Tuesday, September 23, 2025

အမဲလိုက်ည


 

❝ အမဲလိုက်ည ❞
   ( သျှားလူ )

“ မြို့ပြလို့ ပြောလည်းပဲ xxx
အမှန်တကယ်တမ်းတော့ xxx
တောနက်ကြီးတစ်ခုလိုပါပဲ xxx
ခွာရာတွေနာကျင်ပါစေ xxx
ခံနိုင်ရည်မွေးထား xxx
အတုံ့အလှည့်များတဲ့
ဒီမြို့ထဲ xxx

••••• ••••• ••••• 

“ ဟလို ... ကိုကြီးလား ၊ မီး... ကိုကြီးကို သတိရလို့ပါ ။ လွမ်းလို့ သေတော့မယ် ။ တွေ့လည်း တွေ့ချင်တယ် ”

လိုအပ်သည်ထက် ပို၍ ချွဲပျစ်နေသော သူမ၏ ညောင်နာနာအသံသည် တစ်ခုခုကို လိုအပ်နေပြီ ဆိုသည်ကို ဦးလင်းအောင် သိသည် ။ ဒီအထာတွေကို ရိုးနေပြီ ဖြစ်သော ဦးလင်းအောင် က -

“ မုန့်ဖိုး ကုန်နေပြီနဲ့ တူတယ် ။ အိုကေလေ တွေ့ကြတာပေါ့ ။ အစ်ကိုကြီးလည်း တွေ့ချင်ပါတယ် ။ အလုပ်ကလေးတွေ လက်စဖြတ်လိုက်ဦးမယ် ။ ဆီးယူနော် ။ အာဘွား ”

ဦးလင်းအောင်သည် လုပ်ငန်းရှင် လူချမ်းသာ တစ်ဦး ဖြစ်သည် ။ သူဌေးဟု ဆိုသော်လည်း အခြားသူများလို ဗိုက်ရွှဲ၍ ထိပ်ပြောင်ပြောင်တော့ မဟုတ်ပေ ။ ငယ်ငယ်က အားကစား လိုက်စားခဲ့သူပီပီ ခန္ဓာကိုယ် ကျစ်ကျစ်လျစ်လျစ် ခပ်တောင့်တောင့်နှင့် သွက်လက်ဖျတ်လတ်သူ တစ်ဦးပင်ဖြစ်သည် ။ သူ့ကို မြို့ခံ လူများကတော့ မိမိတို့ ဒေသ၏ ခရိုနီတစ်ဦး အဖြစ် ခေါ်ဝေါ်သတ်မှတ်ကြ၏ ။ ဦးလင်းအောင်သည် အခု ခေတ်သူဌေးများ ထုံးစံအတိုင်း အငယ်မယားများ ၊ စပွန်ဆာ ကောင်မလေးများစွာရှိသည် ။ လူမှုရေးအကန့် ၊ အပေါင်းအသင်းအကန့် ဟူသော ခေါင်းစဉ် အောက်သို့သာ သူ့ လုပ်ရပ်တွေကို ထိုးသွင်းလိုက်သည် ။

••••• ••••• ••••• 

“ စန္ဒာ မနက်ဖြန်လည်း ရှိမယ်နော် ”

ဒေါ်စန္ဒာ၏ ဖဲရိုက်ဖော်ရိုက်ဖက်များသည် ဒီနေ့ ဝိုင်းပြီးသော်လည်း နောက်နေ့ အတွက် ချိန်းဆိုနေခြင်းဖြစ်သည် ။ ဒေါ်စန္ဒာ သည်လည်း ဖဲဝိုင်းတကာကို လှည့်ရိုက်နေသူပီပီ ခပ်ကဲကဲ ပိုပိုသာသာလေး ပြောလိုက်၏ ။

“ စိတ်ချ ။ ထမင်းချိုင့်နဲ့ ၊ အိပ်ရာလိပ်နဲ့ကို လာခဲ့မယ် ”

ထိုအခါ ဝိုင်းမှ ပြန်ရန် ထ,နေသူအချို့ဆီမှ ကောင်း ချီးထောမနာပြုသံ ထွက်ပေါ်လာပါသည် ။

