❝ မြည်းနာကလေး ပက်ဘလို ❞
( ပုံပြင် )
တစ်ရံရော အခါက စပိန်ပြည် မြောက်ဘက် ကမ်းရိုးတန်းရှိ ရွာကလေး တစ်ရွာ၌ “ ပက်ဘလို ” ဟု ခေါ်သော မြည်းကလေး တစ်ကောင် ရှိလေ၏ ။ သူ့ကို “ ဟူရန် ” ဆိုသောလူဆင်းရဲ တစ်ယောက်က ပိုင်လေသည် ။ ဟူရန်၏ ရွာမှ လူများသည် အများအားဖြင့် သူတို့၏ မြည်းများကို စီးရန်သော် လည်းကောင်း ၊ အသီးအနှံများကို ဈေးသို့ သယ်ယူစေရန် သော်လည်းကောင်း အသုံးပြုကြလေသည် ။
ဟူရန် ကမူ သူ၏ မြည်းကလေး ပက်ဘလိုကို အလွန် ချစ်ခင်သည် ။ သူ့တွင် တစ်စုံ တစ်ခု မှားသွားလျှင်သော်လည်းကောင်း ၊ ထူးခြား ကောင်းမွန်သော အကြောင်းကိစ္စ တစ်စုံ တစ်ခုရှိလျှင်သော်လည်းကောင်း ပက်ဘလိုကို အစဉ် ပြောပြလေ့ရှိသည် ။ သူသည် ဖုန်ထူသော လမ်းများပေါ်တွင် ပက်ဘလို ကို စီး၍ သွားရာ၌ ပျော်ရွင်စွာ သီချင်းဆိုလေ့ရှိသည် ။ ပက်ဘလို ကလည်း ခေါင်းကလေးကို ညိတ်ကာဖြင့် လမ်းကျဉ်းကလေး တစ်လျှောက်တွင် လျှောက်လျက်ရှိသော သူ၏ ခွာကလေးများမှာ “ ကလစ် ကလက် ” “ ကလစ် ကလက် ” ဟုမြည်ကာ စည်းချက် ကျနအောင် လိုက်မြည်တတ်သည် ။
တစ်နေ့သ၌ ဟူရန် သည် ပက်ဘလို ၏ ကျောပေါ်မှ အသီးအနှံများကို သယ်ချနေစဉ် သူ၏ ချစ်ဖော်ကလေး ပက်ဘလိုမှာ အခါတိုင်းနှင့် မတူ ။ အလွန် ပိန်နေကြောင်း သတိပြုမိလေသည် ။ သူ၏ ခေါင်းမှာ ငိုက်စိုက်ကျလျက် ရှိသည် ။ သူ့နားရွက်ကြီးများမှာ နောက်သို့ လန်ကာ ... ကျောပေါ်မှာ လဲလျက်ရှိသည် ။ ထို့ပြင် သူ၏ ထူထပ်သော အမွေးများမှာ ဟိုနား သည်နားတွင် စုကာ ပါးနေလျက် ရှိပြီးလျှင် ... အနာကွက်ကြီးများကိုလည်းမြင်ရလေသည် ။
“ အလိုလေး ... လေး ...”
