Monday, September 8, 2025

ဘီယာပုလင်း - ခင်မောင်ပြုံး


 

❝ ဘီယာပုလင်း - ခင်မောင်ပြုံး ❞
         ( မောင်သော်က )

သူတို့ နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် မတွေ့ဘူးကြသေးမီ ကာလ၌ပင် ကျွန်တော့် မိတ်ဆွေ ခင်မောင်ပြုံး သည် တခြား ကျွန်တော့်မိတ်ဆွေ ဦးသန်းတင့် အား သတင်းစကား အကြားနှင့် ကြည်ညို လေးစားပြီး ဖြစ်၏ ။ ကျွန်တော့် မိတ်ဆွေ ဦးသန်းတင့် ဆိုသည့် ပုဂ္ဂိုလ်မှာလည်း ရင်းနှီးသော မိတ်ဆွေများ အကြားတွင် နာမည်ရင်းပင်လျှင် ပျောက်ကာ မယားများသည့် ကု,လားကြီး ဟု သတင်းကြီးသူ ဖြစ်၏ ။ သတင်းကြီးမည် ဆိုက လည်း ကြီးထိုက်ပါပေသည် ။ အကြောင်းဟူမူ ဦးသန်းတင့် သည် အရွယ်ရောက်၍ လက်ထပ်သည့် အချိန်မှ စကာ မည်သည့်အခါမျှ မယား လက်ကျန်စာရင်း နှစ်ဦးထက် လျော့ပါးခြင်း မရှိသူဖြစ်သတည်း ။

“ လုပ်စမ်းပါဦးဗျ .. ခင်ဗျား မိတ်ဆွေ ကု,လားကြီး အကြောင်းကို ”

ပါးစပ်တွင် ကပ်နေသည့် ဘီယာမြှုပ်များကို လက်ဖမိုး နှင့် သုတ်ရင်း ခင်မောင်ပြုံး က ကျွန်တော့်ထံ စကား တောင်းလာသည် ။ သူ သည် ဇနီးဖြစ်သူ ခင်မေပြုံး အား သေမတတ် ကြောက်ရ သော်လည်း နောက်ထပ် မယား တစ်ယောက် ယူရန် အစဉ် စိတ်ကူး ယဉ် နေသူဖြစ်၏ ။ ခင်မေပြုံး ရှေ့တွင် မခုတ်တတ်သည့် ကြောင်လေးသဖွယ် ရိုကျိုးသမျှ ကွယ်ရာ ရောက်သည်နှင့် တစ်ပြိုင်နက် နန့်တံ့တံ့ လုပ်ရမှ ကျေနပ်၏ ။ နောက်ပိုင်းတွင်လည်း မီးသေသည်က မဟုတ် ။ သူ့ မယား အညာသူ ခင်မေပြုံး ပင်လျှင် သူ့ အစွမ်းအစနှင့် ရခဲ့သည် မဟုတ် ။ သူတို့ လင်မယား ညားခဲ့ကြပုံမှာလည်း နှောင်းသူများ မှတ်သားနာယူ လောက်အောင် ဒဏ္ဍာရီ ဆန်လှ၏ ။ အနည်းဆုံး တော့ “ ဦးဦး ပုံပြောမယ် ” တွင် ရုပ်ပြဇာတ်လမ်း အဖြစ် ထည့်သွင်းဖော်ပြသင့်၏ ။

