❝ ဝှီပထီစထူရီ ❞
( ပုံပြင် )
ဟိုရှေးရှေးတုန်းက စကော့တလန်ပြည်မှာ ရှိတဲ့ အမျိုးသမီးတွေဟာ သူတို့ ဝတ်ဖို့ အတွက် ကိုယ်တိုင် ချည်ငင်ပြီး ရက်ကန်းပါ ရက်ကြရသတဲ့ ။ အဲဒီ အချိန်တုန်းကပေါ့ ၊ စကော့တလန်ပြည်မှာ အလွန်တရာ ကြွယ်ဝပြီး ဂုဏ်သရေရှိတဲ့ လူတစ်ယောက် ရှိသတဲ့ ။ သူ့နာမည် ကတော့ ဆာရိချ်ဒ် လို့ခေါ်တယ် ။
တစ်နေ့တော့ ဆာရိချ်ဒ်ဟာ အမျိုးသမီး တစ်ယောက်နဲ့ လက်ထပ်သတဲ့ ။ အဲဒီ အမျိုးသမီးလေးရဲ့ အမည် ကတော့ လေဒီဘာဘာရာ လို့ ခေါ်ကြတယ် ။
လက်ထပ်ပြီးတော့ လေဒီဘာဘာရာဟာ ဆာရိချိဒ်ရဲ့ ရဲတိုက်ကို လိုက်ခဲ့ရသတဲ့ ။ ဆာရိချိဒ်ရဲ့ ရဲတိုက်မှာ လှပကောင်းမွန်တဲ့မှန် ၊ ကုလားထိုင် စားပွဲတွေနဲ့ ပြည့်ကျပ်နေပေမယ့် စားပွဲခင်း ၊ အိပ်ရာခင်း ၊ လက်သုပ်ပုဝါ ဆိုတဲ့ ချည်ထည် အသုံးအဆောင်တွေကျတော့ နည်းနည်းပါးပါးပဲ တွေ့ရလို့ လေဒီဘာဘာရာ က အံ့ဩမိတာပေါ့ ။ တစ်နေ့တော့ ဆာရိချိဒ်က ခရီးထွက်ခါနီးမှာ ...
“ မင်းဟာ ဒီနေ့က စပြီး တစ်နေ့ကို ချည်ခင် ဆယ့်နှစ်ခင်လောက် ရအောင် ငင်ရမယ် ”
လို့ ဆိုသတဲ့ ။
ချည်ငင်တဲ့ အလုပ်ကို လေဒီဘာဘာရာဟာ ဟိုတုန်းကလည်း မသင်ခဲ့ဘူးတော့ ချည်ငင်လို့ မရဘူးတဲ့ ။ ဒါနဲ့ သူဟာ စိတ်ညစ် နေရတာပေါ့ ။
လေဒီဘာဘာရာဟာ ဒါနဲ့ ဝမ်းလည်းနည်း စိတ်အားလည်းပျက်ပြီး တောင်စောင်း ဘေးနား ထွက်လာခဲ့တယ် ။ ပြီးတော့ သူဟာ ကြံရာမရနဲ့ ကျောက်ပြားပေါ်မှာ ထိုင် ငိုနေတယ် ။ ဒီလို ငိုနေရင်း သူထိုင်တဲ့ ကျောက်ပြားအောက် အခေါင်းထဲက အင်မတန် သာယာတဲ့ တေးသံ တစ်ခုကို ကြားရသတဲ့ ။
“ လူမသိတဲ့ ငါနာမယ် ၊ ဝှီပထီစထူရီလို့ ခေါ်ပါတယ် ”
လေဒီ ဘာဘာရာဟာ အဲဒီ သီချင်းသံကြောင့် ကျောက်ပြားကို လှပ်ပြီး ဂူထဲ ဝင်ကြည့်တော့ ပါးစပ်ရွဲ့ နေတဲ့ မိန်းမငယ် ခြောက်ယောက် ချည်ငင် နေတာ တွေ့ရသတဲ့ ။
သူတို့ ကိုယ်မှာ အဝတ်စိမ်း ဝတ်ထားတယ် ။ လေဒီဘာဘာရာ ငိုနေတာကို သူတို့ တွေ့တာနဲ့ ဘယ်လို ကူညီရမလဲလို့ ကြင်နာစွာ မေးကြတယ် ။
ဒီတော့ လေဒီဘာဘာရာက သူ့ ယောက်ျားဟာ ကြွယ်ဝချမ်းသာပေမယ့် သူ့ကို ချည်ငင်ခိုင်းတာ သူကတော့ ချည် မငင်တတ်လို့ ငိုရတာကို ပြောပြတာပေါ့ ။
“ ဒါပဲကူညီရမှာလား ” လို့ ပါးစပ်ရွဲ့နေတဲ့ မိန်းမငယ်တွေက ပြိုင်တူ မေးကြသတဲ့ ။
“ ဒီထက် ခက်တဲ့ အကူအညီမျိုးတော့ ကျွန်မ တောင်းဖို့ မရှိပါဘူး ” လို့ လေဒီဘာဘာ ရာက အားတက်သရော ပြောတော့ ...