“ ဒီဖဲဂျိုးကိုတော့ မနိုင်ဘူးဟေ့ ”

••••• ••••• ••••• 

“ မိုးထက် ဆို ဝေးဝေးက ရှောင်ကြဟေ့ ။ မိဘက ချမ်းသာ ၊ ရုပ်ကလေးက ချောဆိုတော့ ကောင်မတွေ ကလည်း ပြန် ကြိုက်ပြီပေါ့အေ ။ အေး ... ပတ်သက်မိပြီ ဆိုရင်လည်း ကိုယ်ပဲ နစ်နာမှာနော် ။ ဟိုကတော့ တာဝန်ယူမှာ မဟုတ်ဘူး ။ မိဘကပါ သူ့သားသမီးဘက်က အလိုတူ အလိုပါ ဆိုတော့ ထင်ရာစိုင်းပြီပေါ့ ”

အစ်မကြီး အချို့သည် လည်းကောင်း ၊ ဆရာမ အချို့သည် လည်းကောင်း မိန်းကလေးများကို ထိုကဲ့သို့ ဆုံးမလေ့ရှိသည် ။

“ မိုးထက် နဲ့တော့ မငြိကြနဲ့နော် သားကြီးတို့ ။ ဒီကောင်က ရေလျှံတော့ ကျွေး ထားမွေးထားတဲ့ ကောင်တွေက တစ်ပုံကြီး ။ သူခိုင်းတာ ကို လုပ်ပေးချင်နေတဲ့ကောင် တွေက ဒုနဲ့ဒေး ။ ဝေးဝေး နေတာ အကောင်းဆုံးပါပဲကွာ ”

ယောက်ျားလေး အချင်းချင်းပင် သတိထား၍ နေကြရသည် ။

မိုးထက် ဆိုတာက ဤကဲ့သို့ လူစားမျိုးပါ ။ သူသည် ထစ်ခနဲဆို လက်ပါတတ်သည့် အကျင့်ကလည်း ရှိသည် ။ ဤသည်ကလည်း မိဘများ၏ အရှိန်အဝါကြောင့် ဖြစ်လိမ့်မည် ။ ထိုသို့ လက်ပါသည့် အဆင့်မှ တုတ်ပါ ၊ ဓားပါ အဆင့်ထိအောင် ဖြစ်လာပြီး သူ၏ ရန်ပွဲများသည် စိပ်သည် ထက်စိပ်လာ၏ ။ ပြဿနာ ဖြစ်တိုင်းလည်း မိဘများ၏ တလွဲလုပ်ရပ်များဖြစ်သော ငွေအားကိုး၍ တစ်သွယ် ၊ ဆိုင်ရာလူကြီးများ အားကိုးခြင်းဖြင့် တစ်မျိုး ဖြေရှင်းပေးမှုများသည် လူမိုက်အားပေး ၊ အဆိပ် ပင်ရေလောင်းနေသည့် အလား ။ သားသမီးကို ချစ်ရာ မရောက် ၊ နှစ်ရာ ရောက်နေခြင်းဖြစ်သည် ။

ခေါင်မလုံသည့် အိမ်သည် မိုးယိုသည်မှာ ဓမ္မတာ ဖြစ်သည် ။ မိုးထက် သည် အရက်ဘီယာတို့ ကိုလည်း သောက်တတ်လာသည် ။ စီးကရက်ကို လက်က မချသည် အထိ စွဲစွဲမြဲမြဲ ဖွာရှိုက်နေပြီ ။ ကောင်မလေးများ ထည်လဲ တွဲသည့် အပြင် ကေတီဗွီ ၊ မာဆတ် တို့သည်လည်း သူ့အတွက် နယ်မြေသစ် တစ်ခု အဖြစ် ခြေဆန့်တတ်လာ၏ ။ လွတ်လပ်မှုထက် လွတ်ကင်းမှုဘက် ကဲနေသည့် လူငယ် တစ်ယောက် အနာဂတ်သည် အကောင်းထက် အဆိုးဘက် သို့သာ ဦးတည်နေပါသည် ။