တစ်ချိန်သော အခါ ခင်မေပြုံး သည် ကူမဲဘူတာ ၌ ဒံပေါက် ရောင်း၏ ။ ထိုစဉ်က သူ့ အမည်မှာ မပြူး ဖြစ်ကောင်း ဖြစ်ပေမည် ။ ရန်ကုန် ရောက်ကာမှ ခင်မေပြုံး ဟူ၍ ဖြစ်လာသည်မှာ ဆန်းလှသည်တော့ မဟုတ်ပါ ။ အဲ ... ကျွန်ုပ် တို့ ဇာတ်လိုက်ကြီး ခင်မောင်ပြုံး သည် ဘီယာကို အလွန် နှစ်သက်သူ ဖြစ်ခြင်းကြောင့် မန္တလေး သို့ မကြာခဏ ဘီယာ အဝ သောက်သွား၏ ။ တစ်နေ့သော် ကူမဲဘူတာ ၌ မီးရထား ခေတ္တ ရပ်နားစဉ် ( ထိုစဉ်က ကူမဲဘူတာ မှာ ဒံပေါက်ထမင်း နာမည်ကြီး ဖြစ်သည် ။ ) ဒံပေါက် တစ်ထုပ် ဝယ်စား၏ ။ ဒံပေါက်သည် ကောင်မလေး ပြန်မအမ်းနိုင် ဖြစ်နေဆဲ မီးရထားက ထွက်၏ ။ ခင်မောင်ပြုံး ကလည်း တစ်ဖက်က ဒံပေါက် ကိုလည်း ဆွဲ ၊ ရာတန် ကိုလည်း လက်မလွှတ် ၊ ဒံပေါက်သည် မပြူး ကလည်း ဒံပေါက်ဖိုး အဆုံး မခံနိုင်သောကြောင့် ထွက်ဆဲ ရထားပေါ် အတင်း ဇွတ်တက်လိုက် တောင်းရာ ကူမဲဘူတာတွင်း ဈေးရောင်းသူများက “ မိပြူး လင်နောက် လိုက် ပြေးသွားပြီ ” ဟု သတင်းလွှင့်ကြသည့် အတွက် အကြောင်း ကလည်း မထူး ။ ကူမဲ သို့ လည်း မပြန်ရဲတော့သည့် အတွက် ကျွန်တော်တို့ ဇာတ်လိုက်ကြီး ခင်မောင်ပြုံး အား ဒံပေါက်ဖိုး နှင့် နှိမ်၍ ယူ လိုက်ရှာသတည်း ။ ယခုတိုင် လင်မယား စကားများ ရန်ဖြစ်ကြလျှင် ဒံပေါက်ဖိုး တောင်းဆဲဟု အိမ်နီးချင်းများထံမှ သိရပေသည် ။

“ တော်စမ်းပါ ... ဘီယာပြုံး ရယ် ၊ ခင်ဗျားကများ ကု,လားကြီးကို အားကျရအောင် ခင်ဗျား မိန်းမ ခင်မေပြုံး ကို မီးသေလို့လား ”

ကျွန်တော်က သူ့ ဘီယာ ကို သောက်သော်လည်း သူ့ စကားကို ဦးချိုးနှိမ်ထားလိုက်သည် ။

“ မဟုတ်သေးဘူးလေဗျာ .. အနည်းဆုံးတော့ နည်းလမ်းလေး ဘာလေး မှတ်သားထား ရအောင်လို့ပါ ။ သေနာကြီးကလည်း ဈေးကိုင်လိုက်တာ .. ” 

“ ကဲ .. ဒါဖြင့် ဒီလိုလုပ် .. ”

ခင်မောင်ပြုံး သည် အလွန် ဝမ်းသာအားရစွာဖြင့် တရားထူးကို နာအံ့ သောငှာ ကု,လားထိုင်ကို ရှေ့သို့ တိုးရွှေ့ ထိုင်ရင်း ..

“ ဘယ်လို လုပ်ရမလဲဆရာ အမိန့်ရှိပါ ” ဟု လက်အုပ် ချီတော့မတတ် ရိုသေစွာ မေး သည် ။

“ ဘီယာ တစ်လုံး ထပ်မှာ ....”

