Saturday, September 13, 2025

ဆင်သာဆင် မယဉ်သည့်ပန်း


 

❝ ဆင်သာဆင် မယဉ်သည့်ပန်း ❞
          ( မနှင်းဖွေး )

ပြောရမည်ဆိုလျှင် မူယာသည် တစ်လောကလုံးကို အန်တု၍ အစ်ကိုကြီးကို မရရအောင် လက်ထပ်ခဲ့ခြင်း ဖြစ်သည် ။

အစ်ကိုကြီးနှင့် မယူခင် ပတ်သက်မိစဉ် ကတည်းက အမေ ကလည်း သဘောမတူ ၊ ညီမလေး ကလည်း ဖျက် ၊ အရင်းနှီးဆုံး သူငယ်ချင်းတွေ ကလည်း ဝိုင်းတားကြသည် ။ လုပ်ဖော်ကိုင်ဖက် တွေထဲက မူယာ နှင့် ပြိုင်ဘက်တွေကတော့ နှုတ်ခမ်း မဲ့သူမဲ့ ၊ ရွဲ့သူ ရွဲ့ပေါ့ ။

“ သမီးရယ် ၊ ဒီလူက လွဲပြီး သမီး သံယောဇဉ် တွယ်စရာ တခြား ယောက်ျား မရှိတော့ဘူးလားကွယ် ။ သူတစ်ပါးအိမ်ရာ ဆိုတာ မပြစ်မှားကောင်းဘူး သမီး ။ နောက်ပြီး မိန်းမချင်း ကိုယ်ချင်းစာ ကြည့်စမ်း ။ သမီးကြောင့် ဟိုတစ်ဖက်က ဇနီးခမျာ ဘယ်လောက် စိတ်ဆင်းရဲမလဲ ဆိုတာ စဉ်းစားစမ်း ။ ယောက်ျား မရှားပါဘူး သမီးရယ် ။ သမီးရုပ်ရည် ၊ သမီးပညာနဲ့ လွတ်လွတ်လပ်လပ် ယောက်ျားတွေကို သမီး တွေ့နိုင်ပါတယ် ။ ဘာဖြစ်လို့ လူ မကြိုက် ၊ နတ် မကြိုက် ၊ ဘုရား မကြိုက်တဲ့ အလုပ်ကိုမှ လုပ်ချင် ရတာလဲ သမီးရယ် ”

အမေသည် မူယာကို မျက်ရည်စက်လက်နှင့် ရက်ပေါင်း များစွာ ၊ အကြိမ်ပေါင်း များစွာ နားချခဲ့ဖူးလေသည် ။ သို့သော် အမေ့ မျက်ရည်စတို့သည် လည်းကောင်း ၊ စကားလုံးတို့သည် လည်းကောင်း မူယာ ၏ ကြီးမားသော ရည်မှန်းချက် အပေါ် အခြေခံသည့် ဆုံးဖြတ်ချက်ကို တိမ်းစောင်းယိုင်နဲ့ခြင်းငှာ မစွမ်းဆောင်နိုင်ခဲ့ ။

ဒီ ဆုံးဖြတ်ချက် ကိုတော့ မူယာ မပြင်လို ၊ မပြင်နိုင် ၊ မပြင် တော့ပြီ ။ ရရှိသည့် အခွင့်အရေးကို အမိအရ မလွတ်တမ်းပင် ယူတော့မည် ။ လက်လွတ် အဆုံးရှုံးခံလို့ မဖြစ် ။ ဒီအခွင့်အရေးကို လက်လွတ်ရလျှင် မူယာ တစ်သက် ကြီးပွားဖို့လမ်း ရှိနိုင်တော့မည် မဟုတ်ပေ ။

မူယာ ကြီးပွားချင်သည် ။ ဟုတ်သည် ။ မူယာ သိပ်ကို ကြီးပွားချင်သည် ။ ချမ်းလည်း ချမ်းသာ ချင်သည် ။ လူတကာ မော်ကြည့် အားကျရသည့် မိန်းမ တစ်ယောက်လည်း ဖြစ်ချင်သည် ။ ရည်မှန်းချက် မြင့်မြင့်မားမား ထားသည့် မိန်းကလေးများ စာရင်းကို ကောက်လျှင် မူယာ ထိပ်ဆုံးက ပါလိမ့်မည် ထင်သည် ။

သို့တစေ “ ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီးဖြိုမယ့် ကြံ ခါးကမသန် ” ဆိုသလို မူယာ့ ဘဝ အကျိုးပေးက နုံချာလှ သည် ။ မူယာသည် ချမ်းသာသော မိဘက ဆင်းသက်လာသူ မဟုတ် ။ ရာထူး ၊ ဂုဏ်သိန်နှင့် အသိုင်းအဝိုင်း ကောင်းသော မိဘက ပေါက်ဖွားလာသူလည်း မဟုတ် ။ သာမန် လူတန်းစား မိဘ၏ သားသမီးသာ ဖြစ်လေသည် ။

မူယာ့ အဖေက အရာရှိ မဟုတ်သော ရုံးဝန်ထမ်း တစ်ဦး ပါ ။ အဖေ အသေစောခဲ့သဖြင့် မူယာ ဆယ်တန်း မအောင်ခင် ကျောင်းထွက်၍ အလုပ်ဝင်ခဲ့ရသည် ။ အမေ၏ မရောင်းတတ် ရောင်းတတ် ရောင်းရသော အိမ်ဆိုင်လေးမှ ဝင်ငွေနှင့် မူယာ၏ အကူစာရေး လစာပေါင်းပြီး ညီမလေးကို ကျောင်းထားရင်း ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသည် ။

အဖေ ဆုံးစဉ်က တဒင်္ဂ ဝမ်းနည်းအားငယ်မိသည်ကလွဲ၍ မူယာ စိတ်ဓာတ်မကျ ။ “ တစ်နေ့ ငါ ကြီးပွားမှာပဲလေ ” ဟု မိမိကိုယ်ကို အားတင်းကာ ယုံကြည်မှုအပြည့် ထားရှိခဲ့သည် ။ အလုပ် တစ်ဖက်နှင့် ဆယ်တန်းဖြေသည် ။ အောင်သည် ။ အားမာန်အပြည့်နှင့် လုပ်သားကောလိပ်ကို ဆက်တက်သည် ။ ငါးနှစ်ပြည့်တော့ ဘွဲ့တစ်ခု ရလာသည် ။ ဘွဲ့ဝတ်စုံနှင့် ဘွဲ့နှင်းသဘင် တွင် ဘွဲ့တက်ယူသည် ။ အမေနှင့် ညီမလေးကို တစ်ဖက်တစ်ချက်စီ ရံ၍ ဓာတ်ပုံရိုက်ကာ မှန်ပေါင်သွင်း၍ အိမ်ရှေ့ဧည့်ခန်းတွင် ချိတ်ထားနိုင်ခဲ့သည် ။

အဲ ... သည့်နောက်ပိုင်းမှ မူယာ တဖြည်းဖြည်း စိတ်ဓာတ်ကျလာသည် ။ အလုပ်ဝင်ပြီး နှစ်နှစ် အကြာတွင် ရခဲ့သော အောက်တန်းစာရေးရာထူးသည် အနေ မြဲလွန်းလှသည် ။ ရှေ့ မတိုးဘဲ ရပ်တန့် နေသည်မှာ စိတ်မရှည်ချင်စရာ ။

အခြား ဝန်ကြီးဌာနများတွင် ကိုယ့်နှယ် စောစောစီးစီး အလုပ်ဝင်ကြသူတွေ ကတော့ တစ်ဆင့်ပြီး တစ်ဆင့် ရာထူးတွေ တက်ကုန်သည် ။ တချို့ အထက်တန်းစာရေး ၊ တချို့ ဌာနခွဲ စာရေး ၊ မူယာ နှင့် လုပ်သားကောလိပ် တက်ဖက် ၊ ဆေးမှတ်တမ်းရုံးမှ သူငယ်ချင်း တစ်ယောက်ဆိုလျှင် နိုင်ငံခြားပညာသင် သွားပြီးလို့ ပြန်လာတော့မည် ။ မူယာ မှာသာ ဒုံရင်း ဒုံရင်း ။

ဌာနပြောင်းဖို့ ကြိုးစားကြည့်သည် ။ လက်တွေ့တွင် မလွယ် ။ ဝန်ထမ်းရွေးချယ်ရေးအဖွဲ့က ခေါ်သော အလုပ် စာမေးပွဲ တစ်ခု ၊ နှစ်ခုလည်း ဝင် ဖြေကြည့်သေးသည် ။ ရေးဖြေ ပင် အောင်အောင် မဖြေနိုင် ။ ဒီတော့ ရာထူးကြီးကြီး ရရှိဖို့ကို အားလျှော့ရ ပြန်သည် ။

ဒီလို ဦးနှောက်စားသော အရည်အချင်းများ ပါးရှားသော် လည်း မူယာ့မှာ အားကိုးစရာ တစ်ခုတော့ ရှိပါသည် ။ အခြား မဟုတ် ၊ ရုပ်ရည် ။ မူယာ၏ ရုပ်ရည်ရူပကာ ၊ မူယာ့ကို လှသည် ဟုတော့ အများက ပြောကြသည် ။ မျက်နှာလည်း လှသည် တဲ့ ။ ကိုယ်လုံးကိုယ်ပေါက် ကလည်း အချိုးအဆစ် ကျကျ လှပပြီး ဆွဲဆောင်မှု ရှိသည်တဲ့ ။

ကိုမင်းဦး ၏ အပြောကတော့ တစ်မျိုး ။ မူယာ့ မျက်နှာကို ငေးကြည့်ရင်း မောလျစွာ သက်ပြင်းချ၍ ...

