Saturday, September 13, 2025

ပျား နှင့် တီကောင်

 

❝ ပျား နှင့် တီကောင် ❞
          ( ပုံပြင် )

ရှေးအခါက တီကောင်များသည် နေရောင်ခြည်ကို ကြောက်ရွံ့ကြသည့်အပြင် တစ်နေ့ပတ်လုံး မလှုပ်ရှားဘဲ မြေကြီး ထဲတွင် နေထိုင်ကြသည် မဟုတ်ပေ ။ ရှေးအခါက တီကောင်များသည် ဝ၍ ကြီးမားသော ဦးခေါင်း ရှိသည့်အပြင် မည်သူ တစ်ဦးတစ်ယောက်မျှ ၎င်းတို့ကို တီကောင် ဟူ၍ အသိအမှတ် ပြုလုပ်ကြသည်မဟုတ်ပေ ။

ပျားကောင်များ မှာလည်း ထိုနည်းတူ ပျားရည်များကို မသိုလှောင် ၊ ပျားသလက် မလုပ်တတ်သေး ။ သည့်အပြင် သူတို့၏ အတောင်ပံများလည်း မပေါက်သေးသဖြင့် ယခုကဲ့သို့ မပျံသန်းနိုင်ကြပေ ။ ၎င်းတို့၏ ကိုယ်ခန္ဓာသည် တီကောင်ထက် တိုပြီး ခြေထောက်ခြောက်ချောင်း ရှိလေသည် ။ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်ကမျှ ၎င်းတို့ကို ပျား ဟူ၍ အသိအမှတ် ပြုကြမည် မဟုတ်ပေ ။

တီကောင်၌ ခြေထောက်များ ရှိ၍ ပျားများ၌ တောင်ပံများ မရှိသော ကာလက ကျွန်ုပ် တို့၏ ကမ္ဘာမြေကြီး ပေါ်တွင် အလွန် နှစ်လိုဖွယ်ရာကောင်းသော အသီးအနှံ အဖူးအပွင့်များ သည် အသီးသီး ပွင့်ကြကုန်သည် ။

ပျားနှင့် တီကောင်တို့သည် အစာရေစာများကို ပင်ပန်းခြင်း မရှိဘဲ အတူတကွ ရှာဖွေ စားသောက်ကြ၏ ။ အစာရေစာတို့သည် စိုက်ပျိုးသူ မရှိသည့် အခါအားလျော်စွာ တဖြည်းဖြည်း ကုန်ခမ်း ရှားပါးလာတော့သည် ။

ပျားသည် အစာရေစာ ရှားပါးမှုကြောင့် ၎င်း၏ ရှေ့ရေးအတွက် ပူပန်သောက ဖြစ်လာ သည် ။ ပျားသည် သူ၏ ဦးနှောက်ကို သုံးရန် နှစ်သက်လိုသော သတ္တဝါ ဖြစ်သည့် အားလျော်စွာ ၊ အစာရေစာ ၊ စားရရုံသက်သက် မဟုတ်ဘဲ နောင်ကာလ၌ ပျားရည်ဟု ခေါ်တွင်ရမည့် ပျားရည် အတွက်လည်း ပြုလုပ်ရန် ကြံဆလျက်ရှိ၏ ။

တစ်နေ့သ၌ မိုးသည် သည်းထန်စွာ ရွာချလိုက်သဖြင့် မိတ်ဆွေ နှစ်ဦးသည် ကျောက်ဆောင် အောက်၌ မိုးခိုလျက်ရှိကြ၏ ။ မိုးရေများသည် အောက်သို့ တဖြည်းဖြည်း စီးဆင်းပြီး သူတို့ နှစ်ဦး၏ ခြေထောက်များမြုပ်အောင် ပြည့်လျှံ လာတော့သည် ။ ထိုအချိန်တွင် အေးမြစူးရှသော လေနှင့် ရွာသွန်းလျက် ရှိသည့် မိုး၏ အအေးဒဏ်ကြောင့် ပျားငယ်သည် ခိုက်ခိုက်တုန် ချမ်းလျက်ရှိတော့သည် ။

“ ခုနေ ငါတို့ သစ်ပင်အပေါက် တစ်ခုထဲမှာ နေရရင် ဘယ်လောက်နွေးနွေးထွေးထွေး ရှိလိုက်မလဲကွယ် ”

