❝ ဇာတ်လမ်း ဇာတ်ညွှန်း နှင့် ဒါရိုက်တာ ❞
( လူခါး )
အိမ်မျက်နှာကြက်၏ အထက်တွင် ရှိနေသည့် ခြောက်ပေခန့် ရှည်လျားသော မိတ်အင်ချိုင်းနားတံဆိပ်ပါ ဖန်ချောင်းမှာ မီးအားကောင်းစွာဖြင့် လင်းထိန် တောက်ပလျက် ရှိနေခဲ့ပြီး ထိုဖန်ချောင်း အထက်မှ သစ်သားပြားတွင်ကား ဟိုမှ ဒီမှ ပျံသန်း လာကြကုန်သော အရွယ်အစားစုံ ၊ အရောင်အသွေးစုံ ပိုးဖလံ အမျိုးမျိုး တို့သည်က ကပ်ငြိတွယ်၍ ရှိနေခဲ့ကြပြီး ထိုထိုသော သေကိန်းကြုံမည်ကို မသိလေသော ပိုးဖလံမျိုးစုံတို့အား ဖန်ချောင်းအိမ်တွင် ချောင်းမြောင်း ကပ်ခိုနေသော အမည်းရောင် ရှိ၍ ဝ,တုတ်တုတ် ဖြစ်သည့် အိမ်မြှောင် အထီးတစ်ကောင်က အတင်းအဓမ္မ ဖမ်းယူပြီးနောက် အသနားညှာတာမဲ့စွာဖြင့် မြိန်ရေရှက်ရေ စားသုံးလျက် ရှိနေလေသည် ။ စာရေးဆရာသည် ခေါင်းစဉ် တပ်ထားသော စာရွက်လွတ် ပေါ်တွင် စာတစ်လုံး တစ်ပါဒမျှ မရေးရသေးပေ ။ ဖန်ချောင်းကို ကြည့်လိုက် ၊ ပြတင်းပေါက်မှ တစ်ဆင့် မြင်နေရသော မမှောင့်တမှောင် ပတ်ဝန်းကျင်အား ကြည့်လိုက် ၊ မျက်လုံးကို မျက်မှောင်ကုတ်လိုက် ၊ ပြူးလိုက် လုပ်ရင်း တွေးတော စဉ်းစားလျက်နေဆဲဖြစ်၏ ။ မည်သည့် အကြောင်းအရာကို ရေးမည်ဟု မူလက တွေးတော ထားခဲ့သော်လည်း တကယ် လက်တွေ့ ချရေးသည့်အခါ လက်က မရောက်နိုင်ဘဲ ဖြစ်နေလေသည် ။ အတွေးသည် မရပ် ။ တွေးမြဲ တွေးနေဆဲ ဖြစ်၏ ။ ထိုအတွေးကား ညနေကြီး တစ်ခုတွင် စာရေးဆရာထံ ရောက်လာခဲ့ခြင်း ဖြစ်သည် ။ ထိုနေ့ညနေ၏ ရန်ကုန်နှင့် သူတို့ရွာ ပြေးဆွဲနေသော လေအိတ်ကားကြီးဂိတ်သို့ စာရေးဆရာ ရောက်သွားစဉ်က ဖြစ်သည် ။
“ ဒီမှာ ... ဒီမှာ ”
စာရေးဆရာ ကားဂိတ် ထဲသို့ ဝင်သွားသည်နှင့် အနားကပ်ပြီး ခေါ်လိုက်သော အသံတစ်ခုကြောင့် အမှတ်တမဲ့ နောက်သို ပြန်လှည့်ကြည့်လိုက်မိ၏ ။ သူတို့ ရွာ၏ ဂေါပကအဖွဲ့ဝင် ဦးသိန်းဝင်း ဆိုသူ ဖြစ်သည် ။
“ ဟုတ်ကဲ့ ၊ ပြောပါဦး ”
“ မင်းက စာရေးဆရာ ဆိုတော့ ငါ မေးစရာရှိလို့ကွ ”
စာရေးဆရာ ထိတ်ခနဲ ဖြစ်သွားမိ၏ ။ သူ့အား စာရေးဆရာဟု သိနေသော လူတစ်ယောက် သူ့ရွာကလေးမှာ ရှိနေသဖြင့်လည်း ဘဝင်က ငယ်ထိပ် တက်ဆောင့်လာသဖြင့် အလျင်အမြန် ထိန်းလိုက်ရ၏ ။
“ ငါ ရန်ကုန်မှာ ဘွန္တော ကြက်သူခိုး ဆိုတဲ့ ရုပ်ရှင်ကား ကြည့်ခဲ့ရတယ်ကွ ”
စာရေးဆရာ နားမလည်ပေ ။ ရုပ်ရှင်ဇာတ်ကား နှင့် သူနှင့် ဘာများ သက်ဆိုင် နေသနည်း ။ သို့သော် စာရေးဆရာသည် ဟန်ကိုယ့်ဖို့ လုပ်လိုက်ရသည် ။
“ ဟုတ်ကဲ့ ဦး ”
“ အဲဒီဇာတ်ကား တော်တော်ကောင်းတယ်ကွ ၊ ရယ်ရတယ် ။ အဲဒါ သော်တာဆွေ ဆိုတဲ့ စာရေးဆရာ ရေးသဟ ဆိုပဲ ၊ မင်းနဲ့ သော်တာဆွေနဲ့ ခင်လား ”
“ ဗျာ ... ”
စာရေးဆရာ၏ နှုတ်မှ အာမေဍိတ်သံက မိုးခြိမ်းသံ အလား အဆောတလျင် ပြေး ထွက်သွားခဲ့၏ ။
“ ပြီးတော့ အဲဒီ သော်တာဆွေက ဟားတစ်သိုက်အဖွဲ့က ဆိုတာ ဟုတ်လား ”
စာရေးဆရာ ကျွဲမြီးတို သွား၏ ။ လက်နှစ်ဖက်က အလိုအလျောက် ဆုပ်မိလာ ကြပြီး အသားများက တဆတ် ဆတ် တုန်လာကြ၏ ။
“ မဟုတ်ဘူးဗျ ၊ အဲဒီ သော်တာဆွေက အရင်က ကမ္ဘာပတ်ပြီး မြင်းပွဲလောင်း နေတဲ့ မြင်းသမား ၊ ခုမှ ဆင်း ရဲသွားလို့ စာစ,ရေးတာ ”