“ ရှင့်ယောက်ျား လာမယ့် နေ့မှာ ကျွန်မတို့ကို ထမင်းစား ဖိတ်ပါ ။ ကျွန်မတို့ ရှင့်ကို ကူညီပါ့မယ် ” လို့ အစိမ်းရောင် ဝတ်ထားတဲ့ မိန်းမငယ် ခြောက်ယောက်က ကတိ ပေးလိုက်တော့ လေဒီဘာဘာရာ လည်း အားရဝမ်းသာနဲ့ ပြန်ခဲ့သတဲ့ ။
သူ့ယောက်ျား ပြန်လာတော့ လေဒီဘာဘာရာဟာ ထမင်းစားပွဲ တစ်ခု ကျင်းပတာပေါ့ ။ အစိမ်းဝတ်ထားတဲ့ မိန်းမငယ် ခြောက်ယောက်နဲ့ သူတို့ ဇနီးမောင်နှံဟာ ပျော်ပျော်ပါးပါး ထမင်းစားကြသတဲ့ ။
“ ဒါနဲ့ ခင်ဗျာ ... ကျွန်တော် တစ်ခုလောက် မေးချင်ပါတယ် ။ ရိုင်းတယ်လို့လည်း မအောက်မေ့ပါနဲ့နော် ။ ဘာဖြစ်လို့ အမကြီးတို့ ခြောက်ယောက်ရဲ့ပါးတွေဟာ ရွဲ့နေကြတာလဲ ... တစ်ဆိတ် ကျွန်တော့်ကို ပြောပြပါ ” လို့ ဆာရချိဒ်က ထမင်းပွဲမှာ မေးလိုက်သတဲ့ ။
“ အို ... ဒါက အမြဲတမ်း ချည်ငင်နေလို့ဖြစ်သွားရတာ ”
အစိမ်းရောင် မိန်းမငယ် ခြောက်ယောက်က ဆာရိရိဒ်ကို ပါးစပ်ရွဲ့ကလေးတွေနဲ့ ပြိုင်တူ ဖြေလိုက်တော့ ဆာရီချိဒ်လည်း အလန့်တကြား ဖြစ်ပြီး “ ဟင် ... ဟုတ်လား ... ဒါဖြင့်ရင် ... ဟေ့ ... ဂျွန် .. တွမ် ... ဒီခိစ် မင်းတို့ ဒီကိုလာကြ ” လို့ အမိန့် ပေးလိုက်တော့ အိမ်ဖော်ယောက်ျား ၃ - ယောက်ဟာ ဆာရိရိဒ် ရဲ့ ရှေ့ကို ဝင်လာကြသတဲ့ ။
ဒီအိမ်ထဲမှာ ရှိသမျှ ရစ် ၊ ရစ်လုံး ၊ ရစ်ပြား ဘာတစ်ခုမှ မကျန်အောင် မီးရှို့ပစ်ကြစမ်း .. ချည်ငင်မယ် ဆိုရင် ငါ့မိန်းမလည်း အလှ ပျက်တော့မှာပဲ ” လို့ စိုးရိမ်စွာနဲ့ အမိန့် ပေးသတဲ့ ။ အဲဒီနေ့က စပြီး လေဒီဘာဘာရာ ဟာလည်း သူ မလုပ်တတ်တဲ့ ချည်ငင်တဲ့ အလုပ်ကို မလုပ်ရတော့ဘဲ သူ့ယောက်ျားနဲ့ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နေသွားရ ရှာသတဲ့ကွယ် ။
( ဘာသာပြန် )
〇 စိန်ဖေ
📖ရှုမဝ မဂ္ဂဇင်း
၁၉၅၈ ၊ ဖေဖော်ဝါရီ
No comments:
Post a Comment