••••• ••••• ••••• 

ညသည် ကြယ်စင်တို့နှင့် ထုံမွမ်းအလှဆင်ထား၏ ။ လကွယ်ညကြောင့် လသည်ပုန်းအောင်းနေရသည် ။ ရောင်စုံမီးတို့သည် ညအား တောက်စား မှုန်ရီစေပြီ ။ သို့သော် တမင်ဖန်တီးထားသော ညဥယျာဉ်၏ အလှသည် ကြည်နူးစရာ ဆွဲဆောင်မှုထက် မြှူဆွယ်နေသော မိန်းမပျက်တစ်ယောက်လို ဖြစ်နေသည် ။ သူယောင်မယ်တို့ ပျော်စံရာ ဤဘုံသည် မာယာပဉ္စလက်တို့ ပြည့်နေပါသည် ။ ထိုဥယျာဉ်၌ ပျော်စံသော နတ်သမီးတို့သည်လည်း မီးစ တစ်ဖက် ၊ ရေမှုတ် တစ်ဖက်ဖြင့် သူတို့ အလိုကို ဖြည့်ဆည်းနေကြသည် ။ ထိုနေရာသည် “ နတ်သမီးကျွန်း ” ဟုခေါ်သော စင်တင်တေးဂီတနှင့် ကေတီဗွီ ပါသော ရက်စတောရန်ထ် ( Restaurant ) တစ်ခု ဖြစ်ပေသည် ။

“ အစ်ကို ဆော်ဘယ်နှဗွေ ခေါ်မလဲ ”

သူငယ်ချင်းတွေနှင့် အတူ စင်တင်တေးဂီတကို ခံစားပြီး ပန်းကုံးတွေ တစ်လှေကြီးချ ၊ သောက်ထားကြသော ဘီယာအရှိန်ကြောင့် ရီဝေမှုတွေကို ကုစားဖို့ ကေတီဗွီဝင်မည့် မိုးထက်တို့ အဖွဲ့အား ဝိတ်တာကောင်လေးက မေးနေခြင်းဖြစ်သည် ။ ထိုအခါ ဒကာတော် ရေမြေ့အရှင် မိုးထက် ကပဲ-

“ လေးယောက် ခေါ်မယ်ကွာ ”

“ ဟုတ် ... ဘောစိ ”

“ ဟေ့ ညီလေး ၊ ခဏ ၊ ခဏနေဦး ။ ငါပြောမယ် ။ မင်းတို့ဆိုင်ကို ပြီးခဲ့တဲ့လကမှ ရောက်လာတဲ့ ရိုစီ တော့ ပါပစေကွာ ။ နောက်ကျန်တဲ့ သုံးယောက်ကတော့ မင်း အဆင်ပြေတဲ့သူ ထည့်ပေး ”

“ ဟုတ် ဘောစိ ”

ဝိတ်တာလေးက ရိုကျိုးစွာ ပြန်ဖြေရှာသည် ။

“ အေး ... ရော့ ၊ မင်းအတွက် မုန့်ဖိုး ”

မိုးထက်သည် ပိုက်ဆံ အိတ်ထဲမှ ငါးထောင်တန် တစ်ရွက်ကို ထုတ်ပြီး ဝိတ်တာလေးအား ပေးလိုက်၏ ။

ရိုစီသည် တောင့်သည် ၊ ဖြောင့်သည် ။ ပြီးတော့ အသက်ကလည်း အခုမှ တစ်ဆယ့်ရှစ်နှစ်ခန့်သာ ရှိမည် ။ ထို့ကြောင့်လည်း အချိန်တို အတွင်း နတ်သမီးကျွန်း၏ ပေါ်ပြူလာ အဖြစ်ဆုံး ဖြစ်လာပြီး ဧည့်သည်များသည် ရိုစီ မှ ရိုစီ ဖြစ်လာသည် ။ များပြားစွာသော ကာစတန်မာ ( Customer ) တို့ကြောင့် ကေတီဗွီခန်း ထိုင်ပေးရန် ခေါ်သူများအား တစ်ခန်းတည်း သီးသန့် ဝင်မပေးနိုင် ။ အခန်းကူး ဝင်ပေးရသည် ။ ထိုသို့ အခန်းကူးဝင်ခြင်းကြောင့် ဧည့်သည်များသည် စိတ်မကျေနပ်ကြပေမဲ့လည်း ရိုစီ အတွက်ကတော့ ဆက်ရှင် ( Section ) ကြေးပိုရသည် ။ တွက်ခြေ ပိုကိုက်၏ ။