စိတ်ထဲမှ ကိုင်းမှတ်ပလားဟု တွေးရင်း စာရေးဆရာသည် ထိုလူ့ အနားမှ မြန်နိုင်သမျှ မြန်အောင် ခွာခဲ့တော့၏ ။ နောက်နောင်လည်း ထိုကဲ့သို့သော လူမျိုးနှင့် ဘယ် သောအခါမှ မတွေ့ပါစေနဲ့ ဟု ဆုတောင်းမိ၏ ။ သို့သော် ထိုနေ့မှ စပြီး စာရေးဆရာ၏ အတွေး ရေလျဉ်ကြောတွင် ထိုကိစ္စက ကြီးစိုးကာ တသောသော ဒုက္ခပေးလျက် လာခဲ့တော့ခြင်းဖြစ်၏ ။
စာရေးဆရာ သော်တာဆွေ ကို မသိ ၊ သူ၏ ဝတ္ထုကို ရုပ်ရှင်အဖြစ် ကြည့်ရမှသာ နာမည်ကို သိ၏ ။ မည်မျှ အသည်းနာဖို့ ကောင်းလိုက်သနည်း ။
တကယ်ဆို ဆရာသော်တာဆွေ မှာ စာရေးဆရာတို့ မမွေးခင် ကတည်းက စာပေ လက်ရာမွန်များစွာ ဖန်တီး ရေးသားခဲ့သော တကယ့် စာရေးဆရာ အဓိပတိကြီး ဖြစ်၏ ။ ဒါကို ဘုမသိ ဘမသိနှင့် ဟားတစ်သိုက်အဖွဲ့ ကလားဟု မေးလိုက်ခြင်းမှာ အတော် ကသိကအောက်နိုင် သော မေးခွန်းဖြစ်၏ ။ ဆရာ သော်တာဆွေ ကဲ့သို့ လူမရှိ တော့သော ကလောင်တစ် လက်ကို မဆိုထားနှင့် ၊ ယခု လက်ရှိ စာရေးနေသော စာရေးဆရာမ တစ်ယောက် ကိစ္စကိုလည်း စာရေးဆရာ ကြုံခဲ့ဖူးသေးသည် ။
တစ်ခါက စာရေးဆရာ သည် နိုင်ငံခြားမှ အလှူရှင်တစ်ယောက်၏ လှူဒါန်းသောငွေဖြင့် ရန်ကုန်မှ စာအုပ်များ မှာလိုက်၏ ။ ထို စာအုပ်များထဲတွင် စာရေးသက် နှစ်ပေါင်း သုံးဆယ်ခန့် ရှိသော ဆရာမ တစ်ယောက်၏ နာမည်ကျော် ၊ အတ္ထုပ္ပတ္တိ ဆန်ဆန် စာအုပ်တစ်အုပ်လည်း ပါလေသည် ။ စာကြည့်တိုက် ရောက်ပြီးသော ထိုစာအုပ်များကို စာဖတ်သူများက ငှားဖတ်ကြသည့်အချိန်တွင် ထိုဆရာမ၏ စာအုပ်ကိစ္စက ဖြစ်လာခဲ့ခြင်း ဖြစ်သည် ။
စာရေးဆရာသည် ထိုနေ့က စာကြည့်တိုက် စာအုပ် ငှားရမ်းရေး ဌာနတွင် ရှိနေခဲ့၏ ။
“ ငါ့အတွက် အသစ် ရောက်တဲ့ စာအုပ်အသစ် တစ်အုပ်လောက် ညွှန်းပါဦးကွ ”
အသံကြားသဖြင့် စာရေးဆရာ မော့ကြည့်လိုက်ရာ သူတို့၏ ငယ်ဆရာ အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးထွန်းရှိန် ဖြစ်နေ၏ ။ ဆရာ ကြီးသည် စာအလွန် ဖတ်သော စာဖတ်သက် ရင့်သန်လှသော စာကြမ်းပိုးကြီး တစ်ယောက် ဖြစ်၏ ။ ရွာ၏ သာရေးနာရေး ကိစ္စများတွင် လည်းကောင်း ၊ ကျောင်းဆုပေးပွဲ များတွင်လည်းကောင်း ဆရာကြီး၏ စာပေဗဟုသုတတို့ ထုံမွမ်းသော သြဝါဒများကို နာယူမှတ်သားရလေ့ရှိသည် ။
ယခုလည်း ဆရာကြီး က စာအုပ်တစ်အုပ် ညွှန်းဖို့ တောင်းဆိုသဖြင့် စာရေး ဆရာမှာ အပြေးအလွှား စဉ်း စားခန်းဖွင့်ရ၏ ။ သို့သော် သိပ်မစဉ်းစား လိုက်ရပေ ။ စာအုပ်များကို တန်းစီတင် ထားသော စင်ပေါ်မှ အသစ် လည်း ထွက်ထားသော ၊ စာ ဖတ်ပရိသတ်လည်း နှစ်ခြိုက် သော ဒုတိယအကြိမ် ထုတ် စာအုပ်တစ်အုပ်ကို အလျင်အမြန် သွားယူ ပေးလိုက်ရသည် ။
“ ဟင် ... ”
ဆရာကြီး၏ လက်ထဲသို့ စာအုပ်ထည့်ပေးလိုက် သည်နှင့် ဆရာကြီးက ဟင် ခနဲ တစ်ချက် အသံပြု၏ ။
“ တခြား စာအုပ်တွေ မရှိတော့ဘူးလားကွ ”
“ ဗျာ ... ရှိ ... ရှိပါတယ် ဆရာကြီး ”
“ အေး ... ရှိရင် တခြား စာအုပ်တစ်အုပ် ပေးပါကွ ၊ ကလောင်ဟောင်း ထဲကပေါ့ ”
“ ဟုတ် ဟုတ်ကဲ့ပါ ဆရာကြီး ”
စာရေးဆရာလည်း ဆရာကြီး ဖတ်နေကျ လိုင်းထဲမှ စာအုပ် တစ်အုပ်ကို သွားယူပြီး ပေးလိုက်ရတော့သည် ။ ဆရာကြီးသည် ထိုအခါမှ ကျေနပ်သွားသည့် ဟန်ဖြင့် ခေါင်းတဆတ်ဆတ် လုပ်ရင်း စာကြည့်တိုက် ထဲမှ ပြန်ထွက် သွားလေတော့၏ ။ စာကြည့်တိုက်ထဲမှ ထွက်မသွားခင် “ ငါက ခုခေတ် ကလောင်သစ်တွေရဲ့ စာတွေ ဖတ်မရဘူးကွ ” ဟု သြဝါဒ တစ်ခု ခြွေသွားသေး၏ ။