“ ဟယ် ... သေနာကြီး ... ဒီက အကောင်းမှတ်လို့ ၊ လုပ်ပါ ... ပြောစမ်းပါ ။ ဟေ့ ... ဒီမှာ .. ဘီယာ တစ်လုံး ထပ်ပေးစမ်းပါဦးကွာ .. ”

“ အခု ကု,လားကြီး နောက် မဆုံး တစ်ဆုံး ယူထားတဲ့ ကပြားမ ဂျမ်ပိန် ဆိုတာနဲ့ ဘယ်လိုလုပ် ရတယ်ထင်သလဲ ... ”

“ ဒါမျိုးတွေ ကြား ချင်တာ .. ဟီး - ဟီး - ဟီး ။ ဟေ့ ဘီယာ အေးပေ့ စေနော် ” 

ခင်မောင်ပြုံး ၏ ဘီယာစည် ဗိုက်ကြီး သည် နှစ်သိမ့် ရယ်မောသည်၌ တသိမ့်သိမ့် လှုပ်ခါ ယမ်း၏ ။

“ ကု,လားကြီး မှာ အမြဲတမ်းလို လက်ကျန် စာရင်း မယား နှစ်ယောက် ရှိတယ် ဆိုတာ သိတယ် မှုတ်လား ”

“ ကြားဖူးနားဝ ရှိပါတယ် ဆရာ ”

“ တစ်နေ့ကျတော့ အဲဒီ ဇနီးမယား နှစ်ယောက် အနက်က တစ်ယောက်သော မယားဟာ အနိစ္စသဘောနဲ့ ကိစ္စ ချောရှာလေတော့ ကု,လားကြီး ခမျာ ကြက်ဥဟပ်ဘွိုင် လို မုဆိုးကြီး ဟပ်ဘွိုင် ဖြစ်သွားပါလေ ရော ”

“ ဟောဗျာ ... ဟပ်ဘွိုင် မုဆိုးဖို ဆိုတော့ မုဆိုး မဖို့ တဖို ကြီး ပေါ့ ”

“ အစစ်ပဲ .. အဲဒါ ကု,လားကြီး ရဲ့ ဖီလော်ဆော်ဖီ ပဲ ။ သူက ပြောဖူးတယ် ။ သူ အစဉ်သဖြင့် မယားနှစ်ယောက် ယူထားရခြင်းဟာ ဘဝမှာ မုဆိုးဖို ဖြစ်ရမှာကို အကြောက်ဆုံးမို့ ဆိုပဲ ။ အဲဒီ အီမာဂျင်စီ အတွက် အမြဲ အသင့်ပြင်ဆင် ထားခြင်းဟာ မယား နှစ်ယောက် အစဉ် ယူထားခြင်း ဆိုပဲ ။ မှတ်လောက် သားလောက်တွေ နော် ။ မှတ်စု စာအုပ်ရှိရင် ကု,လားကြီး အဆိုအမိန့်များ ဆိုပြီး ရေးမှတ်ထား ၊ စာတစ်အုပ် ထုတ်ကြရအောင် ”

ဘီယာဖိုး သိပ်မထွက်တော့သည့် ခင်မောင်ပြုံး သည် အလွန် နှစ်ထောင်းအားရ ဖြစ်သွားသည် ။

“ ဟုတ်တယ် ... ဟုတ်တယ် ... နောက် မယား ယူချင်သူများ အတွက် လမ်းညွှန် စာအုပ် ထုတ်ရရင် ကောင်းမယ် ” ဟု အဆို ပြုသည် ။

“ အဲဒီ ဇနီးမယား ဆုံးတော့ ကု,လားကြီးလည်း ဝတ္တရား ရှိတဲ့ အတိုင်း ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပါတယ် ။ သတင်းစာမှာလည်း ကြော်ငြာထည့်တယ် ။ သင်္ချိုင်းအုတ်ဂူတွေ ဘာတွေလည်း အကျပဲဗျ ။ အမယ် ...  တစ်လပြည့်တော့ လွမ်းဆွတ်သတိရခြင်း တောင် ထည့်လိုက်သေးတယ် ။ အဲ ... မကြာပါ ဘူး .. ဂျမ်ပိန် နဲ့ တွေ့ကြပါရော ။ ဂျမ်ပိန် ကလည်း တစ်ခုလပ် သာ ဆိုရတယ် ... ဂျီ တွေ - ဒီ တွေ ကတော့ ဟက် နေတာပဲ ”

