❝ မိုးသီး၏ အောင့်လုံး ❞
( မင်းသိင်္ခ )
ကျွန်ုပ်၏ အမည်မှာ မိုးသီး ဟူ၍ ဖြစ်၏ ။ သို့ရာတွင် မည်သူ တစ်ယောက်မျှ မိုးသီး ဟူ၍ အပြည့်အစုံ ခေါ်သည် မရှိပေ ။ ချစ်စနိုးသဘောဖြင့် ငမိုး ဟု သာ အဖျားဆွတ် ခေါ်ဝေါ်ကြကုန်၏ ။ ကျွန်ုပ် ဆယ်တန်းသို့ ရောက်သော နှစ်တွင် မိဘနှစ်ပါးစလုံး ဆုံးပါးသွားသဖြင့် အဒေါ်၏ အိမ်တွင် မှီခိုကပ်လျက်နေ၍ ကျောင်းတက်ရလေ၏ ။
အဒေါ်၏ ယောက်ျားမှာ လွန်စွာ ဆိုး၏ ။ ကျွန်ုပ် ငြိမ်ငြိမ်ကလေး ထိုင်နေသည်ကို မရှုစိမ့်ဘဲ တစ်စုံတစ်ခု လုပ်ရန် ခိုင်းထားတတ်လေ၏ ။ ၎င်း၏ လုပ်ငန်းမှာ ဆေးဆိုးပန်းရိုက်လုပ်ငန်း ဖြစ်၏ ။ ပန်းရိုက်ပြီးသော အထည်အလိပ်များကို ကျွန်ုပ် တစ်ဦးတည်း လျှော်ရလေ၏ ။ ထိုအလုပ်မှာ သက်သာလှသည် မဟုတ်ပေ ။ လျှော်ပြီးလျှင် လှန်းရ၏ ။ လှန်းပြီးလျှင် ၂ ပိဿာခန့် လေးသော ကြေးမီးပူကြီးဖြင့် မီးပူတိုက်ရလေ၏ ။ ထိုသို့ အလေးအပင်ကို မ၍ မီးပူ တိုက်ရသောကြောင့် ကျွန်ုပ်၏ လက်မောင်း တစ်ဖက်သည် အခြားသော လက်မောင်းတစ်ဖက် ထက် သိသိသာသာကြီး ကြီး၍နေလေ၏ ။
ဆယ်တန်းစာမေးပွဲ ဖြေပြီး သောအခါ၌ ကျောင်းနေဖက် သူငယ်ချင်းတစ်ဦး၏ မွေးနေ့နှင့် တိုက်ဆိုင်သောကြောင့် ဦးလေးထံတွင် ခွင့်ပန်၍ ထိုမွေးနေ့ပွဲ၏ ညစာစားပွဲသို့ သွားရောက်ခဲ့လေ၏ ။ မွေးနေ့ပွဲတွင် သူငယ်ချင်း အားလုံး အရက်သောက်ကြကုန်၏ ။ ကျွန်ုပ် ကိုလည်း တိုက်၏ ။ ကျွန်ုပ် က ငြင်းဆန်၏ ။ ဦးလေး၏ အိမ်တွင် ကပ်၍ နေရသောကြောင့် အရက်စော် နံပြီး ပြန်သွားလျှင် ဦးလေးက ပြဿနာ ရှာမည် ဖြစ်ကြောင်း ပြောပြ၏ ။ သို့ရာတွင် သူငယ်ချင်းများ ကျေနပ်အောင် တစ်ခွက်လောက်တော့သောက်ရမည်ဟု အကျပ်ကိုင်သောကြောင့် ဖန်ကလပ်တွင် ထည့်ထားသော အရက်လေး အနည်းငယ်ကို မော့ချလိုက်ရလေ၏ ။ ထိုအခါ သူငယ်ချင်းများက ကျေနပ်သွားပြီးလျှင် လက်ခုပ်တီး၍ ဩဘာပေးကြ၏ ။ အိမ်သို့ ရောက်သွားသော အခါ၌ ကျွန်ုပ်၏ ဦးလေး က -
“ ဟေ့ကောင် ... မင်းပါးစပ်က အရက်စော် ထောင်းခနဲ ထနေတာပဲ ။ အရက်သောက်လာတယ် မဟုတ်လား ။ မင်းကတော့ လူဖြစ်မယ့်ကောင် မဟုတ်ဘူး တစ်သက်လုံး မြောင်းထဲ ကျနေမယ် ။ တစ်သက်လုံး သူများ အိမ်မှာ မှီခိုကပ်နေရမယ် ။ အခုလည်း ငါ့အိမ်မှာ မနေနဲ့ တော့ ထွက်သွား ” ဟု မောင်းထုတ်ကာ ကျွန်ုပ်၏ စာအုပ်များ အဝတ်အစားများကို လမ်းပေါ်သို့ လွှင့်ပစ်လေ၏ ။
