Tuesday, September 2, 2025

ဟာလီကာ

 

❝ ဟာလီကာ ❞
     ( ပုံပြင် )

ဟိုးရှေးရှေးတုန်းက တောရွာကလေး တစ်ရွာမှာ ဟာလီကာ ဆိုတဲ့ လူတစ်ယောက် ရှိသတဲ့ ။ သူဟာ တစ်နေ့တစ်နေ့ တောထဲမှာ တောငှက် တိရစ္ဆာန်တွေကို ပစ်ခတ် စားသောက်နေရ ရှာသတဲ့ ။ ငှက်ပစ်ရာမှာ ဆိုရင် ပြိုင်စံရှား လောက်အောင် ကျင်လည်တယ် ။ ဘယ်လောက်ကျင်လည်သလဲ ဆိုတော့ ကောင်းကင်မှာ ပျံသွားတဲ့ ငှက်သုံးကောင် ထဲက အလယ်အကောင် ဆိုရင် အလယ်အကောင် ၊ အစွန်ဆုံးအကောင် ဆိုရင် အစွန်ဆုံးအကောင် ကိုကျအောင် ပစ်နိုင်တယ်တဲ့ကွယ် ။

တစ်နေ့မှာ ခါတိုင်းလိုပဲ ငှက်ပစ်ဖို့ တောထဲ ဝင်သွားတဲ့အခါ တောကြီးဟာ ခါတိုင်းနဲ့ မတူဘဲ ဆိတ်ငြိမ် နေတာကို တွေ့ရသတဲ့ ။ ငှက်တစ်ကောင် မှ မရတဲ့ အတွက် တောထဲက အိမ်ကို ပြန်လာခဲ့တယ် ။

ဟာလီကာ ဟာ ဟိုကြည့်ဒီကြည့်နဲ့ တောထဲက ထွက်လာခဲ့တာ လမ်းတစ်ဝက်လောက်လည်း ရောက်ရော ခပ်လှမ်းလှမ်းက ပြေးသံလွှားသံတွေကို ကြားရသတဲ့ ။ သွား ကြည့်တဲ့အခါ တောင်ကုန်းလေး တစ်ခုပေါ်မှာက မြက်ရှည်ကြီးတွေ ကြားထဲမှာ မြွေကြီးတစ်ကောင်က မြွေငယ်တစ်ကောင်ကို လိုက်ကိုက်နေတာတွေ့ရတယ် ။ ဟာလီကာ လည်း သူ့ လေးနဲ့ မြွေကြီးကို ချိန်ပစ်လိုက်သတဲ့ ။ ဒါပေမယ့် “ မြားတံ ” က မြွေကြီးကို မထိဘဲ မြွေလေးရဲ့ အမြီးမှာ သွားစိုက်နေတယ် ။ ချက်ချင်းပဲ မြွေနှစ်ကောင်ဟာ လန့်ပြီး ခြေဦးတည့်ရာ ပြေးသွားကြသတဲ့ ။ ဟာလီကာ ခမြာမှာတော့ ကြောင်ကြည့်နေရရှာတယ် ။ ခဏကြာမှ သတိ ပြန်ဝင်လာပြီး အိမ်ကို ပြန်ခဲ့ရတယ် ။ အိမ်ရောက်တော့ သူ့ဘာသာသူ စဉ်းစားကြည့်သတဲ့ ။

“ ဒီနေ့ တောကြီးထဲ ဘာဖြစ်လို့ ဒီလောက် ဆိတ်ငြိမ် နေရတာလဲ ။ ငှက်တွေလည်း တစ်ကောင်မှ မရှိဘူး ။ သိပ်ဆန်းတာပဲ ” လို့ တွေးတောရင်း အိပ်ပျော်သွားသတဲ့ကွယ် ။