“ မူယာက သိပ်လှလွန်းတယ် ။ ကျမ်းတစ်စောင် ၊ ပေတစ် ဖွဲ့ ဖွဲ့လို့ရတဲ့ အလှမျိုးပါ ။ ဒါပေမဲ့ ကိုယ်ကတော့ ဘယ်သူမှ မူယာ့ အလှကို စာမဖွဲ့စေချင်ဘူး ။ ကိုယ်လည်း မဖွဲ့ဘူး ။ မူယာ့ ကို အလှကြောင့်လည်း မကျော်ကြားစေချင်ဘူး ။ အဲဒီအလှဟာ မူယာ့ကို ကောင်းကျိုးထက် ဆိုးကျိုးပေးမှာ စိုးတယ် ”

သူက ကဗျာယောင်ယောင် ၊ စာယောင်ယောင် သမားဆိုတော့ ထိုကဲ့သို့ စကားဆန်းဆန်းပြားပြားလေးများလည်း ပြောတတ်သည် ။ မူယာ့ ကိုလည်း အလှဂုဏ်ကြောင့် မကျော်ကြား စေချင်ဘူးတဲ့လေ ။ မူယာ သည် သူ ပြောသမျှကို ရယ်၍သာ နားထောင် နေလိုက်သည် ။ ဪ ကိုမင်းဦး ၊ ကိုမင်းဦး ။ သူက မူယာတို့နှင့် တစ်ရပ်ကွက်သား တွေပါ ။ သူ့ခမျာ မူယာ့ အချစ်ကို ဇွဲနပဲနှင့် တောင်းခံလာခဲ့သည်မှာ လည်း နှစ်ပေါင်း မနည်းတော့ ။ မူယာက ဘယ်လိုပဲ ခါထုတ် ၊ ခါထုတ် တဝဲလည်လည် ဝဲနေသူဖြစ်သည် ။

တွေးကြည့်တော့လည်း ကိုမင်းဦးကို မူယာ ခင်တော့ ခင်ပါသည် ။ ယောက်ျားပီသသော ဥပဓိရုပ် ၊ တည်ကြည်သော စိတ်နေသဘောထား ၊ အေးဆေးသော အမူအကျင့်တို့ကြောင့် အပြစ်ပြောစရာတော့ မရှိလှပါ ။ သို့သော် ခက်နေသည်က သူကလည်း ဘွဲ့ရ အောက်တန်းစာရေး ၊ ကိုယ်ကလည်း ဘွဲ့ရ အောက်တန်းစာရေး ။ ဒီနှစ်ယောက် ပေါင်းလို့ကတော့ ဘယ်လို လုပ် ကောင်းစားနိုင်ပါ့မလဲ ၊ ကြီးပွားတိုးတက်နိုင်ပါ့မလဲ ။ ကိုမင်းဦး၏ အချစ်ကို လက်မခံနိုင်တာ ခွင့်လွှတ်ပါလေတော့ ။

သူငယ်ချင်း အရင်းအချာတွေ ကတော့ မူယာ့ ကို ကိုမင်းဦးနှင့် ဝိုင်းတွန်းကြသည် ။

“ ကိုမင်းဦးက နင့်ကို တော်တော် ချစ်တာဟ ”

“ မူယာ ရွေးချယ်သင့်တဲ့ သူဟာ ကိုမင်းဦးပဲ ”

“ ကိုမင်းဦးက ရုပ်ရော ၊ ပညာရော ရှိတယ် ။ သဘော လည်း ပြည့်တယ် ။ အလားအလာ ကောင်းတဲ့ လူတစ်ယောက် ပါဟာ ၊ နင် မငြင်းသင့်ဘူး ”

ဘယ်သူတွေ ဘာပြောပြော မူယာ ကတော့ ခေါင်းမာမာ နှင့် ခေါင်းခါခဲ့သည် ။ အိမ်ထောင်ရှင် သူငယ်ချင်း တစ်ယောက် ကတော့ အခုလို ပြောသည် ။

“ ဟယ် ... ယောက်ျားတွေ ဘာတွေ ယူမနေနဲ့ ။ ဒုက္ခများတယ် ။ နင့်လို ရုပ်ရည်မျိုးနဲ့ ရုပ်ရှင်မင်းသမီးသာလျှောက် ၊ ဖြစ်နိုင်တယ် ”

အားလုံးထဲ မှာတော့ သူ့အကြံပေးချက်ကို မူယာ သဘော အကျဆုံး ဖြစ်သည် ။ သူ့လိုပင် တစ်ဦးစ ၊ နှစ်ဦးစ ပြောလာတော့ စမ်းသပ်ကြည့်ချင်စိတ်လေး ဝင်လာသည် ။ ဖြတ်လမ်း သူဌေး ဖြစ်နည်းတွင် ဤနည်းက အကောင်းဆုံး မဟုတ်လား ။

တိုက်တိုက်ဆိုင်ဆိုင် သတင်းစာတွင် ရုပ်ရှင်သရုပ်ဆောင် အသစ်ခေါ်သည့် ကြော်ငြာတစ်ခုပါလာတော့ မူယာ ဝင်လျှောက် ကြည့်လိုက်သေးသည် ။

ဪ တကယ်တော့ စိတ်ကူးနှင့်လက်တွေ့က တခြားစီ ပါလား ။ သိပ်မခက်ပါဘူးဟု ထင်ထားသည့် သရုပ်ဆောင် ခြင်းပညာသည် သူ့အတွက် အတော့်ကို မလွယ်မှန်း အင်တာဗျူးဝင်မှ သူ သိလိုက်ရသည် ။ သူ အသက်ပါအောင်လည်း မရယ်တတ် ၊ အသက်ပါအောင်လည်း မငိုတတ် ။ အပြင်တွင် လှသော သူ့မျက်နှာသည် ဓာတ်ပုံထဲတွင် ရုပ်သေကြီး ဖြစ်နေသည် ။ အသားဖြူလွန်းသဖြင့် ဓာတ်ပုံမစားဟု ဆိုသည် ။ အပြင်တွင် ပြည့်ဖြိုး၍ ကြည့်ကောင်းသော သူ့ခန္ဓာကိုယ် အချိုးအဆက်သည် ဓာတ်ပုံထဲတွင် ဝအိုင့်အိုင့်ကြီး ဖြစ်နေသည် ။ သူ အရွေးချယ် မခံခဲ့ရ ။ ဒီလိုနှင့် ရုပ်ရှင်မင်းသမီး ဘဝကို သူ့အိပ်မက်ထဲမှ ထုတ်ပစ်လိုက်ရတော့သည် ။

ဒီ့နောက် စိတ်ဓာတ် အကျကြီး ကျနေချိန်တွင် မူယာ့ အထက်အရာရှိ ဦးနေအောင် ကတစ်ဆင့် အစ်ကိုကြီးနှင့် သိကျွမ်းခွင့် ရလာသည် ။ တကယ်တော့ မူယာတို့ အဆင့် အနေနဲ့ အစ်ကိုကြီး တို့လို ပုဂ္ဂိုလ်မျိုးကို သိကျွမ်းဖို့ နေနေသာသာ အနားပင် သီနိုင်ဖို့မလွယ် ။ အဆင့်ချင်းက ကွာမှကွာ ။ သို့သော် ဦးနေအောင် နှင့် ကတော့ တစ်မြို့တည်းသားလည်းဖြစ် ၊ တူသား တပည့်လိုလည်း ဖြစ်နေသဖြင့် ဦးနေအောင် ဆက်သွယ်ပေးမှု ကြောင့် နီးစပ်ခွင့် ရလာခြင်း ဖြစ်သည် ။

ရည်မွန်သော အစ်ကိုကြီး နှင့် သိကျွမ်းရင်းနှီးခွင့် ရတော့မှ ပဲ အောက်တန်းစာရေးများ အထက်တန်းစာရေး ရာထူး တိုးသည့် အသုတ်ထဲတွင် မူယာ ပါသွားခဲ့လေသည် ။ ဝန်ကြီးဌာနချင်း မတူသော်လည်း လူကြီးချင်း ပြောကြသည့် စကားလေး တစ်ခွန်း သို့မဟုတ် နှုတ်၏ စောင်မခြင်း တစ်ချက်က မည်မျှ အရေးပါ အရာရောက်ကြောင်း မူယာ ဒိဋ္ဌ ခံစား နားလည်လိုက်ရသည် ။

မူယာ ရာထူးတော့ တိုးသွားသည် ။

သို့တစေ အစ်ကိုကြီးကို မူယာ ပေးဆပ်လိုက်ရသော ကျေးဇူးတရားကား ဘဝတစ်ခုလုံးပင် ဖြစ်ပါသတည်း ။

ဒီအတွက်တော့ မူယာ ကြီးစွာသော စိတ်ဆင်းရဲမှု မဖြစ်ခဲ့ ။ ဝမ်းနည်းပက်လက်လည်း ဖြစ်မနေတော့ ။ ဘဝတက်လမ်း အတွက် အမှီကောင်း တစ်ချက် ရပြီဟု တွေးကာ မိမိဆုံးရှုံးမှု အတွက် စိတ်ဖြေ နိုင်ခဲ့သည် ။

မူယာ့ ဆရာ ဦးနေအောင် တစ်ယောက်လည်း သုံးနိုင်ငံ လေ့လာရေးခရီး သွားဖို့ ပြင်ဆင်နေပေပြီ ။

အစ်ကိုကြီး နှင့် ရင်းနှီးမှုတွေ တစ်ဆင့်ပြီး တစ်ဆင့် တက် လာသည်နှင့်အမျှ အစ်ကိုကြီး၏ ဘဝကိုလည်း မူယာ ပို၍ သိနားလည်လာရသည် ။ စင်စစ်တော့ အစ်ကိုကြီး၏ ဘဝက အများထင်ထားသလို ပျော်ရွှင်စရာ အတိတော့ မဟုတ်ပါ ။ နှလုံးရောဂါဝေဒနာရှင် အဘွားကြီးကို ဇနီးပြု၍ သာယာမှု ကင်းမဲ့သော အိမ်ထောင်ကြီး တစ်ခုကို ဦးစီးနေသူ ဖြစ်သည် ။ ထို့ကြောင့် အစ်ကိုကြီးနှင့် တွေ့သည့် အချိန်တိုင်း မူယာက အစွမ်းကုန် ယုယသည် ၊ ပြုစုသည် ။ နားလည် စာနာစိတ်ဖြင့် ကြင်နာပြသည် ။ ဒီတော့ ပုထုဇဉ်ဖြစ်သော အစ်ကိုကြီးသည် မူယာ မှ မူယာ တမ်းတမ်းစွဲ ဖြစ်ကာ မတွေ့ရ မနေနိုင် သည်းသည်းလှုပ် ဖြစ်နေပေပြီ ။