စာရေးဆရာသည် ငယ်စဉ်ကတည်းက မော့၍ပင် မကြည့်ရဲခဲ့လေသော ဆရာ ကြီး၏ ကျောပြင်အား ကြည့်ပြီး ဆရာကြီး၏ အိပဲ့အိပဲ့ ခန္ဓာကိုယ်ကြီး မျက်စိအောက် က ပျောက်သွားတော့မှ သူ ပထမ ရွေးပေးခဲ့သော စာအုပ် ကို မူလနေရာသို့ ပြန်ထား လိုက်ရတော့သည် ။ ထိုစာ အုပ်မှာ ဆရာမ မသီတာ ( စမ်းချောင်း ) ၏ စမ်းချောင်း ... အင်းစိန် ... ဟားဗတ် ဆိုသည့် စာအုပ် ဖြစ်လေသည် ။ ထိုစာအုပ် ပေးသည်ကို “ ငါက ကလောင်သစ်တွေ ဖတ်မရဘူး ” ဟု ဆိုသွား၏ ။ မည်မျှ အသည်းနာဖို့ ကောင်းလိုက်ပါသနည်း ။
ထိုကဲ့သော မိုးကြိုးကြီး ဆယ်ခါပစ်ရစေ့ကိစ္စများနှင့် ကြုံရလေတိုင်း စာရေးဆရာသည် သူ့ကိုယ်သူ ပြန်လည် သုံးသပ်ရင်း အားငယ်စိတ် ဖြစ်ရ၏ ။ စာရေးသက် နုနယ်လှသေးသော သူ့ကလောင် သူ လူသိများအောင် ဘယ်လို လုပ်ရမလဲ ၊ စာဖတ်ပရိသတ် တစ်ပြုံတစ်မကြီး ရအောင် ဘယ်လို ရေးရမလဲ ဆိုသည်ကို အနေ့နေ့ အလီလီ တွေးရ ၏ ။ ဆရာ သော်တာဆွေလို ၊ ဆရာမ မသီတာ ( စမ်း ချောင်း ) လို တကယ့် အရင့်အမာကြီးများ ကိုတောင် မသိ သောသူက ထုနှင့်ဒေး မဟုတ်လား ။ သို့နှင့် စာပေလောက အတွင်းသို့ စိတ်ကူးနှင့် တိုင်းခန်းလှည့်လည် ကြည့်လိုက် ရာ ကလောင်သစ် ဘဝက တည်းကမှာပင် အောင်မြင် ထင်ပေါ်ခဲ့သော ကလောင်နှစ် ချောင်းကို စာရေးဆရာ သွား တွေ့၏ ။
တစ်ယောက်မှာ ရွှေမင်းသားလေး ဟု လူသိများ ၊ ပရိသတ် များသော ဆရာ မင်းဝေဟင် ဖြစ်၏ ။ ဆရာ မင်းဝေဟင် ၏ ပထမဆုံး စာပေလက်ရာကို သေချာစေ့ငု ကြည့်တော့ လျှို့ဝှက်ချက် တစ်ခုကို စာရေးဆရာ သွားတွေ့၏ ။ ဆရာ မင်းဝေဟင် ၏ ပထမဆုံးလက်ရာမှာ ဦးနှောက်ပုံမှန် မဟုတ်သော လူ တစ်ယောက်အကြောင်းကို ရေးထားသည့် ကိတ္တိမသား ဆိုသည့် ဝတ္ထုဖြစ်၏ ။ ထို ဝတ္ထုထဲမှ ကိုဆယ်ပြား ဆို သော ဇာတ်ကောင်မှာ သိပ် ကျပ်မပြည့်ပေ ။ သို့သော် ဆရာ မင်းဝေဟင် က ထို ဇာတ်ကောင်ကို စာဖတ်သူ သနားစဖွယ် ဖြစ်အောင် ဖန်တီးပြီး သူ ပြောလိုသော အကြောင်းအရာများကို ထို ဇာတ်ကောင် အား ပြောခိုင်းလိုက်ပြီး ဒိုင်ယာလော့ခ် ကောင်းကောင်းနှင့် အတွေး များ ရောယှက်၍ စာဖတ် ပရိသတ်ကို ချပြလိုက်ရာဆရာ မင်းဝေဟင် မှာ ရွှေမင်းသားလေး ၊ ရွှေမင်းသားလေး နှင့် ဖြစ်လာခဲ့ရတော့သည် အထိ ဖြစ်လေ၏ ။ သို့နှင့် စာ ရေးဆရာလည်း ရွှေမင်းသား လေး၏ လိပ်စာကို မရအရ စုံစမ်းကာ ရန်ကုန်သို့ တက် သွားခဲ့တော့သည် ။ ရန်ကုန် ဘူတာကြီး အနီးမှ လပ်ကီး ဖလားဝါး လက်ဖက်ရည်ဆိုင် တွင် ရွှေမင်းသားလေး နှင့် တွေ့ကာ “ ဆရာ ... ကျွန်တော့် ဝတ္ထုတွေ ဘယ်လိုနေသလဲ ဗျ ... ” ဟု ဒဲ့ ( တဲ့ ) မေးပစ် လိုက်၏ ။
ရွှေမင်းသားလေးမှာ ပထမဆုံး သူ့ခေါင်းသူ လေးချက်လောက် မရပ်မနား ကုတ်ပစ်လိုက်ပြီးမှ “ ကောင်းတယ်ဗျ ... သိပ်ကောင်းပါတယ် ... ဟေး ... ဟေး ...” ဟု ဖြေ၏ ။