အမှန်တော့ မြားမှန် သွားတဲ့ မြွေငယ်ဟာ တောနက်ထဲမှာ ရှိတဲ့ မြွေဘုရင်ကြီးရဲ့ သမီး လေးတဲ့ကွယ့် ။ အဲဒီနေ့က ဘုရင်ကြီးက အမြီးမှာ မြားစိုက်ပြီး ဝင်လာတဲ့ သမီးတော်ကို တွေ့ တော့ အကျိုးအကြောင်း မေးတဲ့အခါ မြွေငယ်ကလည်း ဖြစ်သမျှ အကြောင်းစုံကို ပြန်ပြောပြလိုက်တယ် ။ မြွေဘုရင်ကြီးက သမီးတော် အမြီးမှာ စိုက်နေတဲ့ မြားတံကို နှုတ်ပြီးကြည့်တော့ “ ဟာလီကာ ” လို့ မြားတံရဲ့ အရင်းမှာ ရေးထားတာ တွေ့တယ် ။ ဟာလိကာကို ခုချက်ချင်း သွားပြီး ပေါက်သ,တ်လို့ အမိန့်ပေးတဲ့ အတွက် တခြားမြွေနှစ်ကောင်ဟာ ဟာလီကာရဲ့ အိမ်ကို လာပြီး စောင့်ဆိုင်း နေကြသတဲ့ ။ နံနက်မိုးလင်းလို့ ဟာလီကာ ခမြာ တောထွက်ဖို့ အိမ်ထဲမှ ထွက်လာတယ် ။ အိမ်ရှေ့မှာ စောင့်နေတဲ့ မြွေနှစ်ကောင်ကို တွေ့တော့ အံ့အားသင့် သွားသတဲ့ ။

ဟာလီကာက အကြောင်းမှန်ကို သူ မြွေဘုရင်ကြီးထံ လျှောက်တင်ပါရစေလို့ တောင်းပန်ပြီး မြွေနှစ်ကောင်နဲ့ လိုက်သွားရသတဲ့ ။ မြွေဘုရင့်ဆီ ရောက်တော့ ဟာလီကာ က သူဟာ ဘုရင့်သမီးတော်ကို သေကြောင်းကြံခြင်း မဟုတ်ဘဲ ဘုရင့်သမီးတော်ကို ကယ်ခဲ့တဲ့ အကြောင်း ပြောပြတယ် ။ မြွေဘုရင်က ...

“ ကောင်းပြီ ... ငါအခု ရှိရှိသမျှ မြွေတွေကို ခေါ်မယ် ။ အားလုံး ငါ့အရှေ့မှာ ရောက်တဲ့ အခါ သမီးတော်ကို အနိုင်ကျင့်တဲ့မြွေ ငါ့ ပြရမယ် ” လို့ ဆိုသတဲ့ ။ ဘုရင့်အမိန့်နဲ့ မြွေတွေ အားလုံးဟာ တစ်ကောင်စီ စီတန်းပြီး ရှေ့မှာ ဖြတ်သန်း သွားရတယ် ။ ဒါပေမယ့် ဟိုမြွေကြီးကို မတွေ့ဘူးတဲ့ ။ နောက်ဆုံးကျတော့မှ ဟာလီကာ ပြောတဲ့ မြွေကြီးဟာ အခြား မြွေတစ်ကောင်ရဲ့ ဘေးမှာ ကပ်ပြီး ပုန်းနေတာ တွေ့တယ် ။ ဟာလီကာက အဲဒီ မြွေကြီး ကို လက်ညှိုးထိုးပြသတဲ့ ။ မြွေဘုရင် လည်း ရန်သူမြွေကြီးကို အစိပ်စိပ်အမွှာမွှာ ဖြစ်သွားအောင် ကိုက်သ,တ်ပစ်လိုက်ရောတဲ့ကွယ် ။ မြွေဘုရင်က ဟာလီကာကို ကျေးဇူးဆပ်မယ် ဆိုပြီး ကျောက်လိုဏ်ဂူကြီး တစ်ခုထဲကို ခေါ်သွားတယ် ။ အထဲမှာ စိန် ၊ ရွှေ ၊ ကျောက်သံပတ္တမြားတွေ အစုလိုက် အပုံလိုက်ကို အံ့ဩစွာ တွေ့ရ သတဲ့ ။ မြွေဘုရင်ကြီးက ဟာလီကာ ကို ကြိုက်တာ ယူစေတယ် ။ ဒါပေမယ့် ဟာလီကာ က သူ ဘာမှ မလိုချင်ကြောင်း တိရစ္ဆာန်တွေ အကုန်လုံးနဲ့ ပြောနိုင်တဲ့ စကားကိုသာ နားလည်နိုင်မယ့် အစွမ်းကို တောင်းသတဲ့ ။ မြွေဘုရင်ကြီးလည်း ခဏလောက် စဉ်းစားပြီး “ မင်းကို ငါပေးတော့ ပေးနိုင်တယ် ။ ဒါပေမယ့် မင်းရဲ့ နှုတ်ကို လုံရမယ် ။ လူတွေကို မပြောရဘူး လို့ ပြောလိုက်သတဲ့ ။ ဟာလီကာ လည်း ဝမ်းသာအားရနဲ့ သူဟာ ဘယ်သူ့ကိုမှ မပြောပါဘူး ” လို့ ကတိ ပေးလိုက်သတဲ့ ။ အဲဒီအခါ ကျတော့မှ ဘုရင်ကြီးက နီရဲလှပတဲ့ ပတ္တမြားလုံးတစ်လုံးကို ဟာလီကာ ရဲ့လက်ထဲကို ပေးလိုက်ပြီး “ ဒီပတ္တမြားလုံး ကို ပါးစပ်ထဲမှာ ငုံလိုက်ရင် ကမ္ဘာပေါ်  ရှိရှိသမျှ တိရစ္ဆာန်တွေရဲ့ စကားပြောသံ ကြားနိုင်တဲ့ အပြင် တိရစ္ဆာန် စကားပါ နားလည်ပါလိမ့်မယ် ။ ဒါပေမယ့် မင်း ဒီ ပတ္တမြားလုံးကို ငါ့ဆီက ရတဲ့အကြောင်း လူတွေကို ပြောမိရင် ကျောက်ရုပ် ဖြစ်သွားလိမ့်မယ် ” လို့ သတိပေးစကား ပြောကြားပြီး ပြန်လွှတ်လိုက်တယ် ။