အိပ်မပျော်တပျော် ဖြစ်နေသော တီကောင်သည် ပျား၏ စကားကြောင့် ဖျတ်ကနဲ အိပ်ရာမှ နိုးသွားသည် ။

“ ဟေ့ ... တွေ့ကရာတွေ လျှောက်ပြီး ပြောမနေပါနဲ့ကွာ ။ မင်းမှာလည်း အချိန်ရှိသရွေ့ မဖြစ်နိုင်တဲ့ ကိစ္စတွေ တွေးတောကြံစည်နေတာကိုးကွ ”

“ ငါတို့ဟာ နေထိုင်ဖို့ အဆောက်အဦး တစ်ခုခု ဆောက်လိုက်ရင် သစ်ခေါင်းထက် ပိုပြီး ကောင်းမှာပဲနော် ”

ပျားသည် ပျားသလက် ဖြစ်အောင် မလုပ်နိုင်သေးသော ကာလ ဖြစ်၍ ပျားသလက်ကို မည်သို့ ခေါ်ဆိုရမှန်း သူကိုယ်တိုင် မသိချေ ။

ပျား၏ စကားကြောင့် အိပ်မပျော်တပျော် ဖြစ်နေသော တီကောင်သည် အလွန် စိတ်ဆိုး၍ သွားလေ၏ ။

“ မင်း ... ဘာကြောင့် ဒါလောက် မိုက်ရတာလဲကွ ... ဟင် ... ဒို့ ဘိုးဘွားဘီဘင် လက်ထက်က စပြီး ဒို့တစ်တွေ သစ်ရွက်အောက် ၊ ကျောက်တုံးအောက် မှာ အိပ်ပြီး အသက်ရှင် လာခဲ့ကြတာပဲ ။ အခု မင်းဟာ နေထိုင်ဖို့ ဆိုပြီး အဆောက်အဦး တစ်ခုခု ဆောက်လုပ်ချင် ပြန်ပြီကိုးကွ ။ နိမိတ်မရှိ စကားတွေ ရပ်လိုက်ပါတော့ကွာ ။ ငါ စိတ်ချလက်ချ တစ်ရေးလောက် အိပ်စမ်းပါရစေ ”

••••• ••••• •••••

မိုးသားကင်းစင်သော နေ့တစ်နေ့၌ ပျားသည် ထူးဆန်းသော ရွံ့အခေါင်းငယ် တစ်ခုကိုလုပ်ရန် ကြိုးစားလျက် ရှိ၏ ။ သူ၏ ခြေထောက်ငယ်များဖြင့် ရွံ့များကို နယ်၍ အပြား ဖြစ်အောင် ခြေဖြင့် ဖိ၏ ။ အခြား ရွံ့တုံး တစ်လုံးကိုလည်း ကြီးမားသော ရွံ့ပြား ဖြစ်အောင် ပြုလုပ်ပြန်၏ ။ အကြိမ်ပေါင်း မြောက်မြားစွာ သုတေသန လုပ်ကြည့်၏ ။ သို့သော် မအောင်မြင်ခဲ့ပေ ။ ကြိုးစားရင်းပင် နောက်ဆုံး၌ ရွှံ့ပြားများမှ တစ်ဆင့် ပြွန်ခေါင်းဖြစ်အောင် တစ်ဆင့်တက်လာ၏ ။ နေရောင်ခြည်ကြောင့် ရွံ့များ မာ၍ လိပ်မရအောင် ဖြစ်ခါမှ ပျားသည် အလုပ်မှ အနားယူလိုက်တော့သည် ။

“ သူငယ်ချင်း ... မင်းရဲ့ ချွေးတွေကို အကြောင်းမဲ့ မကျပါစေနဲ့ကွာ ။ မင်းကို ဒီလို ကြံ ကြီးစည်ရာ အလုပ် မလုပ်ဖို့ အစက ငါပြောခဲ့ဖူးပြီ မဟုတ်လားကွ ”