ဒီ့အတွက်ကြောင့်လည်း မူယာ တောင်းဆိုသည့် အတိုင်း အစ်ကိုကြီးက မူယာ့ ကို လူသိရှင်ကြား မဟုတ်သည့်တိုင် လက်ထပ်စာချုပ်တွင် လက်မှတ်ထိုး ပေး၍ ဒုတိယဇနီး အဖြစ် တရားဝင်စေခဲ့သည် ။ အိမ်တစ်ဆောင် မီးတစ်ပြောင်လည်း ထားပေးပြီဆိုမှတော့ မူယာ အနေနှင့် အစ်ကိုကြီးကို ကျေးဇူးတင်ရင်း ကျေနပ်ရတော့မှာပေါ့လေ ။

••••• ••••• •••••

ဘယ်လိုပဲ သိုသိုသိပ်သိပ် နေနေ သတင်းစကားများ ပြန့်ပွားလွယ်လိုက်ပါဘိ ။ မယူခင်ကလည်း ပြောလိုက်ကြသည့် အတင်း ။ ယူပြီး ပြန်တော့လည်း ဆိုလိုက်ကြသည့် အဖျင်း ။

“ သူများယောက်ျား ယူပြီး မျက်နှာကတော့ ခပ်ပြောင် ပြောင်ပဲဟေ့ ”

“ သူ့မို့လို့ပဲနော် ၊ တို့များသာဆိုရင် ရှက်တာနဲ့ လဲသေမိမှာ ”

“ အိုးနဲ့ဆန် တန်ရုံ မမှန်းတော့ မယားငယ် ဖြစ်တာပေါ့ ”

ကွယ်ရာမှာရော ၊ မကြားတကြားရော ပြောလိုက်ကြသည့် မလိုတမာ ရှိသူများ၏ စကားကို မူယာ ဂရုစိုက် မနေတော့ ။ ပြောကြပါစေ ။ ချီးမွမ်း ခုနစ်ရက် ၊ ကဲ့ရဲ့ ခုနစ်ရက်ဆို မဟုတ်လား ။

ထူးလည်း မထူးတော့ပြီမို့ မူယာ ခေါင်းကိုမော့ ၊ ရင်ကို ကော့ကာ ပတ်ဝန်းကျင်ကို ရဲရဲပင် ရင်ဆိုင်လိုက်သည် ။ သူတို့ ပြောသလို တကယ်ပင် မျက်နှာပြောင်တိုက်လိုက်သည် ။ ခါတိုင်းလို ပုံမှန်ရုံးတက်သည် ။ လုပ်စရာရှိ လုပ်သည် ။ အလုပ် ကိစ္စပြောစရာရှိ ပြောသည် ။ ဆိုစရာရှိ ဆိုသည် ။ အချိန်တန် ရုံးဆင်းသည် ။ ဘာမထီ မျက်နှာထားနှင့် အရွဲ့တိုက် နေပြလိုက် တော့ သူများ အတင်း ပြောမှ စားဝင်အိပ်ပျော်သော ကိုအဝှာ ၊ မအဝှာတို့ တဖြည်းဖြည်း ကိုယ်ရှိန်သတ်ကုန်သည် ။ ကဲ ဘာ တတ်နိုင်ကြသေးလဲ ။

ထို့ပြင် ရုံးမှာ မူယာ က သူတကာထက် သာအောင် ဝတ်ပြလိုက်သည် ။ သူတကာထက် သာအောင် စားပြလိုက်သည် ။ ဘယ်သူ့ကိုမှ ဂရုမစိုက်သလို နေပြလိုက်သည် ။ လအတန်ငယ် ရလာ၍ မူယာ့ အပေါ် ဖိနှိပ်၍ မရမှန်း သိလာသောအခါ စောစောက နှုတ်ခမ်းမဲ့သူ ၊ ရွဲ့သူတွေ သူ့ထံပါး တဖြည်းဖြည်း ချဉ်းကပ် လာကြပြန်သည် ။ ဝိုင်းလာကြပြန်သည် ။ အရေးတယူ လုပ်လာကြပြန်သည် ။

သူများ အမနာပ ပြောတတ်သည့် နေရာတွင် ဘွဲ့တံဆိပ် ပေးလောက်အောင် ထူးချွန်သော မစန်းမြင့် တစ်ယောက်များ တကယ် ရယ်ရသည် ။

တစ်ရက်က မလာစဖူး အလာထူး၍ စောစောစီးစီး မူယာ့စားပွဲကို ကူးလာသည် ။ မဖြီးနိုင် ၊ မလိမ်းနိုင် ဖိုသီဖတ်သီနှင့် ။ မျက်နှာလေး ဆီးရွက်လောက်နှင့် ။ သူ့ကလေး အငယ်ဆုံး သွေးလွန်တုပ်ကွေး ဖြစ်သဖြင့် ညက ဆေးရုံ တင်လိုက်ရသည်တဲ့ ။ ငွေတစ်ရာလောက် အရေးတကြီး လိုသည်တဲ့ ။ လွယ်လျှင် ခဏ လှည့်ပါတဲ့ ။ လကုန်သည်နှင့် ချက်ချင်း ပြန်ဆပ်ပါမည်တဲ့ ။

“ သူများ ယောက်ျား ယူပြီး မျက်နှာ ကတော့ ခပ်ပြောင် ပြောင်ပဲဟေ့ ” ဟု သူ ပြောခဲ့သော စကားကို ပြန်ကြားယောင်တော့ မူယာ ထောင်းခနဲ ဒေါသထွက်သွားသည် ။ “ မရှိဘူး ” ဟု တစ်ခွန်းတည်း ခပ်ပြတ်ပြတ် ပြောလိုက်မည် စိတ်ကူးပြီးမှ အတွေးတစ်မျိုး ပြန်ဖြစ်ကာ နံရံဘက် ကပ်ထားသော နိုင်ငံခြား ဖြစ် သားရေ လက်ပွေ့အိတ်ကို ဟန်ပါပါ ကောက်ကိုင်လိုက်သည် ။ ခလုတ်ကို ထောက်ခနဲ ဖွင့်လိုက်ပြီး သုံးရွက် ထပ်ထားသော ရာတန်ထဲမှ တစ်ရွက်ကိုယူ၍ မဆိုင်းမတွပင် ထုတ်ပေး လိုက်သည် ။

တစ်ခွန်းတစ်ပါဒမှ မမေးမစမ်း ၊ မငြင်းမဆန်ဘဲ လကုန်ခါနီး ရက်တွင် ရာတန်တစ်ရွက်ကို အလွယ်တကူ ထုတ်ပေး လိုက်သော မူယာ့အား သူ အတော် အံ့သြသွားပုံ ရသည် ။ တစ်လ ၁၂၆ ကျပ်စား အောက်တန်းစာရေး မစန်းမြင့် တစ်ယောက် ပါးစပ်အဟောင်းသားကို ဖြစ်လို့ ။ မူယာ ကတော့ သူ့ကို ခပ်အေးအေးပင် ပြန်ကြည့်နေလိုက်သည် ။

နောက်တော့မှ “ ကျေးဇူးတင်လိုက်တာ မူယာရယ် ၊ ကျေးဇူးတင်လိုက်တာ ” ဟု တုန်တုန်ယင်ယင် ပြန်ပြောသည် ။ ရာတန်ကို လှမ်းယူသော လက်ကလေးများပင် တုန်လို့ ။

“ ရပါတယ် ၊ အဆင်ပြေတော့မှ ပြန်ပေး ”

မူယာက အရေးမကြီး သလို တမင် ပြောပစ်လိုက်သည် ။ ရာတန်လေး ကိုင်ပြီး ကုပ်ချောင်းကုပ်ချောင်း ထွက်သွား သော မစန်းမြင့် ကို ကြည့်၍ မူယာ ကျေနပ်စွာ ရယ်နေလိုက် သည် ။ ဘာပဲပြောပြော မူယာ့ကို ဖိနှိပ်ဖို့ ကြိုးစားခဲ့သော မစန်းမြင့် တစ်ယောက် ခုတော့ ရေရေလည်လည် ဦးကျိုးသွား ပေပြီ ။ ယဉ်ယဉ်လေးနှင့် အနိုင်ရလိုက်သည့်အတွက် မူယာ ကိုယ့်ကိုယ်ကို ကျေနပ်အားရ၍ မဆုံးတော့ ။

ဒီလိုနှင့် ရက်မှလ ၊ လမှနှစ် ကူးလာတော့ မစန်းမြင့် လိုပင် ငွေကြေးနှင့် ပတ်သက်၍ လည်းကောင်း ၊ အခွင့်အရေးနှင့် ပတ်သက်၍ လည်းကောင်း မူယာ့ ရှေ့မှောက် ခယ,ဝပ်စင်းသူတွေ မနည်းတော့ ။

တစ်ရုံးလုံးကို မူယာ အရွဲ့တိုက် နေမိသော်လည်း ကိုမင်းဦး ကိုတော့ ဘာကြောင့်မှန်းမသိ မူယာ အားနာသလိုလို ရှိသည် ။ သူကလည်း မူယာ့ကို ရှောင်သည် ။ မတွေ့အောင် ကြိုးစားသည် ။ မျက်လုံးချင်း မဆုံမိအောင် သတိထားသည် ။ မလိုအပ်ဘဲ စာအုပ်တွေကို သဲကြီးမဲကြီး ဖတ်ဟန်ဆောင်သည် ။ သို့သော် အဝေးမှာ ဆိုလျှင်တော့ မူယာ့ကို ကြေကွဲစွာ ငေး၍ ကြည့်နေတတ်သည် ။ ပြီး မျက်တွင်းကြီး ဟောက်ပက်နှင့် အရင်ထက် ပိန်ကျပါးလျားသွားသည်ကို သတိပြုမိသည် ။

မေတ္တာသူဖုန်းစားကို သနားသလိုလိုတော့ အရှိသား ။ သို့ပေမဲ့ မတတ်နိုင်ဘူး ကိုမင်းဦး ရေ ၊ ရှင်က အစွမ်းအစမှ မရှိပေဘဲကိုး ။

••••• ••••• •••••

ခုတော့လည်း မူယာ တစ်လောကလုံးကို အန်တုဝံ့ပြီ ။ မူယာ့ ဘဝမှာ အစ်ကိုကြီး တစ်ယောက်လုံး မားမားမတ်မတ် ရှိနေသရွေ့ ဘာဆို ဘာမျှ မမှုတော့ ။ ဘာဆိုဘာမျှ ထီမထင်တော့ ။ မူယာ့ ဘဝတွင် လိုချင်သော အရာအားလုံး မဟုတ်တောင် အတော်များများလည်း ပြည့်စုံနေပြီ မဟုတ်လား ။