စာရေးဆရာမှာ ထိုမျှ နှင့်မရပ် ။ “ အဲဒီ ကောင်းတယ် ဆိုတဲ့ထဲက တစ်ပုဒ်လောက် နာမည်လေး သိပါရစေ ဆရာ ...” ဟု ထပ်ဆင့်ပြီး ညွန့်လိုက်သေးရာ ရွှေမင်း သားလေးက “ ဪ …. ဟုတ် ၊ ခဏဗျ ၊ နောက်ခဏ သွားလိုက်ဦးမယ် ” ဟု ဆိုပြီး စာရေးဆရာ အနီးမှ ဒရောသောပါး ပြေးထွက်သွား၏ ။ စာရေးဆရာလည်း ရွှေမင်းသားလေး တင်ထားသော စားပွဲပေါ်မှာ မှတ်စုစာအုပ်ကို ယူကြည့်လိုက်ရာ စာရေးဆရာ ရေးသော စာမူအမည်များ ဘေးတွင် “ ညံ့ ၊ အလွန်ညံ့ ၊ အလွန့်အလွန်ညံ့ ” ဟု စာမူအမည်နှင့် တကွ ရေးထားသည်ကို တွေ့ရလေ၏ ။ စာရေးဆရာ တင်းသွားရ၏ ။ အပြောနှင့် လက်တွေ့ ကွာနေသော ရွှေမင်းသားလေးအား တင်းသွားမိသဖြင့် စာမူများ ဘေးတွင် “ ကောင်း ၊ လွန်ကောင်း ၊ အလွန့်အလွန်ကောင်း ” ဟု ပြောင်းရေးခဲ့ကာ လက်ဖက်ရည်ဆိုင်ထဲမှ ထွက်လာခဲ့တော့သည် ။ လက်ဖက်ရည်ဖိုးကို မရှင်းခဲ့သည့်အပြင် ချိုပျစ်ခွေလဲ ဒိုင် ယာရီဆိုသော လက်ဖက်ရည် ပါဆယ် နှစ်ခွက်ပင် ဆွဲခဲ့လိုက်သေး၏ ။
ထိုမှ ဒုတိယမြောက် တွေ့ထားသည့် ကလောင် ဖြစ်သော မြောက်ဥက္ကလာပ တွင် နေထိုင်သည့် ဆရာ မောင်နှင်းပန်း ထံ ထွက်လာခဲ့ လိုက်၏ ။ ဆရာ မောင်နှင်းပန်း ဆိုသည်ကား စာမူတစ်ပုဒ် ရေးလိုက်လျှင် နောက်ကျောအား ဓားပြားနှင့် ချခံလိုက်ရ သကဲ့သို့ လန့်ဖျပ် သွားစေတတ်သော ဆရာ မောင်နှင်းပန်း ဖြစ်၏ ။ ဆရာ မောင်နှင်းပန်း၏ ကနဦး စာပေလက်ရာကို လေ့လာကြည့် တော့လည်း အောင်မြင်မှု၏ လျှို့ဝှက်ချက်ကို စာရေးဆရာ သွားတွေ့ပြန်၏ ။ ဆရာ မောင်နှင်းပန်း၏ လောင်းရိပ်မိ လွင်ပြင် ဟု ပြောလိုက်လျှင် စာဖတ်သူတိုင်းက လက်ဖျား ခါရသည် အထိ ဖြစ်လေသည် ။ ထို လောင်းရိပ်မိ လွင်ပြင် ထဲ တွင် ဆရာမောင်နှင်းပန်းသည် အရူးနှစ်ယောက် အကြောင်း ကို ဇာတ်လမ်းဇာတ်အိမ်ကျ ကျ ရေးဖွဲ့တင်ပြထား၏ ။ ထို ခေတ် ၊ ထိုအခြေအနေ၏ ခေတ်အခါကို ကွက်ကွက် ကွင်းကွင်း မဟုတ်ဘဲ အနုပညာမြောက်စွာ တစ်ဆင့်ချင်း တစ်ဆင့်ချင်း အတွေးတစ်စကို ပြကာပြကာဖြင့် ရေးဖွဲ့ထားခဲ့၏ ။ ထူးခြားသည်က အရူးကို ဇာတ်ကောင် အဖြစ် ထားကာ ရေးဖွဲ့ထားခြင်းဖြစ်၏ ။
ရွာမှ ထွက်လာ ကတည်းက ဆရာမောင်နှင်းပန်း ထံမှလည်း နည်းနိဿယများ ရယူမည်ဟု အားခဲထားခဲ့တာ ဖြစ်သည် ။
ဆရာ မောင်နှင်းပန်း အိမ်ရောက်တော့ ဆရာ မောင်နှင်းပန်း ကားမရှိ ။ ညနေခြောက်နာရီခန့်မှ ပြန် ရောက်လာလေသည် ။ စာ ရေးဆရာ လည်း မအောင့် အည်းနိုင်တော့သဖြင့် “ ဆရာ ကျွန်တော် နာမည်ကြီးချင်တယ် ၊ စာဘယ်လို ရေးရမလဲ ” ဟု ပွင့်ပွင့်လင်းလင်းပင် မေး ချလိုက်၏ ။
ဆရာ မောင်နှင်းပန်း ကလည်း မဆိုင်းမတွပင် ဖြေ ၏ ။
“ ငါ့လိုရေးကွ ”
“ ဆရာ့လို ... ဟုတ် ၊ ဘယ်လိုရေးရမလဲ ဆရာ ”
စာရေးဆရာသည် ခုံပေါ်တွင် ထိုင်နေရာမှ ဆရာ မောင်နှင်းပန်း အနားသို့ ဖတ်ခနဲ ပြေးကပ်သွားရင်း မေး လိုက်၏ ။
“ စာမူတစ်ပုဒ်ကို သုံးနှစ် လောက် အချိန်ယူရေး ”
“ ဗျာ ... ”
“ မဗျာနဲ့ ၊ မင်းက စာမူ ကောင်းလိုချင် ၊ နာမည်ကြီးချင်တယ် မဟုတ်လား ”
စာရေးဆရာက ခေါင်းတစ်ချက်ကို မြန်မြန် ညိတ်ပြ လိုက်တော့မှ “ စာမူ တစ်ပုဒ်ကို သုံးနှစ်လောက် အချိန်ယူ ရေးကွ ၊ ရေးပြီး တစ်နှစ်လောက် ပစ်ထားလိုက် ၊ အားရင် ပြန် ဖတ်ပြီး ပြင် ၊ ငါးနှစ်လောက် အချိန် ပေးလိုက်တာနဲ့ မင်း ဝတ္ထုကောင်း တစ်ပုဒ် ရလာလိမ့်မယ် ။ ဒါဆို မင်းလည်း နာမည် ကြီးရောပေါ့ ”
“ ဗျာ ... ”
“ အေး အဲဒီအတိုင်းလုပ် ၊ ငါ ရေချိုးလိုက်ဦးမယ် ”