တီကောင်က နောက်ပြောင်သော လေသံဖြင့် ပျားကို ပြောလိုက်သည် ။ ပျားသည် နာကြည်းလှ သော်လည်း အောင်မြင်မှု လက်တွေ့ မပြနိုင်သေး သဖြင့် မည်သို့မျှ ပြန်မပြောဘဲ နေရသည် ။ သို့သော် သူ၏ ဦးနှောက်ဝယ် နောင် ပျားအုံဟု ခေါ်တွင်စေမည့် အဆောက်အဦးမျိုး မဖြစ်ဖြစ်အောင် ပြုလုပ်ရန် တိုက်တွန်းသကဲ့သို့ ဖြစ်စေတော့သည် ။

••••• ••••• •••••

ရက်များ မကြာမီ မိတ်ဆွေ နှစ်ဦးသည် စားသောက်ဖွယ်ရာ ပစ္စည်းများ ရှာဖွေရန် သေးငယ်သော အပွင့်ဖြူများ ပွင့်လျက်ရှိသည့် နှင်းဆီရိုင်းပင်များ အနီးသို့ ဖြတ်သန်း သွားကြသည် ။ ထိုအခါက နှင်းဆီရိုင်းပင်ကြီးက ယိမ်းနွဲ့လျက် ဤသို့ ဆိုသည် ။

“ မိတ်ဆွေကြီးက ကျေးဇူးပြု၍ ကျွန်ုပ်တို့အား ကူညီစေလိုပါတယ် ။ ကျွန်ုပ်တို့မှာ ပန်းအဖြစ် နှင်းဆီ အရိုင်းပွင့်များ ဖူးပွင့်ပေးနိုင်တယ် ။ သို့ရာတွင် မျိုးဆံ မျိုးဆက် ပြန့်ပွားရလေအောင် သင်တို့က တာဝန်ယူကြ စေလိုပါတယ် ”

တီကောင်သည် နှင်းဆီရိုင်းပင်အား မျက်စောင်းထိုးပြီး “ ဒါ .. ငါတို့ အလုပ် မဟုတ်ဘူး ” ဟူ၍ ရင့်သည်းစွာ ပြန်၍ ဖြေလိုက်သည် ။ သို့ရာတွင် ပျားက “ သင် အလိုရှိလျှင် ကျွန်ုပ် ကြိုးစား၍ ကြည့်ပါဦးမည် ” ဟု ဆိုသည် ။

“ မင်းဟာ ကိုယ်နဲ့ မဆိုင်တဲ့ အလုပ်ကို အကြောင်းမဲ့ ဝင်ရှုပ်တာပဲ ” ဟူ၍ ပျားကို တီကောင်က အပြစ်တင်သည် ။

“ မင်း ဒုက္ခနဲ့ ရင်ဆိုင်လိုရင် လုပ်ကြည့်ဦးပေါ့လေ ။ ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါတော့ ကူညီဆောင်ရွက် မပေးနိုင်ဘူးကြားလား ”

ပျားသည် နှင်းဆီရိုင်းပင် ပေါ်သို့ အလွန် ခဲယဉ်းစွာ တက်နေသည် ။ ၎င်း၏ ခြေထောက်များမှာ တိုပြီး အချိုးအစား မကျသောကြောင့် ပင်စည်ပေါ် ရောက်ရန် အချိန်များစွာ ကြာမြင့်ခဲ့ပေသည် ။ ပန်းပွင့်အနီး ရောက်ခါမှ ကိုယ့်အနေအထား မဟန်နိုင် သကဲ့သို့ဖြင့် အောက်သို့ လိမ့်၍ ကျလေတော့သည် ။ အပင်အောက်တွင် ထူထပ်စွာ ပေါက်နေသော မြက်ပင်များကြောင့်သာ ထိခိုက်နာကျင်မှု မဖြစ်သည့် အတွက် မြက်ပင်များအား ကျေးဇူးတင်စရာ ဖြစ်နေတော့သည် ။