••••• ••••• ••••• 

“ ခဏလေးနော် ၊ ရိုစီ ပြန်လာခဲ့မယ် ”

မိုးထက် နည်းနည်း တင်းလာသည် ။

“ ဟ ဒီဆော်က ဘာလဲကွာ ။ ခဏခဏ အပြင်ကို ပြန်ပြန် ထွက်နေတာ ”

မိုးထက် အသံသည် ဒေါသသံပါနေသလို မျက်နှာသည်လည်း ခက်ထန်နေသည် ။ ထိုအခါ သူတို့ ခေါ်ထားသော တခြား ကောင်မလေး တစ်ယောက်က သူ့ ထက်သာ မနာလိုသော ထုံးစံအတိုင်း အောက်ဆီဂျင် ဝင်လုပ်ပေးလိုက်သည် ။

“ သူက တခြား အခန်းတွေလည်း ဝင်ပေးရတယ် ”

ထိုစကားသည် မိုးထက် ကို မီးလောင်ရာ လေပင့် သလို ဖြစ်စေပါသည် ။

“ ဪ ... ဒီလိုလား ။ တွေ့ကြသေးတာပေါ့ ကွာ ။ ငါ့ကို ဝိတ်တာ ခေါ်ပေးစမ်း ”

အခုန ကောင်မလေးကပဲ ပျာပျာသလဲ ထသွားပြီး ခေါ်လေသည် ။ မသွားလို့ကလည်း မဖြစ် ။

မိုးထက် အကြောင်းကို ကြားဖူးကြသည် ၊ သိသည် ။ စိတ်မြန်သည် ။ ထစ်ခနဲဆို လက်ပါတတ်၏ ။

အချိန် အနည်းငယ် ကြာပြီးနောက် သွားခေါ်သည့် ကောင်မလေးနှင့် အတူ ဝိတ်တာကောင်လေးပါ ပါလာသည် ။ လာခေါ်သော ကောင်မလေး၏ ပြောပြမှုကြောင့် ပြဿနာကို သိပြီးနေသော ဝိတ်တာကောင်လေးက အချိုသာဆုံး မျက်နှာထားဖြင့် -

“ ဘာလိုလဲ ဘောစိ ” 

“ ဘာလိုလဲ လုပ်မနေနဲ့ ၊ မင်းကောင်မက ဘယ်လိုလဲဟ ။ ရင့်တာလား ။ ငါ့ကို ဒါမျိုးလုပ်လို့ မရဘူးနော် ။ မင်း သူ့ကို ပြောလိုက် ”

ဝိတ်တာလေးမှာ ဘာများ ခိုင်းမလဲဆိုသော မျက်နှာပေးဖြင့် ငံ့လင့်နေပါသည် ။

“ အဲဒီကောင်မကို ဒီည ဒီအခန်းပဲ ဝင်ပေး ။ ဘယ်လောက် ပေးရမလဲလို့ ၊ တစ်ခါ တည်းမေးပြီး ခေါ်လာခဲ့ ”

ထို့နောက် သူသည် အသင့် ဆောင်ထားသော ဓားမြှောင်ကို စားပွဲပေါ် ခပ်ကြမ်းကြမ်း ပစ်တင်လိုက်သည် ။

“ ချွမ် ... ခွမ်း ” 

ဘီယာခွက် အား တိုက် မိသွားသောကြောင့် ခွက်သည် အောက်သို့ ပြုတ်ကျကာ ကွဲသွားပါသည် ။ ဝိတ်တာလေးသည် ကြောက်လန့်ပြီး ရိုစီအား ခေါ်ရန် ပျာပျာသလဲ ထွက်သွားလေသည် ။