မူယာ့ အတွက် နေစရာအိမ် မြို့လယ် မကျတကျ နေရာ တွင် တိုက်ခန်း တစ်ခန်း ရနေပြီ ။ စီးစရာကား အမြဲ ပေးမထားစေကာမူ အသုံးလိုသည့်အခါ ဖုန်းဆက်လိုက် ၊ မိနစ် အနည်း ငယ်အတွင်း အိမ်ရှေ့ ရောက်လာသည် ။ ငွေဆိုလည်း အရင်လို စစ်စစ်စီစီ ချွေတာနေစရာ မလို ။ ဖောဖောသီသီ သုံးနိုင်ပေပြီ ။ အစ်ကိုကြီး၏ ရင်ခွင်ထဲ ခေါင်းထိုး၍ ချွဲနွဲ့လိုက်သည်နှင့် ဟောခနဲ ဟောခနဲ အထပ်လိုက် ထွက်လာသည် ။

ပတ်ဝန်းကျင်ကလည်း အတွင်းသဘော ဘယ်လိုနေနေ ၊ အပေါ်ယံ အချိုဖုံးသော အပြုံးတွေနှင့် မူယာ့ကို ထိုက်ထိုက်တန်တန် ဆက်ဆံလာကြပြီဆိုတော့ မူယာ့ ဘဝမှာ ဘာလိုတော့ သနည်း ။

အခြားသူ မပြောပါနှင့် အစ်ကိုကြီးနှင့် ဖြစ်ကြသည့် ကိစ္စတွင် သဘော မတူနိုင်ပါဘူး ၊ မကြည်ဖြူနိုင်ပါဘူးနှင့် ကဖျက်ယဖျက် တစ်ဖျက်တည်း ဖျက်ခဲ့သော အမေ ကိုယ်တိုင်ပင် မိုးအခါတွင် ဗွက်ထပြီး နွေအခါတွင် ရေ မရသဖြင့် ရေဘုံပိုင်၌ တန်းစီရင်း ဆဲဆို ရန်ဖြစ်ခဲ့ရသည့် ဆင်ခြေဖုံး ရပ်ကွက်ရှိ အဖေ၏ တစ်ခုတည်းသော အမွေ ၊ သစ်သားအိမ်ကလေးမှ မြို့ထဲ တိုက်ခန်းကို ရွှေ့ပြောင်းလာပြီးကတည်းက ဘာဆို ဘာမျှ မပြောတော့ ။

“ ညည်းအကြောင်းနဲ့ ညည်းပဲလေ ” ဟု သံဝေဂသံဖြင့် ကျေနပ်စွာ ညည်းတွား နေတော့သည် ။ အရင်က သွေးတိုး ရောဂါလိုလို ၊ နှလုံးရောဂါလိုလိုနှင့် မကြာခဏ မူးမောတတ် သော အမေသည် ယခုတော့ သမားတော်ကြီးများ ၊ အထူးကု ဆရာဝန်ကြီးများ၏ ဂရုတစိုက်ကြပ်မတ်ကုသပေးမှုကြောင့် ဝဖီးစိုပြည်ကာ တစ်သွေးတစ်မွေးပင် ဖြစ်၍နေချေပြီ ။

ညီမလေး ကလည်း တက္ကသိုလ်ကို ဣန္ဒြေရရ တက်ရောက် ပညာသင်ကြားရပြီ ဖြစ်သဖြင့် မူယာသည် မိမိ ဘဝနှင့် မိသားစု အတွက်ပါ စိတ်အေးရပေပြီ ။

ခုတော့လည်း ဘာမှ အထူးတလည် ပူပန်ကြောင့်ကြ နေစရာ မလိုတော့ ။

အဲ ... ပူပင်စရာဆိုလို့ တစ်ခုတော့ ရှိသည်လေ ။ ယင်းမှာ အစ်ကိုကြီး၏ အချစ် ။ သူ့အချစ် မလျော့ပါးဖို့ တစ်ခုကတော့ မူယာ ပူပန်ရမည့် ကိစ္စဖြစ်သည် ။ မူယာကို အသည်းနှလုံးက ပဲ ချစ်ချစ် ၊ အသွေးအသားကပဲ ချစ်ချစ် အမြဲ ချစ်နေဖို့တော့ လိုအပ်သည် ။ ချစ်နေဖို့သာ အရေးကြီးဆုံး ။ မူယာ့ ဘဝ ရပ် တည်မှုသည် အစ်ကိုကြီး၏ အချစ် တစ်ခု အပေါ်သာ မူတည်နေသည် မဟုတ်လား ။

လိုအပ်တာ မှန်သမျှ ဖြည့်ဆည်းပေးသော အစ်ကိုကြီး၏ အချစ်က လောလောဆယ် မှာတော့ သံသယ ဖြစ်စရာ မရှိပေ ။ ယင်းအချစ် တာရှည်ဖို့သာ မိမိ ဘက်က အစွမ်းကုန် ပညာကုန် ထိန်းထားဖို့ လိုလိမ့်မည် ။ ပြီးတော့ ရသမျှ အခွင့်အရေးကို အလိမ္မာဖြင့် ယူတတ်ရပေလိမ့်မည် ။

မူယာ လက်ရှိ ဘ၀တွင် လိုနေတာ ဆို၍ တစ်ခုသာ ရှိတော့ သည် ။ ထိုတစ်ခုက အခြားမဟုတ် ။ “ နေရာ ” ၊ ဟုတ်သည် “ နေရာ ” ။ ပထမဆိုသည့် “ နေရာ ” ။

သို့သော်လည်းပေါ့လေ ။ အစ်ကိုကြီး၏ မယားကြီးက နှလုံးရောဂါဝေဒနာရှင် ။ နှလုံးရောဂါ ဝေဒနာရှင် ဆိုတော့လည်း အင်း ... ဒုတိယ နေရာမှ ပထမနေရာသို့ ရောက်ရမည့် အခွင့်အရေး ကလည်း သိပ်အလှမ်းဝေးသည်တော့ မဟုတ်ပါ ။ စိတ်ရှည်ရှည် ထားပြီး သည်းခံစောင့်စားနေဖို့သာ လိုသည်မဟုတ်လား ။

ပထမ နေရာသာ ရလိုက်စမ်း ၊ မိမူယာတို့ တစ်လောကလုံးကို ခါးစောင်းတင်ပြလိုက်ဦးမည် ။ စောင့်သာ ကြည့်ကြပေတော့ ။

••••• ••••• •••••

မူယာ့ အိမ်ထောင်သက်က သုံးနှစ်ကျော်၍ လေးနှစ်တွင်း သို့ ရောက်ခဲ့ပေပြီ ။ မူယာ့ တိုက်ခန်းတွင် အဖိုးတန် အိမ်ထောင် ပရိဘောဂများဖြင့်လည်း တင့်တယ်နေပေပြီ ။ လက်ဝတ်လက်စားလည်း တစ်ဆင်စာမက စုမိပြီ ။ ညီမလေးလည်း ဘွဲ့ရပြီ ။ အမေလည်း ဘုရားကျောင်းကန်တွင် ဥပုသ်သီတင်း စောင့်ရင်း ငြိမ်းချမ်းစွာ နေရပေပြီ ။

သို့သော် ခက်နေသည်က အစ်ကိုကြီးသည် မူယာ့ ထံ အလာ ကျဲသွားခြင်း ဖြစ်သည် ။ ပြောလိုက်လျှင်တော့ သူ့မှာ အကြောင်းပြချက် အမျိုးမျိုး ။

အစ်ကိုကြီး ပေါ်မလာတာ ကြာသောအခါ အသက်သုံးဆယ် သီသီစွန်းပြီဖြစ်သော သူ့အပေါ် အစ်ကိုကြီး ရိုးအီ သွားပြီလား ဟူသော အတွေးများဖြင့် မူယာ တုန်လှုပ်ရပြန် သည် ။ အစ်ကိုကြီး၏ အချစ်တွေ လျော့ရဲသွားပြီလား ။ အသစ်ထက် သစ်သော အသစ်ကိုများ တွေ့နေပြီလား ။ သူ့မယားကြီး၏ စည်းရုံးရေးက ထိရောက်သဖြင့် စိတ်ပြန်လည်သွားပြီလား ။

နှစ်ပတ်လောက် ပျောက်နေပြီးမှ တစ်ညနေ အစ်ကိုကြီး ရောက်လာသည် ။ မူယာ တံခါးကို အပြေးအလွှား သွားဖွင့် ပေးလိုက်သည် ။ အိမ်ထဲသို့ အစ်ကိုကြီး ရောက်သည်နှင့် ...