ဤသို့ ပျားသည် အဆက်မပြတ် အလုပ်လုပ်ဖို့ အားစိုက် ဆောင်ရွက်နေစဉ်တွင် တီကောင်သည် အစေ့ငယ်များရှိသည့် သစ်သီးများရှိသည့် ချုံပုတ်ငယ် တစ်ခုကို တွေ့ရှိထားသည် ။ ၎င်းသစ်သီးကို စားရင်း ပျား၏ အခြေအနေကို ကြည့်ကာ ပြုံး၍ နေနိုင်ခဲ့သည် ။ ဝမ်းပြည့်သောအခါ ချုံဘေးတွင် တီကောင်သည် လဲလျောင်းရင်း အိပ်ပျော် သွားသည် ။ အချိန်ရှိသရွေ့ ပျားသည် စိတ်ရှည်စွာဖြင့် နှင်းဆီရိုင်းပင် ပေါ်သို့ တက်လျက်ရှိသည် ။ အကြိမ်ပေါင်း မြောက်မြားစွာ အားထုတ်သည့် အတွက် ကျောပေါ်မှ အမွေးအမှင်များ လှုပ်ရှားလာသည် ။ ထပ်ပြီး အားထုတ်လေလေ အမွေးအမှင်များပို၍ လှုပ်ရှားလာလေလေဖြစ်သည် ။ အချို့ အမွေးအမှင်များမှာ အလွန်ကြီးမားပြီး ပြန့်ကျယ်လာ၍ အတောင်ငယ်ကလေး အဖြစ် ပြောင်းလဲ သွားသည် ။ ပျားသည် အတောင်ငယ်များအား ခတ်ကြည့်နေသည် ။ ၎င်းအပြင် မိမိ ကိုယ်ကို ပေါ့ပါးတည်ငြိမ်စွာ ထိန်းသိမ်းကြည့်မိသည် ။ ပျား၏ ကျောပေါ်မှ အတောင်ငယ် တစ်ခုမှာ လူ၏ လက်မောင်းများ ကဲ့သို့ အမှုကိစ္စများကို ဆောင်ရွက်နိုင်လေသည် ။ ထို့ကြောင့် အတောင်ကလေးများ၏ ကူညီမှုဖြင့် တည်ငြိမ်စွာ အပင်ပေါ်သို့ ပျံတက် နိုင်လေ၏ ။ ပျံသန်းရင်း အတောင်ငယ်ကလေးများမှာ တဖြည်းဖြည်း ကြီးထွားလာပြန်သည် ။ ယခု ကျွန်ုပ်တို့ တွေ့ရှိ နေရသည့် ပျား၏ အတောင် အရွယ်အစား ထိ ထိုးတက်လာသည် ။ ပျားသည် တစ်နေ့ထက် တစ်နေ့ လက်မှုပညာရပ်၌ တတ်မြောက်လာသည့်အပြင် လှသထက် လှလာသည် ။ အသွင်အပြင် အားဖြင့် မျက်လုံးများ ပိုမို ကျယ်ပြန့်လာပြီး ကိုယ်ရောင်ကိုယ်ဝါ တောက်ပလာသည် ။

နှင်းဆီရိုင်းပင်များ ကလည်း ပျား၏ ကူညီမှုအတွက် ရှိသမျှ ဝတ်ရည်များကို ကျေးဇူးဆပ်သည့် အနေဖြင့် ပေးအပ်လေသည် ။ ၎င်း ဝတ်ရည်ဖြင့် ဤကဲ့သို့ ပျားရည်ဖြစ်အောင် ပြုလုပ် ရသည့်နည်း ကိုပါ ပေးလိုက်သည် ။ ပျား အလုပ် လုပ်နေသည့် အချိန်တိုင်းမှာပင် တီကောင်သည် အိပ်၍ လည်းကောင်း ၊ စား၍ လည်းကောင်း ရှိနေပေသည် ။ တစ်ခါတစ်ရံ တီကောင်သည် သီချင်း ဆိုရမည်ကိုပင် ပျင်းရိ နေသည် ။ ပျားသည် ပျားရည် လုပ်နေရာမှ ပျားဖယောင်း လုပ်နည်းကို တွေ့ရှိရပြန်၏ ။ မိုးလေ စသည်များမှ ကင်းလွတ်ရန် သစ်ခေါင်းပေါက်များထဲတွင် အသိုက်အအုံ ကို ဆောက်လုပ်လိုက်သေးသည် ။