••••• ••••• ••••• 

စင်တင်တေးဂီတကို ခံစားရင်း သောက်ထားသည့် အရှိန် ။ ကေတီဗွီ အခန်းထဲတွင်လည်း ထပ်သောက်ကြသောကြောင့် မိုးထက် နှင့် သူ့သူငယ်ချင်းများသည် ရီဝေသည့် အဆင့်ထက် အမူးလွန်သည့် ဘက်ကို ရောက်နေပါသည် ။

“ ကဲ လေးဖြူ ရဲ့ အမဲလိုက်အက ဖွင့်ကွာ ။ ငါတို့ က , ကြရအောင် ”

မိုးထက်သည် သူ့ သူငယ်ချင်းများနှင့် ရိုစီ အပါအဝင် ခေါ်ထားသော ကောင်မလေးများအား ပြောလိုက်ခြင်းဖြစ်သည် ။

လေးဖြူ၏ အမဲလိုက်အက သီချင်းသံသည် စတင် ပေါ်ထွက်လာသည် ။ သူတို့အားလုံး စတင်စီးမျော ခံစား နေကြပြီ ။

“ ဒုန်း ... ဒုန်း ... ဒုန်း ” 

သူတို့ အခန်းတံခါးအား အပြင်မှ လာခေါက်ခြင်း ဖြစ်သည် ။ လာခေါက်နေခြင်းထက် လာထုနေခြင်းဆို ပိုမှန်မည် ။

သွက်လက်ချက်ချာပြီး အကင်းပါးသော ရိုစီ သည် တံခါးဖွင့်ရန် ထ,လိုက်သည် ။ တကယ်တော့ သူရွှေ့ခဲ့သော အကွက်အား သူ သိနေခြင်း ဖြစ်သည် ။ သူမသည် တံခါးကို ဟ,တယ်ဆိုရုံသာ ဟ,လိုက်၏ ။ အပြင်က လက်တစ်စုံသည် ရိုစီ၏ လက်အား လှမ်း ဆွဲလိုက်သည် ။ ရိုစီ၏ ကိုယ်လေးသည် အလိုက်သင့် အခန်းပြင်သို့ ပါသွားသည် ။ တံခါးသည် ဟတယ် ဆိုရုံသာ ဟ , ကာ ပြန်ပိတ်သွား၏ ။

ထိုမြင်ကွင်းကြောင့် အမူးလွန်နေသူ ၊ စိတ်မြန်သူ ၊ လက်ပါတတ်သူ မိုးထက်၏ သွေးတို့သည် ဆူပွက်လာပြီ ။

“ တောက် ”

တောက်ခေါက်သံသည် ပြင်းထန်လှ၏ ။ သူ့မျက်လုံးများသည် မကောင်းဆိုးဝါးဝိညာဉ် ပူးကပ်ခံထားရသကဲ့သို့ ဖြစ်သွားသည် ။ ဒီဂရီ မြင့်နေသော ဒေါသသည် စားပွဲပေါ်က ဓားမြှောင်အား ကောက်ယူရန် တိုက်တွန်းလိုက်သည် ။ ထို့နောက် တံခါးအား ခပ်ကြမ်းကြမ်းဖွင့်ကာ ရိုစီအား ခေါ်ထုတ်သွားသူ နောက်ကို လိုက်လေသည် ။ မီးရောင်အောက်တွင် ကောင်မလေး တစ်ယောက်အား ရှေ့မှ ယောက်ျားတစ်ဦးက ခပ်ကြမ်းကြမ်း ဆွဲခေါ်ရာ နောက်သို့ ဓားကိုင်ထားသော ကောင်လေး တစ်ဦး ဒေါသတကြီး ခပ်မြန်မြန် လိုက်နေသော မြင်ကွင်းသည် ရုပ်ရှင် ဆန်လွန်းလှ၏ ။ မိုးထက်၏ လက်ထဲမှ ဓားမြှောင်သည် မီးရောင်ကြောင့် တဖျပ်ဖျပ် တလက်လက် ။