အိမ်ပြန်ရောက်တော့ ဟာလီကာ ဟာ ပတ္တမြားလုံးကို ပါးစပ် ထဲမှာ ငုံကြည့်သတဲ့ ။ တကယ်ပဲ အိမ်နားက ငှက်တွေ စကားပြောတာကို သူ နားလည်တာ တွေ့ရတယ် ။ ဟာလီကာ ခမျာ အင်မတန် ဝမ်းသာတဲ့ အတွက် ထ ခုန်မိတာပေါ့ကွယ် ။

နောက်တစ်နေ့ နံနက်လင်းတော့ ဟာလီကာ ဟာ ပတ္တမြားလုံးကို ပါးစပ်ထဲမှာ ငုံပြီး လယ်ကွင်းဘက် ကို လမ်းလျှောက် ထွက်ခဲ့သတဲ့ ။ စပါးပင်တွေက “ ငါတို့တော့ နောက်နှစ်ရက် ကြာရင် ရေကြီးလို့ သေရတော့မယ် ၊ လူတွေ ကတော့ မသိရှာဘူးနော် ” လို့ အချင်းချင်း ပြောပြီး ညည်းနေတာကို သူ ကြားရသတဲ့ ၊ နောက်ပြီး တောထဲကို လျှောက်သွားတော့ တောအဝင်ဝမှာ ကျား ၊ သမင် အစရှိတဲ့ တိရစ္ဆာန်တွေ အားလုံး ထွက်ပြေးလာတာကို တွေ့ရတယ် ၊ ဟာလီကာ လည်း လမ်းဘေးမှာ အသာ ရှောင်နေပြီး စောင့်ကြည့်နေသတဲ့ ။ အဲဒီထဲမှာ အပါအဝင် ဖြစ်တဲ့ သမင် သားအမိထဲက သမင်လေး တစ်ကောင်က သူ့အမေကြီးကို “ အမေရယ် ၊ ကျွန်တော်တို့ ဘာဖြစ်လို့ ထွက်ပြေးရတာလဲ ” လို့ မေးတော့ သမင်ကြီးက ... “ နင် မသိဘူးလား ၊ နောက် နှစ်ရက် ကြာရင် တို့ ဒီတောနဲ့ အနီးတဝိုက်မှာ ရှိတဲ့ ရွာလေးတွေမှာ မိုးကြီးလေကြီး ကျလို့ ပျက်စီးရတော့မယ် ” လို့ ပြောတာကို ဟာလီကာ က ကြားရသတဲ့ ။ ဟုတ်ပြီ ၊ ငါ ခုနကြားခဲ့တဲ့ သတင်းမှန်ပါပြီ ဆိုပြီး ရွာထဲ တအား ပြေးတော့တာပေါ့ ။ လူတွေလည်း သူ ပြေးအော်လာတာ တွေ့တော့ သူ့ဆီ အုံလာကြတယ် ။ ဟာလိကာ ကလည်း သူကြားခဲ့တဲ့ သတင်းတွေကို အားလုံး ပြန်ပြောသတဲ့ ။ ဒါပေမယ့် လူတွေက “ ဟာ ... ဒီကောင် အရူးပဲ ၊ ဘယ်လာပြီး လူက တိရစ္ဆာန်စကား နားလည်ရမှာလဲ ” လို့ ပြောပြီး ရယ်ကြသတဲ့ ။