“ ဒါနဲ့ ဦးသန့်တင်ကြီး ငြိကြရောလား ... ”

“ အလို .. ကိုယ့် လူကလည်း မြန်လှချည်လား ။ မိန်းမ တစ်ယောက် ရအောင် ယူရတာ ဒံပေါက်ထမင်း ဝယ်စား သလောက် လွယ်ပါ့မလား ။ မဟာဗျူဟာတွေ နည်းဗျူဟာတွေ သုံးရ သေးတာပေါ့ ။ ဂျမ်ပိန် ဆိုတဲ့ မိန်းမ ကလည်း ခေ မှတ်လို့ ၊ ကု,လားကြီး နည်းဗျူဟာနဲ့မှ ခွပ်ခနဲ မိတော့တာပဲ .. ”

“ ဆိုစမ်းပါဦး ဆရာ ”

“ ဦးသန်းတင့် က သူ့ဇနီး ကွယ်လွန်တုန်းက သတင်းစာမှာ ထည့်တဲ့ ကြော်ငြာ ဖြတ်ပိုင်းကို ဖြုတ်ပြီး သူ့ ပိုက်ဆံအိတ်ကပ်ထဲမှာ အမျိုးသားမှတ်ပုံတင်နဲ့ ထပ်တူ တရိုတသေ ဆောင်လေ့ရှိတယ် ။ ပြီးတော့ သူ့ဇနီးရဲ့အုတ်ဂူမှာလည်း ဦးသန်းတင့် ၏ ချစ်လှစွာသော ဇနီး ရယ် ၊ ဘာရယ် ညာရယ် ကမ္ဗည်း ထိုးထား သေးတယ် ။ အဲဒီနောက်မှာ သူဟာ မုဆိုးဖို ပဲ လက်ကျန် ဇနီးကို တော့ ခေတ္တ ပြည်ဖုံးကားချ လိုက်တယ် ။ အဲဒီမှာ ဂျမ်ပိန် နဲ့ တွေ့ကြတော့တာပဲ ”

ကျွန်တော်သည် ကောင်းခန်းတွင် ခေတ္တ အားလပ်ချိန် ပေးထား ကာ ဘီယာပုလင်း ခင်မောင်ပြုံး ဒါနပြုသော ဘီယာ ကိုသာ ကုန်း၍ မှီဝဲနေသည် ။ ခင်မောင်ပြုံး သည်လည်း အတွေးနက်သော သဘောဖြင့် ခေါင်း တဆတ်ဆတ် လုပ် နေသည် ။

“ ထုံစံအတိုင်း ဟိုဟိုဒီဒီ ခေါ် သွားတယ် ။ သူ့ အပေါင်းအသင်းတွေ ကြား မှာ တွဲပြီး ပွဲထုတ်တယ် ။ ရေကူးကန်က ကိုဖိုးဖြောင် တို့ဆို သွားရည်ကို တမြားမြား ကျနေတာပေါ့ ။ သူ့ ကွယ်လွန်သူ ဇနီးရဲ့ ကောင်းချီးငါးဖြာကို အမြဲ အမွှန်းတင် ပြောတယ် ။ ဂျမ်ပိန် ကို ခေါ် သွားပြီး သင်္ချိုင်းဂူမှာ လွမ်းသူ့ပန်းခွေ သွားချတယ် ။ မျက်ရည်လေး တစမ်းစမ်း လုပ်ပြတယ် ။ မိန်းမ မရှိလို့ သူ့ခမျာ အနေအထိုင် ဆင်းရဲရတဲ့ ပုံမျိုး နေပြတယ် ။ မဂျမ်ပိန် အပွဲပွဲနွဲ ခဲ့သမျှ ကု,လားကြီးနဲ့ တွေ့မှ ခံရတော့တာ ပဲ ။ ညား ပြီးလို့ သုံးလေးလ ကြာမှ ကု,လားကြီး မှာ နောက် မိန်းမ တစ်ယောက် အသက်ရှင်လျက် ရှိပါသေးသကော ဆိုတာ သူ သိပေမယ့် လွန်ပြီးခဲ့ပြီလေ ။ ကု,လားကြီး ကတော့ ဒိုးထိုး နဲ့ အေးကို ထိုး နေတာပဲ ။ ကဲ ... မနိပ်လား ...”