ကျွန်ုပ်သည် ဦးလေး၏ ခြေထောက်ကို ဖက်၍ မောင်းမထုတ်ရန် တောင်းပန်၏ ။ ဦးလေး သည် ဖက်ထားသော ခြေထောက်ဖြင့် ကျွန်ုပ်၏ ရင်ဝကို ဆောင့်၍ ကန်လိုက်လေ၏ ။ ကျွန်ုပ်သည် နောက်သို့ လန်ကျသွား၏ ။
ကျွန်ုပ်၏ အဒေါ်က ထွက်၍ တောင်းပန် ပြန်၏ ။ ဦးလေးသည် အဒေါ်၏ ပါးကို ဖြန်းခနဲ ရိုက်ချလိုက်၏ ။ ထို့ကြောင့် ကျွန်ုပ်လည်း လမ်းပေါ်တွင် ပြန့်ကျဲနေသော စာအုပ်နှင့် အဝတ်အစားများကို ကောက်၍ ခြေဦးတည့်ရာသို့ ထွက်လာခဲ့လေ၏ ။
တစ်နေရာသို့ အရောက်တွင် ကျွန်ုပ်နှင့် ခင်မင်ရင်းနှီးသော ကိုနောင်ဘီ ဆိုသည့် လူတစ်ဦးနှင့် တွေ့ဆုံလေ၏ ။ ကိုနောင်ဘီ က အကျိုးအကြောင်း မေး၏ ။ ကျွန်ုပ် က အကျိုးအကြောင်း ပြောပြလိုက်၏ ။ ထိုအခါ ကိုနောင်ဘီ က ပြုံးလိုက်၏ ။ ထိုသို့ ပြုံးလိုက်ပြီးလျှင် -
“ မင်း ဦးလေးဟာ အရက်သောက်တာ မကောင်းဘူး ဆိုတာတော့ သိပုံရတယ်ကွ ။ အမှန်က လူဟာ သောက်တဲ့ ဘောင်ထဲ မှာလည်း မိ မနေစေနဲ့ ၊ အရက်သမား ဖြစ်သွားမယ် ။ တကယ်ကတော့ ကွာ သောက်ခြင်း ၊ မသောက်ခြင်းက လွတ်အောင် နေမှ အရက်နဲ့ ကင်းသွားမှာ ။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်က အရက် သောက်မှ အသက်ရှည်မယ် ပြောရင် မသောက်ဘဲ နေမလား ။ မသောက်ဘဲ နေပြီး အသေခံမလား ။ သွေးကြောပိတ်တဲ့ အချို့ရောဂါတွေဟာ အရက်နည်းနည်း သောက်ပေးမှ သွေးကြောက အလုပ် လုပ်တာကွ ။ အဲဒီ ရောဂါရှင်တွေကို ဆရာဝန်တွေက တစ်နေ့ကို အရက် တစ်ပက်လောက် သောက်ပေးဖို့ မေတ္တာရပ်ခံတယ်ကွ ။ အဲဒီ အခြေအနေမျိုးမှာ မသောက်တဲ့ ဘောင်ထဲမှာ ပိတ်မိနေတဲ့ လူဟာ သေမှာပဲ ။ အဲဒီလို မျှမျှတတ သဘောပေါက်ရမယ်ကွ ။ လွန်လွန်ကြူးကြူး ဘာကိုမှ မဆုံးဖြတ်ရဘူး ။ လွန်လွန်ကြူးကြူး ဆုံးဖြတ်ထားရင် အစွန်းထွက်သမား ဖြစ်သွားတတ်တယ် ။ စိတ်မပျက်နဲ့ကွာ ။ အစ်ကိုကြီး အိမ်ကို လိုက်နေပါ ။ ဆယ်တန်း အောင်တော့လည်း အစ်ကိုကြီး ကျောင်းဆက်ထားပေးပါ့မယ် ” ဟု ပြောလေ၏ ။