“ ရော့ ... ဒီမှာပေတံ ၊ အင့် ... မူယာ့ လည်ပင်းကို တိုင်း ကြည့်ပါဦး ၊ အစ်ကိုကြီး မလာလို့ မျှော်ရလွန်းလို့ မူယာ့ လည်ပင်း ဘယ်နှလက်မလောက် ပိုရှည်သွားသလဲလို့ ”

အစ်ကိုကြီး ရှေ့တွင် ရင်ကို ကော့ ၊ ခေါင်းကို မော့ပြီး ခပ်နော့နော့လေး ပြောလိုက်တော့ အစ်ကိုကြီး ရယ်လိုက်သည် မှာ ဟက်ဟက်ပက်ပက် ။

“ ဆောရီးကွာ ၊ အစ်ကိုကြီး သိပ်အလုပ်များ နေလို့ပါ ။ အိမ်က ဇနီးလေ ၊ အင်္ဂလန်က နှလုံးအထူးကုပါရဂူ ရောက်တုန်း ပြချင်တယ် ဆိုလို့ သူ့ကိစ္စ လိုက် လုပ်ပေးနေရလို့ပါ ”

“ အေးပေါ့လေ ၊ သူ့အဘွားကြီး မူလိုက်တာနဲ့ ဒီကဟာမ ကို မေ့သွားပြီပေါ့ ”

“ ဒီလိုမဟုတ်ပါဘူး မူယာ ၊ ကိုယ်တကယ် အချိန် မရလို့ပါ ”

“ သိပါတယ် ၊ သိပါတယ် ။ မူယာ့ အတွက်ဆို အချိန်မရဘူး ၊ သူ့အဘွားကြီး အတွက်ဆို အချိန် ဘယ်လောက် ပေးရပေးရ ”

“ ဪ …. မူယာရယ် ၊ ကလေးတွေ ကလည်း သူတို့ အမေ ကျန်းမာရေး အတွက် တစ်ခုခု လုပ်ပေးစေချင်ကြတယ်လေ ။ နောက်ပြီး အဲဒီပါရဂူက မြန်မာနိုင်ငံကို ခဏလာတာ ။ ကြုံတုန်းကြုံခိုက် ပြရတာဆိုတော့ ကိုယ့်အပိုင်းကလည်း ဂရုစိုက်ပေးရမှာပေါ့ ။ ဒီအခွင့်အရေးလေးတော့ သူ့ကို ပေးသင့်ပါတယ် ။ အစ်ကိုကြီး သူ့အပေါ် လျစ်လျူရှုထားတာ ဘယ်လောက်ကြာပြီလဲ ။ ကိုယ့်ဘက်က ဘယ်လောက် ဝတ္တရားပျက်ပျက် သူ မပျက်ခဲ့ရှာပါဘူး ။ ကိုယ်နဲ့ မူယာ့ ကိစ္စ သူသိပေမဲ့ ကျိတ်မျက်ရည်ကျတာက လွဲပြီး သူ ဘာပြောခဲ့လို့လဲ ။ ဒါတွေ ငဲ့ရမယ်လေ ။ ဟုတ်တယ် မဟုတ်ဘူးလား ”

အခုတလော အစ်ကိုကြီးတစ်ယောက် သူ့သားကြီး မယားကြီး အပေါ် ဂရုတစိုက် ရှိလွန်း ၊ အရေးတယူ နိုင်လွန်း သည်ကို မူယာ သတိထားမိသည် ။ အစ်ကိုကြီး ပြောသော စကားများသည် လက်ခံသင့်သော စကားမှန်း သိသော်လည်း မူယာက ကျေနပ်ဟန်မပြ ။ နှုတ်ခမ်းကို စူ၍ အစ်ကိုကြီးကို ကျောခိုင်းကာ အိပ်ခန်းထဲ ဝင်ပြီး အိပ်ရာထက်တွင် မှောက်၍ ငိုကြွေး ပစ်လိုက်သည် ။

ငိုမည့်သာ ငိုနေသော်လည်း အရေးထဲ မျက်ရည်က ရှားပါးနေသေးသည် ။ မည်သည့်မျက်လုံးကမျှ တလိမ့်လိမ့် စီးကျမလာ ။ ကျ , မလာသည့် မျက်ရည်ကို ဒေါသထွက်ရသေးသည် ။

ခဏကြာတော့ အိပ်ခန်းထဲသို့ အစ်ကိုကြီး လိုက်လာသည် ။ ခုတင်တွင် တင်ပါးလွှဲ ထိုင်ကာ တသိမ့်သိမ့် ရှိုက်တုန်နေသော မူယာ့ ကျောပြင်ကို လက်ဖြင့် အသာပွတ်သည် ။

“ ကလေးမဟုတ် သူငယ်မဟုတ် ငိုမနေစမ်းနဲ့ကွာ ၊ အစ်ကိုကြီး ရှေ့လလောက် ဆိုရင် အားပါပြီ ”

အစ်ကိုကြီး စကားကြောင့် မူယာသည် မှောက်လျက် အနေ အထားမှ ကိုယ်ကို တစ်ဝက်စောင်း၍ အစ်ကိုကြီး ကို လည်ပြန် ပြန်ကြည့်လိုက်မိသည် ။

“ ဟင် .. ဒါ .. ဒါဆို ဒီနေ့လည်း မူယာ့ဆီ လာတာ မဟုတ်ဘူးပေါ့ ”

မူယာက တထိတ်တလန့် ၊ တအံ့တသြ ပြန်မေးမိသည် ။

“ ကြည့် မျက်ရည်လည်း မထွက်ဘဲနဲ့ ငိုပြတယ် ။ အိုက်တင်ကတော့ အပြည့်ပဲ ”

“ မေးနေတာ ဖြေပါဦး အစ်ကိုကြီးရဲ့ ၊ ဒီနေ့လည်း မူယာ့ အနားမှာ မနေဘူးပေါ့ ဟုတ်လား ”

အစ်ကိုကြီးက ပြုံးလျက် ခေါင်းခါသည် ။

“ သူ့အမေကို နေ့ခင်းက ခွဲတယ် ။ စောစောကမှ သတိရတယ် ။ သိပ်စိတ်ချရတဲ့ အခြေအနေတော့ မဟုတ်သေးဘူး ။ ဒီအချိန်မှာ ကိုယ် အိမ်မှာပဲ ရှိနေသင့်တာပေါ့ ။ သားကြီးနဲ့ သမီးက ဆေးရုံမှာပဲ စောင့်ကြတယ် ။ ဒယ်ဒီ အိမ်ပြန်အနားယူ ပါတဲ့ ။ အကြောင်းထူးရင် ဖုန်းဆက်မယ်တဲ့ ။ အဲဒါကြောင့် ...”

အစ်ကိုကြီး၏ မျက်နှာသည် စိုးရိမ်စိတ်ဖြင့် မှိုင်းမှုန်သွားသည်ကို တွေ့လိုက်ရသည် ။

“ အဲဒီကိစ္စ လာပြောတာ ။ ဒီမှာ ကြာကြာနေလို့ မဖြစ်ဘူး ။ ဒီတော့ အစ်ကိုကြီး သွားမယ် ။ သူ့အမေ ဆေးရုံဆင်းပြီး စိတ်ချလောက်တဲ့ အခြေအနေရောက်မှ အစ်ကိုကြီး မင်းဆီ ကို လာနိုင်မယ် ။ ဟုတ်ပြီလား ။ မူယာက လိမ္မာပါတယ်ကွာ ”

တင်ပါးကို လက်ဖြင့် တစ်ချက်ပုတ်ပြီး အခန်းထဲမှ ထွက်သွားသော အစ်ကိုကြီး၏ ကျောပြင်ကို ကြည့်ရင်း မူယာ ကြောင်၍ ကျန်ရစ်ခဲ့သည် ။ တစ်ခုခု ပြန်လည် ပြောကြားလို သော်လည်း ရင်ထဲတွင် တင်းကျပ်နေသဖြင့် စကားတစ်လုံးမျှ ထွက်မလာ ။

တိုက်အောက်တွင် ကားစက်နှိုးသံနှင့် အတူ ဝူးခနဲ မောင်း ထွက်သွားသော အသံကို ကြားရသောအခါမှ ငေးကြောင် နေမိသော မိမိ အဖြစ်ကို မိမိ ပြန်သတိရသည် ။

သွားပြီ ၊ သွားပြီ ။ ဒီနေ့ အဖို့လည်း အစ်ကိုကြီးကို သူ ပိုင်ဆိုင်ခွင့် မရတော့ ။ သူ ဆုံးရှုံး ရပြန်ပြီ ။ ဒီလိုနှင့် တစ်စတစ်စ အားလုံး ဆုံးရှုံး သွားလေတော့မလား ။ ရင်ထဲတွင် လှိုက်၍ ဝမ်းနည်းလာသည် ။ မသိယောင် ဆောင်ထားသော သူ့ဘဝ အစစ် အမှန်သည် တစ်စွန်းတစ်စ ရုပ် လုံးပေါ်လာနေပြီလား မသိ ။ စိတ်ပျက်အားငယ်စွာဖြင့် စောင်းလျက် အနေအထားမှ ကိုယ်ကို မှောက်၍ ချလိုက်သည် ။

ဪ ... ခုမှ ဘယ်က ဘယ်က ရောက်လာသော မျက်ရည်များလည်း မသိ ၊ အဟုတ်ကို ပိုးပိုးပေါက်ပေါက် ကျ၍လာကြပါပကော ။

••••• ••••• •••••

ယနေ့ စနေနေ့ နေ့တစ်ဝက် ရုံးတက်ရက် ဖြစ်သဖြင့် ရုံးတွင် လူမစုံသည့်တိုင် ကလေးတွေက များလှသည် ။ သူ့ ကလေး ၊ ကိုယ့်ကလေး ခေါ်လာကြသည် ။

ကလေးထဲ မှာတော့ ခင်ခင်ထွေး၏ သမီးလေးက ချစ် စရာအကောင်းဆုံး ဖြစ်သည် ။ သူ့မိခင်နှင့် တစ်မူကွဲပြီးမျက်လုံးပြူးပြူး ၊ ပါးဖောင်းဖောင်းလေးနှင့် ချောလည်းချောသည် ။ စကားပြောတော့လည်း ချက်ချက်ချာချာ ။ မူကြိုကျောင်း စ,တက်ပြီဆိုတော့ ကဗျာလေးများလည်း ဆိုတတ် ရွတ်တတ်သည် ။

ရုံးရောက်ပြီး မကြာခင် သူ့အမေ စားပွဲမှ မူယာ့ စားပွဲဆီ သို့ လျှောက်လာကာ မူယာ့ ရှေ့တည့်တည့်၌ လာရပ်၍ မူယာ့ကို စေ့စေ့ကြည့်ပြီး ...

“ ဒီအန်တီက ချွေဂျင်ထိုက်နဲ့ တူတယ် ” ဟု မှတ်ချက်ချလေသည် ။ အားလုံးက ဝိုင်းရယ်ပြီး ...