“ ဟုတ်လိုက်လေဗျာ ... ပိုင်လှချည်လား ”

ခင်မောင်ပြုံး သည် သဘောကျ လွန်း၍ ဗိုက်တလှုပ်လှုပ် ပေါင်တပုတ်ပုတ် ရှိ၏ ။

“ အဲဒါ ... မောင်ရင့်ကို ကိုယ်က နည်းဗျူဟာ ချမှတ်ပေးတာပဲ ... ”

“ ကျွန်တော်က ဘာလုပ်ရမှာလဲ .. ”

“ အော် ... တုံးလှချည်လား ဘီယာပြုံး ရယ် ၊ မောင်ရင့် ဆီမှာ ပုံနှိပ်စက်တွေ ခဲစာလုံးတွေ ရှိလျက်သားနဲ့ များ နာရေး ကြော်ငြာအတု တစ်ပုဒ် လောက် မလုပ်နိုင်ဘူး လား ...”

“ အား ... ဟုတ်ပြီ ... ဟုတ်ပြီဗျို့ ...”

“ ခေါင်းစီးစာလုံးက ထင်ရှားပါစေ ။ ခင်မေပြုံး အသက် နဲ့ ရက်စွဲ ကို ဘယ်လို ထည့်ရမယ် ဆိုတာ ထပ်ပြောမယ် ။ သတင်းစာနဲ့ တူအောင် ၁၄ ပွိုင့် နဲ့ စီ ၊ ဂယ်လီစီ ၊ ပရုထုတ် ၊ တစ်ရက် နှစ်ရက်တော့ အချိန်ကုန်မယ် ။ ကြံတော နဲ့ တာမွေသင်္ချိုင်းကို သွား ၊ မောင်ရင့် မိန်းမ နာမည်နဲ့ တူတဲ့ ဂူတစ်ခု ရှာ ၊ အသက် နီးစပ်ပါစေ ။ ခင်မေပြုံး အသက် သုံးဆယ်ကျော် ပေါ့ကွာ ။ သေတဲ့ ရက်စွဲ လည်း လွန်ခဲ့တဲ့ တစ်နှစ် ၊ နှစ်နှစ် လောက်က ဖြစ်ရင် ပို ကောင်းမယ် ။ အဲဒီ ဂူကို ကျကျနန မှတ်ထားခဲ့ ။ ရက်စွဲကို မှတ်ယူ လာပြီး အိမ်က စက်မှာ စီထားတဲ့ ခဲစာလုံးမှာ ထည့်ဖြည့် ၊ ပရု သပ်သပ်ရပ်ရပ် ထုတ် ၊ သတင်းစာ ဖြတ်ပိုင်းနဲ့ တူအောင် နောက်ကျောဘက်မှာလည်း ဆေးကြော်ငြာလို ကျူရှင် ကြော်ငြာလို တစ်ပိုင်းတစ်စ စီပြီး နောက်ကျောကိုလည်း ရိုက် ၊ အဲဒါကို ကပ်ကျေးနဲ့ ကိုက်ပြီး ကိုယ်နဲ့ အတူ အစဉ် ဆောင်ထားပါလေလော့ .. ”

“ ရွေ့ ... နိပ်ပြီဗျို့ ”

ခင်မောင်ပြုံး တစ်ကိုယ်လုံး သည် သွားချည့် ဖြစ်၏ ။

“ ခဲစာလုံး ဂယ်လီကို လည်း လက်စလက်န မကျန်အောင် ပြန်ဖျက် ပစ်နော် ။ မောင့်ရင့် မိန်းမ တွေ့ သွားလို့ နဖူး မှာ နောက်ထပ် အမာရွတ် တစ်ခုတိုးသွားဦးမယ် ...”