ထို့ကြောင့် ကျွန်ုပ်သည် ကိုနောင်ဘီ၏ အိမ်တွင် လိုက်ပါ၍ နေရလေ၏ ။ ထိုနှစ်တွင် ပင် ဆယ်တန်းအောင်သွားသောကြောင့် ကျောင်းဆက်၍ တက်လေ၏ ။ နောက်ဆုံးတွင် ဥပဒေဘာသာဖြင့် ဘွဲ့ရလေတော့၏ ။ တရားရေးဌာနတွင် ဝင်ရောက် အမှုထမ်းရန် မြို့နယ်တရားသူကြီး စ၍ လုပ်ရလေ၏ ။ လုပ်သက်ကလေး အတော်အတန် ရသောအခါ ခရိုင်တရားသူကြီး အဖြစ်သို့ တိုးမြှင့်ခဲ့ရလေ၏ ။
တစ်နေ့တွင် ကျွန်ုပ်၏ ရုံးသို့ ကျွန်ုပ်၏ ဦးလေးသည် လိမ်လည်မှု ပုဒ်မ ၄၂၀ တရားခံ အဖြစ်ဖြင့် ရောက်၍ လာလေတော့၏ ။ ကျွန်ုပ်သည် ထိုအမှုကို ကြားနာ စစ်ဆေးရလေ၏ ။ ကျွန်ုပ်၏ ဦးလေးကို စစ်ဆေးသောအခါ၌ ကျွန်ုပ်၏ ဦးလေးက ကျွန်ုပ်၏ မျက်နှာကို ကြည့်ပြီးလျှင် -
“ ဪ ... ငါ့အမှုကို စစ်မှာ လက်စသတ်တော့ ငမိုးကိုးကွ ” ဟု ပြောလေ၏ ။
ထိုအခါ ကျွန်ုပ်၏ ရှေ့ဖတ်စာရေးက ကျွန်ုပ်၏ ဦးလေးအား
“ ဒီမှာ ခင်ဗျားဟာ တရားခံ ဖြစ်တယ် ။ အခု အမှုစစ်မယ့် သူဟာ ခရိုင်တရားသူကြီး ဦးမိုးသီး ဖြစ်တယ် ။ အပြင်မှာ ခေါ်သလို လာမခေါ်ပါနဲ့ ။ လာပြီး မဆက်ဆံပါနဲ့ ။ ရုံးတော်ကို မလေးစားမှုနဲ့ ပုဒ်မ ထပ်ပြီး တိုးသွားမယ် ။ မင်းကြီးလို့ ခေါ်ရမယ် ” ဟု သတိပေး လိုက်လေ၏ ။ ထိုအခါ ၎င်း ငှားထားသော ရှေ့နေ ကလည်း ရှေ့ဖတ်စာရေးကြီး ပြောသည့် စကား မှန်ကြောင်းကို ဦးလေးအား ရှင်းပြလေ၏ ။ ထိုအမှု၏ နောက်ဆုံးပိတ်တွင် ဦးလေး လိမ်လည်ထားသည်မှာ အမှန် ဖြစ်သောကြောင့် ထောင်ဒဏ် တစ်နှစ် ကျခံစေရန် ကျွန်ုပ်ကိုယ်တိုင် အမိန့်ချလိုက်ရလေတော့၏ ။
ထိုနေ့က ဦးလေးသည် ထောင်ကျသည်ကို ဝမ်းမနည်းပေ ။ ကျွန်ုပ် အမိန့်ချသည်ကို ခံလိုက်ရခြင်း အတွက် မခံချိမခံသာ ဖြစ်နေပုံရ၏ ။ ထို့ကြောင့် ၎င်းက -
“ ငါ့အိမ်မှာ ကပ်ပြီး စားခဲ့တဲ့ကောင်က ငါ့ကို ထောင်တစ်နှစ် ချသတဲ့ ” ဟု မြည်တွန်တောက်တီး သွားလေ၏ ။
အထက်ပါ အဖြစ်အပျက်များ ဖြစ်သွားပြီး တစ်နှစ်ကျော်ကျော်ခန့် ကြာသောအခါ၌ ဦးလေး ထောင်မှ လွတ်လာ၏ ။ ၎င်း၏ ဆေးဆိုးပန်းရိုက်လုပ်ငန်း ပြုတ်သွားလေ၏ ။ ကျွန်ုပ်၏ အဒေါ် နှင့်လည်း အပြီးအပိုင် ကွဲသွားလေ၏ ။ ဦးလေးသည် နေ့ညမပြတ် အရက်သောက်နေသော အရက်သမားကြီး ဖြစ်သွားလေတော့၏ ။ နောင်တွင် အိမ်ကိုပါ ရောင်း၍ ဘုံဆိုင်တွင် သွားရောက်နေထိုင်ကာ အရက်သောက်နေသော ဆိုင်ကျွန် အရက်သမားကြီး ဖြစ်သွားတော့၏ ။