“ ဟုတ်တယ် ၊ ဟုတ်တယ် ။ ဆွေဇင်ထိုက် ထက်တောင် ချောတယ် သမီးရဲ့ ၊ ချောတယ် မဟုတ်လား ”

လှောင်တာလား ၊ ပင့်တာလား ၊ ရိတာလား မသိ ။ ကလေး ကိုတော့ ဝိုင်း သြဘာပေးကြသည် ။

မူယာ က ထိုင်ရာမှ ထပြီး ကလေးကို ပွေ့ချီ လိုက်ကာ စားပွဲပေါ်မှ ပန်းသီး တစ်လုံးကို ယူပေးလိုက်သည် ။

“ ခင်ခင်ထွေးရေ သူ့သမီးက လူလည်ပဲ ၊ ပန်းသီး မြင်တာနဲ့ ကိုယ့်ကို ရုပ်ရှင်မင်းသမီးနဲ့ တူတယ်တဲ့ ”

“ သူ ဒီလိုပဲ ဟိုလူ့ညာစား ၊ ဒီလူ့ညာစားနဲ့ ”

မူယာသည် ကလေး၏ သနပ်ခါးနံ့ သင်းနေသော ပါး ဖောင်းဖောင်းလေးကို မွှေးလိုက်မိသည် ။ ဝကစ်သော ကိုယ်လုံးလေးကို တင်းတင်းကျပ်ကျပ် ပွေ့ပိုက်လိုက်သောအခါ ကြည်နူးချမ်းမြေ့ရသည်နှင့်အတူ ရင်ဝယ်အေးမြ၍ သွားလေသည် ။

ကလေးကို ချီလျက် ပြတင်းပေါက် ဘက်သို့ လျှောက်လာခဲ့သည် ။ ကလေးသည် ရုံးပေါ်မှ လှမ်းမြင်ရသော မော်တော်ကားများ ၊ ဈေးဆိုင်တန်းများကို စိတ်ဝင်တစား ကြည့်နေချိန်တွင် ခင်ခင်ထွေး အနား ရောက်လာသည် ။

“ ယူ့ သမီးက သိပ်ချစ်စရာ ကောင်းတာပဲနော် ” ဟု မူယာက လှိုက်လှိုက်လှဲလှဲ ဆိုမိသည် ။

“ မူယာ ဘာလို့ ကလေး မယူတာလဲဟင် ၊ သမီးလေး ဖြစ်ဖြစ် ၊ သားလေးဖြစ်ဖြစ် တစ်ယောက်လောက်တော့ ယူထားပါလား ။ အိမ်ထောင်တစ်ခုမှာ သားသမီး ရှိမှ ခိုင်မြဲတာ မူယာရဲ့ ”

ခင်ခင်ထွေး၏ စကားသည် မူယာ အမှတ်တမဲ့ ဖြစ်နေသော ကိစ္စတစ်ခုကို လှုပ်နှိုး အသိပေးလိုက်သလို ဖြစ်သွား သည် ။

ဟုတ်သည် ။ ခင်ခင်ထွေး ပြောသလို အိမ်ထောင် တစ်ခု တွင် သားသမီး ရှိမှ ခိုင်မြဲနိုင်သည် ဆိုသည့် စကားကို မူယာ ကြားဖူးသည် ။ ကလေးတစ်ယောက်လောက် ရလျှင်ဖြင့် အစ်ကိုကြီး ထံမှ အချစ်အပြင် ဖြတ်မရသော သံယောဇဉ်ကိုပါ ရနိုင်မည် ဖြစ်ပေသည် ။

သို့သော် မူယာ့ အဖို့တော့ သားသမီးရဖို့ မဖြစ်နိုင်တော့ပေ ။ အစ်ကိုကြီးသည် သူ့မယားကြီး နှလုံးရောဂါ ရပြီးကတည်းက သားသမီး မရတော့အောင် ခွဲစိတ်ခဲ့သည်ဟု ပြောပြဖူးသည် ။

သားသမီးရှိမှ အိမ်ထောင် ပို၍ ခိုင်မြဲသည် ဆိုသော စကား မှန်လျှင် အစ်ကိုကြီး၏ အိမ်ထောင်သည် ဘယ်သောအခါမျှ ပြိုကွဲမည် မဟုတ်တော့ပေ ။ အစ်ကိုကြီးတွင် သားသမီး သုံးယောက်ပင် ရှိသည် ။ သားအကြီးဆုံးက ဆေးတက္ကသိုလ် တက်နေသည့် ဆေးကျောင်းသား ။ သမီးအလတ်က ဒေသ ကောလိပ်ကျောင်းသူ ဖြစ်ကာ အငယ်ဆုံး သားပင် ကိုးတန်းသို့ ရောက်နေပြီတဲ့ ။

ဒီလိုဆိုလျှင် အစ်ကိုကြီး၏ ပထမ အိမ်ထောင်သည် အုတ်မြစ်ကောင်းနှင့် ပြည့်စုံ ခိုင်ခံ့နေပြီးသော အဆောက်အဦ ။ မူယာ နှင့် တည်ဆောက် ထားသော အိမ်က ခနော်ခနဲ့ အဆောက်အဦ ။ ဘယ်လို ယှဉ်နိုင်ပါ့မလဲ ။

အစ်ကိုကြီးကို အလယ်တွင် ထား၍ သံယောဇဉ်လွန်ပွဲ ဆွဲကြစတမ်းဆိုလျှင် သူတို့မှာက အမေနှင့် သားသမီးသုံး ယောက်ပေါင်းတော့ လေးယောက် ။ မူယာ့ မှာက တစ်ယောက် တည်း ။ အခုလည်း တစ်ယောက်တည်း ၊ နောင်လည်း တစ်ယောက်တည်း ။

လက်ထဲမှ ကလေးငယ်ကို သူ့ မိခင်ထံသို့ ပြန်ပေး၍ သူတို့သားအမိနှစ်ယောက် ထွက်သွားသည့်တိုင် မူယာ ပြတင်း ပေါက်တွင် ရပ်၍ ငေးနေရင်း ...

“ ဪ ... သူ့ဘဝက အဘက်ဘက်က တစ်ပန်းရှုံး နေပါပကောလား ” ဟူသော အတွေးကို မတွေးရဲတွေးရဲ တွေးနေမိလေသည် ။

••••• ••••• •••••

ရာသီဥတုက ပူပြင်းလွန်းသည် ။ မူယာ့တွင် ခွင့် လက်ကျန်တွေက အတော်များများ ရှိနေသဖြင့် လုပ်သက်ခွင့် ၁၅ ရက်တင်ပြီး အိမ်မှာ နားနေလိုက်သည် ။ ဤအတောအတွင်း အစ်ကိုကြီးက မူယာ့ ထံ မလာ ။

ရက်အတော်ကြာကြာ မူယာ့ ကို ပစ်သွားခဲ့သော အစ်ကို ကြီးသည် တစ်ညနေတွင် မမျှော်လင့်ဘဲ ရောက်လာသည် ။ မူယာ က ဝမ်းသာအားရ ပြေးကြိုပြီး အစ်ကိုကြီး လက်တွင် ခေါက်တင် ထားသော တိုက်ပုံအင်္ကျီကို လှမ်းယူလိုက်သည် ။ အင်္ကျီကို အိပ်ခန်းထဲ ယူသွားကာ အင်္ကျီချိတ်တွင်လည်း ချိတ် ထားလိုက်သည် ။

တိုက်ပုံအင်္ကျီ အပြင်အိတ်တွင် ထိုးထိုးထောင်ထောင် ထွက်နေသော ဖိတ်စာတစ်စောင်ကို တွေ့သဖြင့် အသာ ဆွဲထုတ်၍ ကြည့်လိုက်မိသည် ။ လူကုံထံ တစ်ဦး၏ သားနှင့် ကြေးရတတ်တစ်ဦး၏ သမီးတို့၏ မင်္ဂလာဆောင် ဖိတ်စာ ။ မင်္ဂလာ နေရာက အင်းလျားကန်ဟိုတယ် ။ ဖိတ်ကြားခြင်း ခံရသူက ဦးဉာဏ်ကျော် နှင့်ဇနီး တဲ့ ။

ဇနီး ၊ ဇနီး ။ ဪ ... သူတို့ဖိတ်ကြားသော ဇနီးမှာ မိမိ မဟုတ်ပါလားဟု တွေးမိတော့ မူယာ ရုတ်တရက် ဝမ်းနည်းသွားသည် ။ ဒီလိုအသိုင်းအဝိုင်းမှာ မိမိ ဘယ်သော အခါမှ ဝင်ဆံ့ရလေမလဲ ။ အစ်ကိုကြီး၏ လက်မောင်းကို ချိတ်၍ ဘယ်သောအခါမှ ကြော့ကြော့မော့မော့ ပွဲတက်ရပါ့မလဲ ။

ဥပဒေကြောင်းအရ မယားပြိုင် သို့မဟုတ် ဒုတိယဇနီး စသည်ဖြင့် သက်ညှာစွာ ခေါ်ဆိုကြသော်လည်း စင်စစ်တော့ မယားငယ်သည် မယားငယ်ပင် ဖြစ်ပါသည် ။

“ မူယာ အခန်းထဲ ဝင်ပြီး ဘာလုပ်နေတာလဲ ၊ ရေတစ်ခွက် လောက် ယူခဲ့စမ်း ”

မူယာ သတိဝင်ပြီး အိပ်ခန်း အပြင်ကို စောင်းငဲ့ကြည့်တော့ အစ်ကိုကြီးက ဧည့်ခန်း ဆက်တီခုံပေါ်တွင် ခြေပစ်လက်ပစ် ထိုင်နေသည်ကို တွေ့လိုက်ရသည် ။ အစ်ကိုကြီး၏ မျက်နှာဝယ် စိတ်ညစ်ညူး ရှုပ်ထွေးဟန်တွေ အထင်းသား ပေါ်နေ သည် ။ အစ်ကိုကြီး အလုပ် သိပ်ပင်ပန်းလာပြီနှင့်တူသည် ။

မူယာသည် ဖိတ်စာကို စာအိတ်ထဲ ပြန်ထည့်၍ အင်္ကျီအိတ်ထဲ ကမန်းကတန်း ပြန်ထိုးထည့်ကာ မီးဖိုဘက်သို့ ကူးလာလိုက်သည် ။ ရေခဲသေတ္တာထဲမှ ရေပုလင်းနှင့် ဖန်ခွက်ကို ထုတ်ပြီး အစ်ကိုကြီး အနားသို့ ယူလာသည် ။ ကြမ်းပေါ် တွင် ဒူးထောက်ထိုင်၍ ရေပုလင်းထဲမှ ရေကို ဖန်ခွက်ထဲထည့် ရင်း အစ်ကိုကြီး၏ မျက်နှာကို အကဲခတ် ကြည့်လိုက်သည် ။

အစ်ကိုကြီးသည် မျက်လုံးတွေကို စုံမှိတ်ထားသည် ။ မျက်လုံး စုံမှိတ်ထားသည့်တိုင်အောင် အစ်ကိုကြီး မျက်နှာက သက်သက်သာသာ မရှိ ။ နဖူးကြောကြီးများ ရှုံ့ကာ မေးရိုးကြီး ထောင်လာသည်အထိ အံကြိတ်ထားသည်ကို တွေ့ရသည် ။