တစ်နေ့သ၌ ပျားသည် တီကောင် အကြောင်း တွေးမိလေ၏ ။ တီကောင်အား ပျားရည်၏ အရသာ မည်မျှ ရှိသည်ကို သိရှိစေလိုသည့် ဆန္ဒ ဖြစ်ပေါ်လာသည် ။ ၎င်း၏ ကျွမ်းကျင်မှုကိုလည်း မြင်တွေ့စေလိုသည် ။ ထို့ကြောင့် ပျားသည် တီကောင်ကို ရှာဖွေရန် နေရာအနှံ့ အပြား၌ အမည်ကို ခေါ်ရင်း ပျံသန်းသွားလေသည် ။ သို့ရာတွင် တီကောင်အား မည်သည့် နေရာ၌မျှ မတွေ့ရပေ ။

ဤမျှ ရှည်လျားသော ကာလ အတွင်းဝယ် တီကောင် မှာလည်း ပြောင်းခြင်းမက ပြောင်းလွဲသွားတော့၏ ။ မူလက တိုသော ခြေထောက်များသည် အလုပ်လုပ်ကိုင်ခြင်း မရှိသဖြင့် တဖြည်းဖြည်း တို၍ လာသည် ။ တစ်နေ့တွင် ကာလကြာမြင့်စွာ အိပ်ပြီးနောက် နိုးလာသောအခါ တီကောင်၏ ခြေထောက်များမှာ လုံးဝ မရှိတော့ကြောင်း တွေ့ရှိရသည် ။ အပျင်းထူ လွန်းသည့် အတွက် တီကောင်၏ ပါးစပ်သည် ဆွံ့အလျက်ရှိ၏ ။ ဦးနှောက် အသုံးမပြုရသည်နှင့် မှတ်ဉာဏ်များလည်း လျော့ပါးလျက်ရှိ၏ ။ လောဘကြီးသော ပါးစပ်မှာ စားရလွန်းသဖြင့် သန်မာလာပြီး မြေကြီးကို စားနိုင်သည် အထိ ဖြစ်လာသည် ။ အသွင်အပြင် မှာလည်း တဖြည်းဖြည်း ရှည်လျား၍ လာသည် ။

“ မိတ်ဆွေ ပျားကြီး ကြွပါ ... ကြွပါ ”

နှင်းဆီရိုင်းပင်က ပျားအား ကြိုဆို ပြောဆိုရင်း ခရီးဦးကြို ပြုကြသည် ။ ထိုအသံကြောင့် တီကောင်သည် မိတ်ဆွေဟောင်း ပျား ဖြစ်ကြောင်း သိရှိရသည် ။ ထို့နောက် မိမိ၏ အဖြစ်အပျက်ကို ရှက်ကြောက်လာသည်နှင့် တွင်းသို့ ဝင်ကာ ငိုကြွေးလျက် ရှိသည် ။

“ မငိုပါနဲ့ကွယ် ။ မင်းလည်း အပျင်းမခိုဘဲ အလုပ်လုပ်ရင် အားလုံးက မင်းကို ဒီလိုပဲ ကြိုဆိုကြမှာပါပဲကွယ် ”

နှင်းဆီရိုင်းပင်များက တွင်း အပြင်ဘက်မှ တီကောင်အား ချော့မော့နေကြသည် ။

“ ကျွန်ုပ် အလုပ် လုပ်တော့မယ် ။ ကောက်ပဲသီးနှံတွေ ဖွံ့ဖြိုးအောင် ကျွန်ုပ် မြေကြီးတွေကို လှန်ပေးပါမယ် ”

ဤနေ့ ဤရက်မှ စ၍ တီကောင်သည် ပျင်းရိခြင်းကို တစ်ခါတည်း အမြစ်ဖြတ်၍ မြေဩဇာ ကောင်းမွန်တိုးတက်အောင် အချိန် ရှိသရွေ့ ဆောင်ရွက်လေတော့သည် ။ ယခုအချိန်တွင် တောင်သူလယ်သမားတိုင်းသည် သူ၏ ကျေးဇူး ကြီးမားပုံကို ထောပနာ ပြုကြရသည် ။ သို့ရာတွင် တီကောင်သည် မိမိအား မိတ်ဆွေဟောင်း ပျား မြင်မည်ကို စိုးရိမ်သဖြင့် နေ့အခါတွင် အပြင်သို့ ထွက်ရန် ယခုကဲ့သို့ ဝန်လေးနေခြင်းဖြစ်တော့သတည်း ။

( ဘာသာပြန် )

〇 စံထွန်းအောင်
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၅၇ ၊ မေ

No comments:

Post a Comment