စာရေးဆရာပင် ထပ် မမေးလိုက်ရတော့သည့် အချိန်အတွင်း ဆရာမောင်နှင်းပန်း သည် အိမ်ပေါ်သို့ တက်သွားလေ၏ ။ စာရေးဆရာ လည်း ခေါင်းကို ငိုက်စိုက်ချကာ ရွာပြန်လာခဲ့ရလေသည် ။ ဝတ္ထုတစ်ပုဒ်ကို သုံးနှစ်ရေး ၊ ပြန်ပြင် ၊ ငါးနှစ် အတွင်း ဝတ္ထု တစ်ပုဒ်ရ ။ စာရေးဆရာသည် ကားစီးရင်း ဆရာမောင်နှင်းပန်း ၏ စာရေးနည်းစံချိန်ကို တွက်ဆနေမိ၏ ။ ထိုကဲ့သို့ သာ ရေးရမည် ဆိုလျှင် စာရေး ဆရာ သေရော့မည်ပေါ့ ။ စာရေးဆရာကား စာမရေးရ မနေနိုင်သူ ဖြစ်၏ ။ တစ်လ အတွင်း အပုဒ် နှစ်ဆယ်ခန့်မှ မရေးရလျှင် နေမထိ , ထိုင်မသာ ဖြစ်နေလေ့ ရှိ၏ ။ ဆရာ မောင်နှင်းပန်း သင်ရိုးအတိုင်း ဆို စာရေးဆရာ ရောဂါရတော့မည် ဖြစ်၏ ။ သူတို့ နည်း မဟုတ်သော်မှ သူတို့ လိုတော့ အောင်မြင်မှ ရမည်ဟု တွေးရင်း သူတို့ ဝတ္ထုများထံ တစ်ဖန် စိတ်ပို့ရပြန်၏ ။
ပထမ တွေ့ရှိခဲ့သော ဆရာ မင်းဝေဟင် သည် စိတ်မနှံ့သူကို ဇာတ်ကောင်ထား ရေးဖွဲ့သည့် ဝတ္ထုဖြင့် အောင်မြင်လာခဲ့၏ ။ နောက်ထပ် ရှာဖွေ တွေ့ရှိခဲ့သော ဆရာ မောင်နှင်းပန်းသည်လည်း စိတ်ဝေဒနာရှင်ကို ဇာတ်ကောင် ထားကာ ရေးဖွဲ့သည့် ဝတ္ထုဖြင့်ပင် အောင်မြင်လာခဲ့ ပြန်၏ ။ သို့နှင့် စာရေးဆရာသည် ထိုကိစ္စကို ပစ်မှတ်ထားကာ ဝတ္ထု တစ်ပုဒ် ရေးဖို့ ဆုံးဖြတ်ပစ်လိုက်သည် ။ ထိုထက်ပို၍ စိတ်ကူးထဲ ဝင်လာခဲ့သည်မှာ အထက်ပါ ဆရာ နှစ်ယောက် ထက် သာစေရန် သူ့ ဇာတ်ထဲတွင် အရူး သို့ မဟုတ် စိတ်မနှံ့သူကို သုံးယောက် အထိ ထည့်သုံးပစ်မည်ဟု အားခဲထားခဲ့၏ ။ သို့ နှင့် စာရေးဆရာသည် သူ့ ပတ်ဝန်းကျင်တွင် အရူးတွေ့ လိုတွေ့ငြား လိုက်ရှာ၏ ။ အရူး ကား မတွေ့ပေ ။ ရွာနီးချုပ်စပ်တွင် မတွေ့သည့်အခါ မြို့သို့ တက်၍ မီးရထားဘူတာများ တွင် ရှာ၏ ။ မတွေ့ ။ သူတို့ မြို့ကလေးတွင် ယခင်က “ ငါးကျပ်လောက် ... ငါးကျပ်လောက် ” နှင့် လူတွေ့ တိုင်း လိုက်ပူဆာတတ်သော စိတ်ဝေဒနာရှင်တစ်ယောက် ရှိခဲ့ဖူးသည်ဟု သိရသော်လည်း ယခုကား မရှိတော့ ။ စိတ်ဝေဒနာရှင်ကား ရွှေ ကဲ့သို့ ရှားပါးလွန်းလှ၏ ။
ကြံရာမရသည့် အဆုံး သူ့မိန်းမ၏ အစ်ကိုဝမ်းကွဲ ဖြစ်သူ ၊ အနည်းငယ် ခပ်အေးအေး နေတတ်သော ကိုရှမ်းကြီး ဆိုသူအား ဇွတ်အတင်း လွှတ်ခိုင်းကာ ဇာတ်ကောင် အဖြစ်ထား၍ ရေးဖွဲ့ ပစ်လိုက်၏ ။ သို့သော် ထိုဝတ္ထုမှာ ဟို ဆရာနှစ်ယောက်၏ စိတ်ဝေဒနာရှင် ဝတ္ထုများကဲ့သို နာမည်ရဖို့ မဆိုထားနှင့် ၊ ထိုစာမူ ပါသော ရွှေအမြုတေမဂ္ဂဇင်းကို လက်ဆောင်ရသူတို့ကပင် ထိုဝတ္ထုကို နောက်ဆုံးပိတ် ပျင်းပျင်း ရှိသည့်အခါမှ ဖတ်သည်ဟု တစ်ဆင့် စကား ပြန်ကြားရ၏ ။ အမြတ် တစ်ခုတော့ ရလိုက်သေးသည်ဟု စာရေးဆရာ အစက ထင်ခဲ့မိ သေးသည် ။ သွားလေသူ ဆရာ ဒေါင်းနေမင်း မှ ဖုန်း ဆက်၍ ထိုဝတ္ထုနှင့် ပတ် သက်ပြီး ခရေစေ့တွင်းကျ ချီးမွမ်းခန်း ဖွင့်သွားခဲ့၏ ။ ယခုမှ ပြန်တွေး ကြည့်တော့ ဆရာ ဒေါင်းနေမင်း က အိပ်ချင်မူး မူးနှင့် ဖုန်းနံပါတ် မှားနှိပ်မိပြီး အားနာပါးနာ သူ့နား နီးသော စာအုပ်ထဲမှ တွေ့ရာဝတ္ထု ကောက် ပြောလိုက်ခြင်းလည်း ဖြစ်နိုင်၏ ။
သို့နှင့် စာရေးဆရာသည် အရူးဝတ္ထုကို လက်လျှော့ပြီး ကိုယ့်လမ်းကိုယ် ဖောက်ကာ အခြား ဝတ္ထုဖြင့် အောင်မြင်အောင် လုပ်တော့မည်ဟု ဆုံးဖြတ်၍ သူတို့ ရွာထိပ်ရှိ သစ်တောရုံးမှ ဝန်ထမ်းများ လာဘ်ယူလာဘ်စားမှုကို သေသေချာချာ လေ့လာပြီး တိတိကျကျ ကွက်ကွက်ကွင်းကွင်း ရေးကာ မဂ္ဂဇင်း တစ်စောင်သို့ ပို့လိုက်ရာ ထိုဝတ္ထုမှာ ပုံနှိပ်စာလုံးအဖြစ် ပါလာခဲ့လေ၏ ။