ဟူရန်က စိတ်ဆင်းရဲစွာဖြင့် အော်လိုက်လေသည် ။
“ မင်း ဘာဖြစ်သလဲ ပက်ဘလို ... ဖျားနေသလားကွယ် ”
သူ့သခင် ပြောသမျှကို နားလည်သော ပက်ဘလိုသည် ဝမ်းနည်းစွာ ခေါင်းကို ညိတ် လိုက်သည် ။ အကြောင်းမှာ အခြားသူများ သိသွားပါက သူတို့၏ မြည်းများသို့ ရောဂါကူးစက်မည်ကို ကြောက်ကြသဖြင့် ဟူရန် အား သူ့ကို ဆက်လက်၍ မွေးထားရန် ခွင့်ပြုကြလိမ့်မည် မဟုတ်သည်ကို ပက်ဘလို သိလေသည် ။ ဟူရန် က ထိုသို့ မေးလိုက်စဉ်မှာပင် သူ့ အနားမှ လူတစ်ယောက်က လျင်မြန်စွာ လှည့်ကြည့်လိုက်သည် ။
“ ဟေ့ ... ဒါဘာဖြစ်တာလဲ ။ မင်းမှာ ဖျားနေတဲ့ မြည်းရှိသလား ”
ထိုသူက မျက်မှောင်ကြုတ်၍ မေးလိုက်သည် ။ အခြားသူများလည်း သူတို့ဆီသို့ ဝိုင်းအုံ ရောက်လာကြသည် ။
“ သူ့ကို တခြားခေါ်သွား ”
“ သူ့ကို ငါတို့ မြည်းတွေနဲ့ မထားရဘူး ။ တခြားယူသွား ”
“ သူ့ကို သ,တ်ပစ်လိုက်ပါကွာ ”
သူတို့က အော်ပြောကြ ပြီးလျှင် ဟူရန်ကို ဈေးအပြင်ဘက် သို့ နှင်ထုတ်လိုက်ကြ သည် ။ ဟူရန်လည်း သူ၏ ပစ္စည်းကလေးများကို စုယူပြီးလျှင် ပက်ဘလို ကို ခေါ်၍ ဈေး အပြင်ဘက်သို့ ထွက်လာခဲ့ရလေသည် ။
“ ငါ့မြည်းကလေးရယ် ”
ဟူရန်သည် ပက်ဘလို၏ နားရွက်ရှည်ကြီးနားသို့ ကပ်၍ တိုးတိုး ညည်းလိုက်လေသည် ။
“ ငါ ဘာလုပ်ရပါ့မလဲကွယ် ။ ငါဟာ လူဆင်းရဲ တစ်ယောက်ကွဲ့ ... ဖျားနေတဲ့ မြည်းကလေး တစ်ကောင်ကို ဆေးကုဖို့မှ မတတ်နိုင်အောင် ငါ အလွန် ဆင်းရဲတယ် ။ သူတို့က မင်းကို သ,တ်ပစ်ဖို့ ပြောကြပေမယ့် မင်းကို ငါမသ,တ်ရက်ပါဘူး ပက်ဘလိုရယ် ... ”
မျက်ရည်ပေါက်ကြီးများသည် ပက်ဘလို၏ နှာခေါင်းပေါ်မှ စီးကျ လာပြီးလျှင် ဖုန်ထူသော လမ်းပေါ်သို့ လိမ့်ဆင်းကြသည် ။
ဟူရန်သည် ပင်လယ်သို့ လှမ်းမြင်ရသော ကုန်းမြင့် တစ်နေရာသို့ ရောက်သောအခါ ခဏ ရပ်နားလိုက်သည် ။ ကမ်းနှင့် အနည်းငယ် ကွာလှမ်းသော နေရာ၌ သေးငယ်လှသော ကျွန်းကလေး တစ်ကျွန်းကို အတ္တလန္တိတ် လှိုင်းလုံးများဝိုင်းရံလျက်ရှိလေသည် ။
“ ပက်ဘလို ”
ဟူရန်က ခေါ်လိုက်လေသည် ။