“ ဒါတော့ စိတ်ချပါဗျာ ။ ဒါလောက်မှ မလျင်ရင် ခင်မောင်ပြုံး ပြစ်မှု မဂ္ဂဇင်းတွေ ပိဿာချိန်နဲ့ ရောင်းထားတာ အလကား ဖြစ်သွားမှာပေါ့ ။ ဟေ့ ဒီမှာ ငါ့ဆရာဖို့ ဘီယာ တစ်လုံး ထပ်လုပ်ပါဦး .. ”

ကျွန်တော်၏ ဝမ်းဗိုက်သည် ဘီယာအပြည့်သာ ဖြစ်၏ ။

ရက်ပေါင်း အတန်ကြာ သွား၏ ။ ရက်မှ လသို့ ပင် ချဉ်းခဲ့ပြီ ဖြစ်သည် ။ ကျွန်တော်သည် ပဲခူးအသင်းတိုက်သို့ မရောက်တော့သော ကြောင့် ခင်မောင်ပြုံး နှင့် မတွေ့မိဘဲ ရှိသည် ။ တစ်နေ့သော် မမျှော်လင့်ဘဲနှင့် သူ့ အား အကောက်ခွန် အသင်းကလပ်တွင် တွေ့သည် ။ ထိုနေ့က ဘီယာ လိုက်ရှာရင်း အကောက်ခွန် အသင်းကလပ်သို့ ရောက်သွားခြင်း ဖြစ်သည် ။ သူသည် ဗိုလ်မှူးဟောင်း ခင်လတ် ၊ ဘဏ်တိုက်မန်နေဂျာ ဦးတင်ညွန့် တို့ နှင့် အတူ ထိုင်ရင်း ဘီယာ သောက်နေသည် ။ ကျွန်တော့်ကို တွေ့သည်၌ မျက်စိ မျက်နှာပျက်နေ၏ ။

“ ဟေ့ - ဘီယာပုလင်း နှင်းမောင် ဘယ်လိုလဲဟေ့ မောင့်ရင် အမျိုးသမီး နဲ့ ဘယ်တော့ မိတ်ဆက် ပေးမှာလဲ ” ဟု မေးလိုက်သည် ။

သူ့ မျက်နှာသည် ခရမ်းသီး မီးဖုတ် သကဲ့သို့ ရှုံ့သွားပြီး နောက် ..

“ ဟာ .. ခင်ဗျားဟာ မနိပ်ပါဘူးဗျာ ... ” ဟု ညည်းပြော ပြောသည် ။

“ နို့ ... မောင်ရင် ကိုယ်ပြောသလို မလုပ်ဘူးလား ... ”  

“ လုပ်တာပေါ့ဗျ .. ”

“ သတင်းစာ ဖြတ်ပိုင်း ဆောင် မထားဘူးလား .. ”

“ ဟင်း .. ဟင်း ... ”

“ သင်္ချိုင်းဂူ လိုက်မရှာဘူးလား ... ”

“ ရှာတယ် ... ”

“ မတွေ့ဘူးလား ”

“ ခင်မေပြုံး တော့ တစ်ခုမှ မတွေ့ဘူး ။ အသက်လေးဆယ် တစ်ဝိုက် ခင်မောင်ပြုံး တော့ သုံးဂူတောင် တွေ့ခဲ့ရတယ်ဗျ ... ”

“ ဟိုက် - သေရော့ ဘီယာပုလင်း ... ” 

◾မောင်သော်က
📖 အကောက်ခွန်မဂ္ဂဇင်း
     အမှတ် ( ၁ )
     ၁၉၇၉ ခုနှစ် ၊ မတ်လ

No comments:

Post a Comment