စာရေးဆရာသည် ထို မဂ္ဂဇင်းစာအုပ်အား သစ်တောရုံးအပေါက်ဝတွင် ညအချိန်တွင် သွားချထားလိုက်၏ ။ စာရေးဆရာ၏ အကြံကား သစ်တောရုံးမှ ဝန်ထမ်းများ က ထိုစာအုပ်ကို တွေ့ ၊ ဖတ် ။ သူတို့အကြောင်း ရေးထား တာ ဖတ်မိပြီး ရဲတိုင် ၊ ရဲက စာရေးဆရာကို လာဖမ်း ။ ဒါ ဆိုလျှင် စာရေးဆရာ နာမည် ကြီးပြီ ။ ထိုထိုသော မဟာ့ မဟာ ရည်ရွယ်ချက်ဖြင့် ရေး လိုက်ခြင်း ဖြစ်၏ ။
သို့သော် လက်တွေ့ တွင်ကား မနက်စောစော စားတော်ပဲပြုတ် ထ,ရောင်းလေ့ ရှိသော စာရေးဆရာ၏ အစ်မ ဝမ်းကွဲတစ်ယောက်က “ နင့်စာအုပ် သစ်တောရုံး အပေါက်က တွေ့လို့ ပြန်ယူ လာတာ ” ဟု ဆိုကာ လာပေးသဖြင့် စာရေးဆရာမှာ ကျေးဇူးတင်ကြောင်း ပြောပြီး အောင့်သက်သက်နှင့် ပြန်ယူ ထားလိုက်ရ၏ ။
သို့နှင့် ရသဝတ္ထု သက်သက်ကို ရေးဖို့ လက်လျှော့ လိုက်ပြီး ရုပ်ရှင်ဘက်သို့ ခြေစုံပစ်ဝင်ရန် စာရေးဆရာ ဆုံးဖြတ်ချက် ချလိုက်ခြင်း ဖြစ်သည် ။
ချက်ချင်း ဆုံးဖြတ်လိုက်သည်ဟု ဆိုသော်လည်း ဦးစွာ ရုပ်ရှင်နယ်ဘက်သို့ လေ့လာခဲ့ရသေး၏ ။
ပထမဆုံး တစ်ယောက် မှာ အဦးဆုံး လုံးချင်းဖြစ်သော မြောက်ဖျားက အလွမ်းရာသီ ဝတ္ထုနှင့်ပင် အမျိုးသား စာပေဆုကို ဆွတ်ခူးရယူသွားသော ဆရာမ စံပယ်ဖြူနု ဖြစ်၏ ။ ဆရာမ စံပယ်ဖြူနု သည် တောင်ပေါ်သူ ဖြစ်သည်နှင့်အညီ လုံးချင်းဝတ္ထုများ ၊ ဝတ္ထုတိုများ ရေးသားရင်း ယခုတော့ စာရေးသည့် ဘက်မှ ရုပ်ရှင်ဘက်သို့ ခြေလှမ်းကာ ခေါင်ရည်တစ်ခွက်၏ ဒိုင်ယာရီ ဆိုသော ဇာတ်လမ်းတွဲ ထဲတွင် သရုပ်ဆောင်နေသည်ဟု သိရ၏ ။ ရုပ်ရှင်ဘက်တွင် စွံသည်နှင့် စာရေးခြင်းကို စွန့်လွှတ်မည်မှာ မုချဟု တွက်ရ၏ ။
နောက်တစ်ယောက် ကား ဆရာမ စံပယ်ဖြူနု ကဲ့သို့ပင် ပထမဆုံး ဝတ္ထုတို ပေါင်းချုပ်နှင့် အမျိုးသား စာပေဆု ရရှိခဲ့သော ဆရာမ ဝေ ( စီးပွားရေးတက္ကသိုလ် ) ဖြစ်၏ ။
ဆရာမ ဝေ သည်လည်း ယခုအခါ စာရေးခြင်း ထက် သရုပ်ဆောင် အနုပညာဘက် သို့ ခြေလှမ်းနေသည်ကို တွေ့ နေရ၏ ။ လူမှုကွန်ရက်စာ မျက်နှာများတွင် တက်လာ သော ဓာတ်ပုံများ ၊ လှုပ်ရှားမှ များကိုကြည့်ကာ အကဲခတ် လိုက်တော့ ဆရာမ ဝေ ( စီးပွားရေးတက္ကသိုလ် ) သည် မော်ဒယ်မိခင်ကြီး ဒေါ်တင်မိုးလွင် ကဲ့သို့ပင် “ ဝေအီကို ” ချန်နယ် ဖွင့်ကာ သရုပ်ဆောင် သင်တန်းတစ်ခုကို သေချာ ပေါက်ဖွင့်တော့မည်ဟု ခန့် မှန်းရ၏ ။
နောက်တစ်ယောက်ကား ရွှေအမြုတေမဂ္ဂဇင်းမှ ချီးမြှင့် သော ရွှေနှလုံးသားစာပေဆု ကို သုံးကြိမ်တိုင်တိုင် ဆွတ်ခူး ရယူထားသော ဆရာ ချမ်း ထက်ဟန် ဖြစ်၏ ။ ဆရာ ချမ်းထက်ဟန် သည်လည်း စာကို လုံးဝမှပင် မရေးတော့ ၊ လှည့်မကြည့်တော့ချေ ။ ရေးစရာ မလိုလောက်အောင်လည်း သရုပ်ဆောင်မှု နယ်ပယ်ဘက် တွင် အောင်မြင်နေသောသူ ဖြစ်သည်လေ ။ ရွှေအက်ဖ်အမ် ဆိုသော နာမည်ကြီး ရုပ်သံ လိုင်းတစ်ခုတွင် ပင်တိုင် သရုပ်ဆောင် ၊ ဒါရိုက်တာ ၊ ဇာတ်ညွှန်းရေးဆရာ ၊ အသံလွှင့်သူ အဖြစ် လုပ်ကိုင်အောင်မြင်လျက် ရှိ၏ ။ ထိုမျှ အောင်မြင်ရုံပင် မကပေ ။ မကြာသေးမီကမှ တက်သစ်စ နာမည်ကြီး မင်းသမီးတစ်လက်နှင့် လက်ထပ်ထိမ်းမြား၍ပင် သွားသေးတော့၏ ။ ချိုမြိန်ပေစွ ။