တစ်နေ့တွင် ကျွန်ုပ်သည် ရုံးမှ ကားဖြင့် ပြန်လာရာ မလှမ်းမကမ်းရှိ မြောင်းအတွင်းသို့ လူတစ်ယောက် ဒယီးဒယိုင်ဖြင့် ချော်ကျသွားသည်ကို မြင်လိုက်ရသောကြောင့် ကားကို ရပ်၍ ထိုသူ့ ထံသို့ သွားရောက် ပြီးလျှင် မြောင်းပေါ်သို့ ဆွဲတင်ရလေ၏ ။ ထိုသူ၏ တစ်ကိုယ်တည်းလုံး မျက်နှာပါ မကျန် ရွံ့အမည်းများ ပေကျံနေ၏ ။ ကျွန်ုပ်သည် ကားအတွင်းမှ ရေဖလားကို ယူ၍ ရေအိုင်မှ ရေတစ်ခွက် ခပ်၍ ပေးလိုက်ရာ ထိုသူသည် ထိုရေ ဖြင့်ပင် မျက်နှာသစ် လိုက်လေ၏ ။ ထိုအခါကျမှပင် ထိုသူ၏ မျက်နှာကို သဲသဲကွဲကွဲ မြင်လိုက်ရတော့၏ ။ ထိုအခါ ကျွန်ုပ် စိတ်ထဲတွင် ထောင်းခနဲ ဖြစ်သွား၏ ။
“ ဦးလေးကိုး ... ခင်ဗျား ကျုပ်ကို ပြောထားသော မှတ်မိသေးလား ။ မင်းကတော့ တစ်သက်လုံး မြောင်းထဲမှာ နေရမှာဆို ။ အခုတော့ မြောင်းထဲမှာ နေရတာ ကျုပ် မဟုတ်ဘူး ။ ခင်ဗျား ဖြစ်နေပြီ ။ ကျုပ်သာ လာပြီး မထူရင် ခင်ဗျားဟာ အဲဒီ မြောင်းထဲမှာ အအေးမိပြီး သေသွားမှာ ။ အဲဒါကြောင့် ခင်ဗျားကို ပြောလိုက်ဦးမယ် ။ လူတွေကို စကားကုန် အောင် မပြောနဲ့ဗျ ။ ကိုယ်က အထက်စီး ရတယ် ဆိုပြီး အနိုင်မကျင့်နဲ့ဗျ ။ လူ ဆိုတာ လူ ဆိုတဲ့ အတိုင်း အညွှန့်တလူလူ ရှိကြတာ ချည်းပဲ ” ဟု ဆိုကာ ၎င်းအား ငွေသုံးထောင် ထုတ်၍ ပေးလိုက်လေ၏ ။ ထိုသို့ ပေးပြီးလျှင်
“ ဒီပိုက်ဆံဟာ ... ခင်ဗျား အိမ်မှာ ကျုပ် စားခဲ့တဲ့ ထမင်းဖိုးပဲ ။ အဲဒါကြောင့် နောက်နောင် ... ကျုပ်နဲ့ တွေ့တဲ့အခါ ခင်ဗျား အိမ်မှာ ထမင်း ကပ်စားခဲ့တဲ့ ကောင်လို့ ပြောခွင့် မရှိတော့ဘူး ။ ပြီးတော့ ပြောလိုက်ဦးမယ် ။ ပိတ်အုပ်တွေ လျှော်ရတယ် ၊ မီးပူတိုက်ရတယ် ၊ အဲဒီ လုပ်ခတွေ တောင်းတိုက်ရင် ခင်ဗျား ပေးနိုင်မှာ မဟုတ်လို့ ထောင်ထပ်ကျ သွားဦးမယ် ။ နောက်တစ်ခု သတိထားဖို့ ကတော့ အမှု မဖြစ်အောင်နေ ၊ အမှု ဖြစ်ရင်လည်း ခရိုင်တရားသူကြီး ဦးမိုးသီးရဲ့ ရုံးကို ရောက်အောင်လုပ် ” ဟု မြိန်ရှက်စွာ ပြောလိုက်ရသဖြင့် ကျွန်ုပ်၏ ရင်၌ အနှစ်နှစ်ကာလ အောင့်အည်း၍ ထားရသော “ အောင့်လုံးကြီး ” သည် ဖုတ်ခနဲ ပြုတ်ကျသွားလေတော့သတည်း ။
သဗ္ဗေသတ္တာ ကမ္မဿကာ
▢ မင်းသိင်္ခ
📖 ဖတ်စရာဂျာနယ်
အမှတ် ( ၂၅ )
၅ - ၇ -၂၀၀၅
No comments:
Post a Comment