အစ်ကိုကြီး ဘာဖြစ်လာတာပါလိမ့် ။ အလုပ်ပင်ပန်းရုံဖြင့်

တော့ ဤမျှလောက် ဣန္ဒြေ ပျက်မည်မဟုတ် ။ သူ့အိမ်က အဘွားကြီး တစ်ခုခုများ ဖြစ်သွားလို့လား ။ နှလုံးခွဲပြီးစ,ကတော့ နေကောင်းသည်ဟု ဆိုသည် ။ ခွဲပြီး တစ်လအကြာလောက် တစ်ခေါက် မေးကြည့်တော့လည်း အတော်သက်သာပြီး လူကောင်းတွေနီးပါး စားသောက်သွားလာနိုင်နေပြီတဲ့ ။ သို့သော်လည်းပေါ့လေ ။ နှလုံးရောဂါ ဆိုသည်ကလည်း ပြောရ အခက်သားလား ။ အကောင်း ပကတိကနေ ဗြုန်းဆို ခေါက်ခနဲလည်း ဖြစ်ချင် ဖြစ်သွားတတ်သည်ပဲ မဟုတ်လား ။

ပွဲတက်မယား မဟုတ်သော မိမိဘဝကို စကားနာထိုး၍ အစ်ကိုကြီးအား မျက်ရည်ကျပြမည့် အစီအစဉ်ကို ယနေ့အဖို့ ရွှေ့ဆိုင်းလိုက်မှ ကောင်းမည်ထင်သည် ။

“ ရေလေ အစ်ကိုကြီး ”

အသံကို အချိုသာဆုံးနှင့် အညင်သာဆုံးဖြစ်အောင် သတိ ထား၍ ပြောလိုက်သည် ။

အစ်ကိုကြီးသည် သက်ပြင်း တစ်ချက်ကို မောလျစွာ မှုတ် ထုတ်လိုက်ပြီး မျက်လုံး ပြန်ဖွင့်လာသည် ။ မူယာ့လက်ထဲမှ ရေဖန်ခွက်ကို ဆွဲယူ၍ ကုန်စင်သည်အထိ ခပ်မြန်မြန် သောက်ပစ်သည် ။ အစ်ကိုကြီး ရင်ထဲတွင် ဘယ်လောက်အထိ အပူကြီးနေပါလိမ့် ။

“ အစ်ကိုကြီး နေမကောင်းဘူးလားဟင် ၊ မှန်း ... ကိုယ် လည်း မပူပါလား ”

“ ကောင်းတယ် ၊ ကောင်းတယ် ၊ ဘာမှမဖြစ်ဘူး ”

အစ်ကိုကြီးက မူယာ့ လက်ကို ခပ်ဆတ်ဆတ် ဖယ်ရှားပစ် လိုက်သည် ။ အစ်ကိုကြီး၏ အမူအရာများက ထူးခြားလွန်းသဖြင့် မူယာ ဘာမျှ မပြောတော့ဘဲ သူ့ကို ငေး၍သာ ကြည့်နေမိသည် ။ ယခုနေအခါမှာတော့ ဆိတ်ဆိတ်နေခြင်းသာ အကောင်းဆုံးဟု မူယာ အကင်းပါးစွာ နားလည်လိုက်၏ ။

အစ်ကိုကြီးသည် အတန်ကြာအောင် တွေ၍ ထိုင်နေသည် ။ ပြီးတော့မှ သူ့အနား ကြမ်းပြင်ပေါ်တွင် ပုဆစ်တုပ် ထိုင်နေသော မူယာ့ကို ငဲ့ကြည့်သည် ။

“ မူယာ ”

အသံက အနည်းငယ် တုန်ခါနေသည် ။

“ ရှင် အစ်ကိုကြီး ”

“ ရုံးမှာ စစ်ဆေးရေး ဝင်နေတယ် ”

“ ဟင် ”

“ အဲဒီတော့ အခုရက် အတွင်း ဘာအကြောင်း ကိစ္စနဲ့မှ ငါ့ရုံးခန်းဘက် ခြေဦးမလှည့်နဲ့ ငါ့ဆီကို ဖုန်းလည်း လုံးဝ မဆက်နဲ့ ကြားလား ။ အဲဒါ မင်း ကို လာပြောတာ ။ တိုက်ပုံသွား ယူ ၊ ငါ ပြန်မယ် ”

မူယာ့ ရင်ဝယ် ထိတ်ခနဲ ဖြစ်ကာ နှလုံးသွေး ရပ်သွားသလို ခံစားလိုက်ရသည် ။ အစ်ကိုကြီး ထံမှ သောကမီးသည် သူ့ထံသို့ ရုတ်ခြည်း ကူးစက်လာပြီတည်း ။ အစ်ကိုကြီး ဘာတွေလုပ်ခဲ့မှန်း မသိသော် လည်း ဤမျှလောက် ဣန္ဒြေပျက်နေခြင်းက အစ်ကိုကြီးထံ တွင် အမှားအယွင်း တစ်ခုခု ရှိနေပြီ ဆိုတာကိုတော့ ရိပ်စားမိလိုက်သည် ။

တိုက်ပုံအင်္ကျီ ယူခိုင်းသည်ကို မယူဘဲ ကြက်သေသေ နေမိသော မူယာ့ကို အစ်ကိုကြီးသည် မနှစ်မြို့စွာ တစ်ချက် ကြည့်ပြီး သူ့ဘာသာသူ တိုက်ပုံသွားယူသည် ။ ပြီး တံခါးပေါက် အနီးသို့ လျှောက်သွားသည် ။

“ ပြောတာ မှတ်မိတယ်နော် မူယာ ။ ဘာအကြောင်း ကိစ္စနဲ့မှ လာလည်း မလာနဲ့ ၊ ဖုန်းလည်း မဆက်နဲ့ ၊ ဣန္ဒြေရရနေ ဟုတ်ပြီလား ”

တံခါးဆွဲဖွင့်သံ ၊ တွန်းပိတ်သံ ၊ သော့အံကျသွားသံတို့ကို ဆက်တိုက် ကြားလိုက်သည် ။ မူယာ့ မြင်ကွင်းမှ အစ်ကိုကြီး ပျောက်သွားပြီ ။ သို့သော် မူယာ့ မျက်စိထဲတွင်ကား ဤတိုက်ခန်းနှင့် အိမ်ထောင်ပရိဘောဂများ ဝယ်ယူစဉ်က အစ်ကိုကြီး ပေးချေလိုက်သော ငွေသားများ ၊ လက်ဝတ်လက်စားများနှင့် သူ တောင်းဆိုတိုင်း ပေးခဲ့သော ငွေစက္ကူအထပ်များကို ဝိုးတဝါး မြင်ယောင်၍လာလေသည် ။

••••• ••••• •••••

မူယာ၏ အုတ်မြစ် မခိုင်လှသော ချစ်ဗိမာန်လေးကို လေနီ ကြမ်း ဝင်မွှေပြီတည်း ။

မျှော်လင့်မထားသော ဖြစ်ရပ်များက တစ်ခုပြီး တစ်ခု ဆက်တိုက် ဖြစ်လာသည် ။ ဌာနဆိုင်ရာငွေများ အလွဲသုံးစားမှု ၊ လာဘ်ယူမှုတို့ဖြင့် အစ်ကိုကြီး အရေးယူ ခံရသည် ။ မူယာ အိမ်ထဲမှ အိမ်ပြင် မထွက်ဝံ့တော့ ။ ကျန်းမာရေး အကြောင်းပြပြီး ခွင့်ရက်ရှည် ဆက်ယူကာ အိမ်တွင်းပုန်း နေခဲ့သည် ။ အိမ်တွင်းပုန်း နေသည့်ကြားက အစစ်ဆေး ၊ အမေးအမြန်းတွေလည်း ခံရသည် ။ ဆုံးရှုံးမှုနှင့် အရှက်တရားသည် သူ့အား ကြီးစွာ ဖိစီးသည် ။

အမေသည်လည်း အကောင်းပကတိမှ ရုတ်ခြည်း နေမကောင်းဖြစ်ကာ အိပ်ရာထဲ ဗုန်းဗုန်းလဲ လေသည် ။ ဆေး ကြာကြာပင် မကုလိုက်ရဘဲ မူယာတို့ ညီအစ်မ နှစ်ယောက်ကို မျက်ကွယ်ပြုသွားလေသည် ။ စောစောက စိတ်ချမ်းသာ ကိုယ်ချမ်းသာနေရပြီး ဆေးကောင်းဝါးကောင်း သမားကောင်းများကြောင့် ငုပ်နေသော နှလုံးရောဂါနှင့် သွေးတိုးရောဂါသည် ရုတ်ခြည်း ပြန်ပေါ်လာကာ အမေ့ကို အဆုံးတိုင် နှိပ်စက်ကလူ ပြုသွားလေသည် ။ သေစေချင်သည်က အမေ မဟုတ်ရပါ အမေရယ် ။

အမေ့ကို ဆုံးရှုံးရ၍ မျက်ရည်မခြောက်ခင်မှာပင် အစ်ကိုကြီးကိုပါ ဆုံးရှုံးလိုက်ရပြန်သည် ။

“ ဒါတွေဖြစ်ရတာ အားလုံး မင်းကြောင့်ပဲ မူယာ ၊ မင်းကို ငါ လူလူသူသူ ထားဖို့ အတွက် ဒီလို လုပ်ရတာ ၊ မင်းရဲ့ အညု အခရာတွေမှာ သာယာမိတဲ့ အတွက် ငါ ဒီလို ကျူးလွန်မိတာ ။ ခုတော့ ငါ့ဘဝလည်း ပျက်ပြီ ။ ဒီတော့ မင်းလည်း သွားတော့ ။ မင်းလမ်း မင်းလျှောက်တော့ ။ မင်းကို ငါ မမြင်ချင်တော့ဘူး ”