နောက်တစ်ယောက်မှာမူကား သဘာဝအုပ်စုဟု နာမည်ကြီးသော ဆရာ သာဓု မျိုးဆက်လည်း ဖြစ် ၊ ဆရာ မင်းလူ၏ သမီးလည်း ဖြစ်သော ဆရာမ ယုယ ဖြစ်၏ ။ ဆရာမ ယုယ သည် ယခင် ကမှ တစ်နှစ် တစ်ပုဒ်လောက် စာရေးသေး၏ ။ ယခု မရေး တော့ပေ ။ အစိုးရသစ် တက်လာပြီးသည့် နောက်ပိုင်း အားကစားဝန်ကြီးဌာနဘက် သို့ တာဝန် ထမ်းဆောင်နေပြီး မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအားကစားသမားများအား ကြီးကြပ်ထိန်းကွပ်နေ သည်ဟု သိရ၏ ။ ဆရာမ စံပယ်ဖြူနု သရုပ်ဆောင် နေသော ခေါင်ရည်တစ်ခွက်၏ ဒိုင်ယာရီမှာ ဆရာမ ယုယ၏ လက်ရာ ဖြစ်ပြီး ဒါရိုက်တာမှာ လည်း ဆရာမ ယုယ ပင်လျှင် ဖြစ်သည်ဟု သိရ၏ ။ စွယ်စုံရ ဆရာ သာဓု ကို မီအောင် လိုက်ရန် နယ်ပယ်အစုံ ရပ်တည် ကြိုးစားရင်း အောင်မြင် နေသော ဆရာမ ယုယ အား စာရေးဆရာ လေးစား၏ ။
စာရေးဆရာသည် ထိုသူများကို အားကျ၏ ။ ရသစာပေကိုသာ ရူးရူးမိုက်မိုက် ဖန်တီး နေတာထက် စာလျှင် ရုပ်ရှင်ဘက်ကမှ နာမည်ကျော် လူသိ များလိမ့်ဦးမည် ဟု တထစ်ချ တွေးမိ၏ ။ စာ ချည်းသက်သက် ရေးနေ၍ လူမသိ ၊ ထိုစာကို ရုပ်ရှင် အဖြစ် ကူးပြောင်းရိုက်ပြ တင်ဆက်နိုင်မှသာ အောင်မြင် ကျော်ကြားလိမ့်မည်ဟု တွေး ၏ ။
ထိုအတွေးကို ထပ်ဆင့် ထောက်ခံသော ဖြစ်ရပ်တစ်ခု ကလည်း ယခု ရက်ပိုင်း အတွင်းတွင်ပင် ဖြစ်ပျက်ခဲ့ သေးသည်လေ ။
ထိုနေ့က စာရေးဆရာ၏ အိမ်၌ ဇာတ်လမ်း တစ်ခုကို အသည်းအသန် ကြည့်နေကြသည့်နေ့ ဖြစ်သည် ။ ဇာတ်လမ်းက ဆရာမ မိချမ်းဝေ ၏ ယုဂန်ဗွေအစွန်းမှာ ဆိုသည့် ဝတ္ထုကို ကူဖော်လောင်ဖက် ဟု အမည်ပြောင်းပြီး ရိုက်ထားသည့် ဇာတ်လမ်း ဖြစ်သည် ။ စာရေးဆရာ လည်း ဝမ်းသာအားရနှင့် “ အဲဒါ ... အဲဒါဆရာမ မိချမ်းဝေ ရေးတဲ့ ဝတ္ထုကို ရိုက်ထားတာ ” ဟု ကြည့်နေသူများ မကြား ကြားအောင် အော်ပြောပစ်လိုက်၏ ။ “ ဟား ... ဟား .. ဟား ...” နှင့်ပင် မရယ်ချင်ဘဲ ဖျစ်ညှစ်ရယ် လိုက်သေး၏ ။ စိတ်ထဲမှ လည်း “ ကိုင်း ... မှတ်ပလား ” ရသစာပေကို အထင်သေး ၊ အမြင်သေးချင်တဲ့ လူတွေဟု ကျေနပ်အားရ အသံတိတ် ဟစ်ပစ်လိုက်၏ ။
စာရေးဆရာ ပြော၍မှ ဆုံးမဆုံးသေးခင် စကားတစ် ခွန်းကို ခြောက်ဘီးကားနှင့် ပြေးဆောင့်သလို ပြောတတ်သော စာရေးဆရာ မိန်းမ ဘက်က အပျိုကြီးတစ် ယောက်က “ ဘာလဲ မိချမ်းဝေ ဆိုတာ အဆိုတော် အေးချမ်းမေရဲ့ ကလောင်နာမည် မဟုတ်လား ” ဟု ပြောလိုက် သဖြင့် တီဗွီရှေ့မှ အမြန် ပြေးထွက်လာခဲ့ရတော့၏ ။ ထိုနေ့ မှစပြီး ရသ,ကလောင်ကို ချကာ ရုပ်ရှင်နယ်ဘက်သို့ ပြောင်းရန် လုံးဝ ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်လေ၏ ။
အချိန်ကား မှောင်သည်ထက် လွန်ကာ မှောင်လာခဲ့ပြီ ဖြစ်လေသည် ။ စာရေးဆရာ ရှေ့တွင် ချထားသော စာရွက် အလွတ်တွင်ကား မည်သည့် စာတစ်လုံးမျှ မရေးရသေးပေ ။
“ အင်း ... အညာမိသား စုတစ်စု ၊ ယောက်ျားက ထန်း တက် ၊ မိန်းမက ထန်းလျက် ချက် ၊ သားက ဆရာဝန် ၊ စာရေးဆရာ ၊ ဒါရိုက်တာ ၊ သရုပ်ဆောင်ဖြစ် ၊ မိန်းမ ရ ၊ မိန်းမနဲ့ မိဘတွေနဲ့ မတည့်လို့ မိဘနှစ်ပါးကို အမွေဖြတ် စွန့်လွှတ် ။ အဲဒီ ဝတ္ထုကို ရုပ်ရှင် ရိုက် ၊ အကယ်ဒမီ ရွေးချယ် ရေးအဖွဲ့မှာ ဆရာ ဦးဝင်းငြိမ်း လည်း ရှိနေတာပဲ ဆိုတော့ ဟင်း ... ဟင်း ... အကယ် ဒမီ ... လူခါး ... ၊ လူခါး ... အကယ်ဒမီ ...”