ဟာလီကာ မှာတော့ တော်တော်ကို အခံရ ခက်သွားရှာတာပေါ့ ၊ ဘာဖြစ်လို့လဲဆို တော့ သူသာ မြွေဘုရင်ကြီးဆီက ရလာတဲ့ ပတ္တမြားလုံး အကြောင်းကို ပြောလိုက်ရင် သူ သေရတော့မှာပဲ ။ မပြောပြန်ရင်လည်း ရွာထဲက လူတွေက မယုံလို့ တစ်ရွာလုံး ဒုက္ခရောက်တော့မယ် ။ ဒီအကြောင်းတွေကို ဟာလီကာ ခမျာ တွေးတောရင်း နောက်ဆုံးတော့ “ ငါ သေမှာက တစ်ယောက်တည်းပဲ ၊ ငါ့ကို မယုံလို့ သေရမှာက တစ်ရွာလုံး ၊ ပြောလိုက်တော့မယ် ” လို့တွေးပြီး “ ခင်ဗျားတို့ အားလုံးကို ကျုပ် အမှန်အတိုင်း ဖွင့်ပြောပြတော့မယ် ။ ဒါပေမယ့် ကျုပ် ပြောပြပြီးတဲ့အခါ ခင်ဗျားတို့ အားလုံး စပါးတွေရိတ် ၊ ပစ္စည်းတွေရော ၊ လူတွေပါ ဒီရွာကနေ လွတ်ရာကို ရွှေ့ပြောင်းကြပေတော့ ” လို့ ပြောပြီး ပတ္တမြားလုံးရဲ့ အသုံးကျပုံ ၊ မြွေကြီးထံက မည်သို့ ရလာပုံတွေကို အစအဆုံး ပြောပြသတဲ့ ။ ပတ္တမြားလုံးကိုလည်း ထုတ်ပြလိုက်တယ် ။ ဟာလီကာ ခမျာ သူ့ စကားလည်း ဆုံးရော မလှုပ်တော့ဘူးတဲ့ကွယ် ။

လူတွေက သူ့ကို “ ဟာလီကာ မင်းအဖြစ် တယ်ဆန်းပါကလား ။ မင်း ရရချင်း ငါတို့ကို ဘာဖြစ်လို့ မပြောတာလဲကွာ ” လို့ လှုပ်လှုပ် မေးပေမယ့် စကားဖြေဖော် မရတော့ဘူး ။ သူ့ခမျာ ကျောက်ရုပ်ကြီး ဖြစ်သွားရှာပြီတဲ့ကွယ် ၊ အဲဒီတော့မှ ရွာသူရွာသားတွေလည်း ယုံပြီး သူမှာခဲ့တဲ့ အတိုင်း ပစ္စည်းတွေယူပြီး တစ်ရွာလုံး လွတ်ရာကို ပြေးကြတော့တယ် ။ နောက် နှစ်ရက်လောက် ကြာတဲ့ အခါမှာ တကယ်ပဲ လေကြီးမိုးကြီး ကျပါရောတဲ့ ။ ဒါပေမယ့် ဒီရွာကလူတွေအားလုံး ချမ်းသာရာ ရသွားသတဲ့ ။ လေကြီးမိုးကြီး ပြီးသွားတဲ့ ငါးရက်လောက် အကြာမှာ ရွာသူရွာသားတွေဟာ ဒီရွာလေးကို ပြန်လာကြပြီး ရွာသစ် ပြန်တည်ကြသတဲ့ ။ ပြီးတော့ ရွာသားတွေဟာ ဟာလီ ကာ ကျောက်ရုပ် ဖြစ်သွားတဲ့နေရာမှာ သစ်ပင်ကြီး တစ်ပင်ဟာ မားမားမတ်မတ် ပေါက်နေတာ တွေ့ရသတဲ့ ။ သစ်ပင်ကြီးရဲ့ အရှေ့မှာလည်း ချောင်းလေးက တသွင်သွင် စီးလို့ သိပ်သာယာတာပဲတဲ့ကွယ် ။ ခရီးသွား ခရီးလာများ မောမောနဲ့ ဒီသစ်ပင်ကြီး အောက်မှာ သွားထိုင်လိုက်ရင် လေလေးက တဟူးဟူးနဲ့ အေးပြီး အမောကို ပြေသွားတယ်လို့ အဆိုရှိကြသတဲ့ကွယ် ။

( ဘာသာပြန် )

〇 ခင်နှင်းလွင်
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၅၆ ၊ အောက်တိုဘာ

No comments:

Post a Comment