“ ဟောဒီ ... လာတိုဂျာကျွန်းကလေးကို ဘယ်သူမှ ရောက်လာမှာ မဟုတ်ဘူး ။ ဒီကျွန်းဟာ ယာခင်း လုပ်ဖို့လည်း အင်မတန် ငယ်တယ် ။ ပြီးတော့ အိမ်ဆောက်ဖို့ရာလည်း ကမ်းနဲ့ အတော်ဝေးတယ် ။ မင်းကို လှေကလေး တစ်စင်းနဲ့ လှော်ပြီး ဒီကျွန်းမှာ ပို့ထားရင် မင်းရဲ့ အသက်ထက်ဆုံး အေးအေးချမ်းချမ်း နေရမှာပဲ ။ နောက်ပြီး ငါလည်း မင်းဆီကို လာလည်နိုင်မယ် ။ မင်း ဘာပြောချင်သလဲ ပက်ဘလို ”
ပက်ဘလိုသည် သူ့သခင်ကို မျှော်ငေးခြင်း ကြီးစွာဖြင့် မော့ကြည့်ပြီးလျှင် ခေါင်းကို ညိတ်လေသည် ။ ဟူရန်လည်း ဝမ်းသာစွာဖြင့် ပင်လယ်ကမ်းခြေသို့ သွားပြီးလျှင် မိတ်ဆွေ တစ်ယောက် ဆီမှ လှေတစ်စင်းကို ငှားယူလိုက်သည် ။
ခဏအတွင်းမှာပင် ပက်ဘလိုအတွက် ရေကောင်းကောင်းသောက်ရန် ကြည်လင်သော စမ်းချောင်း ၊ စားစရာ မြက်စိမ်းများ ၊ နေပူရှိန်တွင် နားနေနိုင်ရန် အရိပ်ကောင်းသော သစ်ပင်များရှိရာ ကျွန်းကလေးသို့ ရောက်သွားလေသည် ။ သူသည် ပက်ဘလိုကို ဆင်းခိုင်းပြီးလျှင် နောက်ဆုံး နှုတ်ဆက်လိုက်သည် ။
“ သွားပြီ ... ပက်ဘလို သွားပြီ ။ နောက် မကြာခင်မှာ ကောက်သိမ်း ပြီးတာနဲ့ တစ်ပြိုင်နက်မင်းဆီကို ငါလာခဲ့ပါဦးမယ်ကွယ် ”
သို့သော်လည်း သူ့ ယာတောတွင် အလုပ်များစွာ ရှိနေလေရာ ရက်သတ္တပေါင်း များစွာ ကြာသောအခါမှ ဟူရန်သည် ပက်ဘလို ရှိရာ ကျွန်းကလေးသို့ နောက်တစ်ကြိမ် သွားနိုင်ခဲ့လေသည် ။ သူသည် ကျွန်းကလေးနှင့် နီးလာသောအခါ ငြိမ်သက်သော ရေပြင်၌ လှေကလေး၏ တက်သံက “ ပလစ်ပလက် ၊ ပလစ်ပလက် ” ဖြင့် မြည်နေခိုက် အလွန် ပျော်ရွှင်လှသော မြည်းဟီသံတစ်ခုက သူ့နားဝသို့ လှမ်း၍ နှုတ်ဆက်လိုက်သည် ။
ထိုအသံကား သူ၏ ချစ်ဖော်ကလေး ပက်ဘလို၏ အသံပင်တည်း ။
“ သခင် ...”
“ ပက်ဘလို .. ငါ့မြည်းကလေး ”
ဟူရန်က ဝမ်းသာအားရ အော်ခေါ်ပြီးလျှင် လှေပေါ်မှ ခုန်ဆင်း၍ ပက်ဘလို၏ လည်ပင်းကို သူ့ လက်များဖြင့် လှမ်းဖက်လိုက်သည် ။
“ ဒီလိုတော့လည်း မင်းဟာ လှလို့ပါလား ။ မင်း အမွေးတွေလည်း ပိုးလို ချောမွေ့နေ တယ် ။ မင်းမျက်လုံးတွေ ကလည်း တောက်ပြောင် နေတယ် ။ မင်းကောင်းကောင်း ကျန်းမာနေပြီနော် ... အို ... ဘယ်လောက် ဝမ်းသာစရာ ကောင်းသလဲကွယ် ”