“ ဖေဖေ ... ဖေဖေ ... ”
“ ဖေဖေ ... ဖေဖေ ... လို့ ”
စာရေးဆရာ တွေး၏ ။ ထိုသို့ တွေးနေသခိုက် စာရေး ဆရာ၏ အနီးတွင် ပုံဆွဲ လေ့ ကျင့်နေသော သမီး ဖြစ်သူက ခေါ်လိုက်သဖြင့် စာရေးဆရာ လန့်သွားရ၏ ။
“ ဟေ ... ဟေ ... သမီး ”
“ ဖေဖေကလည်း ဘာတွေ တွေးနေမှန်း မသိဘူး ၊ အောက်မှာ မေမေ ခေါ်နေတယ် ”
ထိုအခါမှ စာရေးဆရာ လည်း ရုပ်ရှင် ဆယ်ကားလောက် တစ်ထိုင်တည်း ရိုက်နေသော သူ့လိပ်ပြာကို အတင်း ပြန်ဆွဲခေါ်လာရလေသည် ။ အတွေး ပျက်သွား သဖြင့်လည်း “ အေး ဘာလဲ ပြော ... ” ဟု အိမ်အောက်က ကြားသာအောင် အသံမာမာနှင့် လှမ်းအော်လိုက်၏ ။
“ .... ”
သူ့မိန်းမ၏ အသံကို ကြားကား ကြား၏ ။ မရှင်းပေ ။
“ ဟေ .. ဘာလဲ မရှင်းဘူး ”
“ ဒီမှာ တော့်စာမူကို ဗီဒီယို ရိုက်မယ့်လူ လာနေတယ်လို့ ”
“ ဟေ ...”
စာရေးဆရာ၏ ဆံပင်များက ချက်ချင်း ထောင်လာကြ၏ ။ ရင်ဘတ်သည် နိမ့်ချည်မြင့်ချည် ဖြစ်လာပြီး မျက်လုံးများက ချက်ချင်း ပြူးကျယ် လာကြလေသည် ။
“ အေး ... အေး ... လာပြီ ”
စာရေးဆရာသည် ပြော ပြောဆိုဆို လှေကား ခုနစ်ထစ် ရှိသော သူ့အိမ် အောက်ထပ် သို့ ပြေးဆင်း၏ ။ ထိုခဏ အတွင်း ပုဒ်ရေ ငါးဆယ်ခန့် ရှိသည့် ရေးခဲ့ပြီးသော စာမူ များ၏ အမည်များက လေ တိုက်သဖြင့် လွင့်ပါသည့် တိမ်များကဲ့သို့ ဦးနှောက် ထဲတွင် တဖျပ်ဖျပ် လွင့်ပါပြေးလွှားလာကြ၏ ။
“ ဘယ်စာမူလဲ ၊ ဘယ်စာမူလဲ ” ဆိုသည့် အမေးက ခေါင်းကို မီးလောင်သလို ပူချစ်ပူလောင် ဖြစ်လာစေ တော့၏ ။
အိမ်အောက်သို့ စာရေးဆရာ ရောက်သွားသည့် အချိန်တွင်ကား အိမ်အောက်တွင် ခွေးတစ်ကောင် ကြောင်တစ်မြီးမှ မတွေ့ရပေ ။
“ ဘယ်မှာလဲ ငါ့စာမူကို ဗီဒီယို ရိုက်မယ့်လူ ၊ ဘယ်မှာလဲ ”
စာရေးဆရာ၏ မိန်းမသည် မီးဖိုပေါ် တင်ထားသော ချဉ်ရည်ဟင်းအိုး ထဲမှ ချဉ်ရည်ဟင်းကို ဇွန်းနှင့် ခပ်မြည်း နေရာမှ ရုတ်တရက် တန့် သွား၏ ။
“ ဘာ ... ဘာရယ် ”
ချဉ်ရည်ဟင်းအိုး ထဲသို့ ဆားတစ်ဆုပ်ကို ဖတ်ခနဲ ပစ်ထည့်လိုက်ပြီး “ ဘာ ….. ဘာရယ် ” ဟု ပြန်အော်ရင်း စာရေးဆရာအား သူရဲတစ္ဆေတစ်ကောင်ကဲ့သို့ ကြည့်လေ၏ ။
“ ငါ့စာမူ ဗီဒီယို ရိုက်မယ့်လူ လာတယ်ဆို ”
“ ဘာတွေ လာ ပြောနေတာလဲ ၊ ဟိုမှာ တော့် စာအုပ်တွေ ထည့်ဖို့ မှာထားတဲ့ ဗီရို ရောက်ပြီလို့ ပြောတာ ၊ ဟော့ ဟိုမှာ ဆိုက်ကား ”
“ ဟင် ” ဟုမြည်ရင်း အိမ်ရှေ့ကို စာရေးဆရာ ကြည့်လိုက်တော့ အိမ်ရှေ့မီးရောင် မှိန်မှိန် အောက်တွင် ဆိုက်ကားသည် ရပ်နေလေ၏ ။ ဆိုက်ကား ပေါ်တွင်တော့ ဗီရိုအသစ် စက်စက်ကြီးသည် ရှိ၏ ။ စာရေးဆရာသည် သူ့မိန်းမ အား မရဲတရဲ တစ်ချက် ကြည့်ရင်း ဆိုက်ကားဆီသို့ ငိုက်စိုက်ငိုက်စိုက်နှင့် သွားရလေ၏ ။
ထိုအချိန်တွင် အိမ်ပေါ် စာရေးစားပွဲထက်ရှိ ဇာတ်လမ်း ဇာတ်ညွှန်းနှင့် ဒါရိုက်တာ ဟု ခေါင်းစီးတပ်ပြီး ဘာမှ မရေးရသေးသော စာရွက်လွတ် ပေါ်တွင် စာရေးဆရာ၏ သမီးဖြစ်သူက ဇာတ်လမ်းဇာတ်ညွှန်းနှင့် ဒါရိုက်တာ အကယ်ဒမီ ဖေဖေ လူခါး ဟု ရေးခြစ်လျက် ရှိနေလေတော့သည် ။
⎕ လူခါး
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
၂၀၁၇ ဧပြီ

No comments:
Post a Comment