၆ဝဝဝ ပဲ ရှိတယ် ။
ပထမ ရည်ရွယ်ချက်က မြင်းမျိုးကောင်းမျိုးသန့် သားဖောက်မယ် ၊ နောက် ကျန်းမာရေး အတွက် မြင်းစီးကလပ် လုပ်မယ် ။
မြင်းမျိုးကောင်း လိုက်ရှာတော့ ခြေရာခံမိတာက ၁၉၇ဝ ခု မှာ သားရားဘရက် မြင်း အမျိုးအစား အင်္ဂလန်မျိုးတွေ နိုင်ငံခြားက သွင်းထားတာ ပုဂံမြစ်ခြေ မှာ ကျန်သေးတယ်တဲ့ ။ မန္တလေး ဘက်မှာက ရှမ်းမျိုးတွေပဲ ရှိတယ် ၊ မြင့်တဲ့ မြင်းမှ လေးပေ ငါးလက်မ ၊ သားရားဘရက် က ငါးပေနှစ်လက်မ ရှိတယ် ။
မြင်း လိုက်ရှာဖို့ ကိုယ်တိုင် နယ်ဆင်းတယ် ။ မြင်း ဝယ်ရင် ဗွေတွေ ဂရုစိုက် ကြည့်ရတယ် ။ ဗွေ ကောင်းမှ ၊ မစီးရတဲ့ ဗွေတွေ ရှိတယ် ။ ငိုသံကြားဗွေ ၊ မျက်ရည်သုတ်ဗွေ တွေ ပါရင် သခင်ကို ထိခိုက်တယ် ။ အဆိုးဆုံး ကတော့ ဘီလူးထိုင်မြင်း ၊ လပြည့် လကွယ်ရက် သန်းခေါင်မှာ မြင်းက ပိုင်ရှင်ရှိတဲ့ ဘက် လှည့်ပြီး ခွေးထိုင် သလို ဖင်ချ ထိုင်တယ် ၊ လျှာကြီး ထုတ်ပြီး နေတယ် ။
ဗွေတစ်ရာ ကြာတစ်လုံး ဆိုသလိုပဲ ။ ဗွေတွေ ဘယ်လောက်ပဲ ပါပါ ကြာပါရင် ဗွေဆိုးတွေ ပျောက်သတဲ့ ။
သားရားဘရက်မျိုးစစ် ဆိုလို့ ငါးကောင် လောက်ပဲ ကျန်တော့တယ် ။ အဲဒီ ထဲက တစ်ကောင် ကျွန်တော် ရတယ် ။
ကျွန်တော် မျိုးဖောက်မယ် ။ နောက်ကျရင် နိုင်ငံခြားကို တရားဝင် ရောင်းမယ် ။ ကျန်းမာရေး ရှုထောင့်ကနေကြည့်ပြီး မြင်းစီးကလပ် လုပ်တယ် ။ မြင်းစီးရင် နှလုံးကြွက်သား အားကောင်းတယ် ။ ခြေထောက် ၊ ခါး ၊ ခြေသလုံးကြွက်သား အားကောင်းပြီး အဆီကျတယ် ။ ခြေထောက် အောက်ပိုင်း အားနည်းသူ ပိုပြီး သန်မာလာတယ် ။ စိတ်ဖိစီးမှု လျော့ကျတယ် ။ အမျိုးသမီး နဲ့ အမျိုးသား တန်းတူရည်တူ ရင်ပေါင်တန်း ပြိုင် နိုင်တယ် ။ မြင်းမစီးတတ်ခင်မှာ သင်ပေးမယ် ။
ကျွန်တော်က ဘဝ အတွက် ရည်မှန်းချက် ပန်းတိုင် ထားတယ် ။ လူ့ ရဲ့ သဘာဝက အသက် ၃ဝ လောက် အထိ လူ့ရဲ့ သွေးဆဲလ်တွေက တက်နေတာ ။ ၃ဝ ကျော်ရင် တက်အားက လျော့သွားတယ် ။ လူ တစ်ယောက်ဟာ အသက် ၄၅ နှစ် အထိမှ ကိုယ့် ဘဝက မငြိမ်သေးဘူး ဆိုရင် နောက်ထပ် တိုးတက်ပြောင်းလဲဖို့က သိပ်မလွယ်တော့ဘူး ။
ကျွန်တော်က အသက် ၄ဝ မှာ ဘာတွေ ဖြစ်မယ် ဆိုပြီး ရည်မှန်းချက် ထားပေမဲ့ ကြက်ငှက်တုပ်ကွေးကြောင့် ပြုတ်သွားလို့ နောက်ထပ် ငါးနှစ် တိုးပြီး ၄၅ နှစ် ပန်းတိုင် ထားလိုက်တယ် ။ မြင်းစီးကလပ် လုပ်မယ် ။ ပြီးရင် တိရစ္ဆာန်ဆေးရုံ လုပ်ဦးမယ် ။
ဘာကြောင့် ဆေးရုံ လုပ်ချင်တာလဲ မေးရင် တိမွေးကုတက္ကသိုလ်ကြီး စဖွင့် ကတည်းက ယခုထိ ဘွဲ့ရသူက ၄၈၈ဝ ပဲ ရှိတယ် ။ အဲဒီထဲက သေဆုံးသူ ၊ အပြင် ထွက်သွားသူနဲ့ ၃၈ဝဝ ကျော်ပဲ ကျန်တော့တယ် ။ တိရစ္ဆာန်ဆေးကုတဲ့ အလုပ်ကို တကယ် လုပ်တဲ့သူက ၁၀၀၀ ကျော်ပဲ ကျန်တော့တယ် ။ တစ်ပြည်လုံး အတိုင်းအတာနဲ့ လူ တစ်ယောက်ဟာ နွား ၊ သိုး ၊ ဆိတ် အကောင်ကြီးတွေ အကောင် ၆ဝဝဝ လောက် ကိုင်ထားရတယ် ။ ကြက် မပါသေးဘူး ၊ လိုအပ်နေတယ် ။ ဒါကြောင့် မြင်းကွင်း လုပ်ပြီးရင် ဆေးရုံ ဆက်လုပ်မယ် ။
လူဟာ ပန်းတိုင် ရှိရမယ် ။ သတ်မှတ်တဲ့ target အတွင်းမှာ ပန်းတိုင် တစ်ခု ရောက်ပြီး သွားရင် နောက် ပန်းတိုင် တစ်ခု ထပ်ရှာတယ် ။ ဒါမှ အမြဲတမ်း ရှင်သန်တက်ကြွနေမှာ ။
⎕ ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ အဖုံဖုံ

No comments:
Post a Comment