ပက်ဘလိုကလည်း ခေါင်းကို ညိတ်လိုက်သည် ။ ညိုသော နားရွက်ကြီးများ ထောင် လျက်ဖြင့် သူ၏ ခွာကလေးများကလည်း မြေကြီးတွင် ယက်ကာယက်ကာ အငြိမ် မနေနိုင်အောင်ပင် ဖြစ်နေသည် ။ ထို့နောက် သူသည် ကျွန်းကလေး၏ အလယ်သို့ ပျော်မြူးစွာ ခုန်ပေါက်လျက် ပြန်သွားလေ၏ ။
ဟူရန်လည်း သူ၏ မြည်းကလေး ကျန်းမာလာသော ကျွန်းကလေးတွင် ဘယ်လို အစွမ်းသတ္တိမျိုးများ ရှိနေပါလိမ့်ဟု သိလိုစိတ်ဖြင့် ပက်ဘလို၏ နောက်မှ လိုက်သွားလေ၏ ။ လမ်းကလေး တစ်ခုမှ လျှောက်သွားကြသောအခါ ငယ်သော စမ်းချောင်းကလေး တစ်ခုသည် ပြောင်လက်ကာ တသွင်သွင် စီးနေသံကို ကြားရသည် ။ ပက်ဘလို လည်း ခဏရပ် ပြီးလျှင် နောက်သို့ ပြန်လှည့် ကြည့်လိုက်သည် ။ ထို့နောက် သူသည် ရေထဲတွင် လှဲချလိုက် ပြီးလျှင် လှိမ့်နေလေသည် ။
သူသည် ရှေ့တိုးနောက်ငင် လူးလှိမ့် နေပြီးလျှင် သူ၏ ငယ်သော ခွာကလေးများကို မိုးသို့ မြှောက်ပြီးလျှင် ပျော်မြူးစွာ ကခုန် နေပြန်လေသည် ။ ထို့နောက် သူသည် ထလိုက်ပြီးလျှင် ရေများကို ခါလိုက်လေ၏ ။ သူ၏ အညိုရောင် အမွေးများသည် ကမ္ဘာပေါ်တွင် အလှဆုံး သားမွေး ပမာ တောက်ပြောင်လျက်ရှိလေသည် ။
“ ဒီစမ်းရေဟာ နတ်ရေစင်များလားဟေ့ ”
ဟူရန် က စိတ်အား ထက်သန်စွာမေးလိုက်သည် ။
ပက်ဘလိုက ခေါင်းကို ညိတ်ပြီးလျှင် ကောင်းကင်သို့ ရေစက်များကို ခါလိုက် ပြန်လေသည် ။
“ ငါတို့ ရွာက လူတွေကို ဒီအကြောင်း ပြောပြရမယ် ။ သူတို့ သိပ်သဘောကျမှာပဲ ။ ဒါမှ သူတို့ ငါ့မြည်းကလေးကို ဈေးထဲ ခေါ်မလာဖို့ နောက်တစ်ခါ မပြောကြမှာ ။ ကဲ ... ငါတို့ အတူတူ အမြဲ နေကြရတော့မယ်ဟုတ်လား ... ပက်ဘလို ”
ပက်ဘလို က ကျေနပ် နှစ်သက်လှသဖြင့် ဟီလိုက်ပြီးလျှင် သူ့သခင် လက်ကို နှာခေါင်းဖြင့် ပွတ်နေလေသည် ။
နောက်တစ်နေ့တွင် ဟူရန်သည် ဈေးထဲတွင် ရွာက လူများအား ကောင်းသော သတင်းကို ပြောကြားနေသည် ။ လူများလည်း ဝိုင်းအုံ လာကြပြီးလျှင် ပက်ဘလို၏ ချောပြောင်သော အမွေးနှင့် တောက်ပလှသော မျက်လုံးကိုကြည့်ကာ တအံ့တဩ ဖြစ်နေကြလေသည် ။
“ ဒါဖြင့် ဒီနတ်ရေစင်ဟာ မြည်းတစ်ကောင်ကို ကျန်းမာလာအောင် ကုသနိုင်ရင် ဖျား နေတဲ့ လူကိုလည်းပျောက်အောင် ကုနိုင်မှာပဲ မဟုတ်လား ”
ရက်သတ္တပေါင်း များစွာက ပက်ဘလိုအား ဈေးထဲမှ မောင်းထုတ် ခဲ့သော “ ကာလို ” ဆိုသူက ပြောဆိုလိုက်သည် ။