ရှေ့က ရိုစီ ခေါ်သွားသူကို မိုးထက် မီတော့မည် ။ ဟော မီပြီ ... မီပြီ ။ သူသည် ရိုစီ ခေါ်သွားသူအား ပခုံးကို ဆောင့်ဆွဲလိုက်ပြီးနောက် သူ့ဘက်ကို ခပ်ကြမ်းကြမ်း ဆွဲလှည့် လိုက်သည်နှင့် တစ်ပြိုင်နက် လက်ထဲမှ ဓားမြှောင်ဖြင့် ထိုသူ၏ ဝမ်းဗိုက်အား ထိုးလိုက်သည် ။

••••• ••••• ••••• 

ရှေ့က လူကလည်း ခေသူ မဟုတ်ပေ ။ သူ့ဝမ်းဗိုက်ဆီသို့ ရုတ်တရက် တစ်ဟုန်ထိုး ဝင်လာသည့် ဓားကိုင်သည့် လက်ကို ဖမ်းဆွဲလိုက်သည် ။ ထို့နောက် လက်ထဲက ဓားကို ဆွဲလု ယူလိုက်သည် ။ အမှတ်မထင် လှုပ်ရှားမှုကြောင့် မိုးထက် ပြန်လည်ခုခံရန် အချိန် မရလိုက် ။ ထိုသူ၏ လက်ထဲက ဓားသည် မိုးထက်၏ ဝမ်းဗိုက်တွင် စိုက်ဝင်သွားလေပြီ ။ ပူခနဲ ဝေဒနာ ၊ ထွက်လာသည့် အော်သံတစ်ခုနှင့် အတူ သွေးများက ဝေါခနဲ စီးကျလာလေ၏ ။

“ အား ”

“ ဟာ ”

“ ဟင် ”

“ အို ”

အဖြစ်အပျက် သည် မြန်ဆန်လွန်းသောကြောင့် နောက်မှ အပြေးအလွှား လိုက်လာကြသော မိုးထက် သူငယ်ချင်းများနှင့် ကောင်မလေးများ ၊ ဆိုင်မှဝန်ထမ်းအချို့တို့ ဆီမှ အာမေဋိတ်သံများ ကိုယ်စီ ထွက်ကျရုံသာ စွမ်းနိုင်ကြ တော့သည် ။

ထို့နောက် ... နောက်တော့ ... ။

သူသည် မုဆိုးလား ၊ သားကောင်လား မဝေခွဲတတ်တော့ချေ ။ သို့မဟုတ် ဝေခွဲ၍ မရတော့ပေ ။ မုဆိုး ဖြစ်ပါက မုဆိုးသည် တောမှောက်ခဲ့လေပြီ ။ ထိုသို့ဆိုပါက သားကောင်သည်ကား ။

သူသည် အံ့ဩမှု ၊ ဝမ်းနည်းမှု နောင်တတို့ဖြင့် ရောပြွမ်းနေလေပြီ ။ သူ၏ တဆတ်ဆတ် တုန်ယင်နေသော နှုတ်ခမ်းတစ်စုံသည် အမည်တစ်ခုအား ခေါ်ထွက်ရန်အတွက် အားယူ ရုန်းကန်နေရသည် ။ သူ့ထံမှ ကြေကွဲအက်ရှ ဝမ်းနည်းစွာ ထွက်ကျလာသော အသံသည် ပတ်ဝန်းကျင်မှ သူများအား တုန်လှုပ်ချောက်ချား အံ့သြသွားစေခဲ့လေပြီ ။

“ သား ... ”

ကေတီဗွီ အခန်းဆီမှ လွင့်ပျံ့လာသော အဆိုတော် လေးဖြူ၏ ပြင်းထန်အားပါသောအသံသည် ဦးလင်းအောင် နှလုံးသားတို့အား တစ်လွှာချင်း ဆုတ်ဖြဲပစ်နေကြသကဲ့သို့ ရှိနေပါသည် ။

“ အမဲလိုက်က × × × စင်မြင့်ထက်က ××× ရှုံးနိမ့်သူ လဲကျမယ် ××× အမဲလိုက်က ခွန်အားရှိမှ ××× ဆုတံဆိပ်တွေ ရလိမ့်မယ် ××× ”

▢ သျှားလူ
📖ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း
     ဒီဇင်ဘာ ၂၀၁၈

No comments:

Post a Comment