အစ်ကိုကြီး၏ စကားလုံးတို့သည် နားထဲသို့ သံရည်ပူ လောင်းချသလို လောင်ကျွမ်း စီးဝင်သွားသည် ။ ဖြစ်ဖြစ်ခဲ့သမျှ အားလုံး မူယာ့ အပြစ်တဲ့လား ။ စိမ်းကားရက်စက်သော စကားလုံးများနှင့်အတူ ဖယ်ရှား စွန့်ပစ်ခြင်းခံရတော့ နှလုံး သည် ဆတ်ဆတ်ခါအောင် နာကျင်ခဲ့ရသည် ။ ခနော်ခနဲ့ အဆောက်အဦ ဆိုတော့လည်း အလွယ်တကူ ဖြိုဖျက်ပစ်နိုင်သည်ပေါ့ ။

ဪ ... နောက်ဆုံးတော့လည်း အစ်ကိုကြီး နှင့် မူယာ လမ်းခွဲခဲ့ရတော့သည် ။ အစကတည်းက မလှပဘဲ ကမောက် ကမနိုင်ခဲ့သော ဇာတ်လမ်းကို ပြည်ဖုံးကား ချခဲ့ရလေပြီ ။ နိုင်ငံတော်က ချိတ်ပိတ် သိမ်းဆည်းသော ပစ္စည်းစာရင်းတွင် မူယာတို့ သားအမိ နေထိုင်သော တိုက်ခန်းလည်း ပါဝင်သဖြင့် အကျိုးအမြတ် အနည်းငယ်မျှဖြင့် အစ်ကိုကြီး၏ ဘဝထဲမှ မူယာ ပြေးထွက်ခဲ့ရလေသည် ။

အချိန်တန် အိမ်ပြန်ရမည်မှန်းသာ ကြိုသိခဲ့ပါလျှင် ဒီဇာတ်ထုပ်မှာ မူယာ ပါဝင်ကပြဖြစ်ခဲ့မည် မဟုတ် ။ ခုတော့ အကျနာလေခြင်း ။

ဒုတိယနေရာမှ ပထမ နေရာသာ ရလိုက်စမ်း ၊ လောက ကြီးကို ခါးစောင်းတင်ပစ်မည်ဟု ကြိမ်းဝါးခဲ့သော မိမူယာ တစ်လောကလုံးက ပြက်ရယ်ပြုနေကြရော့မည် ။ ပတ်ဝန်းကျင်၏ ရယ်သံက သူ့ နားထဲတွင် ကျယ်၍ကျယ်၍ လာသဖြင့် မူယာ သည် သူ့နားနှစ်ဖက်ကို လက်ဖြင့် တင်းကျပ်စွာ ပိတ်ထားလိုက်ရသည် ။

••••• ••••• •••••

မူယာတို့ မြို့ထဲ တိုက်ခန်းတွင် နေခဲ့စဉ်က လူငှားများ လက်ထဲတွင် ထားခဲ့သော သစ်သားအိမ်ကလေးသည် အတော်ပင် ဟောင်းနွမ်းယိုယွင်းနေပေပြီ ။

ဒီတစ်ခါတော့ ဒီအိမ် ၊ ဒီရပ်ကွက် ၊ ဒီပတ်ဝန်းကျင်ကို မူယာ ခေါင်းလျှို၍ ဝင်ခဲ့လေသည် ။ မူယာ့တွင် ဟန်လည်း မရှိတော့ ၊ မာန်လည်း မရှိတော့ ။

မူယာ့ ကို သနားညှာတာသော အားဖြင့် နွေးထွေးစွာ ကြိုဆိုသူများရှိသလို “ ဖြစ်တာကောင်းတယ် ” ဆို၍ စိမ်းကားစွာ ရှောင်ဖယ်သူများလည်း ရှိသည် ။ နွေးထွေးစွာ ကြိုဆိုသူများကို မူယာ ကျေးဇူးတင်သည် ။ စိမ်းကားစွာ ရှောင်ဖယ် သူများကိုလည်း အပြစ် မယူတော့ ။

နေရာဟောင်းကို ပြန်သည့်နေ့က တိုက်တိုက်ဆိုင်ဆိုင် ကိုမင်းဦး နှင့် သွား တိုးနေသေးသည် ။ မျက်နှာချင်း ဆိုင်လိုက် မိသော်လည်း ရှက်ရွံ့အားငယ်စွာဖြင့် မူယာ မျက်နှာ လွှဲခဲ့သည် ။ ကိုမင်းဦး သည်လည်း စကားစ , ရှာမရသလို ဆို့နင့်ကြေကွဲ သော အကြည့်ဖြင့် ငေးကြည့် ကျန်ရစ်ခဲ့သည် ။

နွေးထွေးစွာ ကြိုဆိုကြသူများ ထဲတွင် ကိုမင်းဦး တစ်ယောက်လည်း အပါအဝင် ဖြစ်မည် ဆိုသည်ကိုတော့ မူယာ သံသယ မရှိဘဲ အသေအချာ သိနေသည် ။ ထင်သည့်အတိုင်း ပင် တစ်ပတ်ခန့်အကြာတွင် ကိုမင်းဦး ထံမှ စာတစ်စောင်သည် စာတိုက်မှ တစ်ဆင့် မူယာ့ထံ ရောက်လာသည် ။

        မူယာ
        ဟိုနေ့က ပြောချင်တဲ့ စကားတွေ ၊ အားပေးချင်တဲ့ စေတနာတွေ ရင်ထဲ အပြည့်အသိပ် ရှိနေပေမဲ့ မူယာ အတွက် ဝမ်းနည်းပြီး ယူကျုံးမရ ဖြစ်လွန်းလို့ ဘာမှ မပြောခဲ့ရဘူး ။

အခု သင်တန်းက နေပြီး စာရေးလိုက်ပါတယ် မူယာ ။

        မူယာ နေကောင်းရဲ့လား ။ သိပ်ကော အားငယ်နေ သလား ။ လူတစ်ခု ပူမှု ဆယ်ကုဋေ ဆိုသလို လူတိုင်းကတော့ သောကနဲ့ ကြုံရမှာပါပဲ ။ ဝမ်းနည်းစရာတွေ ၊ အခက်အခဲတွေ ၊ ရှုံးနိမ့်မှုတွေ ဆိုတာ လူ့ဘဝမှာ မဆန်းပါဘူး မူယာ ။ အဲဒါ လောကဓံပဲ ။ လောကဓံ လှိုင်းဂယက်ရဲ့ ရိုက်ပုတ်မှုကို ကြံ့ကြံ့ခံ နိုင်သူဟာ လူတော်တဲ့ မူယာရဲ့ ။ လူဟာ အသက်ရှင်နေသရွေ့ တော့ ဘဝရဲ့ အလင်းရောင်ကို မျှော်လင့်နေနိုင်သူချည်းပါ ။ ဘဝအသစ်ကို ပြန်လည် စတင်ဖို့အတွက် အချိန်နှောင်းတယ် ဆိုတာလည်း မရှိပါဘူး ။ ကနေ့ဟာ မနက်ဖြန်ရဲ့အရုဏ်ဦးပါ ။

        မူယာ သိပြီးပြီလားတော့ မပြောတတ်ဘူး ။ ကိုယ် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့က ခေါ်တဲ့ အလုပ်စာမေးပွဲတွေ ဝင်ဝင် ဖြေနေတာ ကိုးကြိမ်မြောက်မှာ အောင်မြင်ခဲ့ပါတယ် ။ မူယာ ခွင့်ရက်ရှည် ယူထားတဲ့ ကာလမှာ ကိုယ် ဌာန ပြောင်းခဲ့ရတယ် ။ ခုတော့ ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် မှာ အရာရှိ သင်တန်းသားပေါ့ ။ ဘဝတက်လမ်း အတွက် ရိုးသားစွာ ကြိုးစားခြင်းရဲ့ရလဒ်ပါ မူယာ ။

        ဘဝအမှန်ကို ပြန်လာတဲ့ မူယာကို ကိုယ် ကြိုဆိုပါတယ် ။ ကိုယ် သင်တန်း ပြီးဆုံးတဲ့ အချိန် ၊ မူယာ လည်း စိတ်အေးလက် အေးဖြစ်တဲ့ အချိန်လောက်မှာ အေးအေးဆေးဆေး စကားပြောဖို့ ကိုယ် မူယာ့ကိုလာတွေ့ပါမယ် ။ မူယာ ရွှင်လန်းချမ်းမြေ့ပါစေ ။

                  ထာဝရ
                   မင်းဦး

စာမှာ မရှည်လျားလှ ။

သို့သော် မူယာ့ အရှိုက်ကို ထိသလို ခံစားရသည် ။

ပြန်တမ်းဝင် အရာရှိ ဖြစ်သွားသော ကိုမင်းဦး က ဘဝ တက်လမ်းအတွက် ရိုးသားစွာ ကြိုးစားခဲ့သည်တဲ့ ။ ဪ မိမူယာတို့ ကတော့ ဘဝတက်လမ်းကို ရိုးသားစွာ မကြိုးစားဘဲ ဖြတ်လမ်း လိုက်ခဲ့မိသဖြင့် အထိနာလေခြင်း ။

မိမိ ဘဝကို စာနာနားလည် ပေးသော ကိုမင်းဦး ကို ပထမ ဦးဆုံးအကြိမ်အဖြစ် မူယာ အထင်ကြီး လေးစားသွားသည် ။ အကျိုးအမြတ် မပါသော မေတ္တာစစ် ၊ မေတ္တာမှန် ဆိုသည်မှာ ဤအရာပဲလားဟု တွေးမိသောအခါ မူယာ့ ရင်ဝယ် ရှိန်းမြနွေးထွေးသွားသည် ။

သို့သော် ဆင်ဖြူမျက်နှာကို ဆင်မည်း ကြည့်ဝံ့ပါတော့မလား ။

အရင်က ဆင်သာဆင် မယဉ်သည့်ပန်း ။

ခုတော့ ပန်တော်ကျ ဘဝအနွမ်း ။

မိမိ ဘဝအမှန်ကို မိမိ ဆင်ခြင်မိ၍ ပြက်ပြက်ထင်ထင် သိမြင်လာရသောအခါ လက်ထဲမှ စာကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင် ဆွဲဆုတ်လိုက်မိသည် ။

သို့သော် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသော ယင်းစာကို လွှင့်မပစ်ရက်သဖြင့် လက်ထဲမှာပင် တွယ်တာမြတ်နိုးစွာ ဆုပ်ထားမိလေသည် ။

⎕ မနှင်းဖွေး
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း    
     ဇူလိုင် ၂၀၁၅

No comments:

Post a Comment