“ ဟုတ်တယ် ... ငါ့နှမ နာတာရှည် ဖြစ်နေတာ ရက်သတ္တပေါင်းများစွာ ကြာနေပြီ ။ ဒီ နတ်ရေစင်ဟာ သူ့ကို ကျန်းမာလာအောင် ကုနိုင်ကောင်းရဲ့လို့ထင်တာပဲ ”
“ နောက်ပြီး ကျွန်တော့် အမေလည်း မမာနေတာ နှစ်တော်တော် ကြာသွားပြီ ”
အခြား လူတစ်ယောက်က ဝင်ရောက် ပြောဆိုလိုက်ပြန်သည် ။
လူများ စုဝေး ပြောဆိုနေကြသံများသည် မကျန်းမာနေကြသော သူတို့၏ ဆွေမျိုးများ ထံသို့ ရောက်ရှိသွားလေ၏ ။ ထို့နောက် တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြပြီးလျှင် သူတို့၏ အိမ်သားများအား ပြောပြနေကြလေသည် ။
ရက်သတ္တ အနည်းငယ်မျှသာ ကြာရှိလေသော် လူပေါင်းများစွာ ကျန်းမာသွားကြပြီ ဖြစ်သောကြောင့် ရွာသူရွာသားတို့သည် ကြီးစွာသော ပျော်ရွှင်ခြင်းဖြစ်နေကြလေသည် ။
••••• ••••• •••••
ပက်ဘလိုသည် ဘယ်တော့မျှ အလုပ် မလုပ်ရတော့ချေ ။ ဟူရန်မှာ ဈေးသို့ ပစ္စည်း များ သယ်ယူစေရန် အခြား မြည်းတစ်ကောင် ထားရှိလေသည် ။ ပက်ဘလိုကမူ သူ၏ အမွေးကို ချောပြောင်စွာ ဖြီးပြီးလျှင် သူ့ဘေးနားမှ ခြေလှမ်းမှန်မှန်ပင် လိုက်နေလျက် ရှိလေသည် ။ သူ၏ ခွာကလေးများ မှာလည်း သစ်မည်းသားကဲ့သို့ ချောပြောင်လျက် ရှိလေ၏ ။ ကျွန်းကလေး ပေါ်မှ နတ်ရေစင်ကို တွေ့ရှိရခြင်းကြောင့် ပက်ဘလို ကို မြင်ကြသော ဈေးထဲက လူများမှာ ပျာပျာသလဲ ဖြစ်နေကြသည် ။
ယနေ့ “ လာဘိုရာ ” သို့ လှေဖြင့် သွားရန် မလိုတော့ချေ ။ တံတားကြီး တစ်ခုဖြင့် ကျွန်း ကလေးနှင့် မြေပြန့်ကြားရှိ ပင်လယ်ကို ပေါင်းကူးထားလျက်ရှိလေသည် ။
ထို့ပြင် မကျန်းမာသူများ နေကြရန် ဥယျာဉ်နှင့် အိမ်များစွာကိုလည်း စီမံပြုလုပ်ထားရှိလေသည် ။ သို့သော်လည်း ဟူရန် နှင့် နေစရာ လှပသော အိမ်မရှိသော ပက်ဘလို ထက် ပို၍ ပျော်ရွှင်မည့်သူ ဘယ်သောအခါမျှ မရှိနိုင်ပေ ။
အကြောင်းမှာ သစ်ပင်ကလေး တစ်ပင်၏ အရိပ်အောက်တွင် အိပ်၍ စမ်းချောင်းထဲမှ နွေးသောရေတွင် လူးလှိမ့်နေရခြင်းကြောင့်ပင်လျှင် ထိုနတ်ရေစင်ကို တွေ့ရှိရခြင်းသာ ဖြစ်လေသည် ။
( ဘာသာပြန် )
〇 နုယဉ်
📖ရှုမဝ မဂ္ဂဇင်း
၁၉၅၇ ၊ အောက်တိုဘာ
No comments:
Post a Comment